Sunday, June 28, 2015

သံသရာကြွေး





"နောင်ဝေေ၀ဝေ… နောင်ဝေေ၀…..ဝေေ၀"

ရွှေရောင်ပြောင်နေသည့် ကြေးစည်လေး၏ ကော့တက်နေသော အဖျားစွန်းကို သစ်သားပွတ်လုံး လက်ခတ်လေးဖြင့် နာနာထုချလိုက်သောအခါ လွင်လွင်စည်စည်ထွက်လာသည့် နွဲ့၏ ကြေးစည်သံသည် အိမ်အနီးအနားဝန်းကျင်တစ်ခွင်သို့ ကြည်နူးဖွယ်ရာ အသံတစ်ခုအဖြစ် တိုးဝင်ပျံ့လွင့်သွားလေ၏။ နွဲ့၏ကြေးစည်သံကို ကြားပြီဆိုတာနှင့် အရှေ့ဘက်အိမ်မှ ကိုသက်မောင် မိခင်ကြီး ဒေါ်စိန်သုံ သာဓုခေါ်တတ်မြဲဖြစ်၏။ ဒေါ်စိန်သုံကား မနက်စော လေးနာရီခွဲကပင် ဘုရားဝတ်ပြုပြီးချေပြီ။

နွဲ့မှာမနက်ခြောက်နာရီမှ အိပ်ရာထ၍ ဆွမ်း၊ ရေချမ်း၊ ဆီမီးတို့ကပ်လှူကာ ဘုရားဝတ်ပြုပြီး မေတ္တာပို့ အမျှဝေနေခြင်းဖြစ်၏။ နွဲ့မှာကလေးငယ်မရှိသေးသဖြင့် လွတ်လွတ်လပ်လပ်နေထိုင်နိုင်လေ၏။ နွဲ့ ခင်ပွန်းဖြစ်သူကိုရဲလင်းမှာလည်း အလုပ်ခွင်ရှိရာ၌ သွားနေရ၍ နွဲ့နှင့်အဖော်မိန်းကလေး တစ်ယောက် သာရှိသည်မို့ ဝေယျာဝစ္စအထူးအထွေမရှိလှပေ။ အဖော်ခေါ်ထားသော ဖြူဖြူသည်ပင် မနက်လင်းမှ အိပ်ရာထကာ မီးဖိုချောင်အလုပ်လုပ်ရ၏။ နွဲ့နှင့်နေရသော ဖြူဖြူမှာ ကံကောင်းလှ၏။

ရွာ၌မနက်အရုဏ်မတက်မီ အိပ်ရာထကာ နေ၀င်မိုးချုပ်ထိ အလုပ်ပင်ပင်ပန်းပန်းလုပ်ရသော်လည်း ထမင်းနှစ်နပ်သာ ချို့ချို့တဲ့တဲ့စားရ၏။ ခါးလှအောင်ဝတ်ဖို့မဆိုထားဘိ။ အရှက်လုံအောင်ပင် အနိုင်နိုင်သာ ၀တ်စားရရှာ၏။ ဖြူဖြူမှာ နွဲ့ကြီးတော်တစ်ယောက် အဆက်အသွယ်ဖြင့် နွဲ့ထံရောက်လာ ခဲ့ခြင်းဖြစ်၏။ မိဘများမရှိတော့ပြီမို့ အပိုင်နီးပါးရသည့်အတွက် နွဲ့အရတော်သည်ဟုဆိုရပေမည်။ ကိုရဲလင်းမှာ လည်း ဖြူဖြူရှိသဖြင့် နွဲ့ကို စိတ်ချကာ အလုပ်ခွင်သို့ စိတ်သက်သာစွာ သွားနေနိုင်လေ ၏။ ဖြူဖြူမှာလည်း လူမရှုပ်၊ အလုပ်မများသောအိမ်တွင် သက်သောင့်သက်သာနေရစားရ၍ အထူးပင်ကျေနပ်ပျော်ရွှင်နေလေ သည်။

ဖြူဖြူမှာ နွဲ့တို့အိမ်၌ အလုပ်မရှိလွန်း၍ တစ်ခါတစ်ရံပျင်းလို့ပင်နေရသေး၏။ ဆယ့်ခြောက်နှစ် ဆယ့်ခုနှစ်နှစ် အရွယ် အပျိုပေါက်လေးဖြစ်၍ အပျော်အပါးမက်လေရာ နွဲ့ ဖြူဖြူစိတ်မလေရအောင် ကာတွန်းစာအုပ်လေး များ အပျင်းပြေပေးဖတ်ခြင်း၊ တစ်ပတ်တစ်ခါတန်သည် ဗီဒီယိုခွေငှားပြပေးခြင်း တို့ကို ပြုလုပ်ပေး၏။ အများအားဖြင့်မူ နွဲ့သည် ငါးရာ့ငါးဆယ်ဇာတ်နိပါတ်များကိုသာ မှတ်မိသိရှိ သလောက် ဖြူဖြူကို ပြောပြနေတတ်၏။ ပြီးတော့ ကျောင်းနေစဉ် နွဲ့၏အတွေ့အကြုံများကိုလည်း ဖြူဖြူ ဥာဏ်မီသလောက် အဆင့်ထိ ပြောပြနေတတ်၏။

ဖြူဖြူကား လေးတန်းအထိ ကျောင်းနေဖူး၍ စာကောင်းစွာရေးနိုင်ဖတ်နိုင်လေသည်။ နွဲ့နှင့်နေရသောအခါ စာဖတ်ဝါသနာပါသည့် နွဲ့က ရွှေသွေး၊ မိုးသောက်ပန်းမှအစ သတင်းစာအထိ စိတ်ဝင်စားနိုင်ဖွယ်ရာများကို ဖတ်ခိုင်းတတ်သဖြင့် ဖြူဖြူ၌ စာဖတ်ချင်သောအကျင့် စွဲနေလေပြီ။ ခုလည်း ဖြူဖြူသည် နွဲ့ဘုရားရှိခိုးနေချိန် ၌ ထမင်းကြမ်းကြော်စားပြီး စာအုပ်တစ်အုပ်နှင့် ဇိမ်ကျနေချေပြီ။ နွဲ့သည် မေတ္တသုတ်ကို ထပ်ပြန်တလဲလဲ ရွတ်ရင်း ဘုရားခန်းမှ ထွက်လာလေ၏။ နွဲ့မှာ မနက်စောစာ မစားရသေးပေ။

"ဖြူဖြူ ဘာစာအုပ်ဖတ်နေလဲ"
"ဦးသုခရဲ့မင်္ဂလသုတ်ဖတ်ကြည့်နေတာ အန်တီ"
"တယ်ဟုတ်ပါလား…။ ကောင်းတယ် သေချာဖတ်ကြည့်။ ဖြူဖြူ့ကို ပေးဖတ်မလို့ပဲ။ ကိုသက်မောင် အမျိုးသမီးကို ငှားထားလို့"
"ဟုတ်ကဲ့၊ ခုလေးပဲ ဦးသက်မောင်ကြီးမိန်းမ လာပြန်ပေးသွားတာ။ ဒီနေ့ ရန်ကုန်ပြန်မယ်ပြောတယ်"
"ဟုတ်လား။ ဒါဆို လက်ဆောင်လေး ဘာလေး သွားပေးရဦးမယ်"
"အန်တီနွဲ့ ကော်ဖီသောက်တော့မယ်မို့လား။ ပါမုန့်တွေ မာကုန်မှာစိုးလို့ ကြည်ဥရှိတာနဲ့ ဖြူ ကြော်ထားလိုက်တယ်"
"ကောင်းသားပဲ။ ဘုရားရှိခိုးခါနီး ပြောမလို့ မေ့သွားတာ။ ဖြူဖြူရော စားပြီးပြီလား"
"ပြီးပြီ အန်တီ။ ညနေက ငါးပိကြော်လေး ကျန်တာနဲ့ ဖြူဖြူ ထမင်းကြမ်းစားလိုက်တယ်။ ဖြူ ကော်ဖီဖျော်လိုက်တော့မယ်နော်"

ကော်ဖီ မသောက်တတ်သော ဖြူဖြူသည် နွဲ့၏အကြိုက် ကော်ဖီကို ကျွမ်းကျင်စွာ ဖျော်ပေးနိုင်လေ ၏။ ဖြူဖြူသည် နွဲ့သင်ကြားပေးထားသည့်အတိုင်း ဧည့်သည်လာလျှင်ပင် နွဲ့ကပြောစရာမလိုတော့ဘဲ အပူတန်အပူ၊ အအေးတန်အအေး အချိန်အခါလိုက်၍ ဧည့်သည်အမျိုးအစား လိုက်ကာ ပြင်ဆင်ကျွေးမွေးနိုင်လေပြီ။

"အန်တီနွဲ့ ရပြီ"
"အေး အေး"
နွဲ့သည် မင်္ဂလသုတ်စာအုပ်ကိုချကာ ကော်ဖီစားပွဲ၌ ၀င်ထိုင်လိုက်၏။
"ကောင်မ၊ နင် ဒီလောက်တောင် ငတ်နေသလား။ အပင်းဆို့ပြီး သေနေဦးမယ်။ တယ်… ငါ မပြောလိုက်ချင်ဘူး"

နှုတ်ခမ်းသို့ထိလုနီးနီး နွဲ့၏ကော်ဖီခွက်သည် တုံ့ခနဲရပ်ဆိုင်းသွားလေ၏။ ဖြူဖြူသည်လည်း မင်္ဂလသုတ်စာအုပ် ကို ယောင်ယမ်းပိတ်လိုက်လေ၏။ နွဲ့နှင့်ဖြူဖြူတို့သည် ကျယ်လောင်လှသောအသံတို့ကို မျက်လုံးအ၀ိုင်းသားနှင့် နားစွင့်နေလေ၏။ တစ်ဖက်အိမ်မှ မရင်မေ၏အသံတို့တည်း။ မရင်မေ၏ အသံမှာ အသံချဲ့စက်မပါဘဲ ရွာရှေ့ဖျားမှ နောက်ဖျားအထိကြားနိုင်သော အသံမျိုးဖြစ်၍ အထူးတလည် နားစိုက်စရာမလိုလှပေ။ ကြည်လင်ပီပြင်နေလေ၏။ နွဲ့သည် ကော်ဖီကိုမသောက်ဘဲ ငိုင်နေလေ သည်။ ဖြူဖြူမှာမူ စာအုပ်ကိုကိုင်လျက်ပင် နောက်ဘက်ဆီသို့လျှောက်သွား၏။ ကိုအောင်နိုင်နှင့် မရင်မေတို့ အိမ်၌ ကူဖော်လောင်ဖက်ခေါ်ထားသည့် ခင်ဦး၏ အခြေအနေကို ဖြူဖြူ စနည်းနာလေပြီ။

ခင်ဦးသည် အိမ်နောက်ဘက် ရေကပြင်တွင် အိုးခွက်ပန်းကန်ဆေးလျက်ရှိ၏။ မရင်မေမှာ ခင်ဦးရှိရာသို့ မျက်နှာမူ၍ အိမ်ပေါ်မှ အော်ဟစ်နေခြင်းဖြစ်၏။ မရင်မေသည် "ငါ… တယ် မပြောလိုက်ချင်ဘူး" ဟူသော ဖန်တစ်ရာတေနေပြီဖြစ်သည့်စကားလုံးကို တွင်တွင်သုံးကာ ခင်ဦးကို အိတ်သွန်ဖာမှောက် ဆူဆဲနေလေ၏။

"မနက်မိုးမလင်းသေးဘူး အော်ရဟစ်ရပြီ။ နင့်ကြောင့် ငါ ငရဲကြီးရတယ် လင်တရူးမရဲ့။ သူများတွေက ဘုရားနဲ့ တရားနဲ့ နေနိုင်ကြတယ်။ ငါ့မှာတော့ နင် အသုံးမကျလို့ ဆုံးမနေရတာနဲ့ ဘာမှမလုပ်နိုင်ဘူး။ ထမင်းဘူးက ပြင်ဆင်မပြီးသေးဘူး နင်မျိုဖို့ ဆို့ဖို့ပဲ စဉ်းစားနေ။ ဘယ်မှာလဲ ကော်ဖီ။ ဟိုမယ် ကလေးနိုးလာပြီ။ သွား… ခုချက်ချင်း မျက်နှာသစ်၊ သွားတိုက်ပေးချည်"

ခင်ဦးသည် မရင်မေကို မသိမသာ မျက်စောင်းတစ်ချက်ထိုးကာ ဆေးလက်စ ပန်းကန်များကိုချလျက် မရင်မေသား ဖိုးသံလုံးကို သန့်ရှင်းရေးလုပ်ပေးရန် ထသွားလေ၏။

"ဟဲ့…ခင်ဦး၊ ကော်ဖီဖျော်ဦးလေ"
"ကလေးကို မျက်နှာသစ်ပေးဆို" ခင်ဦးသည် မျက်နှာမသစ်ရသေးသဖြင့် အဆီပြန်နေသော ခပ်ညစ်ညစ်မျက်နှာဖြင့် မရင်မေကို ခပ်ရဲရဲပြန်ကြည့်ကာ ခွန်းတုံ့ပြန်လိုက်၏။ "ကော်ဖီအပူကြီး ကလေး မသောက်နိုင်တာ သိသားနဲ့။ အရင်လုပ်သင့်တာကို အရင်လုပ်ပေါ့ဟဲ့။ ဒီအိမ်မှာနေလာတာ ပဲ သေခါနီးနေပြီ။ ဘာတစ်ခုမှ မှတ်မှတ်သားသားမရှိဘူး။ အကုန်လိုက်ပြောနေရတာချည်းပဲ။ ဘယ်လို ထုံမှန်းထူမှန်းကိုမသိဘူး။ ပြောကို မပြောချင်တော့ပါဘူး။ ဒီနေ့ ထမင်းနှစ်ဘူးထည့်နော်။ သားကို ရုံးခေါ်သွားမလို့။ ကလေးအတွက် ကြက်သားပြုတ်ကြော် သုံးတုံးထည့်ပေးလိုက်။ ထမင်းကိုခပ်ဖွဖွပဲထည့် ကြားလား"

မရင်မေသည် ခင်ဦးကို အမိန့်ရှည်ကြီး ပေးပြီးတော့မှ ရေချိုးခန်းဝင်လေ၏။ ခင်ဦးသည် ဖိုးသံလုံး မုန့်တောင်းနေသဖြင့် ဘီစကစ်မုန့်တစ်ချပ်ယူပေးကာ ကော်ဖီဖျော်လေ၏။ နို့ဆီဘူး ကုန်နေသဖြင့် တစ်ဘူး ထပ်ဖောက်ရသေး၏။ ခင်ဦးကော်ဖီဖျော်ဆဲအချိန်၌ပင် မရင်မေရေချိုးပြီးလေ၏။ မိနစ်အနည်းငယ်မျှ အနားယူထားသော မရင်မေ၏ပါးစပ်သည် ရေချိုးခန်းတံခါးနှင့် ထပ်တူနီးပါး တစ်ပြိုင်တည်းပွင့်လေသည်။ 

"ခင်ဦး" မရင်မေ၏ သံရှည်ဆွဲခေါ်လိုက်သောအသံကြောင့် ကော်ဖီဖျော်၍ မြည်းကြည့်လိုက်၊ သကြားထည့်လိုက်လုပ်နေသော ခင်ဦး ဆတ်ခနဲတုန်သွားလေ၏။ "ဒီမှာ ကလေးအီးပါချင်လို့တဲ့။ လာစမ်း မြန်မြန်" မရင်မေသည် မျက်နှာသုတ်လျက် သားဖြစ်သူကိုကြည့်ရင်း ပြောလိုက်ခြင်းဖြစ်၏။ 

ခင်ဦးသည် ကော်ဖီခွက်နှင့်ဇွန်းကို စားပွဲပေါ်သို့ အလျင်စလိုပစ်ချကာ ၀ုန်းဒိုင်းကြဲပြေးလေ၏။ ကလေးကို နောက်ဖေးသွားခိုင်းနေစဉ် မရင်မေလိမ်းရန် သနပ်ခါးသွေးပေးမထားရသေးသည်ကို ခင်ဦး သတိရလာသည့်အတွက် မရင်မေ အော်ဟစ်သံကို နားစွင့်နေလေ၏။ ထင်သည့်အတိုင်းပင် မရင်မေတစ်ယောက် သနပ်ခါးကို တကျည်ကျည်သွေးလျက် ခင်ဦးကို စိတ်တိုင်းမကျနိုင် စွာ မြည်တွန်တောက်တီးနေလေ၏။ 

ခင်ဦးမှာ မရင်မေဘယ်လိုဆူဆူ ဘယ်လောက်ပြောပြော မခံစားတတ်သောပုံဖြင့် သူလုပ်ရမည့်အလုပ် များကို ဇယ်ဆက်သလို ဆက်လက်လုပ်ကိုင်နေမြဲဖြစ်၏။ ရုံးသွားရန် ယူနီဖောင်းအပြည့်အ၀ုံဝတ်၍ မရင်မေ အပြီးသတ်ပြင်ဆင်ပြီးချိန်၌ မရင်မေ ထမင်းခြင်းတောင်းကို ခင်ဦး ပြင်ဆင်ပြီးနှင့်လေပြီ။ ခင်ဦးသည် မရင်မေ ထမင်းချိုင့်ကို ခူးခပ်ပြင်ဆင်ပေးနေစဉ် နှုတ်ခမ်းကိုလျှာနှင့် မကြာခဏ လျက်နေလေ၏။ မရင်မေ ထမင်းဘူးကို ခုချိန်မှာစားပစ်လိုက်ရရင် သိပ်ကောင်းမှာပဲဟု တွေးနေလိုက်သေး၏။

ငရုတ်ပွသီးဖြင့် ၀က်သားကို ငရုတ်သီးခြောက်ထောင်း၍ ချက်ထားသော ၀က်သားငါးပိချက်ဟင်းမှာ သွားရည်ယိုချင်စရာပင်ဖြစ်၏။ စောစောက ဟင်းအိုးဆေးရင်း ထမင်းတစ်ဇွန်းကော်ထည့်၍ အိုးလူး စားလိုက်သည်မှာ အရသာရှိလွန်းလှ၏။ ထမင်းကြမ်းမကျန်သည့်အတွက် မဖြစ်စလောက်သာ စားလိုက်ရသည်မို့ ဟာနေသောဗိုက်က ပိုဆာသွားလေ၏။ ခင်ဦးသည် မရင်မေ ရုံးသွားလျှင် တ၀တပြဲစားပစ်လိုက်မည်ဟု စိတ်တွင်း၌ မောင်းတင်နေလေသည်။

"ပြီးပြီလား။ သားရော"
"ပြီးပြီ အဆင်သင့်ပဲ။ ဖိုးသံလုံး အိမ်ရှေ့မှာ ဆော့လို့"
"ခက်တော့နေပေါ့ပဲ။ နင့်ဟာကဘာပြီးတာလဲ။ သားကို ရုံးခေါ်သွားပါမယ် ဆိုမှပဲ။ ပြင်ဆင်ပေးထားပါတော့ လား။ ရုပ်ကိုက ကျက်သရေမရှိဘူး။ မျက်နှာပြောင်တလင်းနဲ့"

ပရိုမီနာတန်ခိုးဖြင့် အလှတိုးကာ မျက်နှာတစ်ပြင်လုံး ဖွေးဖွေးကြီးဖြူနေသော မရင်မေသည် ခင်ဦး၏ အဆီပြန် ညစ်တစ်တစ်မျက်နှာကို မဲ့ရွဲ့ကြည့်ရင်း အသားလွတ်ကြီး အပုပ်ချလိုက်ပြန်၏။

ခင်ဦးသည် ဒီနေ့အဖို့ အိပ်ရာထအနည်းငယ်နောက်ကျသွားသဖြင့် မျက်နှာသစ်ချိန်လေးမှ မရလိုက်ချေ။ သို့သော် ခင်ဦးသည် မျက်နှာသစ်ဖို့ကို စိတ်မ၀င်စားလှပေ။ ထမင်းချက်စားဖို့သာ စိတ်ဝင်စားလျက်ရှိ၏။ ထို့ကြောင့် မရင်မေကို ရုံးအမြန်သွားစေချင်နေလေ၏။ ဖိုးသံလုံးကိုပါ ရုံးခေါ်သွားမည်ဆိုသဖြင့် အလွန်အမင်း ၀မ်းသာလိုက်ရသေး၏။ ခင်ဦးသည် ဖိုးသံလုံးကို သနပ်ခါးလိမ်း၊ အ၀တ်အစား လဲပေးရန် စွေ့ခနဲပွေ့ချီလိုက်လေ၏။ ဖိုးသံလုံးကို ပေါင်ပေါ်တင်၍ သနပ်ခါးလိမ်းပေးနေချိန်၌ မရင်မေဆီမှ "တော်ပြီဟေ့။ မခေါ်တော့ဘူး။ ကြာတယ်။ ငါလည်း နေ့လယ် အပြင်ထွက်စရာရှိသေးတယ်" ဟူသော ဆုံးဖြတ်ချက်ကို ကြားလိုက်ရသောခင်ဦးသည် ဗလောင်းဗလဲနိုင်လှသော မရင်မေကို ဓားနှင့် နုပ်နုပ်စဉ်းပစ်ချင်လောက်အောင် အမြင်ကတ်သွားလေ၏။

ဖိုးသံလုံးသည် အမေဖြစ်သူနှင့်အတူ ရုံးလိုက်ရမည်ဆိုရာမှ မလိုက်ရတော့သဖြင့် ၀ါးခနဲအော်ဟစ်ငိုလေ သည်။ 'ကလေးမငိုစေနဲ့။ ချော့မော့ထားလိုက်' မရင်မေသည် သားဖြစ်သူ ငိုယိုနေသည့်အတွက် ရုံးသွားရမှာ စိတ်မဖြောင့်တော့ချေ။ 

'ဟဲ့… ခင်ဦး။ ကလေးငိုနေတာ ချော့ပါတော့လား။ ဘာလုပ်နေတာလဲ။ ခါတိုင်းလည်း ဒီလိုပဲနေနေတာ။ အငိုတိတ်အောင်ချော့မော့ထားပါလား။ တကယ်တဲ ဘာတွေတွေးနေတယ်မသိဘူး။ ကလေးကိုသေချာ ထိန်းထား။ ငါးခြောက်ရိုးတွေကျန်သေးတယ်မဟုတ်လား။ အဲဒါ ဘူးသီးနဲ့ချဉ်ရည် ချက်စားလိုက်။ ညနေစာလည်း ချန်ထားဥိး။ ကလေးထမင်းဘူးထားခဲ့ပြီနော်။ ကဲ… ငါသွားပြီ။ သားကို ပစ်မထားနဲ့နော်' မရင်မေသည် လမ်းမရောက်သည်ထိ အော်ဟစ်မှာကြားပြီး ထွက်သွားလေ၏။

ခင်ဦးသည် ငါးခြောက်ရိုးနှင့်ဘူးသီးချဉ်ရည် ချက်စားဖို့ကို စိတ်မပါတော့ပေ။ စောစောက မရင်မေ မသိအောင် ခိုးဝှက်ချန်ထားသည့် ၀က်သားငါးပိချက် အနည်းငယ်ကိုသာ ထမင်းနှင့်အ၀စားလိုက်ဖို့ ဆန္ဒရှိနေလေ၏။ မရင်မေတို့မိသားစုစားသည့်ဆန်ကို ခင်ဦးမစားရချေ။ ခင်ဦးကလည်း ပျော့ပျော့ ဖပ်ဖပ်နိုင်လှသည့် ထိုထမင်းကို အရသာရှိသည်ဟုပင် မထင်ပါပေ။ နီကြောင်ကြောင်ဝါတာတာ ဆန်ကြမ်းကို ပူပူနွေးနွေးစားလိုက်ရသည်ကသာ တင်းတိမ်အားရစရာကောင်း၏။ ခင်ဦးသည် အသားညို၍ အနည်းငယ်ထွားကြိုင်းသော်လည်း ရုပ်ရည်မှာ ကြည့်ပျော်ရှုပျော်ရှိလေ၏။ သန်မာတောင့်တင်းသော ခန္ဓာကိုယ်နှင့် လိုက်ဖက်စွာ ထမင်းနှစ်ဇလုံမောက်မောက်ကို အသာလေးစားနိုင်သလို ထင်းတုံးကြီး များကိုလည်း ပုဆိန်နှင့် ပေါ့ပေါ့ပါးပါးပေါက်ခွဲနိုင်လေ၏။။

မရင်မေတို့ အိမ်နောက်ဘက်မှ ချဉ်ပေါင်ခင်း၊ မုန်ညင်းအဖြူအစိမ်း၊ ပဲတောင့်ရှည်စင်၊ ဘူးစင် စသည့် ရာသီစာ သီးပင်စားပင်အားလုံးမှာ ခင်ဥိးလက်ဖြစ်တွေချည်းသာတည်း။ ထိုခြံထွက်ဟင်းလျာများသည်ပင် ခင်ဦးအတွက် အာဟာရဖြစ်လေ၏။ မရင်မေမှာ အသားဟင်းမပါလျှင် ထမင်းမျိုမကျသူဖြစ်၏။ ကိုအောင်နိုင်မှာမူ အသားဟင်းရယ်မဟုတ်ဘဲ ဖွယ်ဖွယ်ထွေလီကာလီဟင်းမျိုးကိုကြိုက်လေ၏။ ခင်ဦးမှာမူ ငါးပိ၊ ငါးပိရည် တစ်မျိုးမျိုးရှိလျှင် ထမင်းမြိန်လေသည်။ မရင်မေ ထမင်းဘူးထည့်သည့်ဟင်းကို ခင်ဦး ဘယ်အခါမှ တရားဝင် မစားရချေ။ ကိုအောင်နိုင်မှာ မနက်စာ ထမင်းဘူးမယူသူဖြစ်၏။ တစ်ခါတစ်ရံမှသာ ယူလေ့ရှိ၏။ ထို့အတွက် ခင်ဦးသည် ကိုအောင်နိုင်ကို အလွန်ပင် ကျေးဖူးတင်ရလေ၏။

ကိုအောင်နိုင်မှာ စကားပြောနည်းရသည့်ကြားထဲ အသံတိုးသေးလေရာ မရင်မေနှင့် ဘယ်လိုရခဲ့သည်ဆိုတာ လူတိုင်း အဖြေရှာမရ အံ့သြလောက်သည့်အစားထဲကဖြစ်လေသည်။ အိမ်၌ ကိုအောင်နိုင် ရှိမရှိကို မရင်မေ၏အသံ နားထောင်ခြင်းဖြင့်သာ သိနိုင်လေ၏။ ယောက်ျားရေ၊ ကိုရေ၊ ကိုနိုင်ရေ ဟူသော မရင်မေ၏ အသံချိုချိုကိုကြားလျှင် အိမ်၌ ကိုအောင်နိုင်ရှိသည်မှာ သေချာလေ၏။ ခရီးထွက်ရခြင်းမဟုတ်ဘဲကိုအောင်နိုင်ရုံးပြန်နောက်ကျနေလျှင်မူမရင်မေတစ်ယောက် ဒေါင်းတောက်အောင် အလုပ်ရှုပ်တော့၏။ ခင်ဦးကား နေစရာမရှိပြီ။ အလကားနေရင်း အအော်အဟောက်ခံနေရ၍ ခင်ဦးမှာ ဟိုဟာလုပ်ရကောင်းနိုး၊ ဒီဟာလုပ်ရကောင်းနိုးဖြင့် မလုပ်တတ်မကိုင်တတ်ဖြစ်လာကာ ပျာယာခတ်ရတော့ ၏။

မရင်မေက ဖျပ်ဖျပ်လူးနေသလောက် ကိုအောင်နိုင်မှာ အစဉ်အမြဲ ခပ်အေးအေးသာရှိနေတတ်၏။ ကိုအောင်နိုင်သည် ရုံးမှာနေလျှင် မျက်နှာထားကြည်လင်နေတတ်သော်လည်း အိမ်ပြန်ရောက်ပြီဆိုတာနှင့် စက်ရုပ်တစ်ရုပ်လို တည်တံ့သွားတတ်၏။ သားဖြစ်သူနှင့် ဆော့ကစားနေသောအချိန်မျိုး၌သာ ကိုအောင်နိုင့်မျက်နှာ ရွင်ပျလန်းဆန်းလေ၏။ တစ်အိမ်တည်းအတူနေသော ခင်ဦးကိုပင် တစ်ပတ်လုံးနေမှ စကားတစ်ခွန်းပြောခဲလှ၏။ စင်စစ်တော့ ကိုအောင်နိုင်သည် အောင်နိုင်ဟူသော နာမည်တစ်လုံးကိုသာ ပိုင်ပိုင်နိုင်နိုင်ရလျက် မရင်မေကို တစ်စက်ကလေးမှ အနိုင်မယူနိုင်သူသာတည်း။

(၂)



ကိုအောင်နိုင်သည် အိမ်ထဲမှ အသံဗလံများကြောင့် ရုံးအိတ်ကိုချကာ နားစွင့်နေလိုက်၏။

'လင်တရူးမ။ နင် လင်တပဲရူးမနေနဲ့။ နင့်ကိုများ ယူမယ့်သူရှိရင် ငါ ခုချက်ချင်းပေးစားလိုက်တယ်။ အကျွေးရတောင် သက်သာသေး။ နင်လိုမိန်းမကို ငါမို့ တင်ကျွေးထားတာ။ ငါ့လင်မို့ပေါ့။ သူများယောက်ျားသာဆို နင်လို ဆတ်စလူးထပုံမျိုးနဲ့ ဗိုက်ကြီးတာ ကြာလှပေါ့။ ဘယ့်နှယ်တော် ကြက်သားကို တူးအောင် ချက်ရတယ်လို့။ လင်ကြောင်းသားကြောင်းပဲ တွေးနေတာကိုး၊ ဟင်းအိုးက မတူးရှိပါ့မလား။ နင့်လင် ကြက်သားသည်ဆီက အလကားရထားတဲ့ကြက် မဟုတ်ဘူးဟဲ့။ မိခင်ဦး နင့်ကိုတော့ သတ်မိတော့မယ်ထင်ပါတယ်'

ကိုအောင်နိုင်သည် မိနစ်ပိုင်းအတွင်း အိမ်အခြေအနေကို ရိပ်မိသွားပြီဖြစ်၏။ ထို့ကြောင့် ရုံးအိတ်ကိုချကာ ခြေသံမကြားအောင် အိမ်ပေါ်မှ ပြန်ဆင်းလိုက်၏။ မကြားဝံ့မနာသာ စကားများကို နားမထောင်လိုသော ကိုအောင်နိုင်သည် အိမ်ရှေ့ပိတောက်ပင်အောက် ခုံတန်းလျားတွင် ထိုင်ကာ ဆေးလိပ်သောက်နေလိုက်၏။ ကိုအောင်နိုင်သည် မရင်မေ ဆူသံပူသံတို့ကို မကြားတစ်ချက် ကြားတစ်ချက်နှင့်ပင် တွေးမိတွေးရာ ထိုင်တွေးနေလေ၏။

ကြက်သားဟင်းအိုး တူးသည့်အမှုဖြင့် မိုးမီးလောင်နေသော မရင်မေသည် တဗျစ်တောက်တောက်ဆူပူရင်း ကိုအောင်နိုင့်ရုံးအိတ်ကို တွေ့လိုက်ရသဖြင့် မျက်လုံးပြူးသွားလေ၏။ အိပ်ခန်းထဲဝင်သွားသလား၊ ဘယ်မှာပါလိမ့်ဟုစဉ်းစားမရဖြစ်ကာ ပျောက်ချက်သားကောင်းနေသော ကိုအောင်နိုင်ကို အိမ်အနှံ့လှည့်ပတ်ရှာဖွေနေလေ၏။ အိမ်ရှေ့ပိတောက်ပင်အောက်ဆီမှ ဆေးလိပ်မီးခိုးငွေ့ကို တွေ့လိုက် ရသဖြင့် အပြေးဆင်းကြည့်လေ၏။

'ကို… ဒါ ဘာလုပ်နေတာလဲ'
'ပြီးပြီလား မင်းတို့ကိစ္စ'
'ဘာကိစ္စလဲ'
'ဆူပူအော်ဟစ်နေတဲ့ကိစ္စလေ'
'သြော်… မေ ဆူပူနေလို့ ကိုက အိမ်ပေါ်တက်မလာဘဲ အောက်မှာဆင်းနေတယ်ပေါ့လ။ ဟုတ်လား ကို။ တစ်သက်လုံးက ဆူပူနေရတာ၊ ခုမှ ကိုက ဘာဖြစ်ရတာလဲ'
'မင်းဟာက ကြားလို့မှ မကောင်းကွာ၊ တစ်ခါလာလည်း ဒီစကား။ တစ်ခါလာလည်း ဒီစကား။ အိမ်နီးနားချင်းတွေကို အားနာဖို့ကောင်းလှပြီ' ကိုအောင်နိုင့်အသံက ခါတိုင်းထက် ပိုကျယ်နေသည့်အတွက် မရင်မေ အံ့အားသင့်သွားလေ၏။ မရင်မေသည် ကိုအောင်နိုင်ကို စူးစူးရဲရဲပြန်ကြည့်ရင်း 'အိမ်နီးနားချင်းကို အားနာတာနဲ့ ပြောစရာရှိတာကို မပြောဘဲနေရမှာလားရှင့်၊ မိခင်ဦး လုပ်ပုံကိုင်ပုံတွေ မဟုတ်လို့ မေ့မှာ မပြောချင်ဘဲ ပြောနေရတာ။ အော်ချင်လို့များ အော်နေတယ် မှတ်နေလား။ ကိုကပါ ဒီကောင်မဘက်က ရှေ့နေလိုက်ချင်သေးလို့လား။ သူ့ကို မေက ဘုရားစင်ပေါ်တင်ပြီး ကိုးကွယ်ထားရမှာလား။ ပြောစမ်းပါဦး ရေခဲတုံးကြီးရဲ့'
'တော်တော့ကွာ' ကိုအောင်နိုင်သည် ထိုစကားတစ်ခွန်းသာဆိုလျက် အိပ်ခန်းထဲဝင်သွားတော့၏။ ဆက်ပြောနေပါလျှင်လည်း မရင်မေ ဒီထက်ပိုကြမ်းလာလိမ့်မည်ကို ကိုအောင်နိုင်သိလေ၏။ ကိုအောင်နိုင်သည် ခင်ဦးအပေါ် မရင်မေ နိုင်စားနှိပ်စက်ပုံတွေကို အူမချေးခါးအကုန်အစင် သိနေ၏။ ပါးစပ်နှင့်လည်းနှိပ်စက်၏။ လက်ဖြင့်လည်း ညှဉ်းဆဲ၏။ သို့ပါသော်လည်း ကိုအောင်နိုင်သည် ဘယ်အခါမှ ခင်ဦးဘက်က ၀င်မရပ်ရဲချေ။ မရင်မေပါးစပ်ကို ကိုအောင်နိုင် သေနတ်တစ်လက်ထက် ပို၍ကြောက်လေသည်။

စင်စစ် ခင်ဦးကို ဤအိမ်သို့ခေါ်ယူခဲ့သူမှာ ကိုအောင်နိုင်သာလျှင် ဖြစ်၏။ ကိုအောင်နိုင် နယ်မြို့လေးတစ်မြို့၌ အလုပ်တာဝန် ထမ်းဆောင်နေစဉ် ခင်ဦးတို့မိသားစုနှင့် စတင်သိရှိခဲ့ခြင်းဖြစ်၏။ ခင်ဦးဖခင်မှာ ကိုအောင်နိုင်တို့ လုပ်ခွင်မှ ကာယလုပ်သားကြီးတစ်ဦး ဖြစ်လေသည်။ ဖခင်ဆုံးပြီးနောက် အမေဖြစ်သူမှာ သားသမီးလေးယောက်နှင့် ချို့တဲ့ဆင်းရဲစွာ ကျန်ရစ်လေ၏။ ထိုအချိန်၌ မရင်မေမှာ ကိုအောင်နိုင်နောက်မလိုက်သေးဘဲ မိဘများနှင့်အတူ နေထိုင်ဆဲဖြစ်၏။ မရင်မေက အဖော်မိန်းကလေး တစ်ယောက်ရှာပေးပါဟု ဆိုထားသဖြင့် ခင်ဦးမိခင်ကြီးထံ၌ ခင်ဦးကိုတောင်းယူ ခဲ့ခြင်းဖြစ်လေသည်။ ခင်ဦးကလည်း ၀တ်ချင်စားချင်သော အပျိုပေါက်အရွယ်လေး ဖြစ်နေသဖြင့် ရန်ကုန်မြို့ကြီး၌ ချမ်းချမ်းသာသာနေရလိမ့်မည်ဟူသော အထင်ဖြင့် ကိုအောင်နိုင်နှင့် လိုက်ပါလာခဲ့ခြင်းဖြစ်၏။ မရင်မေ၏အကြောင်းကို အနည်းငယ်လောက်သာ ရိပ်မိခဲ့ပါလျှင် ခင်ဦးသည် မုဆိုးမ မိခင်ကြီးနှင့်အတူ မြေသယ်၊ အုတ်ရွက် ရရာအလုပ်လုပ်ကာ တစ်ဝမ်းတစ်ခါးအတွက် စိတ်ချမ်းသာစွာ ရုန်းကန်ပေလိမ့်မည်။

တကယ်တော့ ခင်ဦးသည် အသက် ၁၆ နှစ်မှ ကိုအောင်နိုင်နှင့်မရင်မေတို့အိမ် ရောက်လာခဲ့သော်လည်း မရင်မေ၏ ငယ်မွေးခြံပေါက်ဟုဆိုနိုင်လေ၏။ ခင်ဦးလိုလူကို ရသည်မှာ မရင်မေ အရတော်လှ၏။ လစာလည်း ပေးစရာမလို။ အလည်အပတ်လည်း ပြန်မပို့ရ။ မိဘအိမ်က အတောင်းအရမ်းလည်းမရှိ။ ခင်ဦးကို ကိုအောင်နိုင် ရန်ကုန်သို့ခေါ်လာခဲ့စဉ်က ခင်ဦးအမေကို ငွေတစ်ထောင်သာ ကန်တော့ခဲ့၏။ အပိုင်သဘော ၀ယ်ယူခဲ့ခြင်းကာ မဟုတ်။ မရင်မေ လူလိုပါသည်ဆို၍ တောင်းပန်၍ ခေါ်ယူခဲ့ခြင်းဖြစ်၏။ အချိန်တန်ပြန်လာစေလိုက ပြန်ပို့မည်ဟု ကတိရှိခဲ့၏။ သို့သော် လေးငါးခြောက်နှစ်အတွင်း မြို့သုံးလေးမြို့သို့ ပြောင်းရွှေ့လိုက်သောအခါ ဇာတ်လမ်းပြတ်သွားတော့၏။ မရင်မေသည် ခင်ဦးကို မရင်မေခိုင်းချင်ရာ ခိုင်းစေရန် ကိုအောင်နိုင် ငွေတစ်ထောင်ပေး ၀ယ်ယူလာသည့် စက်ရုပ်တစ်ရုပ်သဖွယ်သာ ထင်မှတ်လေ၏။ စိတ်တိုင်းမကျလျှင် ခင်ဦးအား 'နင့်အိမ်ကို နင် ပြန်ချင်မနေနဲ့။ နင့်အမေက နင့်ကို ကျွေးမထားနိုင်လို့ ငါတို့နဲ့ ဇွတ်ထည့်လိုက်တာ' ဟုပင် ဆိုချေသေး၏။
ခင်ဦးသည် သူ့နေရပ်လိပ်စာကို ကောင်းစွာသိနေသော်လည်း စာရေးဆက်သွယ်ရကောင်းမှန်းမသိပေ။ လေးတန်းအထိ ကျောင်းနေဖူးသော်လည်း ဟုတ်တိပတ်တိ စာမရေးနိုင်သူဖြစ်၏။ အနည်းအကျဉ်းမျှသာ စာဖတ်နိုင်လေ၏။ မရင်မေ၏ အကြိုက်ပင်တည်း။ ခင်ဦးသည် မနက်ငါးနာရီမထိုးခင် အိပ်ရာထ၍ မီးမွှေး၊ ရေနွေးအိုးတည်၊ ထမင်းချက်၊ ဟင်းချက်၊ ဆန်ရွေး၊ ထင်းပေါက်၊ မြေပေါက်၊ အိမ်သန့်ရှင်းရေးလုပ်စသည့် အလုပ်ကြမ်း အလုပ်နုအစုံကို ပင်ပင်ပန်းပန်းလုပ်ရသော်လည်း ည ၀၀ကြီးအိပ်လိုက်ရလျှင် ကျေနပ်လေ၏။
ဖိုးသံလုံးကို မမွေးမီက မရင်မေ ဒီလောက်မဆိုးသေးချေ။ ဖိုးသံလုံးရှေ့၌ ကလေးတစ်ယောက် အဖတ်မတင် ဖြစ်ခဲ့သေး၏။ ခင်ဦးကမူ ထိုစဉ်ကလည်း ကလေးအဖတ်မတင်သည့်အတွက် ၀မ်းသာလိုက်သေး၏။ သို့သော်လည်း ဖိုးသံလုံးကို မွေးသောအခါ၌မူ ခင်ဦးလက်တွင်း မွေးခဲ့သည်မို့ ဖိုးသံလုံးကို ခင်ဦး မောင်လေးအရင်းပမာ ချစ်ခင်လေ၏။ မရင်မေသည် ဖိုးသံလုံးကို ကိုယ်ဝန်လွယ်၍ မွေးခဲ့သည်သာရှိ၏။ နို့တိုက်သောအခါ၌မူ ကလေးငယ်ကို ချီပွေ့မထားနိုင်၍ ခင်ဦးသာ ချီပွေ့လျက် မရင်မေနို့ကို စောင့်တိုက်ပေးရ၏။ နို့ထွက်နည်းသည့်အတွက် နို့မ၀သောကြောင့် ခင်ဦးကသာ နို့ဘူးဖျော်တိုက်ပေးရ၏။ မရင်မေနှင့် ဖိုးသံလုံး၏ ဝေယျာဝစ္စကိစ္စအလုံးစုံသည် ခင်ဦးတာဝန်သာ ဖြစ်ခဲ့လေ၏။

ရုံးမှ လစာမဲ့ခွင့်ရက်ရှည် ယူထားသော မရင်မေသည် ဖိုးသံလုံးတစ်နှစ်ခွဲတွင် အလုပ်ပြန်ဝင်လေသည်။ ထိုအခါ ဖိုးသံလုံးသည် ခင်ဦးလက်တွင်း၌သာ လုံးလုံးလျားလျား ကြီးရလေ၏။ ဖိုးသံလုံးကလည်း ခင်ဦးနှင့်သာ တနေကုန်နေရသဖြင့် ခင်ဦးကိုတွယ်တာလေ၏။ ပြေလည်နေသော ခင်ဦးနှင့်ဖိုးသံလုံး ကိုသွေးခွဲသူကား မရင်မေကိုယ်တိုင်ပင်ဖြစ်လေသည်။ ဖိုးသံလုံးမှာ မူကြိုထားလို့ရသည့် အရွယ်ရောက်လာသော်လည်း မထားခဲ့။ လင်နှင့်သားကို အစဉ်သဖြင့် စိတ်မချနိုင်စွာ အကဲပိုနေတတ်သော မရင်မေသည် မူကြိုကျောင်း၌ အခြားကလေးများက ဖိုးသံလုံးကို ရိုက်ပုတ်နေမည်ဟု စိုးရိမ်ကာ မူကြိုပင် မထားရက်ခဲ့။ ခင်ဦးကိုကား စိတ်ချရသည့်အတွက် ခင်ဦးနှင့်သာ နေစေခဲ့၏။

သို့ပါသော်လည်း မရင်မေသည် ရုံးမှပြန်လာတိုင်း 'ဒီနေ့ သားကို ခင်ဦး ဘာလုပ်သေးလဲ၊ ဆူသေးလား၊ ရိုက်သေးလား၊ ခင်ဦး ဘာတွေလုပ်နေလဲ' ဆိုသော မေးခွန်းမျိုးတွေကို မေးတတ်လေရာ ဖိုးသံလုံးသည် ကလေးတို့သဘာဝအတိုင်း မဟုတ်တာရော ဟုတ်တာရော သူမြင်သမျှ၊ ကြားသမျှ အကုန်အစင် ပြန်တိုင်တတ်လာ၏။ ခင်ဦးသည် မိန်းကလေးပီပီ အချဉ်ပေါင်း၊ မာလကာသီး၊ ကြံပန်းခိုင်၊ လက်ဖက်သုပ် စသည့် အစားအသောက်မျိုးကိုနှစ်သက်လေရာ ဖိုးသံလုံးကို ဆွယ်၍ ပူးပေါင်းစားသောက် တတ်လေ၏။ ဖိုးသံလုံးကလည်း လူကြီစားသမျှ လိုက်စားချင်တတ်သော ကလေးဖြစ်သဖြင့် ခင်ဦးနှင့်အတူစားတုန်းက အငမ်းမရ အလုအယက်ဝင်၍စားလျက်၊ မရင်မေ ရုံးကပြန်လာလျှင်မူ 'မမဦး အချဉ်ထုပ်တွေစားတယ်၊ ပြောင်းဖူးပြုတ်တွေ ၀ယ်စားတယ်၊ ကြံရိုးတွေ စုပ်တယ်' စသဖြင့် အတိုင်ကြောထူလေ၏။

မရင်မေသည် သားစကားကို အဆင်အခြင်မရှိ အမြဲယုံကြည်လေ့ရှိသည့်အတိုင်း 'ဒါကြောင့် ကလေး ရင်ခံနေတာပေါ့။ ဒါကြောင့် ကလေးချောင်းဆိုးနေတာကိုး၊ ဒါကြောင့် သား ၀မ်းခဏခဏပျက်တာနေမှာ။ နင်ကလေးကို မဟုတ်တာတွေ လျှောက်ကျွေးတယ်။ နင် မျိုချင်ဆို့ချင်တိုင်း ငါ့သားကို ဥပါဒ်ရောက်တာတွေ ခိုးကျွေးတယ်' စသော ဆူပူမှုမျိုးဖြင့် ဆူပူမာန်မဲလေတော့၏။ အခါများစွာခံရပြီးသောအချိန်၌ ခင်ဦးသည် မည်သည့်အစားအစာကိုမှ ဖိုးသံလုံးမြင်တွေ့အောင် မစားတော့ဘဲ ခိုးဝှက်စားသောက်တတ်လာ၏။ သို့သော် ခင်ဦးသည် သူနှစ်သက်သောအစားအစာမျိုးမှလွဲ၍ အပ်တစ်ချောင်းကိုမျှ ခိုးယူလိုသောဆန္ဒရှိသူ မဟုတ်ပေ။

မရင်မေ၏ လက်ထောက်ချကောင်းမှုကြောင့် ဖိုးသံလုံးသည် အမေနှင့်ခင်ဦးကြား၌ အလွန်ခလောက် ဆန်တတ်သော ကလေးတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာလေ၏။
'အန်တီနွဲ့တို့အိမ်သွားတယ်။ အိမ်နောက်ဘက်မှာ မမဖြူဖြူနဲ့ အကြာကြီးနေနေတယ်။ သီလရှင်တွေကို ဆန်နို့ဆီတစ်ဘူးလောင်းလိုက်တယ်။ မေမေ့ပေါင်ဒါတွေယူလိမ်းတယ်။ ကက်ဆက်ဖွင့်တယ်။ သားသားကို ပုံပြင်ပြောမပြဘူး။ အန်တီနွဲ့မုန့်လာပေးတာ သားသားကိုမကျွေးဘူး' စသော အကြောင်းအရာမျိုးစုံကို ပိုပိုသာသာကြီး တိုင်တန်းတတ်လာ၏။ တစ်ခါတစ်ရံ၌ လုံးဝမဟုတ်သည့် အကြောင်းအရာများလည်း ပါဝင်သေး၏။

မရင်မေတို့နှင့် အိမ်ချင်းကပ်လျက်နေသော နွဲ့သည်မရင်မေတို့အတွက် အထူးအဆန်း စားသောက်ဖွယ်ရာမျိုးဖြစ်စေ၊ ကိုရဲလင်းပြန်လာလျှင်ဖြစ်စေ လက်ဆောင်တစ်မျိုးမျိုး ခွဲဝေပေးစားတတ်လေ၏။ မရင်မေတို့အတွက်မဟုတ်ဘဲ သီးမွှေးငှက်ပျောသီးလေး တစ်လုံး။ ကျောက်ကျောလေးသုံးလေးတုံး။ သာကူလေးတစ်ခွက်စသဖြင့် ခင်ဦးကိုစားစေ လိုသောစေတနာနှင့် သက်သက်ကျွေးတတ်ပေးတတ်လေ၏။ အိမ်ရှင်များမသိအောင် ခိုးကျွေးခြင်းမျိုးလည်း မဟုတ်ပါပေ။ နွဲ့ကိုယ်တိုင်က စေတနာသဒ္ဓါတရား ထက်သန်သူဖြစ်သည့်အတွက် ခင်ဦးအပေါ် ကရုဏာစိတ်ဖြင့် ကျွေးမွေးပေးကမ်းခြင်းသာ ဖြစ်လေသည်။

ခင်ဦးသည်လည်း နွဲ့ကိုအထူးပင် ချစ်ခင်လေးစားလေ၏။ ဖိုးသံလုံးအိမ်ပြီဆိုတာနှင့် နွဲ့တို့အိမ်သို့ ကူးလာတတ်လေ၏။ ခင်ဦးသည် ကိုအောင်နိုင်နှင့်မရင်မေတို့အကြောင်းကို ရသည့်အချိန်အတွင်း ကရားရေလွှတ် ပြောပြတတ်လေသည်။ နွဲ့က စပ်စပ်စုစုမေးခြင်းကားမဟုတ်။ နွဲ့သည် ခင်ဦးကို စာနာသနားမိသော်လည်း သူတစ်ပါးအိမ်တွင်းရေးကိစ္စမို့ ဆိုးသည် ကောာင်းသည် ဝေဖန်ချက်မပေးဘဲ ခင်ဦးပြောလိုသမျှ နားထောင်၍သာနေလေ၏။ ဖြူဖြူကမူ 'ဒီလိုအိမ်မျိုးမှာ မခင်ဦးမို့ နေနိုင်တယ်။ အဲ့ရောပဲ။ ဖြူဖြူသာဆို တစ်လလောက်ဆို သေမှာ' ဟု ဝေဖန်ချက်ပေးတတ်၍ နွဲ့မှာပြဿနာတက်လျှင် အမှုပတ်နေမည်စိုး၍ ဖြူဖြူကို တားထားရလေ၏။

နွဲ့ကမူ ခင်ဦးကို တရားသာတွင်တွင်ဟောနေတတ်လေ၏။ 'သည်းခံခြင်းသည်သာ အောင်မြင်ရာ လမ်းကြောင်းဖြစ်ကြောင်း၊ အိမ်ရှင်က မည်မျှပင်ဆိုးစေကာမူ ကိုယ်စေတနာရှိက စေတနာအကျိုးကို တစ်နေ့ခံစားရမှာဖြစ်ကြောင်း။ ထမင်းရှင်များအပေါ် ကျေးဇူးသိတတ်ရမှာဖြစ်ကြောင်း။ မေတ္တာထားခြင်းဖြင့်သာ သူ့ဆီက မေတ္တာ ကို ပြန်ရမှာဖြစ်ကြောင်း' တို့ကိုသာ အလိမ္မာသုံး ပြောဆိုလေ၏။ ကိုရဲလင်းနှင့်ကိုအောင်နိုင်မှာ အလုပ်ခွင်ချင်းမတူသော်လည်း လုပ်ငန်းကြီးတစ်ခုအောက်၌ အတူအလုပ်လုပ်နေသော လုပ်ဖော်ကိုင်ဖက် များသာ ဖြစ်သည့်အတွက် မရင်မေနှင့် တစ်စုံတစ်ရာအချင်းမများလိုပေ။ အိမ်နီးနားချင်း ပြဿနာဖြစ်ရမည် ကိုလည်း နွဲ့ကြောက်လှ၏။ နွဲ့ကိုယ်၌ကလည်း အေးအေးနေတတ်သူဖြစ်၍ မိန်းမကောင်းရန်တွေ့ အလုပ်များကို မလုပ်တတ်ပါချေ။

နွဲ့သည်မရင်မေနှင့် ခင်ဦး၏ဆက်ဆံရေးအခြေအနေကို မကြားချင်အဆုံး သိနေမြင်နေသဖြင့် ဘယ်ကိစ္စမျိုး၌ ဘယ်သူအလွန်ဖြစ်သည်ကို ဆင်ခြင်ခွဲခြားနိုင်လေ၏။ ထိုကိစ္စမှာလည်း နွဲ့သာမဟုတ်၊ ပတ်ဝန်းကျင်တစ်ခုလုံး သိနေသောကိစ္စသာဖြစ်၏။ သို့သော် မရင်မေပးစပ်ကို ကြောက်ကြ၍ ဘယ်သူကမှ ခင်ဦးကို မြှောက်ထိုးပင့်ကော် မလုပ်ကြချေ။ ကိုယ့်ထမင်းကိုယ်စား၍ မည်သူက သူတစ်ပါးအမုန်းကို ခံလိုမည်နည်း။



(၃)



မရင်မေပေးသော ဒဏ်ရာဒဏ်ချက်များသည် ခင်ဦးကိုယ်၌ သေရာပါအောင် စွဲထင်ကျန်ရစ်နေခဲ့လေပြီ။ ဤလောကကြီး၌ မရင်မေ၏ဒဏ်ကို ခင်ဦးလောက် ခံနိုင်ရည်ရှိသော လူသားဟူ၍ မရှိနိုင်တော့ပြီ။ မရင်မေအလိုမကျ၍ ခင်ဦးကို ဆူပူရိုက်နှက်နေလျှင် ဒေါ်စိန်သုံသည် မေတ္တသုတ်ကို ထပ်ပြန်တလဲလဲ ရွတ်ကာ မရင်မေကို မေတ္တာပို့နေတတ်လေ၏။ နွဲ့ကမူ အိမ်ပေါ်၌လမ်းကို ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် စိတ်လှုပ်ရှားနေလေ၏။ ဖြူဖြူကတော့ 'မခင်ဦး သနားပါတယ် အန်တီနွဲ့ရဲ့။ အန်တီနွဲ့မသိသလိုနဲ့ အကြောင်းတစ်ခုခုပြပြီး အန်တီမေဆီ သွားလည်ပါလား'ဟု အကြံပေးတတ်လေ၏။ ကိုရဲလင်းပြန်ရောက်နေတတ်သောရက်မျိုးဖြစ်လျှင်မူ 'နွဲ့က ကိုယ်နဲ့မဆိုင်တာကို အာရုံထဲ ထားမနေနဲ့လေကွာ။ ဒီတော့ နွဲ့ပဲ စိတ်အနှောင့်အယှက်ဖြစ်ရမှာပေါ့။ မောင့်နွဲ့လေးက တရားသမားပဲကွာ။ ကြားရင် ကြားတယ်လို့မှတ်နေပေါ့' ဟု ရယ်ရယ်မောမော အားပေးဖျောင်းဖျ တတ်လေသည်ကိုပင် မနာခံနိုင်ဘဲ 'အို… မောင်ကလည်း နွဲ့သာ နေရာတကာ တရားနဲ့ဖြေနိုင်နေ ရင် မောင့်ကိုတောင် မယူဘူး။ သီလရှင်ဝတ်တာကြာပြီ သိရဲ့လား' ဟု ပြန်အထွန့်တတ်လေ၏။


အနားကပ်၍ နေ့စဉ်နီးပါး ကြားနေရသော အသံဗလံတို့ကို နွဲ့မည်သို့ အာရုံမထားမိ ဘဲ နေနိုင်မည်နည်း။ ပြဿနာတစ်ခု ဖြစ်ပြီးတိုင်း နွဲ့အိမ်သို့သာ လာရောက်ရင်ဖွင့်တတ်သော ခင်ဦး၏ ကရုဏာသက်ဖွယ်မျက်ရည်လည်ရွဲနှင့် မျက်နှာကို နွဲ့ဘယ်လိုမှ မေ့ဖျောက်မပစ်နိုင်ချေ။

'အန်တီနွဲ့ရယ်။ ကျွန်မကို အမေဆီ ပြန်ပို့ပေးပါနော်။ ကျွန်မ အိမ်ကခိုးထွက်ခဲ့မယ်လေ။ အန်တီနွဲ့လိုက်မပို့နိုင်ရင်လည်း ရထားပေါ်ဖြစ်ဖြစ် တင်ပေးလိုက်ပါနော်။ ရန်ကုန်မှာ ခင်ဦးကြီးတော် တစ်ယောက် ရှိတယ်။ အဲဒီကနေ အမေတို့ဆီ ခင်ဦး ဆက်ပြန်မယ်လေ။ ခင်ဦးကိုလိုက်ပို့မယ်မဟုတ်လား' ဟု မကြာခဏဆိုတတ်သော ခင်ဦးအား နွဲ့သည် 'ခင်ဦးက လိမ္မာပါတယ်ကွယ်။ အန်တီနွဲ့ပြောထားတယ်မို့လား မိန်းကလေးတစ်ယောက်တည်း အိမ်ကထွက်လာရင် မကောင်းတဲ့လူတွေနဲ့တွေ့ရင် ဒုက္ခရောက်မှာ။ အပြင်လောကမှာ အလစ်ချောင်းနေတဲ့လူတွေက အများကြီး ခင်ဦးရဲ့။ သူတို့က အုပ်ထိန်းသူမပါတဲ့ မိန်းကလေးတွေ့တာနဲ့ ဖမ်းခေါ်သွားပြီး မကောင်းတဲ့မိန်းမ လုပ်စားခိုင်းမှာ။ မရင်မေကို အန်တီနွဲ့ပြောပေးမှာပါကွယ်။ ဖိုးသံလုံးလေး ကျောင်းအပ်ပြီးရင် ပြန်ပို့ပေးမယ်လို့ အန်တီနွဲ့ကိုပြောပါတယ်' ဟူသော စကားမျိုးဖြင့် နှစ်သိမ့်ထားရလေ၏။

နွဲ့သည် ခင်ဦး သူ့မိဘရပ်ထံ ပြန်ချင်နေသည့်ကိစ္စအတွက် စိတ်ဝင်တစားကူညီလိုသည့်ဆန္ဒ အမှန်ပင်ရှိသူဖြစ်၏။ မရင်မေအိမ်ဘက် ရောက်လာသည့်အခါမျိုး၌လည်း စကားစပ်မိလျှင် 'မေ စိတ်တိုင်း မကျရင်လည်း ပြန်ပို့လိုက်ပါလားကွယ်။ အလကား စိတ်ညစ်ခံမနေပါနဲ့' ဟု ပြောဆိုကြည့်သော်လည်း မအောင်မြင်ချေ။ မရင်မေကလည်း 'တကယ်ပါပဲ နွဲ့ရယ် ခင်ဦးတစ်ယောက်ကို မွေးထားရတာ မေ ငရဲကြီးလှပါတယ်။ အသိဥာဏ်ကို မရှိသလိုပဲ။ ပြန်ပို့ဖို့ရာလည်း ခရီးကဝေးလွန်းတာနဲ့ အချိန်မပေးနိုင်တာနဲ့ မပို့နိုင်သေးဘူး။ မေကသာ ပို့ချင်နေတာ သူက ဒီမှာ မေ ဘယ်လောက်ဆူဆူပူပူ မပင်မပန်း စားသောက်နေရတာဆိုတော့ ပြန်ချင်တာမဟုတ်ပါဘူး။ သူ့အိမ်ပြန်ရင်လည်း ရုန်းကန်ရှာဖွေ စားရမှာကိုး နွဲ့ရဲ့' ဟု အကြောင်းသိနေသော နွဲ့ကို ပြောသောအခါ နွဲ့မှာ နှုတ်ပိတ် ၍သာ နေရတော့၏။


တကယ်တမ်းမူ မရင်မေသည် ခင်ဦးကိုလက်မလွတ်လိုပေ။ သူ့ဒဏ်ကိုခံနိုင်သည့်လူဆို၍ အရေထူနေသည့် ခင်ဦးတစ်ယောက်သာရှိသည်ကို မရင်မေသိလေ၏။ ခင်ဦးနှင့်မရင်မေတို့၏ မဆုံးနိုင်သော ပြဿနာတို့ကို ကြည့်ကာ စိတ်အဆင်းရဲဆုံး ကိုအောင်နိုင်သည်ပင် ခင်ဦးမရှိရင် တခြားအိမ်ဖော်တွေနဲ့ ငါ့မိန်းမ ဘယ်လိုနေလေမည်နည်းဟုတွေးလျက် ခင်ဦးကို မိဘရပ်ထံပြန်လွှတ်ဖို့ စကားမဟရဲချေ။ အဆုံးတော့ ကိုအောင်နိုင်သည်ပင် ခင်ဦးကိုယ်၌က မိဘရပ်ထံပြန်ပို့ခိုင်းလေမည်စိုးလေရာ ခင်ဥိးကို စကားမပြော ဘဲ နေလေ၏။ ခင်ဦးကလည်း မရင်မေကိုပြန်ချင်ကြောင်း ပြောသော်လည်း ကိုအောင်နိုင်ကိုမူ မပြောရဲချေ။ အနေတည်သော ကိုအောင်နိုင်ကို ရှိန်းတိမ်းတိမ်းဖြစ်ကာ ကြောက်လန့်သလို၊ လင်ဖြစ်သူကို ဘယ်မိန်းမနှင့်မှ စိတ်ချလေ့မရှိသော မရင်မေပါးစပ်ကို ကြောက်ရသည်ဖြစ်ရာ ခင်ဦးအဖို့ မရင်မေ၏ လောင်းရိပ်အောက်မှ လွတ်မြောက်ဖို့လမ်းမရှိတော့ချေ။

သို့သော် နှုတ်ကြမ်းသောမရင်မေကို ခံပက်ဖို့အတတ်ပညာကိုမူ မည်သူကမှသင်မပေးရဘဲ ခင်ဦး အလိုလိုနေရင်း တတ်မြောက်လာခဲ့လေ၏။ ခင်ဦးသည် မရင်မေကို တစ်စတစ်စနာကြည်းတတ်လာခဲ့၏။ ဘယ်လင်ကိုမှ တ၍မရူးရဘဲ အလုပ်တစ်ခုအဆင်မပြေတိုင်း မရင်မေနှုတ်မှ အချိန်အခါမရွေး လူရှေ့သူရှေ့မရှောင် အတားအဆီးမဲ့စွာ ထွက်လာတတ်သည့် လင်တရူးမဆိုသော စကားလုံးကိုကြားရတိုင်း မရင်မေကို လည်ပင်း ထ,ညှစ်ပစ်ချင်လာလေ၏။

မရင်မေ၏အိမ်သို့ ရံဖန်ရံခါလာတတ်သော ကိုအောင်နိုင့်အလုပ်ထဲမှ အလုပ်သမားကောင်လေး တစ်ယောက်က ခင်ဦးကို ရည်းစားစာတစ်စောင်ပေးဖူးလေ သည်။ နောက်တော့လည်း ခင်ဦးပင် ပြန်မကြိုက်လိုက်ရသေးမီ စီမံကိန်းအသစ်တစ်ခုသို့ ပြောင်းသွားသော အရာရှိတစ်ဦးနောက်သို့ ပါသွားသဖြင့် ဘာဇာတ်လမ်းမှ မဖြစ်ခဲ့ချေ။ ထိုစာကို ခင်ဦးသိမ်းထားလေရာ မရင်မေတွေ့ရှိသွားရာမှစ၍ ခင်ဦးကို အသားလွတ်ပုတ်ခတ်ဆူဆဲ နေခြင်းသာဖြစ်လေ၏။ အရွယ်ရောက်လာသောခင်ဦးသည် တစ်ခါတစ်ရံ စိတ်ကူးယဉ်ကြည့်နေတတ် သော်လည်း မရင်မေ၏ အမည်တပ်သလို ဘယ်လင်ကိုမှ တမ်းတနေသူမဟုတ်ပါချေ။ ခင်ဦး၏တွေးတော စိတ်ကူးနေစရာ အချိန်လည်းရှိသည်မဟုတ်။ ရေခပ်၊ ထင်းပေါက်၊ မြေပေါက် စသည့် အလုပ်ကြမ်းများနှင့် အိမ်မှုကိစ္စအထွေထွေကို တစ်နေကုန် တကုပ်ကုပ်လုပ်နေသော ခင်ဦးသည် မိုးချုပ်လျှင် ခြေပစ်လက်ပစ် အိပ်ပစ်ဖို့လောက်သာ စိတ်ဝင်စားလေ၏။
သို့ပါသော်လည်း ခင်ဦးသည် မရင်မေတို့သားအမိမအိပ်ဘဲ ဘယ်အခါမှ အိပ်ခွင့်မရပေ။ ကိုအောင်နိုင်နှင့် မရင်မေ တွတ်ထိုးနေလျှင် တစ်နေ့ခင်းလုံးအိပ်ထား၍ အိပ်ရေးဝနေသော ဖိုးသံလုံးနှင့် ကစားပေးရသေး၏။ ရုံး၌တနေကုန်ပင်ပန်းလာသည်ဆိုသော မရင်မေကိုခြေဆုပ်လက်နယ်ပြုစုရသေး၏။ ဖိုးသံလုံး နေမကောင်းဖြစ်လျှင် မူ ခင်ဦးသည် တစ်ညလုံးနီးပါး အိပ်ရသည်ပင်မရှိချေ။

ဖိုးသံလုံး နေမကောင်းနည်းနည်းဖြစ်လျှင် မရင်မေသည် ဆရာဝန်သုံးယောက်လောက် အနည်းဆုံးပြကာ ယောက်ယက်ခတ်တတ်မြဲဖြစ်၏။ ညဘက်ဆိုလျှင် ကလေးချွေးထွက်နေမည်။ ကလေးအဖျားတက်နေမည်။ ကလေးဆေးတိုက်ရမည်ဟူသော မရင်မေကို မလွန်ဆန်နိုင်စွာနှင့် ဖိုးသံလုံးကို စောင့်ကြည့်နေရလေ၏။ ထို့ကြောင့် ခင်ဦးသည် ဖိုးသံလုံး နေမကောင်းဖြစ်မှာ ကို သေရမှာထက်ပင်ကြောက်သေး၏။

ခင်ဦးသည် တနေကုန် ပင်ပင်ပန်းပန်းလှုပ်ရှားနေရသဖြင့် ညဘက် ကလေးထိန်းရင်း ငုတ်တုတ်အိပ်ငိုက်နေတတ်၏။ မီးပူတိုက်ရင်းလည်း ထိုင်လျက်သား အိပ်ငိုက်နေတတ်၏။ ကံဆိုးသည့်နေ့ ဆိုလျှင် မရင်မေ အဝတ်တစ်ထည်သည် မီးတွန့်သွားခြင်း၊ လောင်သွားခြင်းမျိုး ဖြစ်လေ၏။ ထိုအခါမျိုးတွင် မရင်မေသည် သူ့အဝတ်အစားတွေပျက်စီးရ၍ ဒေါသူပုန်ထကာ နီးရာပစ္စည်းတစ်ခုခုနှင့် ခင်ဦးကို ကောက်ထုလေ၏။ ခင်ဦး၏ခန္ဓာအနှံ့အပြား၌ မရင်မေ၏ သနပ်ခါးတုံးရာ၊ ပေါင်ဒါဘူးရာ၊ တံမြက်စည်းရာ၊ ထင်းချောင်းရာ၊ ဓာတ်ဘူးရာစသည့် ဒဏ်ရာတို့ ပုံစံအမျိုးမျိုးနှင့် စွဲထင်ကျန်ရစ်လေ၏။

ဓာတ်ဘူးထဲ ရေနွေးထည့်မထားမိသဖြင့် ဓာတ်ဘူးနှင့်ကောက်ပေါက်လိုက်သည့်နေ့က ခင်ဦးခေါင်းကွဲ သွားလေရာ အိမ်နီးချင်းများ မသိအောင် မရင်မေဆေးခန်းပို့ရလေ၏။ မရင်မေသည် ခင်ဦးကို တောင်ဥက္ကလာရိုက်ပါတိတ်ဝမ်းဆက်တစ်စုံ ချက်ချင်းဝယ်ပေးကာ နှုတ်ပိတ်လေ၏။ ကျန်ဒဏ်ရာ များမှာမူ သွေးများများစားစားမထွက်၍ လှည့်လို့ပင် မကြည့်ဖူးခဲ့ချေ။ နှုတ်လုံလှသောခင်ဦး သည် နွဲ့တစ်ယောက်ကိုမူ မပြောဘဲမနေနိုင်သည့်အတွက် ရင်ဖွင့်လေ၏။ ဒေါ်စိန်သုံမေးသောအခါတွင်မူ အိပ်မက်ယောင်ပြီး ခုတင်ပေါ်ကပြုတ်ကျတာဟုသာ ဖြေလေ၏။ ထိုအကြောင်းကိုကြားသိသော ဖြူဖြူက 'အဲဒါ တိုင်လို့ရတယ် သိလား။ အမှုလုပ်လို့ရတယ်။ ဒီလောက်တောင်ဖြစ်လှတာ မခင်ဦး ဂျာနယ်ထဲထည့်လိုက်ပါလား' ဟု မကျေမချမ်းနိုင်စွာ မြှောက်ပေးနေ၍ နွဲ့ တားထားရလေ၏။

'ဘယ်ရမလဲ။ ခင်ဦးလည်း သူ့ကိုတအားဆောင့်တွန်းပစ်လိုက်တာ သူ ဖင်ထိုင်လျက်သား လဲကျသွားတာပဲ'
'အို… ကိုယ့်ထက်အသက်အများကြီးကြီးတဲ့လူကို ပြန်မလုပ်ရဘူးလေ ခင်ဦးရယ်။ ဘာပဲဖြစ်ဖြစ် မရင်မေက ခင်ဦးရဲ့အုပ်ထိန်းသူမို့လား။ သည်းခံလက်စနဲ့ သည်းခံပါကွယ်။ ခင်ဦး သဘောပေါက်တယ်ဆို။ အရင်ဘဝဘဝတွေက ဝဋ်ကြွေးပါလာလို့ သူ့အိမ်မှာ ခင်ဦးခံနေရတာ။ သံသရာကြွေးပါအောင် မလုပ်ပါနဲ့ကွယ်'

'ခင်ဦး အမြဲခေါင်းငုံ့ခံတာပဲ အန်တီနွဲ့ရယ်။ တစ်ခါတစ်ခါတော့လေ ခင်ဦးအသားကို နာအောင်လုပ်သလို သူ့အသားကိုလည်းနာအောင် စိတ်ရှိလက်ရှိ ပြန်လုပ်ပစ်ချင်စိတ်တွေ ဝင်ဝင်လာတယ်။ သူ့သားကို ခြင်ကိုက်တော့လည်း ခင်ဦး ယပ်ခတ်မပေးရကောင်းလားဆိုပြီး တွေ့ရာနဲ့ကောက်ရိုက်တယ်။ ခင်ဦး သူတို့ကိုနာအောင် ဘယ်မှာ ပြန်လုပ်ရလို့လဲ။ ခင်ဦးကိုတော့ အသားကိုလည်း နာအောင်လုပ်တယ်။ စိတ်ကိုလည်းနာအောင်လုပ်တယ်။ ခင်ဦးခံလာတာ ခြောက်နှစ်ကျော်ပြီ။ တစ်နေ့ကလည်း ဧည့်သည်ကို ကော်ဖီဖျော်မတိုက်လို့ဆိုပြီး ဧည့်သည်ရှေ့မှာ ခင်ဦးကိုတိရစ္ဆာန်မတဲ့ခေါ်တယ်။ ဧည့်သည်ပြန်သွားတော့ ဆူလိုက်ဆဲလိုက်တာ ရစရာမရှိဘူး။ ဧည့်သည်ကို ခင်ဦး သဘောနဲ့ကျွေးပြန်တော့ နင်က အိမ်ကြီးရှင်မကြီးကျနေတာပဲ။ အိမ်ဖော်ကအိမ်ဖော်လိုနေတဲ့။ မကျွေးဘဲနေပြန်တော့ သိတတ်တရားမရှိဘူးတဲ့။ ခင်ဦးဘယ်လိုနေရမလဲ အန်တီနွဲ့ရဲ့။ ဘယ်ဧည့်သည်ပဲဖြစ်ဖြစ် ခင်ဦးစေတနာနဲ့ ကျွေးချင်တာပါပဲ။ ယောက်ျားဧည့်သည်မို့ ပိုကျွေးချင်ရအောင်လည်း အဲဒီယောက်ျားတွေက ခင်ဦးကို ဘာကူညီနိုင်မှာမို့လဲ။ ခင်ဦးလေ ပြောလို့ပြောတာမဟုတ်ဘူး။ အန်တီနွဲ့လို အိမ်မှာသာနေရရင် ထဘီလျှောက်ပေးရုံတင်မဟုတ်ဘူး၊ ချေးကုန်းပေးရပါစေ ခင်ဦးမေတ္တာနဲ့လုပ်ပေးတယ်။ ခင်ဦးအပေါ် အန်တီမေဘယ်လောက်ဆိုးဆိုးခင်ဦး မေတ္တာမပျက် လုပ်ကိုက်ပေးခဲ့တာချည်းပဲ။ ကလေးပျက်ကျတုန်း ကရော ဖိုးသံလုံးမွေးတုန်းကရော ခင်ဦးတစ်ယောက်တည်း အစစအရာရာ လုပ်ကိုင်ပေးခဲ့တာ။ ငါလည်း မိန်းမပဲဟဲ့ဆိုတဲ့စိတ်နဲ့ သူ့ကို အစ်မရင်းတစ်ယောက်လို သဘောထားပြီး အောက်ခြေသိမ်းလုပ်ပေးခဲ့တာပါ။'

ခင်ဦးအပေါ် သူ ဘာကောင်းသလဲ။ တစ်ခါလာ လင်တရူးမ တစ်ခါလာ လင်တရူးမနဲ့။ သူသာ လင်တရူးနေတာ အန်တီနွဲ့ရဲ့။ သူသာ တကယ့်လင်တရူးမကြီး'

နွဲ့သည် ခင်ဦးကိုကြည့်ကာ စိတ်မကောင်းဖြစ်ရလေ၏။ ခင်ဦး၏မျက်လုံးများသည် တလက်လက်တောက်ပြောင်နေလေ၏။ ခင်ဦးသည် ဒဏ်ရာဒဏ်ချက် ဗရပွရထားသော ကျားနာမ တစ်ကောင်လို ကြိတ်မနိုင်ခဲမရ နာကြည်းတတ်နေလေပြီဟု နွဲ့ထင်နေလေ၏။ နွဲ့သည် သူ့ခံစားချက်များကို ခင်ဦးလာပြောတိုင်း နှလုံးများ တဒိတ်ဒိတ်ခုန်ကာ မောပန်းလာတတ်လေ၏။ ခင်ဦးကိစ္စကို နွဲ့ ဘယ်လိုကူညီနိုင်မှာပါလိမ့်ဟု အပြန်ပြန်အလှန်လှန် စဉ်းစားကာ ကြံရာမရဖြစ်နေလေ၏။

ခင်ဦးသည် သူ့မိဘရပ်ထံသို့ အလွန်ပြန်ချင်နေလေသည်မှာ ငြင်းဖွယ်မရှိချေ။ သို့သော် ခင်ဦးသည် လိပ်စာကိုသိနေသော်လည်း မပြန်တတ်ချေ။ ခိုးထွက်သွားပါလျှင်လည်း မကောင်းသည့် မိန်းမဖြစ်လေမည် ဟု နွဲ့ပြောထားသည့်အတွက် မသွားဝံ့ချေ။ နွဲ့သည်လည်း မရင်မေဒဏ်မခံနိုင်၍ ခင်ဦးပြေးလေမှ ဒါထက်ဆိုးသည့်အဖြစ်မျိုးနှင့် ရင်ဆိုင်နေရမည်စိုး၍ မရင်မေ အိမ်မှ ခိုးထွက်မပြေးပါရန် အတန်တန်တားထားလေ၏။ ခင်ဦး သွားရဲလောက်အောင် သတ္တိမကောင်းချေ။ တစ်ခါတုန်းကတော့ ကိုသက်မောင် အမျိုးသမီးက သူနဲ့လိုက်ခဲ့၊ သူ ပြန်ပို့ပေးမည်ဟု ပြောဖူး၏။ ထိုသတင်းပေါက်ကြားသွားသည့် အတွက် မရင်မေ ဒေါသူပုန်ထလေ၏။ ညကြီးအချိန်မတော်၌ပင် ခင်ဦးအား အိမ်ပေါ်မှ နှင်ချလေ၏။
 


'ငါ့အိမ်ပေါ်က ခုဆင်း၊ နင့်ကိုတင်ကျွေးထားမယ့်သူတွေရှိရင် သွားနေချည်၊ လူပါးဝတဲ့ကောင်မ ငါ့အိမ်ပေါ်ပြန်တက်မလာနဲ့' ဆိုသည့် အိတ်သွန်ဖာမှောက်ဆဲဆိုမှုအစုံဖြင့် ခင်ဦးကို အိမ်ပြင်ထုတ်ကာ ထမင်းအငတ်ထားလေသည်။ စေတနာဖြင့် အကူအညီပေးမည့် ကိုသက်မောင်အမျိုးသမီးလည်း လန့်သွားလေ၏။ ကိုသက်မောင်ဇနီးသည်မှာ ရန်ကုန်၌ အလုပ်လုပ်နေသူဖြစ်၍ ရန်ကုန်တစ်လှည့်၊ ခင်ပွန်းသည်အိမ်ရှိရာတစ်လှည့် ကူးနေသူဖြစ်လေ၏။ အိမ်နီးချင်းများကလည်း မရင်မေကို အတင်းပြောရုံ ထက် ဘာမှပိုမလုပ်နိုင်ကြ။ ခင်ဦးကို ကယ်တင်မည့် လူစွမ်းကောင်းများလည်း ထွက်မလာကြတော့ပေ။ မရင်မေတို့မအားလပ်လို့မပို့ပေးနိုင်ရင် နွဲ့တာဝန်ယူပို့ပေးမည်ဟု ပြောရန်ကြံထားသော နွဲ့အစီအစဉ်များသည် လည်း လုပ်ဖော်ကိုင်ဖက်အိမ်နီးချင်းအချင်းချင်း အဖုအထစ်မဖြစ်စေလိုသော ဟန်ဆောင်နှစ်လိုမှုတို့အောက် ၌ ပျောက်ကွယ်သွားရသည်ချည်း။

မရင်မေသည် ခင်ဥိးကို အခါများစွာနှစ်လိုဖူးသော်လည်း ခင်ဦးသည် မရင်မေအိမ်က မဆင်းနိုင်သေးချေ။ ခင်ဦး၌ မရင်မေအပေါ် အတိတ်ဘဝများစွာက ဘယ်လောက်ကြီးလေးသော အကုသိုလ်ကံအကြောင်း ရှိခဲ့သည်ဆိုတာ မသိနိုင်ပါပေ။

(၄)
ခင်ဦးသည် မရင်မေ တစ်နေကုန်ရှိနေတတ်သည့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ကို အလွန်မုန်းလေ၏။ အကြောင်းကိစ္စတစ်ခုခုဖြင့် မရင်မေအပြင်သွားလျှင် အိမ်၌ဝမ်းသာအားရ ကျေနပ်ကျန်ရစ်လေ၏။ ဖိုးသံလုံးကို ခေါ်သွားပါလျှင် သာ၍ ဝမ်းမြောက်သေး၏။ ခင်ဦးသည် အမေရှိလျှင် တစ်မျိုး၊ အမေမရှိလျှင်တစ်မျိုး နှစ်ဖက်ချွန်လုပ်တတ်သော ဖိုးသံလုံးကို မောင်အရင်လေးတစ်ယောက်ပမာ ချစ်ခင်တွယ်တာသော်လည်း တစ်ခါတလေ၌မူ ကိုင်ပေါက်လွှင့်ပစ်ချင်လောက်အောင် အမြင်ကတ်လေ၏။ ဖိုးသံလုံးသည် အမေတူသား ဖြစ်လေသည်။ အသက်လေးနှစ်အရွယ်လောက်နှင့်ပင် အတို့အထောင် လုပ်တတ်နေလေ၏။ ချောက်တွန်းတတ်လေ၏။ 

ခင်ဦးက မျက်စောင်းထိုးလိုက်လျှင် 'မေမေ သားကို မမဦးက မျက်စောင်းထိုးနေတယ်။ မျက်လုံးပြူးပြနေတယ်။ ဆိတ်ဆွဲတယ်' စသည်ဖြင့် မဟုတ်တာရော၊ ဟုတ်တာပါ သာသာထိုးထိုး တိုင်တန်းတတ်၏။ တစ်ခါတစ်ရံ၌ တစ်စုံတစ်ယောက်က မရင်မေမရှိတုန်း လက်ဆောင် ပစ္စည်း ပေးသွားခဲ့လျှင် ခင်ဦးသည် ဖိုးသံလုံးအာချောင်မှုကြောင့် မဟုတ်မတရား အစွပ်စွဲခံရလေ၏။ လက်ဆောင်ပေးသူက မုန့်ကိုးခုပေးခဲ့လျှင် ပေးသည့်အတိုင်း ကိုးခုကိုသာ ခင်ဦး လက်ခံသိမ်းဆည်းထား ပါလျက် မရင်မေက တစ်ခုကို ခင်ဦး ဦးဦးဖျားဖျား ခိုးစားပစ်သည်ဟု ထင်မှားယိုးစွပ်တတ်လေသည်။ ခင်ဦးက မစားရပါကြောင်း အတန်တန်ငြင်းဆိုပါသော်လည်း မရင်မေက 'ပေးတဲ့လူက ကိုးခုပေးပါ့မလားဟဲ့။ ဆယ်ခု အပြည့်မပေးချင်းရင် ငါးခုပဲ ပေးမှာပေါ့။ နင်စားရင် စားတယ်ပေါ့' ဟူသော နိုင်လိုမင်းထက်စကားဖြင့် တစ်ဖက်သတ် အနိုင်ယူလေ၏။ တစ်ခါတစ်ရံ 'နင် ငါ့ကို ဗြောင်လိမ်မနေနဲ့ ငါ ပြန်မေးကြည့်မှာနော် ကောင်မ' ဆိုသည့် နောက်ဆက်တွဲ ပါလိုက်သေး၏။ ထိုအခါမျိုးတွင် ခင်ဦးသည် 'အန်တီမေ ခုချက်ချင်းသွားမေးလိုက်စမ်းပါ' ဟု သံကုန်ဟစ်အော်လေသည်။ တကယ်တမ်းမေးသည်တော့ မဟုတ်။ မေးပါလျှင်လည်း သိက္ခာကျရုံသာရှိသည်ကို မရင်မေ သိနေ၏။

ဒီတော့ ခင်ဦးသည် မရင်မေအိမ်၌မရှိစဉ် ရရှိသော စားသောက်ဖွယ်လက်ဆောင်မျိုးဆိုလျှင် မရင်မေ မယုံကြည်လောက်သော အရေအတွက်ဖြစ်နေပါက သူ့နည်းသူ့ဟန်ဖြင့် ဖြေရှင်းပစ်လိုက်တော့ ၏။ ခြောက်ခုဆိုလျှင် တစ်ခုကို စားပစ်လိုက်၏။ ကိုးခုဆိုလျှင် လေးခုကို စားပစ်လိုက်၏။ ဘယ်လိုမှ ရှင်းလင်းထားလို့မရလျှင် မရင်မေ၏ အဆူအပြောကို ခံမြဲတိုင်းခံရလေသည်။ မရင်မေကား အံ့သြစရာကောင်းလောက်အောင် ယိုးမယ်ဖွဲ့ပြဿနာလုပ်နိုင်လွန်းသော မိန်းမတည်း။

ဖိုးသံလုံးသည်လည်း မရင်မေခြေရာကို မီလုနီးနီးလိုက်နေသူဖြစ်၏။ ဖိုးသံလုံး အတိုင်အတောထူမှုကြောင့် မရင်မေ၏ အဆူအဆဲအရိုက်အနှက်ကို ခင်ဦးမကြာခဏခံရသေး၏။ ခုလည်းကြည့်ဦး။ မရင်မေ ဝယ်လာသည့်လိမ္မော်သီးဆယ်လုံးကို ဖိုးသံလုံးစားနေသည်မှာ တစ်မနက်တည်းပင် ငါးလုံးကုန်နေပြီ။ သူ့အမေဝယ်ပေးသည့် လိမ္မောသီး သူ့သားစားသည့်ကိစ္စမှာ ပြဿနာရှိသည်မဟုတ်သော်လည်း ခင်ဦးအတွက်မူ ရှိလေ၏။ ခင်ဦးသည် ဖိုးသံလုံးကို လိမ္မော်သီးအခွံနွှာကျွေးနေရ၏။ သာမန် ရိုးရိုး အခွံနွှာကျွေးရခြင်းမျိုးမဟုတ်။ အခွံနွှာပြီးသား လိမ္မောသီးစိတ်၏ ထိပ်ကို သွားကြားထိုးတံချွန်ချွန်လေးနှင့် ဦးစွာခွဲဖွင့်ရ၏။ ပြီးတော့ ဘေးနှစ်ဖက်အမြှေးပါးကို သတိထား၍ ဖွဖွလေး ခွာထုတ်ရ၏။ ကိုယ့်ပါးစပ်ထဲ ကိုယ်ထည့်သလို ခွာ၍မရ။ လိမ္မော်သီးဖတ်လေးများ ဘေးအမြှေးပါးနှစ်ဖက်ကို ကပ်မသွားရအောင် အတော်ဂရုစိုက်ခွာရ၏။ ပြီးသောအခါ အစေ့တစ်စေ့တလေမှ မကျန်ရစ်ရအောင် သွားကြားထိုးတံလေးနှင့် ပင် အစေ့ထုတ်ပေးရသေး၏။

ဤနည်းဖြင့် ခင်ဦးအသေးစိတ်နွှင်ပေးသော လိမ္မော်သီးစိတ်ကိုမှ ဖိုးသံလုံးက အဆင်သင့်စားတတ်လေ ၏။ လောက၌ ခင်ဦးအပျင်းဆုံးအလုပ်သည် လိမ္မော်သီး အခွံနွှာရခြင်းနှင့် နေကြာစေ့ တစ်ပုံတစ်ပင်ကို အခွံနွှာပေးရခြင်းအလုပ်ဖြစ်လေသည်။ ဒီလောက် စိတ်ရှည်လက်ရှည်လုပ်ပေးနေသည့်ကြားက ပင် အေးအေးမစား။ ခင်ဦး အခွံနွှာပေးရသည်မှာ ခက်ခဲသလောက် ဖိုးသံလုံးစားလိုက်သည်ကတော့ လွယ်ကူမြန်ဆန်လွန်းလှ၏။ ခင်ဦးသည် အခွံနွှာပေးရင်း လိမ္မော်သီး စားချင်စိတ်ပေါက်လာ၍ တံတွေးကိုသာ မျိုချနေလေ၏။ နောက်ဆုံးတော့ ခင်ဦးသည် လိမ္မော်သီးတွေ အများကြီးပဲလေဟု တွေးကာ ဖိုးသံလုံးအတွက် နွှာပေးနေရင်းပင် အမြှေးမခွာရသေးသော အစေ့ပါ လိမ္မော်သီးစိတ်တစ်စိတ်ကို ပါးစပ်ထဲပစ်သွင်းလိုက်လေ၏။ 

ထိုတစ်စိတ်လေး စားမိသည့်အတွက် ဖိုးသံလုံးကို အမြှေးနွှာပေးနေသောအလုပ်မှာ ဘယ်လိုမှ နှောင့်နှေးကြန့်ကြာမသွားနိုင်ချေ။ သို့ပါသော်လည်း ဖိုးသံလုံးသည် ခင်ဦး၏ကျေးဇူးကို မသိနားမလည်နိုင်စွာဖြင့် ခင်ဦး လိမ္မော်သီးတစ်စိတ် စားလိုက်သည်ကို စက်ချုပ်နေသော မရင်မေအား လှမ်းတိုင်လိုက်လေသည်။

'မေမေ မမဦး သားကိုမကျွေးဘဲ သူချည်းစားနေတယ်'
မရင်မေသည် ခင်ဦးကိုချက်ချင်းပင် အရေးယူတော့မည်ဟန်ဖြင့် လှည့်ကြည့်လေ၏။ ခင်ဦးသည် ဖိုးသံလုံးကို အကြီးအကျယ်ဒေါသထွက်သွားလေ၏။ လိမ္မော်သီးတစ်စိတ်မှ လိမ္မော်စေ့သုံးလေးစေ့မှာ ပါးစပ်တွင်း၌ပင် ရှိနေသေးသည့်အတွက် မရင်မေ မြင်သွားရလေရာ ပို၍ဒေါသထွက်လေ၏။

'ကလေးကိုကျွေးပါဆိုတာ နင် ဒီလောက်ငတ်နေရလား'
'ကျွေးနေတာပဲ။ သူက အဆက်မပြတ် အငမ်းမရစားနေတာ။ ငတ်ကိုငတ်တယ်' ခင်ဦးသည် နောက်ဆုံးစကားကို အသံတိုးလေးဖြင့် ရေရွတ်ပြောဆိုလိုက်ခြင်းဖြစ်သော်လည်း မရင်မေ ကြားသွားလေ၏။
'အောင်မယ် ငါ့သားကို အငတ်လို့ပြောလိုက်တာပေါ့လေ။ ငါ့လုပ်စာကို ငါ့သားစားတာ ဘာဖြစ်သလဲဟဲ့၊ နင်သာ ငတ်လို့ ကလေးကိုကျွေးခိုင်းတာကို ခိုးစားနေတာ။ ဒီလောက်တောင် ငတ်ချင်ဦးဟဲ့'

မရင်မေသည် သားဖြစ်သူကို ငတ်တယ်ဟု ပြောရပါမည်လားဟူသော ဒေါသဖြင့် ခင်ဦးကစိတ်ဆိုးကာ စက်ခုံပေါ်မှ ကတ်ကြေးနှင့် စိတ်မထိန်းနိုင်စွာ ပစ်ပေါက်လိုက်လေသည်။ ကတ်ကြေးဦးချွန်သည် ခင်ဦး၏ လက်မောင်းရင်းကိုစိုက်ထိကာ ပြုတ်ကျသွားလေ၏။ ခင်ဦးသည် ရှောင်တိမ်းချိန်မရလိုက်သလို ရှောင်တိမ်း လို စိတ်လည်း ရှိဟန်မတူချေ။ ခင်ဦးသည် နာကျင်မှုကြောင့် ကျယ်လောင်သောအသံဖြင့် အားခနဲအော်ဟစ် လိုက်လေ၏။ ဖိုးသံလုံးသည်လည်း တုတ်ခိုင်လှသော ခင်ဦး၏ လက်မောင်းညိုညိုကြီး ကိုကြည့်ကာ အော်ဟစ်ငိုလေသည်။ မရင်မေသည် သွေးတွေ ယိုစီးကျနေသော လက်မောင်းကိုကြည့်ရင်း မဖြစ်စဖူး အကြီးအကျယ်တုန်လှုပ်လျက် စိုးရိမ်နေလေ၏။

ခင်ဦးသည် အံကြိတ်လျက်ပင် တလက်လက်တောက်ပြောင်နေသော မျက်လုံးများဖြင့် မရင်မေကို စူးစိုက်ကြည့်နေလေ၏။ ထိုအချိန်၌ ကိုအောင်နိုင် အပြင်မှပြန်ရောက်လာသည့်အတွက် ဖိုးသံလုံးသည် အဖေဖြစ်သူကို အကြောင်းစုံ ငိုယိုပြောလေတော့၏။

'ကျော်မကောင်း ကြားမကောင်းတွေတော့ ဖြစ်ကုန်ပါပြီ မရင်မေရာ။ မင်း အချုပ်ထဲ ချက်ချင်းရောက်သွားနိုင်တယ် သိရဲ့လား။ စိတ်ကိုထိန်းပါ ထိန်းပါဆိုတာ ဘယ်တော့မှ ပြောလို့မရဘူး။ အရူးတစ်ယောက်လိုပဲ လွှတ်လွှတ်ထားတယ်' မရင်မေသည် ကိုအောင်နိုင်ကို စကားတစ်ခွန်းမှ ပြန်မပြောဘဲ ငြိမ်သက်နေလေ၏။ ကိုအောင်နိုင်သည် ခင်ဦးကို စကားမပြောစဖူး စကားအရှည်ကြီးပြောကာ မရင်မေအစား ချော့မော့နေလေသည်။ မရင်မေသည် ဖိုးသံလုံးကို ဖက်တွယ်လျက် စကားမပြောတတ်သူတစ်ယောက်လို တိတ်ဆိတ်နေလေ၏။ ခင်ဦးသည် တစ်စုံတစ်ရာ မျှ ပြန်လည်ဖြေရှင်းခြင်းမရှိချေ။ ခင်ဦးသည် မျက်တောင်မခတ်ငြိမ်သက်နေသော မျက်လုံးသေ များဖြင့် ကြမ်းပြင်ကိုတွေတွေကြီး ငေးစိုက်ကြည့်ကာ ကျောက်ရုပ်တစ်ရုပ်ပမာ လှုပ်ရှားမှုမဲ့လျက် ဆိတ်ငြိမ်နေလေ သည်။

နွဲ့သည် အတော်ကြီး စိတ်လက်မကောင်းနိုင်စွာဖြင့် သက်ပြင်းချလျက် ရှိုက်ငင်လိုက်လေသည်။ ခင်ဦးသည် ခံစားချက်များကို ပြောပြလိုက်ရ၍ ပေါ့ပါးသွားဟန်ရှိ၏။

'ပြန်ဦးမှ အန်တီနွဲ့ရေ။ ဖိုးသံလုံးနိုးတော့မယ်'
'ခဏလေး ခင်ဦး။ အန်တီနွဲ့ သစ်ခွပန်းတွေရထားလို့။ မရင်မေ ဘုရားအိုးထိုးဖို့ ပေးလိုက်ဦးမယ်'
'ဟုတ်ကဲ့။ အန်တီမေက ဘုရားပန်းအိုးလဲတာမဟုတ်ပါဘူး။ ခင်ဦးပဲလဲနေကျ'
'အေး… အေး ခင်ဦးပဲ ဘုရားပန်းကပ်လိုက်ပေါ့။ ဒါလည်း ကုသိုလ်ရတာပဲ။ စိတ်ထဲမှာ စေတနာ၊ သဒ္ဓါတရား အပြည့်ထားပြီးလုပ် သိလားခင်ဦး။ ခု မကောင်းတာတွေဖြစ်နေရတာ အရင်ဘဝက မကောင်းတာတွေ လုပ်မိခဲ့လို့။ ဒါကို နောက်ဘဝထိ မပါစေပါနဲ့ ခင်ဦးရယ်'
'ဟုတ်ကဲ့ပါ။ ပန်းတွေက လှလိုက်တာနော်။ ခင်ဦး ခုပဲ ဘုရားအိုးလဲလိုက်မယ်'
'အေး အေး သွားတော့။ ဒီနေ့ မိုးအေးတယ်။ အန်တီနွဲ့လည်း ပန်းခြံထဲ ပေါင်းနုတ်ဆင်းလိုက်ဦးမယ်'

ခင်ဦးသည် နွဲ့ပေးလိုက်သော မြေစိုက်သစ်ခွပန်းခက်များကိုကိုင်ကာ လှစ်ခနဲပြေးထွက်သွားလေ သည်။ နွဲ့သည် အိမ်ရှေ့ပန်းခြံတွင်းဆင်းကာ ပြီးခဲ့သည့်လက စိုက်ပျိုးထားသော ဇော်မွှားပန်းခင်း ကို ပေါင်းနုတ်ပေးနေလေ၏။ နွဲ့သည် အိမ်ရှေ့ဝရန်တာသို့ထွက်၍ ဘုရားပန်းအိုးလဲနေသော ခင်ဦးနှင့် ဘေး၌ကစားနေသည့် ဖိုးသံလုံးကို ခြံတွင်းမှလှမ်းကြည့်ရင်း ခင်ဦးအကြောင်း ကို တောင်စဉ်ရေမရ တွေးနေလေ၏။

ပေါင်းနုတ်ရင်း အတွေးရေလျဉ်ကြော၌ မျောနေသော နွဲ့သည် တစ်ဖက်အိမ်မှ စူးရှကျယ်လောင်သွာ အော်ဟစ်လိုက်သောအသံကြောင့် ခက်ရင်းခွကိုချကာ မရင်မေအိမ်ဆီသို့ အပြေးအလွှားထွက်သွားလေ၏။ အသံကို ခင်ဦးအသံဟု ခွဲခြားသိလိုက်သည့်အတွက် ခင်ဦးတစ်ယောက် ဓာတ်လိုက်လေသလား အထင်ရောက်သွားလေ၏။ လျှပ်စစ်မီး မလာတာကိုပင် နွဲ့မစဉ်းစားမိချေ။ မရင်မေတို့ အိမ်ခြံဝင်းအတွင်းသို့ နွဲ့ရောက်သွားချိန်၌ ခင်ဦးသည် ဘုရားပန်းအိုးတစ်လုံးကိုကိုင်လျက် အိမ်ရှေ့မြေပြင်ပေါ်တွင် ပြူးကြောင်စွာရပ်လျက်ရှိလေ၏။

နွဲ့သည် အလွန်တရာ အံ့သြထိတ်လန့်သွားလေသည်။ ခင်ဦးသည် အိမ်ရှေ့ဝရန်တာအောက် ၌ ခွေခွေလေးလဲကျနေသော ဖိုးသံလုံးကို လက်ညှိုးထိုးပြကာ 'သူ…သူ' ဟူသော စကားနှစ်လုံးကိုသာ ဆိုလျက် ရပ်မြဲရပ်နေလေ၏။ နွဲ့သည် ဖိုးသံလုံးအနားသို့ အပြေးသွားကြည့်လိုက်သောအခါ နံဘေး၌ သွေးများ ပေကျံနေသည့် သံတူရွင်းတစ်ချောင်းလဲနေသည်ကို တွေ့လိုက်ရ၍ ဖိုးသံလုံးကို ပွေ့မချီရဲ ဖြစ်သွားလေသည်။ ဖိုးသံလုံးသည် အိမ်ရှေ့ဝရန်တာ လက်တန်းပေါ်၌ ခွထိုင်နေခဲ့သည်ကို နွဲ့ချက်ချင်းသတိရလိုက်၏။ ဖိုးသံလုံးသည် ခင်ဦး ရေသွားခပ်နေသောအချိန်၌ ဝရန်တာလက်တန်းပေါ်မှ မြေပြင်သို့ပြုတ်ကျသွားခဲ့ခြင်းသာဖြစ်ပေမည်။ သံတူရွင်းသည် ဘယ်လိုအနေအထားရှိရာမှ ဖိုးသံလုံးကို ထိခိုက်မိသွားသည်ဆိုတာ နွဲ့ မမှန်းဆတတ်ချေ။ နွဲ့သည် ဖိုးသံလုံးဘေး၌ ငုတ်တုတ်ထိုင်ကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘဲ အိမ်နီးနားချင်းများကို သံကုန် ဟစ်ခေါ်လေတော့သည်။

ခင်ဦးသည် ဖိုးသံလုံးကို တွေတွေကြီး ငေးကြည့်နေဆဲဖြစ်၏။
'ခင်ဦးရယ် ကလေးဝရန်တာပေါ် တက်ဆော့နေတာကို မတားဘူးလား'
'သူ…သူ အရင်ကလည်း တက်ပြီး မြင်းလုပ်နေကျ။ ခင်ဦး…ခင်ဦး ပြောသေးတယ်။ မဆင်းဘူး' နွဲ့နှင့်ခင်ဦး စကားပြောနေသော မိနစ်ပိုင်းလေးအတွင်း အိမ်နီးချင်းများ တစ်ယောက်ပြီးတစ်ယောက် စုရုံးရောက်လာကြလေသည်။
'ဟာ… ကလေး အသက်မရှိတော့ဘူး'
'ရှင်'
'အို… ဟုတ်ရဲ့လား။ သေချာကြည့်ကြပါဦး။ ဝရန်တာက ဒီလောက်လည်း မမြင့်လှပါဘူး'
'သံတုတ်နဲ့ ရိုက်မိသွားတာဖြစ်မယ်။ ဘယ်လိုကျလိုက်သလဲမှ မသိတာ။ ကျတာရော ဟုတ်ရဲ့လား'
'ဆေးရုံခေါ်သွားရအောင်ပါ။ အသက်ရှိချင်ရှိဦးမှာ'
'သေပါပြီဆိုမှပဲဗျာ။ ဆေးရုံက ဘာလုပ်ပေးနိုင်မှာတဲ့တုန်း'
'ဟိုမှာ သူ့အမေပြန်လာပြီ။ အမလေး ကျွန်မဖြင့် မကြည့်ဝံ့တော့ပါဘူး။ မရင်မေလောက် သူ့သားကို ချစ်နိုင်သူ ဒီကမ္ဘာမှာ မရှိနိုင်တော့ပါဘူး'

တစ်ယောက်တစ်ပေါက်ပြောဆိုနေသော မိန်းမများသည် ရုံးခြင်းတောင်းလေးဆွဲကာ ခြံထဲဝင်လာသော မရင်မေကို ဝိုင်းကြည့်နေကြလေသည်။ မရင်မေသည် လူစုစုကိုမြင်လိုက်ရ၍ အတော်ပင် အံ့သြတုန်လှုပ် သွားပုံရလေ၏။ အခြေအနေကို စက္ကန့်ပိုင်းအတွင်း မရင်မေ ရိပ်မိသွားလေသည်။ မရင်မေသည် ခြင်းတောင်းကို လွှတ်ချကာ သားဟု အော်ခေါ်၍ ပြေးလာလေ၏။ ကလေးငယ် သည် ခေါင်းငိုက်စိုက်ကျလျက် မရင်မေလက်တွင်း ပါလာသည်မှာ မမြင်ရက်ဖွယ်ရာကောင်းလှ၏။ မရင်မေသည် ကလေးကို လှုပ်ယမ်းကာ 'သား…သား' ဟု အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဟစ်အော်ခေါ်နေလေ၏။ ခင်ဦးသည် မရင်မေကို မျက်တောင်မခတ် စူးစိုက်ကြည့်နေလေ၏။ နွဲ့သည် ခင်ဦးကို တစ်လှည့် မရင်မေကိုတစ်လှည့်ကြည့်ကာ အလွန်အမင်း တုန်လှုပ်ချောက်ချားနေလေသည်။

'ကျွန်မသားလေးကို ကြည့်ကြပါဦး။ ကျွန်မသားလေး ဘာဖြစ်သွားတာလဲ။ ကြည့်ကြပါဥိး။ သား..သား။ မေမေ ပြန်လာပြီလေ။ သား..သားလေး ဘာဖြစ်သွားတာလဲ လုပ်ကြပါဦး'

မရင်မေသည် ကလေးကို ပွေ့ပိုက်ထားရင်း တဖွဲဖွဲရောက်လာသောလူများကို ကြည့်ကာကြည့်ကာ အော်ဟစ်နေလေ၏။ ပြီးတော့ မရင်မေ၏ မျက်လုံးများသည် ဟိုဟိုဒီဒီ ကစဉ့် ကလျားရောက်ရှိပြီးနောက် ခင်ဦးထံ၌ ရပ်တန့်သွားလေသည်။

'ခင်ဦး။ မိခင်ဦး… ညည်း ငါ့သားကို သတ်လိုက်တာပေါ့လေ၊ ငါသိတယ်။ ညည်း ငါ့သားကိုသတ်တာ ငါသိတယ်။ ဟုတ်တယ်။ ညည်းသတ်တာ။ ညည်း ငါ့ကို မကျေနပ်လို့ ငါ့သားလေးကို သတ်ပစ်လိုက်တာ'
'မ…မဟုတ်ဘူး' ခင်ဦးသည် ကြောင်စီစီ မျက်လုံးများဖြင့် မရင်မေကိုပြန်ကြည့်ရင်း အကြောက်အကန်ငြင်းဆန်လေသည်။ နွဲ့သည် အသံထွက်မလာဘဲ မရင်မေကို လက်ကာပြနေလေ၏။ မရင်မေသည် ခင်ဦးကို လူသတ်သမားအဖြစ် ထပ်တလဲလဲအော်ဟစ်စွပ်စွဲနေလေ၏။ ကလေးငယ်ကို ချီပွေ့လျက်ပင် ဆောက်တည်ရာမဲ့စွာ ခုန်ပေါက်နေသေး၏။

'ဟုတ်ပါတယ်။ ကျွန်မသားလေးကို သူသတ်ပစ်တာပါ။ တလောက သူ့ကို ကျွန်မ ကတ်ကြေးနဲ့ပေါက်လိုက်တာ။ အဲဒီကတည်းက ကျွန်မတို့သားအမိကို သူ အခဲမကျေဖြစ်နေတာ။ သူသတ်တာ။ သူသတ်တာ'

ပရိသတ်သည် မရင်မေ၏အဆက်မပြတ်စကားများကြောင့် နဝေတိမ်တောင်ဖြစ်လာကာ ခင်ဦးကို အာရုံစိုက်ကြည့်လာကြလေသည်။ ခင်ဦးသည် ရွှေရောင်ပြောင်နေသည့် ကြေးပန်းအိုးတစ်လုံးကို ဆုပ်ကိုင် ထားဆဲဖြစ်၏။ မကြာခင် ရပ်ကွက်လူကြီးများနှင့် မှုခင်းရဲအဖွဲ့ရောက်လာ၏။ မရင်မေ၏ မျက်လုံးများ သည် ပြူးကြောင်ကြောင်ဖြစ်နေရာမှ မီးတောက်သဖွယ် စူးရှတောက်ပြောင်သွားပြန်လေသည်။

'ဖမ်းကြပါ။ ဖမ်းကြပါ။ ကျွန်မသားလေးကိုသတ်တာ သူပါ။ ကျွန်မသားလေးကို ရက်ရက်စက်စက် သူ သတ်ပစ်လိုက်တာပါ'

ဒေါ်စိန်သုံသည် ခင်ဦးအနားသို့ တိုးကပ်သွားကာ 'ခင်ဦးသတ်တာမဟုတ်ဘူးမို့လား ပြောလိုက်လေ။ မဟုတ်ဘူးလို့ ပြောလိုက်လေ' ဟု တတွတ်တွတ်ပြောနေလေ၏။ မရင်မေသည် ကလေးကို ပွေ့ချီလျက် လူးလာခတ်ကာ 'သား…သား' ဟု ရေရွတ်ခေါ်လိုက်၊ 'ခင်ဦးကို သတ်ကြပါ၊ ဖမ်းကြပါ' ဟု အော်ဟစ်လိုက် ယောက်ယက်ခတ်နေလေ၏။

'ကလေးမ ဘယ်လိုဖြစ်သလဲ' ရပ်ကွက်လူကြီးတစ်ယောက်က မေးလိုက်ခြင်းဖြစ်၏။
'ဟုတ်တယ်။ သူ့ကို ကျွန်မ တွန်းချပြီး သတ်လိုက်တာ'
'အို'။ 'ဟင်'။ 'ဟာ'။ ပရိသတ်ဆီမှ အာမေဋိတ်အသံပေါင်းစုံ တစ်ပြိုင်တည်း ထွက်လာလေသည်။ နွဲ့သည် ပါးစပ်ဟောင်းလောင်း ဖြစ်သွားလေတော့သည်။

'အို… ဘာဖြစ်လို့ သတ်လိုက်ရတာလဲကွယ်။ ဒီလောက် အပြစ်မဲ့တဲ့ကလေးလေးကို'

ပရိသတ်သည် ခင်ဦးကို စူးစိုက်ကြည့်နေကြဆဲဖြစ်၏။ ခင်ဦး၏မျက်လုံးများသည် မြေပြင်ပေါ်စိုက်ကျနေရာမှ တရွေ့ရွေ့နှင့် မရင်မေဆီ ရောက်သွားလေ၏။ ပြီးတော့ ခင်ဦးသည် နှုတ်ခမ်းစွန်းလေးကို ဖြည်းဖြည်းချင်း တွန့်လှုပ်စေ၍ ပြုံးလိုက်၏။ မျက်လုံးအိမ်မှမျက်ရည်စတို့သည် အောက်မျက်ခမ်းသားစွန်း၌ စုဝိုင်းတွဲခိုလျက်ရှိ၏။ ထိုမျက်ရည်ပေါက် ခင်ဦး၏ ပါးပြင်နှစ်ဖက်သို့ သွယ်စီးကျလာသောအချိန်၌ ခင်ဦးသည် စကားတစ်ခွန်းကို တစ်လုံးချင်း ခပ်လေးလေး ဆွဲ၍ ပြောလိုက်လေ၏။

'သူ့အမေကို တစ်သက်လုံး နာကျင်နေစေချင်လို့'
'အို'

မိန်းမများသည် နှုတ်ခမ်းများကို ဝိုင်းဟလျက် အံ့သြသင့်လွန်းစွာ သံပြိုင်ရေရွတ်လိုက်ကြလေသည်။ နွဲ့သည် မဟုတ်ဘူးဟု သံကုန်အော်ဟစ်လိုက်လေ၏။ သို့သော် နွဲ့သည် အသံထွက်မလာသည့်အတွက် နွဲ့အသံကို မည်သူမှ ကြားရလိမ့်မည်မဟုတ်ချေ။ ခင်ဦးသည် မျက်ရည်များကြားမှ ပြုံးနေဆဲသာဖြစ်၏။ ကလေးတစ်ယောက် ဝရန်တာပေါ်မှ မတော်တဆပြုတ်ကျသေဆုံးမှုသည် လူသတ်မှုအဖြစ် ပြောင်းလဲကာ တစ်မုဟုတ်ချင်း တာဝန်ကြီးလေးသွားတော့၏။ နွဲ့သည် ဖိုးသံလုံး ဝရန်တာမှ လိမ့်ကျသည်ကို မျက်မြင်ကိုယ်တွေ့ မရှိလိုက်ချေ။ သို့သော် ဖိုးသံလုံးကို ခင်ဦး တွန်းချလိုက်ခြင်းမဟုတ်ဟု နွဲ့ ယုံကြည်နေလေ သည်။ ခင်ဦးသည် ဖိုးသံလုံးကို တွန်းချသတ်ပစ်ခြင်းမဟုတ်ဘဲလျက် မဟုတ်မှန်သောစကားကို ဘာ့ကြောင့်ဆိုလေသနည်း။ သက်ဆိုင်ရာအမှုထမ်းများသည် ခင်ဦးထံမှ ထွက်ဆိုချက်ကို ယူနေကြလေ၏။ ခင်ဦးသည် သက်ဆိုင်ရာသို့ မလိုက်ပါမီ ဖိုးသံလုံးကို ကြည့်ချင်ပါသေးသည်ဟု တောင်းဆိုလေ၏။

ခင်ဦးသည် မျက်ရည်များ တစ်ပေါက်ချင်းကျဆင်းနေသော မျက်ဝန်းများဖြင့် ဖိုးသံလုံးကို မိနစ်အတော်ကြာ ငေးစိုက်ကြည့်သွားခဲ့၏။ ပြီးတော့ သတိရလာကာစဖြစ်သော မရင်မေကို ပြုံးလျက်နှုတ်ဆက်သွားသေး၏။ မရင်မေသည် လူအများ ဝိုင်းဝန်းဖိနှိပ်နေသည့်ကြားက အော်ဟစ်ကာ ခင်ဦးကို ရန်မူနေသေး၏။ နွဲ့သည် ဘယ်သူမှမသိခင် အိမ်ဆီသို့ ထွက်ပြေးသွားလေသည်။ ခြံဝ၌ ရပ်ငေးကြည့်နေသော ဖြူဖြူသည် နွဲ့ကို ဆီးဖက်လိုက်လေ၏။

နွဲ့သည် ဖြူဖြူ့ကိုတွယ်ဖက်ကာ ရှိုက်ကြီးတငင်ငိုချလိုက်လေသည်။ ပရိသတ်ကြီးသည် ဝတုတ်တုတ်လေးနှင့် ချစ်စရာကလေးငယ်လေးတစ်ယောက် သေဆုံးသွားခြင်းအတွက် စုတ်တသပ်သပ်ဖြစ်နေလေ၏။ နွဲ့က မူ နွဲ့မျက်စိရှေ့၌ တစ်ပြိုင်တည်း ကြေမွပျက်စီးသွားသော လူသုံးဦး၏ ဖြေမဆည်နိုင်ဖွယ်ရာ အဖြစ်အပျက် အတွက် တနင့်တပိုး ကြေကွဲနေလေသည်။ နွဲ့သည် ဖန်တီးလာသော ကံကြမ္မာကြောင့် ဤအဖြစ်အပျက် တို့ ဖြစ်ပျက်သွားခဲ့ရသည်ဟု ဖြေသိမ့်နေသည့်ကြားကပင် မှန်ကန်သည့်လုပ်ရပ်တစ်ခု လုပ်ဆောင်ဖို့ တွန့်ဆုတ်ခဲ့သော၊ ပြဿနာတစ်ခုကို ရင်ဆိုင်ရန် အစိုးရိမ်ပိုခဲ့သော နွဲ့၏ ခေါင်းမခံရဲသော စိတ်ဓာတ်ကို မုန်းတီးနာကြည်းစွာ တသိမ့်သိမ့်ရှိုက်ငိုနေလေတော့သည်။


မေတ္တာဖြင့် - ယုဒါ



28062015 (10:26 PM)

မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း
စက်တင်ဘာလ၊ ၁၉၉၉
 
 



 

No comments:

Post a Comment

အားပေးမှုအတွက် ကျေးဇူးတင်ပါသည်...

မေတ္တာဖြင့်...
ယုဒါ