Sunday, November 22, 2015

နှလုံးသွေးဖြင့်ရေးပါသည်



ဇန်န၀ါရီလ (၁)ရက်နေ့ပါ ဖေဖေ။ ဖေဖေ မှတ်မိပါသေးရဲ့လား။ "နှစ်တစ်နှစ်ကုန်တိုင်း ကုန်တိုင်း သားရဲ့ အသက်တစ်နှစ် ပိုကြီးလာလိမ့်မယ်" လို့ ဖေဖေ သားကို သင်ထားပေးခဲ့တာလေ။ နှစ်တစ်နှစ်ကုန်ဆုံးပြီးနောက် နှစ်သစ်တစ်ခုရဲ့ ပထမဦးဆုံးလ၊ ပထမဦးဆုံးရက်မှာ မွေးဖွားခဲ့တဲ့ သားရဲ့မွေးနေ့အတွက် ဖေဖေ သိပ်ကို ၀မ်းမြောက်ကျေနပ်ခဲ့ပါသတဲ့။ မေမေကလည်း ဖေဖေလိုလားခဲ့တဲ့ သားဦးယောက်ျားလေးကို မွေးဖွားသန့်စင်ပေးနိုင်ခဲ့ခြင်းအတွက် အတိုင်းထက်အလွန် ကြည်နူးဝမ်းသာခဲ့ရပါသတဲ့။

သားဟာ ဖေဖေနဲ့မေမေတို့ရဲ့ဘ၀ကို တစ်သားတည်းကျအောင် ရစ်ပတ်နှောင်တွယ်ပေးလိုက်တဲ့ ကြိုးတစ်ချောင်းဖြစ်ပါသတဲ့။ သားဟာ ဖေဖေတို့အတွက် ခိုင်မာစွာ အင်အားရှိတဲ့ ကြိုးတစ်ချောင်း တကယ်ပဲ ဖြစ်ခဲ့ပါသလားဖေဖေ။ သားကို အရိပ်တကြည့်ကြည့် ဖူးဖူးမှုတ်ချစ်ခင်မြတ်နိုးတဲ့ ဖေဖေနဲ့ မေမေတို့ရဲ့ ရင်ခွင်မှာ သား ပျော်ပျော်ရွှင်ရွှင် နေခဲ့ဖူးတဲ့ ကာလတွေကို သား မမေ့နိုင်သေးပါဘူး ဖေဖေ။ ဖေဖေ၀ယ်ပေးခဲ့တဲ့ မွေးနေ့ အမှတ်တရလက်ဆောင်ပစ္စည်းတွေကို ကိုးကြိမ်တိတိလက်ခံရရှိဖူးတဲ့သားဟာ ဆယ်ကြိမ်မြောက်လက်ဆောင်ကို ဘာကြောင့် မရရှိတော့တာလဲဆိုတာ ဒီနေ့အထိ သား နားမလည်နိုင်သေးပါဘူး ဖေဖေ။ ခုဆိုရင် သားရဲ့ မွေးနေ့ ၁၆ကြိမ်တိုင်ခဲ့ပါပြီ။  ဆယ်တန်းစာမေးပွဲကြီးကို သား ဖြေဆို အောင်မြင်ခဲ့ပြီ ဖေဖေ။
ဖေဖေ ကျေနပ်နိုင်စေဖို့ ကြိုးစားခဲ့ခြင်းတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် သားတစ်ယောက်ရဲ့ အောင်မြင်မှုအတွက် ဖေဖေ ကျေနပ်ဝမ်းမြောက်လိမ့်မယ်ထင်ပါတယ်။ ဖေဖေဖြစ်စေချင်တဲ့ သင်္ဘောကပ္ပတိန်ကြီး ဖြစ်ဖို့ကိုတော့ သား စိတ်ကူးမရှိခဲ့ပါဘူး။ ဒီအတွက်တော့ သားကို နားလည်စေချင်တယ်။ သား ဆရာဝန်ဖြစ်ချင်တယ် ဖေဖေ။ မေမေ အားကိုးရမယ့် အထူးကုဆရာဝန်ကြီးဖြစ်ချင်တယ်။ မေမေဟာ သားအတွက် တစ်သက်လုံး စိတ်ချမ်းသာစွာ ကျေနပ်ဂုဏ်ယူနေနိုင်ရမယ်။ "မေမေရဲ့သားပေါ့" လို့ မေမေ ပိုင်ပိုင်နိုင်နိုင် လက်ညှိုးထိုးပြစရာမရှိတဲ့ မေမေ့ရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ သားဟာ မေမေအတွက် တန်ဖိုးအကြီးဆုံး ဖြစ်နေစေရမယ် ဖေဖေ။ ပြီးတော့ ညီမလေးအတွက်။ သူ့မှာ သူ့ကိုချစ်ခင်ဂရုစိုက်တဲ့ အမေတစ်ယောက်ရယ်၊ အားကိုးအားထားပြုရတဲ့ အစ်ကိုတစ်ယောက်ရယ် ရှိသေးတယ်ဆိုရင် သူ ကျေနပ်နိုင်မှာပါ။

ညီမလေးဟာ သိပ်သနားစရာကောင်းတဲ့ ကောင်မလေးပါ ဖေဖေ။ ညီမလေးကို မေမေ့လိုပဲ သားချစ်ပါတယ်။ သားရဲ့ ညီမလေးက ပုံပြင်ထဲက မင်းသမီးလေးလိုပဲ သိပ်လှတယ်ဖေဖေရဲ့။ ဖေဖေထွက်သွားတုန်းက ညီမလေးအသက်ဟာ လေးနှစ်ပြည့်ပြီးစပဲ ရှိသေးတယ်တဲ့။ ညီမလေးဟာ ဖေဖေ့ကို မမှတ်မိနိုင်လောက်အောင် ငယ်ရွယ်သေးတဲ့အချိန်ပေါ့လို့ မေမေက ပြောပြခဲ့တယ်။ ဒါက မေမေထင်ခဲ့တာပါ။ တကယ်တမ်းမှာ ဖေဖေ့ကို ညီမလေး ဘယ်တုန်းကမှ မမေ့လျော့ခဲ့ပါဘူး။ ဖေဖေလို့ သူ ခဏခဏ ခေါ်ခဲ့ဖူးတဲ့ အဖေဆိုတဲ့ လူတစ်ယောက်ကို ယနေ့ထိတိုင် သတိရခြင်းများစွာနဲ့ အခါခါ တမ်းတနေတတ်ခဲ့သူပါ ဖေဖေ။

မေမေ့ဆီက သိခွင့်ရခဲ့တဲ့ ဖေဖေ့အကြောင်းတွေကို သားဆီကရဖို့ ညီမလေး ကြိုးစားတတ်ပါတယ်။ "သင်္ဘောသားဆိုတာ ဘာလုပ်မျိုးလဲ ကိုကို" ညီမလေးစမေးတုန်းက တိတိကျကျ အဖြေပေးနိုင်ဖို့ သားတော်တော် စဉ်းစားခဲ့ရတယ်။ သားကလည်း သင်္ဘောသားဆိုတာ သင်္ဘောဆိုတဲ့ရေပေါ်သွား ယာဉ်တစ်မျိုးကို မောင်းနှင်သူလို့ပဲ သိထားခဲ့တာကိုး။ သားနားလည်ထားတာက သင်္ဘောသားဆိုတာ ကားမောင်းသမားလို၊ သင်္ဘောမောင်းသမားလို့ပဲ ထင်မှတ်ခဲ့တာမဟုတ်လား။ တကယ်တော့ သင်္ဘောသားဆိုတဲ့ ဝေါဟာရနောက်က ကျယ်ပြောလှတဲ့ အဓိပ္ပာယ်ဖွင့်ချက်တွေကို သားလက်လှမ်းမမီလို့ မသိခဲ့ရတာပါ။

ခုဆိုရင် သဘောင်္ာသားဆိုတာ ဘယ်လိုအလုပ်အကိုင်မျိုးကို လုပ်ရတဲ့လူတွေလဲဆိုတာ သားသိနားလည်ခဲ့ပါပြီ ဖေဖေ။ ပညာအရည်အချင်း၊ ရာထူးအဆင့်အတန်း၊ တာဝန်ဝတ္တရားတွေ အမျိုးမျိုး ကွဲပြားနေပေမယ့် သင်္ဘောသားဆိုတာဟာ သင်္ဘောပေါ်မှာ နေ့ရောညပါ နေထိုင်စားသောက်ပြီး၊ လှိုင်းကြားလေကြားမှာ သက်စွန့်ဆံဖျား အလုပ်လုပ်ကိုင်နေရတဲ့ လူတန်းစားတွေရယ်လို့ သားသိလာခဲ့ပါပြီ ဖေဖေ။ ဖေဖေ့ကို အမြဲစိတ်ဝင်စားခဲ့တဲ့သားဟာ လူ့လောကကြီးထဲမှာ ဘယ်လိုဘ၀မျိုးနဲ့ ဖေဖေ ကျင်လည်ရပ်တည်နေသလဲဆိုတာ သိချင်တာပဲပေါ့။ သားနဲ့ညီမလေးရဲ့ဖေဖေဟာ သင်္ဘောသားဆိုတဲ့ နာမည်တစ်လုံးနဲ့ ဘ၀မှာ ရပ်တည်ရှင်သန်ချင်သူ ဖြစ်ပါသတဲ့။ ဖေဖေဖြစ်ချင်တဲ့အတိုင်း သားတို့ မောင်နှမဟာ သင်္ဘောသားပုံပြင်တွေကို သိပ်နားထောင်ချင်ခဲ့ပါတယ်။

"ကိုကိုကြီးရင် သင်္ဘောသားလုပ်ပါနော်" လို့ မကြာခဏပြောတတ်တဲ့ ညီမလေးရဲ့ စိတ်ကူးအိပ်မက်တွေထဲမှာ ဘာတွေပါဝင်တယ်ဆိုတာ သားမှန်းဆလို့ရပါတယ်။ သားကို သင်္ဘောသားလုပ်ခိုင်းတာဟာ ဖေဖေ့လိုပဲ မိသားစုကို စွန့်ခွာသွားဖို့ မဟုတ်ဘဲ သင်္ဘောသားဆိုတဲ့ ဖေဖေ့ကိုပြန်လည်တွေ့ရှိဖို့ မျှော်လင့်ချက်တွေနဲ့ဆိုတာ ဖေဖေ ယုံနိုင်ပါသလား။ သားကတော့ ဘယ်လိုရာထူးအဆင့်အတန်းမျိုးနဲ့မဆို သင်္ဘောသားတစ်ယောက် မဖြစ်ချင်ပါဘူး ဖေဖေ။ သားက ဆရာဝန်ကြီးသာ ဖြစ်ချင်ပါတယ်။ ဖြစ်နိုင်အောင်လည်း သား ကြိုးစားခဲ့ပါပြီ။ ဒီအတွက် ဆယ်တန်းစာမေးပွဲကြီးကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်မြင်ခဲ့ပါပြီ။ သားကိုယ်တိုင်ကြိုးစားခဲ့လို့ ဆိုတာထက် မေမေကြိုးစားခဲ့လို့ဆိုတဲ့ စကားကိုပဲ သားက သုံးချင်ပါတယ်။

သားရဲ့ ဆယ်နှစ်ပြည့်မွေးနေ့အတွက် လက်ဆောင်ပစ္စည်းမပို့ခဲ့တဲ့ ဖေဖေ့ကိုယ်စား မေမေက သားကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ သားတို့မိသားစုကို ဖေဖေ ခွဲခွာထွက်သွားတဲ့အချိန်မှာ သားက အသက် ကိုးနှစ်ပြည့်ကာစပဲ ရှိသေးတာမဟုတ်လား။ သား အသက် ၁၁နှစ်ပြည့်တဲ့အချိန်အထိ ငွေကြေး အနည်းအပါးကို မိသားစုဆီ လွှဲပို့ခဲပတဲ့ ဖေဖေ့ကို သားအပြီးတိုင် ဆုံးရှုံးလိုက်ရခြင်းလို့ သား မသိရသေးတဲ့အချိန်ပေါ့ ဖေဖေ။ ဖေဖေဟာ မေမေ့လို သားတို့နဲ့အတူ အစဉ်အမြဲရှိနေကျ မဟုတ်တော့ ဖေဖေအလုပ်မအားလို့ မိသားစုဆီ ပြန်မလာနိုင်ဘူးလို့သာ သားတို့ တွက်ဆယုံကြည်မိခဲ့တာကိုး။ ဖေဖေက ရန်ကုန်မြို့တော်ကြီးမှာ နေထိုင်ပြီး အလုပ်လုပ်ကိုင်နေရသူမဟုတ်လား။ ပြီးတော့ ဖေဖေသင်္ဘောတက်သွားတဲ့အခါ အနည်းဆုံး တစ်နှစ်ကြာတတ်ပြီး၊ ဖေဖေ သင်္ဘောပေါ်က ဆင်းမှသာ သားတို့မိသားစုဆီ ပြန်လာနိုင်တာလေ။ တစ်နှစ်မှာ တစ်ခေါက်ပြန်လာပြီး သားတို့မိသားစုနဲ့ သုံးလေးလ အတူနေတတ်တဲ့ ဖေဖေ့ရဲ့ အိမ်ပြန်ရက်တွေကို သားနဲ့အတူ ညီမလေးလည်း လက်ချိုးရေတွက်ခဲ့ဖူးတယ် ဖေဖေ။ နောက်ပိုင်းမှာတော့ ဖေဖေဟာ သင်္ဘောမလိုက်ဘဲနဲ့ ရန်ကုန်မြေမှာ နေထိုင်ကျက်စားရင်း၊ တောမြို့ကလေးက သားတို့မိသားစုဆီ တစ်နှစ်တစ်ခေါက်ပြန်လာဖို့တောင် ပျက်ကွက်သွားခဲ့တယ်နော်။

"မင်းတို့အဖေပြန်မလာဘူးလား" လို့မေးရင် သားက "ဖေဖေက သင်္ဘောလိုက်နေတာ၊ နိုင်ငံခြားကိုသွားတဲ့ သင်္ဘောကြီးတွေပေါ့။ သင်္ဘောတွေက နိုင်ငံခြားမှာရှိတော့ ဖေဖေက လေယာဉ်ပျံစီးပြီးမှ ပြန်လာလို့ရတာ။ ပြန်လာခါနီးပါပြီ" လို့ ဖေဖေ့အတွက် ဂုဏ်ယူဝင့်ကြွားဖြေတတ်ခဲ့တယ်။ "သားကြီးလာရင် သားတို့သားအမိ ရန်ကုန်မှာခေါ်ထားမယ်။ သားဆယ်တန်းအောင်ရင် သင်္ဘောကပ္ပတိန်ကြီး ဖြစ်အောင်ရေကြောင်းပညာသိပ္ပံကျောင်းကို တက်ရမယ်" လို့ ပြောခဲ့ဖူးတဲ့ ဖေဖေဟာ တစ်နေ့နေ့မှာ သားတို့မိသားစုကို ပြန်လာခေါ်မှာပဲလို့ သားယုံကြည်ခဲ့တယ် ဖေဖေ။ ခုချိန်မှာတော့ ရေကြောင်းပညာသိပ္ပံကျောင်းကို သားမတက်ချင်တော့တဲ့အတွက် ဆေးတက္ကသိုလ်ကိုသာ သားတက်တော့မယ် ဖေဖေ။
ဖေဖေ့သားဟာ တောမြို့ကလေးကကျောင်းမှာနေခဲ့ပေမယ့် ဘ၀အတွက် အဆုံးအဖြတ်ပေးမယ့် ၁၀တန်းစာမေးပွဲကြီးကို ခပ်ညံ့ညံ့အဆင့်နဲ့ အောင်မြင်ခဲ့တာမဟုတ်ပါဘူး။ အဲဒါဟာ မေမေ့ရဲ့ ပံ့ပိုးဖြည့်ဆည်းမှုတွေကြောင့်ဆိုတာ သားအသိအမှတ်ပြု ၀န်ခံချင်ပါတယ်။ ဖေဖေဟာ သားတို့ကိုပြည့်စုံတဲ့ ဘ၀တစ်ခုမှာ ချန်ထားခဲ့တာမဟုတ်ဘဲ လူတစ်ကာလက်ညှိုးထိုး မေးငေါ့ဝေဖန်ချင်စရာကောင်းလောက်တဲ့ ဘ၀ထဲမှာ စွန့်ပစ်သွားခဲ့တာမဟုတ်လား။ နာလန်မထူနိုင်လောက်အောင် အလဲလဲ အကွဲကွဲရှုံးနိမ့်နေတဲ့ဘ၀ထဲမှာ မေမေဟာ သားတို့မောင်နှမရဲ့လက်ကိုဆွဲပြီး အနာဂတ်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ချီတက်ခဲ့ပါတယ် ဖေဖေ။ 
မှတ်မိပါသေးတယ် ဖေဖေ။ ဖေဖေပြန်မလာတာ နှစ်နှစ်ကျော်သွားတဲ့အချိန်မှာ "ဖေဖေ ဘယ်တော့ပြန်လာမှာလဲ မေမေ" လို့ သားကမေးတော့ "သားတို့ဖေဖေ အလုပ်တွေများနေလို့ မေမေတို့ဆီ ပြန်မလာနိုင်သေးဘူး သား။ မေမေ လိုက်သွားရမယ်။ သားနဲ့ညီမလေး ဘွားဘွားတို့အိမ်မှာ နေရစ်ရမယ်နော်" လို့ မေမေက ဖြေခဲ့တယ်လေ။
တကယ်ဆို အဲဒီအချိန်ဟာ "မင်းတို့အဖေ ဘယ်တော့မှ ပြန်မလာတော့ဘူး။ မင်းတို့အဖေအကြောင်း နောက် ဘယ်တော့မှ မမေးနဲ့လို့" မေမေ့ဘက်က ပြတ်ပြတ်သားသား ပြောသင့်တဲ့အချိန် ရောက်နေခဲ့ပါပြီ။ ဒါပေမယ့် မေမေဟာ ဖေဖေရှိနေတဲ့ ရန်ကုန်မြို့တော်ကြီးဆီကို တစ်ယောက်တည်း လိုက်သွားခဲ့တယ်။ မေမေ့ကို ပုန်းရှောင်နေတဲ့ ဖေဖေ့ကို ခက်ခက်ခဲခဲ ရှာဖွေခဲ့ရသူက မေမေပေါ့ ဖေဖေ။ နောက်ဆုံး မေမေ ဘယ်လိုမှ မတတ်နိုင်တော့လို့ ဖေဖေပုန်းကွယ်နေထိုင်တဲ့ ရပ်ကွက်ဆီက သက်ဆိုင်ရာအကြီးအကဲတွေကို အကူအညီတောင်းပြီး ဖေဖေ့ကို ဖိတ်ခေါ်တွေ့ဆုံခဲ့ရပါသတဲ့။ မေမေ့အပေါ် ဘာအငြှိုးနဲ့များ ဒီလောက်ထိ ရက်စက်နိုင်ခဲ့သလဲ သားဖြင့် စဉ်းစားလို့မရပါဘူး ဖေဖေရယ်။ မေမေ့အပေါ် သစ္စာမဲ့ဖောက်ပြန်သွားတဲ့ ယောက်ျားတစ်ယောက်ကို ပြန်တွေ့တဲ့အခါ မေမေ စိတ်လှုပ်ရှားပြီး ဘယ်လိုပြစ်ဒဏ်မျိုးပေးခဲ့တယ်ဆိုတာ သား သိပ်သိချင်တာပေါ့။

"မေမေ ဖေဖေ့ပါးကို ရိုက်မပစ်လိုက်ဘူးလား" လို့ သားက စိတ်လောတကြီး မေးခွန်းထုတ်တော့ "သားကလည်းကွယ် မိန်းကလေးကျနေတာပဲ။ ကိုယ့်အဖေကို ဘာကြောင့် ပါးရိုက်ခံရစေချင်တာလဲ" လို့ မေမေက ပြုံးပြောပြနိုင်ခဲ့တယ်။ အဲဒီအကြောင်းကို ပြန်ပြောပြတဲ့အချိန်မှာ မေမေ့စိတ်တွေ တည်ငြိမ်ကြည်လင်သွားခဲ့ပြီမို့ မေမေဒီလိုပြုံးနိုင်ခဲ့တာ ထင်ပါရဲ့နော်။ မေမေက ဖေဖေပါးကို မရိုက်ခဲ့ပေမယ့် ဖေဖေ့ဆီကိုသွားတွေ့အခါ ပါးသွားခဲ့တဲ့ ဖေဖေ့အစ်မကြီးက ဖေဖေ့ပါးနှစ်ဖက်ကို ချာချာလည်သွားအောင် ရိုက်ပစ်လို့ ရပ်ကွက်လူကြီးတွေတောင် မျက်စိမျက်နှာပျက် ဖြစ်သွားရသလို မေမေလည်း သတိလစ် မေ့မျောသွားခဲ့ပါသတဲ့။ ဖေဖေ့အပေါ် အဲဒီလောက် တလေးတစားချစ်ခင်မြတ်နိုးခဲ့တဲ့ မိန်းမတစ်ယောက်ကို သစ္စာပျက်ယွင်းဖို့ ဘယ်လောက်များ ကြီးများတောင့်တင်းတဲ့ အင်အားတွေ ဖေဖေရရှိခဲ့တယ်ဆိုတာ သား သိချင်လိုက်တာ။
ဆေးတက္ကသိုလ်တစ်ခုက ပေးအပ်ခဲ့တဲ့ ဘွဲ့တစ်ခုကို ပိုင်ဆိုင်ထားတဲ့ မိန်းမတစ်ယောက်ရဲ့ အင်အားဟာ မေမေ့အတွက် ကြောက်စရာကောင်းလောက်အောင် ကြီးမားနေရသတဲ့လား။ "သူက ဆရာဝန်မ သားရဲ့။ မေမေ့ထက် အများကြီးသာတာပေါ့။ ရုပ်ကလည်း တော်တော်ချောတယ်လို့ ကြားရတာပဲ" လို့ မေမေ ပြောစဉ်ကတည်းက သူ့ရဲ့ဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်ကို သားအထင်သေးသွားခဲ့တာပါ ဖေဖေ။ သူဟာ ဆရာဝန်မ ဖြစ်ရုံနဲ့တော့ မေမေ့ထက်မသာနိုင်ပါဘူး ဖေဖေ။ သား ယုံကြည်တယ်ဖေဖေ။ သူဟာ ဘယ်လိုအတန်းအစားမျိုးက မိန်းမပဲဖြစ်ပါစေ။ သူ့ရဲ့ပညာအရည်အချင်းဟာ ဘယ်လောက်ပဲ မြင့်မားတောက်ပြောင်နေပါစေ။ သူဟာ မေမေ့အရည်အချင်းကို မီနိုင်တဲ့မိန်းမတစ်ယောက် ဘယ်တော့မှမဖြစ်နိုင်ပါဘူး။ ဘာကြောင့်ဆိုတော့ သူတစ်ပါး မိသားစု အသိုက်အမြုံတစ်ခုကို မွမွကြေသွားအောင် ဖျက်စီးနိုင်ခဲ့တဲ့မိန်းမမျိုးဟာ အကျင့်သိက္ခာမဲ့တဲ့ လူစားထဲမှာပါတာပဲ မဟုတ်လား။ မေမေကတောင် အထင်တကြီး အားကျနေခဲ့တဲ့ သူ့ရဲ့ဘွဲ့ထူးဂုဏ်ထူးကြီးဟာ သူ့ရဲ့ ကိုယ်ချင်းစာတရားနဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပွန်းပဲ့စေတာ သူမသိလို့ပါ။ တကယ်တမ်း လိုအပ်တာက လူဆိုတာ ကိုယ်ချင်းစာတရားနဲ့ လုပ်သင့်လုပ်ထိုက်တာကို ရွေးချယ်လုပ်သွားနိုင်ဖို့ မဟုတ်လား။

သဘောထားကြီးလွန်းလှတဲ့ မေမေကတော့ ပြောခဲ့ပါတယ်။ "သားက ကိုယ့်ဘက်ကို ယက်တတ်တာကိုး" တဲ့။ ဖေဖေ့ကို နားမလည်နိုင်ခဲ့တဲ့သားဟာ မေမေ့ကို နားမလည်နိုင်အောင်ဖြစ်ခဲ့ရတယ်။ တစ်ခါတစ်ရံကျပြန်တော့ လောဘကြီးထဲက အဖြစ်အပျက်တွေဟာ အံ့သြစရာကောင်းလောက်အောင် ဆန်းကြယ်နေခဲ့တာမဟုတ်လား။ ကပ္ပတိန် အောင်မင်းခင်နှင့် Dr. တင်ရီရီဇော်ဆိုတဲ့ နာမည်နှစ်ခုကို ယှဉ်တွဲလို့ လက်ထပ်ပြီးစီးခြင်းဆိုတဲ့ ကြော်ငြာတစ်ခုကို သတင်းစာမှာ တိုင်းသိပြည်သိ ခပ်ပြောင်ပြောင်ထည့်ရဲခဲ့တဲ့ သစ္စာမဲ့သူနှစ်ယောက်အပေါ် သားမေမေက တစ်စုံတစ်ရာ တုံ့ပြန်လက်စားချေမှု မရှိခဲ့ဘူးနော်။ သိပ်ကို အံ့သြစရာကောင်းလှတဲ့ ဖြစ်ရပ်တွေပါပဲ ဖေဖေ။

မယုံကြည်နိုင်စရာ ကောင်းလှပါတယ် ဖေဖေ။ ဖေဖေ့ဆီက ပြန်လာခဲ့တဲ့ မေမေ့ကိုယ်ပေါ်မှာ အမြဲဝတ်ဆင်ထားနေကျ အဖိုးတန်လက်ဝတ်ရတနာတွေ တစ်ခုတလေမှ အိမ်ကို ပြန်မပါလာတော့တဲ့ အဖြစ်ဟာ မဆန်းကြယ်လွန်းဘူးလား။ ဒါဟာ ဖေဖေ့ရဲ့ အလိမ်အညာ၊ အလှည့်အပတ် နည်းဗျူဟာကောင်းလွန်းခြင်းကြောင့်လား။ ဒါမှမဟုတ် မေမေကိုယ်တိုင်ကပဲ တုံးလွန်း အ,လွန်းလို့လား။ မစဉ်းစားတတ်အောင်ပါပဲ ဖေဖေ။ ဖေဖေက သင်္ဘောသားမလုပ်တော့ဘဲ သင်္ဘောသားတွေကို သင်္ဘောတက်ရအောင် ကြားခံကူညီပေးတဲ့လုပ်ငန်းတစ်ခုလုပ်ရင်း ငွေရေးကြေးရေးကိစ္စ အဆင်မပြေဖြစ်နေလို့ မေမေ့မှာရှိသမျှ လက်ဝတ်လက်စားတွေကို ထုခွဲရောင်းချပေးခဲ့ပါသတဲ့။ မယားငယ်ယူသွားတဲ့ ယောက်ျားတစ်ယောက်အပေါ် မေမေ ပေးဆပ်ခဲ့တဲ့ ဆုလာဘ်က သိပ်ကိုကြီးမားလွန်းမနေဘူးလား ဖေဖေ။

လင်တစ်ယောက်ဆုံးရတဲ့အပြင် ကိုယ်ပိုင်ဆိုင်တဲ့ လက်ဝတ်လက်စားတွေတောင် ထပ်အဆုံးခံပြီး အိမ်ပြန်လာခဲ့တဲ့ မေမေဟာ လင်ပူမိတဲ့ မိန်းမတစ်ယောက်လို ညှိုးငယ်မနေခဲ့ဘူး ဖေဖေ။ မေမေဟာ ဖေဖေ့အပေါ် မပျက်ယွင်းနိုင်တဲ့ ချစ်ခင်ယုံကြည်မှုတွေနဲ့ တက်ကြွနေခဲ့တယ်။ ဖေဖေက သားတို့မိသားစုအတွက် အလုပ်လုပ်ကိုင်ရင်း အခန့်မသင့်လို့ မိန်းမပြဿနာဖြစ်သွားရတယ်လို့သာ မေမေက ထင်မှတ်နေခဲ့တာ။ ဒါဟာ လူတစ်ယောက်ကို အပြစ်မမြင်နိုင်လောက်အောင် စုံလုံးကန်းချစ်မိခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ ကိုယ့်စိတ်ကိုယ် လှည့်စားမှုတစ်မျိုးမဟုတ်လား။ သင်္ဘောသားဆိုတာ ဘာလဲလို့ သားတို့ရဲ့အသိုက်အအုံ ကျဉ်းကျဉ်းလေးက ရေရေရာရာနားမလည်နိုင်ခဲ့ကြဘူး။ သားတို့ရဲ့ နေရာပတ်ဝန်းကျင် သေးသေးလေးမှာ  သင်္ဘောသားဆိုတာ ဖေဖေကလွဲရင် ရှိမှ မရှိခဲ့တာဘဲကိုး။ သားငယ်ငယ် ကလေးဘ၀ကတည်းက ဖေဖေပို့ပေးထားခဲ့တဲ့ သင်္ဘောပုံတွေ၊ ကြီးကျယ်ခမ်းနားလှတဲ့ သင်္ဘောကြီးတွေပေါ်မှာ ဖေဖေရိုက်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်ရရုံလောက်နဲ့ သားတို့မိသားစု အသိုက်အ၀န်းကြီးတစ်ခုလုံးဟာ ဖေဖေ့အပေါ် အထင်ကြီးအားကျနေခဲ့ကြတယ်။ ဘယ်ကုမ္ပဏီက သင်္ဘောတွေနဲ့ ဖေဖေသင်္ဘောလိုက်ရတယ်ဆိုတာ သားတို့ မေးမြန်းကြည့်ရမှန်း မသိခဲ့ကြဘူး။ နိုင်ငံခြားဆိုတာ ဘယ်နိုင်ငံတွေလဲလို့ သားတို့ မေးမကြည့်တတ်ခဲ့ဘူး။ ဖေဖေ့ရဲ့တစ်လတာ လစာငွေ ဘယ်လောက်ရှိသလဲလို့ သားတို့ မသိခဲ့ကြရဘူး။ သင်္ဘောတစ်ခေါက် ပြန်နားပြီးသည့်တိုင် အိမ်ကိုအလုပ်မအားလို့ ပြန်မလာနိုင်တဲ့ ဖေဖေဟာ ဘယ်လိုအလုပ်တွေနဲ့ အလုပ်များနေသလဲဆိုတာ သားတို့သိခွင့်မရခဲ့ဘူး။

မေးသင့်တာတွေကို မမေးမြန်းတတ်ခဲ့တဲ့ မေမေ့ကို ဖေဖေက ပြောသင့်တာတွေပြောမထားခဲ့တာ ဘာကြောင့်လဲဖေဖေ။ နိုင်ငံခြားသွားသင်္ဘောသားဆိုတာ ဒေါ်လာစားတွေဖြစ်ပါသတဲ့။ ဒေါ်လာဆိုတာ မြန်မာကျပ်ငွေနဲ့ လဲလှယ်လိုက်ရင် တန်ဖိုးပမာဏ များစွာကြီးမြင့်တဲ့ ငွေစက္ကူတစ်မျိုးလို့ လွယ်လွယ်ပြောနိုင်တယ်မဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်လာစား သင်္ဘောသားကတော်ဖြစ်တဲ့ သားတို့မေမေကဖြင့် ဒေါ်လာဆိုတဲ့ နိုင်ငံတကာသုံး ငွေစက္ကူကို ဒီနေ့အထိ ခပ်လေးလေး ငွေပြားတွေအဖြစ်သာ ထင်မှတ်နေခဲ့တယ်။ ဒေါ်လာဆိုတာကို သားရဲ့မေမေက အထင်မကြီးတတ်ခဲ့ဘူး။ မေမေဟာ ဖေဖေ့ဆီက ရယူဖို့ထက် ဖေဖေလိုအပ်သမျှကို ဖြည့်ဆည်းပေးဖို့သာ ဆန္ဒပြင်းပြထက်သန်သူပါ ဖေဖေ။

ကျေးဇူးပြုပြီး ဖေဖေ ပြန်တွေးကြည့်ပေးပါ။ ဖေဖေလိုချင်တယ်ဆိုရင် ဘယ်အချိန်ကများ မေမေ ခေါင်းခါငြင်းပယ်ခဲ့တာ ရှိပါသလဲ။ ဖေဖေလိုအပ်တယ်ဆိုရင် ဘယ်အခါမျိုးမှာများ မေမေ့ဘက်က ဖြည်းဆည်းမပေးခဲ့တာ ရှိဖူးလို့လဲ။ မေမေတစ်ဦးတည်းရဲ့ ပိုင်ဆိုင်မှုတွေအတွက် ငါပိုင်ပစ္စည်းရယ်လို့ ဘယ်အခြေအနေမျိုးမှာများ ခွဲခြားခွဲခြားလုပ် မာနထားခဲ့တာရှိပါသလဲ။ မေမေဟာ ဖေဖေ့ဆီပို့ပေးလိုက်ရတဲ့ ငွေလေးငါးသိန်းကို စာရင်းရေးမှတ်ထားလေ့မရှိဘဲ ဖေဖေ ပြန်လည်ပေးပို့လိုက်တဲ့ ငွေလေးငါးသောင်းအတွက် ကျေနပ်ဝမ်းမြောက်စွာ မှတ်တမ်းရေးတတ်ခဲ့သူပါ ဖေဖေ။ ဘွားဘွားပိုင်ဆိုင်တဲ့၊ ပြီးတော့ မေမေလက်ခံရရှိတဲ့ လယ်ယာဥယျာဉ် ခြံမြေတွေ၊ ရွှေငွေ၊ ရတနာတွေ တစ်စတစ်စလျော့ပါးလာခဲ့ခြင်းဟာ ဖေဖေ့ကြောင့် ဖြစ်ပါတယ်ဆိုတဲ့ အပြစ်တင်ဝေဖန်မှုမျိုးကို မေမေ့ဆီက ရခဲ့ဖူးပါသလား။ မေမေဟာ ဖေဖေထင်တာထက် ဖေဖေ့အပေါ် ကောင်းနိုင်ခဲ့ပါတယ် ဖေဖေ။
ယုတ်စွအဆုံး မယားငယ်ယူသွားတဲ့ လင်ယောက်ျားအပေါ်တောင် အပြစ်တင်ဖို့ မကြိုးစားဘဲကိုယ့်ကိုကိုယ် အပြစ်တင် ကံကိုပုံချခဲ့သူပါ ဖေဖေ။ "မေမေ့အပြစ်လည်း ပါတာပေါ့ သားရဲ့။ သားဖေဖေက မေမေတို့ မိသားစုကို ရန်ကုန်လိုက်ခဲ့ဖို့ ခေါ်သားပဲ။ မေမေက သားတို့ဘွားဘွားကို တစ်ယောက်တည်း မထားခဲ့ချင်တာရယ်၊ ရန်ကုန်မှာ အိမ်ပိုင်ယာပိင်မရှိ သွားရေးလာရေးက ခက်နဲ့မို့ လိုက်မနေခဲ့တာ။ ယောက်ျားဆိုတာက မိသားစုနဲ့ ကင်းကွာနေရင် စိတ်က တယ်လွတ်လပ်တာကိုး။ ပြီးတော့ သူက ပညာတတ်တဲ့ မိန်းမတွေကို သိပ်အထင်ကြီးတာ သားရဲ့။ မေမေက ဆယ်တန်းမှ မအောင်ခဲ့တာဘဲ သားရယ်။ သူတို့မလည်း ရေစက်ကပါလာခဲ့လို့ ဆုံကြရတာနေမှာပါ" ဖေဖေ့အပေါ် အဲဒီလောက်ကောင်းနိုင်တဲ့ မိန်းမတစ်ယောက်အပေါ် ဖေဖေ ရက်စက်နိုင်လွန်းခဲ့တယ်။ တကယ်တော့ ဖေဖေဟာ မေမေ့ရဲ့ ခွင့်လွှတ်မှုမျိုးနဲ့ ထိုက်တန်ခဲ့သူ မဟုတ်ပါဘူး။

"သားဟာ မေမေ့နေရာမှာဆိုရင် ဖေဖေနဲ့ဟိုမိန်းမကို အရှက်တကွဲဖြစ်ရအောင် လုပ်ပစ်မယ်။ သူတို့နှစ်ယောက်ကို သားတစ်သက်လုံး ခွင့်မလွှတ်ဘူး မေမေ" လို့ သားက ဒေါသတကြီးပြောတော့၊ မေမေ သားကို ချော့မော့နှစ်သိမ့်ခဲ့တယ်။ "သားရယ် လူတစ်ယောက် ဂုဏ်သိက္ခာကျတယ်၊ အရှက်ကွဲတယ်ဆိုတာ သူများက လုပ်နိုင်တာထက် ကိုယ်ကပဲ လုပ်နိုင်တာမျိုးပါ။ လူဆိုတာ စိတ်မပါဘဲ အသက်ရှင်ရပ်တည်နေနိုင်တာ မဟုတ်ဘူး သားရဲ့။ သားဖေဖေကို မေမေဘာမှ မလုပ်ခဲ့ပေမယ့် သူက ကိုယ့်စိတ်ကိုယ်မလုံမလဲဖြစ်ပြီး လူ့လောကကြီးထဲမှာ စိတ်ပျက်လက်ပျက် ရှင်သန်ရပ်တည်နေရတဲ့လူမျိုး ဖြစ်နေပါပြီ။ သူ့ကို မေမေတို့ ဘာမှထပ်လုပ်ဖို့ မလိုတော့ပါဘူး သား။ သားက မေမေ့ကိုချစ်တယ်၊ သနားတယ်ဆိုရင် ဖေဖေ့ကိုခွင့်လွှတ်ရမယ်။ ပြီးတော့ လိမ္မာတဲ့ သား၊ တာဝန်သိတဲ့ သား လုပ်ရမယ်။ ဖေဖေ့ကိုယ်စား မေမေနဲ့ ညီမလေးကို သား ပိုဂရုစိုက်ရမယ်။ မေမေ ယုံကြည်အားထားရတဲ့ သားတစ်ယောက်ဖြစ်အောင် သားက ကြိုးစားနေရမယ်"
မေမေဟာ သားနဲ့ညီမလေးကို အမြဲအားပေးနှစ်သိမ့်ခဲ့တယ်။ ဖေဖေ့ကို ဆုံးရှုံးလိုက်ရခြင်းအတွက် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ခံစားမှုတွေကို မေမေ့ရဲ့မျက်နှာပေါ်မှာ သားတစ်ခါမှ မမြင်တွေ့ခဲ့ရဘူး။ ဖေဖေ့ရဲ့ စောင့်ရှောက်ကျွေးမွေးမှုကို မခံရတော့ပေမယ့် မေမေရဲ့ ပြုစုယုယမှုတွေကို သားတို့မောင်နှမ ပြည့်ပြည့်၀၀ ရရှိခဲ့ပါတယ် ဖေဖေ။ လူရယ်လို့ဖြစ်လာရင် ကိုယ့်ကိုကိုယ် ယုံယုံကြည်ကြည် အားကိုးချင်တဲ့စိတ်ရှိရမယ်ဆိုတဲ့ အကြောင်းကိုသာ မေမေက မကြာခဏ ပြောဆိုဆုံးမခဲ့တယ်။ အကြောင်းကိစ္စတစ်ခုခုအတွက် မေမေက ဆုံးမသြ၀ါဒ ပေးတိုင်းပေးတိုင်း အထွန့်တက်စကား ဆိုချင်တတ်တဲ့သားကို နားဝင်သည်အထိ စိတ်ရှည်လက်ရှည် သွန်သင်ပေးနိုင်ခဲ့တယ်။ သား လက်ခံပါပြီဖေဖေ။ လူတစ်ယောက်ရဲ့ဘ၀မှာ ကိုယ့်အားကိုယ်ကိုးချင်တဲ့စိတ်ဓာတ်နဲ့ ကိုယ့်ကိုကိုယ် လေးစားယုံကြည်နိုင်အောင် လုပ်ဖို့သာ အဓိက အကျဆုံးဆိုတာကိုပေါ့။

မေမေက ပြောခဲ့တယ်။ "သူတစ်ပါးကို စွဲချက်တွေ များများမတင်ပါနဲ့။ ကိုယ့်ဘာသာအပြစ်ကင်းအောင် တစ်သက်လုံးနေထိုင်တတ်ပါစေ" တဲ့။ မေမေဟာ သူ့ရဲ့အသက်လေးဆယ်ကျော်ကာလအတွင်း ဖြတ်သန်းရင်ဆိုင်ခဲ့ရတဲ့ အဖြစ်အပျက်တွေထဲက ဘ၀သင်ခန်းစာအမျိုးမျိုးကို ရရှိခဲ့ပါပြီ ဖေဖေ။ မေမေ့ရဲ့ ဘ၀ဖြတ်သန်းမှုကို ဖေဖေနည်းနည်းလောက်မှ စိတ်ဝင်စားမှုမရှိတော့ဘူးလား။ ဖေဖေ့အပေါ် မေမေ့ဘက်က ဘယ်အတိုင်းအတာအထိ ဖြည့်ဆည်းပေးဆပ်ခဲ့သလဲ ဖေဖေ အသိခဲ့ဆုံးမဟုတ်လား။ မေမေနဲ့ဖေဖေ လက်ထပ်စဉ်က ဖေဖေဟာ တက္ကသိုလ်ဒုတိယနှစ်ကျောင်းသား တစ်ယောက်သာဖြစ်ပါသတဲ့။  သာမန်ဝန်ထမ်းအဆင့် လူလတ်တန်းစားတွေဖြစ်တဲ့ ဖေဖေ့မိဘနှစ်ပါးက ဖေဖေ့ကို ပညာရေးဆုံးခန်းမတိုင်ခင် အိမ်ထောင်ပြုလိုက်တဲ့အတွက် စိတ်ဆိုးပြီး ပစ်ပယ်ထားခဲ့တယ်နော်။ မေမေ့ရဲ့အမေ၊ သား ဘွားဘွားကသာ ဖေဖေ့ကို ကျောင်းဆက်တက်စေခဲ့တာမဟုတ်လား။ ဘွဲ့ရပြီးတဲ့အထိ မည်မည်ရရ အလုပ်မလုပ်သေးဘဲ သုံးလေးနှစ်အချိန်ဖြုန်းနေခဲ့တဲ့ ဖေဖေ့အပေါ် မေမေတို့ အသိုက်အ၀န်းက ကြည်ကြည်ဖြူဖြူပဲ လက်ခံထားခဲ့တယ်လေ။

ဖေဖေစဉ်းစားကြည့်ပါဦးလား။ ဟုတ်တိပတ်တိ အလုပ်မရှိခဲ့တဲ့ ဖေဖေက နောက်ဆုံးတော့ သင်္ဘောသားလုပ်ချင်တယ်လို့ ဆန္ဒပြုခဲ့တယ်။ ဖေဖေ့စိတ်ကူးဆန္ဒတွေ ဖြစ်မြောက်အောင်မြင်အောင် အစစအရာရာ ပံ့ပိုးဖြည့်ဆည်းခဲ့သူက ဘယ်သူလဲဖေဖေ။ ဖေဖေဖြစ်ချင်တဲ့ သင်္ဘောသား မဖြစ်ခင်ကာလတွေမှာ ဖေဖေလိုအပ်သမျှကို တစ်ချိန်လုံး ဖြည့်ဆည်းပေးခဲ့သူက ဖေဖေစွန့်ခွာပစ်ပယ်ခဲ့တဲ့ သားရဲ့မေမေပါ ဖေဖေ။ ဖေဖေ့ဘက်က မေမေ့အပေါ်တင်ရှိနေတဲ့ ကျေးဇူးတွေကို အကြွေးအနေနဲ့ ဆပ်မယ်ဆိုရင်တောင် ဒီတစ်သက်ဆပ်လို့မကုန်နိုင်ပါဘူးလို့ သူသူငါငါ လူတကာကပြောနေကြတဲ့ စကားတွေကိုလည်း သားမကြားချင်တော့ပါဘူး။ ဖေဖေဟာ သားတို့မိသားစုအပေါ် တာဝန်မဲ့စွာ ရက်ရက်စက်စက် စွန့်ပစ်ထားခဲ့တာ မှန်ပေမယ့် ဖေဖေရဲ့ မကောင်းသတင်းတွေကိုတော့ ဘယ်နေရာကမှ သားမကြားချင်ပါဘူး ဖေဖေ။

ဟိုက ဒီက လွင့်ပျံရောက်ရှိလာတဲ့ ဖေဖေ့ရဲ့ မကောင်းသတင်းတွေကိုကြားရတိုင်း သားရဲ့ မေမေတိတ်တခိုး မျက်ရည်ကျတတ်ပါတယ်။ မေမေဟာ ဖေဖေ့ရဲ့ ဂုဏ်သိက္ခာကျဆင်းမှု၊ လုပ်ငန်းကိုင်တာ အဆင်မပြေမှုစတဲ့မျိုးစုံသော ရှုံးနိမ့်ခြင်းတွေအတွက် နာကြည်းစိတ်နဲ့ ကောင်းလိုက်တာလို့ သြဘာပေး ကျေနပ်ဝမ်းမြောက်နိုင်သူ မဟုတ်ခဲ့ပါဘူး။ ဖေဖေ့အပေါ်ထားတဲ့ မေမေ့ရဲ့ခံစားချက်အလုံးစုံကို သားနားမလည်နိုင်ပေမယ့် တစ်ချို့တလေကိုတော့ သားနားလည်နိုင်ပါတယ်။ ဘာကြောင့်ဆိုတော့ မေမေကိုယ်တိုင်သားကို ရင်ဖွင့်ပြောပြခဲ့ဖူးတာကိုး။

"လူတွေက မေမေ့ကိုအပြစ်တင်ရင်လည်း မေမေခံရမှာပဲသားရယ်။ သားတို့ဖေဖေကို မေမေလက်ထပ်ခဲ့တာက ချစ်လို့ လက်ထပ်ခဲ့တာ။ ယုံကြည်အားကိုးလိုမှုလည်း ပါတာပေါ့။ တကယ်တမ်း လက်တွေ့ဘ၀ထဲမှာတော့ သူ့ကို မေမေအားမကိုးခဲ့ရဘူး။ ဒီကြားထဲကပဲ သူက မေမေ့အပေါ် သစ္စာမဲ့သွားခဲ့တာ။ ဒါပေမယ့် သူ့ကို မေမေ မနာကြည်းနိုင်ခဲ့ပါဘူး။ မေမေက ကိုယ့်ကိုကိုယ်ထက် သူ့ကို ပိုချစ်ခဲ့မိတာကိုး။ တကယ်တော့ ကိုယ်အင်မတန် ချစ်မြတ်နိုးရတဲ့ လူတစ်ယောက်ကို နာကြည်းမုန်းတီးဖို့ဆိုတာ ထင်သလောက် မလွယ်ကူပါဘူး သားရယ်။ ခံစားချက်ဆိုတာကတော့ အချိန်ကာလကိုလိုက်ပြီး အနုအရင့်တော့ ကွာစမြဲပါနော်။ ခုချိန်မှာတော့ သူ့အပေါ်ထားခဲ့ဖူးတဲ့ မေမေ့ရဲ့မျှော်လင့်ချက်တွေ ကုန်ဆုံးသွားပါပြီ။ မေမေ့ရဲ့ မျှော်လင့်ချက်အားလုံးကို သားနဲ့သမီးဆီမှာပဲ မေမေပုံအပ်ထားလိုက်ပြီ"
ဘာပဲပြောပြော မေမေဟာ အချိန်ကာလများစွာ ကြာမြင့်တဲ့အထိ ဖေဖေ့ကို မျှော်လင့်ခဲ့ဖူးတယ်ဆိုတာ ဖေဖေသိဖို့ကောင်းပါတယ်။ "ဖေဖေ ဘယ်တော့ပြန်လာမှာလဲ" လို့ ထပ်တလဲလဲမေးနေတဲ့ သားတို့ မောင်နှမကို "မင်းတို့အဖေ ဘယ်တော့မှပြန်မလာတော့ဘူး" ဆိုတဲ့ စကားပြောထွက်ဖို့ မေမေဘက်က ဘယ်လောက်အားတင်းကြိုးစားခဲ့ရသလဲ ဖေဖေသိရဲ့လား။ ဖေဖေ့အပေါ် မျှော်လင့်နေခွင့်လေးတောင် မရှိတော့တဲ့ အနေအထားမျိုးနဲ့ အပြီးတိုင်စွန့်လွှတ်ပစ်ဖို့ မေမေဘယ်လောက်အထိ ခံစားပေးဆပ်ခဲ့ရသလဲဆိုတာ ဖေဖေတစ်ခါလောက် တွေးကြည့်မိဖူးပါရဲ့လား။ မေမေဟာ အဲဒီအချိန်အထိ ဖေဖေ့ကို ယုံကြည်မျှော်လင့်နေတုန်းပါဖေဖေ။

သင်္ဘောသားဖြစ်ချင်လှတဲ့ ဖေဖေ့ကို သင်္ဘောသားမလုပ်ပါနဲ့လို့ တားမြစ်ခဲ့ဖူးတဲ့ ဘွားဘွားဟာ ဖေဖေ သင်္ဘောသားတစ်ယောက်ဖြစ်စေဖို့ လိုအပ်သမျှ ငွေကြေးဥစ္စာအားလုံးကို ဖြည့်ဆည်းပေးခဲ့သူ မဟုတ်ဘူးလား။ ခုနေခါမှာတော့ ယောက္ခမဆိုတဲ့တော်စပ်မှုက ဖေဖေ့လို လူတစ်ယောက်အတွက် သူစိမ်းဆန်ကောင်းဆန်နေပါလိမ့်မယ်။ ဒါပေမယ့် ဘွားဘွားဟာ ဖေဖေ့အပေါ် သားအရင်းတစ်ယောက်လို သဘောထားချစ်ခင်ခဲ့တာ ဖေဖေ မေ့နိုင်စရာမကောင်းပါဘူး။ ဖေဖေ့ကိုယ်ပေါ်မှာ တင်ရှိနေတဲ့ ဘွားဘွားနဲ့မေမေတို့ရဲ့ ပစ္စည်းဥစ္စာကြွေးတွေထက် စေတနာ၊ မေတ္တာကြွေးက ထုထည်ပိုကြီးမြင့်ပါလိမ့်မယ် ဖေဖေ။ ဒါနဲ့တောင် နာမကျန်းဖြစ်ပြီး အိပ်ရာထဲတစ်လကျော်လဲပြီးမှ ဆုံးပါးသွားခဲ့တဲ့ ဘွားဘွားရဲ့ နောက်ဆုံးခရီးကို ဖေဖေ ရောက်မလာခဲ့ဘူး။ ဖေဖေဟာ သားတို့ထင်ထားတာထက် ပိုရက်စက်ခဲ့တယ်။ ဘွားဘွားဟာ သူ့ရဲ့နောက်ဆုံးအချိန်အထိ ဖေဖေ့ကို မျှော်လင့်စောင့်စားသွားခဲ့တယ်။ အောင်မင်းခင်ဆိုတဲ့ နာမည်ကို သေတဲ့အထိ ရေရွတ်သွားခဲ့တယ် ဖေဖေ။

စကားပြောအလွန်နူးညံ့သိမ်မွေ့သလို စကားပြောလည်း ကောင်းလှတဲ့ ဖေဖေ့အပေါ် ဘွားဘွားဟာ သေတဲ့အထိ ယုံကြည်သွားခဲ့တယ်။ တကယ်ဆိုရင် ဖေဖေတတ်ကျွမ်းတဲ့ပညာတွေကို အစွမ်းကုန်ထုတ်သုံးပြီး သားတို့ဆီကို ဘွားဘွားမသေခင် ရောက်လာသင့်ပါတယ်။ ဘွားဘွားအသေဖြောင့်အောင် ဘ၀ကူးကောင်းအောင်၊ မေမေနဲ့သားတို့မောင်နှမကို စိတ်ချလက်ချထားခဲ့နိုင်အောင် ဖေဖေမျက်နှာလေးတစ်ချက်လောက် ပြသင့်တယ်။ သားတို့မိသားစုကို တစ်သက်တာ မခွဲမခွာစောင့်ရှောက်ပါမယ်လို့ ကတိပေးသင့်တယ်။ ဘာဖြစ်သလဲ ဖေဖေရယ်။ သေခါနီးလူတစ်ယောက် စိတ်ချမ်းသာမှုအတွက် မတည်နိုင်တဲ့ကတိပေးပြီး ဖေဖေကုသိုလ်ယူနိုင်တာပဲ မဟုတ်လား။
ဖေဖေ့ဆီက နူးညံ့သိမ်မွေ့လွန်းတဲ့ ချော့မြူနှစ်သိမ့်မှုတွေ၊ အားရကျေနပ်စရာကောင်းလှတဲ့ ကတိတွေကို အခါများစွာ ကြားနာခဲ့ဖူးပြီဖြစ်တဲ့ မေမေဟာ ဖေဖေ့ကတိစကားကိုကြားရရင် သေလုဆဲဆဲလူမမာ မိခင်တစ်ယောက်အတွက် ၀မ်းမြောက်ဝမ်းသာ ကျေးဇူးတင်နေမှာပါ။ မေမေဟာ ဖေဖေ့ဘက်က မတည်မြဲနိုင်တဲ့ကတိစကားတွေအတွက် "ရှင် ကတိပေးခဲ့တယ်လေ။ ရှင့်ကတိကို ရှင်ဖျက်ရဲလို့လား" ဆိုတဲ့ အပြောမျိုးနဲ့ အကျပ်ကိုင်ခြိမ်းခြောက်မယ့်သူ မဟုတ်ပါဘူး။ ဖေဖေအခက်တွေ့အောင် မေမေဘယ်အချိန်မျိုးမှာမှ အကျပ်မကိုင်ခဲ့ဖူးပါဘူး ဖေဖေ။ ဖေဖေကသာ မေမေထိခိုက်နာကျင်စေတဲ့ အကျပ်ကိုင်စကားမျိုးနဲ့ မေမေ့အပေါ် ခြိမ်းခြောက်ခဲ့ဖူးတာပါ။
မိသားစုဆီ ပြန်လာချိန်တန်လို့မှ ပြန်မလာတဲ့ ဖေဖေ့နောက်ကို မေမေလိုက်သွားတဲ့အချိန်မှာ မေမေ့ကို ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ ဖေဖေရဲ့ ဂုဏ်သိက္ခာရှိသော ဒုတိယမြောက် အိမ်ရှင်မဆိုသူနဲ့ တွေ့ချင်တယ်လို့ ဖေဖေ့ဆီမှာ ခွင့်တောင်းခဲ့တဲ့မေမေ့ကို ဖေဖေတားမြစ်ခဲ့တယ်လေ။ "မင်းသူ့ဆီ လုံးဝသွားမတွေ့ရဘူး။ တကယ်လို့ ငါသဘောမတူဘဲ မင်းသဘောနဲ့မင်း သွားမယ်ဆိုရင် ဒီတစ်သက်မင်းဆီကို ငါပြန်လာမှာ မဟုတ်တော့ဘူး" တဲ့လား ဖေဖေ။ 
အဲဒါ ယောက်ျားတစ်ယောက်ရဲ့ မြင့်မြတ်မှုတဲ့လား ဖေဖေ။ အဲဒီအချိန်တုန်းက လင်ယောက်ျားတစ်ယောက်ကို အပြီးတိုင် စွန့်လွှတ်ပစ်လိုက်ရမှာကို ကြောက်လန့်တုန်လှုပ်စွာ အားငယ်စိုးရွံ့နေတဲ့ မေမေရဲ့ခံစားချက်ကို ဖေဖေထည့်မတွက်ခဲ့ပါဘူး။ ဖေဖေဟာ မေမေ့ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး မေမေ့လုပ်ပိုင်ခွင့်အပေါ် တရားမျှတမှု မရှိစွာ ပိတ်ပင်တားဆီးခဲ့တယ်။
ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့ အနာတရဖြစ်နေတဲ့ မေမေရဲ့စိတ်လေးတစ်ခုကိုတောင် ထွက်ပေါက်မပေးဘဲ ရက်ရက်စက်စက် ဖေဖေချောင်ပိတ်ရိုက်ပစ်ခဲ့တယ်နော်။ ဒါပေမယ့် မေမေဟာ ဖေဖေထင်သလို ပြိုလဲမသွားခဲ့ပါဘူး။ ဒီနေ့ ဒီအခြေအနေထိ ရောက်အောင် မေမေတစ်ယောက်တည်း စွမ်းဆောင်နိုင်ခဲ့တာကိုကြည့်ပေါ့ ဖေဖေ။ မေမေဟာ သားတို့ မောင်နှမနှစ်ယောက်ကို အစဉ်အမြဲ အားပေးနှစ်သိမ့်ရင်း သူကိုယ်တိုင်လည်း ပြိုလဲမသွားအောင် ကြိုးစားခဲ့တယ်။ 
"ဒီလောက်ဆိုးတဲ့အဖြစ်အပျက်ကြီးထဲမှာ မေမေ မပြိုမလဲဘဲ ရပ်တည်နေနိုင်ခဲ့တာက ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးတွေကြောင့်ပဲသား။ ရတနာသုံးပါးကပေးတဲ့ အသိတရားနဲ့ သတိတရားကြောင့်သာ မေမေဒီလို ရပ်တည်နေနိုင်တာပေါ့။ မိန်းမတစ်ယောက် အိမ်ထောင်ပြုတယ်ဆိုတာ ကိုယ့်ဘ၀ ဣနြေ္ဒရှိရှိ တင့်တင့်တယ်တယ် ဖြစ်စေချင်တဲ့စိတ်နဲ့ ပြုကြတာချည်းပါပဲ သားရယ်။ လူတကာ အပြစ်တင်ဝေဖန်ကြတဲ့ အခြေအနေမျိုး ဘယ်မိန်းမမှ မရောက်ချင်ကြဘူး။ မေမေလည်းပဲ ဒီမိသားစု အသိုက်အအုံလေး မပြိုကွဲအောင် နည်းမျိုးစုံနဲ့ကျားကန်ထောက်မပေးခဲ့တာပဲ။ ဒါပေမယ့် မရဘူး သား။ တချို့ကိစ္စတွေက ဇွတ်လုပ်ယူလို့မရဘူး။ ကံစီမံပေးထားတဲ့အတိုင်း ဖြစ်ကြရတာ။ ၀ဋ်ကြွေးရှိနေရင် မလွဲမသွေ ပြန်ပေးဆပ်ရမယ့်ကိစ္စတွေ ရှိသေးတယ်။ သားတို့တွေးကြည့်စမ်း။ မယားငယ်၊ အဲ ဒုတိယမိန်းမလို့ ကင်ပွန်းတပ်ခံရတဲ့ အမျိုးသမီးတွေလည်း ကိုယ့်အိမ်ထောင်ရေး တင့်တင့်တယ်တယ် ခိုင်ခိုင်မြဲမြဲရှိဖို့ မျှော်လင့်စိတ်ကူးခဲ့ကြမှာပါပဲကွယ်။ မေမေ့ကျတော့ရော၊ မယားကြီးဆိုတဲ့ နာမည်ကြီးက ဂုဏ်ယူစရာမှ မဟုတ်ဘဲ သား။ ကိုယ့်လင်ယောက်ျား နောက်မိန်းမထပ်ယူလို့ မယားကြီးလို့နာမည်တွင်ရတဲ့ အဖြစ်က ဘယ်လောက်ဝမ်းနည်းနာကျင်စရာကောင်းလိုက်သလဲ။ ဒါနဲ့တောင် အဲဒီအဖြစ်အပေါ် မလိုအပ်တဲ့မာနတွေထားပြီး ကိုယ့်ကိုကိုယ် မေမေ ထပ်မနှိပ်စက်ချင်တော့ပါဘူး သားရယ်။ မေမေလုပ်သင့်လုပ်ထိုက်သမျှ အားလုံးကို လုပ်ပေးခဲ့တာချည်းပဲ။

သားတို့မောင်နှမမှာ ဖခင်တစ်ယောက်ဆုံးရှုံးခံရခြင်းဆိုတဲ့ ရှုံးနိမ့်မှုအပြင် တခြားဘာမှ ရှုံးနိမ့်တာမရှိစေရအောင် မေမေကြိုးစားလုပ်ပေးခဲ့တယ်။ မေမေဟာ သူတစ်ပါးဂုဏ်သိက္ခာကျဆင်းစေမယ့် အလုပ်မျိုးကို တစ်ခါမှ မလုပ်ခဲ့ဘူး။ ကိုယ့်ရဲ့ကိုယ်ကျင့်တရားနဲ့ ဣနြေ္ဒပျက်ပြားစေမယ့် အလုပ်မျိုးကိုလည်း ဘယ်အချိန်မှာမှ မလုပ်ခဲ့ဘူး။ မေမေ့ဘ၀မှာ မေမေ လိပ်ပြာသန့်သန့် ရှင်သန်နေနိုင်တဲ့အတွက်ပဲ သား ကျေနပ်ရမယ်နော်"။ သား ကျေနပ်ပါတယ် ဖေဖေ။ မေမေ့ရဲ့သား ဖြစ်ခွင့်ရခြင်းအပေါ် သား ကျေကျေနပ်နပ် ဂုဏ်ယူပါတယ်။ ဒါပေမယ့် သားဟာ မေမေတစ်ယောက်တည်းရဲ့ သားမဟုတ်ခဲ့တာကိုတော့ မကျေနပ်ချင်ပါဘူး။ ဖခင်ဆိုတဲ့နေရာမှာ တစ်သက်တာလုံး အမြဲရှိနေမယ့် ဦးအောင်မင်းခင်ဆိုတဲ့နာမည်ကို သားဘ၀ထဲက ထုတ်ပယ်ခွင့်မရှိသလို၊ ထုတ်ပစ်ဖို့ စွမ်းအားလည်း သားမှာမရှိပါဘူး ဖေဖေ။ ဘာကြောင့်ဆိုတော့ သားတို့ဘ၀ထဲက ဖေဖေထွက်ခွာသွားခဲ့ပေမယ့် သားတို့မိသားစုက ဖေဖေ့ကို ချစ်နေဆဲပဲကိုး။

ညီမလေးကတောင် ဖေဖေ့ကိုချစ်နိုင်ပါသေးတယ် ဖေဖေ။ ဖေဖေ့ရဲ့ပုံရိပ်ကို ရေးတေးတေးသာ မှတ်မိတော့တဲ့ ညီမလေးဟာ ဓာတ်ပုံတွေထဲက ဖေဖေ့ရုပ်ပုံတွေကိုကြည့်ပြီး၊ ဖေဖေ့အပေါ် ချစ်ခင်မြတ်နိုးတဲ့စိတ်နဲ့ အရည်တဖိတ်ဖိတ်လက်နေတဲ့ ညီမလေးရဲ့ မျက်လုံးတွေကို မြင်စေချင်ပါတယ် ဖေဖေ။ တစ်ခါတလေတော့လည်း ညီမလေးက ဖေဖေ့ကို ပြစ်တင်ဝေဖန်ချက်တွေပေးပြီး ဒေါသတကြီးစိတ်ဆိုးနေတတ်တယ်။ ညီမလေးမေးဖူးတဲ့ စကားတစ်ခွန်းကိုတော့ သား အဖြေမပေးနိုင်ခဲ့ဘူး ဖေဖေ။ "ဖေဖေက ဘာကြောင့် ဒီလို လူဆိုးကြီးဖြစ်သွားရတာလဲဟင်" တဲ့ ဖေဖေ။ ညီမလေးရဲ့ မေးခွန်းကို သားက မေးခွန်းတစ်ခုနဲ့ပဲ ပြန်ဖြေခဲ့ရတယ်။ "ဖေဖေက ဘယ်မှာလူဆိုးကြီးဖြစ်နေလို့လဲ ညီမလေးရယ်" လို့။ "ဒါဆို ဖေဖေက ကောင်းတယ်ဆိုတဲ့အကြောင်း ကိုကို ဘာလို့မပြောပြလဲ"
ညီမလေးရဲ့ မေးခွန်းကို ဖေဖေလာဖြေပေးလှည့်ပါဦးလား။ သားဝန်ခံပါတယ် ဖေဖေ။ မေမေ့အပေါ် ကြည်ညိုလေးစားတဲ့စိတ်နဲ့ သိပ်မြတ်နိုးချစ်ခင်တဲ့ သားဟာ မေမေ့ရဲ့စိတ်သဘောထား ဖြူစင်ပြည့်ဝမှု၊ ကိုယ်ကျင့်သိက္ခာ တည်ကြည်ဖြောင့်မတ်မှုတွေအတွက် ညီမလေးကို ၀မ်းမြောက်ဝမ်းသာ ပြောပြနေကျပေါ့။ "ဖေဖေ့ကို မဝေဖန်ရဘူး" ဆိုတဲ့ မေမေ့တားမြစ်ချက်ကိုတော့ သား မလိုက်နာခဲ့ဘူး ဖေဖေ။ သားဟာ ဖေဖေ့အပေါ် ဝေဖန်ချက်တွေ အမြဲပေးခဲ့တယ်လေ။ ဒါပေမယ့် သားဟာ ဖေဖေ့ကိုမလိုလားတာ၊ မလိုချင်တာ မဟုတ်ရပါဘူး ဖေဖေ။ ဖေဖေ့ကို သားအမြဲတမ်း လိုအပ်နေခဲ့ပါတယ်။ ဖေဖေမရှိခြင်းအတွက် မေမေက ဘယ်လောက်ပဲ ဖြည့်ဆည်းပေးနိုင်ခဲ့ပါစေ လိုအပ်နေတဲ့အရာတွေက အများကြီးရှိသေးတာပါပဲ ဖေဖေ။

သူငယ်တန်းကစပြီး ဆယ်တန်းအောင်တဲ့အထိ တစ်နှစ်မပျက် နှစ်စဉ်နှစ်တိုင်း ဆုအဆက်ဆက်ရခဲ့တဲ့ သားရဲ့ အောင်မြင်မှုအတွက် မေမေ၀မ်းသာကျေနပ်စွာ အားပေးနေတဲ့အချိန်တွေမှာ ဖေဖေရှိမနေခဲ့ဘူး။ ၀မ်းနည်းစရာကောင်းတာက သားရဲ့ ပညာရည်ချွန်ဆုလက်မှတ်တိုင်းမှာ အထင်ကရ မှတ်တမ်းတင်ခြင်းခံထားရသူက ဦးအောင်မင်းခင်ပဲ ဖြစ်နေခဲ့တယ် ဖေဖေ။ သားဟာ ဦးအောင်မင်းခင်ရဲ့သားဖြစ်လို့ ထူးချွန်အောင်မြင်ခဲ့တာ မဟုတ်ဘဲ ဒေါ်မိုးဆွေရဲ့ သားဖြစ်လို့ ထက်မြတ်ထွန်းပေါက်ခဲ့တာလို့ သားက ဂုဏ်ယူချင်တယ် ဖေဖေ။ ဖေဖေက သားကို နှစ်ပေါင်းများစွာ ပစ်ပယ်ထားခဲ့ပေမယ့် ဖေဖေရဲ့ နာမည်တစ်လုံးကတော့ သားရဲ့ ဆယ်တန်းအောင်စာရင်း စာမျက်နှာထိတောင် မခွဲမခွာ ကပ်ပါလိုက်နေခဲ့တယ်လေ။

ဖေဖေကဖြင့် မေ့လောက်ပါပြီ။ ဖေဖေနဲ့မေမေရဲ့ လက်ကိုတွဲပြီး သားရဲ့ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကိုတက်ခဲ့ရတဲ့ မူလတန်းကလေးဘ၀က နေ့ရက်လေးတစ်ခုကို သားရင်ထဲမှာ စွဲစွဲမြဲမြဲ သတိရမိသေးတယ်။ ဖေဖေ့ကို အမြဲစောင့်စားမျှော်လင့်နေခဲ့တဲ့ သားဟာ ဒီနှစ်တော့ဖြင့် ဆုပေးပွဲအခမ်းအနားအမီ ဖေဖေပြန်လာမလားရယ်လို့ နှစ်စဉ်နှစ်တိုင်း တွေးထင်ကြည့်မိခဲ့တယ်။ သားတို့ရဲ့ မိသားစုဘ၀လေးထဲကနေ တဖြည်းဖြည်းကွယ်ပျောက်သွားခဲ့တဲ့ ဖေဖေ့ကို ဒီနေ့ထိ သားတို့က ဘာကြောင့် မေ့ဖျောက်မပစ်နိုင်ရသေးတာလဲ။ ခံစားမှုတွေကတောင် တရားမျှတမှု မရှိခဲ့ပါဘူးနော် ဖေဖေ။
သားတို့မိသားစုဟာ ဒီနေ့အထိ ဖေဖေ့ကို မေ့ဖျောက်ပစ်လို့မရနိုင်ဘူး။ ခုဆိုရင် သားတို့ဆီက ဖေဖေထွက်ခွာသွားခဲ့တာ ရှစ်နှစ်ကျော်ကာလရှိခဲ့ပါပြီ။ ဖေဖေရော အဲဒီရှစ်နှစ်ကျော်ကာလအတွင်းမှာ ပြည့်စုံကျေနပ်နိုင်တဲ့ ဘ၀တစ်ခု ရခဲ့ပြီလားဆိုတာ သားသိချင်ပါတယ် ဖေဖေ။ ဖေဖေ အမှန်ကိုဖြေရဲပါရဲ့လားဟင်။ ဖေဖေ့မှာ သားနဲ့ညီမလေးအပြင် အခြား သားသမီးမရှိသေးဘူးဆိုတာတော့ သား သိနေပါတယ်။ ခွေးကလေး၊ ကြောင်ကလေးတွေကိုတောင် သံယောဇဉ်ကြီးစွာ ယုယကြင်နာမှုပေးတတ်တဲ့ ဖေဖေဟာ ဖေဖေ့ဘ၀ထဲမှာ တစ်ခါက ရှိဖူးခဲ့တဲ့ မိသားစုလေးတစ်ခုကို မကြာမကြာ သတိရတမ်းတနေမိမှာပါ။ တကယ်လို့သားတို့မိသားစုလေးကို သတိရလွမ်းဆွတ်ရင်း ဖေဖေ့ရဲ့လက်ရှိ ဘ၀အပေါ် မကျေမနပ်ဖြစ်နေတယ်ဆိုရင် သားကျေနပ်မိမှာပဲ ဖေဖေ။ အဲဒါဟာ သားက ဖေဖေ့အပေါ်ထားရှိတဲ့ မနာကြည်းနိုင်တဲ့ နာကျင်မှုပါ ဖေဖေ။ ပြီးတော့ ဖေဖေ့သားသမီးတွေ ဝေေ၀စည်စည်နဲ့ ချမ်းမြေ့ကြည်နူးစရာ အသိုက်အအုံအသစ်တစ်ခု အသစ်ရှိမလာခြင်းအတွက်လည်း သားက ၀မ်းမြောက်ဝမ်းသာ ကျေနပ်တယ်။ ဒါကတော့ သားရဲ့ အတ္တစိတ်နဲ့ ၀န်တိုမှုတစ်မျိုးကြောင့်ပေါ့ ဖေဖေ။

မေတ္တာတရားကြီးမားတဲ့ မေမေကတော့ အမှန်တကယ် စစ်မှန်တဲ့မေတ္တာတရားတွေနဲ့ ဖေဖေ့ကို မေတ္တာပို့သလျက် ရှိနေဆဲပါပဲ။ ပတ်ဝန်းကျင်ကကြားလာရတဲ့ ဖေဖေ့ရဲ့မကောင်းသတင်းတွေကို ကြားရတိုင်း မေမေ မျက်စိမျက်နှာပျက် စိတ်မကောင်းဖြစ်နေတတ်တယ်။ မေမေဟာ ဖေဖေရဲ့ရှုံးနိမ့်မှုကို ဘယ်လိုအချိန်မျိုးမှာမှ မလိုလားခဲ့သူပါ ဖေဖေ။ ခု ဖေဖေ သင်္ဘောမလိုက်ရတော့ဘဲ နာမည်ပျက်နဲ့ လူတစ်ယောက်ဖြစ်သွားပြီဆိုတဲ့ သတင်းက မေမေ့စိတ်နှလုံးကို အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။
"ဘာဖြစ်သလဲ မေမေရဲ့။ သူက မေမေယောက်ျားမှ မဟုတ်တော့တာ။ သူ့မိုက်ပြစ်သူခံရတာပဲ" လို့ မေမေစိတ်ပြေပျောက်အောင် နှစ်သိမ့်တာဟာလည်း အမှားတစ်ခုအဖြစ်ပဲ အရာထင်ခဲ့ပါတယ်။
"မင်း ကိုယ့်အဖေကို မကျိန်ဆဲရဘူးနော် သား။ သူဘာပဲဖြစ်ဖြစ် သူဟာ မင်းရဲ့အဖေပဲ။ ကိုယ့်ဖခင်ကို ကျိန်ဆဲရင် သားပဲ ငရဲကြီးမယ်" လို့တောင် မေမေက ပြန်ဆုံးမခဲ့တယ်။ ဖေဖေဟာ မေမေ့လို သားတို့မောင်နှမအပေါ်အရိပ်ပေးနေတဲ့ ကောင်းကင်တစ်ခုမဟုတ်တော့ပေမယ့် ဖေဖေ့ရဲ့အောင်မြင်မှု၊ ရှုံးနိမ့်မှုအရိပ်ဟာ သားတို့ဆီမှာ ထင်ဟပ်နေဆဲပါပဲ။ တကယ်တမ်းပြောရရင် ဖေဖေ့ဆီက သားတို့ ဘာမှမရနိုင်တော့ပေမယ့် ဖေဖေဘ၀မြင့်မားအောင်မြင်နေတယ်ဆိုရင် သားဝမ်းသာမှာပါ ဖေဖေ။ ဖေဖေ့ကို သား ဘယ်အချိန်ကမှ မကျိန်ဆဲခဲပါဘူး။ ဖေဖေ သားတို့ မိသားစုကို မမေ့ပျောက်နိုင်စွာ သတိရနေပါစေလို့သာ သားက မေတ္တာပို့ ဆုတောင်းနေခဲ့တာပါ။
ဖေဖေမှတ်မိနေဦးမှာပါ။ ဖေဖေ့လက်ကိုဆွဲပြီး ရေလယ်ဘုရားကို သားတို့ညနေတိုင်း လမ်းလျှောက်သွားခဲ့ကြတာကိုလေ။ ဖေဖေမရှိတဲ့နောက်ပိုင်း ရေလယ်ဘုရားကို သွားဖို့ မေမေ့ကိုပူဆာခဲ့ပေမယ့် မေမေလိုက်မပို့ခဲ့ဘူး ဖေဖေ။ ခုချိန်မှာတော့ အဖော်မလိုဘဲ ရေလယ်ဘုရားကို သားတစ်ယောက်တည်း သွားတတ်ခဲ့ပါပြီ။ ရေလယ်ဘုရားရဲ့ ပတ်ဝန်းကျင်ရှုခင်းတွေက ခုချိန်ထိ အရင်လိုပဲ လွမ်းစရာကောင်းဆဲပေါ့ ဖေဖေ။ ဘုရားအနောက်ဘက်ဘက်ဆီက ထန်းတောတွေရယ်၊ အကွက်ကျကျ စိမ်းမြမြ ကြက်သွန်ခင်းတွေရယ်၊ ဟိုးအဝေးဆီက လှမ်းမြင်ရတဲ့ တောင်ကမ်းပါးယံကြီးတွေရယ်၊ တသွင်သွင်စီးဆင်းနေတဲ့ ချောင်းကလေးရယ် အရာအားလုံးဟာ လွမ်းစရာကောင်းနေဆဲပါ ဖေဖေ။ လွမ်းတယ်ဆိုတဲ့ ခံစားချက်ကို ဖေဖေလည်း ကောင်းကောင်းခံစားဖူးပါလိမ့်မယ်၊ လွမ်းတယ်ဆိုတာကို မခံစားတတ်သေးတဲ့ သားရဲ့သူငယ်ချင်းတွေကတော့ သားကို "မိန်းမဆန်လိုက်တာ၊ နုလိုက်တာ" လို့ ဝေဖန်ချက်ပေးခဲ့တယ်ဖေဖေ။

သူတို့ကတော့ အမိ၊အဖနဲ့ ပြည့်စုံတဲ့ဘ၀မှာ နေကြရသူတွေကိုး။ သား သူငယ်ချင်းတွေက သားကို အဖေမရှိတဲ့ သားရယ်လို့ မနှိမ်ချကြပါဘူး ဖေဖေ။ စားဝတ်နေရေးပြေလည်တဲ့ဘ၀မှာ ဖခင်တစ်ယောက်မရှိလည်း ပြည့်စုံတာပဲလို့သာ သူတို့က ထင်နေကြတယ် ဖေဖေ။ ဒီတော့ သူတို့က သားကို အသည်းနုသူလို့ ထင်မှတ်ထားကြတယ်။ မေမေ့ရဲ့မေတ္တာတရားကြောင့် စိတ်ထားနူးညံ့သိမ်မွေ့တဲ့သားဟာ သူငယ်ချင်းတွေကြားမှာတော့ ခပ်နုနုယောက်ျားတစ်ယောက်ဖြစ်နေတာပေါ့ ဖေဖေ။ ဖေဖေ့ကို လွမ်းတဲ့ခံစားမှုလေးကိုတောင် သူတို့ကနုတယ်လို့ ပြောချင်ကြတယ်။ ဖေဖေ့ကိုလွမ်းတဲ့အခါ သားတစ်ယောက်တည်း ရေလယ်ဘုရားကိုသွားတယ်။ 
သူငယ်ချင်းတွေကတော့ ဆေးလိပ်ခိုးသောက်ချင်တဲ့အခါ၊ စိတ်မကျေလည်မှု တစ်ခုခုရှိတဲ့အခါမျိုးမှာမှ ရေလယ်ဘုရားကို သွားတတ်ကြတယ်လေ။ သူတို့က ဆေးလိပ်မကောင်းမှန်းသိပေမယ့် ဆေးလိပ်ခိုးသောက်ရတာကို ပျော်ကြတယ်။ စိတ်ဆင်းရဲမှုတစ်ခုခု၊ ဒါမှမဟုတ် ပျော်ရွှင်မှုတစ်ခုခုအတွက်လည်း အရက်သောက်ကြည့်ချင်ကြတယ်။
သား သူငယ်ချင်းတွေဟာ ခပ်ဆိုးဆိုးကောင်ကလေးတွေ မဟုတ်ကြပါဘူး ဖေဖေ။ သူတို့အားလုံး သားကို ချစ်ကြတယ်။ စာမေးပွဲတိုင်းမှာ ပထမနေရာကိုသာ ပိုင်ဆိုင်ခွင့်ရတဲ့ သားကို သူတို့အထင်ကြီး လေးစားကြတယ် ဖေဖေ။ သားကို စိတ်နုသူတစ်ယောက်လို့ ထင်မှတ်နေကြပေမယ့် သားရဲ့စိတ်ဓာတ်ခိုင်မာမှုကိုတော့ သူတို့ အံ့သြအားကျပြန်တယ်။ မေမေမကြိုက်တဲ့ ဆေးလိပ်ကို သား ဘယ်နေရာမျိုးမှာမှ ခိုးမသောက်ခဲ့ဘူး ဖေဖေ။ ဒါပေမယ့် စီးကရက်ကို နှာခေါင်းထဲက အငွေ့ထွက်လာအောင် သားတစ်ကြိမ်တစ်ခါတော့ သောက်ကြည့်ခဲ့ဖူးပါတယ်။ စတိုင်ကျကျသောက်တတ်သွားအောင် သား လေ့ကျင့်မယူခဲ့ပါဘူး ဖေဖေ။ ဘယ်သူ့အတွက်မှ ကောင်းကျိုးမပေးတဲ့ အလုပ်တစ်ခုကို သူများလုပ်တိုင်း လိုက်မလုပ်မိစေဖို့ မေမေက အမြဲဆုံးမသွန်သင်ပေးခဲ့ပါတယ်။ ကိုယ့်စိတ်ကို လွတ်လွတ်လပ်လပ် ပိုင်ဆိုင်နိုင်ခွင့်ရှိခြင်းအပေါ် သားက ကျေနပ်ဂုဏ်ယူချင်တယ်လေ။
မေမေ့ကို သိပ်လေးစားမြတ်နိုးတဲ့သားဟာ မေမေယုံကြည်အားကိုးရလောက်တဲ့ သားတစ်ယောက်ဖြစ်ဖို့ကို အစွမ်းကုန်ကြိုးစားနေထိုင်ပါတယ် ဖေဖေ။ ဖေဖေ၀မ်းမြောက်စေဖို့ ကောင်းကင်ပြာပြာရဲ့ အောက်မှာ ငြိမ်းချမ်းစွာရှိနေပါပြီ။ လှိုင်းကြားလေကြား အန္တရာယ်များလှတဲ့ မုန်တိုင်းတွေရဲ့အကြားမှာ ဖေဖေ အလုပ်လုပ်နေချိန်မှာ မေမေဟာလည်း ဘ၀မုန်တိုင်းထဲမှာ မပြိုမလဲ ရပ်တည်လှုပ်ရှားနိုင်ခဲ့တာပါပဲ ဖေဖေ။ ကြိုတင်သတင်းပေးမှုမရရှိခဲ့ဘဲ မမျှော်လင့်တဲ့ မုန်တိုင်းတိုက်ခံရချိန် အစပိုင်းကာလတွေမှာတော့ သေလုမျောပါး မောပန်းခဲ့ရတာပေါ့လေ။ ကြံ့ကြံ့ခံရုန်းကန်ကြိုးစားသူတွေအတွက် အောင်ပွဲဆိုတာ ရှိစမြဲပဲမဟုတ်လား ဖေဖေ။
စိတ်မပျက်ပါနဲ့နော် ဖေဖေ။ ဖေဖေလည်း ပင်လယ်ပြင်ပေါ်မှာ ကြမ်းတမ်းခက်ထန်လွန်းလှတဲ့ သဘာဝမုန်တိုင်းတွေရဲ့ဒဏ်ကို ခံခဲ့ဖူးပြီပဲလေ။ ဆယ့်နှစ်ရာသီလုံးလုံး မုန်တိုင်းတွေ တိုက်မနေပါဘူးနော် ဖေဖေ။ မုန်တိုင်းစဲသွားတဲ့အခါ လှပငြိမ်းချမ်းတဲ့ လောကကြီးကို ဖေဖေတွေ့ရဦးမှာပါ။ မေမေက ပြောခဲ့တယ် ဖေဖေ။ လူတစ်ယောက်အတွက် လုပ်စရာအလုပ်ဟာ တစ်ခုတည်းသာရှိတာ မဟုတ်ပါဘူးတဲ့။ အရေးကြီးတာက ကိုယ်လုပ်မိတဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ပါပဲတဲ့။ သားက မေမေ့စကားကို သိပ်သဘောကျတယ် ဖေဖေ။ သားက ကျောင်းသားတစ်ယောက်ဘ၀မှာသာ ရှိသေးတော့ ကျောင်းသားတာဝန်ကို ကျေပွန်အောင်လုပ်ရတာပေါ့။ ကျောင်းသားတစ်ယောက်ရဲ့ဘ၀မှာ အကောင်းဆုံးအနေအထားနဲ့ အောင်မြင်မှုရအောင် သားကြိုးစားတယ်ဖေဖေ။ သားရဲ့အလုပ်ကို သား အကောင်းဆုံးလုပ်ခြင်းနဲ့ မေမေ့ကျေးဇူးကို သားဆပ်နိုင်တယ်လေ။ ကျေးဇူးဆပ်လို့မကုန်နိုင်ပေမယ့် သားအတွက် မေမေ စိတ်ချမ်းသာရတယ်ဆိုရင်ပဲ ကျေနပ်စရာပေါ့နော် ဖေဖေ။

အကောင်းဆုံးအလုပ်တွေကိုသာ ရွေးချယ်လုပ်ခဲ့တဲ့ လူတစ်ယောက်အတွက် အကောင်းဆုံးအခြေအနေတစ်ခုကို သဘာဝတရားက ပေးအပ်သင့်တယ်မဟုတ်လား ဖေဖေ။ မေမေဟာ ဘွားဘွားအတွက် အကောင်းဆုံးသမီးတစ်ယောက်ဖြစ်ခဲ့တယ်။ ဖေဖေ့အတွက် အလိမ္မာဆုံး ဇနီးတစ်ယောက်ဖြစ်ခဲ့တယ်။ သားနဲ့ညီမလေးအတွက် အားကိုးရဆုံး မိခင်တစ်ယောက် ဖြစ်ခဲ့တယ်။ အဲဒီအရည်အချင်းတွေအတွက် မေမေ့ကိုစိတ်ချမ်းမြေ့မှုဆိုတဲ့ ဆုလာဘ်တစ်ခုတော့ ရစေချင်တယ် ဖေဖေ။ သားစကားတွေ ရှေ့နောက်မညီညာဘူးရယ်လို ဖေဖေ ထင်ကောင်းထင်နေလိမ့်မယ်။ ဖေဖေ စွန့်ပစ်သွားခဲ့တဲ့ သားတို့မိသားစုလေးဟာ ငြိမ်းအေးချမ်းသာစွာနဲ့ ရှိနေပြီလို့ သားက ဆိုခဲ့တယ်။ ပြီးတော့ မေမေဟာ စိတ်ချမ်းသာမှုမရှိသေးပါဘူးလို့ သားက ထပ်ပြောပြန်ရင် ဖေဖေ နားမလည်နိုင်အောင် ဖြစ်သွားရမယ်မဟုတ်လား။

ဖေဖေဟာ ဆယ်နှစ်တာကာလ ပေါင်းသင်းခဲ့ဖူးတဲ့ ဇနီးမယားတစ်ယောက်ရဲ့ရင်ထဲကို နက်နက်ရှိုင်းရှိုင်း မကြည့်မြင်တတ်ခဲ့ဘူး။ မေမေ့ရင်ထဲက ခံစားချက် အစစ်အမှန်ကို ဖေဖေ ဖော်ထုတ်ခံစားကြည့်ဖို့လည်း စိတ်မ၀င်စားခဲ့ဘူး။ ဘာကြောင့်ဆိုတော့ ဖေဖေက မေမေ့ထက် ကိုယ့်ကိုကိုယ်သာ ပိုချစ်နိုင်ခဲ့တာကိုး။ မေမေကတော့ သူ့ကိုယ်သူထက် ဖေဖေ့ကိုသာ ပိုချစ်ခဲ့တယ်။ မေမေဟာ ဒီနေ့ထိတိုင် ဖေဖေ့အပေါ် မေတ္တာမပျက် ချစ်လျက်ရှိဆဲပါ ဖေဖေ။ ဖေဖေ့ရဲ့ ရှုံးနိမ့်ခြင်းတွေအတွက် မေမေ ကြေကွဲခဲ့ရတယ်။ ဖေဖေ့အတွက် မေမေဟာ ကြိတ်မနိုင်ခဲမရ နာကျင်နေခဲ့ရတယ်။ ဖေဖေဟာ လုပ်ချင်တာတစ်ခု မအောင်မြင်တာနဲ့ လုပ်သင့်တာတွေကို ဆက်မလုပ်ဘဲ အရှုံးတွေကိုသာ ထပ်တလဲလဲ လက်ခံယူနေခဲ့တယ် မဟုတ်လား။
ဖေဖေ့ရဲ့ စိတ်ကူးအိပ်မက်တွေ ဘယ်လိုရှိခဲ့တယ်ဆိုတာ သားမသိခဲ့ရပါဘူး။ အရင်တုန်းကတော့ သား ဘာကိုမှ မသိနားမလည်ခဲ့တာပေါ့ ဖေဖေ။ ဖေဖေ သားတို့မိသားစုဆီ ပြန်မလာတော့ဘူးဆိုတဲ့ အဖြစ်အပျက်ကို သားဘယ်လိုမှ လက်ခံနားလည်နိုင်စွမ်း မရှိခဲ့ဘူး။ ခုချိန်ထိတောင် ဖေဖေ့စိတ်ကို နားမလည်နိုင်သေးတဲ့ သားဟာ တစ်နေ့နေ့မှာတော့ သားတို့ဆီ ဖေဖေပြန်လာမှာပဲလို့ မျှော်လင့်ထင်မှတ်ရင်း ကြီးပြင်းလာခဲ့တယ်။ ဖေဖေ့ရဲ့သတင်းကို သားတို့ နေ့စဉ်နားစွင့်စောင့်စား နေခဲ့ကြတယ်။ တစ်စုံတစ်ယောက်ဆီက "အောင်မင်းခင်ကို ရန်ကုန်မှာတွေ့ခဲ့တယ်" ဆိုတဲ့ သတင်းအစအနရရင်ဘဲ ဖေဖေနေ့နေ့ညည အချိန်မရွေး ရောက်လာတော့မယ်လို့ သားက ထင်မှတ်ခဲ့ပါတယ် ဖေဖေ။ 

ခုချိန်မှာတော့ သားရဲ့မျှော်လင့်ချက်တွေ ကုန်ဆုံးသွားခဲ့ပါပြီ။ ဖေဖေမပါဝင်တော့တဲ့ မိသားစုဘ၀လေးမှာ နေသားတကျရှိခဲ့ပါပြီ။ မေမေဟာလည်း စီးပွားရေးလုပ်ငန်းကိုင်တာတွေကြားမှာ လူမှုရေးလှုပ်ရှားမှုတွေကြားမှာ ဂုဏ်သိက္ခာရှိတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ခန့်ခန့်ထည်ထည် ရပ်တည်ရှင်သန်နိုင်ခဲ့ပါပြီ ဖေဖေ။ ခုဆိုရင် သားတို့မောင်နှမဟာ ဒေါ်မိုးဆွေရဲ့ သားသမီးတွေအဖြစ် ရဲရဲရင့်ရင့် ရပ်တည်နိုင်စွမ်းပါပြီ။ အချိန်ကပဲ စကားပြောလာခဲ့ပါတယ် ဖေဖေ။ အတိတ်ထက်အနာဂတ်ကသာ ပိုအရေးကြီးတာမဟုတ်လား။ အနာဂတ်အတွက် ပစ္စုပ္ပန်ကို မိမိရရ ဖမ်းဆုပ်ယူနိုင်ဖို့က အဓိကကျတာမဟုတ်လား။ ဖေဖေ့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူးလို့ ပြောခဲ့ဖူးတဲ့သားရဲ့ စကားကို သား ပြန်ရုပ်သိမ်းလိုက်ပါပြီ။
ခွင့်လွှတ်ကျေအေးလိုက်ပါပြီ ဖေဖေ။ လောကကြီးမှာ သားတို့ထက်ဆိုးတဲ့ အဖြစ်အပျက်ပေါင်းများစွာ ရှိနေသေးတာပါ။ သားမှာ ဦးအောင်မင်းခင်ဆိုတဲ့ အဖေတစ်ယောက် ရှိခဲ့ဖူးတဲ့အတွက်ပဲ သားကျေနပ်နိုင်ပါပြီ။ ဖေဖေ့ဆီက တစ်စုံတစ်ရာ ပြန်လည်ရရှိဖို့လည်း မမျှော်လင့်တော့ပါဘူး။ တစ်ခုတော့ တောင်းပန်ပါရစေလား ဖေဖေ။ မေမေ့ကိုယ်စား သားက တောင်းပန်ခြင်း၊ တောင်းခံခြင်းလို့ မှတ်ယူပေးပါ။

ဖေဖေ့ဆီကရယူဖို့ ဘယ်တုန်းကမှ မစဉ်းစားဖူးခဲ့တဲ့ မေမေ့ရဲ့ မေတ္တာစိတ်လေးတစ်ခုကိုပဲ ပြန်တွေးကြည့်ရင်း အဲဒါလေးတစ်ခုကိုတော့ ကြိုးစားပေးပါလား ဖေဖေ။ သားတစ်ယောက်အနေနဲ့ အဖေတစ်ယောက်ဆီမှာ တောင်းဆိုတဲ့ကိစ္စက ရယ်စရာကောင်းချင်လည်း ကောင်းနေလိမ့်မယ်။ ဒါပေမယ့် လက်ခံပေးစေချင်ပါတယ် ဖေဖေ။ မေမေ့အတွက် မေမေ့နှလုံးသားအတွက် သားရဲ့ တောင်းဆိုမှုသက်သက်ပါ ဖေဖေ။ လောကကြီးကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ကြည့်ဖို့ ကြိုးစားလိုက်ပါလို့ ဖေဖေ့ကိုသားက ပြောချင်ပါတယ်။ ဖေဖေ့ရဲ့လက်ရှိဘ၀ကို အကောင်းဆုံးဖြစ်အောင် ဆောက်တည်ပါ။ ပြိုင်ပွဲတစ်ခုအတွက် ရှုံးခြင်း၊ နိုင်ခြင်းဆိုတာ တစ်ခါသာရှိနိုင်ပေမယ့် ဘ၀အတွက် ပြိုင်ပွဲဆိုတာ တစ်ခုတည်းရှိတာမှ မဟုတ်ဘဲ ဖေဖေ။
အမှားကိုတစ်သက်လုံး စွဲကိုင်ထားသူထက် အမှန်ကို ရဲရဲရင်ဆိုင်ပြင်ဆင်နိုင်သူကသာ လေးစားစရာ ကောင်းတာပါ ဖေဖေ။ မေမေဟာ ဖေဖေ့ဆီက ၀န်ခံတောင်းပန်မှုကို လိုချင်နေတာမဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် လေးစားယုံကြည်နိုင်တဲ့ လူတစ်ယောက်ဖြစ်ဖို့သာ လိုလားတာပါ။ ဖေဖေဟာ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းထဲက ထုတ်ပယ်ပစ်ခြင်း ခံလိုက်ရသူတစ်ယောက်မဟုတ်သေးပါဘူး။ လောကကြီးက လူသားတိုင်းအတွက် နောက်တစ်ကြိမ်ပြန်လည်ပြင်ဆင်ခွင့်ဆိုတာကို တရားမျှတစွာ ပေးထားပါသေးတယ် ဖေဖေ။ လုပ်ခဲ့မိတဲ့ အမှားအတွက် ထိုက်သင့်တဲ့ အကျိုးသက်ရောက်မှုကိုတော့ လူတိုင်းခံစားကြရမှာပဲပေါ့။ ငါ့ကို ဘယ်သူမှ လက်မခံတော့ဘူးဆိုတဲ့ အတွေးမျိုးကို မတွေးလိုက်ပါနဲ့ ဖေဖေ။ လက်မခံချင်သည့်တိုင် လက်ခံဖို့ ဖေဖေကြိုးစားရပါလိမ့်မယ်။
ကြိုးစားလိုက်ပါနော် ဖေဖေ။ ဖေဖေ့မှာ သူများထက် ထူးခြားဆန်းပြားတဲ့စိတ်တစ်ခုရှိနေပါတယ်။ ဖေဖေသာ လုပ်ချင်တယ်ဆိုရင် ဘာကိုမှ မထောက်မညှာ လုပ်ချင်ရာကိုလုပ်နိုင်စွမ်းတဲ့ စိတ်အင်အားတစ်ခု ဖေဖေ့ဆီမှာ ရှိနေတယ်လေ။ ဖေဖေ့ကိုမဝေဖန်ရဘူးလို့ တားမြစ်ဖူးခဲ့တဲ့ မေမေ့စကားကို သားသတိရနေလျက် ဝေဖန်မိတဲ့အဖြစ်အပေါ် နားလည်ခွင့်လွှတ်ပေးပါ ဖေဖေ။ မေမေနဲ့သာ အတူနေထိုင်ခဲ့ရတဲ့ သားတစ်ယောက်မို့ မေမေ့ဘက်မှာပဲ တစ်ချိန်လုံးရပ်တည်ခြင်းကိုလည်း ဖေဖေ နားလည်စေချင်ပါတယ်။ ဖေဖေ ကျရှုံးနေချိန်မှာ နာကျင်စေရအောင်တိုက်ခိုက်ခြင်းမဟုတ်ရပါဘူး။ ဖေဖေ ကိုယ်တိုင်အတွက်၊ ပြီးတော့ မေမေ့ရဲ့ရယူလိုမှု လုံးဝကင်းစင်သွားပြီဖြစ်တဲ့ မေတ္တာအတွက်၊ လောကကြီးကို ရဲရဲရင်ဆိုင်ကြည့်လိုက်ပါလို့ သားက တိုက်တွန်းရတာပါ။

ယုံကြည်ပါ ဖေဖေ။ သားတို့မိသားစုရဲ့ စစ်မှန်တဲ့ မေတ္တာတရားဆိုတာကို ဖေဖေအပြည့်အ၀ ယုံကြည်စေချင်ပါတယ်။ ဖေဖေစွန့်ပစ်ခဲ့တဲ့ မိသားစုလေးဟာ သီးသန့်ကမ္ဘာတစ်ခုဆီကို ရောက်ရှိသွားပြီဖြစ်တဲ့ ဖေဖေ့ရဲ့ပျော်ရွှင်အောင်မြင်မှုတွေကို လိုလိုလားလား စောင့်ကြည့်နေကြပါတယ်။ ဖေဖေကိုယ်တိုင် ကျေနပ်နိုင်တဲ့ ဘ၀တစ်ခု ပိုင်ဆိုင်ရရှိပြီဆိုရင် ဖေဖေနဲ့ ထပ်တူထပ်မျှ သားတို့ဝမ်းသာကျေနပ်ကြမှာပါ ဖေဖေ။ ခုဆိုရင် နှစ်တစ်နှစ်ကုန်ဆုံးသွားခဲ့ပြန်ပြီ ဖေဖေ။ ဖေဖေ အင်မတန် ချစ်ခင်နှစ်သက်တဲ့ ဇန်န၀ါရီလကို ရောက်လာခဲ့ပါပြီ။ ဖေဖေ့အတွက် ကံဆိုးမှုတွေအားလုံး နှစ်ဟောင်းမှာ စီးမျောကျန်ရစ်ပြီး ကံကောင်းခြင်းများစွာ နှစ်သစ်နဲ့အတူ ရောက်ရှိလာပါစေလို့ သားဆုတောင်း မေတ္တာပို့လိုက်ပါတယ်။ မှတ်မှတ်ရရ "ဒီနေ့ဟာ သားရဲ့မွေးနေ့ ဇန်န၀ါရီလ(၁)ရက်နေ့ပါ ဖေဖေ"

ရွှေအောင်လံ မဂ္ဂဇင်း (စ/ဆုံး)
မတ်လ၊ ၂၀၀၃ ခုနှစ်
မေတ္တာဖြင့် - ယုဒါ
22-11-2015 (5:48 PM)




No comments:

Post a Comment

အားပေးမှုအတွက် ကျေးဇူးတင်ပါသည်...

မေတ္တာဖြင့်...
ယုဒါ