တကယ်တော့သူသည်
ဘာမှထူးခြားလှသည့်လူတစ်ယောက် မဟုတ်ပေ။ သူသည် ယောက်ျားတော်တော် များများတို့၏ သဘာဝအတိုင်း
မိန်းမချောလေးများကို စိတ်ဝင်စားတတ်၏။ လက်ဖက်ရည် (ကျဆိမ့်)ကြိုက် ၏။ စီးကရက်ကြိုက်၏။
အလကားသောက်ရသည့် ဘီယာဆိုလျှင်ကြိုက်၏။ စတိုးဆိုင်များကို အပျင်းပြေ လည်ပတ်ကြည့်ရှုရခြင်းကို
ဝါသနာပါ၏။ အဖြူရောင်ရှပ်အင်္ကျီကြိုက်၏။ ကချင်ပုဆိုးရိုးရာဆင်ကို ကြိုက်၏။ မန္တလေးလုပ်
သားရေဖိနပ်ကိုနှစ်သက်၏။ ထီးကိုင်ရမှာကိုပျင်း၏။ ထမင်းဘူးကိုင်ရမှာကို ပို၍ပျင်းသေး၏။
ထိုသို့နှယ် သာမန်ယောက်ျားတွေနှင့် ဘာမှမထူးခြားသော
သူ့၌ထူးခြားသည်ဟုဆိုနိုင်လောက်သည့် အချက်တစ်ခုသာရှိလေသည်။ ထိုအချက်ကားသူ့အသက် ၃၀ ကျော်လာသည့်တိုင်အောင်
တစ်ခါမှ ရည်စားမထားဖူးခဲ့ခြင်းဖြစ်၏။ အမှန်အတိုင်းဝန်ခံရမည်ဆိုလျှင် အချစ်ဆိုသည့်အရာကို
သူ ကြီးကြီးကျယ်ကျယ် ဒဿနမဖွင့်ဆိုတတ်။ သို့သော် သူသည်အများနည်းတူ ဆန့်ကျင်ဘက်မိန်းမတို့အပေါ်
စိတ်ဝင်စားသည်ပင်။
ကြွားဝါ၍ပြောစတမ်းဆိုလင်
သူ့အပေါ်စိတ်ဝင်စားသော မိန်းမများလည်းရှိသည်ပင်။ အံ့သြ စရာကောင်းသည်ကတော့ သူကစိတ်ဝင်စားသော
မိန်းမများနှင့်လည်းကောင်း၊ သူ့ကို စိတ်ဝင်စားသော မိန်းမများနှင့်လည်းကောင်း သူဘာဇာတ်လမ်းမှမဖြစ်ခဲ့။
သည်လိုနှင့်ပင် သူအသက် ၃၀ကျော်လာခဲ့ခြင်းဖြစ်၏။ အရပ်အနည်းငယ်ပု၍ အသားဖြူသောသူ့ကို မြင်သူတိုင်းက
၂၀ကျော် အစိတ်လောက်သာထင်ကြ၏။ နိစ္စဓူဝမှန်တွင်း၌ထင်ဟပ်နေသော သူ့အရုပ်သည် အတော်ပင်နုပျိုတာ
အမှန်ပဲဖြစ်၏။ခန္ဓာကိုယ်အချိုးအစားအနေနှင့် သေးကွေးသည်ဟုမဆိုနိုင်သော်လည်း မထွား ကျိုင်းသောကြောင့်
သူသည် ဆယ်တန်းကျောင်းသားပုံဖမ်းက ရနိုင်ကောင်းသေး၏။ ရုပ်ရည်ရူပကာအနေနှင့်လည်း ယောက်ျားပီသစွာ
မျက်ခုံးနက်နက်များမရှိတာကလွဲလျှင် အတော်ကြည့်ကောင်း၏။ မိန်းကလေးအများစုက သူ့ကို 'သန့်တယ်'ဟု
မှတ်ချက်ချလေ့ရှိ၏။
သူ့ရုံးမှ အပျိုကြီးမမ (တကယ်တော့ သူကိုယ်တိုင်လည်း
လူပျိုကြီးစာရင်းဝင်)များကဆိုလျှင် သူ့ကိုအလွန်သဘောကျကြ၏။ ခပ်ငယ်ငယ်ကောင်မလေးများကလည်း
သူ့ကို စိတ်ဝင်တစားရှိကြ၏။ သူတို့၏စိတ်ဝင်စားမှုတွင် သူ့၌ အဖြူရောင်အင်္ကျီလေးထည်ရှိခြင်းပါဝင်၏။
Pond ပေါင်ဒါသုံးခြင်းလည်း ပါ၏။ သူ့ခြေညှိုးက ခြေမထက် ပိုရှည်ခြင်းလည်းပါဝင်၏။ သူ့ခေါင်း၌
ဆံပင်ဖြူသုံးလေးချောင်းရှိသည့် ကိစ္စလည်းပါသေး၏။ သူတို့ သူ့အပေါ်ဘယ်အတိုင်းအတာထိ စိတ်ဝင်စားကြသည်ဆိုတာကိုတော့
သူတိတိကျကျမသိနိုင်။ ထိုအမျိုးသမီးကြီး ကြီးကြီးငယ်ငယ်တို့သည် မနက်ပိုင်းရုံးတက်ချိန်၌
စားပွဲပေါ်မှန်ထောင်ကာ ခေါင်းအကျအနဖြီးရခြင်းကို အတော်စိတ်ပါဝင်စားရှိကြ၏။ ရုံးအဆင်း၌
မိတ်ကပ်ဘူးမှန်ကိုဖွင့်ကြည့်ကာ မိတ်ကပ်ရိုက်ရခြင်းကိုလည်း အတော်ပင် စိတ်ပါဝင်စားရှိကြ၏။
လူမြင်သူမြင်အလှပြင်ရသည်ကို မိန်းကလေးများ ရှက်ရွံ့တတ်ကြသည်ဟု သူထင်ထားသော်လည်း သူ့ရုံးမှ
အမျိုးသမီးအားလုံးနီးပါး သူအပါအ၀င် ယောက်ျားတစ်စုကို ရှိသည်ဟု သတိရလေဟန်မရှိပေ။
တချို့အမျိုးသမီးများဆိုလျှင်
'ဟဲ့ကောင်လေး ငါ့ဆံပင်ကြည့်ကောင်းရဲ့လား'
'ဒီမယ် တစ်ချက်လောက်ကြည့်ပေးပါဦး၊ ငါ့မျက်နှာ
အဆင်ပြေရဲ့လား'… စသော မေးခွန်းမျိုးကိုပင် သူ့အား ပွင့်လင်းစွာမေးလေ့ရှိသေး၏။
သူသည် အမျိုးသမီးများအကြောင်းကို
မသိနားမလည်သူတော့မဟုတ်ပေ။ ဤလောက၌ သူနှင့်အနီးကပ်ဆုံး ရှိနေသူ နှစ်ယောက်လုံးမှာ အမျိုးသမီးတွေပင်ဖြစ်၏။ တစ်ဦးက သူ့အမေဖြစ်ပြီး
တစ်ဦးက ညီမလေးဖြစ်၏။ တကယ်တော့ ဒီအသက်အရွယ်ထိ လူပျိုကြီးဘ၀ကို သူ မစွန့်လွှတ်နိုင်ခြင်းသည်
အမေနှင့် ညီမလေးကြောင့် ဖြစ်နိုင်၏။ ဒါကို သူ့အပေါင်းအသင်းအချို့ကလက်မခံ။ လူတိုင်းမှာ
အမေရှိပြီး ညီမ ဆိုတာလည်း ရှိတတ်ကြပါတယ်ဟုဆိုလေ၏။ အချစ်ကိုတကယ်ထိတွေ့ခံစားရလျှင် သူအလေးထား
ဂရုအစိုက်ဆုံးဖြစ်သော အမေနှင့်ညီမလေး၏ အရေးပါ အရာရောက်မှုက တစ်မျိုးတစ်ဖုံပြောင်းလဲသွားမည် ဟုလည်း
ဆိုကြသေး၏။
သူ့အပေါင်းအသင်းအများစုနှင့် သူ့ ခံယူချက်၊
ခံစားချက်ချင်း တူခဲလေသည်။ သူတို့အဖို့ အိမ်ထောင်ပြုခြင်း ကိစ္စသည် ထမင်းစားရေသောက်မဟုတ်သော်လည်း
သိပ်မခက်လှသော ကိစ္စတစ်ခု ဖြစ်ဟန်တူ၏။ ရည်းစားထားဖို့ကိစ္စကမှ ငှက်ပျောသီးအခွံနွှာစားသည်ထက်
ပို၍လွယ်ကူဟန်ရှိလေသည်။ သူတို့နှုတ်မှ တော်နေကြာ 'ကြည်ပြီကွ' ဆိုသောစကားကို ကြားရလျက်
တော်နေကြာတော့ 'ကြွေပြီကွာ' ဟူသောစကားကို ကြားရပြန်လေသည်။ သူတို့သည် ရန်ကုန်နယ်နိမိတ်အတွင်း၌ပင်
မိန်းကလေးပေါင်းများစွာနှင့် ပတ်လည်ရိုက်နေကြလေ၏။
သူသည် မိန်းကလေးတစ်ဦးချင်းစီနှင့်မရင်းနှီးသော်လည်း သူ့အပေါင်းအသင်းအချို့၏ ကောင်မလေးတွေနှင့် မစိမ်းလှပေ။ အံ့သြစရာကောင်းသည်ကတော့
သူ့သူငယ်ချင်းနှစ်ယောက် တစ်ဦးချင်းစီက နှစ်လအတွင်း မိတ်ဆက်ပေးသော ကောင်မလေးမှာ တစ်ယောက်တည်းဖြစ်နေခြင်းပင်။
ကောင်မလေးကို ဒုတိယ အကြိမ်တွေ့ရစဉ်က သူ ကြောင်အမ်းအမ်းဖြစ်ကာ မသိချင်ယောင်ဆောင်နေ ခဲ့ရ၏။
'မိန်းမတွေပေါပါတယ်၊ ဘွဲ့ရအလုပ်အကိုင်နဲ့ ဣနြေ္ဒရှိရှိမိန်းကလေးတွေလည်း ပေါပါ့ကွာ'ဟု ဆိုခဲ့လျက် ထို သူငယ်ချင်းနှစ်ယောက်လုံး၏ ကောင်မလေးက တစ်ဦးတည်းဖြစ်နေခဲ့တာ သူ့ အတွက်တော့
အလွန်တရာ အံ့သြ စရာဖြစ်လေသည်။ အချို့အချို့သော မိန်းကလေးများ၏ ရဲတင်းပွင့်လင်း သွက်လက်မှုတွေက
တစ်ခါတစ်ရံမှာ သူ့အတွက် အဆန်းအပြားဖြစ်နေရလေသည်။
သူ၏ ကျောင်းနေဖက်သူငယ်ချင်းများဖြစ်သည့်
သင်္ဘောသားလူငယ်ငါးဦး ငှားရမ်းနေထိုင်သော တိုက်ခန်းတစ်ခုသို့ မကြာခဏရောက်လာလေ့ရှိသည့်
ကောင်မလေးတစ်ယောက်သည် သူ့အတွက် ပုစ္ဆာတစ်ပုဒ်ဖြစ်လေသည်။ ထိုကောင်မလေးသည် လူငယ်ငါးယောက်နှင့်
မကြာသေးမီကမှ သိကျွမ်းရင်းနှီးခဲ့သော သူငယ်ချင်းဖြစ်သည်တဲ့။ သူငယ်ချင်းများ၏မိတ်ဆက်ပေးမှုကြောင့်
သူနှင့်ကောင်မလေး မေးထူးခေါ်ပြောအဆင့်လောက်ထိခင်မင်ခဲ့ရ၏။ သူ့အပေါင်းအသင်းတွေ က ကောင်မလေးနှင့်သူ့ကိုအတွဲဖြစ်သွားစေချင်ကြသော်လည်း သူတို့နှစ်ယောက် ရှေ့ဆက် ဘာမှဖြစ်မလာခဲ့။ သူ ကောင်မလေးအပေါ်
မရိုးမသားစိတ် ထားကြည့်လို့ပင်မရခဲ့။ သူက ရသည့်အခွင့်အရေးကို လက်မလွတ်တမ်းအသုံးချလိုသူမျိုးမဟုတ်။
ထိုသို့နှင့်ပင်
သူသည် အဖတ်တင် အရည်တင် ရည်းစားတစ်ယောက်တလေမှမရခဲ့ပေ။ သူ့အား 'ခင်ဗျား ဒီလောက်အတွေးခေါင်ပြီး
အူတူတူအတတ လုပ်နေပုံမျိုးနဲ့ ဒီတစ်သက် မိန်းမရမှာမဟုတ်ဘူး' ဟု တချို့ကဆိုကြလျက်၊ တချို့ကမူ
'ယောက်ျားတစ်ယောက်ဟာ ဘယ်လောက်အသက်ကြီးကြီး မိန်းမမရဘူး ဆိုတာတော့ မရှိဘူးဗျ။ ခင်ဗျားအသက်
၇၀ ရှိနေပါစေ လိုချင်တယ်ဆိုရင် ရနိုင်သေးတယ်'ဟု အားပေးသလိုလို ဆိုတတ်ကြပြန်၏။ သူနှင့်ရင်းနှီးခင်မင်နေသော
မိတ်ဆွေတစ်ယောက်ကမူ 'ခင်ဗျားဗျာ မိန်းကလေးတစ်ယောက်ကို ကြိုက်ကြည့်ဖို့ကိစ္စကို ဒီလောက်
ဇာချဲ့နေစရာမလိုပါဘူး။ ရည်းစားထားတာပဲဗျ၊ မိန်းမယူတာမဟုတ်ဘူး။ပစ္စည်းတစ်ခုဝယ်သလိုပေါ့ဈေးမေးမယ်၊ ကိုယ်ပေးနိုင်တဲ့ဈေးဆိုပေးမယ်၊ နှစ်ဦးနှစ်ဖက်အဆင်မပြေရင်ထားခဲ့မယ်။
အဲ… ပစ္စည်းကိုတော့ ကြည့်ခွင့်ပဲရှိတယ်နော်။ ပါကင်တော့ မပျက်စေနဲ့ဗျို့၊ ပါကင်မဟုတ်တော့ဘူးဆိုရင်တော့
ခင်ဗျားပယောဂပါနေရင် ဒီပစ္စည်းကို ခင်ဗျားတကယ်လိုချင်ချင် မလိုချင်ချင် ငွေအကျေပေးပြီး
အပိုင် ၀ယ်လိုက်ပေတော့'ဟု ဆိုခဲ့၏။
'ပါကင်မပျက်စေနဲ့ဗျို့'ဟူသော ထိုလူ၏စကားက
သူ့နားမှာရင့်သီးရိုင်းပျနေသလိုပင်။ 'ခင်ဗျားတို့က မိန်းမတွေကို နှိုင်းစရာရှားလို့
ကြံဖန်ပြီးကိုပြောတတ်လွန်းတယ်'ဟု မကျေမချမ်း သူ ပြန်ပြောဖြစ်လေသည်။ သူသည် တစ်ဦးတည်းသောညီမငယ်တစ်ယောက်၏ အစ်ကိုဖြစ်သည့်အတွက် အများသူငါယောက်ျားလေးတွေလို အမျိုးသမီးတစ်ယောက်ကို
ခပ်ရဲရဲမျက်လုံးများဖြင့်လည်းကောင်း၊ ခပ်ရိုင်းရိုင်းစကားလုံးများဖြင့်လည်းကောင်း ဆက်ဆံဖို့ကို
အလွန်ဝန်လေးသူဖြစ်၏။ ကိုယ်လုံးလှလှအမျိုးသမီးများကိုတွေ့လျှင် သမင်လည်ပြန်ကြည့်ရုံမက
'ဂျီကောာင်းတယ်ကွ၊ အိုး ကောင်းတယ်ကွ'ဟု အသံထွက်ဝေဖန်မှုပြုတတ်ကြသော ယောက်ျားမျိုးကို
သူ အလွန်မုန်းတီးလေသည်။ သူ့၌ ခန္ဓာကိုယ်အချိုးအစားကျကျ ကိုယ်လုံးလှလှ ညီမငယ်တစ်ယောက်ရှိသည့်အတွက်
အစ်ကိုတစ်ယောက်၏ဝန်တိုစိတ်ဖြင့် သူ၏အပေါင်းအသင်းများကို သူ့အိမ်သို့အလည်ခေါ်လေ့မရှိပေ။
သူ့၌ ညီမလေးတစ်ယောက်ရှိကြောင်း သိသူရှားပါး၏။ သူနှင့်အသက်ကွာလှသော ညီမလေးကို သူ ကလေးတစ်ယောက်လိုပင်
ထင်မှတ်နေမိသော်လည်း တကယ်တော့ ညီမလေးသည် အရွယ်ရောက်မိန်းမပျိုတစ်ယောက် ဖြစ်နေခဲ့လေပြီ။
တလောက ညီမလေးဖတ်သော လစဉ်ထုတ်မဂ္ဂဇင်းစာအုပ်ထဲ၌
ရည်းစားစာတစ်စောင် သူ တွေ့ခဲ့ရ၏။ ရည်းစားစာဆိုသည်မှာ ယောက်ျားလေးဘက်မှ တစ်ဖက်သတ်စတင်ရေးသောစာမဟုတ်ဘဲ
ညီမလေးက လက်ခံထားပြီးဖြစ်ကြောင်းသိသာသောစာဖြစ်နေ၍သူ တော်တော်ကြီးခံစားလိုက်ရ၏။ ဒေါသလည်း ထွက်သွား၏။
ညီမတစ်ယောက်၏ရည်းစားစာကိုကိုင်ကာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသော သူ့ပုံကရယ်စရာပင်ကောင်းနိုင်သေး၏။
အမေ့ကိုပြရတော့မလိုလို၊ ညီမလေး အလုပ်မှပြန်အလာ ကို စောင့်ဆိုင်းကာ စိတ်လိုက်မာန်ပါ ဆူပူရိုက်နှက်ရတော့မလိုလိုနှင့် သူတစ်ယောက် တည်း ဒေါင်းတောက်နေခဲ့ရ၏။
နောက်ဆုံးတော့
သူလက်ကိုင်ထားသည့် 'ဒေါသထွက်လျှင်မှန်ကြည့်ပါ' ဆိုသောစကားအတိုင်း မှန်ရှေ့တွင်ခြေစုံရပ်ကာ
ဒေါသများကိုသူ ဖြေလျှော့နိုင်ခဲ့၏။ ညီမလေး၏ အပြုံးရိပ်အမြဲထင်သောမျက်နှာ ကို ပြန်လည်မြင်ယောက်ကြည့်မိ၏။
ပြီးတော့ သူ ရုံးသွားရုံးပြန်ကားပေါ်တွင် မကြာမကြာတွေ့ရသည့် မျက်လုံးချင်းဆုံနေကျကောင်မလေး၏
မခို့တရို့အပြုံးမျက်နှကို ပြန်လည်မြင်ယောက်ကြည့်မိ၏။ ဘာပဲဖြစ်ဖြစ် ညီမလေးကိုခွင့်လွှတ်နားလည်သင့်သည်ဟု
သူယူဆ၏။ ကောင်လေးမှာ ကုမ္ပဏီတစ်ခု၌ အလုပ် လုပ်နေသော ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်သဖြင့် သူ
ဖြေသာနိုင်လေသည်။
အမှန်တော့ ညီမလေး သင့်တော်သူတစ်ယောက်နှင့်
အိမ်ထောင်ကျသွားလျှင် သူလည်း စိတ်အေးရမည်သာဖြစ်၏။ ညီမလေးအိမ်ထောင်အတည်တကျဖြစ်ခဲ့လျှင်
ညီမလေး၏ဆန္ဒအရ အမေ၏သဘောအရ ညီမလေးနောက်သို့ လိုက်ပါလိုက လိုက်ပါနိုင်သေး၏။ ပြောမယ့်သာပြောရသော်လည်း
သူသည် ယခုထိတိုင် အမေလိမ်းပေးသော အုန်းဆီကိုသာ လိမ်းတတ်သူဖြစ်သဖြင့် အမေ့ကို သူ့အပါးမှ
ခွဲထွက်မသွားစေလို။ ဒါကြောင့်ပင် လူတွေက အဲဒါ လူပျိုကြီးဖြစ်မယ့်လက္ခဏာပဲဟု ပြောတတ်ကြလေသည်လားမသိ။
သူ တက္ကသိုလ်တက်စဉ်က လူပျိုကြီးဆရာတစ်ယောက်ကို
သူ သတိရမိ၏။ သူ အသက် ၂၀ အရွယ်တွင် ဆရာ အသက်၅၀ကျော်ရှိနေပြီဖြစ်၏။ ဆရာသည် ကျိကျိတက်ချမ်းသာသူတစ်ဦးမဟုတ်သော်လည်း
အတော်ကြီးပြည့်စုံသော အသိုင်းအ၀ိုင်းမှပေါက်ဖွားလာသည့် ခံ့ညားသော ပညာတတ်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လျက်
လူပျိုကြီးဖြစ်နေသည့်ကိစ္စကို ထိုအချိန်က သူ အလွန်ပင် စိတ်ဝင်စားခဲ့၏။ ဆရာသည် တပည့်တွေနှင့်နောက်နောက်ပြောင်ပြောင်
ရောထွေးနေတတ်သော ခပ်ပျော်ပျော်သမားဖြစ်သဖြင့် သူနှင့် အလွန်ချစ်ခင်ရင်းနှီးခဲ့၏။ 'ဆရာ
ဘာလို့ မိန်းမမယူသလဲ' ဟု မေးလျှင် ဆရာက 'အရင်တုန်းကတော့ အချိန်မရှိလို့။ ခုတော့ အရွယ်မရှိတော့လို့'ဟု
ဖြေတတ်၏။ 'ဆရာ့ဘဝတစ်လျှောက်လုံး ပညာနောက်ကိုသာ တစိုက်မတ်မတ်လိုက်ရင်း အချိန်တွေကုန်မှန်းမသိ
ကုန်ခဲ့ရတယ်။ မိန်းမတစ်ယောက်ရဲ့ မျက်နှာကို စာတစ်မျက်နှာဖတ်ရတဲ့အချိန်လောက် ကြာကြာမကြည့်နိုင်ခဲ့လို့
ဆရာ မိန်းမ,မရခဲ့တာပဲ။ အခု မိန်းမလိုချင်လို့ ကိုယ့်အနားကိုလှည့်ကြည့်လိုက်တော့ ကျမ်းစာအုပ်တစ်အုပ်ရေးသလောက်ကြာအောင်
ထိုင်ကြည့်မယ်ဆိုရင်တောင် အကြည့်မခံမယ့်သူမရှိတော့ဘူးကွ။ ဆရာနဲ့ရွယ်တူတွေအားလုံး ကလေးသုံးလေးငါးယောက်အမေ
တကယ့်မိန်းမကြီးတွေဖြစ်နေပြီ။ တချို့ မြေးတောင်ရနေကြပြီ။ ဆရာ့လိုတော့ ရုပ်ကိုထိန်းမထားနိုင်တော့ဘူးပေါ့ကွာ။
ဘာပဲဖြစ်ဖြစ် လူပျိုကြီးဆိုတာကတော့ မင်းတို့မြင်တဲ့အတိုင်း အေးအေးဆေးဆေး ခန့်ခန့်သန့်သန့်ကြီး
နေနိုင်တာပေါ့ကွာ'ဟု ရယ်မော၍ ပြောခဲ့သော ဆရာ့ကို သူမြင်ယောင်နေမိလေသည်။ အဲဒီဆရာကတော့
ရည်းစားမရှိ၍ လူပျိုကြီးဖြစ်ခဲ့ရသူပေါ့။
သူ့အသက် အစိတ်ဝန်းကျင်က သူ့ရုံးမှအထက်အရာရှိ
လူပျိုကြီးအဖြစ်ကျတော့ တစ်မျိုးဆန်းကြယ်၏။ ထိုဆရာကတော့ဖြင့် နှစ်ဦးနှစ်ဖက်နှစ်နှစ်ကာကာ
ချစ်ခင်စုံမက်ကြသော ချစ်သူရည်းစားရှိလျက် အသက်၄၀ကျော်လာသည့်တိုင် အိမ်ထောင်မပြုခဲ့။
ဆရာ့အမျိုးသမီးကလည်း သူ့ကို ဆရာလက်ထပ်မယူသည့်အတွက် တစ်စုံတစ်ယောက်နှင့် အိမ်ထောင်မပြုခဲ့။
ဆရာက သူ့ကို တရင်းတနှီးပြောပြခဲ့ဖူး၏။
'အိမ်ထောင်ပြုတယ်ဆိုတာ
သူများတွေအတွက် လွယ်ချင်လွယ်မယ်၊ ငါ့အတွက်တော့ သိပ်ကိုခက်နေတာကွ။ ငါက အမေ့ကို လစာအကုန်အပ်ပြီး
လုပ်ကျွေးနေတဲ့သူ။ ငါ တစ်အိုးတစ်အိမ်ထောင်လိုက်မယ်ဆိုရင် မိန်းမကိုလစာမအပ်လို့ တရားပါ့မလားကွာ။
သူကလည်း ငါ့နောက်လိုက်မနေနိုင်တဲ့သူ၊ အဖေကိုလုပ်ကျွေးပြုစုနေတဲ့မိန်းကလေး။ ငါတို့နှစ်ယောက်ပေါင်းစပ်မိဖို့ဆိုတာ
ဒီဘဝတော့ မလွယ်ပါဘူးကွာ။ ခုပဲ ငါ့အသက် ၄၅နှစ်ထဲဝင်လာပြီ' သူ့ဆရာအဖြစ်က ငိုရခက်ခက်၊
ရယ်ရခက်ခက်။ တလောဆီက လမ်းကြုံ၍ ဆရာ့ရုံးသို့ သူဝင်သွားခဲ့၏။ တစ်ခေါင်းလုံးဖွေးဖွေးဖြူနေပြီဖြစ်သော
ဆံပင်များနှင့်ဆရာသည် သူ့ကိုဝမ်းသာအားရကြိုဆိုနှုတ်ဆက်ရင်း
'ဟေ့ကောင် မင်း ငါ့ကိုတော့ အားကျမနေနဲ့နော်' ဟု ရယ်မောပြောဆိုခဲ့သေး၏။ ဆရာနှင့် ဆရာ့ချစ်သူ
အမျိုးသမီးကတော့ အနေဝေးစွာ ခွဲခွာနေကြသော်လည်း သစ္စာမြဲမြဲချစ်ခင်နေကြဆဲ။ ဖူးစာမပါတော့လည်း
အကြောင်းမရှိ အကြောင်းရှာ၍ ဝေးကြရသည်ပင်။
သူ့မှာတော့ဖြင့် လွမ်းလောက်စရာအတိတ်လည်းရှိသည်မဟုတ်။
ဒီလိုနှင့်ပင် သူသည် သူ့ထံရောက်လာသမျှဖိတ်စာလှလှများကို ပင့်သက်မောချကာ တစ်စောင်ပြီးတစ်စောင်
ဖတ်ရှုနေခဲ့ရလေသည်။ သူ့အဖို့တော့ဖိတ်စာမြင်လျှင် လိပ်ပြာစင်တယ်ဟု ပြောသင့်ပေပြီ။ သူ
ပိုင်ဆိုင်သည့် တစ်ထည်တည်းသော အဖြူရောင်တိုက်ပုံအင်္ကျီသာ စကားတတ်မည်ဆိုလျှင် မြောက်မြားလှစွာသော
မင်္ဂလာဧည့်ခံပွဲများသို့ တက်ရောက်ရလွန်း၍ 'ငါ့ကိုလည်း အဖော်လေးဘာလေး ရှာပေးပါဦးကွာ၊
ချိတ်ထဘီတစ်ထည်လောက်တော့ မင်း ၀ယ်နိုင်ဖို့ကောင်းပါပြီ'ဟု ပြောချင်ပေလိမ့်မည်။
တစ်စုံတစ်ယောက်သောမိန်းမတစ်ယောက်အတွက် တိုတိုထွာထွာ အသုံးအဆောင်ကလေးများ
ဝယ်ပေးစရာမလိုသောသူသည် သူ့ထံရောက်ရှိလာသမျှ ဖိတ်စာတို့အတွက် ဦးနှောက်ခြောက်ခံကာ စဉ်းစားရင်း
သူ့ထက်ပို၍သတ္တိကောင်းသော အပေါင်းအသင်းတို့ကို ဝတ္တရားမပျက် မှန်မှန်ကြီး ဂုဏ်ပြုချီးမြှင့်နေရလေသည်။
သိပ်မကြာသေးမီက လက်ထပ်ပြီးကာစ သူ့အပေါင်းအသင်းတစ်ဦးဆီက ညည်းညူသံကိုကြားခဲ့ရ၏။ 'လက်ဖွဲ့တွေကတော့
ကားနှစ်စီးတိုက်လောက် ရပါရဲ့ကွာ။ ဖန်ခွက်ဆိုင်၊ နာရီဆိုင်ဖွင့်ရမလိုဖြစ်နေပြီ။ ငါတို့က
အိမ်ခွဲနေမှာမဟုတ်တော့ ပစ္စည်းလည်းမလိုပါဘူးကွာ။ မဟန်ဘူးဟေ့၊ မင်္ဂလာဆောင်လက်ဖွဲ့တွေဖောက်တုန်းခဏတာ
ပျော်ရတာနဲ့ ဓာတ်ပုံရိုက်လို့ လှတာပဲရှိတယ်။ ငါ့မှာ အကြွေးတင်နေလို့ ပြုံးတာတောင်အသက်ပါမယ်
မထင်ပါဘူးကွာ။ သင်ခန်းစာပဲ သူငယ်ချင်းရေ၊ ဟေ့ကောင် နောင် မင်း မင်္ဂလာဆောင်လက်ဖွဲ့ရင်
ဘယ်လောက်ပဲလက်ဖွဲ့ လက်ဖွဲ့ နိုင်သလောက်ဆို ငွေသားပဲထည့်ပါကွာ။
မင်္ဂလာလက်ဖွဲ့တွေပြန်ရောင်းရတာ
ဈေးလည်းတအားနှိမ်တယ်။ မျက်နှာလည်းပူပါတယ်ကွာ။ ငါတော့ ကိုယ်တိုင်ခံစားလာရမှ သူများတွေကို
ကိုယ်ချင်းစာမိတယ်' မင်္ဂလာကြွေးတင်နေသော မိတ်ဆွေ၏ မအီမသာမျက်နှာကို သူစိတ်မချမ်းမြေ့စွာတွေ့ရှိခဲ့ရ၏။
ဘာပဲဖြစ်ဖြစ် ဒီတစ်ခါ သူ့မိတ်ဆွေတစ်ဦးဦးမင်္ဂလာဆောင်လျှင် သူ ဟိတ်ကြီးဟန်ကြီးလုပ်ကာ
ပါကင်ကောင်းကောင်းထုပ်၍ ပစ္စည်းလပ်ဖွဲ့ဖို့ စိတ်မကူးတော့။ သူကိုယ်တိုင် မင်္ဂလာမဆောင်ဖူးသော်လည်း
သူကတော့ ကိုယ်ချင်းစာနိုင်လေသည်။ သူ့၌ တရားဝင်ပိုင်ပိုင်နိုင်နိုင် ရည်းစားမရှိသေးသည့်အတွက်
လက်ထပ်ဖို့ စိုင်းပြင်းနေသူတွေလို အပူသောကမျိုးတော့ မခံစားရ။
တကယ်တော့
သူ အိမ်ထောင်ပြုမည်ဆိုလျှင်လည်း ဘာမှ အဆင်သင့်ရှိသည်မဟုတ်။ ရန်ကုန်မြို့၌ ကိုယ်ပိုင်မြေနှင့်
အိမ်မရှိသူစာရင်းကို ကောက်မည်ဆိုလျှင် သူ ရှေ့ဆုံးကပါဝင်ရလိမ့်မည်။ ခု သူ့မိသားစုနေထိုင်လျက်ရှိသော
ပျဉ်ထောင်အိမ်သေးသေးလေးသည် ကိုယ်ပိုင်အိမ်မဟုတ်။ တကယ်တော့ သူသည် မွေးကင်းစမှ ခုအသက်အရွယ်ထိ
ဘယ်တုန်းကမှ ကိုယ်ပိုင်အိမ်ပေါ်မှာ မနေခဲ့ဖူး။ ရန်ကုန်မြို့၌ မြေဈေးမည်မျှတက်သည်ဖြစ်စေ၊
ကျသည်ဖြစ်စေ သူနှင့်မဆိုင်။ တိုက်ခန်းဈေးဘယ်လောက်ထိ မြင့်တက်သွားသည်ဖြစ်စေ လျော့ကျသွားသည်ဖြစ်စေ
သူ စိတ်မဝင်စား။ အလကားနီးပါးရသည်ဟု ဆိုနိုင်သော မြေနေရာ အိမ်နေရာမျိုးသည်ပင် သူ့မိသားစု
တစ်လစာဝင်ငွေထက် များစွာမြင့်တက်နေလေရာ ဒီတစ်သက် ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်ခွင့်ရဖို့
အိပ်မက်ကို သူဆက်မမက်လိုတော့ပေ။
သူ့အား တရားသံဝေဂရနေသူတစ်ဦးဟု ထင်လိုကထင်နိုင်ပြီး
သို့မဟုတ် ဝီရိယမရှိသော ခပ်ညံ့ညံ့ယောက်ျားတစ်ယောက်ဟု ယူဆလိုက ယူဆနိုင်၏။ စင်စစ်မူ ကိုယ်ပိုင်သောအိမ်ဖြစ်စေ၊
ငှားရမ်းနေထိုင်ရသည့် ကိုယ်မပိုင်ဆိုင်သောအိမ်ဖြစ်စေ သေသည့်တစ်နေ့၌ သူထားရစ်ခဲ့ ရမည့်
နေရာတစ်ခုအတွက် သူ အရူးအမူးဖြစ်မနေလိုတော့ပေ။ သူ့ထက် အဆပေါင်းများစွာ ၀င်ငွေကောင်းသည့်
မိတ်ဆွေမိသားစုတစ်စုသည်ပင်လျှင် တစ်လတစ်လမတန်တဆပေးနေရသော အငှားအိမ်တစ်လုံး၌ ငှါးရမ်းနေထိုင်ခဲ့သည်မှာ
နှစ်ပေါင်းကြာရှည်ခဲ့လေပြီ။
သူတို့မိသားစု မည်မျှပင် ၀င်ငွေကောင်းပါစေ။
သူတို့နှင့်သင့်တင့်ကိုက်ညီမည့် အိမ်တစ်လုံးအား အပိုင်ဝယ်ယူနိုင်လောက်သော အပိုဝင်ငွေမရှိသည့်အဖြစ်ကို
သူ နားလည်နိုင်လေသည်။ ကျားကြီးတော့ လည်း ခြေရာကြီးလေသည်။ အဲဒီလို လုပ်ငန်းကိုင်ငန်းကောင်းနေကြသည့်
မိသားစုမျိုးတွေသည်ပင် ရန်ကုန်မြို့၌ မွေးဖွားသည်မှ သေဆုံးသည့်တိုင်အောင် သုံးပေခြောက်ပေ
မြေနေရာလေးသော်မှ မပိုင်ဆိုင်ရ သည့်အခြေအနေ၌ သူ့လိုခပ်နုပ်နုပ်ပါမွှားလူတစ်ယောက် ကိုယ်ပိုင်အိမ်မရှိတာ
သိပ်ဝမ်းနည်း စရာကောင်းသည့်ကိစ္စမဟုတ်။
သို့ပေမယ့် ထိုသို့ ကိုယ်ပိုင်အိမ်မရှိတာချင်း
အတူတူပင်ဖြစ်လျက် သူ့အပေါ် အထင်သေးသလို ရှိတတ်ကြသည့်အဖြစ်မျိုးကို ကြုံလျှင် သူကျိတ်၍
ဒေါသဖြစ်ရလေ၏။ တစ်ခါကသူ့အား ရုံးမှ အမျိုးသမီးငယ် တစ်ယောက်နှင့် ရုံးဝန်ထမ်းအချင်းချင်းဝိုင်းနောက်ခဲ့ကြ၏။ ထိုအမျိုးသမီးအား သူ စိတ်ဝင်စားခြင်း အလျဉ်းမရှိခဲ့သော်လည်း ယောက်ျားလေးတစ်ယောက်အနေနှင့်
ငြင်းဆန်မှုမပြုခဲ့။ တစ်ဖက် မိန်းကလေး၏ အရိပ်အကဲကိုသာ ကြည့်နေခဲ့၏။ နောက်တော့ 'တော်ပါ၊
ဘ၀တူချင်းများတော့ စိတ်ကူးထဲ မထည့်ပါဘူး။ တစ်နေ့တစ်နေ့ ဖတ်သီလိုက်နေမယ့် အလုပ်မျိုးတော့
မလုပ်တော့ဘူး။ အမေထည့်ပေးတဲ့ ထမင်းဘူးပဲ အဆင်သင့်ယူပြီး ရုံးတက်မယ်'ဟူသော စကားကို မထင်မှတ်သည့်အချိန်မှာ
အပြောခံလိုက်ရ၍ သူ အတော်ကြီး အောင့်သက်သက်ဖြစ်သွားခဲ့ရဖူးလေသည်။
'နှုတ်ခမ်းပဲ့ချင်း
မီးမမှုတ်ဘူး'၊ 'ဂျိုကျိုးနားရွက်ပဲ့တွေတော့ မသုံးနိုင်ပါဘူး' ဆိုသော စကားမျိုးတွေကို
သူ့ပတ်ဝန်းကျင်ရှိမိန်းကလေးများဆီက ကြားဖူးနားဝရှိနေသော်လည်း သူ့ကို တကယ်တိုက်တိုက် ဆိုင်ဆိုင်
ပြောခံရသောအခါ သူ ဒေါသဖြစ်မိလေသည်။ နောက်မှ ညီမလေးနှင့်ယှဉ်ကာ သူ့စိတ် ကို ဖြေလျှော့ခဲ့ရ၏။
သူ့၌ ညီမလေးတစ်ယောက် ရှိနေခြင်းကြောင့် အစစအရာရာ
ကိုယ်ချင်းစာစိတ် ထားနိုင်ဖို့ မခက်ခဲလှပေ။ ညီမလေးကို သူချစ်၏။ ညီမလေးကို ကောင်းစားစေချင်၏။
အနည်းဆုံးတော့ အိုးပိုင်အိမ်ပိုင်ရှိသော အလုပ်အကိုင်ရှိ သင့်တော်သူ တစ်ယောက်ယောက်၏
လက်တွင်းသို့သာ ညီမလေးကို ရောက်စေချင် ၏။ ကောင်မလေးတွေပြောသလို 'သူလိုကိုယ်လို လူတော့
ဘာလုပ်မလဲ' ဆိုသည့်စကားက သူလို လူတစ်ယောက်ကို ထိခိုက်နစ်နာစေသော်ငြား ညီမလေးအတွက်မူ
သူ လက်ခံကျေနပ်ရပေလိမ့်မည်။ ဒီအတွက် သူသည် ညီမလေး၏ ချစ်သူကောင်လေးကို လေ့လာအကဲခတ်ခဲ့ရ၏။
တလောဆီက သူ့သူငယ်ချင်းတစ်ယောက်၏မိခင် ဆုံးပါးသွား၍
တနင်္ဂနွေရုံးပိတ်ရက်၌ နာရေးသတင်း သွားမေးခဲ့၏။ သူငယ်ချင်းမိခင်ကိုကြည့်ကာ အမေ့ကိုသတိရလာ၍
သူ စိတ်မကောင်းဖြစ်ခဲ့ရ၏။ ထိုအိမ်မှပြန်လာပြီး အမေ့အတွက် ရေချမ်း၊ ပန်း၊ ကုသိုလ်ပြုလှူဒါန်းရန်
သူ ဘုရားတက်ခဲ့၏။ အဲဒီမှာ မထင်မှတ်ဘဲ ညီမလေးတို့အတွဲကို ဘုရားပေါ်မှာ တွေ့ရှိခဲ့ရခြင်းဖြစ်လေသည်။
သူက စောင်းတန်းတစ်ခု၌ တစ်ယောက်တည်း အေးအေးဆေးဆေးထိုင်နေ၍ ဘုရားကို လက်ယာရစ်ပတ်နေသော
ညီမလေးတို့အတွဲကို ထင်ရှားစွာတွေ့လိုက်ရခြင်း ဖြစ်၏။ ညီမလေး၌ ချစ်သူရှိနေပြီဖြစ်ကြောင်း
သူ သိရှိထားပြီးဖြစ်လျက် နှစ်ယောက်တွဲ တေ့တေ့ဆိုင်ဆိုင် တွေ့လိုက်ရတော့ သူ တုန်လှုပ်ချောက်ချားသွားခဲ့ ၏။
ကောင်လေး၏ လက်မောင်းတစ်ဖက်ကို တွဲချိတ်ကာ လမ်းလျှောက်နေသော ညီမလေးမျက်နှာက ပြုံးလက်ဝင်းပနေလေသည်။
ဘာပဲဖြစ်ဖြစ် သူ၏ညီမလေးသည် အမေနှင့်သူ မျက်နှာပျက် အရှက်ရစေသောက်လည့်လုပ်ရပ်မျိုးလုပ်မည့်သူမဟုတ်ပါ။ အနှိုင်းမဲ့သပ္ပါယ်တင့်တယ်သော ရွှေတိဂုံစေ တီတော်မြတ်ကြီးကို သူ ငေးမျှော်ကြည့်ရင်း
ရှုပ်ထွေးနောက်ကျလာသော စိတ်များကို အေးဆေးတည်ငြိမ်အောင် ကြိုးစားရလေသည်။ သူ့စိတ်များ
အတန်အသင့် ကြည်လင်လာတော့ မှ သူ ဘုရားပေါ်မှ ပြန်ဆင်းလာခဲ့၏။
ဖြစ်ချင်တော့ သူစီးသည့်လိုင်းကား ရှေ့ခန်း၌
ညီမလေးတို့အတွဲကို တွေ့လိုက်ရပြန်၏။ သူ့စိတ်ကို ချုပ်တည်း၍မရအောင် ရုတ်တရက်ဒေါသထွက်သွားရပြန်သည်။
အိမ်ရောက်တော့ ညီမလေးကို မတွေ့ရသေး။ အမေ့ကို စကားပလ္လင်မခံဘဲ 'ညီမလေးကို အိမ်ထောင်ချထားပေးလိုက်တော့'ဟု
သူ အလျင်စလိုပြောဖြစ်လေသည်။ ဘာမှမသိသောအမေက ပြူးကြောင်ကြောင် ယောင်နန။ ခဏနေတော့ ညီမလေး
ပြန်ရောက်လာ၏။ ညီမလေးက သူ့မူအတိုင်း ပြုံးပြုံးလက်လက် အေးဆေးသိမ်မွေ့စွာပင် အမေ့ကိုနှုတ်ဆက်၏။
'ဒါရည်းစားနဲ့ တစ်နေကုန် လည်လို့ဝလာတဲ့မျက်နှာ'ဟု မလိုတမာတွေးကာ ညီမလေးကို ဘုကြည့်ကြည့်လိုက်၏။
'နင် ယောက်ျားယူတော့မှာလား'
'ရှင်'
'နင့်ကို မေးနေတာ၊ ယောက်ျားယူတော့မှာလားလို့
နင့်ကိုမေးနေတာ'
ညီမလေးက မျက်စိမျက်နှာပျက်စွာ သူ့ကို ကြောက်လန့်တကြား
ပြန်ကြည့်၏။
'ဒီအရွယ်မှာ ရည်းစားထားတယ်ဆိုတာ အိမ်ထောင်ပြုဖို့
ရွေးချယ်တာပဲမဟုတ်လား။ နင့်လူကိုပြောလိုက်၊ တကယ် လက်ထပ်ယူမှာဆိုရင် အိမ်မှာလာတောင်းလှည့်လို့။
အူကြောင်ကြောင်တော့ လုပ်မနေနဲ့ ကြားလား'
'ဟို… ဟို' ညီမလေးက အမေ့ကိုတစ်လှည့်၊ သူ့ကိုတစ်လှည့်ကြည့်ကာ
စကားမဆက်နိုင်ဖြစ်နေ၏။
'ဒီကောင် ဘွဲ့ရပြီးသားမဟုတ်လား။ အလုပ်လည်းရှိတယ်။
ယူမှာဆိုယူတော့လို့ ပြောနေတာ။ ဟိုသွား၊ ဒီသွား တွဲနေတာ ငါ လုံးဝမမြင်ချင်ဘူး။ ယူချင်ရင်
ယူလိုက်တော့' သူ မကြမ်းစဖူး၊ ကြမ်းနေ၍ အမေပင် အသာငြိမ်နေလေသည်။
'ပြောလေ နင့်ကိုယူမှာတဲ့လား'
'ဟုတ်… ဟုတ်ကဲ့။ ယူ… ယူတော့ ယူမှာပါ။ ဒါပေမယ့်…
ဒါပေမယ့်'
'ဘာ ဒါပေမယ့်လဲ… ဒါပေမယ့် ဘာဖြစ်နေသလဲ' သူ
ညီမလေး၏ မဆက်သေးသောစကားကို အားမလိုအားမရနှင့် စိတ်မရှည်နိုင်စွာ ထပ်မေးမိလေသည်။ ညီမလေး၏ချစ်သူမှာ
မုဆိုးဖိုလား၊ တစ်ခုလပ်လား၊ မလွတ်မလပ်ဖြစ်နေသူလားဟူသောအတွေးမျိုးဝင်လာကာ စိုးရိမ်သွားရပြန်၏။
'သူ့မှာ… သူ့မှာ မင်္ဂလာဆောင်ဖို့ ပိုက်ဆံမရှိသေးဘူးတဲ့'
သူ့ဒေါသတွေ မီးခဲရေနှင့်ငြှိမ်းလိုက်သလို ရှဲခနဲ ငြိမ်းကျသွားခဲ့ရလေသည်။ အမေက သူ့လက်မောင်းကို
ဆုပ်ကိုင်ကာ သူ့ဒေါသကို ဖြေလျှော့ပေးလေဟန်ရှိ၏။ သူ အရေးကြီးဆုံးမေးခွန်းတစ်ခုကို မေးဖို့
သတိရလာကာ ဖျတ်ခနဲ ညီမလေးကိုလှမ်းကြည့်လိုက်မိ၏။ ညီမလေးက မျက်လုံးလေး ပေကလပ် ပေကလပ်လုပ်ကာ
သနားစဖွယ် မျက်နှာငယ်ကလေးနှင့်။
'သူ ဘယ်အိမ်မှာနေတာလဲ'
'သူ့အမေ အိမ်မှာပဲ' ညီမလေးအသံက တိုးတိမ်လှစွာ။
'သူ့အမေပိုင်တဲ့အိမ်လား၊ ကိုယ်ပိုင်အိမ်လား၊
အိမ်ငှားလား မေးနေတာ'
သူ အလိုလို ဒေါသထွက်နေကာ ခပ်ငေါက်ငေါက်မေးလိုက်၏။
'ခုတော့ ငှါးနေတာထင်တယ်' ညီမလေး၏ထင်တယ်ကြောင့်
ထိုနေ့က သူ လဲကျသေဆုံးသွားခဲ့ရလေသည်။
တကယ်တော့ သူ ကြုံတွေ့နေရသည့် အဖြစ်အပျက်ကလေးများသည်
လောက၏ အသေးအဖွဲကိစ္စလေးများသာဖြစ်၏။ သူသည် ပြည့်စုံကုံလုံသော လူတစ်ဦး မဟုတ်သော်လည်း
သူ့ဘဝသည် ဆင်းရဲပင်ပန်းစွာ ရုန်းကန်လှုပ်ရှားနေရသည့် ချို့တဲ့သောဘ၀မျိုးမဟုတ်။ သူ့ထက်
အဆပေါင်းများစွာနိမ့်ကျသော ဘဝများစွာရှိနေသေးသည့်အတွက် သူ့ဘ၀သည် အတန်အသင့်ကျေနပ်ဖွယ်ကောင်းသော
နှစ်လိုစရာ ဘဝတစ်ခုအဖြစ် လက်ခံနိုင်စရာရှိ၏။
ညီမလေးနှင့် အမေသည် သူ့အတွက် ရာသက်ပန်မဖြစ်နိုင်သော်လည်း
ခုချိန်ထိတော့ သူ့အတွက် အဖိုးတန်ဆုံးအားဆေးများဖြစ်ကြ၏။ ညီမလေးကဖြင့် သိပ်မကြာခင် တစ်နေ့မှာ
သူ့ကို ခွဲခွာသွားမှာ အသေအချာ။ အမေကရော လူ့သက်တမ်းနှင့် တွက်ရမည်ဆိုလျှင်ဖြင့် အမေက
သူ့အရင်သွားမည့်သူပေါ့။
မည်သို့ပင်ဖြစ်စေ ဆေးပေးမီးယူဆိုသောစကားက
သူ့ကို အတော်ကြီး လာ,လာထိခိုက်နေ၏။ ပြီးတော့ မိန်းမနှင့်ယောက်ျား အိမ်ထောင်မပြုတာချင်း
အတူတူပင်ဖြစ်လျက် လူတွေက ခွဲခြားခွဲခြားလုပ်လေ့ရှိ၏။
'အပျိုကြီးဆိုတာက တူ,တူမတွေနဲ့ သဟဇာတဖြစ်အောင်
နေနိုင်ကြတယ်။ မောင်နှမသားချင်းတွေကလည်း အပျိုကြီးဆို အရေးတယူလုပ်ပြီး သူ့အိမ်ကိုယ့်အိမ်
ခေါ်ထားချင်ကြတယ်။ လူပျိုကြီးဆိုတာက လောကမှာ အတော်နေရထိုင်ရခက်တာ။ လူပျိုကြီးတွေ အသက်ကြီးလာရင်
ခပ်ကြောင်ကြောင်ဖြစ်သွားကြတာများတယ်' ဟု မဟုတ်မတရား ဆိုကြပြန်သေး၏။
ပါးစပ်သရမ်းလှသောလူတွေနှင့်တွေ့လျှင်
လူပျိုကြီးဘဝကို သူ စိတ်ကုန်လေသည်။ ကောင်မလေးတွေကပင် ရပင့်နဲ့ပျိုတာလား၊ ရရစ်နဲ့ပြိုတာလားဆိုသော
စကားမျိုးဖြင့် သူ့ကို နောက်ပြောင်ရဲသေးသည်မဟုတ်လား။ စင်စစ်လူပျိုကြီးဆိုသည့် ဂုဏ်ပုဒ်ကို
သူထိန်းထားနိုင်ခြင်းသည် သူ့ဆရာသမားများလို အိမ်ထောင်ပြုဖို့ရာ ဇာတ်လမ်းစခွင့်အခြေအနေ
မပေးနိုင်လောက်အောင် အလုပ်မအားလပ်၍၊ အချိန်မပေးနိုင်၍ မဟုတ်ကြောင်း သူ့ဘာသာသိ၏။ သို့သော်
သူသည် အလုပ်မအားပါဘူးကွာ ဟူသောစကားကို တွင်တွင်သုံးဖြစ်လေသည်။ ဟန်ကိုယ့်ဖို့တော့ လိုသည်ပဲ။
အလုပ်မအားသော်လည်း စိတ်အားနေကြောင်း မည်သူသိနိုင်မည်နည်း။ အထူးသဖြင့်တော့ ရုံးသွားရုံးပြန်
ကားပေါ်၌ သူ့စိတ်များ အလွန်အမင်း အားလပ်လျက်ရှိ၏။ ထို့ကြောင့်ပင် သူသည် ကားပေါ်က ပျိုပျိုအိုအို
အမျိုးသမီးကြီး,ငယ်တို့ကို စိတ်ဝင်စားဖြစ်လေသည်။
သူ့အိမ်မှာ ရုံးသို့သွားရသည့်ခရီးမှာ နာရီဝက်၊
၄၅မိနစ်တာမျှကားစီးရ၍ ထိုမျှကြာညောင်းသောအချိန်တို့ကို သူ အလကားမဖြစ်စေလိုပေ။ သူသည်
ဂိတ်စ၊ ဂိတ်ဆုံး ကားစီးရသူဖြစ်၍ အမြဲလိုလိုထိုင်စရာ ခုံနေရာ ရတတ်၏။ လိုင်းကားထိုင်စီးခွင့်ရသော
ကူညီစာနာတတ်သူတို့၏ ထုံးစံအတိုင်း မတ်တတ်ရပ်ခရီးသည်များ ၏ ဆွဲခြင်းနှင့်ထမင်းချိုင့်တို့ကို
သူ အမြဲကိုင်ပေးရ၏။ အမေထည့်ပေးသော ထမင်းချိုင့်ကို မကိုင်ချင့်ကိုင်ချင်ဖြင့် ရံဖန်ရံခါမှယူသော
(ရုံးသက်သာဆိုင်မှ ခပ်ညံ့ညံ့ထမင်းနှင့်ဟင်း ကို ဈေးသက်သာ၍ ကျေကျေနပ်နပ်စားသုံးသော)
သူသည် ဖြူဖြူမည်းမည်း၊ ပုပုရှည်ရှည်၊ ၀၀ပိန်ပိန် အမျိုးသမီးဆိုက်စုံ၏ ထမင်းချိုင့်များ၊
လက်ဆွဲခြင်းငယ်များကို စိတ်ပါဝင်စားစွာ ကူညီလုပ်ဆောင်ပေးလေ့ ရှိ၏။
အဲဒီမှာပဲ မြင်းခေါင်းတံဆိပ်နှစ်ဆင့်စတီးချိုင့်ကိုင်ဆောင်သည့်
ကောင်မလေးတစ်ယောက်နှင့် သူ သိကျွမ်းမှုစတင်ခဲ့ခြင်း ဖြစ်လေသည်။ နေရာရသူခရီးသည်နှင့်
နေရာမရသူ ခရီးသည်အချင်းချင်း ဆက်ဆံရေး၌ စကားပြောစရာမလိုသော သင်္ကေတများရှိလေသည်။ နေရာမရသည့်ခရီးသည်တစ်ဦးဦး
မနိုင်မနင်း ပစ္စည်းတစ်မျိုးမျိုးနှင့် သူ့အနားကပ်လာလျှင် ထိုသူ့ကို တစ်ချက်မော့ကြည့်ကာ
ပစ္စည်းကိုအသာအယာလက်လွှဲယူ၍ မိမိပေါင်ပေါ် တင်စီးလိုက်ရုံသာဖြစ်၏။ ဤသို့ဖြင့် ရွှေလက်ကောက်သံ တချွင်ချွင်နှင့်
ကောင်မလေးတစ်ယောက် သူ့အနား မကြာခဏရောက်လာခဲ့ခြင်းဖြစ် ၏။ ကောင်မလေး၏ ထမင်းချိုင့်ကိုသူအခါများစွာကိုင်ပေးပြီးနောက်သူ့နေရာသည် ကောင်မလေးနေရာ ဖြစ် သွားခဲ့လေသည်။ သူစီးသောကားနှင့်
ကောင်မလေးလွဲသွားလျှင် သူ့မှာ နေမထိထိုင်မသာ ဖြစ်ရလေသည်။ ကြာတော့ သူသည် သူစီးသည့်ကားနှင့်
ကောင်မလေးလွဲချော်သွားမည်ကို စိုးရိမ်လှစွာဖြင့် ကောင်မလေး တက်နေကျမှတ်တိုင်၌ဆင်းကာ
စောင့်မျှော်မိတော့၏။ ကောင်မလေးကလည်း သူ စောင့်နေခြင်းကို လိုလားပုံရလေသည်။ သိပ်မကြာခင်
ရက်အနည်းငယ်အတွင်းမှာပင် သူသည် ကောင်မလေး၏ ထမင်းချိုင့် ကို ခွင့်တောင်းစရာမလိုဘဲ တရားဝင်ကိုင်ခွင့်ရသူ
ဖြစ်လာခဲ့လေသည်။
နှစ်လလောက်အကြာတွင် သူနှင့်ကောင်မလေး လက်ဖက်ရည်ဆိုင်အတူထိုင်ပြီးမှ
ရုံးဆက်သွားကြ၏။ ရုံးပိတ်ရက်တွေမှာပင် ကောင်မလေးနှင့် သူ သီးသန့်ချိန်းဆိုကာ စတိုးဆိုင်တွေဆီ
သွားကြ၏။ စာအုပ်ဆိုင်တွေ လျှောက်ကြည့်ကြ၏။ ကောင်မလေးကတော့ မည်သို့သဘောထားလေသည်မသိ။
သူကတော့ဖြင့် ကောင်မလေးကို ချစ်မိနေလေပြီ။ ကောင်မလေးမှာ သွက်လက်ပွင့်လင်းသူဖြစ်သော်လည်း
သူ ရုတ်တရက် ဖွင့်မပြောရဲ။ သာတောင့်သာယာရှိနေသော လက်ရှိအခြေအနေလေး ပျက်စီးသွားမှာ သူ
စိုးရိမ်၏။
ကောင်မလေးမှာ
သူဌေးသမီးတစ်ယောက် မဟုတ်သော်လည်း ၀တ်နိုင်စားနိုင် မော်ကြွးနိုင်သည့် အစားထဲက ဖြစ်၏။ ပြီးတော့ ကောင်မလေးနေထိုင်သည့် နှစ်ထပ်တိုက်ကြီးမှာ အတော်ပင် ကြီးကျယ် ခမ်းနားလေသည်။
သူသည် မိန်းမတစ်ယောက်၏ ကြွယ်ဝချမ်းသာမှုကို တပ်မက်သောယောက်ျားမျိုး မဟုတ်ပါ။ ကောင်မလေး၏ညာလက်ကောက်ဝတ်မှ ရွှေသားလက်ကောက်ဆယ်ကွင်း၏အသံသည် သူ့နှလုံးသားကို ပို၍ အခုန်မြန်စေ၏။
ကောင်မလေး၏ ပင်ကိုရုပ်ရည်မှာ လှသည်ဟုဆိုနိုင်လောက်သော အစားထဲကဖြစ်သော်လည်း ခေတ်မီစွာ
ပြင်ဆင်ခြယ်သတတ်မှုကြောင့် သူ့ မျက်လုံး၌ ကောင်မလေးသည် နာမည်ကြီး မင်းသမီးများထက်ပင်
ပို၍ ပေါ်လွင်လှပနေလေသည်။
ကောင်မလေးသည် နိုင်ငံခြားဖြစ်တန်ဖိုးကြီးပစ္စည်းတို့ကို ဆင်ယင်သုံးစွဲနိုင်သူ ဖြစ်လေ သည်။ ကောင်မလေး ကြောင့်ပင် သူသည် စူပါမက်ကတ်ကြီးများသို့
မကြခဏရောက်ဖြစ်နေလေ သည်။ ကောင်မလေးသည် စတိုးဆိုင်ကြီးများသို့ သူ့ကို ဘာကြောင့်ခေါ်သွားရသနည်း။
အတွေးခေါင်သောသူသည် တောင်စဉ်ရေမရ အတွေးရှည်ကြီးကိုတွေးကာ စိတ်ရှုပ်ထွေးရလေ၏။ စင်စစ်တော့
ကောင်မလေး၌ သူ့အပေါ်ထားရှိသော ခင်မင်ရင်းနှီးမှုအပြင် ထူးခြားသောရည်ရွယ်ချက်ရှိမည်မဟုတ်ပေ။
ပွင့်လင်းသော ကောင်မလေးကတော့ သူနှင့်အတူ တွဲသွားတွဲလာလုပ်ရသည်ကို ပျော်ရွှင်နေဟန်ရှိ၏။
'ခါတိုင်း ဘာဝယ်ဝယ်ကျွန်မတစ်ယောက်တည်းပဲ
ဈေးဝယ်တာများတယ်။ ခု ရှင် ကျွန်မဘေးမှာရှိနေတော့ လှလား ကြည့်ကောင်းလား မေးလို့ရတာပေါ့။
ယောက်ျားလေးတွေက အလှတရားကို ပိုခံစားတတ်ကြတယ်ပြောတာပဲ'ဟုပင်ဆိုသေး၏။ ကောင်မလေးသည်
တောက်ပစိုလက်သော နှုတ်ခမ်း ဆိုးဆေးတို့ကိုလည်းကောင်း၊ ဖြူရော်ရော်မှိန်ဖျော့ဖျော့နှုတ်ခမ်းဆိုးဆေးတို့ကိုလည်းကောင်း
အမျိုးစုံအောင် သုံးလေ့ရှိ၏။ ကောင်မလေးနှုတ်ခမ်း၌ နှုတ်ခမ်းဆိုးဆေး ဘယ်တော့မျ ပျက်သည်မရှိပေ။
နှုတ်ခမ်းဆိုးဆေးဘူးများ မကြာခဏ၀ယ်လေ့ရှိသော ကောင်မလေး တစ်ယောက် နှုတ်ခမ်းနီများကို စားပစ်လေသလားဟုပင်
သူ ထင်မှတ်ခဲ့ရ၏။
'ထမင်းစားပြီး နှုတ်ခမ်းနီပြန်ဆိုးရတာလား'
ဟု သူမေးတော့ ကောင်မလေး ရယ်မောလေသည်။ ရယ်မောလျှင် ပါးစပ်ကို လက်ဝါးဖြင့်အုပ်ကာလေ့မရှိသော
ကောင်မလေး၏ အချိုးကျလှပသော နှုတ်ခမ်းများက အလွန်စွဲမက် ချစ်ခင်ဖွယ်ကောင်းလေသည်။ 'ကျွန်မ
ထမင်းစားရင် နှုတ်ခမ်းနီမပျက်ဘူး။ နှုတ်ခမ်းနီက ဈေးကြီးတာ မကြီးတာနဲ့ မဆိုင်ဘူး။ တချို့နှုတ်ခမ်းနီက
ဈေးကြီးပေမယ့် စားသောက်ပြီးရင် အရောင်ပျောက်သွားတာပဲ။ ခဏတစ်ဖြုတ်သွားရတဲ့လမ်းဆိုရင်တော့ပျက်လွယ်တဲ့ နှုတ်ခမ်းဆိုးဆေး သုံးတာကောင်းတယ်'။ နှုတ်ခမ်း ဆိုးဆေးများနှင့်ပတ်သက်၍လည်းသူ့ကိုအဲသလိုရှင်းပြတတ်သေး၏။ တစ်ခါက ကောင်မလေးနှုတ်ခမ်း ဆိုးဆေးတောင့်ဝယ်အပြီး ငွေချေတော့
သူ သေချာကြည့်မိခဲ့၏။
ဖောင်တိန်ချောင်းလို နှုတ်ခမ်းဆိုးဆေးဘူးလေးအတွက်
ကောင်မလေးပေးချေလိုက်သည့်ငွေက သုံးထောင်ဖြစ်၏။ ကောင်တာမှ ငွေခြောက်ရာပြန်အမ်းလေသည်။သူမယုံကြည်နိုင်စွာ မေးခွန်းထုတ်လိုက်မိ၏။
'အဲဒါ ဘယ်လောက်ပေးရတာလဲ'
'နှစ်ထောင့်လေးရာလေ' ကောင်မလေးက နှုတ်ခမ်းဆိုးဆေးတောင့်ကို
စလင်းဘက်အိတ်ထဲ ငုံ့ထည့်ရင်း သူ့မေးခွန်းအတွက် ဘာမှမထူးခြားသလိုဖြေခဲ့၏။ ကောင်မလေးအား
ဖွင့်ပြောသင့် မပြောသင့်ကိစ္စဖြင့် ဦးနှောက်ခြောက်နေသော သူ ပို၍ တွေဝေငေးမောသွားရလေသည်။
သူ့အပေါင်းအသင်းအားလုံးက တညီတညွတ်တည်းဝိုင်းဝန်းတိုက်တွန်းကြ၏။ ဘယ်နည်းနှင့် မဆို ကောင်မလေးအား သူ ဖွင့်ပြောသင့်သည်ဟု ဆုံးဖြတ်ပေးကြ၏။ သူ၏ စာကြည့်စားပွဲထိပ်နံရံ၌
ရှစ်တန်းကျောင်းသားအရွယ်ကတည်းက ရေးကပ်ထားခဲ့ဖူးသော စာတစ်ကြောင်းကို သူသတိရလေသည်။
"ကြိုးစား၍ မအောင်မြင်ဘဲ ဆုံးရှုံးလိုက်ရခြင်းသည်
မကြိုးစား၍ မအောင်မြင်ဘဲ ဆုံးရှုံးလိုက်ရခြင်းထက်သာ၏။' သူ့ဘက်မှ သဘောထားကိုဖွင့်ပြောရန်
ဆုံးဖြတ်ပြီးနောက် တစ်ခုသော တနင်္ဂနွေ ရုံးပိတ်ရက်၌ ကောင်မလေးကိုသူချိန်းဆိုလိုက်၏။ သူသည်
မည်သည့်အမျိုးသမီးကိုမှ တရားဝင်ရည်းစားစကားပြောခဲ့ဖူးသူ မဟုတ်သဖြင့် အနည်းငယ် တုန်လှုပ်ချောက်ချားနေလေသည်။
'နေဦး ကျွန်မဆီက အဖြေမတောင်းနဲ့ဦး။ ကျွန်မ
အရင်ပြောပြထားမှဖြစ်မယ်။ အရင်က ကျွန်မရည်းစားနှစ်ယောက် ထားဖူးတယ်။ ပြတ်သွားတာကြာလှပါပြီ။
တစ်ယောက်က မိန်းမတောင်ယူသွားပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မ ရည်းစားမထားချင်တော့ဘူး။
ရည်းစားဆိုတာကိုကြီးကို ကျွန်မစိတ်ကုန်နေပြီ'
'ကဲ ပြောစရာရှိတယ်ဆို
ပြောလေ'
'မင်း စိတ်ဆိုးသွားမှာစိုးလို့'
'မဆိုးပါဘူး။ ပြောမယ့်စကားကို ပြောစမ်းပါ'
'ကိုယ် မင်းကိုချစ်တယ်' ကောင်မလေး ပြုံးလေသည်။
သူ့အတွက်တော့ တစ်သက်လုံး မမေ့နိုင်စရာအပြုံးဖြစ်၏။
သူ့ရင်ထဲမှ စိုးရိမ်မှုများ တစ်ဝက်လျော့သွားရ၏။
'ထင်သားပဲ' ကောင်မလေးစကားကြောင့် သူ အံ့သြသွားရ၏။
သူဖွင့်ပြောလိမ့်မည်ဟု ကောင်မလေး က မျှော်လင့်ထင်မှတ်ပြီးသား ဖြစ်သည်ပေါ့။
'ဗျာ' ရည်းစားမထားချင်ဘူးဟု ဆိုလာသော ချာတိတ်မလေးကြောင့်
ရည်းစားထားဖို့စတင်ကြိုးစားနေသည့် သူ စိတ်ပျက်သွားရလေသည်။
'မဗျာနဲ့ဦးလေ ရှင့်မှာ မျှော်လင့်ချက်ရှိပါသေးတယ်။
ကျွန်မ ဒီတစ်သက် အပျိုကြီးလုပ်ဖို့ စိတ်ကူးမရှိဘူး သိလား' ကောင်မလေး၏ ပြောင်ချော်ချော်စကားက
သူ့ရင်ကို တဖျတ်ဖျတ်ခုန်သွားစေ၏။ ကောင်မလေး က မေးကိုလက်ထောက်ကာ သူ့ကို ခပ်ပြုံးပြုံး
ကြည့်နေခဲ့၏။ သူ အားမလိုအားမရဖြစ်လာ ကာ ကောင်မလေး၏ လက်တစ်ဖက်ကို ရုတ်တရက်ဆွဲကိုင်လိုက်မိ၏။
'ကိုယ့်ကိုချစ်နိုင်တယ်၊ မချစ်နိုင်ဘူး ဆိုတာကိုပဲ
အရင်ဖြေလို့မရဘူးလား'
'နေပါဦးလေ၊ ကျွန်မစကားမှ မဆုံးသေးတာ။ ရှင်
ကျွန်မအကြောင်း သိတန်သလောက်တော့ သိနေရောပေါ့။ ကျွန်မမှာ မိဘတွေ မရှိတော့ဘူး။ အိမ်ထောင်သည်
အစ်မတစ်ယောက်နဲ့အတူ ကျွန်မနေရတာ။ ကျွန်မ ရှစ်တန်းကတည်းက အတူနေခဲ့တာဆိုတော့ အစ်မက အမေလိုပါပဲ။
ကျွန်မကို သူ့သားသမီးတေါနဲ့ တန်းတူထားပါတယ်။ အိမ်ထောင်ပြုဖို့လည်း ခွင့်ပေးပြီးသားပါ။
ဒါပေမယ့် အစ်မကို ကျွန်မ ကတိတစ်ခုပေးထားရတယ်။ ကျွန်မအိမ်ထောင်ပြုမယ်ဆိုရင် ကျွန်မကို
အိမ်တစ်ဆောင် မီးတစ်ပြောင် ထားပေးနိုင်တဲ့လူကိုမှ လက်ထပ်ရမယ်တဲ့။ အိမ်တစ်ဆောင် မီးတစ်ပြောင်ဆိုတာ
ဟိုတယ်လောက်ကြီးတဲ့ တိုက်ကြီး၊ အိမ်ကြီးကို ပြောတာတော့ မဟုတ်ပါဘူး။ သင့်တင့်တဲ့ ကိုယ်ပိုင်အိမ်
သီးသီးသန့်သန့်လေးပေါ့။
ကျွန်မက ပွင့်ပွင့်လင်းလင်းပဲပြောတတ်တာ ရှင်သိမှာပါ။
ခု ကျွန်မတို့နေနေတဲ့တိုက်က ငှားထားတာ။ ဒါကြောင့် အစ်မက ကျွန်မကို သူ့လိုမဖြစ်စေချင်ဘူးတဲ့။
ကျွန်မ အစ်မသဘောအတိုင်း ရှင် ကျွန်မကို လက်ထပ်ယူနိုင်မယ်ဆိုရင် အစ်မကို လာပြောလှည့်လေ'
သူ ဆုပ်ကိုင်ထားဆဲဖြစ်သော ကောင်မလေးလက်ကို
ကယောင်ချောက်ချားနိုင်စွာ ဖြေလွှတ်လိုက်မိလေ သည်။ ဒီတစ်ခါအံ့သြတကြီးဖြစ်သွားတာက ကောင်မလေးဖြစ်၏။
သူ ကောင်မလေးကို ခပ်ကြောင်ကြောင် ငေးကြည့်နေမိ၏။ ရုတ်တရက် ညီမလေးမျက်နှာကို မြင်ယောင်လာမိ၏။
'ယောက်ျားတစ်ယောက်ကို
လက်မထပ်သေးဘဲ နှစ်ရှည်လများတွဲနေဖို့ စိတ်မကူးနဲ့။ ကိုယ့်ကို တကယ်ယူမယ့်လူလား၊ မယူဘဲထားခဲ့မယ့်လူလား
မခွဲခြားတတ်ဘဲနဲ့ ရည်းစားထားရင် ငါးပါးမှောက်သွားလိမ့်မယ်' ဟု သူ ကရုဏာဒေါသဖြင့် ညီမလေးကို
ဆူပူမာန်မဲစဉ်က ညီမလေး၏ ငိုမဲ့မဲ့မျက်နှာ။ သူ ၀ဋ်လည်လေပြီလား။
'ဟင်… ရှင် ဘာဖြစ်သွားတာလဲ' ကောင်မလေးက သူ့ကို
တစိုက်မတ်မတ်ငေးကြည့်ကာ နားမလည်စွာမေးလေ၏။ ကောင်မလေး၏ အမေးအတွက် သင့်တင့်သော် အဖြေတစ်ခုပေးရပါလိမ့်မည်။
သူ အတန်ကြာမျှ ငြိမ်သက်စွာ တွေးတောစဉ်းစားမိပြီးနောက် -
'မင်းပြောတာ ကိုယ်နားလည်ပြီ။ မင်း အစ်မပြောသလို
ကိုယ် နာခံနိုင်တဲ့တစ်နေ့ မင်းဆီကို ပြန်လာခဲ့မယ်။ ဟုတ်ပြီလား'
ကောင်မလေးက တစ်ခုခုပြောတော့မလိုလို နှုတ်ခမ်းပြင်ပြီးမှ
ဘာမှမပြောဘဲ အကျအနပုံဖော် ကာ နှုတ်ခမ်းဆိုးဆေးရဲရဲတင်ထားသည့် နှုတ်ခမ်းဖူးဖူးလေးကိုတင်းစေ့လျက်
ခေါင်းငုံ့ချ လိုက်လေသည်။ နောက်တော့ နက်မှောင်ကော့ပျံနေသည့် မျက်တောင်များကို တဖျတ်ဖျတ် ခတ်ကာ
ဝေ့၀ဲနေသော မျက်ရည်များကို ကြိုးစားဖယ်ထုတ်နေလေသည်။
ကောင်မလေးကို သူ ကောင်းကောင်းကြီးနားလည်နိုင်လေသည်။
မိန်းကလေးတစ်ယောက်ကို ရည်းစားစကားပြောပြီးနောက် ဘာတစ်ခွန်းမှ ထပ်မံတောင်းဆိုမှုမပြုတော့သော
သူ့ကိုလည်း ကောင်မလေး နားလည်နိုင်ပေလိမ့်မည်။ ထိုနေ့မှစ၍ သူသည် ကြည်နူးဆွတ်ပျံ့ဖွယ်
အေးမြမွှေးကြိုင်လျက် ရင်သပ်ရှုမော အံ့သြစရာကောင်းလောက်အောင် ခင်းကျင်းပြင်ဆင်ထားသည့်
ခေတ်မီဆန်းပြားထည်ဝါခမ်းနားလှစွာသော စတိုးဆိုင်ကြီးများသို့ အပျင်းပြေ ၀င်ရောက်ကြည့်ရှုသည့်အလုပ်ကို
စွန့်လွှတ်လိုက်လေသည်။
မေတ္တာဖြင့် - ယုဒါ
မြားနတ်မောင်
မင်္ဂလာမဂ္ဂဇင်း
သြဂုတ်လ၊
၂၀၀၀
15062015 (9:42 AM)
အခွင့်ရတိုင်း ပြန်ပြန်ဖတ်ကြည့်သလို
ReplyDeleteဖတ်မိတိုင်းလည်း စာနာ ခံစားရပါသည်။