Saturday, June 20, 2015

ကြာတစ်ပွင့်ရဲ့ ဒဏ္ဍာရီ






ဘုရားဝတ်ပြုရန် ဘုရားခန်းထဲဝင်လာခဲ့သော ကျွန်တော်သည် သင်းသင်းပျံ့ပျံ့မွှေးနေသည့် ပန်းရနံ့ယဉ်ယဉ်လေးကို ရှူရှိုက်လိုက်ရ၍ ဘုရားစင်ပေါ်သို့ ဖျတ်ခနဲ မော့ကြည့်လိုက်မိ၏။ ဘုရားပန်းအိုး သုံးအိုးလုံး၌ တင့်တယ်ကျက်သရေရှိလှသော ကြာနီပန်းခိုင်များကို မြိုင်မြိုင်ကြီးတွေ့လိုက်ရ၏။ ကြာပန်းများကို ကျွန်တော်မတွေ့မြင်ရသည်မှာ ကြာပြီ။ မခူးဆွတ်ရသည်မှာလည်း နှစ်,လကြာရှည်ခဲ့ပြီ။ ဘုန်းကြီးကျောင်းသားဘဝတုန်းကတော့ ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ ရေကန်ကြီးမှကြာများကို မကြာခဏ ခူးဆွတ်ခဲ့ရသည်။






ကြာပန်းများသည် ကျွန်တော့်ဘ၀အတွက် အရေးပါသောနေရာမှပါဝင်ခဲ့၏။ အကြောင်းမှာ ဘုန်းကြီးကျောင်းသို့လာတိုင်း ဘုန်းကြီးကျောင်းသားကျွန်တော့်အား ကြာပန်းခူးခိုင်းခဲ့သောကောင်မလေးက ကျွန်တော်၏ဇနီးသည် ဖြစ်လာခဲ့သည်မဟုတ်လား။ သို့သော်ကျွန်တော်သည် ကြာပန်းများကိုမြင်သည်နှင့် ကြာပန်းများ ကို နှစ်ခြိုက်မက်မောတတ်လွန်းသောဇနီးသည်အကြောင်းကို ပြန်ပြောင်းတွေးနေမိခြင်းမရှိဘဲ ကြာဆိုသည့် အမျိုးငယ်တစ်ယောက်အကြောင်းကိုသာ တွေးနေမိလေသည်။ လွန်ခဲ့သည့်ငါးနှစ်ကျော်ကာလက ကျွန်တော်နှင့်အမှတ်မထင် ဆုံစည်းခင်မင်ခဲ့သော ကြာ။ ကျွန်တော့်ရင်ထဲအထိ တိုးဝင်လာခဲ့သော ကြာ။ တစ်စုံတစ်ရာ အပြစ်ဆိုဖွယ်မရှိသည့် ရုပ်ခန္ဓာကိုပိုင်ဆိုင်ထားသော ကြာ။ ကျွန်တော်နှင့် သူ ရင်းနှီးသွားခဲ့ရတာလည်း ကြာ။

"ကျွန်မမျက်လုံးတွေကတော့ ကြာဆိုတဲ့နာမည်နဲ့ မလိုက်ဘူးလို့ပြောကြတာပဲ" ဟု ကျေကျေနပ်နပ် ပြောတတ်ခဲ့သည့် ကြာ။ ကြာပန်းများကိုမြင်တိုင်း ကျွန်တော့်မျက်ဝန်းအိမ် ၌ ဖျောက်ဖျက်ပစ်လို့မရအောင် အရိပ်ထင်လာတတ်သည့် ကြာ။ ကျွန်တော်သူ့ကိုတွေ့ခဲ့တာ ငါးနှစ်ကျော်ကြာခဲ့ပြီ။ တကယ်ဆိုတော့ ငါးနှစ်ဆိုသည့်အချိန်ကာလက ဘာမှကြာသေးသည်မဟုတ်တာမို့ ကျွန်တော် ကြာ့ကို အမှတ်မထင် သတိရနေဆဲ။ အထူးသဖြင့်တော့ သူ့ကိုပေးခဲ့သည့် ကျွန်တော့်ဘက်ကကတိ မတည်သေးသည့်အတွက် ကျွန်တော်မကြာမကြာ အခါခါ သတိရနေမိသော ကြာ။

                                                                     ***

ပြည်နယ်ကြီးတစ်ခု၏ နာမည်ကြီးမြို့လေးတစ်မြို့၌ ကြာ့ကို ကျွန်တော်စတင်သိရှိခဲ့ရခြင်းဖြစ်သည်။ ကျွန်တော်နှင့်ကြာ၏ တွေ့ဆုံခင်မင်မှုက ရိုးစင်းလွန်းစွာ ဆန်းကြယ်ခဲ့၏။ ကြာ့ကိုစတင်တွေ့ဆုံချိန်၌ ကျွန်တော့်မှာ သားလေးတစ်ယောက်ရှိနေခဲ့ပြီ။ သားလေး အသက်က ၄နှစ်။ ကြာ့အသက်က ၂၃နှစ်။ ကျွန်တော့်အသက်က ၃၃နှစ်။ ဘယ်နေရာရောက်ရောက် အရာရာကို စပ်စုကြည့်တတ်သော ကျွန်တော့်ဝါသနာကြောင့် ကြာနှင့်ကျွန်တော် ရင်းနှီးခဲ့ခြင်းဖြစ်ပါသည်။


တကယ်ဆိုတော့ ဗြူတီပါလာတစ်ခုအတွင်း နေထိုင်အလုပ်လုပ်နေတဲ့ မိန်းမတစ်ယောက်နဲ့ ဆုံတွေ့ဖို့ အကြောင်းကိစ္စ ကျွန်တော့်မှာရှိသည်မှမဟုတ်ဘဲ။ သို့သော် ကြာနှင့်ကျွန်တော် ဆုံစည်းဖို့ရေစက်ပါလာခဲ့ ၏။ ခေါင်းက ရေလောင်းချကာ လျှော်လို့ရသည့် တိုနံ့နံ့ဆံပင်ကို ဗြူတီပါလာ သွား၍ ဇိမ်ခံရင်း အလျှော်ခံခဲ့၏။ ညောင်းလှသည်မဟုတ်ဘဲ ဗဟုသုတရရှိစေရန်အလို့ငှာ အနှိပ်ခံခဲ့၏။ ကျွန်တော်တွေ့ဖူး သမျှ အနှိပ်သည်ဆိုသူများက အသက်လေးဆယ်အထက် လူကြီးများသာဖြစ် ၏။ ပျော့ဖတ်အိစက်သော လက်ကလေးတွေနှင့် နုနုနယ်နယ်ကောင်မလေးတွေကို အနှိပ်သည်အဖြစ် ကျွန်တော် မတွေ့ဖူးခဲ့။

ဘာပဲဖြစ်ဖြစ် သူတို့ပညာကို ကျွန်တော်အသိအမှတ်ပြုရပေလိမ့်မည်။ အဲဒီကစလို့ ကျွန်တော်နှင့်ကြာ စကားများစွာ ပြောဖြစ်ခဲ့ကြ၏။ ကျွန်တော်က ကျွန်တော့်အမျိုးသမီး ကျွန်တော့်ကိုနှိပ်ပေးတိုင်း အားအင်ထုတ်နှိပ်ပေးရလွန်း၍ လက်အန်သေကာ မောပန်းလာတတ်ပုံကို ရယ်စရာလုပ်ပြောပြ၏။ ကြာက သဘောကျစွာ ပြုံးရယ်၏။ ပြီးတော့ ကြာ ကျွန်တော့်အမျိုးသမီးအကြောင်းကို ပြန်လည်မေးမြန်း၏။ ကျွန်တော်က သားလေးအကြောင်းကိုပါ ပြည့်ပြည့်စုံစုံ ပြောပြ၏။ ကျွန်တော့်မိသားစုအကြောင်းကို သူ အတော်စိတ်ဝင်တစားရှိခဲ့၏။

အစ်ကိုဟုခေါ်သော သူ၏အသံသည် ညီမတစ်ယောက်က အစ်ကိုရင်းဖြစ်သူကို လေးစားနှစ်လို မှုဖြင့် ခေါ်သောအသံမျိုးဖြစ်၏။ သူ့ကိုလည်း ကျွန်တော်ရိုးသားစွာပင် ညီမလေးဟုခေါ်ခဲ့ပါ၏။ သူ့နာမည်ကို ကျွန်တော်မေးမကြည့်မိခဲ့။ သူတို့ ဗြူတီပါလာမှ ပြန်ခါနီးတွင် ကျွန်တော့်၌ပါလာသည့် စာအုပ်တစ်အုပ်ကို သူ ကိုင်ယူကြည့်၏။ ထိုစာအုပ်မှာ ဆရာနန္ဒာသိန်းဇံ၏ ကြာစာအုပ်ငယ်ဖြစ်၏။

"စာအုပ်နာမည်က ကြာတဲ့နော် အစ်ကို။ ကျွန်မဖတ်ကြည့်ချင်လိုက်တာ"
နန္ဒာသိန်းဇံ၏ စာအုပ်ကို ဖတ်ကြည့်ချင်ပါသည်ဆိုလာသော ကောင်မလေးကို ကျွန်တော်အံ့သြတကြီး ကြည့်မိသွား၏။
 

"မင်းက စာဖတ်ဝါသနာပါသလား"
"ပါတယ်။ ခုတော့ မည်မည်ရရ မဖတ်ရတာကြာပါပြီ။ ဒီစာအုပ်လေးတော့ ဖတ်ကြည့်ချင်တယ် ကျွန်မနာမည်နဲ့ တူနေလို့"
"သြော်… ညီမလေးနာမည်က ကြာတဲ့လား"
"ဟုတ်တယ် အစ်ကို။ ကျွန်မကိုမွေးတော့ အိမ်ဘေးကရေကန်ကြီးမှာ ကြာပန်းတွေ လှိုင်လှိုင်ကြီးပွင့်တဲ့နေ့မို့ ကြာလို့ အဖေက ပေးခဲ့တာတဲ့။ ကျွန်မအမေက ကျွန်မကိုမွေးပြီး သေသွားခဲ့တာ။ ကြာပန်းတွေကို အမေကလည်း သိပ်ကြိုက်တာတဲ့"
"ကြာ့နာမည်နဲ့ တူလို့ ဒီစာအုပ်ကို ဖတ်ချင်တယ်ဆိုရင် ယူထားလိုက်လေ။ ကြာ့အတွက် အမှတ်တရလက်ဆောင်ပေါ့။ အရင်ကရော နန္ဒာသိန်းဇံ စာအုပ်တွေဖတ်ဖူးသလား"
"ကြားဖူးရုံပါ။ မဖတ်ဖူးပါဘူး။ နန္ဒာသိန်းဇံဆိုတာ ဦးသိန်းဇံရဲ့သားလားအစ်ကို။ ကျွန်မဆီမှာ ဦးသိန်းဇံရဲ့ စာအုပ်တစ်အုပ်ရှိတယ်။ အမျိုးသမီးရဟန္တာများစာအုပ်လေ။ ဖတ်လို့သိပ်ကောင်းတာပဲ အစ်ကို။ အဲဒီစာအုပ်ကိုတော့ မကြာခဏ ပြန်ဖတ်ဖြစ်တယ်"
"ကောင်းတာပေါ့။ ကြာ စာဖတ်ဝါသနာပါတယ်ဆိုရင် အစ်ကိုမပြန်ခင် စာအုပ်လက်ဆောင်လာပေးဦးမယ်။ ကြာ ဖတ်ဖူးတဲ့ အဲဒီဦးသိန်းဇံက စာရေးဆရာ ဆင်ဖြူကျွန်းအောင်သိန်းပဲ။ ဦးသိန်းဇံနာမည်နဲ့ အဲဒီစာအုပ်ကိုရေးတာ။ နန္ဒာသိန်းဇံအဖေမဟုတ်ဘူး။ ဒီစာအုပ် ညီမလေး အပိုင်ယူလိုက်တော့ ဟုတ်ပြီလား"
ကျွန်တော်ပေးလိုက်သည့် စာအုပ်လေးကို တယုတယကိုင်ကာ ကြာ ပြုံးပြုံးလေးခေါင်းညိတ်ပြ၏။ ပြီးတော့ ကျေးဇူးတင်ကြောင်း တဖွဖွပြောကာ မပြန်ခင် သူ့ဆီလာခဲ့ပါရန်နှင့် စာအုပ်တွေအကြောင်း လာပြောပြပါရန် တတွတ်တွတ်မှာနေပြန်၏။ ဘာမှမကြာသော နာရီပိုင်းလေးအတွင်း ကြာနှင့် ကျွန်တော်မောင်နှမရင်းပမာ ရင်းနှီးသွားခဲ့ရလေသည်။

                                                                 ***


ကျွန်တော်သည် လေ့လာစပ်စုချင်စရာတွေ အလွန်ပေါများသောမြို့ငယ်လေး၌ ၁၅ရက်ကြာနေထိုင်ခဲ့ရစဉ် အတွင်း ကြာနှင့်မိတ်ရင်းဆွေရင်းပမာခင်မင်ရင်းနှီးခဲ့၏။ ကြာ့ဆီသို့ ကျွန်တော်မကြာခဏ သွားရောက် လည်ပတ်ခဲ့၏။ သူငယ်ချင်းမိတ်ဆွေက 'ခင်ဗျား မိန်းမကို ကျွန်တော်ပြန်ပြောရမလား' ဟု စ,တော့ 'မလုပ်ပါနဲ့ဗျာ' ဟု ကျွန်တော်တားမြစ်မိခဲ့၏။ ကျွန်တော့်ဇနီး သီမှာ တစ်ရွာတည်းနေ ငယ်ရည်းစားဖြစ်ခဲ့သော်လည်း မိန်းမပီပီ အလွန်သ၀န်တိုတတ်သူဖြစ်လေ၏။ သို့ပေမယ့် ကြာဆိုသော အမျိုးသမီးငယ်တစ်ယောက်နှင့် ကျွန်တော်ရိုးသားသန့်စင်စွာ ခင်မင်ရင်းနှီးခဲ့သည့် အကြောင်းကို အချိန်ကျတော့ ကျွန်တော့်ဇနီး သ၀န်မတိုအောင် ပြန်ပြောပြနိုင်ခဲ့ပါ၏။

ကြာ၏ ဇာတ်လမ်းအဆုံး၌ စိတ်ဝင်တစားနားထောင်ခဲ့သော ဇနီးသည် သီက 'ကြာ့ကို သီ တွေ့ဖူးချင်လိုက်တာ အစ်ကိုရယ်' ဟု လှိုက်လှိုက်လှဲလှဲ ဆိုခဲ့ချေ၏။ လူတကာ၏ ခန္ဓာကိုယ်တို့အား ခြေအဆုံးခေါင်းအဖျား စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ၀တ္တရားကျေပွန်စွာ နှိပ်နယ်ပေးနေရသော လခစား အမျိုးသမီးတစ်ဦး ၏ လေးစားချစ်ခင် ဖွယ်ကောင်းသော ဖြူစင်သည့် စိတ်ရင်းအမှန်ကို သီ သဘောပေါက် နားလည်သွားခဲ့သည် ထင်ပါရဲ့။

                                                                  ***

ကြာ့ကို မြန်မာပြည်အလယ်ပိုင်း ဖုန်ထူထူမြို့လေးတစ်မြို့၌ လက်လုပ်လက်စား လင်မယားနှစ်ယောက် မှ မွေးဖွားခဲ့၏။ ကြာ့ကို မွေးပြီးပြီးချင်း အမေဆုံး၏။ အဖေက ကြာ တစ်နှစ်အရွယ်တွင် တစ်မြို့တစ်ရွာ၌ စီးပွားရှာမည်ဟုဆိုကာ ထွက်သွားခဲ့၏။ အစ်မဖြစ်သူနှင့်ကြာမှာ အဘွားနှင့်ကျန်ရစ်ခဲ့၏။ အဘွားက အကြော်,ကြော်ရောင်းခဲ့၏။ အနှိပ်သည်လုပ်၏။ ဒီလိုနှင့်ပင် ကြာတို့ညီအစ်မ အရွယ်ရောက်လာခဲ့၏။ အကြော်,ကြော်လိုက်၊ အနှိပ်သည်လုပ်လိုက်နှင့် ဆင်းရဲခြင်းကြီးစွာ ကြာတို့ကို လုပ်ကိုင်ကျွေးခဲ့သော အဘွား၏ မျက်လုံးအစုံမှာလည်း တစ်နေ့တခြားေ၀၀ါးလာခဲ့၏။

ကြာတို့ ညီအစ်မနှစ်ယောက်က အကြော်ကူရောင်းရင်း ကျောင်းတက်ခဲ့၏။ ကြာ့ကို ငဲ့ညှာသော အစ်မက ခြောက်တန်းအောင်တော့ ကျောင်းထွက်လိုက်၏။ အဘွားနေရာ၌ အစ်မ အစားဝင်ရောက်လေ၏။ ကြာ ရှစ်တန်းအောင်သည့်နှစ်၌ အဘွား၏မျက်လုံးများက ဆီအိုးထဲတွင် ဆီရှိမှန်း မရှိမှန်း ခွဲခြားလို့မရနိုင်အောင် မှုန်ဝါးနေချေပြီ။

ကြာသည် အဘွားနှင့်အစ်မကို ကြည့်ကာ ကျောင်းတက်နေရသည်ကို မပျော်ရွှင်နိုင်တော့ချေ။ အဘွား မျက်လုံးတွေကို ခေတ်မီဆေးဝါးတွေနှင့် ကုသပေးနိုင်လျှင် သို့မဟုတ် ခွဲစိတ်နိုင်လျှင် လောကကြီးကို ကြည်ကြည်လင်လင် ပြန်မြင်ရဦးမည်ဟု ကြာ ယုံကြည်နေခဲ့၏။ အဲဒီအချိန်၌ပင် ကြာ့ဘ၀ကို တစ်ဆစ်ချိုး ကွေ့ကောက်စေမည့်အကြောင်း ဖန်လာခဲ့၏။

ကြာတို့မြို့သို့ ဧည့်သည်အဖြစ်ရောက်လာသော အမျိုးသမီးကြီးတစ်ယောက်နှင့်ကြာ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့၏။ ထိုအမျိုးသမီးက အလှပြင်ဆိုင်ပိုင်ရှင်ဟု ကြားသိရ၏။ ကြာ တတ်မြောက်ချင်ပါသည်ဆိုလျှင် အလှပြင်ပညာကို သင်ပေးမည်။ နေရေး၊ စားရေး ပူစရာမလို။ သင်တန်းကာလ၌ပင် လစာပေးမည်။ ကြာ့တာဝန်ကို သူ ယူမည်ဟု ဆိုလာသောအခါ ကြာ ၀မ်းသာအားရပင် လက်ခံလိုက်မိတော့၏။ အဘွားနှင့် အစ်မက သဘောမတူချင်။

သို့သော် ကြာသည် အမိုးပေါက်ပြဲကာ ခနော်ခနဲ့ဖြစ်နေပြီဖြစ်သော အိမ်လေးကို ယခုနှစ်မှပြန်လည်မပြင်ဆင်လျှင် ဘယ်လိုမှနေ၍မဖြစ်တော့ဟု အကြောင်းပြလျက် အမျိုးသမီးကြီး ဇွတ်အတင်းပေးလာသည့် ကြိုတင်ငွေကို အဘွားဆီထိုးအပ်ကာ ဇာတိမြေကို စွန့်ခွာကျောခိုင်းခဲ့လေသည်။
အဲဒီတုန်းက ကြာသည် ငွေကို ငမ်းငမ်းတက်လိုချင်မက်မောနေခဲ့သည်မှာ အမှန်ပဲဖြစ်၏။ အဘွားအတွက်ကြာ ငွေလိုချင်ခဲ့သည်။ အစ်မအတွက် ကြာ ငွေလိုချင်ခဲ့သည်။ ပျောက်ဆုံးနေသောအဖေကို ရှာဖွေရန် ကြာ ငွေလိုချင်ခဲ့သည်။ ကြာ၏ရုပ်ခန္ဓာကို ဖြည့်ဆည်းဖို့အတွက် ကြာ ငွေလိုချင်ခဲ့သည်မဟုတ်။ ကြာလိုချင်မက်မောသော ငွေတွေတော့ ရခဲ့ပါ၏။ တစ်လလုံးအကြော်ရောင်းလို့မမြတ်သောငွေတွေကို ကြာ တစ်ရက်တည်းနှင့်ရခဲ့၏။ ကြာသည် ကြာကိုယ်တိုင်၏ ရုပ်ခန္ဓာကို ဖြည့်ဆည်းအသုံးချ ရန် ငွေရှာခဲ့ခြင်းမဟုတ်ပါဘဲလျက် ကြာ၏ ရုပ်ခန္ဓာကိုမူ ဖြည့်ဆည်းအသုံးချ ခံခဲ့ရ၏။


ကြာ၏ဘဝသည် ရေပြင်ပေါ်သို့တက်၍ ဘယ်တော့မှ မပွင့်နိုင်သော နုန်းညွန်ထဲ၌ တန်ဖိုးမဲ့စွာ မအောင်မြင်ဘဲ ပျက်စီးသွားရသည့်ကြာတစ်ပွင့်ပမာ စုံးစုံးမြုပ်ခဲ့ရ၏။ ငွေမရှိသောကြာ သည် ငွေအရှိ လွန်နေသည့် လူများကြောင့် ရွှံနွံထဲ ရောက်ခဲ့ရ၏။

ဆင်ခြင်တုံတရားအားနည်းသေးသောကြာကို ညစ်ပတ်ပုပ်သိုးနေသည့် ရွှံနွံထဲက ရုန်းမထွက်နိုင်အောင် သူတို့ အင်နှင့်အားနှင့် ဖိထားခဲ့ကြသည်။ သို့ပေမယ့် ကြာသည် ကြာပင်ဖြစ်ခဲ့လေသည်မဟုတ်လား။ ကြာ သည် ရွှံနွံများ၏ မသတီဖွယ်အပုပ်နံ့ကို မခံမရပ်နိုင်အောင် ဖြစ်လာခဲ့၏။ ဒီတော့ ကြာ ဇွတ်တိုး၍ ရုန်းထွက်ကြည့်၏။ ကြာနှင့် အလုပ်အတူလုပ်ခဲ့သောအမျိုးသမီးငယ်လေးသည် ကြာ့ကို သင်ခန်းစာ များစွာ ပေးသွားခဲ့လေသည်။ သူသည် သူ၏ ရုပ်ခန္ဓာကို တစ်စက်ကလေးမှ အပွန်းပဲ့အစွန်းအထင်းမခံဘဲ ရဲရင့်ခိုင်မာသောစိတ်ဓာတ်ဖြင့် ငွေရှာကာ သူ၏ ဇာတိမြို့လေးဆီသို့ အောင်မြင်စွာ ပြန်သွားနိုင်ခဲ့၏။ သူမပြန်ခင် ကြာ့အတွက် လက်ဆောင်ပေးခဲ့သောစာအုပ်က ဦးသိန်းဇံ၏ အမျိုးသမီးရဟန္တာများ စာအုပ် ဖြစ်လေသည်။

                                                              ***

ကျွန်တော်အတော်ပင် အံ့သြသွားခဲ့ရပါသည်။ ကြာသည် နိဗ္ဗာန်ရောက်ကြောင်း ၀ိပဿနာတရားကို အားထုတ်ခဲ့ဖူးသည်တဲ့။ ကြာနှင့်တွေ့သည့်အချိန်၌ ကျွန်တော်တရားအားထုတ်ဖူးခြင်း မရှိသေးပါ။
ကြာက 'အစ်ကို တရားထိုင်ကြည့်ပါလား။ သိပ်အေးချမ်းတာ အစ်ကိုရဲ့။ ကြာတော့လေ ရိပ်သာမှာ တရားအားထုတ်ခဲ့ရတဲ့ ၂၁ရက်ကာလကို ဘယ်တော့မှ မမေ့ဘူး' ဟု ဆိုသောအခါ ကြာ့ကို တရားအကြောင်းပြောပြမည့် ကိုယ့်စိတ်ကူးကိုယ် ရယ်ချင်သွားမိတော့၏။ 'ဒါနဲ့များ ကြာ ဘာကြောင့် ဒီဘဝထဲက ရုန်းမထွက်နိုင်သေးတာလဲ' ဟု မေးတော့ ကြာ ရယ်မောလေ၏။ ထို့နောက်တော့ 'ကြာ့ကို ဖိစီးထားတဲ့ ရွှံနွံတွေက အင်အားပိုကြီးနေလို့ပေါ့' ဟု လေးနက်စွာ ဖြေကြားခဲ့၏။

ကြာသည် သူ၏ လက်ရှိဘ၀ကို နာကြည်းစွာ လှောင်ပြောင်သရော်ပြတတ်သေး၏။ 'ကျွန်မတို့က မျိုးနဲ့ရိုးနဲ့ကို သူတစ်ပါးကို ပြုစုလုပ်ကျွေးဖို့ ဇာတာပါတာနေမှာ အစ်ကိုရဲ့။ ကျွန်မအဘွားက အနှိပ်သည်ကြီးလေ။ အမေကလည်း အဘွားပေးထားတဲ့ ပညာနဲ့ ခေါ်သူရှိရင်အနှိပ်လိုက်သေးတာပဲ။ ကျွန်မကိုတော့ အနှိပ်ပညာ သင်မပေးခဲ့ဘူး။ မျိုးရိုးကရှိပြီးသားဆိုတော့ မနေဘူးလေ' ဟု ဆိုကာ သူ့ဘာသာ သဘောကျဟန်မျိုးဖြင့် ရယ်မောနေတတ်သေး၏။ အများအားဖြင့်တော့ ကြာသည် ပေါ့ပေါ့တန်တန် စကားများကို ပြောဆိုလေ့မရှိချေ။

ကြာသည် သုံးဆယ့်တစ်ကမ္ဘာထက်၌ ပွင့်တော်မူသော သိခီမြတ်စွာဘုရားလက်ထက်က ခီဏာသာဝရဟန္တာမ ချေဆတ်မိသည်ကို 'အဘယ်ပြည့်တန်ဆာမသည် စေတီရင်ပြင်၌ တံတွေးပေါက်ကိုချပါလိမ့်မည်း' ဟု ဆဲဆိုရေရွတ်ခဲ့မိသော မကောင်းမှုဝစီကံကြောင့် ငရဲကျ၍ ဘ၀ပေါင်းတစ်သိန်းပြည့်တန်ဆာမဖြစ်ခဲ့သော အမ္ဗပါလီဝတ္ထုကို လက်ဆောင်ပေးမည့်အကြောင်းပြောတော့ မပေးသေးသည့်စာအုပ်အတွက် ကျေးဇူးတင်စကားတွေ ဆိုနေခဲ့၏။


ကြာသည် ကျွန်တော့်ကို အစ်ကိုရင်းတစ်ယောက်သဖွယ် သဘောထားခဲ့ဟန်တူပါသည်။ ကျွန်တော်စာတိုပေစလေးများ အချိန်ရလျှင်ရသလို ရေးတတ်သည်ကိုသိသောအခါ သူ့အကြောင်း ၀တ္ထုတစ်ပုဒ်ရေးဖွဲ့ဖို့ တောင်းဆိုခဲ့၏။ သူ့ဘ၀အကြောင်း က,မှ အ,အဆုံး မမောနိုင်မပန်းနို င် ပြောပြနေခဲ့သည်မှာ အလုပ်တာဝန်ပင် ပျက်ကွက်သည်အထိ။

"ကြာ့အကြောင်းကိုရေးရင်လေ မိန်းကလေးတွေရဲ့စိတ်လေးတစ်ခုကို အသေးစိတ်ရေးစမ်းပါ အကိုရယ်။ ဟော့ဒီ လောကကြီးမှာလေ မပျက်စီးချင်ဘဲပျက်စီးနေရတဲ့ မိန်းမတွေထက် ပျက်စီးချင်လို့ ပျက်စီးခံနေကြတဲ့ မိန်းမတွေကပိုပြီး ရွံစရာကောင်းတယ်ဆိုတာလည်း ထည့်ရေးဦး။ အဲဒါကတော့ ကြာ့ရဲ့ ဒဿနပေါ့နော်အစ်ကို။ ရေးပေးမယ်မို့လားဟင်အစ်ကို။ လူတွေဟာ တစ်ခါတစ်ခါကျတော့ အမှန်ကိုအမှန်မှန်းသိပေမယ့် မရေးရဲမပြောရဲကြဘူး အစ်ကိုရဲ့။ ကျွန်မအကြောင်းကို များ ရေးရင်တောင်လေ အမှန်အတိုင်းသာ ရေးစမ်းပါ။ အစ်ကို ရေးမယ်မဟုတ်လား"

"အေးပါ၊ ရေးမှာပေါ့။ ရေးပြီးရင် ညည်းဆီ ပို့လိုက်ပါ့မယ်" ဟု သူကျေနပ်အောင် ကျွန်တော်ကတိပေးခဲ့ပါ၏။ နောက်တော့ ကြာသည် ကျွန်တော်နှင့်စကားပြောတိုင်း 'အဲဒါကို ၀တ္ထုထဲမှာ ထည့်ရေးလိုက်နော်အစ်ကို။ အဲဒါကိုတော့ ၀တ္ထုထဲ ထည့်မရေးနဲ့ပေါ့ အစ်ကိုရယ်' ဟု မကြာခဏပြောလေ၏။

ကျွန်တော်နှင့်တွေ့ရသော ကြာ့မျက်လုံးများသည် တလက်လက်တောက်ပကာ ရယ်မြူးရိပ်တွေ သမ်းနေခဲ့၏။ အလုပ်ခွင်၌တွေ့ရသော ကြာ့မျက်လုံးများကမူ မှုန်တည်လျက် တစ်စုံတစ်ခုကို နာကြည်းရန်လိုနေသော မထီတရီ မျက်ဝန်းများဖြစ်နေ၏။

ကျွန်တော်တွေ့ခဲ့သောကြာသည် ဆင်ခြင်တုံတရား နည်းပါးသော အရာရာကိုယုံစားအထင်ကြီးလွယ်သော ပိုးသားမျှင်လေးပမာ နူးညံ့သည့်ကောင်မလေးမဟုတ်တော့ချေ။ ကျွန်တော်နှင့်ရင်းနှီးခဲ့သောကြာ သည် လောကကြီးကို အထက်စီးမှကြည့်ကာ သရော်လိုသော၊ တန်ဖိုးမဲ့စကားများကိုသာ ဆိုတတ်သော ပါးစပ်ပေါက်များကို မဲ့ရွဲ့ကြည့်ချင်တတ်သော အထက်တန်းစားဆိုသည့် အရာတွေကို လျှို့ဝှက်စွာ ခနိုးခနဲ့ပြုံးကြည့်တတ်သော ကြမ်းရင့်စူးရှသည့် ပွင့်ချပ်များနှင့် အမျိုးသမီးတစ်ယောက် ဖြစ်နေလေပြီ။

ကြာသည် လျှို့ဝှက်ဆန်းကြယ်သော စကားများကိုပြောဆိုတတ်သူလည်းဖြစ်၏။ ကြာသည် ဘာအကြောင်း၊ ဘယ်သူ့အကြောင်းရယ်ဟု နိဒါန်းမချီဘဲ သူ့စိတ်ထဲတွေ့ရာကို ပြောဆိုသွားလေ့ရှိ၏။ တချို့အကြောင်းအရာ များမှာ ကျွန်တော်သိပ်နားမလည်လှပေမယ့် နှစ်ခါထပ်မမေးသင့်သည့် အကြောင်းအရာမျိုး မဟုတ် တာကြောင့် ခေါင်းညိတ်၍သာ နားထောင်လိုက်ရ၏။

"သူတို့က နားသာရှိပြီး ပါးစပ်မပါတဲ့ လူမျိုးကိုသာ လိုချင်တာလေ။ ကျွန်မကလည်း ရှိတဲ့နားကိုဖြုတ်ပြီးနေလိုက်တာ။ ခုဆိုရင် ကျွန်မကို သူတို့ သိပ်မလိုချင်တော့ပါဘူး။ ကျွန်မဘယ်သွားသွား လွှတ်လိုက်မှာပဲ။ အရင်တုန်းကဆိုရင် တရားစခန်းဝင်တာတောင် ကျွန်မပြန်သွားမှာကြောက်လို့ ဇွတ်လိုက်ခေါ်တယ်။ ကျွန်မကို သီလရှင်ဝတ်မှာလို့ ထင်နေသလားမသိပါဘူး။ ဆရာတော်ဘုရားကိုတောင် ကျွန်မကို သီလရှင်ဝတ်မပေးဖို့ လာပိတ်သေးတာ။ ကျွန်မကလည်း ဘယ်ရမလဲ။ သူတို့ဆီက ရသမျှတော့ ယူထားလိုက်တာပဲ။ ကျွန်မမှာ လုပ်စရာလေးရှိသေးလို့ ငွေလိုနေသေးတယ်လေ။ အိမ်အတွက်တော့ ငွေ မလိုတော့ပါဘူး။ အဘွားလည်းသေပြီ။ အစ်မလည်းယောက်ျားရသွားပြီ။ ဒါပေမယ့် ကျွန်မ ငွေလိုချင်သေးတယ်။ အရင်ကလိုတော့ ငမ်းငမ်းတက်မမက်တော့ပါဘူး။ ခုနေခါမှာ တစ်ယောက်ယောက်ကများ ကျွန်မကို သုံးမကုန်တဲ့ငွေတွေ ပုံပေးမယ်ဆိုရင်တောင် ကျွန်မ ပါးစပ်ပိတ်ပြီး နေနိုင်မှာမဟုတ်တော့ဘူး"


"ကျွန်မအကြောင်း ၀တ္ထုရေးရင် ပါးစပ်ပိတ်ပြီးနေနိုင်တဲ့ မိန်းမတွေအကြောင်းပါ ထည့်ရေးနော်။ ကျွန်မတော့လေ လောကကြီးမှာ ပါးစပ်ပိတ်ပြီးနေနိုင်တဲ့ အထက်တန်းစားမိန်းမတွေကို အရွံဆုံးပဲ။ သူတို့က အထက်တန်းစားမိန်းမတွေကို ပိုကြိုက်တာ အစ်ကိုရဲ့"

ကျွန်တော်မေးခွန်းပြန်ထုတ်ခွင့်မရလိုက်သော ကြာ့စကားတွေ၏အဓိပ္ပါယ်ကို ကျွန်တော် အရှည်ကြီး တွေးယူကြည့်မိပါသည်။ ကြာနှင့်တွေ့လျှင် ကျွန်တော်သည် ကိုယ်ကစကားပြောဖို့ထက် ကြာပြောသည့်စကားတွေကိုသာ အလေးထားနားထောင်နေချင်ခဲ့၏။ ဘာမှမကြာလိုက်သည့် အချိန်ပိုင်း ကလေးအတွင်း ကြာအပေါ် သံယောဇဉ်တွယ်ခဲ့တာ အမှန်ပဲဖြစ်၏။ ထိုအကြောင်းကိုမူ ကျွန်တော့်ဇနီး သီအား ၀န်ခံချက်မပေးခဲ့မိပါ။ ကြာနှင့်ပတ်သက်၍ ကြာ့ဘက်က ကျွန်တော့်အပေါ် အပြစ်ကင်းဖြူစင်ခဲ့သလောက် ကျွန်တော့်ဘက်က ကြာ့အပေါ် အပြစ်မကင်းခဲ့။

ကြာနေထိုင်ရာ မြို့လေးမှ ကျွန်တော်မပြန်မီ သွားနှုတ်ဆက်တော့ ကြာက သူစွပ်ထားသည့် ကျောက်စိမ်းလက်စွပ်လေးကို ချွတ်ကာ ကျွန်တော့်ကိုပေးခဲ့၏။ 'လက်မခံပါရစေနဲ့' ဟု ကျွန်တော် အတန်တန်ငြင်းတော့ ကြာ မျက်ရည်ကျလေ၏။ 'ကြာ့လက်တွေကို ရွံလို့လား' ဟု မေးတော့ ကျွန်တော် အတော်စိတ်ထိခိုက်ခဲ့ရ၏။ 

"ကြာလည်း ကြာ့လက်တွေကို ရွံနေပါပြီ။ ကြာလေ ရိပ်သာမှာ တရားအားထုတ်နေတုန်းက တတ်နိုင်သလောက် အလှူပြုတာတောင် ဒီလက်တွေနဲ့ ကိုယ်တိုင်မလှူရဲလို့ သူများကိုကပ်ခိုင်းခဲ့တယ်။ အင်မတန်သန့်စင်မြင့်မြတ်တဲ့ သံဃာတွေကို ကြာ့ရဲ့လက်တွေနဲ့ တိုက်ရိုက်မကပ်ရဲခဲ့လို့လေ။ ဘုန်းဘုန်းကြီးက သိတယ်ထင်ပါရဲ့ အစ်ကိုရယ်။ ကြာ့ကိုလေ ရိပ်သာကျောင်းကြီး ကို ဆေးသုတ်ခွင့်ပေးခဲ့တယ်။ အလုပ်သမားတွေနဲ့အတူ ကြာကိုယ်တိုင် ဆေးလိုက်သုတ်ခဲ့ရတာ။ ကြာက အလှူရှင်ပေါ့"

"ကောင်းတာပေါ့ကွာ…၊ ညီမလေး ကုသိုလ်တွေ အများကြီးရနေပြီပဲ။ အစ်ကို့ကို လက်ဆောင်ပေးလို့ ညီမလေး ကုသိုလ်ရမှာမဟုတ်ဘူး။ အစ်ကိုက မြင့်မြတ်တဲ့ ပုဂ္ဂိုလ်မှမဟုတ်ဘဲ"
"သိပါတယ် အစ်ကိုရဲ့။ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ပေးလှူခြင်းသည်သာ အမြတ်ဆုံးဆိုတာ အစ်ကိုပြောပြလို့ ကျွန်မသိပါပြီ။ ဒါက ကျွန်မအပေါ် ဖြူဖြူစင်စင် မေတ္တာထားခဲ့တဲ့ အစ်ကို့ကို ကျွန်မကလည်း အဖြူစင်ဆုံးအနေနဲ့ ပေးတာမျိုးပါ။ ကျွန်မနဲ့ တွေ့ကြုံဆက်ဆံဖူးသမျှ လူတွေက ကျွန်မဆီကသာ လိုချင်ကြတာ။ ကျွန်မကိုတော့ ဘာမှပေးသွားတာမဟုတ်ဘူး။ အစ်ကိုက ကျွန်မဆီက ဘာတစ်ခုမှမယူဘဲ ကျွန်မလိုချင်တာတွေ အများကြီးပေးသွားတဲ့လူပါ"

ကျွန်တော် ကြာ့ကို အချိန်အတော်ကြာ ငေးကြည့်နေမိခဲ့၏။ ကျွန်တော့်ဆီက သူ ဘာတွေရလိုက်တာပါလိမ့်။ ကျွန်တော်သူ့ကိုပေးခဲ့သည်မှာ စာအုပ်ငါးအုပ်တည်းသာ ဖြစ်၏။

"ဒီ လက်စွပ်လေးကို အစ်ကို့ဆီမှာ မထားချင်ဘူးဆိုရင်လည်း အစ်ကိုပေးချင်တဲ့သူကို ပေးလိုက်ပါ အစ်ကို၊ ကျွန်မပေးတာကိုတော့ ယူပါနော်။ အစ်ကိုနဲ့ ကျွန်မ ဒီထက် သန့်စင်မွန်မြတ်တဲ့ နေရာလေးတစ်ခု မှာ ပြန်ဆုံပါရစေလို့ ကျွန်မဆုတောင်းနေပါ့မယ်"

ကြာ့ဆန္ဒကို ကျွန်တော်မငြင်းရက်တော့ပါ။ ခရီးသွားဟန်လွှဲခင်မင်ခွင့်ရခဲ့သော အမျိုးသမီးငယ်တစ်ဦးအပေါ် ကျွန်တော်အသိအမှတ်မပြု၊ အလေးအနက်မထားဘဲ မနေနိုင်တော့ပါ။ ကြာ့လက်စွပ်ကလေး ကိုယူကာ နှုတ်ဆက်စကားကိုဆို၍ ကျွန်တော်လှည့်ထွက်ခဲ့တော့ တိုးသဲ့သဲ့ရှိုက်သံလေးများကို ကြေကွဲစွာ ကြားလိုက်ရလေတော့သည်။

                                                                  ***
 

"ဆရာနန္ဒာသိန်းဇံကို တွေ့ရင်ပြောလိုက်ပါနော် အစ်ကို။ ကြာ ဟာ ဆရာ့စာအုပ်ကိုဖတ်ပြီး ကြာပန်းပွင့်ရဲ့ အစွမ်းသတ္တိမျိုးတွေရအောင် မွေးမြူချင်စိတ်တွေ ပေါ်ပေါက်လာခဲ့ပါတယ်လို့" ဟု မှာခဲ့သော ကြာ့ကို ကျွန်တော့်အမျိုးသမီးလက်မှ်ကျောက်စိမ်းလက်စွပ်လေးကို မြင်လျှင် သတိရမိ၏။ ကျွန်တော်သည် ကြာပေးလိုက်သည့် လက်စွပ်ကို စွပ်မထားရဲသဖြင့် ဇနီးဖြစ်သူကို အိမ်ပြန်လက်ဆောင်အဖြစ် ပေးလိုက်၏။ အတော်လေး အရည်ကောင်းသော ကျောက်စိမ်းလက်စွပ်လေးကို ပိုင်ဆိုင်ခွင့်ရသည့် ဇနီးသီ အလွန်ကျေနပ်ပျော်ရွှင်သွားသည်ကိုကြည့်ရင်း မျက်ရည်ဝဲလျက် ကျန်ရစ်ခဲ့သော ကြာ့မျက်နှာကို ကျွန်တော်မြင်ယောင်သွားမိ၏။ လူကြီးလူကောင်းမပီသသော ကျွန်တော်သည် ခုမှဆုံတွေ့ခင်မင်လာသည့် မိန်းမတစ်ယောက်ကပေးလိုက်သည့်လက်စွပ်ကို ယူလာခဲ့ခြင်းအတွက် ဇနီးသည်ကိုရှက်နေမိ၍ တစ်ကြောင်း၊ ဇနီးသည်စစ်ဆေးမေးမြန်းမှုလုပ်နေလျှင် ကိစ္စရှည်နေမည်စိုး၍တစ်ကြောင်း၊ အလုပ်တစ်ခုဖြစ်မြောက်ခဲ့၍ ကျွန်တော့်ဘာသာဝယ်လာပုံမျိုးဖြင့် လက်စွပ်ကို သီ့အား ပေးခဲ့ခြင်းဖြစ်၏။

အပြစ်ကင်းစင်သော ကြာ၏ အဖြူရောင်မေတ္တာအပေါ် အထင်သေးခဲ့သော ကျွန်တော်သည် ထိုလက်စွပ်ကိုမြင်တိုင်း မလုံမလဲ ဖြစ်ရလေ၏။ နောက်တော့ ကျွန်တော် မနေနိုင်တော့သဖြင့် ကြာ့ အကြောင်းအလုံးစုံကို ဇနီးသည်အား ဖွင့်ပြောပြမိလေ၏။ ဇနီးသည်က ကြာ့ကို ချီးကျူးကာ (သူ့လက်စွပ်ရ၍မဟုတ်ပါ) ကျွန်တော့်ကို အပြစ်တင်လေ၏။ နောက်ပိုင်း၌ ကျွန်တော်နှင့်သီ နှစ်ယောက် သား ကြာ့အကြောင်းကို မကြာခဏ ပြောဆိုဆွေးနွေးဖြစ်ကြ၏။

ကြာပန်းများကို နှစ်သက်မြတ်နိုးတတ်သော ဇနီး သီ သည်လည်း ကျွန်တော့်လိုပင် ကြာပန်းများကိုမြင်တိုင်း ကြာ့ကို မြင်ယောင်ကြည့်နေမိသည်တဲ့။ ကြာသည် သူ့ကိုဖိစီးထားသော ရွှံနွံကြီးကို ထိုးဖောက်ကာ လောကရေပြင်ပေါ်သို့ ရောက်ရှိခဲ့ပြီလား ကျွန်တော်တို့ မသိနိုင်ပါ။ ကျွန်တော်တို့ကမူ ကျွန်တော်တို့လေးစား အထင်ကြီးခဲ့ရသော စိတ်နှလုံးဖြူစင်လှသည့် ကြာ့ကို ဆရာနန္ဒာသိန်းဇံ ညွှန်းပြုဖွဲ့ဆိုသော ကြာပန်းများကဲ့သို့ လောကရေပြင်ပေါ်၌ ငွားငွားစွင့်စွင့် တင့်တယ်စွာ ပွင့်လန်းနေမည်ကို မြင်လိုလှပါသည်။

                                                             ***

ကျွန်တော်သည် ကြာပန်းများကို ကြည့်ရင်း ကြာ့အကြောင်းကို ဘယ်လောက်ကြာ ကြာ တွေးနေမိခဲ့ သည်မသိ။ ဇနီးဖြစ်သူ ဘုရားခန်းထဲဝင်လာကာ အသံပြုလိုက်မှ လက်ရှိဘ၀ထဲ ပြန်ရောက်တော့၏။

'ဟော့တော် အစ်ကို့ကို ဘုရားဝတ်ပြုနေတယ် အောက်မေ့တာ။ မတ်တတ်ကြီး တရားမှတ်နေတာလည်းမဟုတ်ပါဘူးနော်။ ဘာတွေများ ဒီလောက်ကြာကြာ တွေးနေတာလဲ အစ်ကိုရဲ့။ သြော်… သိပြီ သိပြီ။ ကြာ့အကြောင်း စဉ်းစားနေတာမဟုတ်လား။ သီလည်း ဒီမနက်သူ့ကို ထူးထူးခြားခြားကို သတိရနေမိတာ။ မနက်စောက သီ့တပည့်လေးတစ်ယောက် ကြာပန်းတွေလာပေးတော့ ချက်ချင်းပဲကြာ့ကို သတိရသွားတာ။ ခု သူ ဘယ်များရောက်နေမလဲမသိဘူးနော်။ သူ့အဖေနဲ့ပြန်တွေ့နေပြီလား မသိဘူး" 

"ကြာ အဲဒီမြို့မှာ မရှိတော့ဘူးလို့ပြောတယ် သီ။ အိမ်ထောင်နဲ့ အတည်တကျ ဖြစ်ရင်လည်း ဖြစ်နေရောပေါ့။ သူ့အဖေနဲ့ပြန်တွေ့ဖို့ဆိုတာတော့ မလွယ်ပါဘူးကွာ။ သူ့မှာ တစ်ခုခုလုပ်စရာ ရှိနေသေးပုံမျိုး ကိုယ့်ကိုပြောဖူးတာပဲ။ ကြာက အင်မတန်ဆန်းကြယ်တဲ့ ကောင်မလေးကွ"
"ဟုတ်တယ်နော် အစ်ကို။ သူ့အကြောင်းလေးက သာမန်ထက်ပိုပြီးဆန်းတယ်။ အစ်ကို ၀တ္ထုရေးမယ်ဆိုတာ ခုထိမရေးသေးဘူးနော်"
"စိတ်ကူးထဲမှာ အမြဲတမ်းရေးနေတာပဲ။ ဒါပေမယ့် ဇာတ်လမ်းကို ဘယ်လိုအဆုံးသတ်ရမလဲဆိုတာ ခုထိ စဉ်းစားလို့မရသေးဘူး"
"စဉ်းစားလို့မရရင်လည်း ခုတော့ ရပ်ထားလိုက်ဦး အစ်ကိုရေ့၊ သီတို့ ဘုန်းကြီးကျောင်း သွားရဦးမှာ နောက်ကျနေပြီ"

ကျွန်တော့်သားလေး ရှင်ပြုမည့်ကိစ္စအတွက် ဘုန်းကြီးကျောင်းသို့ လျှောက်ထားရန်သွားကြရမည်ဖြစ်၏။ ကျွန်တော်တို့နှစ်ယောက်သည် ကိုယ့်ရပ်ကိုယ်ရွာ မဟုတ်သောမြို့တစ်မြို့၌ တာဝန်နှင့်နေထိုင်ခဲ့ကြရာမှာ ယခု အခြေချနေထိုင်ဖြစ်လေပြီ။ သားဖြစ်သူပင် အသက်ကိုးနှစ်ပြည့်ပြီမို့ ကျွန်တော်တို့လင်မယား ချွေတာ စုစောင်းခဲ့သော ငွေကလေးနှင့် ရှင်ပြုပေးဖို့ ဆုံးဖြတ်ထားခဲ့ကြ၏။ ကြီးကြီးကျယ်ကျယ် လုပ်ဖို့တော့မဟုတ်။ သားငယ်ကို သာသနာ့ဘောင်သို့သွင်းကာ ဆွမ်းစားကျောင်းဆောင်တစ်ခု လှူဒါန်းမည့်ပွဲလေးသာဖြစ်၏။

ကြာ့အပေါ် ကရုဏာစိတ်ဖြင့် ကြင်နာသနားနေမိသော ကျွန်တော်တို့နှစ်ယောက်သည် ကြာပေးခဲ့သော လက်စွပ်လေးကိုပါရောင်းချ၍ ဘုန်းကြီးကျောင်း၌ တိုးချဲ့ဆွမ်းစားဆောင်လေးတစ်ခု ဆောက်လုပ်လှူဒါန်း ရန် စီမံထားခဲ့ကြပြီ။ 'အင်မတ် ဖြူစင်မြင့်မြတ်တဲ့ သံဃာတွေကို အလှူအတန်းပြုတဲ့အခါ ကိုယ်လှူတဲ့ အလှူပစ္စည်းကိုတောင် ကြာ့လက်နဲ့ ကိုယ်တိုင်မကပ်ဝံ့ပါဘူး အစ်ကို' ဟုဆိုခဲ့သော ကောင်မလေးကို ကျွန်တော်လွမ်းလွမ်းဆွတ်ဆွတ် သတိရနေမိ၏။ ကြာကရော ကျွန်တော့်ကို သတိမှရပါသေးရဲ့လား။ ဒါလည်း ကျွန်တော်မသိနိုင်ပါ။
 
                                                                    ***

ကျွန်တော်တို့နှစ်ယောက်သည်သားရှင်ပြုမည့်ကိစ္စကို ကျောင်းထိုင်ဆရာတော်အား လျှောက်ထားပြီးနောက် ဘုန်းကြီးကျောင်း ပရိဝုဏ်အတွင်း လှည့်ပတ်ကြည့်ရှူနေမိကြ၏။ ထုံးစံတိုင်း သီက ကျောင်းဝိုင်းအတွင်း ကြာကန်ကြီးဆီသို့ဦးတည်သွား၏။ အရှေ့ကသွားနေရာမှ နောက်မှာကျန်ရစ်ခဲ့သော ကျွန်တော့်ဆီ သို့ ပြန်လျှောက်လာ၏။ ခွေးကြောက်လို့များလားဟု ထင်မှတ်လိုက်သော်လည်း မဟုတ်ပါ။ သီ့ပုံက ရေးကြီး သုတ်ပျာနှင့် တစ်ခုခုကိုပြောချင်နေပုံမျိုးဖြစ်၏။
"အစ်ကို၊ အစ်ကို"
"ဘာဖြစ်လို့လဲ သီ"
"ဟိုမှာ ရေခပ်နေတဲ့အမျိုးသမီးတစ်ယောက်တွေ့လား။ သူ့မေးစေ့မှာ မှဲ့အဖုလေးနဲ့ အစ်ကို၊ ရုပ်လေးကအတော်ကိုလှတာ၊ သူ ကြာများဖြစ်နေမလားလို့"
"သီကလည်းကွာ မေးစေ့မှာမှဲ့ပါတဲ့ အမျိုးသမီးတွေက အများကြီးပါ။ ဒါ ကျောင်းမှာဝေယျာဝစ္စလုပ်နေတဲ့ ယောဂီလေးတွေပါ"
"ဟုတ်ပါတယ် ယောဂီပါပဲ။ စောစောက ကုဋီတွေ သန့်ရှင်းရေးလုပ်နေတာ သီ တွေ့ခဲ့သေးတယ်။ ကျက်သရေရှိလွန်းလို့ သီက သူ့ကို ရပ်ကြည့်မိသွားတာ။ သူက ဆရာတော်ဘုရား ကျောင်းပေါ်မှာ ရှိတယ်လို့တောင် သီ့ကိုပြုံးပြီး ပြောသေးတယ်။ အစ်ကိုက ရှေ့ကရောက်နေလို့ သီ မပြလိုက်တာ။ လာပါ အစ်ကိုရဲ့… ဘယ်သူဖြစ်ဖြစ်ပေါ့။ သီတို့ သွားနှုတ်ဆက်ရအောင်"
သီ ဇွတ်ဆွဲခေါ်နေ၍ ကျွန်တော့်မှာ သီ့နောက်သို့ အပြေးအလွှားလိုက်ရ။ အားမလိုအားမရဖြစ်နေသော သီက ယောဂီထွက်ပြေးတော့မည့်ပုံဖြင့် လှမ်းခေါ်လေ၏။ မြန်မာအင်္ကျီ ခါးတိုအဖြူနှင့် လုံချည်အညိုကို ခပ်တိုတိုဝတ်ကာ ယောဂီတဘက်ရှည်လေးကို ရင်၌သိုင်းထားသော အမျိုးသမီးငယ်က လှည့်ကြည့်၏။ ကျွန်တော့်မျက်လုံးများ ရုတ်တရက်ပြာဝေသွားရ၏။ ပြီးတော့ ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထသွားရလေ၏။ ကြာ… ကျွန်တော့်ရဲ့ ကြာ။

"ကြာ"
ကျွန်တော့်လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော သီ့လက်များက အေးစက်လျက်ရှိ၏။
သီသည် စိတ်လှုပ်ရှားလွန်းလျှင် လက်ဖျားများအေးစက်လာတတ်သူဖြစ်၏။ ကြာသည် ရေပုံးကိုချကာ ကျွန်တော်တို့နားသို့ လျှောက်လာ၏။
"အစ်ကိုနော်"
တစ်စုံတစ်ရာ အခြယ်အသမရှိသော ပကတိရှင်းပြောင်နေသည့် ကြာ၏ မျက်နှာသည် ကျက်သရေရှိလှစွာ ပြုံးလက်နေ၏။ ကြာ့မျက်ဝန်းများကလည်း တဖိတ်ဖိတ်လက်ကာ အရည်လည်လျက်နေ၏။
"၀မ်းသာလိုက်တာ ကြာရယ်"
ကျွန်တော်ပြောလိုက်ခြင်းမဟုတ်ပါ။ ကျွန်တော်နှင့် ထပ်တူထပ်မျှ ကြည်နူးပျော်ရွှင်နေဟန်ရှိသော ကျွန်တော့်ဇနီး သီ ပြောလိုက်ခြင်းဖြစ်၏။
"ကြာ့ကို သတိရကြတယ်နော်"
ဝမ်းနည်းဝမ်းသာမှုဖြင့် တုန်ယင်လှိုက်ခါနေသော ကြာ့အသံက ကျွန်တော့်ကို ကြေကွဲနာကျင်စေပါသည်။
"ဘယ့်နှယ်ပြောလိုက်ပါလိမ့် ညီမရယ်။ ဒီနေ့ဆို အရမ်းကိုသတိရနေတာ။ တစ်မနက်လုံး ကြာ့အကြောင်းကိုပဲ ပြောနေခဲ့ကြတာ"
"၀မ်းသာလိုက်တာ အစ်ကိုတို့ရယ်။ ကြာလေ ဟော့ဒီလောကကြီးမှာဖြင့် ကြာ့ကို အမှတ်တရရှိမယ့်သူ တစ်ယောက်မှမရှိဘူးရယ်လို့ အောက်မေ့တာ"
"ကြာ ဒီကျောင်းကိုရောက်နေတာ ကြာပြီလား"
"မကြာသေးဘူး အစ်ကို၊ အရင် ဘုန်းဘုန်းကြီး ဦးပညာကျောင်းမှာပဲနေတာ။ နောက်တော့ ဒီကျောင်းမှာက ပုံမှန်နေတဲ့ ယောဂီ မရှိလို့ ဘုန်းဘုန်းကြီးလွှတ်လိုက်တာနဲ့ ရောက်လာတာ။ ဒီကျောင်းက သီလရှင်ဆရာကြီးတစ်ပါးနဲ့ကလည်း အရမ်းရင်းနှီးနေလို့ ဆိုပါတော့ အစ်ကို"
"ဒါဆို ကြာ ယောဂီလုပ်နေတာ ကြာပြီပေါ့"
"နှစ်နှစ်ကျော်သွားပြီ။ ဖေဖေဆုံးတော့မှ"
"ဟင်… ကြာ့အဖေကို ပြန်တွေ့တယ်လား"
"တွေ့ခဲ့ရတယ်အစ်ကို၊ ကြာက ဘယ်မှတ်မိမှာလဲ အစ်ကိုရယ်။ အဖေက မှတ်မိခဲ့တာ။ ကြာ့နာမည်ကို ဖေဖေကပေးခဲ့တာကိုး။ သိပ်အံ့သြစရာကောင်းတယ် အစ်ကို။ နှစ်ပေါင်းများစွာရှာခဲ့တဲ့ အဖေကို တွေ့မယ့်တွေ့တော့ ကြာရှိနေတဲ့မြို့မှာပဲ ပြန်တွေ့ရတယ်။ ဒါပေမယ့် အဖေ့မှာက ရောဂါဆိုးကြီး ဖိစီးခံထားရပြီလေ။ အဖေ သက်သက်သာသာ ဘ၀ကူးသွားနိုင်အောင်သာ ကျွန်မ လုပ်ပေးနိုင်တော့တာပေါ့။ ကြာ့မှာ ဘာရောဂါမှ ဖြစ်မလာခဲ့တာကိုပဲ ကြာ ဖြေသိမ့်ဝမ်းမြောက်နေရတာပေါ့ အစ်ကို။ တကယ်တော့ ကြာ့ကို ဘုရားမ,ခဲ့တာပါ"
"စိတ်မကောင်းပါဘူး ကြာရယ်၊ အစ်ကိုသာမဟုတ်ဘူး အစ်ကို့ဇနီးကပါ ကြာ့ဖေဖေနဲ့ ကြာ မြန်မြန်ပြန်ဆုံတွေ့ကြပါစေလို့ ဆုတောင်းပေးနေခဲ့တာ။ ကြာ့မှာ လုပ်စရာတွေရှိသေးတယ်ဆိုတာရော လုပ်နိုင်ခဲ့ပြီလား"
မျက်ရည်ဝိုင်းနေသော မျက်ဝန်းများဖြင့် ကျွန်တော့်ကိုပြန်ကြည့်လျက် ကြာ ပြုံး၏။

"လုပ်နိုင်ခဲ့ပြီ အစ်ကို၊ အင်မတန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ ရွှံ့နွံတွေကြားထဲက ကြာ ရုန်းထွက်နိုင်ခဲ့ပြီ။ ကြာ အလုပ်ချင်ဆုံးအလုပ်ဆိုတာ ဟောဒီ တရားရိပ်ထဲမှာခိုလှုံပြီး ဘုရားအမှူးရှိတဲ့ သံဃာတော် အရှင်မြတ်တွေကို သေတဲ့အထိ ပြုစုလုပ်ကျွေးရင်း တရားအလုပ်လုပ်သွားဖို့ပါ အစ်ကို။ အစ်ကိုရော ကျွန်မအကြောင်း ၀တ္ထုရေးမယ်ဆို ပြီးသွားပြီလား။ အစ်ကို့ဝတ္ထုထဲမှာ ထည့်ရေးလိုက်ပါဦးအစ်ကို၊ ရွှံ့နွံကိုတိုးထွက်ပြီး ရေပြင်ရဲ့အပေါ်မှာ ကြာတစ်ပွင့်ပွင့်လန်းနိုင်ဖို့ဆိုတာ အဲဒီကြာရဲ့ ကိုယ်ပိုင်စွမ်းအား လည်း လိုသေးတယ်လို့။ အဲဒီ အင်အားတွေကို ကြာ ဇွဲရှိရှိနဲ့ မွေးယူနိုင်ခဲ့တယ် အစ်ကို။

ပြီးတော့ တရားရေအေးက ကြာ့ရဲ့ညစ်ပတ်နေတဲ့ခန္ဓာကိုယ်ကို သန့်စင်အောင် ဆေးကြောပေးခဲ့ တယ်။ ဟောဒီ ဘုရားရိပ် တရားရိပ်ကလူတွေဟာ ကျွန်မကို မသတီတဲ့ မျက်လုံးတွေနဲ့ မကြည့်ကြဘူး အစ်ကို။ သူတို့အားလုံး ကြာ့အပေါ် ဂရုစိုက်ကြင်နာကြတယ်။ ကြာ ဒီမှာ စိတ်ချမ်းသာမှု အပြည့်ရနေပြီ။ ရှေ့နှစ်ဆိုရင် ကြာ သီလရှင်အပြီးဝတ်ဖြစ်မယ် အစ်ကို။ အစ်ကိုတို့ရော ဒီကျောင်းကို အရင်က မရောက်ဘူးလား"
"ရောက်တော့ ရောက်ပါတယ်။ အဲဒီတုန်းက ကြာ မရှိသေးဘူးထင်တယ်"
"လာခဲ့ပါ အစ်မရယ်၊ ကျောင်းကန်ဘုရားဆိုတာ ကျွန်မတို့ဗုဒ္ဓဘာသာဝင်တွေ အမြဲမပြတ် ၀င်ထွက်နေရမယ့် နေရာပါ။ သီလယူဖို့ပဲလာလာ၊ ဒါနပြုဖို့ပဲလာလာ၊ ဘာဝနာတရားပွားများဖို့ပဲလာလာ ကုသိုလ်တွေချည်းပါပဲ။ နောက်လည်း မကြာမကြာ လာကြပါနော်"
ကျွန်တော်နှင့်သီသည် ခန္ဓာကိုယ်အနှံ့ စိမ့်ဝင်ပျံ့နှံ့နေသော ကြည်နူးဝမ်းမြောက်မှုတို့ဖြင့် ကြာ့ကို တစိမ့်စိမ့်ငေးကြည့်ရှုး နားထောင်နေမိလေ၏။ ကျွန်တော့်ဘ၀တသက်တာ၌ ခုလောက် ကြည်နူးဝမ်းသာဖြစ်မိခြင်းမျိုး တစ်ခါမှမရှိခဲ့။
"လာခဲ့ပါမယ် ညီမလေးရယ်။ ခုလာမယ့် တနင်္ဂနွေတောင် ဒီကျောင်းမှာ သားလေးကို ရှင်ပြုပေးမလို့။ အစ်မလေ အရမ်းကိုဝမ်းသာတာပဲ။ ခု အစ်မတို့လှူမယ့် တိုးချဲ့ဆွမ်းစားဆောင် အလှူငွေထဲမှာ ကြာ့ ကုသိုလ်လည်းပါတယ်"
သီက ၀မ်းသာအားရပြောတော့ ကြာက နားမလည်ဟန်ဖြင့် "ရှင်" ဟု အာမေဍိတ်ပြု၏။

"ဒီလိုလေ ညီမလေးရဲ့။ ကြာ့အစ်ကို့,ကိုလက်ဆောင်ပေးလိုက်တဲ့ ကျောက်စိမ်းလက်စွပ်လေး ကို ရောင်းလိုက်တယ်လေ။ အဲဒီငွေနဲ့ မမတို့ အလှူငွေနဲ့ပေါင်းပြီး ဆွမ်းစားကျောင်းအတွက် လှူတာ။ နောင် ဘ၀အဆက်ဆက်ထိ ကြာနဲ့မမတို့ ရေစက်ဆုံရဦးမှာ။ ဆွမ်းစားကျောင်းမှာ ကြာ့နာမည် ကမ္ပည်းထိုးဖို့ပါ စီစဉ်ပြီးသား။ ဒါကြောင့် ညီမလေးကို မမတို့ အရမ်းသတိရနေကြတာ"

"ကြာ ၀မ်းသာလိုက်တာ၊ ၀မ်းသာလွန်းလို့ ဘယ်လိုပြောရမယ်မှန်းတောင် မသိတော့ပါဘူး မမရယ်"

ကျွန်တော်သည် ခုမှ တွေ့ဆုံစကားပြောခွင့်ရသော အမျိုးသမီးနှစ်ဦး၏ အံ့သြဖွယ်ကောင်းသော နွေးထွေး ချစ်ခင်မှုအပေါ် ထပ်တလဲလဲပီတိဖြစ်နေရလေသည်။ ကြာ့မျက်ဝန်းအိမ်၌သာမက သီ့မျက်ဝန်းအိမ်၌ ပါတွေ့ရသော မျက်ရည်တို့သည်ပင် ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်သော ပုလဲလုံး များဖြစ်နေတော့၏။ ကျွန်တော့်ရှေ့ကကြာသည် ကျွန်တော်တွေ့ဖူးခဲ့သမျှ ကြာတကာ့ကြာတို့တွင် အလှပဆုံး၊ အတင့်တယ်ဆုံး၊ ကျက်သရေအရှိဆုံး ကြာတစ်ပွင့် ဖြစ်နေလေပြီ မဟုတ်ပါလား။

                                                                ***

ကျွန်တော့်စိတ်ကူးနှင့် မကြာမကြာရေးဖြစ်နေသော ကြာကိုယ်တိုင် ရေးသားခိုင်းနေသည့် ၀တ္ထုတိုကို စတင်ရေးရန် ကျွန်တော်ခိုင်မာစွာ ဆုံးဖြတ်ချက်ချလိုက်၏။ လှပသော ကြာတစ်ပွင့်၏ဒဏ္ဍာရီကို ကျွန်တော်မျှော်လင့်တောင့်တသလို အဆုံးသတ်နိုင်ပြီမို့ ကျွန်တော် ကျေနပ်မဆုံး ဖြစ်ရပါ၏။ ကျွန်တော့် ၀တ္ထုအဆုံး၌ ထည့်သွင်းအသုံးပြုရန် ကြာ အလွန်နှစ်ခြိုက်ခဲ့သော ဆရာနန္ဒာသိန်းဇံ၏ ကြာ စာအုပ်ငယ်တွင် အမွှမ်းတင်ဖော်ပြထားသည့် ဆရာမျိုးမြင့်ဆွေ၏ "ရွှံ့အိုင်ထဲမှ ကြာပင်ငယ်" ဟူသော ကဗျာတစ်ပုဒ်ကို ကျွန်တော်ကြည်နူးစွာ ရွတ်ဆိုကြည့်နေမိပါတော့သည်။

အစွယ်အတက်၊ အရိုးအရွက်ဖြင့်
ထိုးထွက်ပေါ်လွင်၊ ကြာတစ်ပင်သည်
ဝန်းကျင်ဘယ်မျှ၊ နှောင့်ယှက်ကြစေ
ဘ၀မစွန့်၊ နောက်မတွန့်ဘဲ
ဖွံ့သည့်အဆင်း၊ သင်းသည့်ရနံ့
ခန့်သည့်မျက်နှာ၊ ထပ်တစ်ရာဖြင့်
ချပ်လွှာကော့ပျံ၊ ပွင့်လိုက်ဟန်သည်
အားမာန်အပြည့် ရဲဝံ့ဘိ။

                                                             ***

"ဆရာဦးသိန်းဇံ၊ ဆရာနန္ဒာသိန်းဇံ၊ ဆရာမျိုးမြင့်ဆွေနှင့် အောင်နန်းရိပ်သာမှ အန်တီ ဒေါ်ခင်မေသန်း တို့အား ဤ၀တ္ထုဖြင့် ဂါရ၀ပြုအပ်ပါသည်။"

မေတ္တာဖြင့် - ယုဒါ
20062015 (11:05 PM)
မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း
မေလ၊ ၁၉၉၉


 

 
 
 

No comments:

Post a Comment

အားပေးမှုအတွက် ကျေးဇူးတင်ပါသည်...

မေတ္တာဖြင့်...
ယုဒါ