(၁)
တစ်ခုသော
ဒီဇင်ဘာလတစ်လ၏ အေးစက်စက်ညချမ်းတစ်ခု၌ သူစိမ်းယောက်ျားတစ်ယောက်၏ အရိပ်အငွေ့အတွင်းသို့
တရားဝင်ဝင်ရောက်ခိုလှုံခွင့်အမိန့်ကို ရရှိခဲ့သော အမျိုးသမီးတစ်ယောက်သည်၊ ဆောင်းလညနေခင်းတစ်ခု၌ပင်လျှင်
ထိုယောက်ျား၏အရိပ်အောက်မှ တရားဝင်ပြန်လည်ထွက်ခွာခွင့်ကို ရရှိခဲ့ခြင်းဖြစ်လေသည်။ နေချင့်စဖွယ်
သာယာအေးချမ်းသော ဆောင်းကာလ၏ အေးမြမြနေ့ရက်များကို နှစ်ခြိုက်မြတ်နိုးသော သူမသည် ဒီဇင်ဘာလတွင်
မွေးဖွားခဲ့သူဖြစ်သည့်အတွက် သူမမေမေက နှင်းမေဆောင်းဟု အမည်သညာ မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်တဲ့။
ဆောင်းကာလများသည်
သူမကို စိတ်ဝင်စားဖွယ်ကောင်းလောက်အောင် ဖမ်းစားညှို့ယူနိုင်ခဲ့ပြီး၊ အံ့အားသင့်ဖွယ်ကောင်းလောက်အောင်လည်း
အပြောင်းအလဲဖြစ်စေခဲ့လေသည်။ သူမမေမေက ဆောင်းလ ဒီဇင်ဘာ၌ သူမကိုမွေးဖွားပေးခဲ့သလိုပင်
သူမကိုယ်တိုင်ကလည်း သူမ၏တစ်ဦးတည်းသော သားလေးကို ဒီဇင်ဘာလ၏ အေးစိမ့်စိမ့်နံနက်ခင်းချိန်ခါ၌
မွေးဖွားသန့်စင်ပေးနိုင်ခဲ့လေသည်။ ခုလည်း ကြည့်စမ်းပါဦး။ သားလေး၏ ဖခင်ဖြစ်သူနှင့်
သူမတို့သားအမိ ခွဲခွာရန် အတည်ပြုချက်ရရှိသောကာလသည် ဒီဇင်ဘာလပင် ဖြစ်ခဲ့ပြန်သည်။
မည်သို့ပင်ဖြစ်စေ
သူမကတော့ဖြင့် သူမဘ၀ကို အလှည့်အပတ် အပြောင်းအလဲများစွာပေးခဲ့သော ဒီဇင်ဘာလအပေါ် အပြစ်ပုံချလိုစိတ်မရှိတော့ပြီ။
တကယ်ဆို ဒါဟာ ရွေ့လျားပြောင်းလဲနေတဲ့အချိန်ကာလ ရာသီဒေသနှင့် မသက်ဆိုင်သော၊ မငြိမ်မသက်
လှုပ်ရှားပြောင်းလဲနေသည့် လူသုံးဦး၏စိတ်ဝိဥာဉ်တို့ကြောင့် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်တို့သာ
ဖြစ်သည်မဟုတ်လား။ ဖြစ်တည်ခိုင်မာပြီးသော အိမ်ထောင်တစ်ခုကို ဖျက်ဆီးလိုသော အိမ်ထောင်ရှင်အမျိုးသမီးလောက၌
ဘယ်လောက်ထိရှိနိုင်သည်ဆိုတာ နှင်းမေဆောင်းမသိပါ။ သို့သော် မိမိကိုယ်တိုင် နှစ်လိုကျေနပ်စွာ
ဖွဲ့တည်ခဲ့သောအိမ်ထောင်တစ်ခုကို ဖြိုဖျက်ပစ်ဖို့အတွက် မိန်းမတစ်ယောက်ဘက်က ဘယ်လောက်ထိ
စွန့်စားပေးဆပ်ခဲ့ရသည်ဆိုတာတော့ သူမ ကောင်းစွာ ခံစားနားလည်နိုင်ခဲ့ပြီ။
အသက်
၃၂ နှစ်အရွယ် တစ်ခုလပ်မိန်းမတစ်ယောက်အဖြစ် ကိုယ့်ဘ၀ကိုယ် ကျေနပ်နေသော အိမ်ထောင်ကွဲအမျိုးသမီး
ဘယ်နှစ်ယောက်ရှိမှာတဲ့လဲ။ ဖေဖေဆိုသည့် အမည်နာမကို မကြာခဏ ထည့်သွင်းပြောဆိုတတ်သည့် သားတစ်ယောက်၏လက်ကိုဆွဲ၍
ဘ၀ကိုကြံ့ကြံ့ခံရင်ဆိုင်ရင်း ပျော်ရွှင်နေသော တစ်ခုလပ်မိန်းမရော ဘယ်လောက်ရှိနိုင်ပါသေးသလဲ။
ဘာပဲဖြစ်ဖြစ် နှင်းမေဆောင်းဆိုသည့် မိန်းမကတော့ လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ
ဂုဏ်ပြုပွဲတစ်ခုသို့ တက်ရောက်စရာမလိုဘဲ တစ်ခုလပ်ဆိုသည့် ဂုဏ်ထူးဝိသေသကြီးကို လက်ဝယ်ပိုင်ပိုင်
ရရှိတော့မည်။
တစ်ခုလပ်
မိန်းမတစ်ယောက်အဖြစ်၊ ဖခင်မဲ့သားတစ်ယောက်၏ မိခင်အဖြစ် ကျန်ရှိနေသေးသောဘ၀ကို ဖြတ်သန်းရင်ဆိုင်ရတော့မည့်
သူမအတွက် ပျော်ရွှင်ကြည်နူးစရာနေ့ရက်များ စိုးစဉ်းမျှမရှိတော့လျှင်လည်း သူမ ခံနိုင်ရည်ရှိရပါလိမ့်မည်။
စိတ်ပျက်မောပန်းရသော၊ ၀မ်းနည်းအားငယ်ရသော၊ အောင့်မျက်နာကျင်ရသော၊ ဆွေးမြည့်နာကြည်းရသော၊
စိတ်တိုဒေါသထွက်ရသော… ထို့ထက်ပို၍ ပြောရလျှင် သူမကိုယ်တိုင်၏ ခံစားမှုကိုပင် ခံစားရသလိုအလုံးစုံပြောပြနိုင်စွမ်းမရှိတော့သော
အနာတရနေ့ရက်များ မရှိတော့ဘူးဆိုလျှင်ပဲ သူမ ကျေနပ်နိုင်ရပါလိမ့်မည်။ အဓိက,က သူမ အင်မတန်ချစ်ခင်မြတ်နိုးရတဲ့
ယောက်ျားတစ်ယောက်ကို စွန့်လွှတ်ပစ်လိုက်ခြင်းဖြင့် အဲဒီဆိုးရွား ရက်စက်လှသော အဖြစ်အပျက်များထဲမှ
သူမ ထွက်ပြေးလွတ်မြောက်သွားနိုင်ဖို့ မဟုတ်လား။
သူမ
သိပ်ကိုချစ်မြတ်နိုးရသော သားလေး၏လက်ကို မြဲမြဲတွဲလို့၊ သူတို့မရှိတော့သော ကမ္ဘာတစ်ခုသို့
သူမ ထွက်ခွာရတော့မည်။ သားရေ… မင်းမှာ အဖေတစ်ယောက်မရှိတာကလွဲရင် အစစအရာရာ ပြည့်စုံကျေနပ်ရမယ့်
ဘ၀တစ်ခုရဖို့ မင်းမေမေက ဖန်တီးစွမ်းဆောင်ပေးပါ့မယ်။ အထူးသဖြင့်တော့ နှင်းမေဆောင်း၏သားလေးသည်
မိခင်အပေါ် တရားလွန်အလေးထားချစ်ခင်မြတ်နိုးသော ရှားပါးစာရင်းဝင် သားလိမ္မာတစ်ယောက်ဖြစ်စရာမလိုပါ။
သူမ၏သားလေးသည် ယောက်ျားအများစုထဲက ယောက်ျားပီသသည့် သာမန်ယောက်ျားတစ်ယောက်သာ ဖြစ်စေရမည်။
ကဲ… အဲဒီဆန္ဒဟာ နှင်းမေဆောင်းရဲ့အတ္တတွဲနေတဲ့ မာနတဲ့လား။
(၂)
မာနကြီးသူတစ်ယောက်အဖြစ်
လူအများ၏ယူဆသတ်မှတ်ခြင်းကို ဘယ်တုန်းကမှ မခံခဲ့ရဖူးသောအမျိုးသမီးသည် အိမ်ထောင်ရှင်ဘ၀ရောက်ခါမှ
လင်ယောက်ျားနှင့် ယောက္ခမဖြစ်သူတို့ကြား၌ မာနကြီးသူတစ်ယောက်ဖြစ်လာခဲ့ရလေသည်။ သူမ အလွန်အမင်း
ချစ်မြတ်နိုးရသော သူမယောက်ျားကပင် သူ့အမေနည်းတူ သူမကို မာနကြီးသူတစ်ယောက်အဖြစ် စွပ်စွဲသတ်မှတ်ခဲ့ပြီး
ဘယ်လောက်ဆိုးရွား ပြင်းထန်လိုက်တဲ့ စွပ်စွဲချက်တွေလဲ ကြည့်စမ်း။
"မင်းဟာ
မေမေ့ကိုပြိုင်ပြီး တမင်မာနကြီးပြနေတာ၊ တကယ်တော့ မင်းမာနတွေကသာ မင်းကို ပူလောင်နေစေတာပဲ
မေဆောင်း" သူမ နှုတ်ခမ်းမဲ့၍ ပြုံးပစ်မိ၏။ မောင်ဟာ သူမကို တကယ်နာကျင်စေချင်တာထင်ပါရဲ့။
အရှုံးမပေးတော့ဘူး မောင်။ မာနမထားတတ်တဲ့ နှင်းမေဆောင်းဟာ မာနထားတတ်လာပြီဖြစ်တဲ့အတွက်
ဘယ်နည်းနဲ့မဆို မောင့်ကို နိုင်မှဖြစ်တော့မယ်။
"ဟုတ်တယ်
မောင်၊ ကျွန်မ မာနတွေက ကျွန်မကို ပူလောင်စေတာ အမှန်ပဲ။ ဒီထက်ဆိုးတာကတော့ မောင်တို့သားအမိနှစ်ယောက်ရဲ့
အတ္တတွေက ကျွန်မတစ်ကိုယ်လုံးကို လောင်ကျွမ်းသွားစေတာပဲ။ ကျွန်မ မာနကြီးတယ်ဆိုတာ မောင်နဲ့
မေမေ အတ္တကြီးတာနဲ့ယှဉ်ရင် မပြောပလောက်ဘူးထင်ပါတယ်"
"မင်း…"
ဘာမှဆက်မပြောနိုင်တော့လောက်အောင်
နာကျင်ဒေါသထွက်သွားသော မောင့်ကိုကြည့်ကာ သူမ တိတ်တခိုးကြေကွဲခဲ့ရလေသည်။ မောင်ဟာ တကယ့်ကို
သူမအပေါ် နားမလည်နိုင်ခဲ့သူပဲ။ ဒီလောက်ကြီးလေးတဲ့ပြဿနာမျိုး ဖြစ်နေချိန်မှာတောင် မောင်
နာကျင်ခံစားရတာကို အသည်းနင့်အောင် ၀မ်းနည်းထိခိုက်ရတဲ့မိန်းမတစ်ယောက်အပေါ် မောင် တန်ဖိုးမထားတတ်ခဲ့တာ။
အင်းလေ… နှင်းမေဆောင်းဟာ ရဲရင့်အောင်တန်ဖိုးထား လေးစားခဲ့တဲ့ မိန်းမတစ်ယောက်မှ မဟုတ်ခဲ့တာ။
ပြီးတော့ နှင်းမေဆောင်းဟာ ရဲရင့်အောင် မြတ်နိုးစုံမက်လို့ လက်ထပ်ယူခဲ့တဲ့ မိန်းမတစ်ယောက်လည်းမဟုတ်ဘူးလေ။
နှင်းမေဆောင်းကို
လိုလားခဲ့သူက ရဲရင့်အောင်မဟုတ်ဘူးနော်။ သူ့အမေကြောင့်သာ သူမကို သူ လက်ထပ်ဖြစ်ခဲ့တာ။
ဟင့်အင်း… မဟုတ်ဘူး၊ သူ သူမကို လုံးဝမလိုလားခဲ့ဘူးဆိုရင် ငြင်းပယ်လို့ရလျက်သားနဲ့ သူမကို
လက်ထပ်ခဲ့တာ။ ဒါပေမယ့် သူဟာ သူမအပေါ် အမှန်တကယ် ချစ်ခင်ခဲ့သူမှမဟုတ်ဘဲ။ ထိုအတွေးကိုတွေးမိတိုင်း
ကိုယ့်ဘဝကိုယ် မုန်းတီးလှစွာ သူမ ချက်ချင်းလဲသေချင်စိတ်ပေါက်လာရတတ်၏။ အဲဒါ ယောက်ျားတစ်ယောက်ကို
တစ်ဖက်သတ် တိတ်တခိုးစတင်ချစ်ခဲ့မိတဲ့ မိန်းမတစ်ယောက်ရဲ့ အရှုံးတွေပဲဟု ကိုယ့်ဘာသာသတိပေးမိတော့
အချစ်ဆိုတဲ့အရာကြီးကိုပဲ သူမ မုန်းတီးသွားရပြန်၏။
လူတစ်ယောက်ကို
ချစ်ခဲ့မိလို့ သူမ ဘယ်လောက်ထိ စိတ်ဒုက္ခများခဲ့ရသလဲဆိုတာ ပြန်ဆန်းစစ်ကြည့်ပါဦး။ ချစ်မိခဲ့သူကို
လက်ထပ်ခွင့်ရပြန်တော့ရော ဘယ်အတိုင်းအတာထိ စွန့်လွှတ်ပေးဆပ်ခဲ့ရသလဲ။ နှင်းမေဆောင်းရဲ့
အရှုံးတွေက ဒီယောက်ျားတစ်ယောက်ကို ချစ်ခဲ့မိခြင်းဆိုသောအကြောင်းကြောင့် ရရှိခဲ့သည့်
အကျိုးရလဒ်တွေလေ။ အချစ်ဆိုသည့်အရာကို သူမ စတင်တွေ့ထိခံစားရစဉ်ကတော့ တစ်စုံတစ်ယောက်အတွက်
ဖြည့်ဆည်းပေးဆပ်မှုတို့အပေါ် သူမ ကျေနပ်ပျော်ရွှင်ခဲ့ရပြီး ဒါကိုပင် သူမ၏အောင်မြင်မှုအဖြစ်
ထင်မှတ်မိခဲ့သေး၏။ သူမနှင့်နီးကပ်စွာ ရင်းနှီးပတ်သက်ဆက်ဆံခဲ့ရသည်မဟုတ်သော သူစိမ်းယောက်ျားတစ်ယောက်ကို
သုံးလတာကာလ အချိန်တိုလေးအတွင်း သူမဘာကြောင့် တမ်းတမ်းစွဲချစ်မက်သွားခဲ့ရသည်မသိပေ။ အချစ်ဟာ
နီးစပ်မှုက စ,တယ်ဆိုရင်ဖြင့် သူမနှင့်သူဟာ နီးစပ်ခွင့်ရရှိခဲ့သူတွေမှ မဟုတ်ဘဲ။
အဲဒီတုန်းက
အသက် ၂၃နှစ်အရွယ် ကောင်မလေးသည် သူမချစ်မြတ်နိုးသည့် တစ်စုံတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရရှိဖို့
ဣနြေ္ဒမပျက် ပရိယာယ်သုံးကြိုးစားခဲ့ခြင်းက မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာခဲ့သည်မဟုတ်ပါ။
သို့သော် ကံဆိုးသောသူမအဖို့ ဝမ်းနည်းစရာကောင်းလှစွာပင် ထိုကိစ္စက သူမကို ဘ၀တစ်သက်တာ
ကာလပတ်လုံးအတွက် အကြီးအကျယ် ထိခိုက်နစ်နာစေခဲ့၏။ တကယ့်ကိုပဲ အခံရခက် နာကျင်စရာဖြစ်ရပ်တွေပါပဲ။
(၃)
လမ်းမှာတွေ့လျှင်
အသိအမှတ်ပြုအပြုံးနှင့် စကားတစ်ခွန်းတလေလောက်သာ နှုတ်ဆက်စကား ပြောဆိုလေ့ရှိသော အိမ်နီးနားချင်းသစ်ဖြစ်သည့်
ယောက်ျားတစ်ယောက်ကို စတင်စိတ်ဝင်စားမိခြင်းသည် နှင်းမေဆောင်း၏ ကံဆိုးမှုနိဒါန်းဖြစ်လေ၏။
ရဲရင့်အောင်ဆိုသည့် အမည်နှင့် နိုင်ငံခြားသင်္ဘောသားဆိုသည့် အလုပ်အကိုင်ကို သိရှိရပြီး
သူမနှင့် သူ သာမန် မေးထူးခေါ်ပြောအသိမိတ်ဆွေဖြစ်ခါစ ပြုနေချိန်မှာပင် သူမကို နှုတ်ဆက်မသွားဘဲ
သူ သင်္ဘောပြန်တက်သွားခဲ့၏။
သူမကိုအရေးလုပ်၍ နှုတ်ဆက်ခြင်းလေးမျှ ပြုမသွားသော ယောက်ျားတစ်ယောက်ကို
မမေ့ရက်နိုင်စွာ အောက်မေ့တသလျက် လွမ်းဆွတ်နေမိပြီး၊ နောက်ပိုင်းကာလများမှာတော့ နှင်းမေဆောင်းသည်
ချစ်ခြင်းမေတ္တာ၏ စေစားရာနောက်သို့ ရဲဝံ့စွန့်စားစွာ လိုက်ပါမိခဲ့လေသည်။
ရဲရင့်အောင်နှင့်
နီးစပ်ခွင့်ရဖို့ကိစ္စကို ကြိုးပမ်းရသည်မှာ နှင်းမေဆောင်းအတွက် သိပ်ခက်ခက်ခဲခဲမရှိလှပါ။
ဣနြေ္ဒရှိစွာ သွက်လက်ရဲရင့်သော နှင်းမေဆောင်းသည် ရဲရင့်အောင်၏ စိတ်ဝင်စားမှုကိုမရရှိခင်
ရဲရင့်အောင်၏ အသည်းနှလုံးဖြစ်သော မိခင် ဒေါ်ယဉ်ယဉ်၏ချစ်ခင်မှုကို ရရှိဖို့ အထူးကြိုးစားခဲ့ရလေသည်။
ထိုကာလတွေမှာတော့ မျှော်လင့်ချက်လှလှများကို ပွေ့ပိုက်လျက်သူမအတိုင်းမသိ ပျော်မြူးခဲ့ရ၏။
တစ်နှစ်မပြည့်မီအချိန်၌ပင် ဒေါ်ယဉ်ယဉ် ယုံစားအားကိုးသော ချွေးမလောင်းတစ်ယောက်အဖြစ် သူမ
စွမ်းဆောင်နိုင်ခဲ့လေသည်။ တစ်နှစ်ကျော်ကာလလောက်မှာတော့ မြန်မာပြည်ရှိမိခင်ကြီးကို သင်္ဘောကမ်းကပ်တိုင်း
တယ်လီဖုန်းဆက် အလွမ်းသယ်တတ်သည့် ရဲရင့်အောင်နှင့် ခဏတဖြုတ် စကားပြောခွင့်ကို သူမ ရရှိခဲ့လေသည်။
အနည်းငယ်ဇီဇာကြောင်လွန်းသည်ဟု သူမ သတ်မှတ်ထားသော ဒေါ်ယဉ်ယဉ်အပေါ် သိမ်မွေ့စွာ ဆက်ဆံခြင်းဖြင့်
ဒေါ်ယဉ်ယဉ်၏ အရေးပေးလိုလားမှုကို ထိုအချိန်က သူမ ခံယူရရှိနေပြီးဖြစ်လေသည်။
"ဘယ်လိုလဲ၊
မေဆောင်းက ကြီးကြီးယဉ်ချွေးမ တစ်သက်လုံးလုပ်နိုင်မှာလား" ဟု ဆိုလာတော့ သူမ ရှက်စနိုးပြုံးရယ်ရင်း
"ကြီးကြီးယဉ်ကသာ မေဆောင်းကိုချစ်နိုင်ရင် တစ်သက်လုံး ကြီးကြီးယဉ်ချွေးမ လုပ်နိုင်ပါတယ်၊
သမီးက ကြီးကြီးယဉ်ကို အမေရင်းလိုပဲ ချစ်တာ၊ မေဆောင်းမှာ မိဘမှ မရှိတော့တာဘဲ ကြီးကြီးယဉ်ရယ်၊
အမေအစားရတာပေါ့" ဟု စိတ်ထဲရှိသည့်အတိုင်း ပြန်ဖြေခဲ့၏။
တကယ်ပါ၊ နှင်းမေဆောင်းဟာ
ဘ၀မှာ တစ်ခါတည်းသာ လက်ထပ်ခဲ့လိုသူဖြစ်သလို၊ ယောက္ခမဆိုတာကိုလည်း တစ်ဦးတည်းသာ ထားချင်ခဲ့သူပါ။
နှင်းမေဆောင်း၏
ဒီယုန်မြင်၍ဒီချုံကိုထွင်ခဲ့သော ဆက်ဆံရေးကြောင့် ဒေါ်ယဉ်ယဉ်သည် အသက် ၃၂နှစ်ရှိပြီဖြစ်သည့်
တစ်ဦးတည်းသောသား လူရိုးကြီးကို အိမ်ထောင်ချထားပေးဖို့ အနည်းငယ် နှမြောတွန့်တိုစွာ
ကြံစည်စိတ်ကူးလေသည်။ လိုလားသည့်အနာဂတ်ကို အောင်မြင်လုနီးပါး ရုပ်လုံးဖော်ပြီးနောက်
နှင်းမေဆောင်းသည် ဒေါ်ယဉ်ယဉ်နှင့် သူမ၏အဘွားဖြစ်သူကို ထိပ်တိုက်တွေ့ဆုံပေးလျက် လိမ္မာသိမ်မွေ့သော
မြေးမလေး လုပ်ခဲ့ပြန်လေသည်။ သူမ အသက် ၉နှစ်အရွယ်တွင် မိဘနှစ်ပါး ဆုံးသွားစဉ်ကတည်းက
အဘွားဖြစ်သူနှင့် အဒေါ်နှစ်ယောက်၏ ပြုစုစောင့်ရှောက်မှုအောက်တွင် ကြီးပြင်းခဲ့သောနှင်းမေဆောင်း၏
အတွင်းစိတ်ကို အဘွားက ထိုးထွင်းသိမြင်ခဲ့၏။
"ယဉ်ယဉ့်သားကို
သမီး တကယ်မေတ္တာရှိတယ်ဆိုတာ ဘွားဘွားယုံကြည်လို့ သမီးကို ဘွားဘွားမတားတော့ပါဘူး။ ဒါပေမယ့်
အိမ်ထောင်သည်ဘ၀ရောက်ရင် လိုအပ်တာထက်ပိုပြီး သမီး ခံနိုင်ရည်ရှိဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့
ရဲရင့်အောင်ဟာ သာမန်သားလိမ္မာလေးတစ်ယောက်မဟုတ်ဘဲ ယဉ်ယဉ်စနစ်တကျ ပုံသွင်းထားတဲ့ ရှားရှားပါးပါး
သားလိမ္မာတစ်ယောက် ဖြစ်နေလို့ပဲ သမီး"
သားလိမ္မာတစ်ယောက်ဟာ
လင်ကောင်းတစ်ယောက်မဖြစ်နိုင်ဆိုသော ဆိုရိုးကို ကြားဖူးနားဝရှိခဲ့တာ ကြာပြီဖြစ်သော သူမသည်
ဘွားဘွားစကားကို ခေါင်းညိတ်နားထောင်လျက် "သမီး နေတတ်အောင် ကြိုးစားမှာပါ ဘွားဘွား"
ဟု နောက်မဆုတ်တမ်း စိတ်ရှည်စွာပြောခဲ့မိလေသည်။ သူမ၏စိတ်ရှည်သည်းခံမှုကြောင့် ရရှိခဲ့သော
အကျိုးရလဒ်ကတော့ သူမ၏သတို့သားလောင်းဖြစ်သူ ရဲရင့်အောင်၏ ဖော်ရွေနှစ်လိုသော အပြုံးနှင့်ချိုအေးကြည်သာသော
စကားသံတို့ဖြစ်လေသည်။ "မေမေ သဘောတူလို့ မင်းကိုလက်ထပ်ခဲ့တာမှန်ပေမယ့် ကိုယ် မင်းကို
ချစ်နိုင်ပါလိမ့်မယ်" ဟူသော စကားက သူမကို နှစ်သိမ့်အားပေးစကားဖြစ်နိုင်ပေမယ့်
သူမကတော့ ထိုစကားလေးအတွက်ပဲ ကျေနပ်ပျော်ရွှင်ခဲ့သေး၏။ အဲဒီအချိန်ထိ သူမ၏ လက်ထပ်ခြင်းအတွက်
သူမ ဘယ်အချိန်မှ နောင်တမရဟုသာ ယုံကြည်နိုင်ခဲ့လေသည်။
(၄)
သူမနှင့်ခင်ပွန်းသည်ဖြစ်သူတို့
နှစ်ဦးသားတက်ရောက်ခဲ့သော မိတ်ဆွေတစ်ဦး၏ မင်္ဂလာဧည့်ခံပွဲတစ်ခု၌ မထင်မှတ်ဘဲ သူမ ဝေဒနာ
စ,ရခဲ့လေသည်။ သူမတို့လင်မယားနှစ်ယောက်ကို လာရောက်တွေ့ဆုံနှုတ်ဆက်သော အင်မတန်ချောမွေ့လှပသည့်
အမျိုးသမီးတစ်ယောက်ကို သူမ အလွန်စိတ်ဝင်စားသွားမိ၏။ "ကိုကို့ မင်္ဂလာဆောင်ကိုမလာနိုင်ခဲ့တာ
ခွင့်လွှတ်ပါ၊ အဲဒီအချိန်က ကျွန်မ ခရီးထွက်နေလို့" ဟူသော စကားဖြင့် သိမ်မွေ့စွာ
ပြုံးပြပြောဆိုနေသည့် မိန်းကလေးကိုမြင်တော့ "ကိုယ့်ကို ကိုကိုဆိုတဲ့ နာမ်စားကလွဲရင်
ကြိုက်သလိုခေါ်နိုင်ပါတယ် မေဆောင်း" ဟု ပြောခဲ့ဖူးသော သူမယောက်ျား၏ စကားကို ပြန်လည်ကြားယောင်လိုက်မိ၏။
သေချာပါပြီ။ ဒီမိန်းမဟာ သူနှင့်ကျွမ်းဝင်ပတ်သက်ဖူးခဲ့သော အမျိုးသမီးတစ်ယောက်ပါပဲ။
သူမယောက်ျား၏ဘ၀၌
သူမအပြင် အမျိုးသမီး ဘယ်ရွေ့ဘယ်မျှ ရှိခဲ့သည်ဆိုတာ သူမ စိတ်မ၀င်စားခဲ့ဘဲလျက်၊ ထိုအမျိုးသမီးကို
မြင်လိုက်ရတော့ သူမရင်ထဲ မနာလိုဝန်တိုမှုများ ချက်ချင်းဝင်ရောက်လာခဲ့လေသည်။ အိမ်ပြန်ရောက်တော့
သူမ ဘယ်လိုမှ ထိန်းမထားနိုင်ဘဲ "အဲဒါ မောင့်ရည်းစားဟောင်းလား" ဟု တဲ့တိုးမေးမိလေည်။
သူမအမေးကို သူက "ဟုတ်တယ်" ဟု တိုတောင်းစွာ ချက်ချင်းပြန်ဖြေလိုက်သည့် အခိုက်အတန့်မှာတော့
သူမ ဆောက်တည်ရာမဲ့ တုန်လှုပ်သွားရလေသည်။ သူမ မမေးဘဲ သူ ဆက်ပြောနေသော စကားတို့၏ နောက်မှာတော့…
"မင်းလိုပဲ
သူလည်း ကိုယ့်ကိုသိပ်ချစ်ခဲ့တာ။ ကိုယ့်ကို ဆယ်နှစ်တိတိစောင့်ခဲ့ပြီးမှ သူ အိမ်ထောင်ပြုသွားခဲ့တာ။
ဘယ်လောက်အံ့သြစရာကောင်းလဲ။ သူ့အမျိုးသားကတော့ သူ့ကိုတွေ့ပြီး ငါးလမပြည့်ခင်မှာ သူနဲ့လက်ထပ်ဖြစ်ခဲ့တာတဲ့။
ဖူးစာဆိုတာ အံ့သြစရာကြီးနော်"
"မောင်ကရော
သူ့ကိုမချစ်ခဲ့ဘူးလား၊ ဘာလို့ သူ့ကိုလက်မထပ်ခဲ့တာလဲ မောင်"
"ချစ်တာပေါ့၊
ကိုယ် သူ့ကိုသိပ်ချစ်ခဲ့တယ်။ ဒါပေမယ့် မေမေက သူ့ကိုမချစ်နိုင်ဘူးလေ။ သူ့အမေက သူ ၁၀နှစ်သမီးလောက်ကတည်းက
လင်ငယ်နောက်လိုက်သွားခဲ့တယ်ဆိုတဲ့ ပြစ်ချက်နဲ့ ကိုယ်တို့နှစ်ယောက်ကို မေမေက သဘောမတူခဲ့ဘူးလေ"
"မောင်က…
မောင်က သူ့ကို သိပ်ချစ်လျက်နဲ့ ထားရစ်ခဲ့တာပေါ့"
"အင်း…
သူ့ကို ချစ်တယ်ဆိုပေမယ့် မေမေ့ကိုချစ်သလောက် မချစ်နိုင်ခဲ့ဘူးထင်တယ်။ ကိုယ် မေမေ့ကို
အဆုံးရှုံးမခံချင်ဘူးလေ။ ကိုယ် သူ့ကိုလက်ထပ်ရင် မေမေ့ကို တစ်သက်လုံးစွန့်လွှတ်ရမယ်လို့
မေမေက ပြောခဲ့ပြီးသားကိုး" သူမ နှုတ်ခမ်းများ အံ့သြတကြီး ဝိုင်းဟသွားကာ သူ့ကိုငေးမောကြည့်နေမိလေ၏။
သူမ၏အနေအထားကို ရိပ်မိသွားသော သူက ချက်ချင်းဣနြေ္ဒဆည်ကာ "မေဆောင်းကို မေမေသဘောကျလို့
လက်ထပ်ခဲ့တာမှန်ပေမယ့် ကိုယ် မေဆောင်းကိုချစ်နိုင်တယ်လေ၊ ခု ကိုယ် မေဆောင်းကို တကယ်ချစ်နေတာပဲဟာ"
ဟု နှစ်သိမ့်ခဲ့၏။ သူ၏ နှစ်သိမ့်ချော့မြူမှုတို့အပေါ် သူမ ကျေနပ်ရောင့်ရဲနိုင်စွမ်း မရှိတော့တာကိုဖြင့်
သူ မသိခဲ့ပေ။
တကယ်တမ်းပြောမယ်ဆို
သူ ချစ်ခဲ့တာက နှင်းမေဆောင်းမဟုတ်ဘဲ ဒေါ်ယဉ်ယဉ်သာ မဟုတ်ဘူးလား။ ဒေါ်ယဉ်ယဉ်ကသာ အလိုရှိရင်
နှင်းမေဆောင်းကို သူ ပစ်ပယ်သွားနိုင်ဦးမှာလား။ သူဟာ ဒေါ်ယဉ်ယဉ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့
လိုအပ်မှု၊ လိုလားမှု၊ ဆန္ဒတွေကို ဖြည့်ဆည်းဖို့သက်သက် လူဖြစ်လာရသူတစ်ဦးပေလား။ သူမ စတင်စဉ်းစားတွေးတောလာမိခဲ့လေသည်။
ဘယ်အချိန်မှာမှ မတူညီနိုင်တဲ့အရာနှစ်ခုကို၊ ဘယ်နေရာမှာမှ မနှိုင်းယှဉ်အပ်တဲ့အရာနှစ်ခုကို
နှိုင်းယှဉ်ချိန်ထိုးကြည့်မိသည့် နှင်းမေဆောင်းမှာ အပြစ်ကြီးမားစွာတင်ရှိခဲ့ပြီလား။
မပြိုင်ခဲ့ဖူးပါ။
သူမက မေမေဟုခေါ်ရသည့် ယောက္ခမဖြစ်သူအပေါ် သူမ ဘယ်အခါမျိုးမှာမှ မယှဉ်ပြိုင်ဖူးခဲ့ပါ။ မေမေသည်
သူမ၏ ကျေးဇူးရှင် ဖြစ်သည်။ သူမမျှော်လင့်သော အနာဂတ်ကို မေမေက တည်ဆောက်ပေးခဲ့သည်။ ရင်ခုန်ဖွယ်ရာကောင်းလှသော
သူမ၏အိပ်မက်ကလေးများကိုလည်း မေမေကပင် ပုံဖော်ပေးခဲ့ခြင်းဖြစ်သည်။ သူမ စုံမက်မြတ်နိုးရသော
မောင့်ကို သူမလက်ထဲ ဝကွက်အပ်နှံခဲ့သည့် မေမေ့ကို သူမ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်အလေးထားခဲ့ပါသည်။
မေမေ့ကို ဘွားဘွားလောက် မချစ်ပေမယ့် ခင်မင်လေးစားခဲ့တာတော့ အမှန်ပါပဲ။ သူမဘက်က မေမေ့အပေါ်
သဘောထားပြောင်းလဲခဲ့ခြင်းမဟုတ်။ မေမေ့ဘက်ကသာ သူမအပေါ် မယုံကြည်နိုင်လောက်အောင် သဘောထားပြောင်းလဲလာခဲ့တာပါ။
"ခုခေတ်
မိန်းကလေးတွေများ အတော့်ကို ပါးရည်နပ်ရည်ရှိတာ၊ သူတို့ကြိုက်တဲ့ ယောက်ျားဆိုရင် ခက်ခက်ခဲခဲကို
ရအောင်ယူနိုင်ကြပါပေရဲ့" ထိုစကားမျိုးက သူမကို တိုက်ရိုက်ပြောတာမဟုတ်ဘဲ မိတ်ဆွေတစ်ဦးကို
ပြောနေတာမို့ ခံသာသေးပေမယ့် "မေဆောင်းက ယောက်ျားချစ်အောင်လည်း နေတတ်ပါ့နော်"
ဆိုသော စကားက နှင်းမေဆောင်းကို ရှေ့တည့်တည့်ထားပြောသည့်စကားမို့ သူမ အခံရခက်လှချည့်ရဲ့။
သူမ ချစ်လွန်းလို့ လက်ထပ်ယူခဲ့သည့်ယောက်ျားကို ချစ်အောင်လုပ်တတ်ရမှာ သူမ ၀တ္တရားမဟုတ်ဘူးလား။
သူမနှင့်သူ အပေးအယူမျှစွာ အဆင်ပြေနားလည်နေသည့်အခြေအနေက မေမေ့အတွက် စိတ်ချမ်းသာစရာကိစ္စတစ်ခု
မဖြစ်နိုင်ဘူးလား။
သူမနှင့်မောင်
နီးကပ်စွာ အတူရှိနေရသည့်အချိန်က တစ်နှစ်မှာ နှစ်လသုံးလလောက်သာရှိတာမို့ ထိုကာလများအတွင်း
အသေးအဖွဲ စိတ်ကသိကအောက်ဖြစ်မှုမျိုးပင် မရှိစေရအောင် သူမ အစွမ်းကုန်ကြိုးစားခဲ့၏။ ဒါကိုပင်
မေမေက တလွဲမြင်ခဲ့ပြန်သည်။ သူမယောက်ျားအပေါ် သူမရဲ့ ဂရုစိုက်ကြင်နာမှုတွေဟာ မေမေ့အတွက်
မျက်စိဆံပင်မွေးစူးစရာတွေ ဖြစ်နေခဲ့တာထင်ပါရဲ့။ သူမကလည်း သူမပါပဲ။ သူမယောက်ျား မြန်မာပြည်၌
နေထိုင်စဉ်ရက်များ၌ သူ သွားလေရာရာ "မေဆောင်း လိုက်ခဲ့မယ်နော်၊ မေဆောင်း လိုက်ခဲ့လို့ရမလားဟင်"
ဆိုသောစကားဖြင့် သူ့အပေါ် ကလေးတစ်ယောက်လို ပူဆာတတ်ခဲ့တာ။ ဒါဟာ မေမေ့ဆီက မနာလိုဝန်တိုမှုတွေ၊
အတ္တမာနတွေ၊ အခံရခက်စေလောက်တဲ့ နာကျင်မှုတွေ ထွက်ပေါ်လာစေဖို့သက်သက် လောင်စာဖြည့်လိုက်ခြင်းမဟုတ်ရပါ။
မောင်နှင့်မေမေ့အကြား
ထားရှိသော ချစ်ခြင်းမေတ္တာတရားကို ပျက်ပြယ်စေလိုလျက် မောင့်အချစ်တို့ကို သူမတစ်ဦးတည်း
အပိုင်သိမ်းယူလိုသော စိတ်ဆန္ဒမျိုးလည်း သူမရင်မှာ တစ်ခါမှ မခိုအောင်းခဲ့ဖူးပါ။ မောင့်ကို
သူမချစ်မြတ်နိုးပါသည်။ မေမေ့ကို သူမ တန်ဖိုးထားလေးစားပါသည်။ ပြီးတော့ မေမေ့ကို သူမ
အထင်ကြီးအားကျပါသည်။ ဘယ်အခါမျိုးမှာမှ မေမေ့အပေါ် သူမ မနာလိုဝန်တို မဖြစ်ခဲ့ဖူးပါ။ ဒီကမ္ဘာလောကကြီးမှာ
မေမေဟာ မောင့်အတွက် ပြိုင်ဘက်မရှိ နံပါတ်တစ်နေရာမှာ ရှိနေသူဖြစ်တယ်ဆိုတာ မျက်ဝါးထင်ထင်
တွေ့မြင်ခံစားနေရသော သူမက မေမေ့ကို ယှဉ်ရဲလောက်သော သတ္တိ၊ မာန၊ အာဃာတများ ဘာဆိုဘာမှ
မထားရှိခဲ့တာ သူမတစ်ဦးတည်းသာသိပါသည်။ ဒါနဲ့များတောင် မေမေဟာ…
(၅)
"မမယဉ်တို့ကတော့
ကံကောင်းပါတယ်၊ သားလိမ္မာတစ်ယောက်ရှိထားတော့ အလိမ္မာအိပ်ပါ ချွေးမချောလေးလည်းရ၊ ဘာမှကို
ပူစရာမရှိတော့ဘူး"
ဆိုသော
မေမေ့မိတ်ဆွေ အမျိုးသမီးကြီးတစ်ယောက်၏ စကားက မေမေနှင့်သူမကို အားကျချီးကျူးသောစကားဖြစ်၍
သူမ အလိုက်သင့်ပြုံး၍ အသာငြိမ်နေမိခဲ့သော်လည်း မေမေကဖြင့် သူမလို ပြုံးမနေနိုင်ခဲ့ပေ။
"သူတို့လိမ္မာတော့လည်း
သူတို့ဖို့ပဲပေါ့လေ၊ အမေကတော့ သူတို့ဖို့ပါပဲ။ သူတို့ကသာ အဘွားကြီးဖြစ်ပြီဆိုတော့ တို့များကို
အမှိုက်လို့ထင်နေမလားမသိပါဘူး။ လုပ်နိုင်သမျှတော့ လုပ်ခဲ့တာပဲ၊ မလုပ်နိုင်တော့တဲ့အရွယ်ရောက်တော့
စားရတာလည်း မဖြောင့်တော့ပါဘူး"
"ဒီအချိန်ရောက်မှ
မမယဉ် ဘာလုပ်နေစရာလိုတော့လို့လဲ၊ သားကလည်း အမေ့ကိုချစ်လိုက်တာ တုန်လို့၊ ဂရုစိုက်လိုက်တာလည်း
ပျာလို့"
"အရင်နဲ့တော့
ဘယ်တူမလဲကွယ်၊ သူ့မှာလည်း သားကျွေးမှု မယားကျွေးမှုက ပိုလာပြီမဟုတ်လား။ အရင်ဆို တစ်နှစ်တစ်ခေါက်
ပုံမှန်ပြန်လာတာ၊ ခု သူ့မှာ တစ်နှစ်ပြည့်တာတောင် နှစ်လနေလိုက်ဦးမယ်၊ သုံးလနေလိုက်ဦးမယ်နဲ့
သင်္ဘောပေါ်က မဆင်းချင်ဘဲ ငွေရှာကောင်းနေတယ်လေ။ အမေဆိုတော့ ကိုယ့်သားလေးပင်ပန်းမှာပဲဆိုပြီး
ပူရပန်ရ စိတ်မအေးနိုင်ပါဘူး။ ပြန်လာတယ်ဆို ဘယ်လောက်ပါတယ် ရတယ်ဆိုတာလည်း အမေကဖြင့် မသိရပါဘူး။
ပြန်လာရင် သူ့မယားအတွက် ၀ယ်လာလိုက်တာ စုံလို့… စုံလို့။ အတွင်းခံဘောင်းဘီ၊ ဘော်လီကအစ
ဝယ်တတ်ပါရဲ့" မေမေ့ဆီက ထိုစကားမျိုးတွေကိုကြားရတော့ သူမ ကျိတ်၍ စိတ်မကောင်းဖြစ်ရ၏။
နှင်းမေဆောင်းဆိုတဲ့ မိန်းမတစ်ယောက်ကို ရဲရင့်အောင် ချစ်မေတ္တာတွေ ဝေမျှပေးလိုက်ရလို့
မေမေ့အပေါ်ထားရှိတဲ့ စေတနာ၊ မေတ္တာတွေ လျော့ပါးပျက်ပြယ်သွားမယ်လို့ မေမေထင်နေခဲ့လေသလား။
ဒါဟာ မိခင်တစ်ယောက်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မနာလိုဝန်တိုစိတ်ပဲလားဆိုတာ မိခင်တစ်ယောက်အဖြစ်
ရောက်ရှိခဲ့လျက် သူမ မခံစားတတ်ခဲ့ချေ။
မေမေဟာ
နံပါတ်တစ်နေရာကို အပိုင်စားရထားလျက် မတင်းတိမ် မရောင့်ရဲနိုင်စွာ သူမကို ဘာကြောင့်
ယှဉ်ပြိုင်နေခဲ့သည်မသိချေ။ ရဲရင့်အောင် ရှာဖွေရသမျှ ငွေကြေးဥစ္စာကို ဒေါ်ယဉ်ယဉ်လက်မှ
နှင်းမေဆောင်းလက်သို့ ပြောင်းလဲအပ်နှံခြင်းဖြင့် သားတစ်ယောက်က မိခင်တစ်ယောက်အပေါ် စုပုံထားရှိသော
ချစ်ခြင်းမေတ္တာတို့ကို သူမ ခွဲဝေယူခဲ့ခြင်း မဟုတ်ခဲ့ပါ။ ဒီကိစ္စဟာ အချိန်၊နေရာကသာ စကားပြောခဲ့တာမဟုတ်လား။
တစ်ချိန်တုန်းက ဒေါ်ယဉ်ယဉ်ဟာလည်း နှင်းမေဆောင်းနေရာကို ရခဲ့ဖူးတာပဲမဟုတ်လား။ မေမေနည်းနည်းလောက်တော့
ကိုယ်ချင်းစာဖို့ ကောင်းသည်ပဲ။
အများတကာ
လုံးဝမယုံကြည်နိုင်လောက်သော မေမေ၏ မနာလိုဝန်တိုမှု၊ အပြစ်ဖွဲ့အငြိုးထားမှုတို့ကို အခါများစွာ
ခံစားလာရသော နှင်းမေဆောင်း၏ရင်တွင်းခိုဝင်လာသော နာကျင်ကြေကွဲမှုတို့ကိုဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ
မတွေ့မြင်နိုင်ခဲ့ပါချေ။ အသေးအမွှားဟု ခေါ်နိုင်လောက်သည့် အဖြစ်အပျက်လေးတွေကအစ သူမနှင့်မေမေ့အကြား
မကျေလည်နိုင်စရာ ဖြစ်လာခဲ့သည်လေ။
သူမယောက်ျားဝယ်ပေးသည့်
ပစ္စည်းအသစ်အဆန်းမှန်သမျှကို မေမေတွေ့ရှိခဲ့လျှင် မေးတတ်သည့်မေးခွန်းတွေ၊ ပြောတတ်သည့်
နောက်ဆက်တွဲစကားတွေကို သူမ အလိုလို ကြောက်လန့်လာခဲ့၏။ ဘာမှမဟုတ်သည့် ကိစ္စလေးကအစ သူမနှင့်မေမေ့အကြား
ဘာကြောင့်များ အဖုအထစ်ဖြစ်ခဲ့ရသည်မသိချေ။ တစ်ခါ သူမ၏ ၂၇နှစ်မြောက် မွေးနေ့လက်ဆောင်အဖြစ်
ဘွားဘွားက တစ်လုံးတည်း ပတ္တမြားနားကပ်တစ်ရန် ၀ယ်ပေးခဲ့၏။ ထိုနားကပ်ကို မောင် ၀ယ်ပေးသည်ဟု
မေမေထင်မှတ်ခဲ့လေသည်။ ဘွားဘွားဝယ်ပေးခြင်းဖြစ်သည်မို့ သူမကလည်း ဟုတ်တိုင်းမှန်ရာကို
ပြောပြမိ၏။ သူမပြောစကားကို မေမေက မယုံကြည်ခဲ့ပေ။
"မေမေကလည်း
ပတ္တမြားလုံးချောနားကပ် သိပ်လိုချင်ခဲ့တာ၊ မေမေ့မှာ ပိုက်ဆံရှိပါတယ် သားရယ်၊ သား ၀ယ်လို့ရရင်
မေဆောင်းနားကပ်မျိုး မေမေ့အတွက် ၀ယ်ပေးပါဦး"
ထိုစကားကိုကြားတော့
သူမ အကြီးအကျယ် စိတ်ပျက်သွားခဲ့ရလေသည်။
ပတ္တမြားလုံးချောနားကပ်ဆိုတာ ခြယ်နားကပ်တွေလို
အလွယ်တကူ ပေါပေါများများ ၀ယ်လို့မရနိုင်တာလည်း မေမေအသိသားပဲ။ သို့ပါလျက် ရဲရင့်အောင်ဝယ်ပေးသည်ဟု
အထင်မှားကာ နှင်းမေဆောင်း၏ နားကပ်မျိုးကိုမှ ဒေါ်ယဉ်ယဉ်က ပန်ချင်သည်တဲ့။ သူမ ကိုယ့်ပစ္စည်းနှင့်ကိုယ်
အမုန်းခံရလေသည်ပေါ့။ ဘယ်လောက်ဆိုးရွားတဲ့ ကံတရားကြောင့် ဒီလိုယောက္ခမမျိုးနဲ့မှ သူမ
ရေစက်လာဆုံရတာပါလိမ့်။
"မေမေက
သနားဖို့ကောင်းပါတယ်ကွာ၊ မောင့်ဖေဖေက လူရိုးလူအေးကြီး၊ အစိုးရအလုပ်ကလေးနဲ့ တစ်သက်လုံး
အရိုးထုတ်ခဲ့တာ။ မောင် ဒီအခြေအနေထိရောက်လာခဲ့ရတာက မေမေ့ကျေးဇူးကြောင့်။ မောင် ငယ်ငယ်ကတည်းက
နယ်တကာလှည့်ပြီး မေမေ စီးပွားရှာနေခဲ့တာ။ ပြီးတော့ မေမေက ဖေဖေ့ရဲ့ဂရုစိုက်မှုကိုလည်း
သိပ်မခံခဲ့ရဖူးဘူး၊ မေမေကသာ မောင်တို့သားအဖကို ဂရုစိုက်ခဲ့ရတာ။ ဒါကြောင့် အသက်ကြီးလာတော့
မေမေ့စိတ်တွေက တစ်ခါတစ်ခါ တစ်မျိုးဖြစ်နေတတ်တယ်။ ဒါကို မေဆောင်း နားလည်ပေးပါ"
ဆိုသော သူမခင်ပွန်းသည်စကားတို့ကို ပြန်လည်ကြားယောင်မိတော့ မေမေ့ကို သူမ မေတ္တာတရားဖြင့်
ခွင့်လွှတ်နားလည်ပေးနိုင်ခဲ့လေသည်။
မေတ္တာတရား၊
ခွင့်လွှတ်နားလည်မှုဆိုတာလည်း အတိုင်းအတာတစ်ခုရှိသည်ပဲ မဟုတ်လား။ ဒါကိုတော့ နားလည်ပါဆိုသည့်စကားကို
ကြိမ်ဖန်များစွာပြောတတ်သည့် မောင်က နားမလည်နိုင်ဘူးထင်သည်။ နှင်းမေဆောင်းဟာ အရိယာသူတော်စင်
မေတ္တာရှင်မတစ်ယောက် မဟုတ်နိုင်သေးဘူးဆိုတာ မောင့်ကို ပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားခဲ့မှုက
သက်သေခံပါလိမ့်မည်။ မောင်ကရော နှင်းမေဆောင်းအပေါ် ဘယ်အတိုင်းအတာအထိ နားလည်ခွင့်လွှတ်ပေးနိုင်ပါသလဲ။
(၆)
ချွေးမတစ်ယောက်ဟာ
သမီးရင်းတစ်ယောက်နှင့် ထပ်တူမကျနိုင်ဘူးဆိုတာရယ်၊ ဇနီးမယားတစ်ယောက်ဟာ နှမငယ်တစ်ယောက်နှင့်
ခံစားချက်မတူနိုင်ဘူးဆိုတာရယ်ကိုတော့ မောင် ခွဲခြားသိဖို့ကောင်းသည်။ သူမအပေါ် စိတ်တိုင်းမကျလျှင်
ပြောတတ်သည့်စကားက "မေဆောင်းရာ… မင်းက မေမေသဘောတူလို့ ကိုယ့်ကိုလက်ထပ်ယူခဲ့တာပဲ၊
မေမေ့ကို နားလည်စမ်းပါ" ဟူသော ရိုးအီနေပြီဖြစ်သည့် စကားသာ ဖြစ်လေသည်။ အများသူငါ
မိသားစုဓလေ့သဘာဝတွေနှင့်မတူ၊ ထူးခြားဆန်းပြားသော စရိုက်လက္ခဏာတွေရှိနေသည့် မောင်တို့သားအမိကြား၌
သူမက သင်းကွဲငှက်တစ်ကောင်နှယ် ဖြစ်နေရလေ၏။
မောင်က
အပြင်ထွက်တိုင်း မေမေ့ကိုလက်အုပ်ချီ ထိုင်ကန်တော့ပြီးမှ အိမ်ကထွက်ခွာလေ့ရှိသူဖြစ်၏။
ထိုဓလေ့စရိုက်က အံ့သြချီးကျူးဖွယ်ကောင်းသော အားကျစရာ အလေ့အထဖြစ်ပေမယ့် မောင့်ဇနီးဖြစ်လာသော
နှင်းမေဆောင်းအတွက် အတော်ခွကျသော စိတ်ကသိကအောက်ဖြစ်ဖွယ်ကိစ္စတစ်ခု ဖြစ်နေလေ၏။ ကမ္ဘာမှာရှားသည့်
သားလိမ္မာတစ်ယောက်၏ အတုယူဖွယ်၊ မှတ်သားဖွယ် အမူအကျင့်အပေါ် သူမ ရှုတ်ချကဲ့ရဲ့လိုစိတ်
စိုးစဉ်းမျှမရှိပါ။ သို့သော် ချွေးမတစ်ယောက်ဖြစ်သော သူမကတော့ လမ်းထွက်တိုင်း ယောက္ခမကို
ထိုင်ကန်တော့ရသည့်အကျင့်ကို လိုက်မလုပ်နိုင်ခဲ့။ ဒါလေးများ ဘာပင်ပန်းတဲ့ကိစ္စမို့လဲဟု
ပြောစရာရှိပါ၏။ ဘွားဘွားနှင့်နှစ်ပေါင်းများစွာ အတူနေခဲ့သော သူမသည် ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့်
ရိုသေထိုက်သူကိုရိုသေခြင်းဟူသော အပြုအမူကို မေ့လျော့ပျက်ကွက်တတ်သူမျိုးမဟုတ်ပါ။ တကယ်ဆို
သူမဘွားဘွားက ဒေါ်ယဉ်ယဉ်ထက်ပင် အသက် ၁၀နှစ်ကျော် ကြီးသေး၏။ လူကြီးသူမများအပေါ် သူမရိုသေတတ်ပါသည်။
သို့ပေမယ့် နိစ္စဓူဝလမ်းထွက်တိုင်း ဘွားဘွားကို သူမထိုင်မကန်တော့ဖူးခဲ့။
အချိန်မရလျှင်
"ဘွားရေ… သမီးသွားပြီနော်" ဆိုသည့် စကားမျိုးဖြင့် လှေကားထစ်ရောက်မှ လှမ်းအော်နှုတ်ဆက်ရသည့်နေ့တွေက
မရေတွက်နိုင်ခဲ့။ မောင်၏ အလေ့အထကို သူမ မပင်မပန်း လိုက်လုပ်လျှင်ဖြစ်နိုင်ပေမယ့် ရေရှည်ထာဝရမလုပ်ဖြစ်လျှင်
ချွေးမတစ်ယောက်ဖြစ်သော သူမအတွက် အပြစ်ကြီးတစ်ခုဖြစ်သွားနိုင်တာကြောင့် သူမ ကျင့်မထားသောအခါ
နှင်းမေဆောင်းတစ်ယောက် ဗုဒ္ဓဘာသာမပီသစွာ ရိုင်းပျသူ၊ မာန်မာနကြီးသူဖြစ်ရချေ၏။ ဒါဟာ ချွေးမနဲ့သမီး
ကွာခြားတဲ့အချက်ပါပဲဟု သူမကွယ်ရာမှာ စကားတင်းဆိုလေသည်ကိုလည်း သူမ အောင့်သက်သက်ပင် ခံရလေသည်ပေါ့။
အိမ်ထောင်တစ်ခုမှာ
အချစ်ထက်၊ စီးပွားရေးထက် ပို၍အဓိကကျသည့်အရာက နားလည်ပေးနိုင်မှုပါတဲ့။ ထိုနားလည်မှုဆိုသော
စကားသုံးလုံးက ပေါ့တန်သည့်ကိစ္စတစ်ခုမဟုတ်။ လင်ယောက်ျားတစ်ဦးကိုတင်မဟုတ်ဘဲ ယောက္ခမဖြစ်သူကိုပါ
နားလည်မှုတွေ ထပ်ခါတလဲလဲပေးနေရသည့် သူမအဖို့တော့ နားလည်မှုဆိုသည့်စကားကပင် နားမလည်နိုင်ချင်စရာကြီး
ဖြစ်ခဲ့ရလေသည်။ မောင်ဟာ ကိုယ်တိုင်က နားလည်မပေးတတ်ဘဲ သူတစ်ပါးဆီက နားလည်မှုကိုသာ လက်ခံယူချင်သူပဲဟု
သူမ သုံးသပ်မိသောအချိန်၌ သားဦးလေးကို စတင်လွယ်ထားရသော အချိန်ရောက်ခဲ့လေပြီ။ အဲဒီအချိန်ထိ
သူမနောင်တမရမိသေး။ မောင်နှင့်မေမေ၏ အတ္တတွေပြည့်ဝစေဖို့ သူမအတ္တတွေကို ဇွတ်အတင်း ကြိုးစားမျိုချနေနိုင်ခဲ့သေး၏။
နှင်းမေဆောင်းဆိုသော မိန်းမသည် ဘာကိုပဲရရ,မရရ ကိုယ်ချစ်မြတ်နိုးတဲ့ ယောက်ျားတစ်ယောက်ကို
အရယူနိုင်ခဲ့သည်ဆိုသော ဖြေသိမ့်မှုဖြင့် ကိုယ့်ကိုယ်ကို အဟုတ်ထင်ခဲ့မိလေ၏။ စင်စစ်တော့
နှင်းမေဆောင်းက ရဲရင့်အောင်ကို ရခဲ့ခြင်းမဟုတ်။ ရဲရင့်အောင်ကသာ နှင်းမေဆောင်းကို အပိုင်ရခဲ့ခြင်းဖြစ်၏။
ဒေါ်ယဉ်ယဉ်ကသာ နှင်းမေဆောင်းကို ပိုင်ပိုင်နိုင်နိုင်ကြီး ရခဲ့ခြင်းဖြစ်၏။ ကဲ…ဒါဆို
သူမဘာများရခဲ့ပါသလဲ။ တကယ်တမ်း သူမ အပိုင်ရခဲ့တာကတော့ သားတစ်ယောက်သာဖြစ်လေသည်။
(၇)
နှင်းမေဆောင်း၏
စိတ်ပျက်ငြီးငွေ့ဖွယ်ရာဘ၀ကို တစ်မျိုးတစ်ဖုံပြောင်းလဲသွားစေဖို့ ကံတရားက သူမအား သားတစ်ယောက်ချီးမြှင့်ပေးအပ်ခဲ့ခြင်း
ဖြစ်ပေလိမ့်မည်။ မေမေနှင့်သူမကြားရှိ အတွင်းအကျိတ်အခဲများကို သားလေးကြောင့်ပင် သူမ
မေ့လျော့ထားနိုင်ခဲ့၏။ သားလေးမွေးလျှင် သူမနှင့်သာတူပါစေဟူသော ဆုတောင်းကို ဘုရားစင်ရှေ့မှာ
အခါခါတောင်းခဲ့ဖူးသည်ဆိုတာ မေမေတို့သားအမိသိလျှင် စိတ်ဆိုးပေလိမ့်မည်။ တကယ်တမ်း သူမနှင့်တူလွန်းသော
သားကလေးကို မွေးခွင့်ရခဲ့သောအခါ သူမ ပျော်ရွှင်ခဲ့ရသလို မောင်လည်း ပျော်ရွှင်ဝမ်းမြောက်ခဲ့သည်သာ။
"အမေတူသား
ကြီးပွားအောင်မြင်တယ်တဲ့၊ မောင့်လိုပေါ့" ဟူသော မောင့်စကားကို မေမေက အသာတကြည်လက်မခံဘဲ
"ကြီးပွားတယ်ဆိုတာ မိခင်ရဲ့စရိုက်ကောင်းကိုရမှပါ" ဟူသောစကားဖြင့် တုံ့ပြန်ခဲ့သည့်အတွက်
သူမ ဟင်းခါးရည်ပူပူသောက်ဆဲကာလမှာပင် ဟင်းရည်သီးနင်သွားခဲ့ရဖူးလေသည်။ အဲဒီကစလို့ သွေးနုသားနုနှင့်
မီးဖွားပြီးခါစ ရက်ပိုင်းသာရှိသေးသော နှင်းမေဆောင်း၏ စိတ်ဓာတ်များ မာကျောလာခဲ့ပြီး
သားလေးအတွက် သူမအိမ်ရှင်မလုပ်နေရုံနှင့်မပြီး၊ စီးပွားရှာတော့မယ်ဟူသော ဆုံးဖြတ်ချက်ကို
ချနိုင်ခဲ့လေသည်။ သားလေး၏ဘ၀ကို သူမစိတ်တိုင်းကျလိုအပ်သလို ပုံသွင်းပေးနိုင်ဖို့ သူမက
စွမ်းအား၊ ဥာဏ်အားရှိသမျှ ထိုက်တန်စွာ ငွေရှာနိုင်သော မိခင်တစ်ယောက်ဖြစ်လိုသည်။
သူမ
ပစ္စည်းသစ်တစ်ခုခုဝယ်တိုင်း "ငါ့သားကတော့ ကျွဲလိုနွားလို ရုန်းနေရတာ" ဆိုသော
မေမေ့စကား၏ဆိုလိုရင်းကို သူမ နက်နက်ရှိုင်းရှိုင်း နားလည်ခဲ့ရပြီ။ နှင်းမေဆောင်း အိမ်ထောင်သည်ဘ၀ကိုရောက်တော့
လက်ရှိအလုပ်မှထွက်ပစ်ခဲ့တာ တစ်သက်တာလုံး ယောက်ျားကိုသာ မှီခိုစားသောက်တော့မည်ဆိုသောရည်ရွယ်ချက်ဖြင့်
မဟုတ်ခဲ့။ နိုင်ငံရပ်ခြား၌ ပင်ပန်းဆင်းရဲခံကာ ငွေရှာနေရသည့်မောင့်ကို ပြည့်ပြည့်၀၀
ပြုစုချင်သည့်စိတ်နှင့် သူမ အလုပ်ထွက်ခဲ့တာ။ သူမသာ အလုပ်လုပ်လိုလျှင် ၀န်ထမ်းအလုပ်ကိုဖြစ်စေ၊
ဒေါ်ဒေါ်နှင့်အတူ ကိုယ်ပိုင်စီးပွားရေးဖြစ်စေ အချိန်မရွေး လုပ်နိုင်ပါသည်။ နှင်းမေဆောင်းရဲ့ဘ၀အခြေအနေဟာ
ဟိုးအမြင့်ဆုံးက မဟုတ်ခဲ့ပေမယ့် မတောင့်မတမကြောင့်မကြ ၀တ်စားနေထိုင်ခဲ့ရသောဘ၀မျိုးဆိုတာ
မေမေလည်း သိခဲ့လျက်…
"ခုခေတ်
သင်္ဘောသားမိန်းမတွေများ အတော့်ကိုဟန်ကျပါရဲ့၊ သင်္ဘောအရာရှိသာဆိုတယ် လင်ကတော့ သင်္ဘောပေါ်မှာ
သေကောင်ပေါင်းလဲ စွန့်စားလုပ်ကိုင်နေရတာတဲ့။ သူတို့ကတော့ ဒေါ်လာစားတွေဆိုပြီး သုံးချင်တိုင်းသုံးဖြုန်းနေတာ။
တချို့ဆို ယောက်ျားသင်္ဘောတစ်ခေါက်ပြန်လာရင် မိန်းမကြိုသုံးထားတဲ့အကြွေး ဆပ်ပေးတာတောင်မကျေဘူးတဲ့။
တချို့ကျတော့ လင်ငယ်ကိုတောင် ကျွေးထားဆင်ထားသေးတာတဲ့"
ထိုသို့
ဝါးလုံးရှည်နှင့်သိမ်းယမ်းသောစကားတွေကို သူမ တုံ့ပြန်ချက်မပေးဘဲ ငြိမ်သက်နေတော့ ပြဿနာကတစ်မျိုး။
မဟုတ်မခံပြန်လည်ချေပပြန်တော့ ပြဿနာကတစ်မျိုး ဖြစ်ရပြန်၏။ မေမေဟာ သူမအပေါ် ဘာကြောင့်
သူစိမ်းမိန်းမတစ်ယောက်အပေါ် မယုံကြည်နိုင်သလို ဆက်ဆံနေရတာလဲ။ ဖောက်ပြန်ချင်တဲ့ မိန်းမတစ်ယောက်အတွက်
လင်ယောက်ျားဖြစ်သူ မြန်မာပြည်၌ရှိခြင်း၊မရှိခြင်းနှင့် မသက်ဆိုင်။ တစ်ခုတင်တည်း အတူအိပ်စက်နေလျက်ကပင်
သစ္စာမဲ့ဖောက်ပြန်သွားသောမိန်းမတို့၏ စာရိတ္တကို မေမေက ခွဲခြားမသိဘဲ သင်္ဘောသားမိန်းမတွေကမှ
ပိုဖောက်ပြန်တတ်လေသည်တဲ့။
မေမေ့အိမ်ရောက်ပြီးမှ
သူမနှင့်ရင်းနှီးခင်မင်ခဲ့သမျှ ယောက်ျားလေးမိတ်ဆွေများနှင့် သူစိမ်းပြင်ပြင်ဖြစ်သွားရသည်အထိ
သူမ အနေအထိုင်ဆင်ခြင်ခဲ့ပါလျက် မေမေကထိုစကားမျိုးကို ပြောရက်သေး၏။ ဒေါ်ယဉ်ယဉ့်ချွေးမ
နှင်းမေဆောင်းကတော့ဖြင့် ယောက်ျားတွေနှင့်သာမက မိတ်ဆွေအပေါင်းအသင်းများစွာနှင့် ကင်းဝေးနေရသူ၊
လူမှုဆက်ဆံရေး နားမလည်သူတစ်ယောက်အဖြစ်ပင် ရောက်ရှိနေတာ မေမေ မသိခဲ့။
"တယ်လီဖုန်းကို
သွားလေရာရာကိုင်နိုင်အောင် ညည်းယောက်ျားကို ဆယ်လူလာဖုန်းတစ်လုံးလောက် ၀ယ်ခိုင်းဦး"
ဟူသော စကားက သူမနှင့် မိတ်ဆွေသင်္ဂဟများကြားကဆက်ဆံရေးကို ကျဲပါးသွားစေလိုသော စကားပဲမဟုတ်လား။
သူတို့သားအမိနှစ်ယောက်၏အသံအပြင် သူစိမ်းလူအသံကြားခဲသောတယ်လီဖုန်းက နှင်းမေဆောင်းကြောင့်
အခါများစွာ အသံမြည်ခဲ့ရသည်မဟုတ်လား။ သူမနားလည်ခဲ့ပါသည်။ မေမေမကြိုက်မှန်းသိ၍ သူမအပေါင်းအသင်းများနှင့်
တွဲသွားတွဲလာလုပ်ခြင်း၊ သာရေးနာရေးကိစ္စများ၌ ရင်းနှီးသော သူငယ်ချင်းတစ်ယောက်ယောက်နဲ့
အတူချိန်းဆိုသွားခြင်း၊ အသေးအမွှား တိုလီမိုလီပစ္စည်းများ ၀ယ်ရုံသက်သက် ဈေးလည်ခြင်း…
စသော သူမပြုလုပ်နေကျ အလုပ်များကို လုံးဝနီးပါး ရှောင်ကြဉ်ခဲ့ပါ၏။
ဒီကြားထဲကပဲ အိမ်ကိုဖုန်းဆက်လာသည့်ကိစ္စလေးကို
မေမေက ရေးကြီးခွင်ကျယ်လုပ်သေး၏။ မေမေ့ရှေ့မှာ အနေအထိုင်အပြောအဆို ဆင်ခြင်ရလွန်း၍ သူမ
အသက်ရှူပင်မ၀တော့တာ ဘယ်သူမှမသိနိုင်။
"မေမေက အသက်ကြီးလှပါပြီ၊ ရှေးလူကြီးဆိုတော့
အစစအရာရာ စိုးရိမ်ပြီးပြောနေတာပါ" ဆိုသောစကားက ခံရသူ နှင်းမေဆောင်းအတွက် ဖြေသာသောစကားတစ်ခွန်းမဖြစ်ခဲ့။
အစိုးရိမ်ပိုနေခြင်းဟာ နှင်းမေဆောင်းအပေါ်မှာမဟုတ်ဘဲ မောင်တစ်ယောက်တည်းအပေါ်မှာသာ ဖြစ်တည်နေတာမဟုတ်လား။
နှင်းမေဆောင်းဆိုသည့်ချွေးမကတော့ ဘယ်လောက်ပဲကြိုးစားကြိုးစား သူစိမ်းဆိုသည့် မပြောင်းလဲနိုင်သော
စိတ်တစ်ခုအောက်မှာ အခါများစွာ နာကျင်ကြေကွဲခဲ့ရတာ မောင် နားမလည်ခဲ့။
ဘယ်လောက်ကြီးမားတဲ့
အကုသိုလ်မျိုးကြောင့် ဒီလောက်အထအနကောက်တတ်တဲ့ ယောက္ခမမျိုးနဲ့ ရေစက်လာဆုံရတာတဲ့လဲ။ မေမေနှင့်သူမအကြား
ရေစက်က အတော်ကြီးမားခဲ့ဟန်တူသည်။ နှင်းမေဆောင်းရဲ့ဘ၀က တကယ့်ကိုရယ်စရာ။ ယောက်ျားရခဲ့ခြင်းမဟုတ်ဘဲ
ယောက္ခမရခဲ့ခြင်းဟုသာ ခေါ်ထိုက်သည့်အခြေအနေ။ မောင်မရှိသည့်အချိန်များမှာ နှင်းမေဆောင်းအပေါ်
အပြစ်ရှာနည်းသော မေမေသည် မောင်ရောက်လာပြီဆိုလျှင်ဖြင့် နှင်းမေဆောင်းအပြစ်တို့ကို မရမက
ရှာဖွေပြတတ်လေသည်။ ပြီးတော့ သူမ၏ ပြုစုယုယမှုအောက်မှာ ကျန်းကျန်းမာမာရှိနေသော မေမေသည်
မောင်ပြန်ရောက်လာသည်ဆိုလျှင်ပဲ ကောက်ကာငင်ကာ နေထိုင်မကောင်းဖြစ်သွားရတတ်၏။ အဖော်ခေါ်ထားသည့်
အမျိုးသမီးနှင့် ဘယ်အခါမှလွှတ်ထားခြင်းမရှိဘဲ ကိုယ်တိုင်ဂရုတစိုက်ပြုစုပေးခဲ့သည့် နှင်းမေဆောင်း၏စေတနာကို
အသိအမှတ်မပြုဘဲ "သားမိန်းမလည်း ၀တ္တရားရှိလို့သာ လုပ်ကိုင်ပေးနေရတာ၊ မေမေ့ကို ဘယ်စိတ်ရှည်မှာလဲကွယ်"
ဟူသော စကားကို မေမေဆိုရက်သေး၏။
"ကျွန်မ
စိတ်ရှည်နိုင်တယ်မောင်၊ ကျွန်မ ငယ်ငယ်ကတည်းက အဘိုး၊အဘွားတွေနဲ့ နေခဲ့တာ။ တူ၊တူမတွေကြားမှာ
နေခဲ့တာ။ ဒါပေမယ့် အဲဒီလိုစကားမျိုးအတွက်တော့ ကျွန်မစိတ်တိုတယ်။ စေတနာကို အစော်ကားခံရတာလောက်
ဝမ်းနည်းစရာကောင်းတာ မရှိပါဘူး။ ကျွန်မ မေမေ့အပေါ် ပြုစုလုပ်ကိုင်ပေးနေတာတွေဟာ ၀တ္တရားထက်ပိုပါတယ်။
မောင်မရှိတဲ့အချိန်တွေမှာလည်း ကျွန်မ မငြိုမငြင်ပြုစုခဲ့တာပဲ။ ကျွန်မရင်ထဲက စေတနာမေတ္တာသာမပါရင်
ခုချိန်မျိုးမှာ မေမေ့ကိုတောင် မောင် မြင်ရမှာမဟုတ်တော့ဘူး"
သူမ
ဝမ်းနည်းလှစွာ၊ အခံရခက်လှစွာ ပြန်လှန်ချေပမိတော့ မလိမ္မာသော ဇနီးမယားဖြစ်ရတော့သည်ပေါ့။
တကယ်ကို နာကျင်စရာကောင်းတဲ့ ဖြစ်ရပ်တွေပဲ။ သူတို့သားအမိနှစ်ယောက်ကြားမှာ သူမက သူစိမ်းသက်သက်။
ဇနီးမယားတစ်ယောက်နေရာက ဘာမှအာဏာပြခွင့်ရသူမဟုတ်လ။ ပြဿနာတစ်စုံတစ်ရာဖြစ်တိုင်း
"မေမေ စိတ်မကောင်းဖြစ်နေတယ်။ မေမေ့ကို စကားသွားပြောလိုက်ပါဦး မေဆောင်းရယ်"
ဟု မောင်က လေပြေထိုးလျှင် သူမမှာ အောင့်သက်သက်နှင့်အခံရခက်လှချည့်။ ဒါဟာ သူမဘက်က အလျှော့ပေးတောင်းပန်ရတဲ့ကိစ္စပဲမဟုတ်လား။
ကိစ္စတိုင်းမှာ သူမဘက်က အမှန်မရှိဘဲ ဒေါ်ယဉ်ယဉ်တစ်ဦးတည်းသာ အမှားမရှိ၊ အမှန်တရားကို
တစ်ဦးတည်းပိုင်ဆိုင်သူ ဖြစ်သည်တဲ့။ တစ်လောကလုံးမှာ သူတို့သားအမိနှစ်ယောက်သာ အမှန်။
သူတို့သားအမိနှစ်ယောက်သာ အချစ်နိုင်ဆုံးလို့ ထင်နေကြသူတွေ။ နှစ်ယောက်တစ်ကမ္ဘာ တည်ဆောက်ကြပေတော့။
သူမဘက်ကဘယ်လိုမှမမှားဟု
ခံယူထားသော ကိစ္စမျိုးတွင်ပင် အချိန်ရောက်တော့ တောင်းပန်လိုက်ရသည်က အခါခါ။ တစ်ခါတလေတော့
သူမ စိတ်ပေါက်ပေါက်နှင့် သားလေးကိုခေါ်ကာ ဘွားဘွားအိမ် သို့မဟုတ် မမကြီး၏အိမ်သို့ တစ်နေကုန်သွားလည်ပစ်လိုက်၏။
သူမ စိတ်ဆိုးလွန်းမှ ဘွားဘွားကို လာတွေ့နိုင်တာ မတရားလှပါ။ အိမ်လည်ခြင်းကို မကြိုက်သော၊
ဘယ်ဆွေမျိုးလာလည်သည်ကိုမှလည်း မတွေ့ဖူးသော မောင်တို့သားအမိအကြောင်းကိုသိလျက် သူမ တမင်လုပ်ခြင်းဟု
သတ်မှတ်နိုင်ပေမယ့် ဘွားဘွားအိမ်ဆိုတာ သူမအမြဲမပြတ်ဝင်ထွက်သင့်သည့် အရပ်တစ်ခုပါ။ သူမ
မောင်နှင့်လက်ထပ်ပြီးနောက် မောင် အိမ်အသစ်ဝယ်လိုက်တာမို့ ဘွားဘွားနှင့် အလှမ်းဝေးသွားခဲ့၏။
ဘွားဘွားအိမ်က ပါရမီမှာရှိပြီး သူမတို့က ဗဟန်းကို ပြောင်းရွှေ့ခဲ့တာမို့ တကူးတက အချိန်ပေးမသွားနိုင်သည့်အခါ
ပို၍ ဝေးကွာခဲ့ရလေသည်။ နောက်ဆုံးတော့ နှင်းမေဆောင်းရဲ့ တင်းကျပ်စွာ ပိတ်လှောင်ထားရတဲ့
ရင်တွင်းခံစားချက်တွေကို ဖွင့်ထုတ်ဖို့၊ နှင်းမေဆောင်းရဲ့ ကြိတ်မနိုင်ခဲမရ နာကျင်မှုတွေကို
ဖြေလျော့ဖို့အမြဲတံခါးဖွင့်ကြိုဆိုနေတဲ့ အိမ်ဂေဟာဟာ ဘွားဘွားရဲ့ မေတ္တာအိမ်လေးပေါ့။
(၈)
ဘွားဘွားအိမ်သို့
သူမ သတိတရသွားဖြစ်ခဲ့ခြင်းသည် မေမေ့ကိုရှောင်ဖယ်လိုမှုသက်သက်ကြောင့် မဟုတ်ခဲ့ပါ။ ဘာပဲဖြစ်ဖြစ်
သူမ ခင်ပွန်းသည်မရှိသည့်အချိန်မျိုးမှာ မေမေ့ကိုပစ်ပယ်ထားခဲ့ခြင်းမှမဟုတ်ဘဲ။ တစ်လောကလုံးမှာ
မေမေအယုံကြည်ဆုံးဖြစ်သော အချစ်ဆုံးသားနှင့် အတူရှိနေသည့် ရက်တွေမှာတော့ နှင်းမေဆောင်းကို
လွတ်လပ်ခွင့်ပေး နားလည်သင့်သည်ပေါ့။ မေမေက သူကိုယ်တိုင် ၀မ်းနှင့်လွယ်မွေးထားသည့်သားကိုချစ်သလို၊
နှင်းမေဆောင်းလည်း သူမမွေးထားသည့် သားလေးကိုချစ်ပါသည်။ သို့ပေမယ့် သူမ၏ သားလေးကိုဖြင့်
ဖခင်ဖြစ်သူလို ဆွေမှန်းမျိုးမှန်းမသိတတ်သည့် တစ်ကောင်ကြွက်မဖြစ်စေချင်ပါ။ သားကို သူမတစ်ဦးတည်း
မွေးခဲ့တာမှန်ပေမယ့် သားမှာ ခင်တွယ်စရာဆွေတွေမျိုးတွေ ရှိသေးတယ်။ အလေးထားစရာ အဒေါ်တွေ၊
ဦးလေးတွေရှိသေးတယ်။ သားမှာ သူမအပြင် တခြားတခြားသော လူတွေကို ချစ်ခင်တတ်တဲ့စိတ်ရှိရမယ်။
သူမအတွေးနှင့်သူမ
စိတ်တိုင်းကျသားလေးကို ပြုစုပျိုးထောင်တော့မည်။ "ဘွားဘွားနေမကောင်းဘူး၊ အသက်လည်းကြီးလှပြီ၊
မေဆောင်းကိုယ်တိုင်ပြုစုဖို့ ၀တ္တရားရှိတယ်" ဟူသော အကြောင်းပြချက်ဖြင့် သူမ နေ့စဉ်နီးပါးအပြင်ထွက်ရတော့
မောင်တို့သားအမိနှစ်ယောက်လုံး မျက်နှာမကြည်မလင်ရှိခဲ့လေ၏။ တကယ်လည်း ဘွားဘွားဘေးမှာ
သူမ အဖော်လုပ်ခဲ့တာပါပဲ။ တစ်ခါတစ်ရံတော့ ကုန်ဈေးတန်းရှိ ဒေါ်လေးဆိုင်မှာ ဈေးကူရောင်းရင်း
အချိန်ဖြုန်းနေလိုက်၏။ အိမ်မှာ တစ်နေကုန်တစ်နေခန်း အဓိပ္ပာယ်မဲ့စွာ အချိန်ကုန်နေတာနှင့်စာလျှင်
သူမအတွက် အစစအရာရာ ပညာရစရာတွေချည်း။ အပျိုဘ၀တုန်းက စိတ်မ၀င်စားခဲ့သော စီးပွားရေးကို
သူမ စိတ်ဝင်စားမိလေပြီ။
"မေဆောင်း
မင်းအဘွား နေမကောင်းဘူးဆိုလို့ အပြင်ထွက်ခွင့်ပြုထားတာ၊ သားကို အဘွားအိမ်မှာထားပြီး
မင်း ဆိုင်ထွက်နေတယ်ဆို" သူမ ပါရမီမှာမရှိဘဲ ကုန်ဈေးတန်းရောက်နေသည်ကို မောင်သိတော့
ဒေါသူပုန်ထလေသည်။ "ဟုတ်တယ်မောင်၊ ဘွားဘွားအိမ်မှာ လူစုံနေလို့သားကို သူ့အဒေါ်တွေ၊
အစ်မတွေ ၀ိုင်းထိန်းနေကြတယ်။ မေဆောင်း စီးပွားရေးကို စိတ်ဝင်စားလာလို့ လေ့လာနေတာ။ သားကိုလက်လွှတ်ရရင်
မေဆောင်း စီးပွားရေးကို ဇောက်ချလုပ်တော့မယ်"
"ဒါ
ဘယ်တုန်းကရလိုက်တဲ့ စိတ်ကူးလဲ မေဆောင်း။ မင်းဟာ စီးပွားရေးကို စိတ်ဝင်စားတဲ့မိန်းမ
မဟုတ်ပါဘူး။ မင်းတို့သားအမိကို ကိုယ်ဒီလောက်ပြည့်ပြည့်စုံစုံထားပေးနေတဲ့ကြားက မင်း
စီးပွားထွက်ရှာမယ်ဆိုတာ ကိုယ်နဲ့မေမေ့ကို အရွဲ့တိုက်နေတာပဲ။ ပြီးတော့ မင်းမှာ ရည်ရွယ်ချက်တစ်ခုခုရှိရမယ်"
"သိပ်ရှိတာပေါ့
မောင်၊ မောင့်လိုပဲ သားလေးမှာ အားကိုးရလောက်တဲ့ မေမေတစ်ယောက်ရှိဖို့အတွက် ကျွန်မ ခုကတည်းက
စီးပွားရှာနေတာ။ ကျွန်မလုပ်သမျှ အလုပ်တိုင်းဟာ သားရဲ့ရှေ့ရေးအတွက်ချည်းပဲ"
"မလိုပါဘူး၊
ကိုယ် မင်းတို့သားအမိနှစ်ယောက်ဘ၀ကို တစ်သက်လုံးတာဝန်ယူပြီးသား"
"ဒါပေမယ့်
ကျွန်မမှာ ယောက်ျားတစ်ယောက်ကို တစ်သက်လုံး ပိုင်ဆိုင်ခွင့် ပါမစ်မှမရှိဘဲ မောင်ရဲ့"
သူမစကားကြောင့်
မောင် အကြီးအကျယ် စိတ်လှုပ်ရှားသွားလေသည်။ သူမ မောင့်ဒေါသကို မြင်လို၍ တမင်ပြောလိုက်ခြင်းမဟုတ်ပါ။
သူမကိုချစ်တယ်ဟု တစ်ခွန်းမဆိုခဲ့ဘဲ လက်ထပ်ယူခဲ့သော ယောက်ျားတစ်ယောက်အပေါ် မယုံကြည်ရဲစွာ
ရင်ထဲရှိသည့်အတိုင်း ဖွင့်ထုတ်ပြောလိုက်မိခြင်းသာဖြစ်၏။ ချစ်တယ်၊ ချစ်တယ်ဟု အကြိမ်ပေါင်း
ထောင်သောင်းမက နှုတ်မှမြွက်ဟဖူးခဲ့သော ယောက်ျားတွေပင် ဒုတိယတွေ၊ တတိယတွေ ပေါ်ထွက်လာတာ
ခေတ်စားနေသည့်ခေတ်ကြီးထဲမှာ သူမ ဘယ်လိုထောက်ခံချက်မျိုးဖြင့် ယုံကြည်နိုင်မှာတဲ့လဲ။
မောင့်ကို သူမစိတ်မချနိုင်သလို သူမကိုယ်သူမလည်း ယုံကြည်မှုမရှိလှပါ။
သူမထက်ပို၍ ဆွဲဆောင်မှုကောင်းစွာ
လှပချောမောသော မောင်၏ရည်းစားဟောင်းကို မြင်တွေ့ဖူးပြီးကတည်းက သူမကိုယ်သူမ ယုံကြည်မှုတွေ
လျော့ပါးလာခဲ့ရသည်ပဲ။
"ဒါ
မင်းအပျက်ဘက်ကိုတွေးပြီး လုပ်နေတဲ့အလုပ်တွေပဲ"
"ဟုတ်တယ်မောင်၊
အပျက်ကိုပဲတွေးပြီး ကျွန်မကြိုတင်ပြင်ဆင်နေခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်မကိုယ်ကျွန်မ
မယုံကြည်ရဲလို့ပဲ။ မောင့်ကိုတစ်သက်လုံး ချည်နှောင်ထားနိုင်စွမ်း ကျွန်မမှာမရှိဘူးဆိုတဲ့
သံသယတွေနဲ့ ကျွန်မ အပျက်ဘက်ကိုပဲ တွေးနေခဲ့တယ်။ ဒါပေမယ့် ကျွန်မက မာနလည်းကြီးပြချင်သေးတယ်
မဟုတ်လား။ ကိုယ့်ကိုမလိုအပ်တဲ့ ယောက်ျားတစ်ယောက်ဆီက ကလေးစရိတ်ရလိုမှုအတွက် မျက်နှာချင်းဆိုင်ရတဲ့
မိန်းမတစ်ယောက်ရဲ့ခံစားမှုမျိုးကို ကျွန်မမခံစားနိုင်ဘူး မောင်ရဲ့။ ၀န်ခံပါတယ် မောင်၊
ဒီအတွက် ကျွန်မ စီးပွားရှာမယ်ဆိုရင်လည်း မောင် မကန့်ကွက်ပါနဲ့တော့" ဒေါသတကြီးဖြစ်နေသော
မောင့်မျက်နှာ ရုတ်ခြည်းအရောင်ပြောင်းသွားခဲ့လေသည်။ သူမကို တုံ့ပြန်စကားတစ်ခွန်းမှမဆိုတော့ဘဲ
ငြိမ်ကျသွားခဲ့၏။ မောင့်ရင်ထဲကခံစားချက်ကို သူမ ဘာတစ်ခုမှ မမြင်တွေ့ခဲ့ရ။ အဲဒီနောက်ပိုင်း
မောင် ခါတိုင်းထက် စကားပိုနည်းသွားတာတစ်ခုကိုပဲ သူမ နားမလည်စွာ တွေ့မြင်ခဲ့ရလေသည်။
(၉)
နှင်းမေဆောင်း၏အိမ်တွင်းရေး
မပြေလည်မှုတွေကို တစ်စတစ်စသိရှိလာသည့် ဘွားဘွားကတော့ ၀မ်းနည်းမဆုံးရှိနေလေသည်။
"သမီးရယ် သည်းခံပါ၊ မယဉ်ယဉ်လည်းအသက်ကြီးပါပြီ" ဟူသော စကားကိုဆိုလျက် သူမကို
အားပေးဖျောင်းဖျနေလေသည်။ လင်နှင့်မယား တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိရုံဖြင့် မပြည့်စုံသောဒီလိုအိမ်ထောင်ရေးမျိုးကို
ဘယ်လိုဖျန်ဖြေရေးသမားက ပြေလည်အောင် ဖြေရှင်းပေးနိုင်မှာတဲ့လဲ။ သူမဘက်က အတတ်နိုင်ဆုံး
အရှုံးပေးသည်းခံလာခဲ့သည်မှာ ငါးနှစ်ကျော်ကာလရှိခဲ့ပြီ။ ဒီလောက်သည်းခံနေသည့်ကြားကပဲ
သူမတို့၏အိမ်ထောင်ရေးကို ထိပါးပြိုပျက်သွားစေလောက်သည့် အဖြစ်ဆိုးတစ်ခုက လုံးဝထင်မှတ်မထားသည့်
အချိုးအကွေ့တစ်ခုက ထွက်ပေါ်လာခဲ့လေသည်။
စင်စစ်တော့
ဘာမှမည်မည်ရရမဟုတ်သော ပြဿနာလေး၏ဇာစ်မြစ်က ပြန်ပြောလျှင်ပင် ရယ်မောဖို့ကောင်းသော ဖြစ်ရပ်ကလေးဖြစ်၏။
ဒါကို မေမေနှင့်မောင်က ကမ္ဘာ့အရေးအခင်း ပြဿနာကြီး တစ်ခုနှယ် ပုံကြီးချဲ့၍ သူမအပေါ် မငဲ့မညှာ
ရပ်လုပ်ခဲ့ခြင်းဖြစ်သည်။ မေမေတစ်ယောက်တည်းက သူမအပေါ် ယိုးမယ်ဖွဲ့ပြစ်တင်ခြင်းဆိုလျှင်
ခံသာသေး၏။ ခုတော့ မောင်ကပင် သူမရင်တွင်းခံစားချက်များကို ငဲ့ကြည့်ဖော်မရဘဲ အထင်အမြင်လွဲစကားတွေ
ဆိုနေခဲ့သည်မဟုတ်လား။ မောင်သည် မေမေ့စကားဆိုလျှင် ခြွင်းချက်မရှိ အလုံးစုံကို အပြည့်အ၀ယုံကြည်တတ်သော
သားတစ်ယောက်ဖြစ်သည်ဆိုတာ သူမ သိခဲ့ပါသည်။
"မေမေက
ကိုယ့်ကို ဘယ်တော့မှညာမှာမဟုတ်ဘူး မေဆောင်း" ဟု သူကပြောလာသည့်စကားကို ထောက်ရှု၍
သူမကသာ လိမ်ညာမည့်သူဖြစ်ရသည်ပေါ့။ ဘယ်အခါမှ မလိမ်လည်တတ်သည့် သူမကလည်း တရားခံတစ်ယောက်လို
စစ်မေးလာသည့် မောင့်မေးခွန်းကို ရဲဝံ့ပြတ်သားစွာပင် "ဟုတ်တယ် မောင်၊ ကျွန်မ အဲဒီအတိုင်းပဲပြောခဲ့တာအမှန်ပဲ"
ဟု ၀န်ခံရဲခဲ့၏။
"တကယ်ဆို
မင်း ပြောခဲ့ရင်တောင် အဲဒီလို ၀န်ခံခဲ့ဖို့မကောင်းဘူး" တဲ့။
ဝန်ခံရဲတယ်မောင်။
နှင်းမေဆောင်းဟာ သူတစ်ပါးရဲ့အပြစ်ယူစရာမဟုတ်တဲ့စကားတစ်ခွန်းအပေါ် အထအနကောက် ပုံကြီးချဲ့တတ်သူ
မဟုတ်တဲ့အတွက်။ ဖြစ်ရပ်တိုင်းအပေါ် အဆိုးမြင်ဝါဒနဲ့သာ ရှုမြင်တတ်သူမဟုတ်တဲ့အတွက်။ ပလီပလာ
မူရာမာယာများပြတတ်သူ မဟုတ်တဲ့အတွက်။ ကိုယ်လုပ်တဲ့အလုပ်အပေါ် ကိုယ်တာဝန်ယူရဲတဲ့အတွက်။
နှင်းမေဆောင်းဟာ ဘယ်တော့မှ တစ်ပါးသူထိခိုက်နစ်နာစေမယ့် မုသာဝါဒစကားကို မဆိုဘူးဆိုတာ
မောင် မှတ်ထားလိုက်။
ဘယ်လောက်ဟာသမြောက်သည့်
ဖြစ်ရပ်လဲဆိုတာ ကြည့်စမ်းပါဦး အရပ်ကတို့ဟုသာ အော်ပစ်ဖို့ကောင်းပါရဲ့။
လက်ထပ်တော့မည့်ဆဲဆဲ
ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်က သူ၏ သတို့သားလောင်းအကြောင်းကို တယ်လီဖုန်းဆက်၍ ပြောပြခဲ့သောဇာတ်လမ်းက
စလေသည်။ သူငယ်ချင်းမ၏ သတို့သားလောင်း၌ မိခင်ရော ဖခင်ပါ မရှိတော့။ တစ်ဦးတည်း ကိုယ့်ဒူးကိုယ်ချွန်ဘ၀ကို
ရုန်းကန်ရင်း စက်မှုအင်ဂျင်နီယာ တစ်ယောက်ဖြစ်လာခဲ့သူ။ အပျိုကြီးပီပီ ဂဂျီဂဂျောင် နည်းနည်းများချင်သော
သူငယ်ချင်းမက "သူ့မှာ မိဘတွေမရှိတော့ဘူးဟ၊ မျက်နှာတော့ငယ်ရတာပေါ့ဟာ" ဟုဆိုတော့
သူမပြန်ပြောဖြစ်သည့်စကားက ပြဿနာ၏အဓိကအကျဆုံး အစိတ်အပိုင်းဖြစ်လေသည်။
"အမလေးတော်၊
သူ့မှာမိဘမရှိတော့တာ မျက်နှာငယ်ရမလား။ ရှင် မျက်နှာကြီးရမယ့်ကိစ္စ။ နှစ်ယောက်စလုံးမရှိလေ
ပိုအေးလေပဲ။ ရှင့်အမျိုးသားမှာ မိဘမရှိတော့တာကိုပဲ ရှင် ကံကောင်းတယ်မှတ်ပါ"
ထိုစကားသည်
နှင်းမေဆောင်းပြောခဲ့သည့်စကား အမှန်ပဲဖြစ်၏။ သူမ တယ်လီဖုန်းစကားပြောနေစဉ် ဘယ်အချိန်က
ရောက်နေမှန်းမသိသော မေမေက ထိုစကားတို့ကို မလွဲမသွေ ကြားခဲ့ပေလိမ့်မည်။ သို့ပေမယ့် သူမ
ခင်ပွန်းသည်အား ပြန်လည်တိုင်တန်းပြောဆိုသော မေမေ့စကားတွေက ဒီထက် အဆပေါင်းများစွာ အထိနာသော
စကားရှည်ကြီးဖြစ်သွားခဲ့သည်။ ပြီးတော့ မေမေ့မျက်ရည်စက်တွေက သားဖြစ်သူ၏ စိတ်နှလုံးကို
အစွမ်းကုန်ထိခိုက်ကြေကွဲစေအောင် ပံ့ပိုးထောက်ကူနိုင်ခဲ့လေသည်။ ကံဆိုးသူကတော့ နှင်းမေဆောင်းတစ်ဦးရယ်ပေါ့။
"သားတို့လင်မယား
အေးအေးဆေးဆေးနေရအောင် မေမေရောက်ရာပေါက်ရာသွားပါတော့မယ်" ဟူသော စကားက အသက် ၇၆ နှစ်အရွယ်
အမျိုးသမီးကြီးတစ်ယောက်၏ ရင်တွင်းမှလာသော ငြိမ်းချမ်းရေးစကား မဟုတ်ဘူးဆိုတာ သူမ ကောင်းကောင်းကြီးသိလေသည်။
နှစ်ပေါင်း ၃၀ ကျော် ၄၀ နီးပါး ဒေါ်ယဉ်ယဉ်၏အရိပ်အငွေ့အောက်၌ နေထိုင်ခဲ့သော သားတစ်ယောက်ထက်
၆ နှစ်မျှကာလအတွင်း ဒေါ်ယဉ်ယဉ်၏ချွေးမအဖြစ်နေထိုင်ခဲ့သော သူမက ထိုအမျိုးသမီး၏စိတ်ကို
နက်နက်ရှိုင်းရှိုင်း သဘောပေါက်နားလည်သည်ဟုဆိုက မယုံမကြည် ဖြစ်နိုင်ပေ၏။ မေမေဟာ သူမအပေါ်မလိုမုန်းထားစိတ်တို့ချည်းသာ
မွေးခဲ့တာတော့မဟုတ်ပါ။
သို့ပေမယ့် နှင်းမေဆောင်းအပေါ် မောင်က မေမေ့ထက်ပိုပြီး ဂရုစိုက်မှာ၊
အလေးထားမှာကို ၀န်တိုနေခဲ့တာတော့ သေချာလှ၏။ အံ့သြစရာအကောင်းဆုံး မေမေ့မနာလိုမှုကတော့
မောင်နှင့်သူမ တိုးတိုးတိတ်တိတ် စကားကြာရှည်ပြောခြင်းအပေါ် သည်းမခံနိုင်လောက်အောင် ဣနြေ္ဒပျက်ခြင်းပါပဲ။
နှင်းမေဆောင်းကို
မေမေ ဘာကြောင့်များ နားမလည်နိုင်ခဲ့ပါလိမ့်။ မောင့်ကိုချစ်မက်၍ မေမေ့ကို စတင်ချဉ်းကပ်ခဲ့ခြင်းမှန်ပေမယ့်
မေမေ့ကျေးဇူးကို သူမ အလေးထားပါသည်။ မောင့်အသည်းနှလုံးဖြစ်သည့် မေမေ့ကို နှင်းမေဆောင်း
တစ်သက်တာလုံး အလေးထားကိုးကွယ်ဖို့ ဆုံးဖြတ်ပြီးမှ လက်ထပ်ခဲ့သူဖြစ်ပါ၏။ ပြီးတော့ လူကြီးသူမတို့ကို
သူမ နေရာပေး အလေးထားတတ်ပါသည်။ အသက်အရွယ်ကြီးရင့်လာသူအချို့၏ ဖောက်ပြန်ချွတ်ယွင်းလာတတ်သော
စိတ်ဓာတ်ရေးရာတို့ကို သူမ သိနားလည်ပါသည်။ သူမ၏ ဘွားဘွားကတော့ဖြင့် အသက် ၉၂ နှစ်ပြည့်သည်အထိ
သတိကောင်းဆဲ၊ ဥာဏ်အမြော်အမြင်ကြီးဆဲဖြစ်လေသည်။
ဘွားဘွားလိုလူမျိုးနှင့်နေခဲ့ရသည့် နှင်းမေဆောင်းက
လူ့စိတ်ထားဆိုတာ အသက်အရွယ်ကြီးမြင့်လာတိုင်း ဖောက်ပြန်လာတတ်သည်မဟုတ်ဘူးဆိုတာလည်း သိနှင့်သားပေါ့။
သို့ပေမယ့် ဘယ်လိုမှ ဖြေရှင်း၍မရနိုင်သော ထိုပြဿနာ၌ နှင်းမေဆောင်းသည်သာလျှင် လူကြီးသူမကို
မထီမဲ့မြင်ပြုသူ၊ ယောက္ခမကို အမေလိုသဘောမထားနိုင်သူ၊ မရိုသေတတ်သူ၊ ကျေးဇူးမသိတတ်သူ အရိုင်းအစိုင်းမ
ဖြစ်ခဲ့ရလေသည်။
(၁၀)
"မေဆောင်းရာ၊
မင်း မေမေ့ကို မကြည်ဖြူဘူးဆိုရင်တောင် ကိုယ်နဲ့မင်းကို လက်ထပ်ပေးခဲ့တဲ့ အကြောင်းတစ်ခုကြောင့်ပဲ
ထောက်ထားငဲ့ညှာသင့်ပါတယ်" ဟု မောင်က သူမလုပ်ရပ်အပေါ် နာကြည်းသလိုပြောတော့ မောင့်ကို
အသနားခံတောင်းပန်လိုစိတ်တွေ လုံးဝပျောက်ဆုံးကုန်လေသည်။ တကယ်ဆို နှင်းမေဆောင်းဟာ ပြဿနာတစ်စုံတစ်ရာကို
ဖန်တီးခဲ့သူမဟုတ်။ မေမေနှင့် သူမအကြား ဖြစ်ပွားသော တိုက်ရိုက်ပဋိပက္ခလည်းမဟုတ်။ နားစွန်နားဖျားကြားရသည့်
စကားတစ်ခွန်းအပေါ် အထအနကောက် ပုံကြီးချဲ့ကာ တစ်ဖက်သတ်ပြဿနာလုပ်ခဲ့သူက မေမေဖြစ်လျက် သူမခေါင်းပေါ်ကိုသာ
မောင်က အပြစ်ပုံချရက်ခဲ့သည်။
သူမက
ပြေရာပြေကြောင်း ရှင်းလင်းပြနေတာကို မောင်က လက်မခံနိုင်ခဲ့။ သူမရင်တွင်းမှာ၊ စိတ်တွင်းမှာ
မေမေ့အပေါ် မလိုတမာစိတ်၊ မုန်းတီးရန်လိုစိတ် နည်းနည်းမှမရှိခဲ့တာ သူမဘာသာ အသိဆုံးပါပဲ။
သူငယ်ချင်းကို ပြောလိုက်သည့်စကားက သူမနှုတ်မှ အမှန်တကယ်ထွက်ခဲ့သော စကားဖြစ်ပေမယ့် မေမေ့ကို
စောင်းချိတ်ပြောခဲ့ခြင်းမဟုတ်။ သူငယ်ချင်းမ၏ လတ်တလော စိတ်မကြည်မသာဖြစ်မှုကို ရိုးရိုးသားသား
စေတနာနှင့် ဖြေလျော့ပေးခဲ့ခြင်းသာဖြစ်၏။ မေမေ့ကို မလိုလားမနှစ်မြို့၍ ပြောခြင်းမဟုတ်ရိုး
အမှန်။ မေမေ့အပေါ် သူမဘက်က ဘယ်တုန်းကမှ အာဃာတမထားခဲ့။ သို့ပေမယ့် သူမ၏စိတ်ရင်းအမှန်ကိုပင်
ထွင်းဖောက်ကြည့်မြင်နိုင်စွမ်းမရှိသော မောင်က မေမေ့မျက်ရည်ကိုမှ အဟုတ်ထင်ခဲ့လေသည်။
မောင်
သူမကို လျှော့တွက်ခဲ့ပေါင်းများလှပြီ။ သူမခံစားချက်မှန်သမျှကို မျက်ကွယ်ပြုပေါင်းများလှပြီ။
နှင်းမေဆောင်းမှာလည်း စိတ်ရှိတယ်၊ မာနရှိသေးတယ်ဆိုတာ မောင်မေ့လျော့နေခဲ့ပါသလား။ ချစ်ခြင်းတစ်ခုအတွက်
ထာဝစဉ်အရှုံးပေးနေခဲ့သော မိန်းမတစ်ယောက်ကို မောင်တို့သားအမိ နိုင်စားခဲ့ပေါင်းများလှပါပြီ။
"မောင်
ယုံချင်ယုံ မယုံချင်နေတော့။ ကျွန်မပြောမိတဲ့စကားဟာ မေမေ့ကို အမုန်းတရားထားပြီး မလိုလို့ပြောခဲ့တာမဟုတ်ဘူး၊
မေမေကသာ ကျွန်မကို မလိုတမာဖြစ်လာခဲ့တာ။ မိဘတိုင်းဟာ သားသမီးအပေါ် ကောင်းနိုင်ပေမယ့်
အဲဒီမိဘလုပ်တဲ့ လုပ်ရပ်တိုင်းဟာ လူတိုင်းအပေါ် မကောင်းနိုင်၊ မမှန်နိုင်ဘူးဆိုတာ မောင့်ဥာဏ်နဲ့မောင်
တွေးခေါ်စဉ်းစား။ မေမေဟာ မောင့်အတွက် အကောင်းဆုံးလူတစ်ယောက်ဆိုတာ ကျွန်မသိပါတယ်။
ဒါပေမယ့်
ဖြစ်ရပ်တိုင်းမှာတော့ မောင့်မေမေ ဖြစ်တာနဲ့တင် မေမေသာအမှန်လို့ မောင် မတွက်ပါနဲ့။ ကျွန်မလုပ်တာ
ပြောတာမှန်တယ်လို့လည်း မဆိုလိုပါဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့ မေမေ့အပေါ် ကျွန်မဘက်က စေတနာဆိုးနဲ့
ဘယ်တုန်းကမှ မဆက်ဆံခဲ့ဖူးတဲ့အတွက် ကျွန်မ ကိုယ့်လိပ်ပြာကိုယ်လုံတယ်"
ထိုကိစ္စအတွက်
မောင်နှင့်သူမ စကားများကြပြီးနောက် မောင်တို့သားအမိနှစ်ယောက်ကို ဘယ်နည်းနှင့်မှ အလျှော့မပေးဟု
ဆုံးဖြတ်ကာ သူမခေါင်းမာနေခဲ့လေသည်။ မေမေကလည်း သူမကို အမည်တပ်၍မခေါ်၊ သူမကလည်း မေမေ့ကို
ဘာမှမေးမြန်းခြင်းမရှိတော့။ မေမေ့ကို တောင်းပန်လိုက်ပါဟု မောင်မဆိုခင်ကတည်းက အဖြစ်အပျက်အမှန်ကို
သူမကိုယ်တိုင်ရှင်းပြခဲ့ပြီးပြီ။ ဒါကို မေမေက ခွင့်လွှတ်နားလည်မှုမပေးဘဲ "ငါသိပါတယ်အေ၊
စကားတစ်ခွန်းထွက်လာတယ်ဆို ဗိုက်ထဲမှာ အူဘယ်နှစ်ခွေရှိတယ်ဆိုတာ ငါ သိပြီးသားပါ"
တဲ့။ ကဲ… နှင်းမေဆောင်း၊ ဘာဆက်လုပ်ရတော့မှာလဲ။
မောင့်အိမ်သို့ရောက်ကတည်းက
ဘယ်အခါမှ မထွက်ခဲ့သောဒေါသနှင့်မာနက အစိုင်အခဲကြီးစွာ ရုန်းထွက်လာတော့၏။ ဘာမှမဖြစ်လောက်တဲ့ကိစ္စအတွက်
သူမအိမ်ထောင်ရေးကို သူမ ဘယ်မှာလာအထိခိုက်ခံချင်မှာလဲ။ သို့သော် နှင်းမေဆောင်းသည် အရှုံးပေးပါပြီဟု
ပြောနေသည့်ကြားက တစ်ဖက်ရန်သူ၏ပြင်းထန်သော လက်သီးချက်တွေကြားမှာ မရှုမလှ လဲကျနေခဲ့ရခြင်းဖြစ်လေသည်။
(၁၁)
"ကျွန်မသိပြီမောင်၊
မေမေဟာ ကျွန်မကိုမလိုချင်တော့ဘူး။ ဒါကြောင့်သာ ကျွန်မအပေါ် မကျေနိုင်မအေးနိုင် ဖြစ်နေခဲ့တာပေါ့။
မေမေကမှ ကျွန်မကို မလိုတော့ မောင်လည်း ကျွန်မကို လိုတော့မယ်မဟုတ်ပါဘူး" မေမေနှင့်သူမ
ပဋိပက္ခဖြစ်ပြီးနောက် သူမကို တတ်နိုင်သမျှ ရှောင်ဖယ်နေသော မောင့်ကို နှင်းမေဆောင်း ရဲဝံ့စွာ
ရင်ဆိုင်ပစ်လိုက်၏။
"ကျွန်မသိပါတယ်မောင်၊
ခုချိန်မှာ ကျွန်မတို့သုံးယောက်စလုံး စိတ်ဆင်းရဲနေကြတယ်။ အဲဒီအတွက် အကောင်းဆုံးအဖြေတစ်ခုကို
ကျွန်မပေးတော့မှာပါ။ တကယ်ဆို ကျွန်မ မေမေ့ကို တောင်းပန်ပြီးခဲ့ပြီ။ ဒီပြဿနာဟာ ပြီးဆုံးသွားသင့်ပါပြီ။
ပြီးသင့်လျက်နဲ့မပြီးတာဟာ ကျွန်မကို မလိုတော့ဘူးဆိုတာ သက်သေပြတာပဲမဟုတ်လား။ ကျွန်မ
မေမေ့ကို ရည်ရွယ်ပြီးပြောခဲ့တဲ့စကားမဟုတ်ဘဲနဲ့ ကျွန်မ မေမေ့အပေါ် မလိုတမာဖြစ်ခဲ့ပါတယ်၊
ကျွန်မမှားခဲ့ပါတယ်လို့ သစ္စာဆိုပြီး ၀န်ချတောင်းပန်ရမယ့်အစား ကျွန်မကိုယ်ကျွန်မ သက်သေပစ်ရဲတယ်"
"မေမေ့ကိုပြိုင်ပြီး
ကျွန်မ မာနကြီးပြနေတာလို့ မောင် ထင်ခဲ့တယ်မဟုတ်လား။ မဟုတ်ဘူးမောင်၊ တကယ်က ကျွန်မ မေမေ့ကို
ရင်ဆိုင်စကားပြောဖို့ကို စိတ်ကုန်သွားခဲ့တာ။ ရှင်းရှင်းပြောရရင် ကျွန်မ ဒီအိမ်ထောင်ရေးကို
စိတ်ကုန်နေပြီမောင်။ စိတ်ကုန်တယ်ဆိုတာထက် ကျွန်မကြောက်နေပြီ။ မေမေရယ်၊ မောင်ရယ်၊ ကျွန်မရယ်
ဒီသုံးယောက်ပဲ အဓိကကျတဲ့ မိသားစုမှာ သုံးယောက်စလုံး စိတ်မချမ်းသာရဘူးဆိုမှတော့ ဒီအိမ်ထောင်မျိုးကို
ဆက်ပြီးဖွဲ့တည်နေစရာလိုတော့လို့လား။ ဒါကြောင့် မောင်တို့သားအမိ ကျွန်မ မပါတော့တဲ့ဘ၀မှာ
ပျော်ရွှင်ချမ်းမြေ့အောင် လုပ်ကြပါတော့။ မောင် တစ်ခုပဲ လိုက်လျောပေးပါ၊ မေမေ့အတွက် မောင်
မရှိမဖြစ်လိုအပ်သလို ကျွန်မအတွက်လည်း သားက မရှိမဖြစ် လိုအပ်နေဦးမှာ။ မောင်တို့သားအမိနှစ်ယောက်အပေါ်
တင်နေတဲ့အကြွေးတွေ ကျွန်မမှာ ကုန်ပြီထင်ပါတယ်။ ကျွန်မက စပြီး တောင်းဆိုတာပါ။ ကျွန်မကို
မောင် ကွာရှင်းခွင့်ပေးပါ"
အေးစက်တည်ငြိမ်နေသော
နှင်းမေဆောင်း၏ ဒေါသသံမပါသော စကားများကို မောင် တုန်လှုပ်အံ့သြစွာ နားထောင်နေခဲ့၏။ မောင်
တွေးထင်ခဲ့မှာပေါ့၊ မောင့်ကို ဖျပ်ဖျပ်လူး ချစ်မက်ပြီး အရလက်ထပ်ခဲ့တဲ့ မိန်းမတစ်ယောက်ဆီက
ဒီလိုစကားမျိုးကို ဘ၀တစ်သက်တာလုံး ကြားနာရလိမ့်မည်မဟုတ်ဟုသာ တွေးဖြစ်ခဲ့မှာပေါ့။ သူမ၏အိမ်ထောင်ရေးကို
သူမ စိတ်ပျက်ငြီးငွေ့နေပြီဖြစ်ကြောင်း အခုတော့ မောင်သိရပြီမဟုတ်လား။ မောင်နှင့်မေမေ
အပါအ၀င် ပတ်သက်သမျှလူများက ဘယ်လိုအကြောင်းကြောင့်မှ နှင်းမေဆောင်း အိမ်ထောင်ကွဲ အမျိုးသမီးတစ်ယောက်အဖြစ်
ရပ်တည်ရဲမည်ဟု မထင်ခဲ့တာ သူမသည်။
"နင်
စိတ်လိုက်မာန်ပါမလုပ်ပါနဲ့၊ ယောက္ခမနဲ့မကြည်လို့ အိမ်ထောင်ပျက်ရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။
နင့်ယောက္ခမ လူ့လောကမှာ နောက်ထပ်ဘယ်နှစ်နှစ်များ နေနိုင်မှာမို့လဲ" ဟု ရင်းနှီးသော
အပေါင်းအသင်းများကဆိုတော့ သူမ မချိတင်ကဲ ပြုံးရလေသည်။ "မေမေသေရင် သားမိန်းမက ငိုမှာမဟုတ်ပါဘူး"
ဟု ပြောတတ်သည့် သူ့ယောက္ခမမသေမီ သူမ အရင်သေသွားနိုင်သည့် အဖြစ်အပျက်တွေကြားမှာ သူမ အသက်မရှင်လိုတော့သည့်အဖြစ်ကို
ဘယ်သူတွေ နားလည်နိုင်မှာတဲ့လဲ။
မေမေကျေနပ်သည်အထိ
ဝန်ချတောင်းပန်မှုမရှိခြင်းဟူသော ပြစ်မှုဖြင့် သူမကို ရက်စက်စွာ ဥပေက္ခာပြုထားသော လင်ယောက်ျားအပေါ်
သူမ ဘယ်လိုမှ နားမလည်နိုင်တော့တာ ဘယ်သူနားလည်ပေးမှာလဲ။ တုနှိုင်းဖွယ်မရှိသော မိခင်မေတ္တာတရားကို
သူမကိုယ်တိုင် ခံစားနားလည်နိုင်လျက် အတ္တများဖြင့် ဖုံးလွှမ်းနေသည့် မောင်တို့သားအမိမေတ္တာတရားကို
သူမ မုန်းတီးလှပြီ။
တစ်ခါတစ်ရံတော့
နှင်းမေဆောင်းသည် "ရှင့်မှာသာ အမေရှိတာမဟုတ်ဘူး၊ ကျွန်မမှာလည်း အမေရှိခဲ့ဖူးတယ်"
ဟု အော်ဟစ်ပေါက်ကွဲပစ်လိုက်ချင်၏။ တကယ်ဆို ဘွားဘွားဟာ အမေမဟုတ်ပေမယ့် နှင်းမေဆောင်းအတွက်
အမေပဲမဟုတ်လား။ သို့ပေမယ့် ဘွားဘွားအပေါ် မောင့်မေမေလောက်ပင် ခြေဆုပ်လက်နယ်မပြုစုခဲ့ရ။
မေမေ့ကို အရိပ်တကြည့်ကြည့် အဖော်လုပ်နေသလို ဘွားဘွားကိုလည်း သူမ အဖော်လုပ်မပေးခဲ့ရ။
ဘွားဘွားလည်းသူမအပေါ် မျှော်လင့်တကြီး စောင့်စားနေတတ်သူပါပဲ။ ဒါကို မောင်တို့သားအမိက
ကိုယ်ချင်းမစာ "မေဆောင်းအဘွားမှာ ဒီ့ပြင်မြေးတွေ ရှိသေးတာပဲ" ဟူသော စကားမျိုးကို
ဆိုနိုင်သေး၏။ မောင်တို့သားအမိက ဘွားဘွားနှင့်သူမကို စည်းခြားစေခဲ့သည်ကို သူမ မသိဘဲနေပါ့မလား။
သားလေးကို သူမ အမျိုးအဆွေတွေနှင့် ရောထွေးယှက်တင်မနေစေချင်တာလည်း နှင်းမေဆောင်းသိသားပေါ့။
ဘွားဘွားမသေခင်
မြေးအငယ်များနှင့် မြစ်များကိုရှင်ပြုပေးလိုကြောင်း၊ မေဆောင်းသားလေး ငါးနှစ်ပြည့်လျှင်
ဘွားဘွားက ရှင်ပြုပေးလိုကြောင်း မောင်တို့သားအမိကိုပြောပြတော့ မေမေက ခါးခါးသီးသီးငြင်းဆိုခဲ့တာ
သူမ မမေ့နိုင်။ "သားဦး၊ မြေးဦး သူများရှင်ပြုတာမခံနိုင်ပါဘူး။ ကိုယ့်မှာလည်း
မရှိတာမှမဟုတ်ဘဲ။ ကိုယ့်သား ကိုယ့်မြေးကိုကိုယ်ပဲ ရှင်ပြုပေးမှာပေါ့။ မြေးလေး သင်္ကန်းနိုင်တဲ့အရွယ်ရောက်ရင်
မေမေကိုယ်တိုင် အလှူကြီးပေးပြီး ရှင်ပြုမယ်" ဟု မေမေ မာနကြီးစွာ ဆိုခဲ့ဖူးသည်လေ။
"ငါးနှစ်ဆို သင်္ကန်းမနိုင်သေးပါဘူးကွာ၊ မေမေက အမြဲပြောနေတာပါ။ သား သင်္ကန်းနိုင်ရင်
ရှင်ပြုပေးချင်လှပြီတဲ့"။ အသက် ၉၀ ကျော်လာပြီဖြစ်သော အဘွားအိုတစ်ယောက်၏ စေတနာ၊
မေတ္တာတရားအပေါ် မောင်တို့သားအမိ တုံ့ပြန်လိုက်ပုံက မဆိုးလွန်းပေဘူးလား။
သားလေး
သင်္ကန်းမနိုင်သေးတာမှန်ပေမယ့် ဘွားဘွားဆန္ဒကိုလိုက်လျောတော့ အပါယ်ငရဲကျသွားနိုင်သည့်အမှုမို့လား။
ရှင်ပြုသည့်ကိစ္စကို ငါလည်းပြုနိုင်တယ်ဆိုသောမာနနှင့် ဆွေမျိုးအရင်းချင်း အတ္တကြီးစွာ
ခွဲခြားနေဖို့သင့်ရဲ့လား။ ရှင်လောင်း သုံးလေးခါလုပ်၍ သင်္ကန်းဝတ်တော့ ဘာဖြစ်သွားမှာမို့လဲဟု
သူမ စိတ်တိုတောင်းစွာ တွေးမိပေမယ့် ထုံးစံအတိုင်း မောင်နှင့်မေမေ့ကြားမှာ ရေငုံနှုတ်ပိတ်
ဆိတ်ဆိတ်နေခြင်းဖြင့် သူမ၏ မာနနှင့်အတ္တတို့ကို မျက်နှာ၌ပင် အရိပ်မထင်အောင် ဖြေလျှော့ခဲ့ဖူးလေသည်။ မောင့်မျက်နှာတစ်ခုကြောင့်
အရာရာတိုင်း၌ သူမ အလျှော့ပေး သည်းခံရှုံးနိမ့်ခဲ့ရသည်ချည်း။
ခုတော့
သူမ အရှုံးတွေကို သူမ မမြင်ချင်လောက်အောင် ရွံမုန်းတတ်ခဲ့လေပြီ။ သူမအပေါ် ဘယ်အချိန်ကမှ
ကောင်းကျိုးမပြုခဲ့သော ဖမ်းဆုပ်ကိုင်တွယ်ပြစရာမရှိသည့် အချစ်ဆိုတာကြီးကို သူမ မုန်းတီးတတ်ခဲ့ပြီ။
သူမ၏ရွေးချယ်မှုကို မောင် ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ သူမ နောက်မဆုတ်တော့။ ကံကြမ္မာကို
အပြစ်ပုံချရလျှင်တော့ ရဲရင့်အောင်နှင့် နှင်းမေဆောင်း၏ ရေစက်က ဤမျှသာပေါ့။ ဒေါ်ယဉ်ယဉ်နှင့်
နှင်းမေဆောင်း၏ရေစက်ကလည်း အဆုံးသတ်လေပြီပေါ့။ သူမလမ်းကို သူမကိုယ်တိုင် ပြတ်သားစွာ
ရွေးချယ်ထားပြီးဖြစ်လျက် သူ့ဆီက အဖြေတိတိကျကျမရသေးမီအချိန်များ၌ သူမစိတ်များ ယောက်ယက်ခတ်မငြိမ်မသက်
လှုပ်ရှားနေခဲ့လေသည်။ သူမကို သူက ဘယ်လိုအဖြေပေးမှာတဲ့လဲ။
(၁၂)
သူ့ထံမှ
ကွာရှင်းခွင့်မတောင်းဆိုခင်အချိန်ကပင် သူမနှင့်သူခွဲခွာပြီးခဲ့ပြီဖြစ်၏။ "ညညဆို
အေးလာပြီ၊ သားက စောင်အရမ်းကန်တာပဲ။ ကျွန်မ သား ခုတင်မှာပဲ အိပ်တော့မယ်" ဟု တောင်းဆိုတော့
သူမကို အထူးအဆန်းသဖွယ်ကြည့်ရင်း "အိပ်လေ" ဟု ခပ်တိုတိုပင် အဖြေပေးခဲ့၏။ သားအသက်
သုံးနှစ်ပြည့်ပြီးကတည်းက သူမတို့ခုတင်နှင့် ယှဉ်လျကထားရှိသော သီးသန့်ခုတင်မှာ သားကို
ခွဲသိပ်ခဲ့ခြင်းဖြစ်လေသည်။ "သားဟာ ကလေးဘ၀ကတည်းက ကပ်တွယ်နေတဲ့ကလေး မဖြစ်ရဘူး"
ဆိုသော စကားမျိုးကိုမကြာခဏ ပြောလေ့ရှိသော သူ့အစီအစဉ်အတိုင်း သားကို တစ်ယောက်တည်းအိပ်စေခဲ့ခြင်းဖြစ်၏။
သူမတို့အခန်း၌ သားခုတင်တစ်လုံး ရောက်လာပြီးနောက် သူ့အပေါ် သူမ စိတ်ကောက်လိုလျှင် သားကိုသိပ်ရင်း
သူမပါ ရောအိပ်ပစ်ခြင်းဖြင့် ဆန္ဒပြရလေသည်။
"ကိုယ့်နေရာမှာကိုယ်အိပ်ကြေးနော်"
ဟူသော သူ့စကားကို မကြားဟန်ဆောင်ကာ သားနှင့်အတူ အိပ်ပျော်သွားတတ်သောသူမသည် မနက်မိုးလင်းသောအခါ
သူမအိပ်ရာပေါ် ပြန်ရောက်နေတတ်မြဲဖြစ်၏။ သေးသွယ်ပါးလျှပ်သော သူမ၏ ခန္ဓာကိုယ်ကို သူက အလွန်ပေါ့ပါးလွယ်ကူစွာ
အသာအယာပွေ့ချီနိုင်ခဲ့သည်ပဲမဟုတ်လား။ ခုတော့ဖြင့် နှင်းမေဆောင်းခွဲခွာမှုကို အရေးမလုပ်
ဘာသိဘာသာ သူနေနိုင်ပြီပေါ့။ သူမကတော့ သူ့ဆီမှ မကျေမနပ်ပြောဆိုမှုနှင့် အငြင်းစကားကိုသာ
တိတ်တခိုး မျှော်လင့်ခဲ့ရတာ။ သူကတော့ သူမနှင့် ခွဲခွာအိပ်စက်ရသည့်အတွက် တစ်စုံတစ်ရာ
ထူးခြားခံစားမှုဖြစ်ခဲ့သည်မထင်။ သေချာပါပြီ။ မောင်ဟာ သူမအပေါ် ဇနီးတစ်ယောက်အဖြစ်သာ အသိအမှတ်ပြု
ဝတ္တရားကျေခဲ့တာ၊ မောင် သူမကို ဘယ်တုန်းကမှ မချစ်ခဲ့သေးဘဲ ဟန်ဆောင်ဖူးခဲ့တာပါ။
သားနှင့်သူမ
ညဘက် တီဗွီမကြည့်ဘဲ စောစီးစွာအိပ်ရာဝင်တော့လည်း အိပ်ခန်းအလယ် မျက်နှာကြက်မှ မီးချောင်းကိုပိတ်ပေးကာ
စာကြည့်စားပွဲမီးကိုဖွင့်လျှင် တစ်ယောက်တည်း ငြိမ်ငြိမ်သက်သက် စာဖတ်မပျက်။ "အိပ်ပြီလား"
ဟုတစ်ခွန်းမမေး။ "စောလှချည်လား" ဟု စကားစမရှာ။ သူ သင်္ဘောပြန်မတက်သေးဘဲ လ,တော်တော်ကြာ
မြန်မာပြည်၌နေထိုင်နေခြင်းက သူမတို့ မိသားစုလေး နွေးထွေးစွာပေါင်းစည်းနေနိုင်ဖို့ မဟုတ်ဘဲ
အေးစက်စွာပြိုကွဲသွားဖို့အတွက်ပဲလား။ ပုံဖော်မကြည့်ရဲတော့သော အနာဂတ်အတွက် အတွေးများဖြင့်
ချာချာလည်ရင်း ညဉ့်နက်သည်အထိ သူမ အိပ်မပျော်နိုင်ခဲ့။ မနက်စောအိပ်ရာထမှာ သူ့ခုတင်ဆီ
လှမ်းကြည့်လိုက်တော့ စနစ်ကျစွာခင်းကျင်းပြုပြင်ပြီးသား အိပ်ရာတစ်ခုကိုသာ တွေ့ရလေသည်။
သူ စောစီးစွာနိုးထနှင့်ပြီ။ မေမေ့အခန်းမှာ မေမေနှင့်အတူ ကော်ဖီသောက်ရင်း စကားပြောနေလေပြီပေါ့။
မေမေက မနက်အစောကြီးထကာ အစားအစာတစ်ခုခုစားတတ်သူဖြစ်လေသည်။ တစ်ယောက်ယောက်အဖော်လုပ်ပေးမှလည်း
ကြိုက်၏။
ခုတော့
မနက်မိုးလင်းတိုင်း သူပြောနေကျစကားဖြစ်သည့် "မေမေ့ကိုနှုတ်ဆက်ပြီးပြီလား"
ဟူသော စကားကိုပင် သူမ မကြားရတာ ရက်အတော်ကြာခဲ့ပြီ။ ထိုစကားအတွက် သူမ စိတ်ကသိကအောက်ဖြစ်ခဲ့ရဖူးသော်လည်း
မကြားရသောအခါ တစ်မျိုးခံစားရပြန်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ "ကျွန်မတော့ ခုမှတရုတ်ဇာတ်လမ်းတွဲတွေ
ရိုက်နေရသလိုပဲ" ဟု ပြောထွက်ခဲ့မိသည့်အတွက် သူနှင့်စကားအခြေအတင် ပြောခဲ့ရဖူး၏။
တချို့ တရုတ်ကားတွေထဲက ချွေးမလုပ်သူတွေဟာ ယောက္ခမကို ဖူးဖူးမှုတ်ကိုးကွယ်လေးစားကြရသည်မဟုတ်လား။
"မင်းက
ခုချိန်ထိ မေမေ့အပေါ် သူစိမ်းဆန်တုန်းပဲ" ဟူသော သူ့စကားက သူမကို ဆတ်ဆတ်ခါနာစေခဲ့၏။
သူစိမ်းဆန်တာ ဘယ်သူလဲဟု သူမအော်ကြီးဟစ်ကျယ် ပြန်မမေးခဲ့ပါ။ နှင်းမေဆောင်းက မေမေ့အပေါ်
ဘယ်အခါမှ သူစိမ်းမဆန်ခဲ့ဖူးဘဲ မေမေကသာ သူမအပေါ် အပြင်လူတစ်ယောက်အဖြစ် မျက်လုံးစိမ်းများနှင့်
သူစိမ်းဆန်ဆန် ကြည့်မြင်တတ်ခဲ့တာတော့ မောင် မသိပါလေ။ "သား မိန်းမကတော့…"
ဟူသော စကားတွေထဲမှာ သူစိမ်းဆန်မှုတွေ ဘယ်အတိုင်းအတာအထိ ပါဝင်နေသည်ဆိုတာ မောင် သိနိုင်ပါ့မလား။
မေမေကသာ
သူမအပေါ် သူစိမ်းတစ်ယောက် သဘောမထားဘူးဆိုလျှင် တစ်ခါတစ်ရံ သူမအလုပ်များနေ၍ မနက်အိပ်ရာထ၌
မေမေ့အခန်းဆီတန်းမ၀င်မိဘဲ နှုတ်ဆက်ဖို့ ပျက်ကွက်ခဲ့ခြင်းအပေါ် အမှတ်အတေးထားကာ စကားနားထိုးအပြစ်တင်ရက်လေမည်လား။
ဘွားဘွားကို သူမ နှုတ်မဆက်ဘဲ အပြင်ထွက်ခဲ့သော နေ့ပေါင်းများစွာရှိခဲ့ဖူးလျက် ညရောက်မှ
ဘွားဘွားဆီက "ဟဲ့ကောင်မလေး ဘာတွေအလုပ်ရှုပ်နေလဲ၊ ဘွားကိုတောင် လှမ်းမအော်ခဲ့ပါလား"
ဟူသော စကားချိုချိုများကိုသာ ကြားခဲ့ဖူးသော သူမအတွက် မေမေ့အပြစ်တင်မှုတွေက နာကျင်ထိခိုက်စရာတွေချည်း
ဖြစ်ခဲ့လေသည်။ နှင်းမေဆောင်းဆိုတဲ့ မိန်းမဟာ ၀တ္တရားဆိုသော ဝေါဟာရထက် စေတနာဆိုသည့်အရာကိုသာ
အလေးထားတတ်သူဆိုတာ မောင်နှင့်မေမေ နားမလည်နိုင်ခဲ့တာ ရင်နာစရာကောင်းလှ၏။
လင်မယားဆိုတာ
တကယ်တော့ သူစိမ်းတွေပါပဲ။ ချွေးမနဲ့ယောက္ခမကတော့ အဝေးကြီးပေါ့ဆိုသော စကားတွေက မောင့်ကို
မေမေပြောပြတတ်သော သွေးခွဲစကားတွေမဟုတ်လား။ ဘယ်အချိန်မျိုးရောက်မှ သူတို့သားအမိနှင့်သူမ
တစ်သားတည်းကျနိုင်မှာလဲ မသိနိုင်။ မောင်ကရော သူမအပေါ် သူစိမ်းတစ်ယောက်ပမာ တကယ်ကို သဘောထားနိုင်ခဲ့လေပြီလား။
စောစီးစွာအိပ်ရာဝင်၍ အိပ်ရာထဲ၌ ကျောပူခေါင်းကိုက်ခြင်းဝေဒနာကိုသာ ခံစားနေရသော သူမသည်
ညဉ့်နက်မှအိပ်ရာဝင်လျက် ခေါင်းအုံးနှင့်ခေါင်းထိရုံဖြင့် တန်းအိပ်ပျော်သွားတတ်သောမောင့်ကိုကြည့်ကာ
ငိုချင်နေမိလေသည်။ ဘယ်တုန်းကမှ သူမ မပိုင်ဆိုင်ခဲ့ရသည့် ယောက်ျားဟု မလိုတမာတွေး၍ သူမအတွက်
ဘယ်သောအခါမှ သူစိမ်းတစ်ယောက်ဖြစ်မသွားနိုင်သည့် သားလေးကို အားကိုးတကြီး ဖက်တွယ်ထားမိရင်း
တိတ်ဆိတ်စွာ မျက်ရည်ကျခဲ့ရလေသည်။ မောင်မမြင်အောင် မျက်ရည်ကျတတ်သည့် မိန်းမတစ်ယောက်ကို
မောင် ပစ်ပယ်နိုင်ခဲ့ပြီတဲ့လား။
(၁၃)
"ကိုယ်သိပါတယ်
မေဆောင်း၊ အချစ်တစ်ခုတည်းရဲ့လိုအပ်မှုအတွက် ယောက်ျားတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရဖို့
ကြိုးစားခဲ့တဲ့ မိန်းမတစ်ယောက်ဟာ အဲဒီယောက်ျားကို မလိုအပ်တော့တဲ့အချိန်ရောက်ပြီဆိုရင်
အလွယ်တကူ ခွဲချန်ထားရစ်ဖို့ ၀န်မလေးတတ်ဘူးဆိုတာ ကိုယ်သိပါတယ်။ ကိုယ် မင်းဆန္ဒကို လိုက်လျောပေးမှာပါ
မေဆောင်း"
အေးမြလတ်ဆတ်သော
ညဦးလေများ တငြိမ့်ငြိမ့်တိုက်ခတ်နေသည့် ဆောင်းတစ်ည၌ သူမ မေ့လျော့နေသော တောင်းဆိုမှုတစ်ခုအတွက်
အဖြေကို သူကပေးလာခြင်းဖြစ်လေသည်။ အက်ကြောင်းများစွာအရာထင်လျက် နဂိုပုံပျက် အဆက်အစပ်တို့ဖြင့်
မသေမသပ်ဖြစ်နေသော အိမ်ထောင်တစ်ခု၏နိဂုံးကို သူမကိုယ်တိုင် ဖန်တီးမျှော်လင့်ပြီးဖြစ်ပါလျက်
သူ့ထံမှ ထိုစကားကိုကြားရတော့ လိပ်ပြာလွင့်မတတ် ခံစားခဲ့ရလေသည်။ သူမအချစ်ရဆုံး ယောက်ျားတစ်ယောက်က
သူမကိုခွဲခွာဖို့ တရားဝင် ကြေညာခဲ့ပြီ။ ဒါဆို မေမေ့ဆီကခွင့်ပြုမိန့်ကို သူ ခံယူပြီးခဲ့ပြီပေါ့။
စာရေးစားပွဲရှေ့
ကုလားထိုင်မှာထိုင်လျက် ရှေ့တူရူမှတိုက်နံရံကို တစ်စိုက်မတ်မတ်ကြည့်ရင်း သူမကို တရားဝင်ခွဲခွာဖို့
ဆုံးဖြတ်ချက်ချပေးလိုက်သော ခင်ပွန်းသည်ကို ကြောင်စီစီနိုင်စွာ သူမ ပြန်ငေးနေမိလေသည်။
သားလေးကို သူ့ခုတင်၌သိပ်ပေးဖို့ တောင်းဆိုထားသည့်အတွက် သူမချသိပ်နေချိန်ဖြစ်၏။ အိပ်ပျော်သွားပြီဖြစ်သော
သားလေးကဖြင့် မိဘနှစ်ပါး၏ခွဲရေးတွဲရေးပြဿနာကို တစ်စွန်းတစ်စမှ နားလည်လေဟန်မရှိဘဲ ငြိမ်းချမ်းစွာအိပ်စက်နေလေသည်။
သားရေ…
မေမေ့ကို ဘယ်တုန်းကမှ မချစ်ခဲ့ဖူးတဲ့ သားဖေဖေဟာ မေမေတို့သားအမိကို ပစ်ပယ်ဖို့ ခိုင်ခိုင်မာမာ
ဆုံးဖြတ်ချက်ချလိုက်ပြီတဲ့။ သားလေးကို မိတကွဲ ဖတကွဲ မဖြစ်စေရအောင် တာဝန်မယူနိုင်ခဲ့တဲ့
မေမေ့ကိုသာ ခွင့်လွှတ်ပေးပါတော့။ မေမေ့ရင်ထဲက ခံစားမှုတွေ ဒီထက်ပိုလာခဲ့ရင် သားလေးကို
ပြုစုစောင့်ရှောက်ဖို့ အင်အားတွေကုန်ဆုံးသွားအောင် မေမေ ပြိုလဲကျရတော့မှာ။
"ကိုယ်ရှိနေလျက်နဲ့တောင်
မေမေနဲ့မင်း ဒီလောက် မကျေနိုင်မအေးနိုင် ဖြစ်နေကြတာ၊ ကိုယ်မရှိတဲ့အချိန်တွေမှာ မင်းတို့နှစ်ယောက်
ဘယ်လိုပဋိပက္ခမျိုးတွေ ဖြစ်နေကြဦးမယ်ဆိုတာ ကိုယ်တွေးတောင် မကြည့်ရဲပါဘူး" သြော်…
မောင် သူမကို အပြီးတိုင်စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ရတဲ့အကြောင်းက ဒီအချက်ကြောင့်ကိုး။
မောင်မရှိတဲ့အချိန်တွေမှာ မေမေ့ကို သူမ ဘယ်လိုပြုစုစောင့်ရှောက်ခဲ့တယ်ဆိုတာ နည်းနည်းလေးမှ
တွေးမကြည့်တော့ဘူးလား။ မေမေသာလျှင် ဒီပဋိပက္ခတွေကြားမှာ ခံစားနေရတဲ့သူလို့ မှတ်ယူထားတာလား။
နှင်းမေဆောင်းနဲ့ပတ်သက်ရင် မောင့်ရင်ထဲမှာ ဘာကိုမှမရှိတော့ဘူးတဲ့လား မောင်။
"မင်းနဲ့ပတ်သက်ရင်
ကိုယ့်ရင်ထဲမှာ ဘာမှမရှိဘူးလို့ မင်းထင်နေခဲ့တယ်မဟုတ်လား၊ ကိုယ်တို့သားအမိနှစ်ယောက်အပေါ်မှာ
မင်းထားခဲ့တဲ့ စေတနာမေတ္တာတွေကို ကိုယ်နားမလည်ဘဲရှိပါ့မလား။ ဒါပေမယ့် ကိုယ်ဟာ မင်းတို့နှစ်ယောက်ကြားမှာ
ညပ်နေတဲ့လူတစ်ယောက်ပဲ ဖြစ်ခဲ့တယ်။ မင်းကလည်း မင်းရဲ့သည်းခံလိုက်လျောမှုတွေအတွက် ငါ ဒီလောက်တောင်
ကောင်းခဲ့ရဲ့သားနဲ့ဆိုတဲ့ မာနတွေနဲ့ တင်းမာနေခဲ့တယ်၊ မေမေကျပြန်တော့ မင်းက ဦးမညွှတ်လည်း
အရေးမကြီးပါဘူး၊ ငါ့သားက ငါ့ဘက်မှာပဲဆိုတဲ့ အတ္တတွေနဲ့ တင်းမာနေခဲ့တယ်။ မေမေ့စိတ်ကို
နားလည်နိုင်ခဲ့တဲ့ကိုယ်ဟာ မင်းခံစားမှုတွေကိုလည်း မေ့လျော့ထားလို့ ရနိုင်ပါ့မလား။ အမှန်အတိုင်းဝန်ခံရရင်
မင်းထက် အစစအရာရာသာတဲ့မိန်းမမျိုးကို ကိုယ်ရနိုင်တယ်။
ဒါပေမယ့် ကိုယ်တို့သားအမိနှစ်ယောက်အပေါ်
မင်းလောက်ကောင်းတဲ့ မိန်းမမျိုး ကမ္ဘာတစ်ပတ်ပတ်ရှာဦးတော့ ကိုယ်ရှာလို့မတွေ့နိုင်တော့ပါဘူး။
မေမေကတော့ ကိုယ့်ကို ဘယ်မိန်းမနဲ့မှ တန်တယ်မထင်လောက်အောင် ကိုယ့်အပေါ် အထင်ကြီးနေခဲ့တယ်"
"မေမေ့မာနနဲ့အတ္တတွေ
ဘယ်လောက်ပဲရှိရှိ ကိုယ်တို့နှစ်ယောက်ကွဲကွာဖို့ဆန္ဒ မေမေ့မှာ မရှိခဲ့ပါဘူး။ သူ တည်ထောင်ပေးခဲ့တဲ့
အိမ်ထောင်တစ်ခုကို ဘယ်လိုအကြောင်းကြောင့်မှ မဖျက်ဆီးရဘူးလို့ မေမေ ကိုယ့်ကိုပြောခဲ့တယ်။
မေမေ ဘယ်လိုပဲ တားတားပေါ့၊ ကိုယ့်အနေနဲ့ မင်းရဲ့ကွာရှင်းခွင့်ကို လိုက်လျောမပေးဘူးဆိုရင်
ဘယ်တရားပါ့မလဲ။ မင်းဟာ ကိုယ့်ဇနီးဖြစ်နေသမျှ ကိုယ် မြန်မာပြည်မှာ ရှိရှိ,မရှိရှိ မင်းက
မေမေနဲ့ အတူနေရမယ့်သူမဟုတ်လား။ မင်း စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေလျက်က ကိုယ့်မျက်နှာကြောင့်
မေမေ့အပေါ် သည်းမခံချင်ဘဲ သည်းခံနေရတဲ့အဖြစ်ကို ကိုယ် မလိုလားပါဘူး။ အရင်က မင်း ကိုယ့်ကိုအရူးအမူး
လိုအပ်နေတဲ့အချိန်မို့ အရာရာကိုသည်းခံနေခဲ့တာ။ ခု ကိုယ့်ကို မင်း အရင်ကလို မလိုအပ်တော့ဘူး၊
မင်းလိုချင်တာက မင်းရဲ့လွတ်လပ်မှုနဲ့ သား ဒီနှစ်ခုတည်းပေါ့"
"မေမေ
တားဆီးထားတဲ့ကိစ္စမျိုးကို ကိုယ် ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။ ခုတော့ ကိုယ့်မှာ မင်းကိုဖြည့်ဆည်းပေးနိုင်တာဆိုလို့
ဒီတစ်ခုပဲရှိတော့တယ်။ ဒါကြောင့် ကိုယ်တို့သားအမိနှစ်ယောက်ရဲ့ အရိပ်ထဲကနေ မင်း လွတ်လွတ်လပ်လပ်
ထွက်သွားနိုင်ဖို့ ကိုယ် စီစဉ်ပြီးပါပြီ။ ကိုယ် တစ်ခုတောင်းဆိုချင်တာက ကိုယ်သားကိုတွေ့ခွင့်တောင်းတဲ့အခါ
အချိန်မရွေး တွေ့ခွင့်ပေးဖို့ပါပဲ။ ပြီးတော့ သားရဲ့ဘ၀တစ်လျှောက်လုံးအတွက် တာဝန်ကို
ကိုယ်ယူပါရစေ"
သူ့စကားများကို
စိတ်ညှို့ခံထားရသူတစ်ယောက်ပမာ မလှုပ်မယှက်ငြိမ်သက်စွာ နားထောင်နေခဲ့မိလေ၏။ ရှည်လျားလှသောစကားတို့ကို
ဇာတ်လမ်းတစ်ပုဒ် ပြောပြနေသကဲ့သို့ တစ်ဦးတည်း တောက်လျှောက်ပြောဆိုသွားခဲ့ခြင်းဖြစ်လေသည်။
သူ့စကားတို့အပေါ် သူမ တုံ့ပြန်ပြောဆိုဖို့လည်း သတိမရ။ ခေါင်းခါငြင်းဆန်ဖို့ အခွင့်အရေးလည်းမရလိုက်။
တကယ်တော့ သူက ပုစ္ဆာတစ်ပုဒ်ချပြခဲ့ခြင်းမဟုတ်ဘဲ တွက်ပြီးသားပုစ္ဆာတစ်ပုဒ်ကို အဖြေပြည့်စုံစွာ
ပေးအပ်ခဲ့ခြင်းသာဖြစ်လေသည်။
"ဒီအိမ်ထောင်ရေးကို
မင်း လုံးဝစိတ်ကုန်သွားပြီဆိုတာဟာ ကိုယ့်အပေါ်ထားခဲ့တဲ့ မင်းရဲ့ချစ်ခြင်းမေတ္တာတွေ လွင့်ပြယ်သွားတာပါပဲ"
တဲ့။ မဟုတ်ပါဘူး၊ မောင် မှားနေပြီ။ မိန်းမတစ်ယောက်ဟာ ယောက်ျားတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်းချစ်နေမိလျက်ကလည်း
စိတ်ကုန်သွားတတ်ပါတယ်။ စိတ်ကုန်နေလျက်ကပဲ ချစ်နေနိုင်ပါသေးတယ်။ မောင်ကသာ နှင်းမေဆောင်းဆိုတဲ့
မိန်းမကို မလိုအပ်တော့တာပါ။
ဟင့်အင်း…မောင်ဟာ နှင်းမေဆောင်းကို ဘယ်အချိန်ကမှ မလိုအပ်ဖူးခဲ့တာ။
ကမ္ဘာတစ်ပတ်ပတ်ရှာရင်တောင် မတွေ့နိုင်တော့ဘူးလို့ သတ်မှတ်ထားတဲ့ မိန်းမတစ်ယောက်ကိုတောင်
မောင်က ရက်ရက်စက်စက် စွန့်လွှတ်ရဲပြီပေါ့။
"ခုချိန်မှာ
မင်းကိုယ့်ကို မလိုအပ်တော့ဘူးမဟုတ်လား" သူမ မျက်လုံးများကို တည့်တည့်ဆုံကြည့်ကာ
မေးလိုက်သောမေးခွန်းကြောင့် သူမ မျှော်လင့်ချက်အားလုံး ပြိုလဲကျသွားရလေသည်။ မောင်ဟာ
နှင်းမေဆောင်းကို နူးညံ့စွာပြန်လည်ချော့မြူဖို့ လုံးဝကို ကြိုးစားချင်စိတ်မရှိတော့တာ
သေချာပါပြီ။ မောင်အလိုရှိတဲ့လမ်းကိုပဲ သွားကြရမှာပေါ့ မောင်။
"ဟုတ်တယ်မောင်၊
ကျွန်မ မောင့်ကို ဘာအတွက်မှ မလိုအပ်တော့ဘူး။ ကျွန်မလိုအပ်တာ သားတစ်ယောက်တည်းပဲ။ ကျွန်မဘ၀မှာ
သားတစ်ယောက်သာရှိပါစေ အားလုံးပြည့်စုံပြီ" သူမ အံကြိတ်၍ ပြောလိုက်သော စကားလုံး
များထဲ၌ သူ့အပေါ် လိုအပ်မှုတစ်စုံတစ်ရာ မရှိတော့ဘူးဟု သူ ယုံကြည်သွားနိုင်ပါလိမ့်မည်။
"ကောင်းပြီ၊
ကိုယ် မင်းကို ကွာရှင်းပေးပါ့မယ်၊ မနက်ဖြန်… မနက်ဖြန် ကိုယ်တို့နှစ်ယောက် ကွာရှင်းစာချုပ်
ချုပ်ကြတာပေါ့" သူမကို ကျောခိုင်းကာ ထိုစကားတစ်ခွန်းကို ပြောပြီးနောက် ဖြည်းလေးသောခြေလှမ်းများဖြင့်
သူ ထွက်ခွာသွားလေသည်။ လှိုက်၍လှိုက်၍တက်လာသော ကြေကွဲမှုလှိုင်းတို့ဒဏ်ကို မခံမရပ်နိုင်စွာ
သူမ နှုတ်ခမ်းကို အားပါးတရ ဖိကိုက်ချလိုက်မိတော့၏။ သူမ၏ ကြေကွဲမှုနှလုံးသွေးစက်တို့က
ပါးလှပ်သော နှုတ်ခမ်းပါးလေးမှတစ်ဆင့် နီစွေးသော သွေးစက်တို့အဖြစ် ထွက်ပေါ်လာလေသည်။
နှစ်ခြိုက်စွာအိပ်စက်နေသော
သားကလေးကတော့ မိဘနှစ်ပါး၏ အေးစက်တိတ်ဆိတ်သော လမ်းခွဲခန်းကို တစ်စွန်းတစ်စမျှ မသိရှိလိုက်ရဘဲ
အေးချမ်းနေခဲ့လေသည်။ သားလေး သိတတ်နားလည်သည့်အရွယ်ရောက်ခဲ့လျှင် ဖေဖေနဲ့မေမေ ဘာကြောင့်ကွဲကွာခဲ့ကြသလဲဟူသော
မေးခွန်းကို မေးလာပါက သူမ ဘယ်လိုအဖြေပေးရမည် မသိချေ။ ဘာပဲဖြစ်ဖြစ် နောင် နှစ်,နှစ်ဆယ်ဝန်းကျင်လောက်တွင်
သူမရှေ့သို့ သားလေးစိတ်တိုင်းကျ ခေါ်ဆောင်လာမည့် တစ်စုံတစ်ယောက်သော အမျိုးသမီးငယ်အား
ရင်းနှီးနွေးထွေးသောမျက်လုံးများဖြင့် လှိုက်လှဲစွာ ပြုံးပြနှုတ်ဆက်ရပါမည်။
သူမနှင့်
သွေးသားမတော်စပ်သော်လည်း သားလေးအတွက် အရင်းနှီးဆုံးသူဖြစ်လာမည့် သူစိမ်းမိန်းမတစ်ယောက်ကို
သူမ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ဆိုးဝါးလှသည့် ခံစားမှုဒုက္ခအပေါင်းက ကင်းဝေးစေလျက် သားလေးနည်းတူ
နှစ်လိုကြည်ဖြူစွာ ချစ်ခင်နိုင်အောင် သူမ အစွမ်းကုန်ကြိုးစားရပေလိမ့်မည်။ ထိုအချိန်တွင်
သားလေးလိုလားခဲ့သည့် ဖခင်တစ်ယောက်ကို တစ်သက်တာလုံး ပေးအပ်မထားနိုင်ခဲ့ခြင်းအတွက် သူမအပေါ်
ခွင့်လွှတ်နားလည်ပေးနိုင်လိမ့်မည်ထင်၏။
မိဘတို့၏
ရှုပ်ထွေးပွေလီသော ပဋိပက္ခနှင့် ပယောဂတို့ကြောင့် သနားစဖွယ် မျက်နှာငယ့်ရတော့မည့် သားလေးကို
ကရုဏာသက်စွာ သူမထိုင်ကြည့်ရင်း သူမတစ်ဦးတည်း ရှိုက်ကြီးတငင် ငိုကြွေးခဲ့ရသည်ကို သား၏ဖခင်
မမြင်တွေ့ခဲ့ပေ။ သို့သော် သူမအတွက် အလွန်အမင်း အံ့သြတုန်လှုပ်စရာကောင်းခဲ့သော မြင်ကွင်းတစ်ခုကို
ကြေကွဲဖွယ် ဆောင်းညတစ်ည ကုန်ဆုံးလုနီးနီး၊ နေ့တစ်နေ့၏အရုဏ်တက်ချိန်၌ သူမ မြင်တွေ့ခဲ့ရလေသည်။
သူမ၏သားလေးကို ပွေ့ပိုက်လျက် အချိန်ကြာမြင့်စွာ သူမကို ငေးစိုက်ကြည့်နေခဲ့ဟန်ရှိသော
သားလေးဖခင်၏ တရိပ်ရိပ်လက်နေသော ငွေရည်ရွှန်းစို မျက်ဝန်းညိုညိုများကို ပြာလဲ့လဲ့ညအိပ်မီးရောင်အောက်၌
သူမ ပြက်ပြက်ထင်ထင် တွေ့မြင်ခဲ့ရလေသည်။
No comments:
Post a Comment
အားပေးမှုအတွက် ကျေးဇူးတင်ပါသည်...
မေတ္တာဖြင့်...
ယုဒါ