Friday, June 12, 2015

ငပိန်

      

          လောကကြီးကို ငပိန် စိတ်နာနေမိသည်မှာ ကြာပြီ။ ခိုကိုးရာမဲ့ဘဝ၌ ကျယ်ပြောလှသည်ဆိုသော လောကကြီးသည် ကျဉ်းမြောင်းလေစွ။ ခုပဲကြည့်။ ငပိန့်မှာ နေစရာမရှိတော့ပြီ။
          အမေသည် ငပိန်ကို ကိုယ့်ဝမ်းကိုယ်မကျောင်းနိုင်သေးခင်အရွယ်ကပင် ငပိန်ကို ဖုတ်လေသည့် ငါးပိ ရှိသည် ဟုပင် မထင်တော့ဘဲ အပျိုလုပ်နေခဲ့၏။ အဖေဆိုသည်မှာ ဘယ်အရပ်ကလာလေသည်မသိ။ ငပိန်ကို မွေးတော့မွေးခဲ့လေပြီ။    ဒါကြောင့်လည်း လူတွေက ငပိန်ကို ကလေးကဝဟု ကင်ပွန်းတပ်ခဲ့ခြင်းပေလော။
           
          “ရုပ်ကိုက စုတ်ချွန်းချွန်း ညှောင်နာနာနဲ့ အမျိုးကောင်းထဲကမှ မဟုတ်ဘဲ” ဆိုသော စကားကိုလည်း တွင်တွင်ပြော  ကြသေး၏။ လူဆိုတာတွေက မျိုးရိုးဂုဏ် အင်မတန် မောက်ကြသည့် သတ္တဝါတွေ ထင်ပါရဲ့။
          အဲဒီ အမျိုးဆိုသောကိစ္စကြီးကြောင့်ပင် ငပိန် ဟူသည့်နာမည်တစ်ခုကို ရက်ရက်ရောရော ပေးခဲ့သည့် ငပိန်၏ မူလလက်ဟောင်း ပိုင်ရှင်အိမ်က ငပိန်ကို စွန့်ပစ်ခဲ့ကြခြင်း ဖြစ်၏။ ငပိန့်ကို မွေးဖွားသည့် နေ့ကတော့ သူတို့ တစ်အိမ်လုံး လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ကြ၏။ ငပိန့်အမေသည် ငပိန်အပါအဝင် သားသမီးများကို အိမ်တိုင်းမှာမရှိသည့် ရှားရှားပါးပါး ဂုန်နီအိတ်   ကြီးပေါ်၌ မွေးဖွားပေးခဲ့ခြင်း ဖြစ်၏။
           
          ငပိန် အတော်လေး အရွယ်ရောက်လာမှ ဂုန်နီအိတ် ဆိုသည်မှာ ငပိန်တို့အတွက် အလွန် အဖိုးထိုက်တန်သော ဖဲမွေ့ရာတစ်ခု ဖြစ်မှန်း သိရ၏။ နောင် ငပိန်ဘဝ၌ ဂုန်နီအိတ်အခင်းဖြင့် ယောင်လို့မှ အိပ်ခွင့်မရတော့။ ခေတ်ကြီးက ဂုန်နီအိတ်ခေတ် မဟုတ်တော့ဘဲ ပလတ်စတစ်ခေတ် ရောက်လာပြီဟု လူတွေ ပြောဆိုနေသည်ကို မှတ်သားဖူး၏။ ထို့အတွက်    ငပိန်၏ မူလ ပထမအိမ်ကြီးကို ငပိန် လွမ်းမိလေသည်။ သို့ပေမဲ့ ထိုလူသတ္တဝါတွေက ငပိန့်အလွမ်းနှင့် မထိုက်တန်အောင်    ငပိန့်အပေါ် ရက်စက်ခဲ့ကြသူများသာတည်း။
           
          လောကကြီးအတွင်းသို့ ရောက်ရှိလာသော ငပိန်တို့ မောင်နှမတစ်စုကို ဝမ်းသာအယ်လဲ ကြိုဆိုသူများ ချစ်ဖွယ်၊ ငွေတိုးနှင့် ပိစိမတို့ ၃ ယောက် ဖြစ်၏။ “မက်ဒေါနား မွေးပြီဟေ့” ဆိုသော သတင်းကို ကြားကြားချင်း သူတို့ ၃ ယောက်   ငါး    နှိုက်နေရာမှ အပြေးအလွှား အိမ်ပြန်လာကြ၏။ ပြီးတော့ ငပိန်တို့ မောင်နှမတစ်စုကို ရေတွက်ကြည့်ကာ ခုန်ပေါက်အော်   ဟစ်ကြလေ၏။
           
          “၄ ကောင်ဟေ့၊ ၄ ကောင်တောင်၊ ငါ ၂ ကောင် ယူမှာ”
          “ငွေတိုးနော်၊ နင် ဟိုတစ်ခါ ပေါက်တုန်းကလည်း ၂ ကောင် ယူတယ်၊ ဒီအလှည့် ငါ့အလှည့်၊ ငါ ယူမယ်”
          “ပိစိမ၊ နင် လောဘကြီးမနေနဲ့၊ ပြီးတော့ နင် ဘာအရောင်းအဝယ်မှလည်း တတ်တာ မဟုတ်ဘူး၊ ၄ ကောင်ရှိတာ တစ်ကောင်ရရင် တော်ရောပေါ့”
          “ကြည့်ပါဦးဟာ၊ အထီးတွေလား၊ အမတွေလား ဆိုတာ”
          “ဘုရား ဘုရား ဘုရားမ,လို့ အထီးလေးတွေချည်း ဖြစ်ပါစေတော်”
          “ဟိတ်ကောင်… ငွေတိုး၊ မလုပ်နဲ့ဦးလေ၊ တော်ကြာ မက်ဒေါနား စိတ်ဆိုးပြီး ထ,ကိုက်နေဦးမယ်”
          ငပိန်တို့ မွေးချင်းများကို သူတို့ အလွန်စိတ်ဝင်စားကြ၏။ ငပိန့်အမေ အလစ်တွင် လာ၍ချီကြ၊ မ,ကြနှင့် ပျော်ရွှင်မဆုံး တပြုံးပြုံး။
           
          “အထီး ၃ ကောင်ဟေ့၊ အမ တစ်ကောင်ပဲ”
          “အိုကေပဲ၊ ငါတို့က ယောက်ျားလေးတွေဆိုတော့ အထီး ၃ ကောင် ယူမယ်၊ နင်က မိန်းကလေးပဲ၊ ကျန်တဲ့ အမ    တစ်ကောင်ယူ”
          ငွေတိုး၏ တရားမျှတမှု မရှိသော ခွဲဝေမှုကို ပိစိမ လုံးဝမကျေနပ်။
          “ဒီလိုကြေးဆိုရင် ငါက အထီးကို ဘယ်အချိန်ကျမှ ရတော့မှာလဲ”
          ပိစိမ ပက်ခနဲ တုံ့ပြန်၏။
          ငွေတိုးနှင့် ချစ်ဖွယ်ကား ပြုံးစိစိ။ နောက်ဆုံးတော့ မကျေမနပ်နှင့်ပင် ပိစိမ ငပိန်ကို ယူရလေ၏။
           
          ပိစိမသည် ငပိန့်အမေကို မက်ဒေါနားဟု လှလှပပ နာမည်ပေးခဲ့သော်လည်း ငပိန်ကိုမူ သူ့နာမည်နှင့် တူနေမည်စိုး၍ ငပိန်မဟု မှည့်ပြီးမှ ငပိန်ဟု ပြောင်းခေါ်ခဲ့၏။ အဲဒီနောက် ငပိန်သည် ပိစိမ၏ မကျေမချမ်း ဂရုစိုက်ခြင်းကို ခံရလျက် ပိစိမတို့အိမ်၌ မြဲနေခဲ့ခြင်း ဖြစ်၏။
          ငပိန်နှင့် ပေါက်ဖော် ညီအစ်ကို ၃ ယောက်မှာမူ မိခင်ကြီး မက်ဒေါနားအား စောစီးစွာပင် ခွဲခွာသွားရ၏။ ငွေတိုးနှင့် ချစ်ဖွယ်က ငပိန်တို့သားချင်းတစ်စုကို မျိုးမကောင်းဟု ဆုံးဖြတ်ကာ ရသည့်ဈေးနှင့် အမြန်ရောင်းပစ်လိုက်ကြ၏။ ငပိန်ကို    ရောင်းရန်   ပိစိမကိုပင် တိုက်တွန်းသေး၏။ ပိစိမကား ငပိန်ကို မရောင်းချင်။
          ပိုက်ဆံကိုမူ လိုချင်၏။
           
          “ပိစိမ၊ နင် ဘာသိလို့လဲ၊ ခွေးဆိုတာ ပေါက်စလေးသာ လှတာ၊ ခုဟာတွေက မျိုး လုံးဝမကောင်းဘူး၊ ကြီးလေ ပုံမလာလေပဲ၊ ခု ဝ,တုန်း ရောင်းလိုက်၊ ငါ ၁၀ ပေးမယ်၊ နင့်ကို သနားလို့”
          “တစ်ဆယ်နဲ့တော့ မရောင်းနိုင်ပါဘူး”
          “အောင်မယ်၊ ဈေးကကိုင်ချင်သေး၊ ငါ့ကောင်တွေတောင် သုံး လေးဆယ်ပဲ ရတာ၊ ဒါတောင် အထီးမို့၊ အမဆို ဝယ်သူတောင် မရှိဘူး”
           
          ငပိန်၏ ကုသိုလ်ကံကား ဆိုးလှချေသည်တကား။ ရုပ်အဆင်းရူပကာ ပုံမလာသော ဘဝ၌ပင် လူတွေ မကြိုက်သည့် အမဘဝ ရောက်ရချေသေး၏။ ပိစိမ၏ ကျေးဇူးကား ကြီးပေစွ။
          “မရှိလည်း နေ၊ ငါ့ဘာသာ မွေးမယ်၊ သူက ရုပ်ဆိုးပေမယ့် လိမ္မာတယ်”
          ပိစိမသည် ငပိန်အား မျိုးမကောင်းဟူသော ပြစ်ချက်နှင့် စွန့်မပစ်ခဲ့။ ဘယ်လောက် ကျွေးကျွေး ဝ,မလာဘူး။ ပိန်တာရိုးပဲ ဆိုသော စွဲချက်ဖြင့် ကြည့်မရ ဖြစ်လာခဲ့၏။ (စင်စစ် ပိစိမ ကျွေးသော အစားအသောက်မှာ ဆင့်ပါးစပ် နှမ်းပက်သလိုသာ ရှိချေ၏။) ငပိန်ကို ကြည့်မရဆုံး လူသားမှာ ပိစိမတို့အမေ ဒေါ်မတုတ် ဖြစ်လေ၏။
           
          “ပိစိမ၊ နင့်ခွေးမကို လုပ်ဦး၊ ဟိုဟာ လာနမ်း၊ ဒီဟာ လာနမ်းနဲ့၊ ငါ ပြောနေတယ်နော်၊ ခု ငယ်တုန်း   ပစ်လိုက်လို့၊   မက်ဒေါနားတစ်ကောင်နဲ့တင် ဒီလောက် တရုန်းရုန်း ဖြစ်နေတာ၊ ငါ သည်းမခံနိုင်တော့ဘူး၊ ငယ်တုန်း ယူသူရှိရင် ပေးလိုက်ပါဆိုတာ မပေးဘူး။ သွားပစ်ချေ၊ ပြန်မလာနိုင်တဲ့ နေရာထိ သွားပစ်ချေ၊ ဒီတစ်ခါ မပစ်ရင် နင်နဲ့ငါနဲ့ တွေ့မယ်၊ နင့်ကို ထမင်းအငတ်ထားမယ်၊ ဘယ့်နှယ်တော်၊ လူတောင် အနိုင်နိုင် စားနေရတာ သူတ့ကို ခွေးတစ်အုပ်တစ်မကြီး မွေးချင်ရသေး”
           
          ဒေါ်မတုတ် ပြောသည့်အတိုင်း လုပ်တော့မည် ဆိုတာ ပိစိမ သိလေ၏။ ထို့ကြောင့် ပိစိမသည် ငပိန့်ကို ကြည့်ရင်း မျက်ရည်နှစ်စက်လောက် ကျပြီးမှ ငွေတိုးတို့ကို လက်လွှဲပေးလိုက်၏။ ငွေ ၁၀ ပေးဖို့ တောင်းရာ မဖြစ်မနေ အလကား ပစ်ရမှာပဲဟု ဆိုကာ မပေးသည့်အပြင် ငပိန့်ကို နောက်ဆုံးအနေနှင့် မုန့်ဝယ်ကျွေးရန်ဟု ဆို၍ ပိုက်ဆံ ၅ ကျပ်ပင် တောင်းယူသွားသေးသည်။ ငပိန် မှတ်မိသလောက်တော့ ငပိန်သည် လမ်းသလားနေသော မိခင်မက်ဒေါနားကို နောက်ဆုံးအနေဖြင့် နှုတ်ဆက်ခြင်းလေးမှ မပြုလိုက်ရဘဲ မွန်းကျပ်မည်းမှောင်နေသော ဂုံနီအိတ်တစ်လုံးအတွင်းမှ ဒလိမ့်ခေါက်ကွေး ပစ်ချခံခဲ့ရသည်သာ ဖြစ်၏။
          ပိစိမ ပေးလိုက်သည့် ငွေငါးကျပ်နှင့် ဝယ်ပေးသည့် မုန့်တစ်စေ့တစ်မှုန့်ကိုလေးမှ ငပိန် မစားခဲ့ရကြောင်း ပိစိမသာ သိလျှင် ကြေကွဲပေမည်။ သြော်… ရက်စက်လှသော လူသားများပါတကား။
           
          သို့ဖြင့် အရာရာကို စီးပွားရေးတွက် တွက်တတ်သော လူသားသတ္တဝါများ၏ ရက်ရက်စက်စက် စွန့်ပစ်ခြင်း ကို ခံရကာ ငပိန်၏ တစ်ကိုယ်တော် လေလွင့်ခြင်း စတင်ခဲ့၏။ ငပိန်သည် မှီခိုစရာ နေရာတစ်ခု ရလိုရငြား မနက်မိုးလင်းစမှ မိုး  စုပ်စုပ်ချုပ်သည်အထိ တစ်လမ်းဝင် တစ်လမ်းထွက် ရှာဖွေကြည့်ခဲ့၏။ တစ်ချက်လောက် လှည့်ကြည့်တတ်သည့် လူသားတစ်ဦးဦးကို တွေ့လျှင် နောက်တော်ပါးမှ ခေါ်လိုခေါ်ငြား လိုက်သွားကြည့်၏။
           
          တစ်ခါလည်း ငပိန်ကို စိတ်ဝင်စားပုံရသော ခေါင်းစုတ်ဖွားနှင့် လွယ်အိတ် လွယ်ထားသော လူတစ်ယောက် နောက်သို့ ငပိန် လိုက်သွားခဲ့၏။ ကျွဲကော်ကိုင်း မျက်မှန်တပ်ထားသော ထိုပုဂ္ဂိုလ်၏ မျက်ဝန်းများ၌ လူတကာကို အားနာထောက်ထားတတ်သော အရိပ်အငွေ့များ ရှိသည်ဟု ငပိန် ထင်ခဲ့၏။
          ထိုလူသည် အိမ်ရောက်သည်အထိ ငပိန် ပါမလာမှာကို စိုးရိမ်နေသည့်အလား လှည့်ကြည့်လှည့်ကြည့် လုပ်နေခဲ့၏။ ပြီးတော့ ငပိန်ကို အမွေစား အမွေခံ မွေးစားရန် သူ့အိမ်ရှင်မအား တိုင်ပင်သံ ကြားလိုက်ရ၏။ ငပိန်မှာ ထိုသူအား    ကျေးဇူးတင်လွန်းစွာဖြင့် ဖက်ယမ်းနမ်းရှုပ် ပြုချင်လှ၍ မနည်းထိန်းကာ ခပ်ကုပ်ကုပ် ငြိမ်နေရလေ၏။
           
          “မိန်းမရေ၊ ဒီမှာ ငါ့နောက်က ခွေးလေးတစ်ကောင် တကောက်ကောက် လိုက်လာတယ်ကွ၊ စိတ်ဝင်စား စရာပဲ၊ တို့များဆီမှာ နေချင်လို့ ထင်ပါရဲ့၊ မွေးထားလိုက်ရအောင်ကွာ၊ ထူးခြားမှု တစ်ခုခု ရှိမယ် ထင်တာပဲ”
          ငပိန် အလွန်အမင်း ပျော်ရွှင်သွားရ၏။ ပျော်လို့မှ မပြီးသေး။
           
          “ကိုအဝှာ… ရှင့်ကိုယ်ရှင် ဘာမှတ်နေလဲ၊ နိုင်ငံခြားမျိုး တန်ဖိုးကြီးခွေးကို ကားပေါ်တင်ခေါ်ပြီး ကားတဝီဝီ မောင်းနေနိုင်တဲ့ ကုမ္ပဏီပိုင်ရှင်များ ဖြစ်သွားလို့လား၊ ရှင် သိဖို့ကောင်းတယ်၊ ငတ်တစ်လှည့် ပြတ်တစ်လှည့် ဖြစ်နေတဲ့ သက်ကျားအို စာရေးဆရာဆိုတာ ကိုယ့်ကိုယ်ကို သဘောပေါက်ဖို့ ကောင်းတယ်၊ ဒီအိမ်ပေါ်ကတောင် နေ့လား ညလား မသိ ဆင်းပြေးရမယ့်ကိန်း ဆိုက်နေတာ၊ ဒါကို ဦးနှောက်ထဲ မသွင်းဘဲ ရှင်က ပိန်ညှော်ညှော် စုတ်ပဲ့ပဲ့ ကလေးကဝ ခွေးကိုများ သံယောဇဉ်   ကြီးပြီး မွေးချင်စိတ် ပေါက်ရသေးတယ်လို့၊ ခု မောင်းထုတ် ခုချက်ချင်း မောင်းထုတ်၊ ရှင် ဘာသိလို့လဲ၊ ခွေးဆိုတဲ့ အမျိုးက စားရမှန်း သိရင် လူကို တွယ်ကပ်နေချင်တာ၊ ဘာမှ ကျွေးမယ် မကြံနဲ့”
           
          ငပိန်သည် မျက်လွှာ အောက်ချထားရာမှ လူမိန်းမအား တစ်ချက်စွေစောင်း ကြည့်လိုက်၏။
          ထိုအချိန်၌ ပိစိမ အမေ ဒေါ်မတုတ် မျက်နှာပြဲပြဲကြီးကို ငပိတ် မြင်ယောင်သွားမိ၏။
          လူမိန်းမကြီးများ၏ ပါးစပ်ပေါက်များသည် တစ်သံတည်းသော စကားကိုသာ ဆိုလေ့ရှိကြောင်း ငပိန် သိရလေပြီ။
          “မမွေးနဲ့ဆိုလည်း မမွေးပါဘူးကွာ၊ ဒါပေမဲ့ မင်းပြောတာ မဟုတ်သေးဘူး ထင်တယ်၊ စားရမှန်းသိရင် တွယ်ကပ်နေချင်တယ် ဆိုတာ ခွေးဆိုတဲ့ အမျိုးအစား တစ်ခုတင်တော့ မဟုတ်ဘူးကွ နော်”
           
          ငပိန်သည် ဟုတ်တိုင်းမှန်ရာကို ပြောဆိုတတ်ပုံရသော ဘက်မလိုက် ပုဂ္ဂိုလ်ကြီးအား ကျေးဇူးတင်သော မျက်လုံးများဖြင့် ခဏစိုက်ကြည့်၍ လူမိန်းမကိုမူ မုန်းတီးသော မျက်လုံးများနှင့် တစ်ချက် စွေစောင်း ကြည့်ကာ လမ်းမကြီးဆီသို့ တစ်ဟုန်ထိုး ပြေးထွက်လာခဲ့လေသည်။
           
          ငပိန်သည် လူသတ္တဝါများအား စိတ်နာစွာဖြင့် ဦးတည်ရာမဲ့ လေလွင့်နေလေသည်။
          ရက်ပိုင်းအတွင်းပင် ငပိန်သည် ရုပ်အဆင်းမှာ ပိစိမတို့အိမ်၌ နေရစဉ် ရုပ်ထက် ဆိုးလာလေ၏။
          ပိစိမအမေ ဒေါ်မတုတ်မှာ ငပိန်ကို မသထာသော်လည်း ပိစိမမှာ သူစားရမည့် ထမင်းကိုပင် ချန်၍
          ငပိန်အား ကျွေးတတ်သူ ဖြစ်၏။ ထို့အတွက် ပိစိမ ဆိုသော လူသားတစ်ယောက်ကိုမူ ငပိန် ကျေးဇူးတင်လှသဖြင့် မမေ့အပ်သည့်စာရင်း၌ ထည့်သွင်းထားပါ၏။ ခုတော့ ငပိန်ကို အငတ်ခံကျွေးသည့် ပိစိမနှင့်လည်း မိုင်ပေါင်းအသင်္ချေ ဝေးခဲ့ရပြီ။ ပိစိမတို့ နေသည့် လှိုင်သာယာ ဆိုသည့် အရပ်က ဘယ်ဆီမှာ
          ကျန်ရစ်ခဲ့မှန်းပင် ငပိန် မသိ။ ဘာပဲဖြစ်ဖြစ် ငပိန် ကိုယ့်ဝမ်းကိုယ် ကျောင်းရပေတော့မည်။
           
          ငပိန်သည် အမဲရိုးတစ်ခုကို ကိုက်နေသော မျိုးတူသတ္တဝါကြီးကို တွေ့ရ၍ သနားစဖွယ် မျက်နှာလေးဖြင့် ခပ်ရို့ရို့ ပြုံး  ပြ နှုတ်ဆက်လိုက်၏။ ထိုသတ္တဝါကြီးက အမဲရိုးကို လောဘတကြီး အငမ်းမရ ကိုက်ရင်း ငပိန်ကိုပါ စားတော့ဝါးတော့မလို ဟန်ပြင်၍ တဂီးဂီးလုပ်ကာ ခြောက်လှန့်ထုတ်လေ၏။ အသည်းငယ်သော ငပိန်မှာ အနားပင် မသီဝံ့တော့ဘဲ ချည့်နဲ့နဲ့ ခြေလှမ်းများဖြင့် ထိုအရပ်မှ ခွာထွက်လာရပြန်သည်။ ဝေမျှခံစားစေချင်သည် ဆိုသော သဘောကား ငပိန်တို့ မျိုးနွယ်တွေထဲ၌ မရှိချေပါလား။
           
          ထိုမှဆစ်၍ ငပိန်သည် လမ်းဘေး အမှိုက်ပုံကြီးတစ်ခုတွင် စားစရာ ရလိုရငြား အနံ့ခံ ရှာဖွေကြည့်၏။ မျိုးတူသတ္တဝါဆို၍ တစ်ကောင်တစ်မြီးမှ မရှိ။ လူသားများကား ဘာကို ရှာဖွေနေသည် မသိ။ တုတ်တစ်ချောင်းနှင့် တောင်ထိုး မြောက်ထိုး လုပ်နေလေ၏။ ကိုယ့်အစာ ကိုယ် ရှာစားနေသော ငပိန်ကိုပင် မဆီမဆိုင် တွေ့ရာ ခဲလုံးဖြင့် ပေါက်လျက် လက်ကမြင်းလိုက်သေး၏။ မကြာပါချေ။ ငပိန့်အနီးသို့ မျိုးတူသတ္တဝါများ ရောက်ရှိလာကြ၏။
          ငပိန်ကို သူစိမ်းဆိုသော အကြည့်ဖြင့် စူးစူးရဲရဲ ကြည့်နေကြ၏။ ပြီးတော့ တိုင်ပင်ထားသည့်အလား ငပိန်ကို အုပ်စုလိုက် ဝိုင်းဝန်းတိုက်ခိုက်ကြလေသည်။ ငပိန်ကို ခဲနှင့်ပေါက်သော တုတ်ချောင်းရှည်များနှင့် လူတွေလည်း ငပိန်နည်းတူ   ရောနှောကိုက်ခံရမည်စိုး၍ အနားမှ ထွက်ခွာသွားကြ၏။
           
          ငပိန် အထိနာလေပြီ။ ငပိန့်ကိုယ်၌ ဒဏ်ရာဒဏ်ချက်များလည်း မြင်မကောင်းအောင် ဗရပွဖြစ် ကျန်ရစ် ခဲ့လေ၏။ လွတ်လပ်စွာ မျှဝေသုံးစွဲခွင့် ရှိလိမ့်မည်ဟု ထင်ရသော လမ်းဘေးအမှိုက်ပုံကြီးကိုပင် အပိုင်စီးထားနှင့်သူတို့ ရှိနေချေပြီတကား။
          လောကကြီးကား စက်ဆုပ်ဖွယ် ကောင်းလှသော ကြီးနိုင်ငယ်ညှင်း လောကကြီးပါလား။
          ငပိန်သည် တစ်ကိုယ်တော် လေလွင့်နေရသည့် ဘဝကို စိတ်ပျက်ငြီးငွေ့လာ၏။
          ဤလောကကြီး၌ တစ်ကိုယ်တော် လေလွှင့်နေ၍ အလုပ်မဖြစ်ချေ။ ပူးတွဲလုပ်ဆောင်မှ စားပေါက်စားလမ်း ပွင့်ပေလိမ့်မည်။ ထို့ကြောင့် မျိုးတူသတ္တဝါများနှင့် အတူတကွ ပေါင်းသင်းနေထိုင်နိုင်ရန် နားရွက်ထောင်ထောင်၊  အမြီးလှုပ်လှုပ်   ကောင်များ မြင်လျှင် စတင်၍ ဦးညွှတ်မိတ်ဆက်ကြည့်၏။ အိမ်ကြိုအိမ်ကြားများ၌ မွေးဖွားကြီးပြင်းသော မျိုးတူသတ္တဝါများက သူတို့အုပ်စုထဲသို့ အလွယ်တကူ ဝင်ခွင့်မပေးကြ။ ငပိန်၏ အရည်အချင်းများကို စစ်ဆေးသမှုပြုကြ၏။ ငပိန်၏ အရိုးပဒေသာ ခန္ဓာကိုယ်ကို ကြည့်ကာ အထင်သေးကြပေ၏။
           
          လူအိမ်မှာ နေခဲ့ရလျက် သူတို့လောက်မှ စိုပြည်တောက်ပြောင်မှု မရှိရသလောဟု ပြစ်တင် ရှုတ်ချ လိုက်သေး၏။ လူအိမ်တွေ၌ အရိုးအရင်းလေးလောက်မှ မကိုက်ရတော့သည်ကို သူတို့ မသိပေဘူးလားဟု ငပိန် စိတ်တိုတိုနှင့် တွေးမိ၏။ သူတို့အုပ်စုသို့ ဝင်လိုလျှင် အပြေးသန်ရမည်။ ပေါ့ပါးလျင်မြန်ရမည်။ အရှောင် အတိမ်း ကောင်းရမည်။ အရှာအဖွေ ကောင်းရမည်။ သူတို့အုပ်စုမှ တစ်ကောင်ကောင် ခံရလျှင် အုပ်စုလိုက် ဝိုင်းဝန်းတုံ့ပြန် တိုက်ခိုက်ရမည်… စသည်… စသည်ဖြင့် သူတို့အုပ်စု လမ်းစဉ်များကို လိုက်နာနိုင်ပါမှ အုပ်စုဝင်အဖြစ် လက်ခံမည်ဟု အရေးဆိုလေ၏။
           
          အမှိုက်ပုံ၌ ငပိန် အလူးအလဲ ခံလိုက်ရသည်မှာ မျိုးတူသတ္တဝါများကို တစ်ချက် လှည့်ကြည့်ကာ ကိုယ့်အစာ ကိုယ် ရှာနေခဲ့သည့် ပြစ်ချက်ကြောင့် ဖြစ်၏။ သတ္တဝါအားလုံး၏ အကြိုက်မှာ သူ့နေရာနှင့်သူ ဂန်ကျယ်ခွင့် ရချင်လျက် အောက်ကျို့ခံ မျက်နှာချိုသွေးခြင်းကို နှစ်ခြိုက်ကြကြောင်း ငပိန် သိရှိရလေပြီ။ ထို့ကြောင့် ငပိန်သည် အုပ်စု မရှိလျှင် အလွန်အမင်း   မျက်နှာငယ်ရသည့် အဖြစ်ကို ကောင်းကောင်းကြီး သဘောပေါက်နေပြီ ဖြစ်သဖြင့် တတ်အပ်သမျှ ပညာများကို ဆရာတို့ထံ၌ ကျိုးနွံစွာ တပည့်ခံ သင်ကြား၍ အုပ်စုဝင်မည့်အကြောင်း တလေးတစား ပြောဆိုလိုက်၏။
           
          သူတို့အုပ်စု၏ ပညာရပ်များက ခက်ခဲလှ၏။ ပေါ့သေးသေး ပညာရပ်များ မဟုတ်။
          လူများက သူတို့ကိုယ်ခန္ဓာကို မည်သည့်ပစ္စည်းနှင့် ကောက်ထုထု ဂိန်ဟု မအော်ဘဲ ခပ်အေးအေး ရှောင်ထွက် သွားရသည့် အတတ်ကား ပညာသားပါလှ၏။ သူတို့အုပ်စု အဆိုအရ…
          “လူတွေက ငါတို့ကို ခဲလုံးကြီးကြီးနဲ့ ထုတဲ့အခါ ထိပြီး ငါတို့က ဂိန်လို့ တစ်ချက်အော်လိုက်ရင် အလွန်သဘောကျတာကွ၊ ဒီတော့ ငါတို့က လူဆိုတဲ့ အကောင်တွေကို ဂရုမစိုက်တဲ့ အပေါက်နဲ့ ခံလိုက်ရတာတောင် မမှုသလို နေရမယ်၊ လူဆိုတဲ့ အမျိုးက နာမှန်းသိရင် ပိုထုချင်တယ်၊ ဒါကြောင့် လူတွေကို ငါတို့ရဲ့ ခံနိုင်ရည်ရှိမှုနဲ့ ပညာပြရတာပဲ၊ လူဆိုတဲ့ အကောင်တွေက နိုင်ရာဖိထောင်းချင်တဲ့ ကောင်တွေကွ၊ သူတို့ကို ချဉ်းကပ်တဲ့ အခါ ဦးနှောက်ကို ကောင်းကောင်း အသုံးချတတ်ဖို့ လိုတယ်”
          အုပ်စုခေါင်းဆောင် ဆရာများကို ငပိန် အလွန်သဘောကျသွား၏။ သူတို့အုပ်စုကား ဆရာ တင်ထိုက်သူများသာတည်း။
           
          လောကကြီးအပေါ် စိတ်ကုန်ခမ်းနေသော ငပိန်သည် အုပ်စုဝင်ဖြစ်ပြီးနောက် စိတ်ဓာတ်များ တက်ကြွ လာလေ၏။ ပိစိမတို့ အိမ်တုန်းက ဒေါ်မတုတ်၏ အချိန်ပြည့် ဆူဆဲသံကို မခံနိုင်သဖြင့် ဘေးထိုင်၍ ငေးမှိုင်နေသော ငပိန်ကို ဒေါ်မတုတ်က အသားလွတ် ပိတ်ကန်သောအခါ ဂိန်ဟု ငပိန် အော်မိမြဲ ဖြစ်၏။
           
          ခုတော့ ငပိန်သည် ဂိန်ဟူ၍ အော်တတ်သူ မဟုတ်တော့။ ဂဲခနဲ ဖြဲခြောက်တတ်သော ပညာရပ်များကိုလည်း ဆရာများ၏ ကျေးဇူးကြောင့် ပိုင်နိုင်တတ်ကျွမ်းသွားပြီ ဖြစ်၏။ တစ်ခါမှ မစားရဖူးသော အမဲရိုး၊ ဝက်ရိုးများကိုလည်း ကိုက်ဝါးနေရ  ပြီ ဖြစ်၏။ ငပိန်၏ နံရိုးလေးများပင် ကွယ်ပျောက်လုနီးနီး ဖြစ်လာချေပြီ။ ငပိန် အနားကို ရစ်သီချင်နေသော သကောင့်သားများလည်း အလျှိုလျှို ပေါ်လာပြီ ဖြစ်၏။ သို့သော် အုပ်စုစည်းကမ်းကို ငပိန် မဖောက်ဖျက်။ အုပ်စု မကြည်ဖြူသူကို   ငပိန်     မကြည်ဖြူ။ အုပ်စုက ကြည်ဖြူသူများကိုသာ ငပိန် မျက်နှာသာပေး၏။
          ငပိန်ကား အုပ်စုကြိုက် ရေလိုက်ငါးလိုက် အလိုက်အထိုက် နေတတ်သော ပညာလည်း တတ်မြောက်ခဲ့ပြီ။ ထို့အတွက် ဒေါ်မတုတ် အပါအဝင် ပိစိမတို့ အားလုံးကို ကျေးဇူးတင်လေ၏။
         
          ဒီအရပ်သို့ ရောက်ခဲ့ရသည့်အတွက် ဒီအုပ်စုသို့ ဝင်ဖြစ်ခဲ့ရခြင်း ဖြစ်၏။ ဒီအုပ်စုဝင် ဖြစ်ခဲ့ရသည့်အတွက် အခုလို ဝလင်တောက်ပြောင်လာခဲ့ခြင်း မဟုတ်ပါလော။
          ဘာပဲဖြစ်ဖြစ်၊ ကောင်းကောင်းကြီး အပါးဝလာပြီ ဖြစ်သော ငပိန်သည် ကိုယ့်ဘဝကိုယ် အကျေနပ်ကြီး ကျေနပ်ကာ မိခင်ကြီး မက်ဒေါနားအပေါ် မကျေမနပ် ဖြစ်ခဲ့သော စိတ်များကိုပင် မေ့ဖျောက်လျက် ခွင့်လွှတ်ကျေနပ်နိုင်လေပြီ…။
           
မေတ္တာဖြင့်
 ယုဒါ
 မင်္ဂလာမဂ္ဂဇင်း၊
၂၀၀၁၊ မေလ။
12062015 (2:35 PM)

No comments:

Post a Comment

အားပေးမှုအတွက် ကျေးဇူးတင်ပါသည်...

မေတ္တာဖြင့်...
ယုဒါ