"မောင် ထမင်းစားလာခဲ့တယ်
မီ၊ မေမေက သင်္ဘောပွင့်တွေပြုတ်ပြီးသုတ်ကျွေးနေလို့ စားလို့ကောင်းလိုက်တာကွာ အရမ်းပဲ"
ပြုံးချိုသောမျက်နှာထားဖြင့် နူးညံ့စွာပြောလိုက်သော ဆရာဝန်၏စကားသံအဆုံး၌
ဆရာဝန်ကတော်၏ ဒေါသမီးတောင် စတင်ပေါက်ကွဲခဲ့ခြင်းဖြစ်၏။ သို့သော် ဆရာဝန်ကတော်သည် သူမ၏ချစ်လင်အပေါ်
မရှည်ချင်တော့သည့်စိတ်ကို အတတ်နိုင်ဆုံးကြိုးစားဆွဲဆန့်လျက် -
"မီ မဲဇလီဖူးသုပ်ထားတယ်မောင်၊ ထမင်းစားပြီးလည်း အသုပ်လေးတော့
စားလိုက်ပါဦး"
"မောင့်ဗိုက် တအားပြည့်နေပြီကွ၊ ထားလိုက်ပါကွာ။ နောက်တော့စားတာပေါ့။
မောင် ခု လုံးဝမစားနိုင်တော့ လို့ပါ"
"နောက်တော့စားမယ် ဟုတ်လား"
ထမင်းစားပွဲဘေး၌ရပ်နေသော ဆရာဝန်ကတော်၏မျက်လုံးများက မီးစတစ်စလိုဝင်းခနဲတောက်ပသွားလေ၏။
အမျိုးသမီး၏တစ်ကိုယ်လုံး၌ ထူးခြားစွာလှပနေသောအရာဆို၍ မျက်လုံးတစ်ခုသာရှိလေ၏။ ၀ိုင်းစက်လှပသောထိုမျက်ဝန်းများသည်
ဒေါသကြောင့် ကြောက်လန့်စရာကောင်းလောက်အောင် တောက်ပြောင်နေလေ၏။
"အဲဒီမှာ နောက်တော့စား၊ နောက်တော့မှစား"
အမျိုးသမီးသည် ကြွေပန်းကန်ပြားထဲမှမဲဇလီဖူးသုပ်များကို လက်ဖြင့်ဆုပ်ကိုင်လျက်
ဆရာဝန်၏မျက်နှာဆီသို့ ဒေါသတကြီးပစ်ပေါက်လိုက်၏။ ထင်မှတ်မထားသောအပြုအမူကို ရုတ်တရက်ခံလိုက်ရသော
ဆရာဝန်၏ဖွေးစင်သောမျက်နှာ ရဲရဲနီသွားလေ၏။
"မီ"
"ကျွန်မချက်တာပြုတ်တာကို ရှင် ဘယ်တော့မှမစားနဲ့၊ ရှင် ဘယ်တော့မှ
မစားနဲ့၊ ရှင့်အမေသေမှပဲစား၊ ရှင့်အမေ သေပြီးမှစား"
"မီ… မင်း ဘာဖြစ်လို့ ဒေါသတွေဒီလောက်ကြီးနေရတာလဲ။ ပြဿနာမဟုတ်တာကို
ပြဿနာဘာလို့လုပ်နေတာလဲ"
"လုပ်တယ်… လုပ်တယ်၊ ရှင့်အတွက်ပြဿနာမဟုတ်ပေမယ့် ဒါတွေက
ကျွန်မအတွက်ပြဿနာတွေပဲ။ ပြဿနာတွေပဲ"
ဆရာဝန်ကတော်သည် ထမင်းစားပွဲပေါ်ရှိ လျှပ်စစ်ထမင်းအိုးအပါအ၀င်
ပြင်ဆင်ထားသော ထမင်းပန်းကန်၊ ဟင်းပန်းကန်အားလုံးကို ထမင်းစားခန်းနံရံဆီသို့ တစ်ဦးတည်းမြည်တွန်တောက်တီးလျက်
ပေါက်ခွဲလွှင့်ပစ်နေလေ၏။ ဖြစ်နိုင်လျှင် သူမသည်ဆရာဝန်၏ခြေနှစ်ချောင်းကို အဝေးသို့ စိတ်ရှိလက်ရှိကိုင်ပေါက်လွှင့်ပစ်လိုက်ချင်၏။
တာမွေက သူ့အမေအိမ်ဝိုင်းထဲအထိ ပိုးစိုးပက်စက်ရောက်သွားရင်တောင် သူမ၀မ်းသာအားရရှိလိုက်ဦးမှာ။
ခုတော့ ကြည့်စမ်း၊ ဘယ်လောက် အခံရခက်လိုက်သလဲဆိုတာ။ သူမကြိမ်ဖန်များစွာ ခံစားခဲ့ရပြီ။
ဒေါက်တာကျော်မင်းရင်ဆိုသော ယောက်ျားတစ်ယောက်၏မယားလုပ်နေရသောဘ၀ကို သူမ စိတ်ကုန်လာခဲ့ရပြီ။
ကိုယ့်လင် ကိုယ်မှအပိုင်မရသောဘ၀မျိုး၌ ဘယ်လိုမိန်းမမျိုးက စိတ်ချမ်းသာပျော်မွေ့နိုင်မည်တဲ့လဲ။
မီသည် ဆရာဝန်အား လက်ထပ်ဖို့အတွက် သူမမိသားစုကို ဆန့်ကျင်ခဲ့ရ၏။ ပြီးတော့ ဆရာဝန်အသိုင်းအ၀ိုင်း၏
ရှုတ်ချသရော်မှုတွေကို ခံခဲ့ရ၏။ ခေတ်မိန်းကလေးတစ်ယောက်၏အပြောမျိုးနှင့်ပြောရလျှင် ဆရာဝန်ကို
လက်ထပ်ခဲ့သည့်အတွက် မီ့မှာ ဘာတစ်ခုမှ အမြတ်မထွက်။ ဆရာဝန်ကတော်ဟူသော ဂုဏ်ပုဒ်တစ်ခုရတာကလွဲလျှင်ပေါ့။
ယှဉ်ကြည့်လိုက်စမ်းပါ။ အရင်တုန်းက မီမီသွင်နှင့် အခုဒေါက်တာကျော်မင်းရင်ကတော် ဒေါ်မီမီသွင်၏ ဘ၀ကွာခြားမှုတွေကို။
ဖြူဖွေးပေါ်လွင်စွာ လှပနေသူတစ်ယောက်မဟုတ်သော်လည်း ဘယ်လိုအ၀တ်အစားဝတ်ဝတ်
လိုက်ဖက်သောကိုယ်နေဟန်ထားနှင့် ညိုစိမ့်စိမ့်အသားအရောင်လေးကပင် တစ်မူထူးခြားစွာ ချစ်ခင်စုံမက်ဖွယ်ကောင်းနေသေး၏။
ပြီးတော့ လူတကာကလှလိုက်တာဟုပြောတတ်သော မျက်ဝန်းတစ်စုံနှင့် ရွှန်းရွှန်းဝေအောင် စကားပြောတတ်သော
နှုတ်ခမ်းပါးလေးကြောင့် ဆွဲဆောင်မှုကောင်းသောမိန်းကလေးအဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်၏။
မီတို့မောင်နှမလေးယောက်အနက် အငယ်ဆုံးဖြစ်သောမီသည် လူချစ်အောင် အနေတတ်ဆုံးမိန်းကလေးဖြစ်၏။
ကံဆိုးစွာပင် မီ့ကိုချစ်သော လူများစာရင်း၌ ဆရာဝန်၏အသိုင်းအ၀ိုင်းမှလူများ မပါဝင်ချေ။
အရင်တုန်းကတော့ မီဂရုမစိုက်ခဲ့။ မီက ဆရာဝန်ကိုချစ်ခဲ့၏။ ဆရာဝန်ကတော်ဟူသောဂုဏ်ပုဒ်ကို
မက်မော၍ ဆရာဝန်ကိုရွေးချယ်ချစ်ခဲ့ခြင်းမဟုတ်။ ကျော်မင်းရင်ဆိုသည့် လူတစ်ယောက်ကိုသာ
ရိုးသားစွာချစ်ခင်ခဲ့ခြင်းဖြစ်၏။ မီမီသွင်၏အပါး၌ ဆရာဝန်ထက်သာသော အရည်အချင်းရှိသူတွေ အပုံကြီးရှိခဲ့၏။ မီ ကိုယ်တိုင်ကလည်း စီးပွားရေးတက္ကသိုလ်မှဘွဲ့ရကာ နိုင်ငံခြားဖက်စပ်ကုမ္ပဏီတစ်ခု၌
တစ်လလျှင် မြန်မာငွေ နှစ်သောင်းနီးပါးရအောင် အလုပ်,လုပ်နိုင်သူ။ မီ့အလုပ်က ဦးနှောက်ခြောက်ခံရတတ်ကာ
ပင်ပန်းသည့်အတွက် တစ်ခါတစ်ရံ စိတ်ညစ်ညူးရတာကလွဲလျှင် အလုပ်ထဲ၌ မီ ပျော်မွေ့၏။ မီက အေးဆေးစွာနေရသောဘ၀မှာ
ပျင်းရိတတ်သူ။ သွားသွားလာလာ ပြောပြောဆိုဆိုအလုပ်,လုပ်နေရပါမှ တက်ကြွပျော်ရွှင်နေတတ်သူ။
သူမ၏အရည်အချင်းကို သူမ၏လုပ်ငန်းခွင်ကသိ၏။ ထို့အတွက် ထိုက်တန်သောလစာကို မီ ရ၏။ လူတော်တော်များများက
မီ့ကို အရေးအရာသွင်းကြ၏။ မီ၏ မိသားစု၌လည်း မီ အရေးပါအရာရောက်သေး၏။ ထို့အတွက် မီသည်
လက်ရှိဘ၀ကို မက်မောခင်တွယ်၏။ မီသည် ဘ၀မှာ နေပျော်သောလူတစ်ယောက်အဖြစ် ကျေနပ်ဂုဏ်ယူလျက်
ပျော်ရွှင်နေသူတစ်ဦးဖြစ်လေသည်။ ဆရာဝန်နှင့်တွေ့ဆုံပြီးနောက်ပိုင်းကာလများမှာတော့ မီသည်
လက်ရှိဘ၀ကို ရဲရဲဝံ့ဝံ့ကြီးစွန့်လွှတ်ကာ ဘ၀သစ်တစ်ခု ပြောင်းလဲစ,ခဲ့ရလေသည်။
မီချစ်သောဆရာဝန်က မီ၏ ကုမ္ပဏီအလုပ်ကို အချိန်ပေးရလွန်းသည်၊ လူပင်ပန်းသည်ဟူသောပြစ်ချက်ဖြင့်
အလုပ်မှထွက်စေခဲ့၏။ လင့်တစ်မျက်နှာတစ်ရွာထင်လျက် ချစ်လင်အပေါ်အချိန်တွေ ဖောဖောသီသီပေးချင်နေသော
မီသည် နောက်တော့ပြန်လုပ်လည်းရတာပဲဟူသော စိတ်ကူးဖြင့် သူမကိုအားကိုးချစ်ခင်သော ကုမ္ပဏီမှချက်ချင်းထွက်ပစ်လိုက်၏။
တစ်လတစ်လ ငွေ တစ်သောင်းကျပ် အပိုမသုံးရမှာကိုလည်းမထွက်ခဲ့။ အဖိုးတန်လှသောအချိန်တွေကို
မီးဖိုချောင်တွင်း၌ ကုန်ဆုံးပစ်ရတော့မည့်အတွက်လည်း နှမြောဝမ်းနည်းစိတ်မပေါ်ခဲ့။ ဆရာဝန်၏အပါး၌
မခွဲတူယှဉ်ရှိနေရလျှင် မီ ပျော်ရွှင်ရမည်။ မီချစ်သောယောက်ျားတစ်ယောက်ကို တစ်သက်လုံးပိုင်ဆိုင်မြတ်နိုးခွင့်ရလျှင်
မီ ကံကောင်းပြီ။ ထိုယောက်ျားထံမှ ထိုက်သင့်သောငွေကြေးဖြင့် မီက သင့်တင့်စွာ သုံးစွဲနိုင်သည်။
မီသည် အထက်တန်းကျစွာနေထိုင်ခဲ့ရသူဖြစ်သော်လည်း အလိုလောဘကြီးသူမဟုတ်။ ထို့အတွက် မီတို့အသိုင်းအ၀ိုင်းလောက်မချမ်းသာသော
ဆရာဝန်ကိုလက်ထပ်ခဲ့ခြင်းဖြစ်၏။ ခုတော့မီသည် အတ္တကြီးသူ၊ လောဘကြီးသူဖြစ်ခဲ့ရပြီ။ မီချစ်သော
မောင်ကိုယ်တိုင်က 'မင်းကို မောင်က အင်မတန်သဘောထားပြည့်တဲ့ အတ္တမကြီးတဲ့မိန်းမတစ်ယောက်လို့ထင်ခဲ့တာ။
ခုတော့ မင်းဟာ ကိုယ့်တစ်ယောက်တည်းအတွက်သာ ကြည့်ချင်တဲ့ လောဘကြီးလွန်းတဲ့မိန်းမတစ်ယောက်
ဖြစ်နေပါပေါ့လား' ဟု ရက်ရက်စက်စက် ယိုးစွပ်သွားခဲ့လေပြီ။
မီသည် နာကျင်စွာမျက်ရည်ကျရုံမှလွဲ၍ ဘာမှမတတ်သာပြီ။ မီ၏ရင်တွင်း၌
နေဆယ်စင်းမကပူလောင်နေရသည်ကို မီ၏ယောက်ျားလုပ်သူက နည်းနည်းလေးမှအသိအမှတ်မပြုသောဘ၀သည်
ဆိုးရွားလေစွ။ မီကတော့ ခပ်ပြောင်ပြောင်ပင် အော်ဟစ်ပစ်ချင်လှ၏။ မီမီသွင်၏ အတ္တကြီးမှုနှင့်မနာလိုဝန်တိုမှုတို့သည်
ဒေါက်တာကျော်မင်းရင်၏မိခင် ဒေါ်ခင်မြလွင်၏အတ္တကြီးမှု၊ လောဘကြီးမှုတို့နှင့်ယှဉ်လျှင် အပုံတစ်ရာပုံ
တစ်ပုံလောက်သာရှိပါသည်ဟု…။
ဆရာဝန်နှင့်အမျိုးသမီးငယ်တို့၏ဆက်ဆံရေးသည် တစ်စထက်တစ်စ ငြိမ်သက်အေးဆေးသွားခြင်းမဟုတ်ဘဲ
တစ်နေ့တခြားတင်းမာအေးစက်လာခဲ့ခြင်းသာ ဖြစ်လေသည်။ ဆရာဝန်၏မျက်နှာသို့ မဲဇလီဖူးသုပ်များဖြင့်ပစ်ပေါက်ကာ
ထမင်းစားပွဲတစ်ခုလုံးကို ပေါက်ခွဲပစ်ခဲ့သော မီ၏ လုပ်ရပ်ကိုဆရာဝန်က ရိုင်းပျသောလုပ်ရပ်အဖြစ်
သတ်မှတ်ကာ မီ့ကို မချော့မော့ဘဲနေခဲ့၏။ မီသည် ခံပြင်းဒေါသဖြင့် သွေးပွက်ပွက်ဆူကာ လူသတ်ချင်စိတ်ပင်ပေါက်အောင် ကယောင်ကတမ်းဖြစ်နေခဲ့လေ၏။ မီသည် သူမကိုသူမ သတ်သေရန်ပင် ကြံစည်စိတ်ကူးနေသေး၏။ လူတစ်ယောက်
မိမိကိုယ်ကို သတ်သေဖို့ကိစ္စသည် အလွန်ခဲယဉ်းသည့်အတွက် မီ့စိတ်ကူးသည် စိတ်ကူးအဖြစ်နှင့်သာရပ်တန့်နေလေ၏။
ကိုယ့်အသက်ကိုယ်နှမြောသောအမျိုးသမီးသည် အိပ်ဆေးခပ်များများသောက်၍ သူမယောက်ျားအား ဆန္ဒပြရန်စိတ်ကူးမိသေး၏။
သို့သော် အိပ်ဆေးနှစ်ပုလင်းသောက်၍ ဆေးရုံရောက်လာသောအမျိုးသမီးတစ်ယောက်၏အကြောင်းကို
ဆရာဝန်က သူမအားပြောပြခဲ့ဖူးသည်။ အိပ်ဆေးလေးပုလင်းလောက်သောက်ရင်တော့ သေနိုင်သတဲ့။ ဆေးတစ်လုံးသောက်ဖို့ပင် စိတ်ဆင်းရဲချင်တတ်သောမီ့အတွက် ထိုနည်းက သေချင်တာထက်ပင်ဆိုးသေး၏။
လူတစ်ယောက်ဟာ ကိုယ့်ကိုကိုယ်သတ်သေဖို့ သေကြောင်းကြံပြီးနောက်ပိုင်းကာလများမှာ
အခက်အခဲတစ်ခုက လွတ်မြောက်သွားတတ်သတဲ့။ သို့သော် မီမီသွင်က အဲ့သလောက်သတ္တိမကောင်းပြန်ချေ။
ထို့ကြောင့် မီသည် ပြီးခဲ့သောဖြစ်ရပ်များကို တစိမ့်စိမ့်တွေးကာ ဒေါသသာထွက်နေရလေ၏။ တွေးကြည့်စမ်း၊
အဲဒါလေးတစ်ခုကိုပဲ တွေးကြည့်စမ်းပါ။ မီမီသွင်ဆိုတဲ့ မိန်းမဟာ သူ့ကိုဘယ်လောက်ထိ ချစ်မက်ကိုးကွယ်ခဲ့တဲ့
မိန်းမလဲဆိုတာ။ သူမ၏ မိသားစုတစ်ခုလုံးက သဘောတူလက်ခံထားသော သူမကိုယ်တိုင်လည်း မငြင်းပယ်သာသေးသော
ယောက်ျားတစ်ယောက်ကို ခပ်ပြောင်ပြောင်ငြင်းပယ်လို့ တစ်မိသားစုလုံးကို ဆန့်ကျင်ပြီး သူ့နောက်လိုက်ခဲ့ရတာ။
မီမီသွင်၏မိသားစုသည် ကျော်မင်းရင်ဆိုသော ဆရာဝန်တစ်ယောက်ကို အထင်ကြီးခဲ့သည်မဟုတ်။ မီ၏မိဘနှစ်ပါးလုံးက
အစိုးရဌာနဆိုင်ရာ အရာရှိကြီးတွေဖြစ်၏။ မီ၏ မိခင်ဖြစ်သူက ဘိုးဘွားစဉ်ဆက်ကတည်းက ချမ်းသာကြွယ်ဝခဲ့သူမို့
အစိုးရ၀န်ထမ်းသားသမီးများဖြစ်သော်လည်း မီတို့ မောင်နှမတစ်စုမှာ လိုတရဘ၀ဖြင့်သာ နေခဲ့ရသူတွေဖြစ်၏။
ဒါကြောင့်ပင် မီ့အထက် မမလေးနှင့် ကိုကိုက အသုံးအဖြုန်း ကြီးချင်၏။ ကားတ၀ီဝီမောင်းကာ
အပျော်အပါးလမ်းသလားနေတတ်၏။
မမကြီးအထိန်းကောင်း၍သာ ပျက်ပျက်စီးစီးမဖြစ်ခဲ့ခြင်းဖြစ်၏။ အစ်ကိုအစ်မတွေ၏
ပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ်နေတတ်သောစရိုက်တွေက မီ့ထံပါးအနည်းအကျဉ်းလောက်ဆိုသလိုတော့
ကူးစက်ခဲ့သည်။ ထို့အတွက် မီတို့မောင်နှမတွေကို လျှပ်ပေါ်လော်လည်သူတွေအဖြစ် ဒေါ်ခင်မြလွင်က
ကြည့်မရခဲ့ခြင်းဖြစ်ပေလိမ့်မည်။ ဒေါက်တာကျော်မင်းရင်၏မိသားစုမှာ ချမ်းသာကြွယ်ဝသူတွေမဟုတ်သော်ငြား
ကိန်းခန်းကြီးသောမိသားစုဖြစ်၏။ သား ဆရာဝန်တစ်ယောက်နှင့် သမီး ဆေးကျောင်းသူတစ်ယောက်ကို
မွေးထုတ်ထားနိုင်သော အင်ဂျင်နီယာကတော် အထက်တန်းပြဆရာမတစ်ယောက်မာနက ဟိုးအထက်မှာတည်နေလေ၏။
ထိုအမျိုးသမီးကြီးက မီမီသွင်တို့အသိုင်းအ၀ိုင်းကို အထင်မကြီးသလို မီတို့မိသားစုကလည်း
ဆရာဝန်ကိုလက်ပေါ်တင်၍ ဖူးဖူးမှုတ်ချင်နေသူတွေမဟုတ်။ မီ၏ မမလေးကဆိုလျှင်-
“အလကား ချိုကျိုးနားရွက်ပဲ့ဆရာဝန်၊ ဆရာဝန်ဖြစ်တာများ သူတို့သားကို
လိုတရဖန်တီးရှင်ကြီးဖြစ်တာကျလို့၊ ငမွဲငတေဆရာဝန်များ အထင်ကြီးရတယ်လို့ မီ ရယ်၊ တစ်နေ့တစ်နေ့
လူနာအလာကို အပင်ပန်းခံစောင့်နေရတာ အထင်ကြီးစရာမရှိပါဘူး” ဟုပင် ရှုတ်ချလိုက်သေး၏။ ထိုအချိန်ကတော့
မီသည် ဘယ်သူ့ဝေဖန်ချက်ကိုမှ လက်မခံနိုင်ဘဲ ကျော်မင်းရင်မှလွဲလျှင် တခြားသောယောက်ျားများကို
ရှိသည်ဟုပင်မထင်တော့။ ကျော်မင်းရင်ကိုသာ ယောက်ျားပီသသူ၊ ယဉ်ကျေး သိမ်မွေ့သူ၊ သဘောမနောကောင်းသူအဖြစ်
သတ်မှတ်လို့ရခဲ့၏။ ကျော်မင်းရင်အပေါ်၌ မီမီသွင် ချက်ချင်းလက်ငင်းတွယ်ငြိသွားသောအချက်ကတော့
ကျော်မင်းရင်၏ စကားပြောနူးညံ့ချိုသာလွန်းခြင်းသာဖြစ်လေ၏။ မီတို့မိသားစုက ဟောဟောဒိုင်းဒိုင်းသမားတွေဖြစ်၏။
စကားအကောင်းပြောနေရာမှလည်း ထ,အော်ပစ်ချင် ထ,အော်လေ၏။ တစ်ယောက်နှင့်တစ်ယောက် ခုရန်ဖြစ်
ခုပြန်ခေါ်။ စိတ်ကောက်ခြင်း၊ စိတ်ဆိုးခြင်းမရှိ။
စကားကို
တိုးတိုးညက်ညက်လည်းမပြောတတ်ကြ။ ရန်ဖြစ်နေတာမဟုတ်ဘဲ ရန်ဖြစ်နေသလို ဆူညံပွက်လောရိုက်နေသော
စကားဝိုင်းတွေက မီတို့မိသားစု၏ ပျော်ရွှင်ရယ်မောဖွယ်ရာတွေပဲဖြစ်၏။ မီတို့မောင်နှမလေးယောက်ဆိုလျှင်
စကားလု,ပြောရတာကို ပြိုင်ပွဲလုပ်၍ပင် ကစားလိုက်သေး၏။ ထိုသို့သော မိသားစုထဲ၌ပျော်မွေ့ခဲ့သောမီသည်
စကားပြောတိုးညက်ညင်သာလွန်းသော ဆရာဝန်ကို ဘယ်လိုရေစက်ကြောင့် သဘောကျစွဲလမ်းသွားခဲ့ရသည်မသိချေ။
မီက စကားပြောသွက်လွန်းသူဖြစ်၍ ဆရာဝန်က စကားပြောအလွန်အေးသူဖြစ်၏။ သို့သော် မီတို့နှစ်ယောက်သည်
နှစ်ဖက်သောမိဘများက ဘယ်လိုမှဖျက်၍မရအောင် တစ်ယောက်ကိုတစ်ယောက် အရူးအမူးချစ်မက်ပြီးမှ
လက်ထပ်ခဲ့ကြခြင်းဖြစ်၏။ ယောက်ျားတစ်ယောက်ကို ဘဝတစ်ခုလုံးပုံ၍ ချစ်မြတ်နိုးခဲ့သောအမျိုးသမီးသည်
ယောက္ခမနှင့်တွဲနေရမည့် အိမ်ထောင်သည်ဘဝမှာ ရင်ဆိုင်ရမည့်ပြဿနာများကိုလည်း ကြိုမမြင်ခဲ့။
သျှောင်နောက်ဆံထုံးပါဆိုသော စကားအတိုင်း မောင်ခေါ်ရာနောက်သို့ ပျော်ရွှင်စွာလိုက်ပါခဲ့ခြင်းဖြစ်၏။
အဲဒီမှာပဲ မီသည် တစ်ဦးတည်းသောသားနှင့် တစ်ဦးတည်းသောသမီး မောင်နှမနှစ်ယောက်ကို မွေးထုတ်ထားသည့်
မိခင်တစ်ယောက်၏ အံ့သြစရာကောင်းလှသော အတ္တတွေကြားမှာ ဒဏ်ရာ စ,ရခဲ့လေသည်။ အတိတ်ကိုတွေးကြည့်မိလျှင်
မီကတော့ ယောက္ခမကို ယောက္ခမပီသသောယောက္ခမဟုသာ မြင်ကြည့်လို့ရတော့၏။
မီသည်
ဆရာဝန်၏ချစ်လှစွာသောမိခင်ကို မေမေဟုခေါ်ဖို့ စိတ်ကူးထားခဲ့ပါ၏။ ဆရာဝန်၏ မိသားစုအတွင်းသို့
မျက်နှာငယ်လေးဖြင့် တိုးဝင်ခဲ့ရသော မီ၏အဖြစ်ကို အိမ်ကလူတွေသိလျှင် အော်ဟစ်ရယ်မောကြပေလိမ့်မည်။
မီသည် ယောက္ခမကို မေမေဟုခေါ်ရမည့်အစား အန်တီဟု ယောင်ယောင်ကန်းကန်းခေါ်လိုက်မိခြင်းက မီနှင့်
အမျိုးသမီးကြီးကြားက မကျေလည်မှုအစ ဖြစ်၏။
“အန်တီခေါ်လည်း
ရပါတယ်ကွယ်၊ ကိုယ့်အမေမှမဟုတ်ဘဲ အမေ ဘယ်ခေါ်တတ်မှာလဲ။ မီမီသွင်က အိမ်မှာအငယ်ဆုံးဆိုတော့
ကလေးဆန်မှာပေါ့နော်” ဟူသော စကားကြောင့် မီသည် မေမေခေါ်မည့်စိတ်ကူးလေးကို ချက်ချင်းဖျက်သိမ်းပစ်မိတော့၏။
မီ့ကို မီမီသွင်ဟုခေါ်သည့်အတွက် စိတ်ထဲတစ်မျိုးဖြစ်မိသော်လည်း မီ စိတ်မဆိုးခဲ့။ တကယ်ဆို
သမီးဟုမခေါ်နိုင်လျှင်တောင် မီမီသွင်ကို မီမီဟုတော့ ခေါ်သင့်သည်မဟုတ်လား။ မီ၏ မေမေဆိုလျှင်
အိမ်မှာခိုင်းသည့်အိမ်ဖော်ကအစ သမီးဟုသာ ခေါ်လေ့ရှိ၏။ ခိုင်းချင်လို့အချိုသတ်သည်ပဲဆိုဆို
ကြားနာရသူ၏နားအာရုံ၌ ကြည်လင်သွားရသည်ဆိုလျှင်ပဲ ကျေနပ်စရာကောင်းနေပြီ။ ဤသည်ကို ရူပဗေဒပညာရပ်ဖြင့်
ဘွဲ့ရထားသော အထက်တန်းပြဆရာမတစ်ယောက်က သဘောမပေါက်သင့်ပေဘူးလား။ သို့သော် မီသည် သူမနှင့်ယောက္ခမကြားက
ဒီလောက် အသေးအမွှားကိစ္စလေးတွေကို သိပ်အလေးထားမခံစားခဲ့ပေ။ မီ့ နာမည်ကိုက မီမီသွင်ဟု
သုံးလုံးမှည့်ထားသည့်အတွက် မီမီသွင်ခေါ်ခြင်းဖြစ်သည်ဟု သတ်မှတ်ယူလိုက်၏။ မီချစ်သောမောင်၏
‘မီ’ ဟု ခေါ်သံတစ်ခုတည်းကပင် မီ၏ လိုအပ်မှုတိုင်းကို ပြည့်ဝစေပြီ။ မောင့်ထံမှ ချစ်မြတ်နိုးမှုတွေကိုရလျှင်
မီကျေနပ်နိုင်ပြီ။ မီက ယောက္ခမအိမ်မှာ လိုက်နေချင်သူမဟုတ်သော်လည်း အခြေအနေအရ မောင့်နောက်သို့သာ
မီလိုက်နေခဲ့ရ၏။ ဆရာဝန်က ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်အပြီး ညနေပိုင်း၌ အိမ်မှာပင်ဆေးခန်းဖွင့်ထားတာကြောင့်
မီတို့နှစ်ယောက်အိမ်ခွဲဖို့ကိစ္စက လွယ်လွယ်နှင့်ဖြစ်မလာခဲ့။ အိမ်ထောင်ကျပြီး သုံးလကျော်
လေးလ မီ အလုပ်,လုပ်နေသေး၏။ အိမ်ပြန်နောက်ကျသည်ကို စကားလုပ်ပြောချင်လာသော ယောက္ခမနှင့်ယောက်မကြောင့်
ဆရာဝန်၏ဆန္ဒအတိုင်း မီ အလုပ်မှ နှုတ်ထွက်ခဲ့ခြင်းဖြစ်၏။ မီ သဘောပေါက်ခဲ့ပါသည်။ မီသည်
ယောက္ခမအိမ်မှာ ထမင်းချက်လုပ်ရတော့မည်ဟု။ မီတို့အိမ်၌ မီ မီးဖိုချောင်ဝင်လေ့မရှိ။ အိမ်ဖော်ကောင်မလေးနှစ်ယောက်အပြင်
မီတို့ အဒေါ်ဝမ်းကွဲ အပျိုကြီးကပါ လုပ်ကိုင်ပေးသေးတာကြောင့် မီသည် ထမင်းလက်ဆေးစား၍ မီးပူတိုက်ပြီးသားအဝတ်ကို အဆင်သင့်ယူဝတ်နိုင်သူ ဖြစ်ခဲ့၏။ ထမင်းဟင်းမချက်တတ်သူတော့မဟုတ်။ မီ့ ဝါသနာကိုက ပညာစုံတတ်ချင်သောကြောင့်
သင်နိုင်သမျှကို မီ သင်ထားခဲ့သဖြင့် ထမင်းဟင်းချက်တတ်လေ၏။ သို့သော် မီသည် မီးဖိုချောင်ကိစ္စဖြင့်သာ
အချိန်ကုန်နေမည့်သူမဟုတ်။ မီ့စိတ်ကူးထဲ၌ အိမ်ထောင်ကျလျှင် လင်ယောက်ျားကိုပြုစု၊ အချိန်တန်ကလေးမွေး၍
အိမ်တွင်း၌သာ အချိန်ကုန်ခံနေရမည့် အိမ်ရှင်မတစ်ယောက်လုပ်ဖို့ မပါဝင်ခဲ့ချေ။ ယခုတော့
မီသည် ဆရာဝန်ကတော် ပညာတတ်တစ်ယောက်လုပ်ကာ အိမ်ထဲမှာသာ အချိန်တွေအလကား ဖြုန်းတီးနေရလေပြီ။
သူတစ်ပါးမိသားစု၏ စားဝတ်နေရေးဆိုတာကို မီ အတွင်းကျကျမသိခဲ့တာမှန်၏။ မီ သိတာက လင်ရောမယားပါ
တာဝန်ထမ်းဆောင်နေရသည့်မိသားစုတစ်ခု၌ ထိုက်သင့်သော ဝင်ငွေရှိလျှင် ကူဖော်လောင်ဖက်အဖော်တစ်ယောက်တော့
ရှိသင့်သည်ဆိုတာပဲဖြစ်၏။ ထိုကိစ္စနှင့် ပတ်သက်၍ သူမ ပြောမိတော့ ပြဿနာတစ်ခု ထပ်မံဖြစ်ထွန်းရပြန်လေ၏။
“သားက
ဘာဖြစ်လို့ လူပိုတစ်ယောက်ခေါ်ချင်ရတာလဲ။ မေမေ့အိမ်မှာ ဘယ်တုန်းက လူပိုခေါ်ထားခဲ့ဖူးလို့လဲ
သားရယ်။ သားပဲ ဆရာဝန်ဖြစ်နေပြီ။ သမီးတောင် ကျောင်းပြီးတော့မယ်။ သားတို့ သမီးတို့ ဝေယျာဝစ္စတွေ
အားလုံး မေမေကိုယ်တိုင် လုပ်ပေးခဲ့လို့ ဒီအရွယ်ရောက်နေမှ ဘာအဖော်လိုသေးလို့လဲ။ မေမေ့ဘက်က
မိဘဝတ္တရား၊ အဲ… သားဖေဖေအတွက်ရော မယားဝတ္တရား ပျက်ကွက်တာ သား တွေ့ဖူးခဲ့လို့လား”
“ဟုတ်တော့
ဟုတ်ပါတယ် မေမေ၊ မေမေ့မှာလည်း ကျောင်းတစ်ဖက်နဲ့ဆိုတော့ ခုချိန်ထိ မေမေပဲ အိမ်မှုကိစ္စတွေလုပ်နေရတာ
ပင်ပန်းလို့ပါ” မီမီသွင်သည် လင်ဖြစ်သူနှင့် ယောက္ခမဖြစ်သူတို့၏ စကားဝိုင်းကို တိတ်ဆိတ်စွာပင်
နားစွင့်နေခဲ့၏။ ဆရာဝန်ကို အကြံပြုခဲ့သူမှာ သူမဖြစ်သော်လည်း သားအမိနှစ်ယောက်ကြားထဲ
မီ ဝင်မပါလိုချေ။ အိမ်မှာ အိမ်ဖော်တစ်ယောက်လိုအပ်ကြောင်း သူမယောက်ျားကို တိုးတိုးတိတ်တိတ်ပြောခဲ့တာ
အခါနှစ်ဆယ်မကတော့။ မီမီသွင်က ကျိုးကြောင်းခိုင်လုံစွာဖြင့် အဆိုတင်သွင်းတော့ ဆရာဝန်က
မီ့ဘက်မှာပါလာခဲ့၏။ သို့သော် ကျော်မင်းရင်ဆိုသည့်ယောက်ျားသည် သူ၏မိခင်ကို ကမ္ဘာလောကတစ်ခုလုံး၌
အတော်ဆုံးမိန်းမအဖြစ် ထင်မှတ်ထားသူဖြစ်၏။ မီမီသွင်ကလည်း ယောက္ခမဖြစ်သူ၏ အိမ်ထောင်ရှင်မပီသမှု၊
ထက်မြက်ထူးချွန်မှုတို့ကို ချီးကျူးထားသူဖြစ်၏။ သို့သော် ငါမှသာငါ အတော်ဆုံးဟူသော ခံယူချက်ဖြင့်
မဏ္ဍပ်တိုင်တက်ပြခြင်းကိုတော့ မျက်မုန်းကျိုးလေ၏။ သူမ၏မိခင်ဆိုလျှင် အိမ်ထောင်ရှင်မတစ်ယောက်၏အလုပ်အကိုင်ကို
ဘာမှမယ်မယ်ရရမလုပ်ကိုင်ခဲ့ပေ။ မီတို့ငယ်ငယ်တုန်းကလည်း မေမေသည် ကြီးကြီးမေ ပြင်ဆင်ပေးသော
ထမင်းဘူး၊ ရေဘူး အစုံအလင်ပါသည့် ကြိမ်ခြင်းလေးကိုဆွဲကာ ဒရိုင်ဘာမောင်းပို့သည့်ကားပေါ်သို့ လှလှပပလေးတက်ပြီး ရုံးသွားခဲ့သူဖြစ်၏။ ဒေါ်ခင်မြလွင်ကတော့ လင်အတွက်တစ်မျိုး၊ သားနှင့်သမီးအတွက်တစ်ဖုံ
လုပ်ကိုင်ပေးပြီးမှ လိုင်းကားတိုးစီး၍ ကျောင်းသို့သွားရသူ။ မအားလပ်၊ လျှော်ဖွပ် မီးပူတိုက်
အိမ်ရှင်းနှင့် ဒေါ်ခင်မြလွင်ကိုကြည့်လိုက်လျှင် အလုပ်နှင့်လက် ပြတ်သည်မရှိ။ မီမီသွင်သည်
အလုပ်မလုပ်ချင်ဘဲ ပျင်းရိတတ်သူမဟုတ်။ အစဉ်အမြဲ တက်ကြွစွာအလုပ်လုပ်ချင်နေတတ်သူ။ သို့သော်
ဒေါ်ခင်မြလွင်၏ အလုပ်လုပ်နိုင်မှုကိုတော့ မီမီသွင်ဘယ်လိုမှလိုက်၍မမီနိုင်ချေ။ မီက အောက်ခြေသိမ်းအလုပ်တွေကိုမလုပ်ချင်။
အထူးသဖြင့် မီက အိုးခွက်ပန်းကန်ဆေးအလုပ်ကိုပို၍မလုပ်ချင်တတ်။ ဒေါ်ခင်မြလွင်က ဘုရားပန်းအိုးများကိုတောက်ပြောင်အောင်
တိုက်ချွတ်ရာမှာ စိတ်ရှည်သလို၊ အိုးခွက်ပန်းကန်များကို တိုက်ချွတ်ရာမှာလည်းစိတ်ရှည်၏။
ဒီလောက် အလုပ်များရသည့်ကြားထဲကပင် လင့်အကြိုက် သားနှင့်သမီးအကြိုက် တစ်မျိုးစီလုပ်ပေးတတ်သေး၏။
မီတို့မိသားစုဆိုလျှင် ဆီပြန်အသားဟင်းတစ်ခွက်၊ အစိမ်းကြော်တစ်ပွဲ၊ ဟင်းချိုတစ်မျိုးမျိုး
လုပ်လိုက်လျှင် ချက်ပြုတ်သည့်ကိစ္စပြီးလေပြီ။ ဒေါ်ခင်မြလွင်အိမ်၌ကား မီတို့မိသားစုနှင့်
စားသောက်ပုံချင်းမတူ။ မီတို့က မနက်စောစောကို ကော်ဖီနှင့်မုန့်သာစား၏။ ထမင်းကြော်ရော
ထမင်းပူရော ဘာမှမစားတတ်။ မီ၏ ယောက္ခမအိမ်၌ ကော်ဖီမသောက်ကြ၊ ထမင်းနှင့်ပဲပြုတ်၊ ကောက်ညှင်းပေါင်း၊
ဆီထမင်း၊ ထမင်းကြော် စသည်ဖြင့် စားကြ၏။ မီကလုံးဝမစားတတ်၍ ကော်ဖီဖျော်သောက်သည့်အခါ မီ့မှာ
ကိုယ့်ပိုက်ဆံနှင့်ကိုယ် အမုန်းခံရလေ၏။ မီသည် မနက်ပိုင်း ကော်ဖီသောက်လေ့မရှိသော ဆရာဝန်တစ်ယောက်ကို
ချစ်နိုင်သမျှ အစွမ်းကုန်ချစ်ခဲ့၏။ သို့ပါလျက် သူမယောက်ျား ဘာတွေဘယ်လိုကြိုက်တတ်သည်ကိုမူ
မလေ့လာဖူးခဲ့။ မီတို့ မိသားစုအကြိုက်နှင့် ဆရာဝန်မိသားစုအကြိုက်မှာ လုံးဝမတူ။ မီတို့က
ဘဲကင်ကြိုက်သည်။ ဝက်သားအချိုချက်ကြိုက်သည်။ ကြေးအိုးကြိုက်သည်။ သူတို့က ဝက်သားငါးပိချက်
အမဲသားနှပ်ကြိုက်၏။ ကြက်သားရေလည်မှကြိုက်၏။ နန်းကြီးသုပ်ကြိုက်၏။ အံ့သြစရာအကောင်းဆုံးမှာ
ဆရာဝန်မိသားစုတစ်စုလုံး ထူးထူးဆန်းဆန်းအသုပ်တွေ ကြိုက်ကြခြင်းပင်ဖြစ်၏။ ဥပမာ- မြင်းခွာရွက်သုပ်၊
သင်္ဘောပွင့်ပြုတ်သုပ်၊ ကြောင်သျှာသီးသုပ်၊မဲဇလီဖူးပြုတ်သုပ်တို့လို မီကြားဖူး နားဝရှိသော
အသုပ်တွေသာမက မီ တစ်ခါမှမကြားဖူး၊ မစားဖူးသော သခွတ်ပွင့်သုပ်၊ငါးပအရိပ်မထွက်ရွက်သုပ်၊
မိုးကျလက်ဖက်ရွက်သုပ်၊ ကုက္ကိုရွက်သုပ်၊ ညောင်ချဉ်ဖူးသုပ် ဆိုတာမျိုးတွေကိုလည်း မရ,ရသည့်နေရာက
ရှာဖွေမှာယူကာ သုပ်စားတတ်ကြသေး၏။ ဆရာဝန်မိသားစု၏ ထမင်းဝိုင်းတွင် အသုပ်တစ်မျိုးမျိုး
မပါသောနေ့မရှိချေ။ ဒါတင်မကသေး၊ ဆီးဖြူသီးဖုတ်ထောင်း၊ မျှစ်စပ်ထောင်း၊ ကြက်ဟင်းခါးသီးဖုတ်ထောင်း၊
ကြက်ရိုးဂွေးတောက်ရွက်ဟင်းချို၊ နံနံပင်ချက်၊ ဂွေးသီးငါးပိချက်၊ ရဲယိုရွက်စဉ်းကော၊
ပဲကြီး ဆူးပုပ်ရွက်ချက်၊ မန်ကျည်းသီး ငါးပိချက်၊ ကင်းပုံသီး ဆန်လှော်ဟင်းချို စသော
အစားအသောက်မျိုးက ဆရာဝန်မိသားစုအကြိုက်ဖြစ်ပြီး မီတို့အိမ်၌ တစ်ခါမှချက်မစားဖူးသော၊
စားလည်းမစားတတ်သောအစားအစာတွေဖြစ်၏။ မီတို့မိသားစုက ထွေလီကာလီအစားအသောက်တွေကို လုပ်စားလေ့မရှိသလို
ကြိုက်လည်းမကြိုက်တတ်။ မီ၏ လင်တော်မောင်ကတော့ ရန်ကုန်သားဖြစ်လျက် အညာသားမိဘနှစ်ပါး၏သားပီသစွာပင်
ပေါက်ပေါက်ရှာရှာတွေကို ကြိုက်နှစ်သက်လေ၏။ ခါးသက်သော အစာများကို လုံးဝမစားတတ်သော မီသည်
အခါးကြိုက်သည့် မိသားစုကြား၌ လျှာရောနားပါ ခါးနေရလေ၏။ မီက လင့်အကြိုက်လိုက်ချင်သူမဟုတ်လား။
အတွေးလွန်နေခဲ့မိသော မီသည် ဆရာဝန်နှင့် ယောက္ခမတို့၏စကားဝိုင်းမှ ထွက်ခွာရန်ပြင်လိုက်၏။
သို့သော် ထမင်းစားခန်း၏အပြင်ဘက်သို့ မီ မရောက်ခင်လေးမှာ -
"အလုပ်ရှိလို့ လူပိုခေါ်ရတယ်ဆိုတာကို မေမေလက်မခံဘူးသား။
အိမ်မှာအပြင်ထွက်လုပ်နေရတဲ့ ဝန်ထမ်းတွေများရင် ပိုပြီးတောင် လူပိုမထားသင့်သေးတယ်။ လူတစ်ယောက်ဟာ
ကိုယ့်လုပ်ငန်းတာဝန်အပြင် ကိုယ်စားဖို့ဝတ်ဖို့ကို ကိုယ့်ဘာသာလုပ်နိုင်ရမယ်။ နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့မြန်မာတေါလည်း
ပိုက်ဆံရတဲ့အလုပ်အပြင် ကိုယ်စားဖို့ဝတ်ဖို့အလုပ်ပါ လုပ်ရသေးတာပဲ။ အပြင်ထွက်လုပ်နေရလို့
အိမ်အလုပ်မလုပ်နိုင်ဘူးဆိုတာ သက်သာခိုချင်တဲ့လူတွေရဲ့ ဆင်ခြေသက်သက်ပဲ" ဆိုသောစကားကြောင့်
မီ၏ ညာဘက်ရင်ဘတ်ဆိမှ အောင့်ခနဲမျက်နာသွားခဲ့ရလေသည်။ ထိုစဉ်က မီ ကုမ္ပဏီ၌ အလုပ်,လုပ်နေဆဲဖြစ်၏။
စကားပြောမညံ့လှသော အမျိုးသမီးငယ်သည် ယောက္ခမအိမ်မှခွဲထွက်ဖို့အတွက်
တိုက်ပွဲတစ်ခုကို လှလှပပဆင်နွှဲအောကို ဘယ်လိုမှ စိတ်တိုင်းကျနိုင်မှာမဟုတ်ဘူးလေ။ ဒါပေမယ့်
စိတ်ချပါမောင်ရယ် မီလေ မောင်နဲ့နှစ်ယောက်တည်းနေရတဲ့အခါ မောင့်မေမေလိုပဲ အထိန်းအသိမ်း
အစီအမံကောင်းတဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်အောင် ကြိုးစားပါ့မယ်။ တကယ်ပါ မောင်ရဲ့၊ မောင်ကြိုက်တာတွေကို
မီ ချက်ကျွေးပါ့မယ်။ မီတို့ အိမ်ခွဲနေကြရအောင်နော် မောင်၊ တိုက်ခန်းလေးတစ်ခုငှားလိုက်မယ်လေ၊
မမလေးမှာတောင် တိုက်ခန်းအသစ်တစ်ခန်းရှိသေးတယ်။ အဲဒီမှာ မီတို့ ငှားနေလိုက်ကြရအောင်နော်
မောင်၊ မောင့်ကိုချစ်လွန်းလို့ မောင့်အိမ်မှာ မီ လိုက်နေပြီးပြီနော်။ ဒီတစ်ခါ မီ့ဆန္ဒကို
မောင်လိုက်မှ မီ့ကိုချစ်တယ်လို့ ယုံမှာ"
မီမီသွင်က အဲဒီလိုနည်းတွေဖြင့် ညအိပ်ရာဝင်ချိန်တွေမှာ ဆရာဝန်ကိုစကားတွတ်ထိုးလျက်
ယောက္ခမအိမ်မှ ခွဲထွက်ရေးအတွက် အချိန်ယူကာ စိတ်ရှည်လက်ရှည်သိမ်းသွင်းယူ၏။ အဆုံးသတ်တော့
မီသည် ကိုယ့်ပိုက်ဆံနှင့်ကိုယ် တိုက်ခန်းတစ်ခုရှာဖွေငှားကာ ယောက္ခမအိမ်ပေါ်မှ ဆင်းလာနိုင်ခဲ့လေသည်။
ယောက္ခဖြစ်သူနှင့် လင်တော်မောင်တို့၏ စကားစစ်ထိုးပွဲ၊ အလွမ်းမျက်ရည်ကျပွဲတို့ကိုမူ မီမီသွင်က
မသိဟန်ဆောင်ကာ ရှောင်ဖယ်နေခဲ့၏။ စိတ်ထဲမှာတော့ သားတစ်ယောက်မွေးပြီး တစ်သက်လုံးလွှမ်းမိုးပိုင်ဆိုင်ခွင့်လိုချင်ရင်
အဲဒီသားကို မိန်းမ,မရအောင် အိမ်ထဲမှာပဲသော့ခတ်သိမ်းထားဟု ပြန်လည်ချေပလိုက်သေး၏။ မီမီသွင်သည်
ယောက်ျားတစ်ယောက်ကို ဆွဲငင်သိမ်းပိုက်ယူနိုင်ခဲ့ပြီအထင်နှင့် အကျေနပ်ကြီးကျေနပ်ကာ ဘဝင်ခိုက်ပီတိဖြာနေခဲ့သေး၏။
ထိုပီတိလေးက မီမီသွင့်ထံမှာ ကြာကြာရှိမနေခဲ့တာကတော့ မီမီသွင်၏ ကံဆိုးမှုသက်သက်သာဖြစ်ပေလိမ့်မည်။
ယောက်ျားတစ်ယောက်ကို မယားလုပ်သူက ကိုယ့်ဘက်ပါအောင်အပိုင်သိမ်းသွင်းမထားနိုင်ခြင်းသည်
ထိုယောက်ျား၏ တရားမျှတမှုလား၊ ယောက္ခမဖြစ်သူ၏ ပရိယာယ်ကြွယ်ဝမှုလား၊ မယားဖြစ်သူ၏စည်းရုံးရေးညံ့ဖျင်းမှုလားဆိုတာ
မီမီသွင် မဝေခွဲတတ်တော့ပြီ။ မီမီသွင်သည် တစ်ကိုယ်ကောင်းဆန်သူမဟုတ်။ သားနှင့်အမိကြား
ထိုက်သင့်သော အပေးအယူနှင့်ဆက်ဆံရေး ရှိထားရမည်ဆိုတာကို မီ သိပါ၏။ မီကိုယ်၌ကလည်း ယောက္ခမအပေါ်
စိတ်ထဲမှကျိန်ဆဲတာမျိုး ရှိချင်ရှိမည်။ နှုတ်ကမူယောက္ခမဖြစ်သူကို တစ်ခွန်းတလေမှ ပြန်မပြောဖူးခဲ့။
သို့သော် တစ်ဦးနှင့်တစ်ဦး စကားစစ်ထိုးဖို့ကို ဝန်လေးကြသော အမျိုးသမီးနှစ်ဦး၏ ရင်တွင်းမှအာဃာတအတိုင်းအတာကိုမူ
မည်သူမှခန့်မှန်းနိုင်လိမ့်မည်မဟုတ်ပေ။ မီသည် သူမ၏ လင်ယောက်ျားကို သူမအနားက ဖယ်ခွာမသွားနိုင်အောင်
နည်းလမ်းစုံသုံးကာကြိုးစားခဲ့၏။ ထို့အတွက် မီ့ဘက်ကဆုံရှုံးမှုတွေပို၍များခဲ့သည်။ ဆရာဝန်က
အလုပ်ထွက်ဆိုတော့ မီ အလုပ်ထွက်ခဲ့သည်။
မီ အလုပ်ထွက်ပြီးတော့ မီရသည့် မက်လောက်စရာဝင်ငွေထက်ပို၍
ဆရာဝန်ကို မီ ချစ်ခဲ့၏။ စကတ်မဝတ်နဲ့ဟုဆိုသောအခါလည်း ဆရာဝန်စကားကို မီ နားထောင်ခဲ့၏။
မီ့မှာရှိသမျှ စတိုင်လ်ကျကျ စကတ်လှလှကြီးများကို ပေးတန်တာပေး၊ ရောင်းတန်တာရောင်း လုပ်ပစ်ခဲ့၏။
နားကပ်ပုံဆန်းမဝတ်ရန် တားမြစ်ချက်ကိုလည်း မီ နာခံခဲ့ပါ၏။ အိမ်နေရင်း နားကပ်ဝတ်လေ့မရှိဘဲ
လမ်းထွက်မှ လှပဆန်းသစ်သော နားကပ်ပုံဆန်းများကိုဝတ်တတ်သော မီမီသွင်သည် ဆရာဝန်၏အလိုအတိုင်း
ဣနြေ္ဒရသည်ဆိုသော ပတ္တမြား ခြယ်နားကပ်တစ်ရန်ကိုသာဝတ်လျက် သူမနှစ်သက်သော နားဆွဲများကိုစွန့်လွှတ်ခဲ့၏။
ခုံမြင့်ဖိနပ်ကိုမစီးနဲ့ဟူသော အမိန့်ကိုလည်း မီ မငြင်းပယ်။ ဆရာဝန်ကအရပ်မြင့်သူမဟုတ်သည်မို့
ထိုယောက်ျားနှင့် မီ လက်ထပ်ပြီးလျှင် ဖိနပ်မြင့်မြင့်ကြီးတွေကို မီ စွန့်လွှတ်ရတော့မည်ဆိုတာ
သိထားခဲ့၏။ မီ ကျေနပ်သည်၊ မီချစ်သော ယောက်ျား၏အလိုဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးရသည့်အတွက်
မီ ကျေနပ်၏။ မီမီသွင်သည် လင်ယောက်ျားအလိုဆန္ဒအားလုံးလိုလို လိုက်လျောဖြည့်ဆည်းခဲ့ပါလျက်
မီ့ဘက်၌ ထိုယောက်ျားရှိမနေတာကတော့ ခံပြင်းဖို့ကောင်းပြီ။ မီသည် ကိုယ့်ဘဝတစ်ခုလုံးကို
လင်ဖြစ်သူအားအပိုင်ပေးကာ ကလေးမွေးပေးရင်း ထမင်းဟင်းချက်ရင်း လင့်စိတ်တိုင်းကျ အိမ်ရှင်မလုပ်တော့မည်ဟုပင်
ဆုံးဖြတ်ခဲ့ပြီ။ မီမီသွင်လို သွက်လက်ထက်မြက်သော ခေတ်ပညာတတ် မိန်းမတစ်ယောက်၏အရှုံးသည်
ထိုယောက်ျားနှင့်တွေ့မှ ကမ်းကုန်ခဲ့ပြီ။ မလိုအပ်ဘူးလား၊ မီမီသွင်ဘက်က ပြန်ရဖို့မလိုအပ်တော့ဘူးလား။ ခုတော့
မီသည် အိမ်တွင်းမှာတစ်နေကုန်နေလျက် ည ကိုးနာရီ ဆယ်နာရီမှပြန်လာသည့် လင်သားနှင့်ထမင်းအတူစားဖို့
မျှော်လင့်နေရသည့် အချိန်တွေအလဟဿဖြုန်းတီးပစ်နေသော မိန်းမတစ်ယောက်သာ ဖြစ်ခဲ့ရပြီ။ တစ်ခါတစ်ရံ
‘ညီမလေးစာမေးပွဲရှိလို့ မောင် စာကူကျက်ပေးရမှာမို့ ည ပြန်မအိပ်တော့ဘူး’ ဟူသော အကြောင်းပြချက်မျိုးဖြင့်
တစ်မျိုး၊ ‘မေမေ အတော်နေမကောင်းဖြစ်နေလို့ မောင် ညအိပ်စောင့်ပေးလိုက်မယ်နော် မီ’ဟူသော
အပြောမျိုးဖြင့်တစ်ဖုံ အိပ်ပြန်မအိပ်သောနေ့တွေမှာ မီသည် ဖော်မပြတတ်တော့သော ကြေကွဲနာကျင်မှုတွေဖြင့်
ခန္ဓာကိုယ်ကိုလှုပ်ရှားလို့မရအောင် အံ့သြတုန်လှုပ်နေသော ကျောက်ရုပ်တစ်ရုပ်ဖြစ်သွားရလေ၏။
တကယ်တော့ ဒါတွေက မီမီသွင်၏အမှားတွေသာမဟုတ်လား။ သူ့အိမ်အပေါ် ဒီလောက်အလေးထားသံယောဇဉ်ကြီးမားတဲ့
ယောက်ျားတစ်ယောက်ကို မီ တစ်သက်လုံးအပိုင်ရမည်မဟုတ်ဘူးဆိုတာ မီ မှန်းဆတွေးကြည့်ခဲ့ဖို့ကောင်းသည်။
သူမကတော့ တစ်နေ့တစ်မျိုးမရိုးရအောင် လင့်အကြိုက်တွေကိုသာ ချက်ပြုတ်ကျွေးမွေးပေးခဲ့၏။
မီသည် တစ်နေ့တစ်နေ့ ဘာဟင်းချက်ရမလဲ တွေးတော့စဉ်းစားရင်း သင်ကြားတတ်မြောက်ထားသည့် ပညာတွေကိုမှအားမနာတော့သော
အိမ်ရှင်မတစ်ယောက်ဖြစ်လာခဲ့သည်။ ဒါကို လင်ဖြစ်သူက အသိအမှတ်မပြု။ မီ့ဘက်ကို ကိုယ်ချင်းစာမကြည့်။
အိမ်မှာတစ်နေကုန်နေလျက် လင်ယောက်ျားစားသောက်ဖို့ စီမံချက်ပြုတ်ပြီး စောင့်မျှော်နေသည့်
မိန်းမတစ်ယောက်အပေါ် တန်ဖိုးထားသည်ဆိုလျှင် ဘယ်စားသောက်ဆိုင်ကဖြစ်ဖြစ် ဘယ်အမေအိမ်ကဖြစ်ဖြစ်
စားသောက်လာစရာမလိုဟု မီမီသွင် ထင်၏။ ထိုအဖြစ်အပျက်မျိုးက တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်။
တွေးမိတိုင်း မီ မျက်ရည်ကျရ၏။ မဲဇလီဖူးပြုတ်သုပ်စားချင်သည်ဟူသော ဆရာဝန်၏ချဉ်ခြင်းကို
မီမီသွင်က ခဲရာခဲဆစ် ဖြည့်ဆည်းပေးခဲ့ခြင်းဖြစ်၏။ ဈေးထဲမှာပင်မရောင်းသော မဲဇလီဖူးကို
မင်္ဂလာဒုံက သူငယ်ချင်းတစ်ယောက်ခြံမှာ သူမကိုယ်တိုင်ဇက်ကြောအတက်ခံ၊ ခေါင်းအကိုက်ခံကာ
ခူးလာခဲ့ရခြင်းဖြစ်၏။ ထိုမျှ ခက်ခက်ခဲခဲရှာဖွေကာ စေတနာဗရပွဖြင့် စပယ်ရှယ်သုပ်ပေးထားသည့်
မဲဇလီဖူးသုပ်ကို အရေးမစိုက်ဟန် ပြုမူလိုက်တာကို သူမဒေါသမထွက်သင့်ပေဘူးလား။ မီမီသွင်၌
ယောက်ျားလုပ်သူအပေါ် ဒီလောက်လေးမှ ပေါက်ကွဲခွင့်မရှိပေဘူးလား။ မီမီသွင့်ဘက်က အလျှော့ပေးထိန်းသိမ်းခဲ့ရသည်မှာ
များခဲ့ပြီ။ ဒါကို သူမယောက်ျားက ကိုယ်ချင်းမစာ။
‘ရှင်အမေသေမှစား’
ဟူသော ဒေါသကြောင့် ပြောမိသည့် စကားတစ်ခွန်းအပေါ် အမှတ်ထားကာ မီ့ကိုအတ္တကြီးသူ၊ အူပုပ်သူ၊
မနာလိုစိတ်ကြီးသူအဖြစ် ရက်ရက်စက်စက်ပြောဆို၏။
‘ကိုယ်သိပြီ
မီ… မင်းဟာ မေမေ့ကိုအလကားနေရင်း မနာလိုဖြစ်နေတာ။ မေမေ စေတနာနဲ့ လုပ်ကိုင်ပေးတာတွေကို
ကျေးဇူးမတင်ဘဲ ရန်လိုနေခဲ့တာ။ မင်းအမေက ကိုယ့်မေမေလို မင်းအပေါ်ဂရုမစိုက်ခဲ့တဲ့အတွက်၊
ကိုယ့်မေမေရဲ့ ပြုစုမှုမျိုးကို မင်း မခံစားခဲ့ဖူးတဲ့အတွက်၊ ပြီးတော့ မေမေ့ကြောင့် မင်းအပေါ်
ကိုယ့်ဘက်ကအချစ်လျော့နေတာလို့ထင်နေတဲ့အတွက် မေမေ့ကို မင်း မလိုတမာ ဖြစ်နေခဲ့တာ။ ဒါကြောင့်သာ
မေမေသေရင်အေးမှာပဲလို့ မင်းတွေးခဲ့တာပေါ့။ မင်းဟာအတော့်ကိုကြောက်စရာကောင်းလောက်အောင်
မနာလိုစိတ်ကြီးတဲ့ မိန်းမပါလား မီ’
မီ၏
လှပဝိုင်းစက်သော မျက်လုံးများသည် အစွမ်းကုန်ပြူးကျယ်လျက် နှုတ်ခမ်းများကတော့ ဆွံ့အသွားခဲ့၏။
ပြီးတော့ ထိုနေရာမှာပဲ မီ ဗုန်းခနဲ ခွေခေါက်ပြိုလဲကျသွားရလေ၏။
ထိုအဖြစ်အပျက်ကြောင့်
မီ၌ကိုယ်ဝန်ရှိနေခြင်းကိစ္စကို ဆရာဝန်စတင် သိရှိခဲ့ရခြင်းဖြစ်သည်။ မီ့မိသားစုက ဆရာဝန်တစ်ယောက်လုပ်ကာ
ကိုယ့်မယားကိုယ် ဒီလောက်လျစ်လျူရှုထားရသလားဟု ပြစ်တင်ကာ မီ့ကိုသာ ဆူပူကြလေ၏။ ဘယ်လိုလူမျိုးအပေါ်မှ
နာကြည်းအမျက်ထားလေ့မရှိသော (နာကြည်းလောက်စရာအကြောင်းလည်း မရှိသောကြောင့်) မီသည် ဘယ်သူ့ကို
နာကြည်းရမှန်းမသိဘဲ နာကြည်းမိလျက် စကားမပြောတတ်သည့်အရုပ်တစ်ရုပ်လို ငြိမ်သက်သွားခဲ့လေ၏။
ဆရာဝန်က သူ၏ပယောဂကြောင့် ဇနီးဖြစ်သူ အိပ်ရာထဲလဲသွားရသည့်အဖြစ်အတွက် စိုးရိမ်မကင်းဖြစ်နေရလေ၏။
မီသည် မဲဇလီဖူးသုပ်ပြဿနာကြောင့် ပထမအကြိမ်ပေါက်ကွဲပြီး ဆရာဝန်၏အချော့အမော့ကို စောင့်စားမိနေသေး၏။
မီ မျှော်လင့်သလို ဆရာဝန်ကမချော့မော့ခဲ့ချေ။ ဒုတိယအကြိမ်မြောက် ဆရာဝန်နှင့်မီ စကားများကြရပြီး
စိတ်ထိခိုက်လွန်းရကာ မီ သတိလစ်သွားသည့်နောက်ပိုင်းမှာတော့ ဘယ်လိုအချော့အမြှူနှစ်သိမ့်မှုမျိုးကိုမှ
အလိုမရှိတော့ချေ။ ဆရာဝန်က ထုံးစံအတိုင်း နူးညံ့သိမ်မွေ့လွန်းသော စကားလုံးများဖြင့်
မီ့အား အစွမ်းကုန်ပြုစုနေလေ၏။ ဆရာဝန်သည် ပုံမှန်ပြန်ရောက်နေကျ အချိန်ထက် စောစီးစွာပင်
မီ့အိမ်သို့ပြန်လာ၏။ သို့သော် မီက ဆရာဝန်ကို မည်မည်ရရစကားပြောဆိုခြင်းမပြုတော့ချေ။
မီသည် သူမ၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်နေပြီဖြစ်သော သန္ဓေသားလေးအကြောင်းကိုသာ အချိန်ပြည့်တွေးတောနေလေ၏။
ည ကိုးနာရီအတိတွင်ပြန်ရောက်လာသော ဆရာဝန်ကို အမျိုးသမီးငယ်က ပြုနေကျဝတ္တရားအတိုင်း ကြိုဆိုနှုတ်ဆက်ခြင်းမရှိဘဲ
ရှည်မျောမျောခေါက်အိပ်ရာပေါ်တွင် တစ်ဦးတည်း ဆိတ်ငြိမ်စွာလဲလျောင်းနေလေ၏။
“မီ
နေကောင်းတယ်နော်”
ဆရာဝန်သည်
အမျိုးသမီးငယ်ဘေးခုံမှာဝင်ထိုင်လျက် နှုတ်ဆက်မေးမြန်းလိုက်ခြင်းဖြစ်၏။ အမျိုးသမီး၏ ဝမ်းဗိုက်ပေါ်သို့တင်ထားသော
ဆရာဝန်၏လက်ကို အမျိုးသမီးက မလိုတမာပုံစံဖြင့် ဆွဲဖယ်ပစ်ရင်း ဆရာဝန်အံ့သြတုန်လှုပ်သွားစေသည့်
စကားတစ်ခွန်းကို အေးဆေးစွာပင် စတင်ပြောဆိုလိုက်လေ၏။
“မီ
ဒီကလေးကို မလိုချင်ဘူး”
ဆရာဝန်၏
ဖြူဖွေးသန့်စင်သောမျက်နှာက ချက်ချင်းရဲတက်သွားလေ၏။ သို့သော် ဆရာဝန်က နူးညံ့စွာပြုံးလျက်
-
“မီပဲ
မောင့်အတွက် သားလေးတစ်ယောက် သမီးလေးတစ်ယောက် မွေးပေးမယ်ဆို” ဟု ခပ်တိုးတိုးမေးခွန်းထုတ်လိုက်၏။
ဟင့်အင်း
… အဲဒါအရင်က၊ ခု မီ မလိုချင်။ သားလေးသော်လည်းကောင်း၊ သမီးလေးသော်လည်းကောင်း ဘယ်ကလေးကိုမှ
မီ မလိုချင်တော့။ မီသည် လျော့ရဲရဲနိုင်သော အပြုံးလေးဖြင့် ဆရာဝန်ကိုကြည့်ရင်း ခေါင်းခါပြလိုက်လေ၏။
“မလိုတော့ဘူးမောင်၊
မီတို့နှစ်ယောက်ကြားမှာ ဘာသံယောဇဉ်မှ ရှိဖို့မလိုတော့တာ၊ အဲဒီအတွက် ဒီကလေးကို မီ မွေးစရာမလိုတော့ဘူးလေ။
မောင့်ရဲ့ကလေးကို မွေးမပေးနိုင်တော့တဲ့အတွက် ဝမ်းနည်းပါတယ် မောင်”
‘မီ’
အံကြိတ်၍ ခေါ်လိုက်သောဆရာဝန်က မီ၏ လက်ကောက်ဝတ်ကို အားကုန်ဖျစ်ညှစ်လိုက်တာမို့ မီ ရှုံ့မဲ့သွားလေ၏။
“မီ
မှားနေပြီ၊ မောင့်ကို မီ အခဲမကျေဖြစ်နေတာ၊ အာဃာတကြီးနေတာ၊ အမှတ်သည်းခြေကြီးနေတာ”
ဘယ်သူလဲဟင်
မီမီသွင်နဲ့ကျော်မင်းရင်နှစ်ယောက်မှာ အခဲမကျေနိုင်စွာနဲ့ အမှတ်သညာကြီးနေခဲ့တာ ဘယ်သူလဲလို့၊
မီမီသွင်ဟာ ဘယ်ကိစ္စကိုများ အမှတ်သညာကြီးခဲ့လို့လဲ။ ‘မီမီသွင်က ဟင်းချက်အတော်ညံ့တာပဲ’
ဆိုသည့် ယောက္ခမဖြစ်သူ၏ ဗြောင်ကျကျပြစ်တင်ဝေဖန်မှုမျိုးအတွက်လည်း စိတ်မဆိုးခဲ့။ ‘ညီမလေးကတော့
ပြောပြီးသားနော်ကိုကို၊ ကိုကို သမီးလေးမွေးရင်တော့ ညီမလေးက ခပ်နာနာရိုက်ပြီးကို ဆုံးမရမှာ။
သူ့အမေလို စကတ်ရှည်ကြီးတွေဝတ်၊ ပါတီတက်က,နေရင်တော့ တူမ မတော်နိုင်ဘူး’ ဆိုသော ရိထေ့ထေ့စကားမျိုးအပေါ်လည်း
စိတ်မကွက်ခဲ့ဖူးခဲ့။ မီသည် မီမီသွင်ဆိုသော မိန်းမ၏မာနတရားနှင့် မဟုတ်လျှင်မခံ ပက်ခနဲပြောပစ်တတ်သော
အကျင့်တို့ကို ဆရာဝန်၏ မျက်နှာတစ်ခုတည်းကြောင့် ချိုးနှိမ်သိမ်းဆည်းထားခဲ့၏။ မီသည်
မီချစ်သော လင်သားအတွက် အဆိပ်မဲ့သည့်မြွေတစ်ကောင်လို ခွေခွေကလေး ချောင်ခိုနေခဲ့သူသာတည်း။
မီ၏
ယောက္ခမနှင့် ယောက်မဖြစ်သူကသာ မီမီသွင်အပေါ် အမြင်စောင်းနေခဲ့ခြင်းဖြစ်၏။ မီမီသွင့်အပေါ်
သူတို့သား၊ သူတို့အစ်ကိုကို မိသားစုတွင်းမှ ဇွတ်အတင်းဆွဲထုတ်ယူငင်သွားသူအဖြစ် တစ်ဖက်စောင်းနင်း
ထင်မြင်နေခဲ့ကြခြင်းသာဖြစ်၏။ ပြီးတော့ ယောက္ခမကြီးက သူမ၏သား ဆရာဝန်လူရိုးလူအေးကြီးကို
မီမီသွင်က ဇွတ်အတင်းဖြားယောင်းကာ အရယူသွားသည်ဟု မှတ်ယူကာ ပတ်ဝန်းကျင်သို့ပါ သတင်းလွှင့်လိုက်သေး၏။
ဆရာဝန်ထက်မြင့်တာဆိုလို့ မိုပဲရှိပါသည်တဲ့။
“မီ့ကို
မောင် တောင်းပန်နေတယ် မီ။ ဒီကလေးကို မီ တစ်ခုခုလုပ်မပစ်လိုက်ပါနဲ့ကွယ်။ မီ သိသားပဲကွယ်၊
နှစ်လဆိုတဲ့အရွယ်မှာ ကလေးဟာ”
မီမီသွင်က
ဆရာဝန်၏မျက်နှာကို စေ့စေ့ကြည့်ရင်း ဆရာဝန်၏စကားမဆုံးခင်မှာပင် -
“ဒါပေမယ့်
သူ မခံစားတတ်သေးဘူး မဟုတ်လား” ဟု ဆိုလိုက်လေ၏။
“မင်း
မောင့်ကို သက်သက်အရွဲ့တိုက်နေတာ”
“မဟုတ်ဘူး၊
မီ့ စိတ်ထဲမှာရှိတာကိုပြောနေတာ။ မီ့ကလေးဟာ သားလေးဖြစ်ဖြစ် သမီးလေးဖြစ်ဖြစ် သူ့အမေကိုချစ်လာလိမ့်မယ်
မောင်၊ သားသမီးရဲ့ ချစ်ခင်ယုံကြည်မှု အားကိုးလေးစားမှုကို အပြည့်အဝခံရတဲ့ မိခင်တစ်ယောက်ဟာ
မီမီသွင့်လို အတ္တလောဘကြီးတဲ့ မနာလိုအူပုတ်တဲ့ မလိုတမာစိတ်ကြီးတဲ့ အမေတစ်ယောက်မဖြစ်သင့်ဘူး။
သားသမီးတွေအပေါ် အပြုအစုကောင်းတဲ့ အင်မတန်တော်တဲ့ အမေတစ်ယောက်အဖြစ်ပဲ သူ ဂုဏ်ယူချင်မှာပေါ့။
မီဟာ အဲဒီလိုအမေမျိုး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ ဒီအတွက် မောင့်ရဲ့ကလေးကို မီ မမွေးချင်တော့ဘူး။
အဲဒါ ကျွန်မဆန္ဒအမှန်ပဲ”
“တော်တော့
မီ၊ ဒါ မင်း ကိုယ့်ကိုထပ်တလဲလဲ စော်ကားနေတာနဲ့ အတူတူပဲ”
“မီ
ဘယ်သူ့ကိုမှ မစော်ကားဖူးခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီပညာကို မီ တတ်မထားလိုပဲ မောင်”
ခေါက်ကုတင်ပေါ်၌
ခပ်လျှောလျှောလှဲမှီနေသော အမျိုးသမီး၏မျက်နျာက ညှိုးရော်နေသော်ငြား မျက်လုံးတွေက တောက်ပနေဆဲဖြစ်၏။
မီ၏ဘဝ၌ တောက်တောက်ပပကျန်တာဆို၍ ဒီမျက်လုံးတစ်စုံသာရှိတော့၏။ မီ့အလှလည်း မှေးမှိန်သွားခဲ့ရပြီ။
မီ၏လွတ်လပ်သော ကိုယ်ပိုင်ဘဝလည်း မှေးမှိန်သွားခဲ့လေပြီ။ မီ၌ ကိုယ်ပိုင်အရည်အချင်းဟူ၍
ဘာတစ်ခုမှမရှိတော့။ မီမီသွင်သည် သူမ၌ ရှိရှိသမျှအရည်အချင်းတို့ကို မြောင်းထဲလွှင့်ပစ်ကာ
ထိုယောက်ျားအား ပေးဆပ်လိုမှုသက်သက်ဖြင့် အစွမ်းကုန် ချစ်ခဲ့ပြီးပြီ။ မီ၌ ပေးစရာကုန်လေပြီ။
မီမီသွင်ဟူသော နာမည်တစ်လုံးဖြင့် ပေါ်လွင်ထင်ရှားချင်ခဲ့သော၊ ဆန္ဒရှိသလိုလည်း ကြိုးစားအောင်မြင်ခဲ့သော
မီသည် ဆရာဝန်ကတော်ဟူသော ဂုဏ်ပုဒ်တစ်ခုနောက်၌ ပျောက်လုနီးပါး မှေးမှိန်ခဲ့ရပြီ။
သူမဘက်က
အဲဒီလောက်ပေးဆပ်ပြီးခဲ့မှ ဆယ်ပုံတစ်ပုံပြန်မရလျှင် မီသည် လောက၌ ဘာအတွက်မှ ရပ်တည်လို့မနေသင့်တော့။
အိမ်ထောင်သက် နှစ်,နှစ်မပြည့်မီအချိန်၌ မိန်းမတစ်ယောက်သည် သူကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်
တည်ထောင်ခဲ့သည့် အိမ်ထောင်ရေးခရီးမှ ထွက်ပြေးလွတ်မြောက်ချင်နေပြီ ဆိုသည့်ကိစ္စက ကြေကွဲဖို့တော့
ကောင်းသည်။ ပြီးတော့ လူကဲ့ရဲ့ချင်စရာလည်းကောင်းမည်။ သို့သော် ထိုလူကဲ့ရဲ့မည့် ကြေကွဲစရာဖြစ်ရပ်တို့နောက်၌
သူမဘဝသစ်တစ်ခု ပြန်စလို့ရသေးသည်ဟု မီက မိုက်မိုက်မဲမဲတွေးလေ၏။ ငွေစက္ကူအသစ်ကျပ်ချွတ်တစ်ရွက်
စုတ်ပြဲသွားသည်ကို တိပ်ဖြင့်မသိမသာစပ်တွယ်ထားသလို ဘဝမျိုးဆိုတာတော့ မီ သိသားပေါ့။
“မီဟာ
နာကြည်းစရာမဟုတ်တဲ့ အသေးအမွှားကိစ္စလေးတွေကို နာကြည်းနေခဲ့တာ”
အားအင်မရှိတော့သလို
ဖျော့တော့နေသော ဆရာဝန်၏စကားသံနှင့်မျက်နှာကိုကြည့်ကာ မီ စိတ်မကောင်းချေ။ သို့သော် မီ
ပြုံးလေ၏။
“မောင့်ကို
မီတစ်ခုမေးမယ်။ အဲဒီမေးခွန်းကို မီ ဘယ်တော့မှ မမေးဘူးလို့ မီ ဆုံးဖြတ်ခဲ့ပြီးသားပါ။
ဒါပေမယ့် အခု ကျွန်မမေးလိုက်မယ်မောင်။ ဘာဖြစ်လို့လဲဆိုတော့ မောင့်ဆီက အမှန်စကားကို
မီ ကြားရဲပြီဖြစ်လို့၊ လောကမှာ မောင် တန်ဖိုးအထားဆုံးသက်ရှိလူသားဟာ မီမီသွင်လား ဒေါ်ခင်မြလွင်လား။
အဲဒါကို မောင် ဖြေလိုက်စမ်းပါ”
မီသည်
မီ့မျက်နှာဆီမှ အိမ်ကြမ်းခင်းဆီသို့ တဖြည်းဖြည်းချင်းစိုက်ကျသွားသော ဆရာဝန်၏မျက်လုံးများကို
တစိမ့်စိမ့်စိုက်ကြည့်နေလေ၏။
“ဒီမေးခွန်းကိုမေးရင်
မီဟာ ကိုယ်ချင်းစာတရားမရှိတဲ့ မိန်းမတစ်ယောက်အဖြစ်ကို ရောက်လိမ့်မယ်ဆိုတာတော့ မီ သိပါတယ်။
ကျွန်မမှာ ကိုယ်ချင်းစာစိတ်ရှိပါတယ် မောင်။ ကမ္ဘာပေါ်မှာရှိတဲ့ မိန်းမတိုင်းဟာ လောကဓမ္မတာအတိုင်း
တစ်ချိန်ချိန်မှာ အမေဘဝကိုရောက်ကြရမှာပဲ မဟုတ်လား၊ ဖြေလေမောင်၊ မောင့်ဆီက အမှန်စကားကို
မီ နားထောင်ရဲပါတယ်”
“တန်ဖိုးထားပါတယ်
မီ၊ မေမေ့ကို တန်ဖိုးထားသလို မီ့ကို တန်ဖိုးထားလို့သာ လက်ထပ်ယူခဲ့တာပေါ့။ ကိုယ်တန်ဖိုးမထားတဲ့
မိန်းမကို ဘယ်ယောက်ျားကို လက်ထပ်ယူမှာလဲကွယ်”
ဆရာဝန်၏စကားကို
သဘောကျလေဟန်ဖြင့် အမျိုးသမီးက အသံထွက်ရယ်မောနေလေ၏။
“ဟုတ်တယ်၊
မောင်က မီ့ကို လက်ထပ်ယူခဲ့တယ်။ အဲဒါ မောင့်ရဲ့ မိုက်မဲမှုသက်သက်ပဲ။ တကယ်တော့ မောင့်အတွက်
လိုအပ်တာက မီ မဟုတ်ဘူး၊ ဇနီးမယားတစ်ယောက်မဟုတ်ဘူး၊ မောင့်အတွက် ဇနီးမယားတစ်ယောက် ဘယ်တော့မှ
လိုအပ်မှာလည်းမဟုတ်ဘူး။ အဲဒါကို မောင် မသိခဲ့တာ။ ကျွန်မ မသိခဲ့တာတော့ ကျွန်မတို့နှစ်ယောက်ရဲ့
ကံဆိုးမှုပေါ့။ တကယ်လို့ မောင့်မှာလိုအပ်ခဲ့ရင်တောင်မှ လက်ထပ်ယူစရာမလိုတဲ့ မိန်းမတစ်ယောက်လောက်သာလိုမှာ။
ပိုက်ဆံတော့ အကုန်ခံရမှာပေါ့ကွယ်။ ရှိတော့ ရှိတယ် ရှားတယ်ဆိုတဲ့ လူပျိုကြီးမျိုးသားမောင်က
လုပ်နေရမှာ”
“တော်တော့…
မီ၊ အဓိပ္ပာယ်မရှိတာတွေကို မင်းဆက်ပြောမနေနဲ့တော့။ ဒီလောက် အိပ်ရာပေါ်မှာလဲနေတာတောင်
မင်း ကိုယ့်ကိုရန်လိုနေသေးတာ ကိုယ် စိတ်မကောင်းဘူးမီ။ ကိုယ်တစ်ခုပိုပြီး စိတ်မကောင်းဖြစ်ရတာက
မေမေနဲ့ကိုယ့်ကို အငြိုးအတေးကြီးကြီးနဲ့ နာကြည်းနေခဲ့တဲ့အတွက်”
“မနာကြည်းတတ်တဲ့
လူတစ်ယောက်ကို နာကြည်းတတ်အောင်သင်ပေးခဲ့တာ ဘယ်သူတွေလဲ။ ဒါက မောင့်စကားအတွက် ပြောတာပါကွယ်။
မောင်တို့သားအမိကို မီ နာကြည်းမနေခဲ့ပါဘူး။ မီ့ဘာသာမီ နာကျင်နေခဲ့တာ”
“ကောင်းပြီ
မီ၊ အဲဒီအတွက် မီ ဘာလုပ်ချင်နေတာလဲ။ မောင် ဘာလုပ်ပေးရင် မီ ကျေနပ်နိုင်မလဲ။ မေမေ့ကို
မီ့ဆီမှာ လာတောင်းပန်ခိုင်းရမလား”
“မလိုပါဘူး
မောင်ရဲ့၊ မောင့်အမေကို မီ့ရှေ့ခေါ်လာခဲ့ပါလို့ ပြောရက်တဲ့အထိ မောင့်အပေါ် မီ မရက်စက်ပါဘူး
မောင်ရယ်”
“ဒါဆို
မီ ဘာဖြစ်ချင်သလဲ၊ ကိုယ် ဘာလုပ်ပေးရမလဲ”
“မီ…
မီမီသွင် ဖြစ်ချင်တယ်”
“ဘာရယ်”
“ဟုတ်တယ်
မောင်၊ ကျွန်မ မီမီသွင်ဖြစ်ချင်တယ်၊ ဟိုးအရင်တုန်းက မီမီသွင်ပေါ့ မောင်၊ ဒေါက်တာ ကျော်မင်းရင်ကတော်မဟုတ်တဲ့
မီမီသွင်”
အရည်တလက်လက်တောက်နေသော
အမျိုးသမီး၏မျက်လုံးများက တိုက်ခန်းနံရံကိုထိုးဖောက်ကာ ဟိုးအဝေးဆီသို့ လှမ်းမျှော်ကြည့်နေပုံမျိုးဖြစ်၏။
သွေးမရှိတော့သလို ဖြူလျော်ဖျော့တော့နေသော အမျိုးသမီး၏နှုတ်ခမ်းမှ အေးစက် ခြောက်သွေ့သော
စကားသံက သံစဉ်အနိမ့်အမြင့်မရှိသော တုံ့ဆိုင်းဆိုင်း လေးပင်ပင်အသံများသာ ဖြစ်လေ၏။ မီမီသွင်ဆိုသော
မိန်းမတစ်ယောက်၏ လူတကာအပေါ်အမြဲတစေ နားဝင်ပီယံဖြစ်စေသော ချိုသွက်သွက်သံစဉ်တွေကို မည်သူဖျက်ဆီးခဲ့သနည်း။
“မီ”
အံ့သြမှုဖြင့်
တုန်လှုပ်သွားသော ဆရာဝန်၏အသံက ကြောက်လန့်စရာကောင်းလောက်အောင် ကျယ်လောင်လှ၏။ ဆရာဝန်သည်
ခုတင်ပေါ်တွင် မှီလဲနေသောအမျိုးသမီးကို စူးရဲသောမျက်လုံးများဖြင့် ပြူးကြည့်နေလေ၏။ ရှည်မျောမျောခေါက်ခုတင်၏
ပေါင်တန်းနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားသော အမျိုးသမီး၏ တောက်ပပြောင်လက်နေသော
မျက်ဝန်းအိမ်မှ မျက်ရည်များက ပူလောင်လှစွာ ဆရာဝန်၏နှလုံးအိမ်သို့ ယိုစိမ့်ကျသွားသည်ကိုမူ
အမျိုးသမီး မသိလိုက်ချေ။
မြားနတ်မောင် မင်္ဂလာမဂ္ဂဇင်း
သြဂုတ်လ၊ ၁၉၉၇
မေတ္တာဖြင့်
ယုဒါ
12062015 (9:20 AM)
No comments:
Post a Comment
အားပေးမှုအတွက် ကျေးဇူးတင်ပါသည်...
မေတ္တာဖြင့်...
ယုဒါ