Tuesday, December 22, 2015

သူစိမ်းသက်သက်



(၁)

တစ်ခုသော ဒီဇင်ဘာလတစ်လ၏ အေးစက်စက်ညချမ်းတစ်ခု၌ သူစိမ်းယောက်ျားတစ်ယောက်၏ အရိပ်အငွေ့အတွင်းသို့ တရားဝင်ဝင်ရောက်ခိုလှုံခွင့်အမိန့်ကို ရရှိခဲ့သော အမျိုးသမီးတစ်ယောက်သည်၊ ဆောင်းလညနေခင်းတစ်ခု၌ပင်လျှင် ထိုယောက်ျား၏အရိပ်အောက်မှ တရားဝင်ပြန်လည်ထွက်ခွာခွင့်ကို ရရှိခဲ့ခြင်းဖြစ်လေသည်။ နေချင့်စဖွယ် သာယာအေးချမ်းသော ဆောင်းကာလ၏ အေးမြမြနေ့ရက်များကို နှစ်ခြိုက်မြတ်နိုးသော သူမသည် ဒီဇင်ဘာလတွင် မွေးဖွားခဲ့သူဖြစ်သည့်အတွက် သူမမေမေက နှင်းမေဆောင်းဟု အမည်သညာ မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်တဲ့။

Sunday, November 22, 2015

နှလုံးသွေးဖြင့်ရေးပါသည်



ဇန်န၀ါရီလ (၁)ရက်နေ့ပါ ဖေဖေ။ ဖေဖေ မှတ်မိပါသေးရဲ့လား။ "နှစ်တစ်နှစ်ကုန်တိုင်း ကုန်တိုင်း သားရဲ့ အသက်တစ်နှစ် ပိုကြီးလာလိမ့်မယ်" လို့ ဖေဖေ သားကို သင်ထားပေးခဲ့တာလေ။ နှစ်တစ်နှစ်ကုန်ဆုံးပြီးနောက် နှစ်သစ်တစ်ခုရဲ့ ပထမဦးဆုံးလ၊ ပထမဦးဆုံးရက်မှာ မွေးဖွားခဲ့တဲ့ သားရဲ့မွေးနေ့အတွက် ဖေဖေ သိပ်ကို ၀မ်းမြောက်ကျေနပ်ခဲ့ပါသတဲ့။ မေမေကလည်း ဖေဖေလိုလားခဲ့တဲ့ သားဦးယောက်ျားလေးကို မွေးဖွားသန့်စင်ပေးနိုင်ခဲ့ခြင်းအတွက် အတိုင်းထက်အလွန် ကြည်နူးဝမ်းသာခဲ့ရပါသတဲ့။

Thursday, November 5, 2015

ကွက်လပ်ဖြည့်ပါ

ဘယ်ကနေ စ,ပြောရမလဲဆိုတာတောင် ခပ်ခက်ခက်ပဲဗျာ။ ပြောမှတော့ဖြစ်မယ်၊ ပြောချင်နေတာလည်း ကြာလှပြီမို့လား။ တကယ်ဆို ကျုပ်ဆိုတဲ့ကောင်က စကားများများပြောတတ်တဲ့ကောင် မဟုတ်ဘူးဗျ။ ဒါပေမယ့် ကျုပ် အိမ်ထောင်ကျတဲ့အချိန်မှာ အသက် ၂၂ နှစ်ပဲရှိသေးတယ်။ စကားနည်းပြီးတစ်ယောက်တည်း အေးအေးနေတတ်တဲ့ ကျုပ် စောစောစီးစီး မိန်းမရခဲ့တာကို တစ်ရွာလုံးအံ့သြကြရတာပေါ့။ ပြီးတော့ ကျုပ်မိန်းမ မတင်မိဆိုတာက အင်မတန်စကားပြောနိုင်တဲ့ အမျိုးသမီးဖြစ်နေတာကိုး။

Sunday, October 18, 2015

စည်း



မျိုးသော်တစ်ယောက် လက်ရှိအလုပ်မှထွက်ကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမလုပ်ဖြစ်ဘဲ အလုပ်လက်မဲ့ဖြစ်နေသည်ဆိုသော သတင်းကိုကြားရတော့ သွယ် အတော်ကလေး ခေါင်းနပန်းကြီးသွားရလေသည်။ ကိုယ်ပိုင်စီးပွားရေးလုပ်ရန် လက်ရှိအလုပ်မှ ထွက်တော့မည့်အကြောင်း သွယ့်ကို သူတိုင်ပင်ခဲ့၏။ ခုတော့ ထိုအစီအစဉ်ပျက်ရပြီ။ 
ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ယောက်ထံ အပ်နှံထားသောငွေများ အဆုံးခံရတော့မည်မှာ သေချာသလောက်ဖြစ်နေတာကြောင့် မျိုးသော် လုပ်ငန်းပျက်သွားရခြင်းဖြစ်၏။
မျိုးသော်အကြောင်းကို ကြားသိရတော့ သွယ် အတွေးရှည်ကြီး တွေးမိပြန်၏။ အလုပ်အကိုင်မရှိ၊ အတိုးအပွား ပုံမှန်ဝင်ငွေလည်းမရှိဘဲ သူတို့ဘာနဲ့စားနေကြမည်လဲ။

Saturday, October 10, 2015

ပန်းရိုင်းတစ်ပွင့်၏ဂီတ




(၁)

ပြတ်ပြတ်သားသားမေးဖို့ အချိန်တန်ပြီဟု ချိုက စတင်၍ ရွေးချယ်ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။ ချိုသည် အတွေးနှင့် စိတ်ကူးယဉ်လွင့်မျောလျက် တွေဝေနေတတ်သောလူစား မဟုတ်ပေ။ ချိုက တိကျပြတ်သားခြင်းကိုသာ သဘောကျနှစ်ခြိုက်သူဖြစ်၏။ ဘာအလုပ်မှာဖြစ်ဖြစ် တိတိကျကျ ပြတ်သားစွာ ကိုင်တွယ်ဖြေရှင်းခြင်းသည် မျိုးသီရိချို၏ နာမည်ကြီးအလေ့အကျင့်တစ်ခုဖြစ်လေသည်။ သို့ပါလျက် ချိုသည် မရေမရာဇာတ်မျောကြီးထဲက မင်းသမီးတစ်လက် ဖြစ်မှန်းမသိဖြစ်နေခဲ့ရ၏။ 
ထိုဇာတ်မျောကြီးထဲမှာ ချို မျောပါက,ပြနေရတာ လအတန်ကြာခဲ့ပြီ။ ဖြစ်နိုင်မည်ဆိုလျှင်တော့ ချို့စိတ်တိုင်းကျ လှလှပပလေး အဆုံးသတ်လျက် ထိုဇာတ်လမ်းကို နိဂုံးချုပ်လိုက်ချင်သည်။

Thursday, October 1, 2015

ကြယ်ကြွေညရဲ့ လတစ်စင်း



(၁)

မေမေ ဟုတ်ပါတယ်နော်၊ သူမရဲ့ မေမေအစစ်ပါ။ ညက မေမေ သူမကို လာတွေ့ခဲ့သည်။ တကယ့်ကို မှောင်ကြီးမည်းကြီးထဲမှာ မေမေ့ကို သူမ တွေ့ခဲ့ရခြင်းဖြစ်သည်။ ရေနံရွှဲရွှဲသုတ်ထားတဲ့ ခြံဝင်းတံခါးရဲ့နောက်မှာ ရပ်နေလျက် သူမကို မေမေ တိတ်တဆိတ် လှမ်းခေါ်ခဲ့ခြင်းဖြစ်သည်။ ညဉ့်နက်သန်းခေါင်အထိ ပြတင်းတံခါးကို ဖွင့်ကာ စာထိုင်ရေးနေခဲ့သော သူမကို ခြံဝင်းအပြင်ဘက်မှ မေမေက လက်ပြ၍ လှမ်းခေါ်ခဲ့ခြင်းဖြစ်သည်။  မေမေ့ကိုမြင်တော့ သူမ အံ့အားသင့်လွန်းစွာ အော်ဟစ်မိတော့မည့်ဆဲဆဲ မေမေက တိတ်တိတ်နေ၊ ဖေဖေမသိအောင် ဆင်းလာခဲ့ဆိုသည့် သဘောမျိုးဖြင့် နှုတ်ခမ်းလေးပေါ် လက်ညှိုးထောင်တင်လျက် တားဆီးခဲ့၏။

Saturday, September 19, 2015

မပွင့်သာ ဖူးကာကြွေလွင့်ပြီ



ထရန်စဖာဆိုသော စကားလုံးသည် ရန်ကုန်(ပင်မ)တက္ကသိုလ်ကြီးအတွင်း၌ ဆရာမလုပ်နေသော ချို မကြာခဏ ကြားနေရသော စကားဖြစ်၏။ ချိုတို့ ဆရာမလောက၌ ထရန်စဖာကို ဆလံပါဟုပြောရလောက်အောင် ကြောက်လန့်တတ်၏။ 
မတတ်သာ၍သာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြရသည်။ ရန်ကုန်မြေက မည်သူမှ မခွာချင်ကြ။ အဲဒီထဲမှာ ချိုတစ်ယောက်က အဆိုးဆုံး။ အသက်သုံးဆယ်ကျော် အပျိုကြီးဖြစ်နေလျက် မိသားစုနှင့် ခွဲဖူးခွဲစမရှိတာကြောင့် ထရန်စဖာထိမှာကို စိုးရိမ်လှ၏။ 
ချို့အပေါင်းအသင်းတွေ တော်တော်များများ မော်လမြိုင်၊ စစ်တွေ၊ ဘားအံ၊ မကွေး စသည်ဖြင့် အလျှိုအလျှိုရောက်ကုန်ကြပေမယ့် ချိုတစ်ယောက်ကတော့ အဓိပတိလမ်းမကြီးပေါ်မှာ ရေတမာပင်တန်းတွေကြားမှာ ခေါင်းလေးတမော့မော့နှင့် အောင်ပွဲခံနေဆဲ။

Tuesday, September 8, 2015

အေးရိပ်




(၁)

"အမယ်လေး ကောင်းကြသေးရဲ့လား မရှုဆိတ်ကြီးရဲ့၊ ညည်းညီမလုပ်သွားပုံ ကောင်းလွန်းလို့ တရားလာချလှည့်ပါဦး သူတော်ကောင်းမကြီးရဲ့"
ဝင့်ဝင့်သည် ဘုရားရှိခိုးပြီး မေတ္တာပို့ ဆုတောင်းနေရာမှ မိခင်ဖြစ်သူ၏ အမလေးတ၍ ဟစ်လိုက်သောအသံကြောင့် ထုအံ့ဆဲဆဲ ကြေးစည်နှင့် လက်ခတ်ကို အသာချကာ ဘုရားခန်းထဲမှ အပြေးထွက်လာရလေသည်။

Saturday, August 29, 2015

ရွှေရောင်ကောင်းကင်တစ်ခုအောက်မှ ထစ်ချုန်းမိုး




'ကိုသား'
တသောသောဆူညံနေတဲ့ အချင်းချင်း အပြန်အလှန်နှုတ်ဆက်သံ၊ ခွန်းခြွေမှာကြားသံ၊ ရယ်မောသံတွေကြားမှာပဲ အဲဒီခေါ်သံကို ငါကြားလိုက်တာပါ။ လှည့်မကြည့်ပေမယ့် ငါ သိနေပါပြီ။ လေယာဉ်ကွင်းထဲကို အနက်ရောင်ကားကြီး ထိုးဆိုက်လာကတည်းက နင့်ကို ငါ တွေ့ခဲ့ပြီးသားပဲ။ နင့်ကိုမြင်ရင် လာခေါ်မှာစိုးလို့ ချောင်ခိုနေတာကိုပဲ နင်က မြင်ဖြစ်အောင် မြင်သွားခဲ့တာကိုး။

Saturday, August 22, 2015

လမင်းဖတ်ဖို့စာ




 (၁)

"၈နာရီ ထိုးတော့မယ် ဖေဖေ"
ဖေဖေ့စားပွဲပေါ်မှာ တင်ထားတဲ့ နာရီပေါက်စလေးကို လှမ်းကြည့်ရှုး ပူစူး မရဲတရဲပြောလိုက်တယ်။ ဒီနေ့ ပူစူး စာမေးပွဲနောက်ဆုံးနေ့လေ။ ၉ နာရီထိုးရင် ပူစူး၊ စာမေးပွဲဖြေရတော့မှာ။ ၈ နာရီထိုးပြီးတာနဲ့ ပူစူး စာကျက်စခန်းသိမ်း၊ ရေချိုး၊ အ၀တ်လဲပြီး ကျောင်းသွားဖို့ပြင်ဆင်နေကျ။ ဒါပေမယ့် "စာတွေ အကုန်နွှေးပြီးပြီလား၊ ကျောင်းသွားဖို့ပြင်တော့" ဆိုတဲ့ ဖေဖေ့အမိန့်ရမှသာ စာကြည့်စားပွဲက ပူစူးခွာရတာပါ။ ဒီနေ့တော့ စာမေးပွဲနောက်ဆုံးနေ့မို့ ပူစူး စိတ်တွေလှုပ်ရှားနေမိတယ်။ ကျောင်းကိုလည်း အစောကြီး သွားချင်နေမိတယ်။
"စာတွေပြီးပြီလား၊ ပြင်တော့လေ၊ ဒီနေ့ ဖေဖေလိုက်မပို့နိုင်ဘူး၊ အလုပ်တွေမပြတ်သေးလို့၊ ဆိုက်ကားနဲ့သွား၊ အပြန်လည်း ဆိုက်ကားနဲ့ပြန်လာခဲ့"
"ဟုတ်ကဲ့"