Tuesday, September 8, 2015

အေးရိပ်




(၁)

"အမယ်လေး ကောင်းကြသေးရဲ့လား မရှုဆိတ်ကြီးရဲ့၊ ညည်းညီမလုပ်သွားပုံ ကောင်းလွန်းလို့ တရားလာချလှည့်ပါဦး သူတော်ကောင်းမကြီးရဲ့"
ဝင့်ဝင့်သည် ဘုရားရှိခိုးပြီး မေတ္တာပို့ ဆုတောင်းနေရာမှ မိခင်ဖြစ်သူ၏ အမလေးတ၍ ဟစ်လိုက်သောအသံကြောင့် ထုအံ့ဆဲဆဲ ကြေးစည်နှင့် လက်ခတ်ကို အသာချကာ ဘုရားခန်းထဲမှ အပြေးထွက်လာရလေသည်။


"ဘာဖြစ်လို့လဲ အမေ"
"ဘာဖြစ်ရမှာလဲ၊ ညည်းညီမ မိဆင့် လင်နောက်လိုက်ပြေးသွားပြီလေ။ ကောင်းသေးရဲ့လား မရှုဆိတ်ကြီးရဲ့"
"ဘယ်တတ်နိုင်မှာလဲ အမေရယ် သူကြိုက်လို့ လိုက်သွားမှပဲ။ သမီးတို့လည်း ဒီလောက်တားနေတဲ့ဥစ္စာ။ သူ့ဘ၀သူ စိတ်ကြိုက်ဖန်တီးသွားတာပဲ။ အမေ စိတ်လျှော့လိုက်ပါတော့နော်"
"မလျှော့နိုင်ဘူး။ မလျှော့နိုင်ဘူး။ ညည်းသာ အရာရာကို ရှုဆိတ်နိုင်တဲ့ မိန်းမမို့ ဥပေက္ခာပြုနေနိုင်တာ။ ငါကတော့ သူ့အတွက် နည်းနည်းမှ စိတ်မအေးဘူး။ ပြောစမ်းပါဦး။ ငါ ဘယ့်နှယ်လုပ်ရမလဲ။ သင်းပြန်လာအောင် ငါ ဘယ်လိုလုပ်ရမလဲဆိုတာ"
"ခက်လိုက်တာ အမေရယ်။ သူတို့ချင်း မခွဲနိုင် မခွာရက်ဖြစ်နေလို့ လိုက်ပြေးပါပြီဆိုမှ ပေးစားလိုက်ရုံရှိတော့တာပေါ့။ ကောင်လေးကို ပြန်အပ်ဖို့ပြောပြီး သင့်တင့်သလို မင်္ဂလာဆောင်ပေးလိုက်ဖို့ပဲ ရှိတာမဟုတ်လား။ အမေ့သဘောပေါ့လေ။ အမေ မကျေနပ်ရင်လည်း သူ့ထိုက်နဲ့သူ့ကံ နေပါစေပေါ့။ ကျွန်မလည်း မဖြစ်သင့်တာ မဖြစ်ရအောင် အမြဲတမ်း ပြောဆိုဆုံးမနေတာပဲ"
ဝင့်ဝင့်သည် ညီမဖြစ်သူ ဆင့်ဆင့်ကြွယ်၏မျက်နှာကို ပြန်လည်မြင်ယောင်မိကာ ဒေါသသံအနည်းငယ်စွက်၍ ပြောလိုက်၏။ အသက်၂၀ပြည့်တာပင်မကြာသေး၊ သူမို့ လင်ယူသားမွေးကိစ္စကို ဒီလောက်အသက်အရွယ်ကလေးနှင့် လုပ်ရက်ပလေတယ်ဟတွေးကာ မချိတင်ကဲ ၀မ်းနည်းဒေါသဖြစ်ရ၍ မျက်ရည်ပင်လည်လာရလေ၏။
"ယောက်ျား ယူပါ…ယူပါ… ပြောခံနေရတဲ့ မိန်းမကတော့မယူဘဲ ငါ့ဆန္ဒကို ငြင်းဆန်တယ်။ အခုငယ်သေးလို့ မယူပါနဲ့ဦး၊ သင့်တော်တဲ့လူတွေ့တော့ ပေးစားပါ့မယ်လို့ အတန်တန်မှာထားတဲ့ကြားက လင်လိုချင်လှတဲ့ မိန်းမက လိုက်ပြေးပြီ။ ညည်းတို့တွေ အမေ့ဆန္ဒကို တစ်ယောက်မှဖြည့်ဆည်းမပေးကြပါလား၊ ငါ့စကားကို နားထောင်မယ့် သားသမီးရော ရှိကြသေးရဲ့လား၊ ပြောစမ်းပါဦး"
ဝင့်ဝင့်သည် ဝေ့၀ဲလာသောမျက်ရည်တို့ကို မျက်တောင်တဖျပ်ဖျပ်ခတ်၍ ဖယ်ရှားပစ်ရင်း ၀မ်းနည်းပက်လက်ရှိုက်ငိုနေသော ဒေါ်လှမေအား စိတ်မကောင်းခြင်းကြီးစွာဖြင့် ငေးမောကြည့်နေမိလေသည်။ ဒေါ်လှမေက ၀င့်ဝင့်ထည်အား အိမ်ထောင်ချပေးလို၏။ တောင်းရမ်းထားသူကလည်း အဆင်သင့်ရှိနေ၏။ 
အတော်အသင့်ချမ်းသာကြွယ်ဝသော စိတ်သဘောထားဖြူစင်သော သတို့သားလောင်းလေးကို ဒေါ်လှမေ မျက်စိကျနေသည်မှာ ကြာခဲ့ပြီ။ အသက် ၂၆နှစ်ရှိပြီဖြစ်သော ၀င့်ဝင့်ကား ငယ်ပါသေးတယ်အမေရယ်၊ အိမ်ထောင်ရေးကို သမီး စိတ်မ၀င်စားပါဘူးဟုဆိုကာ ကမ်းလှမ်းလာသူကို အပြတ်ငြင်းဆန်ပစ်လိုက်၏။ ၀င့်ဝင့်အား ချစ်ခင်စုံမက်နေသော ထိုသတို့သားလောင်းအား သမီးငယ်ဖြစ်သူ ဆင့်ဆင့်အတွက် လွှဲပြောင်းပေးလို့ရက ဒေါ်လှမေ ပေးလိုလှ၏။ သို့သော် တစ်ဖက်က ၀င့်ဝင့်မှ ၀င့်ဝင့်ဖြစ်နေတော့ ဒေါ်လှမေ လက်မှိုင်ချခဲ့ရလေသည်။

ယောက်ျားပေးစားလို့မရသည့် သမီးနှင့် ဒေါ်လှမေ နိစ္စဓူဝငြင်းရခုံရတာလည်း မောသည်မရှိ။ မောင်နှမခြောက်ယောက်၌ အချောဆုံးသမီးဖြစ်သော ၀င့်ဝင့်ကို ဒေါ်လှမေက မျှော်လင့်ချက်ကြီးကြီးထားခဲ့၏။ ဒေါ်လှမေ မျှော်လင့်သည့်အတိုင်း ၀င့်ဝင့်ကို စေ့စပ်တောင်းရမ်းလာသူတို့မှာလည်း ၀င့်ဝင့်နှင့် လိုက်ဖက်သင့်တော်သူများသာ ဖြစ်ကြလေသည်။ ၀င့်ဝင့်ကား နာမည်နှင့်လိုက်အောင် အလှဂုဏ်ကြွယ်၍ မာနတွေဝင့်ဝင့်ထည်နေသလားဟု ထင်ရလောက်အောင် စေ့စပ်တောင်းရမ်းလာသူမှန်သမျှကို ခေါင်းတခါခါ ငြင်းပယ်ဆဲ။
"၀င့်ဝင့်၊ ညည်းလည်း အမေစိတ်အေးရအောင် အမေ့စကား နားထောင်လိုက်ပါတော့အေ။ ခု ကြည့်စမ်း အမေ ဘယ်လောက်စိတ်ဆင်းရဲရလဲ၊ ကိုယ့်သမီးမတော်တရော်လူနဲ့ ရသွားတော့ မိဘတွေ ဘယ်လောက်ခံစားရသလဲ။ မသိဘူး၊ ဒါတွေ သူတို့မသိကြဘူး၊ မိဘကျေးဇူးဆပ်ဖို့ဆိုတာ ဝေးပါရော"
အနွေးအင်္ကျီအောက်နားစနှင့် မျက်ရည်သုတ်ကာ ဗလုံးဗထွေးပြောဆိုနေသော ဒေါ်လှမေ၏ ခံစားချက်တို့ကို ၀င့်ဝင့်ကိုယ်ချင်းစာ နားလည်ပေးနိုင်သည့်အတွက် အမေ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ချင်၏။ ၀င့်ဝင့်အပေါ် လိုလားနှစ်သက်စွာ တောင်းရမ်းထားသူကို လက်ခံလိုက်လျှင် အမေ ပြုံးပျော်ကျေနပ်နိုင်မှာ သေချာသည်။ သို့သော် ၀င့်ဝင့်က အဲဒီညွန်ကြီးထဲသို့ ဆင်းဖို့ရာ တွန့်ဆုတ်နေ၏။

ဒေါ်လှမေက ၀င့်ဝင့်အား ဆရာဝန်ကတော်၊ အင်ဂျင်နီယာကတော်၊ အရာရှိကတော်အဖြစ်သာ ကြည့်မြင်ချင်၏။ သာမန်ရုပ်ရည်အဆင့်သာရှိသော မိမိပင် အတော်အသင့် ရာထူးဂုဏ်ရှိန်ရှိသော ကတော်တစ်ယောက်ဖြစ်ခဲ့သည်မဟုတ်ပါလား။ သို့ပေမယ့် ဒေါ်လှမေ အသက်၄၅နှစ်တွင် မုဆိုးမဖြစ်ခဲ့သည့်အတွက် သားသမီးခြောက်ယောက်နှင့် အတော်ကြီးရုန်းကန်ခဲ့ရ၏။ ခုချိန်မှာတော့ လူလွတ်ဆို၍ နို့ညှာသမီး ၀င့်ဝင့်ထည်နှင့် အငယ်ဆုံးသမီး ဆင့်ဆင့်ကြွယ်သာရှိတော့၏။ သားကြီးနှစ်ယောက်ကား အိမ်ထောင်ကျကတည်းက သူ့အိုးသူ့အိမ်နှင့် ရပ်တည်နိုင်လေသည်။ ထိုသို့ရပ်တည်နိုင်အောင်လည်း ဒေါ်လှမေက မရှိရှိရာကို ထုခွဲရောင်းချ၍ စီစဉ်ပေးခဲ့၏။ သားနှစ်ယောက်ကို လက်လွှတ်လိုက်ရသော်လည်း သမီးကြီး မြင့်မြင့်နွယ်နှင့် သားငယ်စိုးနောင်မှာမူ နောက်လိုက်နောက်ပါများ ရသည်အထိ ဒေါ်လှမေအိမ်၌ သောင်တင်နေဆဲဖြစ်၏။ 

သမီးကြီး မြင့်မြင့်နွယ်ကတော့ အိမ်ခွဲဆင်းတော့မည်ဆိုသောစကားကို မကြာခဏပြောနေလေပြီဖြစ်၏။ ဒေါ်လှမေနှင့် မြင့်မြင့်နွယ်မှာ အတူနေရသော်လည်း တည့်လှသည်မရှိချေ။ သားအမိချင်း ရန်ဖြစ်နေကျဖြစ်သော်လည်း 'အမေ့အိမ်မှာ မနေတော့ပါဘူး၊ အိမ်ခွဲတော့မယ်'ဟု မြင့်မြင့်နွယ်က အရွဲ့တိုက်လေလျှင် အတူနေမြေးများအပေါ် အချစ်ပိုလွန်းသော ဒေါ်လှမေမျက်ရည်တစမ်းစမ်း ဖြစ်ရလေသည်။ သမီးကြီးကမွေးလာသည့် မြေးကို မြေးဦးပေမို့ အချစ်ပို အလိုလိုက်ထားတော့ အတူနေချွေးမက မကျေနပ်ချင်။ သားငယ်ဖြစ်သူ စိုးနောင်၏ အမျိုးသမီးမှာ ဆင့်ဆင့်ကြွယ်နှင့် မတိမ်းမယိမ်း အရွယ်တူနီးပါးဖြစ်နေ၍ နေရာတကာ ပြိုင်ချင်ကြပြန်၏။ ဘာမဟုတ်တာလေးကအစ သမီးယောက်မနှစ်ယောက် ပြိုင်နေတာကို ၀င့်ဝင့်ထည် စိတ်ပျက်လေသည်။
ဘယ်သူနှင့်မှ မရောဘဲ အိမ်အလုပ် လုပ်စရာရှိလျှင်လုပ်၊ သွားစရာရှိသွား၊ ဘာအလုပ်မှမရှိလျှင် ဘုရားစာဖတ်၊ ဘုရားရှိခိုး၊ တရားထိုင်စသည့် အလုပ်ကိုသာ စွဲစွဲမြဲမြဲလုပ်လျက် အေးဆေးတည်ငြိမ်နေတတ်သော ၀င့်ဝင့်ထည်သည် တစ်အိမ်လုံး၏ ပုဏ္ဏားတိုင်ဖြစ်ရလေသည်။ တစ်ယောက်နှင့်တစ်ယောက် အချေအတင် မကျေမလည်ဖြစ်ကြလျှင် ၀င့်ဝင့်ရယ်ဆိုသည့် နိဒါန်းဖြင့် ၀င့်ဝင့်ကိုသာ တိုင်တည်ပြောဆိုလေ့ရှိ၏။ ဘယ်သူ့ဘက်မှ မလိုက်တတ်သော ၀င့်ဝင့်က ငြင်းပယ်ချက်၊ ထောက်ခံချက်မပေးဘဲ နားထောင်လေ့ရှိသဖြင့် ဒေါ်လှမေက ၀င့်ဝင့်အား 'မရှုဆိတ်' ဟု အမည်သစ်ပေးထားလေ၏။

အမေ၊ မိဘ၊ မောင်နှမသားချင်းတို့အပေါ် သံယောဇဉ်နည်းပါးသူ၊ ဥပေက္ခာပြုရက်နိုင်သူအဖြစ် ၀င့်ဝင့်ထည်အား ဒေါ်လှမေ မကျေနပ်ချင်။ ဆင့်ဆင့်ကြွယ်ကတော့ဖြင့် အမေက ချွေးမအကြောင်းနည်းနည်း မကောင်းပြောလျှင် သူက ပိုပိုသာသာလေး ဖြည့်စွက်ထောက်ခံ၍ အမေ့အကြိုက်လိုက်တတ်လေ၏။ ၀င့်ဝင့်ကမူ အစ်မမို့၊ ယောက်မမို့၊ အစ်ကိုမို့၊ ခဲအိုမို့ မခွဲခြားဘဲ မြင်သည့်အတိုင်းအမှန်ကိုသာဆိုလေ့ရှိသဖြင့် ဒေါ်လှမေနှင့် စည်းဝါးမကိုက်လှချေ။ သို့ပေမယ့် ၀င့်ဝင့်ထည်အား သားသမီးခြောက်ယောက်ထဲတွင် စိတ်ရင်းစေတနာ အဖြူစင်ဆုံး၊ အဖြောင့်မှန်ဆုံးသမီးအဖြစ် ဒေါ်လှမေစိတ်တွင်းမှ အမှတ်ပေးထားလေသည်။
ဝင့်ဝင့်ထည်နှင့် ဒေါ်လှမေ မတည့်သည့်အဓိကအချက်မှာ ၀င့်ဝင့်ထည် ယောက်ျားမယူချင်သည့်အချက်ကြောင့်သာ ဖြစ်၏။ 
အသက်၁၈နှစ်အရွယ်လောက်ကပင် စေ့စပ်တောင်းရမ်းလာသော သင့်တော်သူနှင့် ကြုံခဲ့၍ ၀င့်ဝင့်ထည်အား တိုက်တွန်းခဲ့၏။ အဲဒီတုန်းက ငယ်သေးသည်ဟုပြောကာ ငြင်းခဲ့၏။ ထားတော့။
"အမေရယ်၊ သမီးအတွက်စိတ်ချပါ၊ သမီး တစ်ကိုယ်ရေ တစ်ကာယ ဘယ်လိုပဲနေနေရပါတယ်။ သမီးအတွက် အမေ စိတ်ဆင်းရဲမခံပါနဲ့နော်။ သမီးအတွက် အမေ စိတ်ချမ်းသာရပါစေမယ်။ သမီးလင်ကောင်း သားကောင်း မလိုချင်ဘူး အမေ၊ သမီးကောင်းတစ်ယောက်ပဲ ဖြစ်ချင်တယ်"
"ညည်းကိုတော့ ငါ နိုင်အောင် မပြောနိုင်တော့ဘူး ဘိက္ခူနီမရယ်"
မျက်ရည်သုတ်လိုက်၊ နှာရည်ညှစ်လိုက်နှင့် စကားတွေ တရစပ်ပြောရင်း သားသမီးတွေအတွက် ရတက်ပွေနေရသော ဒေါ်လှမေ၏ ခေါင်းမှဆံပင်ဖြူဖြူတွေကိုကြည့်လျက် ၀င့်ဝင့်ထည်တစ်ယောက် စိတ်မကောင်းခြင်းကြီးစွာဖြင့် မျက်စိစုံမှိတ်၍ သက်ပြင်းချလိုက်လေသည်။

(၂)

"၀င့်ဝင့်ရယ်၊ ညည်းရုပ်ညည်းရည်နဲ့ ဒီခေတ်ကြီးထဲမှာ စဉ်းစဉ်းစားစားလည်း လုပ်ပါဦးအေ"
သက်ပြင်းရှည်ကြီးချကာ စိတ်ပျက်လက်ပျက်ပုံစံနှင့် ပြောလိုက်သော အစ်မကြီး မြင့်မြင့်နွယ်၏စကားကြောင့် ၀င့်ဝင့် စိတ်ထိခိုက်သွားရလေသည်။ အရေပြားတစ်ထောက်လောက်သာနက်သည့် မိန်းမတွေရဲ့ ရုပ်အလှအပေါ် သူတို့ဘာလို့ ဒီလောက်အာသာငမ်းငမ်း တပ်မက်စိတ်လွန်ကဲနေရသနည်း။ အမေကလည်း ၀င့်ဝင့်ထည်၏ ဒီအလှအတွက်ပဲ လူ့ဘ၀၌ ဂုဏ်သရေရှိ ယောက်ျားတစ်ယောက်၏ ဇနီးမယားအဖြစ် တင့်တယ်စွာ ရပ်တည်နေရမည်ဟုဆိုခဲ့၏။ ပြီးတော့ အစ်ကို၊ အစ်မတွေနှင့် အားလုံးကလည်း ဒီသဘောသာဆိုခဲ့၏။ သူတို့…သူတို့တွေ၏ သံသရာကို ရှည်သည်ထက်ရှည်စေသော လုပ်ရပ်များစွာတို့အတွက် ၀င့်ဝင့်ထည်က တစ်စုံတစ်ရာ အပြစ်မဆိုခဲ့ဘဲလျက် ၀င့်ဝင့်ထည်၏ ကောင်းမြတ်သောလုပ်ရပ်တို့ကိုမှ သူတို့ဘာကြောင့် အပြစ်တင်ကြလေသနည်း။

"ကျွန်မ သီလရှင်ဝတ်မှာ" ဟု ဆိုလိုက်လျှင်ပင် သူတို့တစ်တွေက နှာခေါင်းရှုံ့၍ ပြက်ရယ်ပြုတတ်ကြလေသည်။
"တစ်သက်လုံး ၀တ်နိုင်ရင် အကောင်းဆုံးပါပဲ" ဟု အားပေးတတ်ကြသူများ ရှားပါး၍
"အပျိုကြီးနောက်မှ ဒုက္ခရောက်နေဦးမယ်"
"ဘာတွေများ စိတ်ဆင်းရဲစရာရှိလို့လဲ"
"ဟုတ်မှလည်း လုပ်ဦးနော်၊ လိုတမရ မယ်သီလ ဖြစ်နေဦးမယ်"
စသော ပေါ့တန်သည့် စကားများဖြင့် လူတစ်ယောက်၏ အမြင့်မြတ်၊ အလေးနက်ဆုံးကိစ္စကို သရော်စကားပြုတတ်ကြလေသည်။ မိန်းမတစ်ယောက်၏ ရုပ်ရည်ချောမောလှပမှုသည် တစ်စုံတစ်ယောက်သော ယောက်ျားတစ်ယောက်အတွက်သာ ဖြစ်စေရတော့မည်တဲ့လား။ စဉ်းစဉ်းစားစားလုပ်ပါဦးဆိုသည့်စကားကို ဖြေရလျှင်တော့ ၀င့်ဝင့်ထည် အချိန်များစွာ အခါခါစဉ်းစားပြီးခဲ့ပြီ။
"ရုပ်ချောရင် သီလရှင်မ၀တ်ရဘဲ ယောက်ျားသာယူရမယ်လို့ ဘယ်သူတွေက သတ်မှတ်ထားကြတာလဲ။ ရုပ်ဆိုးရင်တော့ သီလရှင်ဝတ်ချင်လည်း ၀တ်သင့်တယ်ပေါ့။ ဒီလိုလား မမမြင့်ရဲ့"
"ဒီလိုလည်း မဟုတ်ပါဘူးကွယ်၊ ရုပ်ဆိုးတဲ့လူတွေလည်း အိမ်ထောင်ပြုကြတာပါပဲ၊ မမမြင့်က ၀င့်ဝင့်ကို နှမြောလို့ပါ"
အစ်မဖြစ်သူစကားကြောင့် ၀င့်ဝင့်တစ်ယောက် ပါးစပ်အဟောင်းသားနှင့် အံ့သြတကြီးဖြစ်သွားရလေသည်။ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးတစ်ယောက် ဗုဒ္ဓရဲ့သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ရင်း ထူးမြတ်တဲ့ သီလစောင့်တည်မယ့်အလုပ်ဟာ နှမြောစရာကောင်းသတဲ့လား။ အံ့သြစရာ… တကယ့်ကို အံ့သြစရာ။ သူတို့ ဘာတွေကို နှမြောနေကြတာပါလိမ့်။
"ညည်းဆန္ဒအတိုင်းပေါ့လေ၊ ပါရမီပါလာလို့ပဲ နေမှာပေါ့။ ကိုကိုကြီးနဲ့ ကိုကိုလေးကတော့ သဘောတူမှာမဟုတ်ဘူး၊ အမေ့ကိုလည်း မပြောရသေးဘူး မဟုတ်လား"
"အမေက သဘောတူမှာမဟုတ်ဘူး၊ ၀တ်ပြီးမှပဲ ပြောလိုက်တော့မယ်၊ ၀င့်ဝင့် တရားစခန်းဝင်တယ်ပဲ ပြောသွားမယ်"
"နေရေး၊ စာရေးရော စီစဉ်ပြီးသားလား"
"ဟုတ်ကဲ့၊ ခါတိုင်း ၀င့်ဝင့်နေနေကျ ဆရာလေးတို့ကျောင်းမှာပဲ နေမယ်၊ ဆွမ်းဆန်ကတော့ သူတို့လိုပဲ ခံရမှာပေါ့၊ ခု သုံးလကတော့ တရားစခန်းပဲ သက်သက်ဝင်မှာ"
"၀င့်ဝင့်ရယ်၊ ဟုတ်မှလည်းလုပ်ပါအေ၊ အမေက နေ့ကျောင်းထားတာတောင်မနေဘဲ စာပေးစာယူတက်ပြီး အိမ်မှာနေလာတာ၊ အိမ်အလုပ်ပဲ လုပ်ဖူးတဲ့လူ။ ဆွမ်းဆန်ခံရတာ အတော်ပင်ပန်းတာနော် ၀င့်ဝင့်၊ နေပူမရှောင် မိုးရွာမရှောင် ခေါင်းတုံးပြောင်ကြီးနဲ့ လုပ်ရတာ"
"ရပါတယ် မမမြင့်ရဲ့၊ ဘယ်ဘ၀မှာပဲဖြစ်ဖြစ် အသက်ရှိတဲ့သတ္တ၀ါတိုင်းဟာ နေဖို့စားဖို့ အလုပ်လုပ်ကြရတာပါပဲ။ ကံပေးလာတဲ့အတိုင်းပေါ့။ ၀င့်ဝင့် အတိတ်ကပြုခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ကံတွေရဲ့ အကျိုးပေးအတိုင်း ခံစားရမှာပါပဲ၊ အခု ပစ္စုပ္ပန်ဆိုတာတော့ ၀င့်ဝင့်လက်ထဲမှာပဲ ရှိသေးတာမို့ ၀င့်ဝင့်စိတ်ကြိုက် ဖန်တီးယူနိုင်တယ်လေ"
"လောကီက ရုန်းထွက်နိုင်လို့ ဘုရား၊ တရားအလုပ် လုပ်နိုင်တာ ကိုယ့်အတွက်တော့ ကောင်းပါတယ်လေ။ အမေက ညည်းကို သိပ်မျှော်လင့်ထားတာ၊ ငါ့ကိုတောင် နင့်လောက်အားကိုးတာမဟုတ်ဘူး။ အေးလေ ညည်းအမေ့ကို ခွဲသွားနိုင်မှတော့ ငါပဲ အမေ့ကိုစောင့်ရှောက်ရတော့မှာပေါ့။ မိဆင့်ကလည်း အမေ့ကို ပြန်ကြည့်ဖို့ နေနေသာသာ သူတောင်လူရုပ်မပေါ်တော့ဘူးဖြစ်နေတာ။ အားလုံးတာဝန် ငါ့ခေါင်းပေါ်ပဲ ပုံကျလာတော့မှာပေါ့၊ အမေတစ်ယောက်ကိုတော့ ငါ လုပ်ကျွေးနိုင်ပါတယ်၊ ညည်းစိတ်ချသွားပါ"
ဝင့်ဝင့်သည် အစ်မဖြစ်သူ၏ အတ္တမာနသံပါနေသော စကားတွေကြောင့် ရင်ထဲ၌အောင့်မျက်သွားရလေသည်။ ဒီမိသားစုကြီး၏ အကြောင်းကိစ္စအ၀၀ကို ၀င့်ဝင့်ထည် မသိတာလည်းမဟုတ်။ ကမှ အ အဆုံး အားလုံးသိသည်ချည်း။ အိမ်ထောင်ကျပြီး အိမ်ခွဲမနေသော်လည်း အစ်မကြီးဖြစ်သူ စီးပွားရှာတတ်မှန်း ၀င့်ဝင့်သိပါသည်။ သို့ပေမယ့် မြင့်မြင့်နွယ်၏ ခင်ပွန်းသည်မှာ လခစားဝန်ထမ်း တစ်ဦးဖြစ်ကာ လစာငွေကို တစ်ပြားမကျန်အပ်ရုံအပြင် အပိုဝင်ငွေမရှာတတ်သော လူတစ်ယောက်ဖြစ်နေ၍ မြင့်မြင့်နွယ်ရှာသမျှ မိသားစုစားလောက်ရုံသာ ဖြစ်လေသည်။ ဒေါ်လှမေ၊ ၀င့်ဝင့်နှင့် ဆင့်ဆင့်တို့သုံးဦးမှာ ဖခင်ဖြစ်သူ ချန်ပေးခဲ့သော ငွေရင်းငွေနှီးကလေးမှ အတိုးအပွားနှင့် စားသောက်နေရခြင်းဖြစ်၏။ ဒေါ်လှမေ၏ ရွှေထည်ပစ္စည်းမှအပ စတီးချိုင့်၊ ခေါက်ထီး၊ လုံချည်၊ အင်္ကျီအဆုံး အပေါင်ခံသည့် အလုပ်ကလည်း ၀င်ငွေရသေးသည့်အတွက် ၀င့်ဝင့်နှင့်ဆင့်ဆင့် သမီးနှစ်ယောက်ကို ဒေါ်လှမေ ကောင်းကောင်းကျွေးနိုင်၊ ဆင်နိုင်လေသည်။

ဒေါ်လှမေသည် ယနေ့အထိ ဘယ်သား၊ ဘယ်သမီးလုပ်စာကိုမှ စားနေသူမဟုတ်ပါဘဲ အမေ့အိမ်ပေါ်မှာနေလျက် အမေ့ကိုတင်ကျွေးထားရသည့်ဟန်လုပ်နေသော မြင့်မြင့်နွယ်ဆိုလိုရင်းကြောင့် ၀င့်ဝင့်ထည် စိတ်ထိခိုက်ကြေကွဲရလေသည်။ အမေ့ဖို့၊ အမေ့ဖို့နှင့် နာမည်တပ်ကာ ပေးသမျှသည် အမေ့ဆီက ပြန်ယူသမျှ အချိုးအဆ၏ ဆယ်ပုံတစ်ပုံသာရှိသည်ကို ၀င့်ဝင့်ထည် အသိဆုံးပါပဲ။ အတူနေမြေးသုံးယောက်ကို ဒေါ်လှမေ အိတ်စိုက်ကျွေးနေ၊ ဆင်နေရတာတွေလည်း ၀င့်ဝင့်ထည် မျက်မြင်ပဲဖြစ်၏။ သားသမီးတွေ အခက်အခဲဖြစ်တိုင်း ဘယ်သူ့ကိုမှ လျစ်လျူမရှုနိုင်ဘဲ ဒီမုဆိုးမမိခင်ကြီးကသာ အစွမ်းအစထုတ်ဖြေရှင်းပေးရင်း ရတက်မအေးဖြစ်ရလေ့ရှိသည်မဟုတ်လား။
ဝင့်ဝင့်ထည်ကတော့ဖြင့် ကွယ်လွန်သူ ဖခင်ကြီးနှင့်မိခင်ဖြစ်သူတို့၏ ကျေးဇူးတရားကို ထာဝစဉ် မမေ့မလျော့ ဆင်ခြင်အောက်မေ့နေလေသည်။ ယခု သူ လူဝတ်ကြောင်ကို စွန့်ပယ်မည့်ကိစ္စ၌လည်း မိခင်ဖြစ်သူအတွက် အခါများစွာ ထည့်သွင်းစဉ်းစားပြီးခဲ့ပြီ။

သူ့သဘောနှင့်သူသာ ဆုံးဖြတ်ချက်ချခဲ့လျှင် အဖေဆုံးပါးစဉ် အသက်၁၄နှစ်လောက်ကတည်းက သီလရှင်ဝတ်ခဲ့ပေမည်။ လင်ယောက်ျားဆုံးပါးသွား၍ သောကပင်လယ်ဝေနေသော မိခင်ဖြစ်သူအတွက် သောကထပ်မရောက်စေလို၍ အမေ့အပါး၌သာ ၀င့်ဝင့်ထည် တွယ်ကပ်နေခဲ့၏။ ခုတော့ ဘယ်သူ့အနား၌မှ ကပ်တွယ်မနေလိုတော့ပြီ။ သူ ရှေးဘ၀က ဖြည့်ဆည်းခဲ့သော ပါရမီအထုံရေစက်ကလည်း ပါလာခဲ့ပြီ။ ထို့အတွက် ၀င့်ဝင့်ထည်သည် တစ်ကိုယ်ကောင်းဆန်သူ၊ ကိုယ့်ဖို့သာသိတတ်သူ ထင်မြင်ယူဆလိုသူများ သဘောရှိ ယူဆချင်သလို စိတ်တိုင်းကျယူဆစေတော့။ သူ တစ်ခါတုန်းက တရားစခန်းဝင်စဉ် သီလရှင်ဆရာကြီး တစ်ပါးက ပြောခဲ့ဖူး၏။ 

"ဘုရားရိပ်၊ တရားရိပ်ရဲ့ အရသာကို ကောင်းကောင်းခံစားတတ်လာသူတွေဟာ လူတွေနဲ့ အတူနေလို့မရအောင် ဖြစ်လာလိမ့်မယ်။ အဲဒီအခါ လောကီကိစ္စတွေကို ဖြတ်တောက်စွန့်ခွာဖို့ အလိုလိုနေရင်း စိတ်ဆန္ဒထက်သန်ပြင်းပြလာမယ်။ ခု သီလရှင်မ၀တ်ရလို့ သမီးစိတ်ဆင်းရဲမနေပါနဲ့၊ လူဝတ်နဲ့လည်း သမီးဆန္ဒရှိရင် အချိန်ရသလို တရားအားထုတ်နိုင်တာပါပဲ။ သမီး အထုံပါရင် သမီးဝတ်ချင်နေတဲ့ သီလရှင်ဝတ်ဖြစ်မှာပါ၊ ရိပ်သာရောက်မှသာ တရားအားထုတ်နိုင်တာမဟုတ်ပါဘူးကွယ်၊ မိမိစိတ်ကသာ လိုလားနေရင် ငါးပါးသီလလေး လုံအောင်ထိန်းပြီး တစ်နေ့ ၁၀မိနစ်တန်သည်၊ နာရီဝက်တန်သည် နေ့စဉ်မှန်မှန် တရားအားထုတ်သွားရင်လည်း အကျိုးရှိတာပါပဲ သမီးရယ်။ ပါရမီဆိုတာလည်း ကိုယ်ကတတ်စွမ်းသမျှ ဖြည့်ဆည်းနေမှ ရင့်သန်လာမှာပေါ့ ဟုတ်ဘူးလား သမီးရဲ့၊ အချိန်နည်းနည်းစောင့်လိုက်နော်၊ အိမ်ကခွင့်ပြုတော့ ဆရာတော်ကြီးကိုလျှောက်ပြီး ဆရာကြီးကိုယ်တိုင်ဝတ်ပေးမယ်နော်၊ သမီးလေးက သီလရှင်ဝတ်နဲ့ဆို သိပ်ပြီး တင့်တယ်မှာပဲ"
ဝင့်ဝင့်ထည် တရားစခန်းဝင်ရင်း ခင်နေသော သီလရှင်ကြီးပြောခဲ့ဖူးသည့်စကားများကို ပြန်လည်ကြားယောင်လာမိကာ အချိန်တန်ပြီထင်ပါရဲ့ဟု တွေးမိရင်း အစ်မကြီးမြင့်မြင့်နွယ်ကြောင့် ဖြစ်ပေါ်လာသော ၀မ်းနည်းချင်စိတ်တို့ကို ဖျောက်ဖျက်၍ ကြည်နူးစွာ ပြုံးလိုက်နိုင်လေသည်။

(၃)

ဆရာလေး မရူပါသည် ရိပ်သာကျောင်းဝင်းထဲသို့ ခပ်သုတ်သုတ်ဝင်ရောက်လာသော အစ်မဖြစ်သူကို လှမ်းမြင်လိုက်ရ၍ ကျောင်းဝင်းအတွင်း တံမြက်စည်းလှည်းနေရာမှ ခရီးဦးကြိုပြုလိုက်လေသည်။
"ဒကာမကြီး တစ်ယောက်တည်းလား"
မရူပါသည် အစ်မဖြစ်သူကို တွေ့ရသောအခါ မိခင်ကြီးကို သတိရအောက်မေ့စိတ်တို့ဖြင့် စိတ်မကောင်းဖြစ်သွားရလေသည်။ ဆရာလေးမရူပါတစ်ယောက် ၀င့်ဝင့်ထည်ဆိုသည့်အမည်ကို စွန့်ပယ်ခဲ့သည်မှာ ကိုးလကျော်သွားခဲ့ချေပြီ။ မရူပါသည် မိသားစုသံယောဇဉ်နှောင်ကြိုးတို့ကို ကြိုးစားဖြတ်တောက်ထားခဲ့ပြီး ဖြစ်သော်လည်း ရိပ်သာကျောင်းသို့ မိခင်ဖြစ်သူ တစ်ကြိမ်တစ်ခါမှ ရောက်မလာသေးသည့်အတွက် ကြေကွဲဝမ်းနည်းရလေ၏။
သီလရှင်မ၀တ်မီ တရားစခန်းဝင်မည်ဟု မိခင်ကြီးအား ခွင့်တောင်းစဉ်ကပင် ဒေါ်လှမေသည် ၀င့်ဝင့်ထည်၏ခြေလှမ်းတို့ကို ကြိုမြင်သိနေဘိသကဲ့သို့…
"တရားစခန်းက ဘယ်နှစ်ရက်ဝင်မှာလဲ၊ အသက်က ၃၀မပြည့်သေးဘူး၊ ခေါင်းတုံးတုံးဖို့ စိတ်ကူးမနေနဲ့ဦး" စိုးရိမ်တကြီးမှာကြားလိုက်သေး၏။ မိခင်ကြီး ခွင့်ပြုမည်မဟုတ်သဖြင့် သီလရှင်ဝတ်မည့်အကြောင်း အသိပေးပြောကြားခြင်းမပြုခဲ့၍ ၀င့်ဝင့်ထည် စိတ်မကောင်းဖြစ်ခဲ့ရလေသည်။ သီလရှင်အပြီးဝတ်သွားပြီဖြစ်ကြောင်း ဒေါ်လှမေသိသောအခါ စိတ်ဆိုး၍ အဆက်အသွယ်မလုပ်ဘဲနေပြန်သဖြင့် ပို၍ စိတ်မကောင်းဖြစ်ရ၏။ သီလရှင်ဝတ်ပြီး သုံးလေးလကြာမှ လူကြုံတစ်ယောက်နှင့် လှူဖွယ်ဝတ္ထုတို့ ပို့ပေးခဲ့၏။ ဒေါ်လှမေကား ပေါ်မလာသေးချေ။
မရူပါစိတ်မကောင်းဖြစ်ရသည်မှာ မိမိအတွက်မဟုတ်ဘဲ မိခင်ကြီးအတွက်သာ ဖြစ်လေသည်။ ဒေါ်လှမေအသက်မှာ ၅၈နှစ် ပြည့်ခဲ့ပေပြီ။ ၅၈နှစ်ကာလအတွင်း ဒေါ်လှမေတစ်ယောက် ဘုရားရိပ်၊ တရားရိပ်အတွင်းသို့ ဆယ်ကြိမ်ပြည့်အောင် မရောက်ဖူးခဲ့။ ဒေါ်လှမေ၏ တစ်နေ့တာလုပ်ငန်းစဉ်မှာ ဈေးသွားခြင်း၊ ကြွေးလိုက်တောင်းခြင်း၊ ရောက်လေရာအရပ်၌ တွေ့သမျှလူနှင့် စကားထိုင်ပြောခြင်းတို့သာ ဖြစ်၏။ အိမ်မှာတော့ အိမ်အလုပ်နှင့် ကလေးတစ်အုပ်နှင့် မိုးလင်းကမိုးချုပ် အလုပ်ရှုပ်ရပြန်လေသည်။ မိုးလင်းကမိုးချုပ် တောက်တိုမည်ရ အလုပ်များဖြင့် အလုပ်ရှုပ်နေတတ်သော ဒေါ်လှမေသည် ည အိပ်ရာဝင်မှသာ ဦးသုံးကြိမ်ချ၍ ဘုရားရှိခိုးနိုင်လေ၏။
တစ်ခါတစ်ရံ အချိန်ရလျှင် ဒေါ်လှမေ စိတ်လိုလက်ရ ဘုရားရှိခိုးနေလျှင် မြေးများက ပုံပြောခိုင်းသဖြင့် ဘုရားစာကို တိုတိုဖြတ်ကာ မြေးတွေမအိပ်မချင်း ဟိုရောက်ဒီရောက် ပုံပြင်ရှည်ကြီးများကို လုပ်ကြံပြောရပြန်လေ၏။ ဒေါ်လှမေ ဘုရားကန်တော့နေ၍ ဘွားဘွားဆီမသွားနဲ့ဟု တားတတ်သော သမီးမရှိဘဲ ကလေးတွေ ဂျီတိုက်တိုင်း 'သွား သွား… နင်တို့အဘွားဆီသွားကြ၊ ငါ စိတ်မရှည်တော့ဘူး" ဟူသော အပြောမျိုးဖြင့်သာ ဒေါ်လှမေကို အားကိုးကြသော သားသမီးတို့အကြောင်း မရူပါသိလေသည်။ ထို့အတွက် ကိုယ့်နောက်မပါနိုင်သည့် လောကီကိစ္စများဖြင့် လုံးချာလည်နေသော မိခင်ကြီးအကြောင်းကိုတွေးကာ မရူပါတစ်ယောက်သာ စိတ်မကောင်းဖြစ်ရလေ၏။

ဒေါ်လှမေ၏အိမ်၌ ၀င့်ဝင့်ထည်ရှိစဉ်က ဘုရားအလုပ်၊ တရားအလုပ်၊ မလုပ်ဘူးဆိုလျှင်တောင် ၀င့်ဝင့်ထည် အဆင်သင့်ပြင်ဆင်ပေးသော ဆွမ်းတော်ပွဲအား ကြုံလျှင်ကြုံသလို ကပ်ဖြစ်သေး၏။ သမီးဖြစ်သူ မြင့်မြင့်နွယ်နှင့် ချွေးမဖြစ်သူကတော့ ဘုရားဆွမ်းတော်တင်သည့်အလုပ်ကိုပင် သူတင်နိုး ကိုယ်တင်နိုး စောင်းငဲ့ကြည့်ရင်းဖြင့် ဒေါ်လှမေအိမ်က မြတ်ဗုဒ္ဓသည် နေ့စဉ်နီးပါး ဆွမ်းလွတ်နေတော့၏။ ၀င့်ဝင့်ထည်ရှိစဉ်က နေ့စဉ်ဆွမ်းခံကြွသော သံဃာတော်သုံးပါးသည်လည်း သတိတရားနှင့် အလေးထား၍ ဆွမ်းလောင်းလှူဖို့ ပေါ့လျော့နေတတ်သော ကျန်ရှိလူများကို အားတောင့်အားနာဖြစ်ကာ ဆွမ်းခံကြွမလာတော့ချေ။ ဆွမ်းခံဖိတ်ထားသော သံဃာများ ကြွမလာတော့သည့်အတွက်မူ မည်သူမျှ စိတ်မကောင်းဖြစ်ဟန်မရှိချေ။

မိခင်ဖြစ်သူကို စွန့်ခွာသွားရက်သော သီလရှင်မကို စိတ်နာနာနှင့် သတိရအောက်မေ့မိလျှင် ဆွမ်းတော်ကပ်ချင်စိတ်ပေါက်လာတတ်သော ဒေါ်လှမေ မနက်စောစောထ၍ ဆွမ်းချက်တတ်လေ၏။ ဒေါ်လှမေ ပြင်ဆင်ထားသော ဆွမ်းတော်ပွဲမှာ ငှက်ပျောသီး၊ ချိုချဉ်၊ ကိတ်မုန့်စသော စားသောက်ဖွယ်ရာတို့ကို မနက်စောစောစီးစီးထကာ ဂျီတိုက်တတ်သော မြေးတစ်ယောက်ယောက်က ဆိုးဆိုးဆတ်ဆတ် နှိုက်စားသည့်အခါမျိုး၌ ဒေါ်လှမေတစ်ယောက် မြေးများနှင့်ရန်ဖြစ်ရင်း ၀င့်ဝင့်ထည်ကို တိုင်တည်လျက် ငိုကြွေးပြန်လေသည်။ ထိုအခါ သမီးကြီးနှင့် ချွေးမဖြစ်သူက ကလေးများနှင့်ပင် ဖက်ပြိုင်ဖြစ်ရလေသလားဟု မကျေမနပ်ဖြစ်ကာ စူပွစူပွလုပ်ကြလေသည်။
ဒေါ်လှမေက ပြောပြန်လျှင်လည်း အိမ်မှာရှိသည့်လူကို အကောင်းမထင်ဘဲ စွန့်ခွာထွက်သွားသည့်သမီးကိုမှ အကောင်းထင်သည်ဟု စကားတင်းဆိုလျက် ငြူစူကြပြန်သည်ချည်း။ ဒေါ်လှမေသည် ကိုယ့်ဆန်နှင့် သူ့ထမင်း ဖြစ်နေရသည့်အဖြစ်ကို တစ်နေ့တခြား သဘောပေါက်လာပြီဖြစ်သော်လည်း ၀င့်ဝင့်ထည်ကဲ့သို့ သံယောဇဉ်မပြတ်နိုင်သည့် ကိုယ့်ကိုယ်ကို ကျိတ်၍ အပြစ်တင်ရုံအပြင် ဘာမှမတတ်နိုင်ပါချေ။

"အမေကလည်း အမေပါပဲ။ သံယောဇဉ်ကို ကြီးလွန်းတယ် ဆရာလေးရဲ့"
"ဒါကတော့ ဒကာမကြီးရယ်၊ သူမွေးထုတ်ထားတဲ့သမီးကို၊ ပြီးတော့ ဆင့်ဆင့်ဟာ အငယ်ဆုံးမဟုတ်လား။ အသက်ကလည်းငယ်သေးတယ်၊ အမေ ဘယ်လိုလုပ် ကြာကြာပစ်ထားနိုင်မှာလဲ"
"ပစ်မထားနိုင်လို့ပဲ ခု အမေ ဒုက္ခတွေ့နေရပြီလေ၊ သူ့ယောက်ျားက လက်ကြောတင်းတဲ့ကောင်မှမဟုတ်တာ၊ ပွဲစားယောင်ယောင်နဲ့ ယောင်ခြောက်ဆယ်လုပ်နေတဲ့အကောင်။ အဲဒါ သူ့ယောက်ျားအလုပ်လုပ်ဖို့ အရင်းအနှီးအတွက် အမေ့ကို တဒီးဒီးလာတောင်းနေတယ်၊ အမေ့မှာလည်း ငွေများများရှိတာမှ မဟုတ်တာ၊ အမေကတော့ လက်ဝတ်လက်စားရောင်းပေးမယ့်ပုံပဲ။ ဒီကိစ္စ စိုးနောင်သိရင် ပြဿနာတက်လိမ့်ဦးမယ်၊ အသုံးမကျတဲ့ သမက်ကို ပေးရကမ်းရကောင်းလားရယ်လို့။ တကယ် အမေကလည်း အမေပါပဲ"
မြင့်မြင့်နွယ်သည် မရူပါအား သီလရှင်တစ်ပါးရယ်ဟု မေ့လျော့လျက် ညီအစ်မအချင်းချင်း သူတစ်ပါးအတင်းပြောနေသကဲ့သို့ အားပါးတရကြီးပြောချလိုက်လေ၏။ မရူပါကား ခေါင်းတဆတ်ဆတ်ညိတ်ကာ နားထောင်ရင်း ကျိတ်၍သာ သက်ပြင်းအခါခါချနေလေသည်။ အမေ ဘယ်လောက်သောက ဒုက္ခများနေပြီဟု မရူပါတွေးတောကြည့်နိုင်သလို၊ အမေဘယ်လောက်ထိ ဒုက္ခများလိမ့်ဦးမည်ဆိုတာလည်း မရူပါ ကြိုတင်မှန်းဆ သိနိုင်လေသည်။
"ဒကာမကြီးရယ်၊ ဘာပဲဖြစ်ဖြစ် အမေ့ပစ္စည်းပဲဟာ၊ အမေ့သဘောအတိုင်းပေါ့"
"နို့ အမေ့ပစ္စည်းပေမယ့် သူတစ်ယောက်တည်းဆိုင်တာမှ မဟုတ်ဘဲ ဆရာလေးရဲ့၊ အမေ့မှာ သားသမီးအရင်း ခြောက်ယောက်ရှိတဲ့ဥစ္စာ"
မရူပါသည် ရုတ်တရက် တုံ့ပြန်လိုက်သော အစ်မမြင့်မြင့်နွယ်၏ စကားကြောင့် ဗုဒ္ဓရုပ်ပွားတော်၏ တင့်တယ်သပ္ပာယ်လှသော မျက်နှာတော်ကို ခပ်တွေတွေငေးကြည့်နေမိရင်းက အဓိပ္ပာယ်ပါပါ ပြုံးလိုက်မိလေသည်။ မရူပါအတွက်ကတော့ဖြင့် အရာရာသည် တရားသံဝေဂရဖွယ်ရာတွေသာ ဖြစ်နေလေ၏။ လူတို့၏ လောဘ၊ ဒေါသ၊ မောဟတို့သည်ကား အင်မတန်မှ စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်တကား။

(၄)

မရူပါသည် ဆွမ်းဆန်စိမ်းအိတ်ကို ခေါင်းပေါ်မှချလျက် အတူနေသီလရှင်ဆရာကြီးအား နှုတ်ဆက်လိုက်လေ၏။
"ဆရာကြီး ဧည့်သည်လာလို့လား" ဘုရားစင်ရှေ့ သင်ဖြူးပေါ်မှ ရေနွေးလင်ပန်းကိုကြည့်ကာ မရူပါ မေးလိုက်ခြင်းဖြစ်၏။
"လာလို့၊ ခုပဲပြန်သွားတာ၊ မရူပါညီမလို့ပြောတယ်၊ မရူပါပြန်ရောက်ခါနီးပြီဆိုပြီး တားထားတာ အလုပ်ကိစ္စတစ်ခု ချိန်းထားလို့တဲ့ ပြန်သွားလေရဲ့"
"ဘာကိစ္စ အရေးကြီးလို့ပါလိမ့်"
"အိမ်မှာ နယ်က အစ်ကိုနှစ်ယောက်ရောက်နေတယ်လို့ ပြောတယ်၊ မနက်ဖြန် မရူပါတို့အိမ်ကိုလာခဲ့ဖို့ မှာသွားတယ်။ အိမ်မှာပဲ ဆွမ်းစားပါလို့ မှာသွားတယ် မရူပါ"
"သြော်… သြော်… ဒါဆို မနက်ဖြန် တပည့်တော် သွားလိုက်ဦးမယ်၊ အမေလည်း မလာတာကြာပြီ"
"သွားလိုက်ဦး… သွားလိုက်ဦး၊ ရှေ့အပတ်ထဲ ခရီးသွားမှာလည်း ပြောခဲ့ဦးပေါ့။ အမေလိုက်နိုင်ရင်လည်း ဘုရားဖူးရအောင် ခေါ်ခဲ့ပါလား ဆရာလေးရဲ့"
"တင်ပါ့၊ တပည့်တော် ကြိုးစားကြည့်ပါဦးမယ်"
မရူပါသည် ဆွမ်းဆန်စိမ်းများကို စဉ့်အိုးအတွင်းထည့်ရင်း ဆရာကြီးကို အဖြေပေးလိုက်၏။ ထို့နောက် မီးဖိုဆောင်ထဲသို့ ၀င်ကာ မနက်ဖြန်အတွက် ဆွမ်းကိစ္စကို ကြိုတင်ပြင်ဆင်ထားလေသည်။ ပုံမှန်အားဖြင့် လုပ်ရင်းကိုင်ရင်း တရားမှတ်နေတတ်သော မရူပါသည် တရားအမှတ်လွတ်လျက် မိသားစုအရေးကိစ္စကို ဟိုဟိုဒီဒီ တွေးတောနေမိလေ၏။ အစ်ကိုနှစ်ယောက် အမေ့အိမ်သို့ ရောက်လာသည့်ကိစ္စသည် မရူပါထင့်အတိုင်း ဖြစ်လာခဲ့လေသည်။

အမေ့အိမ်ဆီသို့ မရူပါ ရောက်သောအခါ တစ်ယောက်တစ်ပေါက် သူ့အုပ်စုနှင့်သူ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံပြောဆိုနေသော မိသားစုအားလုံး၏ အသံတို့ ရုတ်တရက် ဆိတ်ငြိမ်သွားလေ။ အိမ်သားအားလုံးက ကျက်သရေရှိစွာ တင့်တယ်လှသော မရူပါ၏မျက်နှာကို အချိန်အတန်ကြာ ငေးစိုက်ကြည့်နေကြလေသည်။ ဒေါ်လှမေသည် ဆေးလိပ်တို့ကို ခပ်နာနာဖိကိုက်လျက် တွေငေးနေရာမှာ မရူပါကိုပြေးဖက်ကာ ဟီးချငိုလိုက်လေသည်။ မရူပါအပေါ် ဒေါ်လှမေ စိတ်ဆိုးပြေသွားခဲ့ပြီဖြစ်၏။

ဝင့်ဝင့်ထည်ဆိုသော သမီးတစ်ယောက် သူ့ဆန္ဒအတိုင်း သူလျှောက်လိုသည့်လမ်းကိုဖောက်ကာ ရွေးလျှောက်သွားခဲ့ခြင်းသည် ဘယ်လိုမှ မမှားနိုင်သော အမှန်ဆုံးလမ်းဖြစ်ကြောင်း ဒေါ်လှမေ လက်ခံယုံကြည်နိုင်လေပြီ။ လူဝတ်ကြောင်ဘ၀ကတည်းက အင်မတန် လောဘ၊ ဒေါ်သနည်းခဲ့သော သမီးလေးသည် ယခုအချိန်၌မူ ပြောဖွယ်မရှိအောင် တည်ငြိမ်ရင့်ကျက်နေလေပြီ။ ကျန်သားသမီးများမှာ ဒေါ်လှမေဆိုသည့် မိခင်ကြီး သောကကင်းစွာ စိတ်လက်ချမ်းသာနေနိုင်ဖို့ မည်ကဲ့သို့ ပြုစုစောင့်ရှောက်ကြမည်ဟု မစဉ်းစားကြဘဲ ဒေါ်လှမေ၌ ရှိသမျှ လက်ဝတ်လက်စား ရတနာပစ္စည်း အနည်းအကျဉ်းနှင့် ခင်ပွန်းဖြစ်သူ ဆောက်လုပ်ပေးသွားသည့် အိမ်ကြီးကို ဝေစုအညီအမျှ ခွဲဝေယူဖို့သာ စိတ်ကူးနေလေသည်ကို ဒေါ်လှမေ ပီပီပြင်ပြင် သိရှိလိုက်ရပေပြီ။
ဒေါ်လှမေကိုတော့ဖြင့် သမက်ကိုလည်း အိမ်ပေါ်တင်ထားခဲ့၏။ ချွေးမကိုလည်း ကြည်ကြည်ဖြူဖြူပင် လက်ခံထားခဲ့၏။ အိမ်ပိုင်ယာပိုင်မရှိသော အခြေအနေ၌ စပေါ်မပေး၊ အိမ်လခမပေးရသော ဤအိမ်ကြီးတွင် သက်သက်သာသာနေရပါစေဆိုသော စေတနာမေတ္တာဖြင့် နေစေခဲ့၏။ ရွှေပါးပါး နားကပ်လေးတစ်ရန်သာဝတ်၍ သားဖြစ်သူနောက် လိုက်လာသော ချွေးမကိုပင် အများနည်းတူ ၀တ်ပါစေရယ်ဟုစာနာကာ ဆွဲကြိုး၊ လက်စွပ်၊ လက်ကောက် ပြည့်ပြည့်စုံစုံဆင်ပေးခဲ့၏။ အတောမသတ်နိုင်သော လောဘတို့ဖြင့် ရလေလိုလေ အိုတစ္ဆေဖြစ်နေတတ်သော လူ့သဘောအတိုင်း လက်ကောက်တစ်ကွင်း ၀တ်ရတော့ တစ်ရန်ဝတ်ချင်ပြန်၏။ တစ်ရန်ရပြန်တော့ နှစ်ရန်၊ သုံးရန် ၀တ်ရဖို့ ကြိုးစားပြန်လေသည်။

သားနှင့်သမီးတွေကျပြန်တော့ အမေ့အိမ်မှာ မနေရသည့်သူက အမေ့အိမ်မှာရှိနေသည့်လူကို တစ်မျိုးအမြင်စောင်းကြလေ၏။ အမေ့အိမ်မှာနေချင်လျှင် ထိုက်သင့်သည့်ဝေစုကိုအမ်းကာ နေစေချင်သည့်သဘောတို့ ရှိလာကြ၏။ ဖခင်ကြီးချန်ထားရစ်သော မိခင်ကြီးပိုင် အိမ်နှင့်ခြံ၏ကာလပေါက်ဈေးကို စိတ်ကူးဖြင့်တွက်ဆကြည့်လျက် တွက်ရေးနှင့်စက်သူဌေးဖြစ်နေကြသော သားသမီးတို့၏ဆန္ဒကို ဒေါ်လှမေဖြည့်ဆည်းဖို့ ဆုံးဖြတ်ချက်ချလိုက်ရလေပြီ။

အရင်ကတော့ ၀င့်ဝင့်ထည် အိမ်ထောင်ရက်သားမကျဘဲ လူ့လောက၌ တစ်ဦးတည်းရပ်တည်နေခဲ့လျှင် ဒေါ်လှမေပိုင် အိမ်နှင့်ခြံကို ၀င့်ဝင့်ထည်သဘောဆန္ဒမပါဘဲ အမွေခွဲဝေမပေးဟု ဒေါ်လှမေ စီစဉ်စိတ်ကူးထားခဲ့၏။ ခုတော့ ဒေါ်လှမေက သူတော်ကောင်းမဟုအခါများစွာ အရွဲ့တိုက်ခေါ်ခဲ့ဖူးသော တကယ့်သူတော်ကောင်းမ မရူပါသည် ဤအိမ်ကြီးအပေါ် သံယောဇဉ်ပြတ်စွာဖြင့် ကျန်မောင်နှမများနှင့် အမေ့သဘောဆန္ဒအတိုင်း လုပ်လိုရာလုပ်နိုင်ပါသည်ဟု ဆိုခဲ့လေပြီ။
"အမေ ဘယ်မှာနေမယ်လို့ စိတ်ကူးထားလဲ"
ဒေါ်လှမေသည် မရူပါ၏အမေးကို မဖြေဘဲ တွေငေးနေလေ၏။
"ဆရာလေးကလည်း အမေကတော့ ဘယ်အိမ်လိုက်နေနေ ရတာပဲ၊ သားသမီးငါးယောက်လုံး ဘယ်သူဖြစ်ဖြစ် ခေါ်ထားနိုင်ပါတယ်"
"ဒါကတော့ ဒါပေါ့လေ၊ အမေ့ဆန္ဒကို မေးကြည့်တာပါ"
"အမေကတော့ ဘယ်သူ့အိမ်မှ လိုက်မနေချင်ပါဘူးကွယ်"
"အားလုံးပဲ ဆရာလေးတစ်ခုပြောချင်ပါတယ်၊ အမေနေနိုင်မယ်ဆိုရင် ဆရာလေး အမေ့ကိုခေါ်ထားချင်တယ်။ ပြီးတော့ ဒီအိမ်ကို ဝေစုခွဲတဲ့အခါ ဆရာလေးအတွက် ဝေစုမထည့်ပါနဲ့၊ ကျန်တဲ့ မောင်နှမတွေ ပိုရတာပေါ့။ ဖြစ်နိုင်ရင်တော့ ရှင်ပြု၊ နားသပွဲလေး လုပ်ပေးစေချင်တယ်။ ဆရာလေးအတွက်က ဘာမှမလိုဘူး၊ အမေ့ကိုလည်း ဆရာလေး ဆွမ်းဆန်ခံပြီး ကျွေးထားနိုင်ပါတယ်"
"ဆရာလေးတို့ တစ်နှစ်တစ်ခေါက် နယ်မြို့တွေဆီ ဘုရားဖူးရင်း ဆွမ်းဆန်ခံထွက်ရင် တစ်နှစ်စာအတွက် လောက်ငပါတယ်၊ ဆရာတော်ဘုရားကလည်း အမေအိုကြီးများကို လုပ်ကျွေးဖို့၊ ခေါ်ထားဖို့ အမြဲမှာကြားနေတာ၊ ဆရာလေးတို့ ဆွမ်းဆန်ခံပြီးစားရတာဟာ အလွန်မွန်မြတ်ပါတယ်၊ တချို့မှာ ဆင်းရဲချို့တဲ့ပေမယ့် ဆရာလေးတို့ ဆွမ်းဆန်ရပ်ရင် အင်မတန်ကြည်နူးဝမ်းမြောက်ကြတယ်၊ သူတို့မှာ ဆန်တစ်ဇွန်း၊ ငွေတစ်ကျပ်နဲ့ ဘယ်မှာမှ သွားမလှူဖြစ်ကြဘူး မဟုတ်လား၊ မတတ်နိုင်လို့ ကန်တော့ဆွမ်းပါလို့ ပြောရင်လည်း ဆရာလေးတို့စိတ်ထဲ ဘယ်လိုမှမနေပါဘူး၊ ဆရာလေးတို့ ဆွမ်းခံရသမျှ ဆွမ်းကိစ္စအတွက်သုံးပြီးပိုတာကို ရတနာသုံးပါးအတွက်သာ လှူတာပါပဲ၊ အဲဒီအခါ ဆရာလေးတို့ကို စေတနာသန့်သန့်နဲ့ ဆွမ်းဆန်စိမ်း လောင်းလှူလိုက်သူများလည်း ကုသိုလ်ထပ်ရပြန်တာပေါ့၊ ဆရာလေး ဆွမ်းဆန်ခံပြီး အမေ့ကို လုပ်ကျွေးနိုင်ပါတယ်၊ ဆရာတော်ကြီးရဲ့ အရိပ်မှာနေရတာမို့ အင်မတန်ငြိမ်းအေးတယ်၊ အမေလည်း ရိပ်သာမှာဆိုတော့ တတ်နိုင်သလောက် တရားထိုင်ဖြစ်သွားမှာပါ"
မရူပါသည် မျက်ရည်စက်လက်နှင့် ငူငူကြီးတွေးနေသော ဒေါ်လှမေကို ကရုဏာသက်စွာကြည့်မိရင်း -
"အမေ၊ ဆရာလေးနဲ့အတူ ရိပ်သာကျောင်းမှာ လိုက်နေနိုင်မလားဟင်" ဟု အဖြေတောင်းလိုက်လေသည်။
"ဆရာလေးနဲ့ မလိုက်နိုင်သေးရင်လည်း သမီးတို့နဲ့ပဲ နေပါလား အမေ"
မြင့်မြင့်နွယ်စကားကြောင့် အစ်ကိုဖြစ်သူ စိုးမောင်က -
"နင်တို့နေဖို့ အိမ်အရင်ရှာကြပါဦးဟာ၊ ငါ အမေ့ကိုခေါ်သွားပါ့မယ် ဟိုမှာ ငါ့မိန်းမကလည်း အလုပ်လုပ်နေတော့ အိမ်မှာ ဘယ်သူမှရှိတာမဟုတ်ဘူး၊ အမေ အေးအေးနေရတာပေါ့"ဟု ဆိုလေ၏။
"ဒီအိမ်ကြီးရောင်းပြီဆိုမှတော့ ဆင့်ဆင့်လည်း အိမ်ခန်းကောင်းကောင်း ငှားနေလို့ရပါတယ်၊ ဆင့်ဆင့်နဲ့ပဲ အမေလိုက်နေနော် နော် အမေ"
ကိုယ်ဝန်ဆောင်ထားရပြီဖြစ်သော ဆင့်ဆင့်က ကြမ်းပြင်ပေါ်သို့ လက်ဖ၀ါးထောက်လျက် ခပ်လေးလေးထကာ ဒေါ်လှမေအနားကပ်၍ ပြောလေသည်။
"ကျွန်တော့်အိမ်မှာနေလည်း ရပါတယ်ဗျာ၊ မီးမီးနဲ့အမေ အတူနေဖူးနေတာပဲ"
ဒေါ်လှမေနှင့်အတူနေသော သားဖြစ်သူ စိုးနောင်စကားကြောင့် အစ်ကိုဖြစ်သူ စိုးအောင်က ဖျတ်ခနဲ လှမ်းကြည့်လေသည်။
"ကဲပါလေ၊ အမေ့သဘောပေါ့၊ သားသမီးတွေ အများကြီးရှိနေတာပဲ၊ တစ်လှည့်စီနေလည်း ဖြစ်တာပဲ၊ အမေ့သဘောအတိုင်းသာ ဆုံးဖြတ်ပါစေ"
မရူပါ အပါအ၀င် သားသမီးခြောက်ယောက်စလုံး ဒေါ်လှမေအဆုံးအဖြတ်ကို စိတ်ဝင်တစား မျှော်လင့်စောင့်စားနေကြလေသည်။ မရူပါကတော့ဖြင့် အမေ့အကျိုးအတွက် ရိပ်သာကျောင်း၌ လိုက်ပါနေစေချင်၏။ အမေ့ကျေးဇူးတွေကို တတ်စွမ်းသမျှ မရူပါ ဆပ်လိုလှ၏။ မရူပါနှင့် အမေနေနိုင်လျှင် တရားအလုပ်ကို အချိန်ပြည့် အမေလုပ်နိုင်ပေလိမ့်မည်။ အစပိုင်း၌ အကျင့်မရှိသေး၍ ၀ိပဿနာတရား အားမထုတ်နိုင်သေးဘူးဆိုလျှင်တောင် ဥပုသ်စောင့်၊ တရားနာအလုပ်လောက်ကို အမေ စိတ်အေးချမ်းသာစွာ လုပ်နိုင်၏။ ထိုမှတစ်ဆင့် တရားအားထုတ်ဖို့ အမေ့ကို နည်းပေးလမ်းပြ လုပ်ရမည်။
အမေ့ကို မရူပါ ဤနည်းဖြင့် ပြုစုပေးဆပ်ခြင်းသည် အမေနှင့်မရူပါ နှစ်ယောက်စလုံးအတွက် အဖိုးမဖြတ်နိုင်သော ရတနာများကို နောင်အနာဂတ်သို့တိုင် ဆောင်ယူသွားစေနိုင်သည့် နည်းလမ်းမဟုတ်ပါလား။ ကျန်မောင်နှမများကတော့ အမေ့ကိုခေါ်ထားသည့်အတွက် အမေ့ဝေစု အမွေတစ်ပုံကို မျှော်လင့်နေမှန်း မရူပါ ရိပ်မိနားလည်ပါ၏။ ပြီးတော့ အမေ့ကို စိတ်ချယုံကြည်ရသော အိမ်စောင့်ကြီးအဖြစ်၊ ကလေးထိန်းအဖြဖစ် သူတို့ အသုံးချလိုသေး၏။ သို့သော် ဒါတွေကို မရူပါ အပြစ်ဟု မမြင်ပါ။ အဓိကသည် အမေကိုယ်တိုင်၏ အဆုံးအဖြတ်သာ ဖြစ်လေသည်။
"အမေ ဆရာလေးနဲ့ပဲ လိုက်နေတော့မယ်"
အတန်ကြာတွေငေးနေရာမှ ကြည်လင်ပီပြင်စွာ ထွက်ပေါ်လာသော ဒေါ်လှမေ၏စကားသံကြောင့် အိမ်သားအားလုံး ဒေါ်လှမေနှင့် မရူပါတို့ကို တစ်လှည့်စီကြည့်လိုက်ကြလေသည်။ မရူပါသည် ဒေါ်လှမေ၏ မျက်ရည်ကြည်များ ရစ်ဝဲခိုသီလျက်က ပြုံးလက်နေသောမျက်နှာကို လှမ်းကြည့်ရင်း စိတ်နှလုံးချမ်းမြေ့စွာဖြင့် ၀မ်းမြောက်ဝမ်းသာ ပြုံးလိုက်လေသည်။

(၅)

မရူပါတို့ရိပ်သာကျောင်း၌ နွေရာသီကျောင်းပိတ်ရက် သီလရှင်လာဝတ်သော ညီအစ်မနှစ်ယောက်ကို မရူပါနှင့် သီလရှင်ဆရာကြီးတစ်ပါးက ခေါင်းရိတ်ပေးနေလေသည်။ ဒေါ်လှမေသည် မရူပါတို့အနား၌ လိုအပ်သမျှကို ကူညီဖြည့်ဆည်းပေးရင်း အပျိုပေါက်မိန်းကလေးနှစ်ယောက်ကို စိတ်တွင်းမှ ထပ်တလဲလဲ ချီးကျူးနေမိလေသည်။ သမီးလေးနှစ်ယောက် ခေါင်းရိတ်နေစဉ် အ၀တ်ဖြူစလေးကို လက်နှစ်ဖက်ဖြင့် ကိုင်ပေးလျက် ကြည်နူးနှစ်လိုစွာ ပြုံးနေသော မိဘနှစ်ပါး၏နေရာ၌ ဒေါ်လှမေ အစားဝင်ကြည့်နေလေ၏။
ဒေါ်လှမေသည် မရူပါ သီလရှင်ဝတ်စဉ်က ဘေးမှပါရမီဖြည့်မပေးမိသည့်အပြင် ကောင်းမြတ်သည့်အမှုကိစ္စကို ပြုသွားသည့် သမီးအား အပြစ်တင်ငြူစူမာန်မဲ၍ ဒေါသထွက်ကာအမျက်မပြေနိုင်ဘဲ သမီးလေးကို တစ်နှစ်နီးပါး ပစ်ပယ်ထားခဲ့မိ၏။ ၀င့်ဝင့်ထည် ဆယ်တန်းအောင်စဉ်က ဖခင်ဖြစ်သူဝယ်ပေးခဲ့သော ပတ္တမြားလက်စွပ်တစ်ကွင်းကိုသာယူ၍ ဒေါ်လှမေဆင်ထားသမျှ လက်ဝတ်ရတနာတို့ကို စွန့်ပစ်ထားရစ်လျက် တရားကျောင်းသို့ တစ်ဦးတည်း ထွက်သွားရရှာသော သမီးဖြစ်သူ ၀င့်ဝင့်ထည်၏ပုံရိပ်များကို တရေးရေးမြင်ယောင်ကြည့်မိရင်း ဒေါ်လှမေ မျက်ရည်လည်လာရတော့၏။
သီလရှင်ဝတ်ရသည့် အလုပ်မှာ မိဘမသိဘဲ ယောက်ျားနောက်လိုက်ပြေးရသကဲ့သို့ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာလုပ်၍ မသင့်တော်ကြောင်း ဒေါ်လှမေ ခုမှသိနားလည်လာရ၏။ ဘုန်းကြီးကျောင်း အသီးသီးသို့ အကြောင်းကြောင်းတို့ကြောင့် သီလရှင်ဝတ်ရန် ရောက်ရှိလာသော မည်သည့်အမျိုးသမီးကိုမဆို အဘယ်ကဲ့သို့သော ကျောင်းကမှ မမေးမြန်းမစစ်ဆေးဘဲ လူဝတ်လဲပေးသည်မရှိ။ ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော်ကို စောင့်ရှောက်နေသော သံဃာတော်အရှင်သူမြတ်နှင့် ဘိက္ခူနီမများ သီတင်းသုံးရာကျောင်းတော်တွင်းသို့ လင်ယောက်ျားနှင့်စိတ်ဆိုး၍၊ မိဘနှင့်စိတ်ဆိုး၍၊ အကြွေးပူလွန်း၍ စသော အကြောင်းများကြောင့် ခဏခေတ္တလာရောက်ခိုလှုံသောသူမျိုးတို့ကို ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများက အလိုမရှိတတ်ချေ။

သို့သော် ဆရာတော်ကြီးများသည် ကျောင်းသို့ သီလရှင်ဝတ်ရန် ရောက်ရှိလာသည့် အမျိုးသမီးတစ်ယောက်၏ မျက်နှာကိုမြင်ရုံမျှဖြင့်၊ စကားတစ်ခွန်းနှစ်ခွန်းပြောကြည့်ရုံမျှဖြင့် ထိုအမျိုးသမီးအား သီလရှင်ဝတ်ပေးသင့် မသင့်ဆိုသည့် ကိစ္စကို ဆုံးဖြတ်နိုင်ကြလေသည်။ မိဘ သို့မဟုတ် အုပ်ထိန်းသူများက ကြည်ကြည်ဖြူဖြူသဘောတူကာ သမီးများကို ယခုလို သီလရှင်ဝတ်ပေးခြင်းမျိုးဆိုလျှင်တော့ အားလုံးစိတ်ချမ်းသာမှု အပြည့်အ၀ရရှိကြ၏။
ဒေါ်လှမေသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောနေကြသော ခေါင်းတုံးပြီးစ ညီအစ်မနှစ်ယောက်၏ ချစ်စဖွယ် အမူအရာလေးများကိုကြည့်ရင်း မိဘများနည်းတူ ကြည်နူးပီတိဖြစ်နေရလေသည်။

"ကလေးတွေက ၀တ်ချင်ကြတာလား"
ဒေါ်လှမေ၏စကားကြောင့် ဖခင်ဖြစ်သူကပြုံး၍ ခေါင်းညိတ်လျက် -
"ဟုတ်ပါ့ဗျာ၊ သူတို့ဆန္ဒပါပဲ။ ကျွန်တော်တို့ကလည်း ၀တ်စေချင်တော့ သီလရှင်တွေအကြောင်း အမြဲပြောပြနေခဲ့တာ၊ သမီးကြီးက ၀တ်ချင်နေတာကြာပြီ၊ စာမေးပွဲဖြေပြီးကတည်းက ၀တ်မယ်ပြောထားတာ၊ ညီအစ်မနှစ်ယောက်စလုံး ဆယ်တန်းတစ်နှစ်တည်း အောင်တာလေ။ သမီးငယ်က ကွန်ပျူတာသင်တန်းမပြီးသေးလို့ အတူဝတ်ရအောင် စောင့်ခိုင်းထားတာ။ ကျွန်တော်လည်း ဒီနွေတော့ သမီးနှစ်ယောက်ကို သီလရှင်ဝတ်ပေးပြီး အလှူလေး တတ်နိုင်သလောက်ပြုဖို့ ဘုရားမှာ အဓိဋ္ဌာန်ထားတာ အစ်မကြီးရဲ့။ ကျွန်တော့်မှာက သားမရှိတော့ သမီးတွေကိုပဲ သီလရှင်ဝတ်ခိုင်းရတာပေါ့"
"၀မ်းသာပါတယ်ရှင်၊ ဒါနဲ့ ဘယ်နှစ်ရက်ဝတ်မှာလဲ"
"သမီးငယ်က တက်စရာသင်တန်းတွေရှိသေးလို့ တစ်လပဲဝတ်မယ်တဲ့၊ သမီးကြီးကတော့ ကြာကြာဝတ်မယ်ထင်တယ်၊ သူက ခါတိုင်း တရားစခန်းအမြဲဝင်နေကျလေ"
"ကောင်းပါတယ်ရှင်၊ တစ်လပဲဝတ်ဝတ်၊ တစ်ပတ်ပဲဝတ်ဝတ်၊ အကျိုးများတာပါပဲ"
"ဟုတ်တယ် အစ်မကြီးရဲ့၊ ကျွန်မတူမလေးတစ်ယောက်ဆို သူ့ဆန္ဒနဲ့ဝတ်တာတောင်မဟုတ်ဘူး၊ ရည်းစားထားလို့ဆိုပြီး ခြေငြိမ်အောင် မိဘတွေက ၀တ်ခိုင်းတာ။ သူကတော့ အချိန်ပြည့် တရားမထိုင်နိုင်လို့ တစ်နေ့သုံးကြိမ်ပဲ ထိုင်ခိုင်းရတယ်၊ အဲဒါ သီလရှင်တစ်လခွဲဝတ်ပြီးထွက်လာတော့ သိမ်မွေ့လာလိုက်တာ အစ်မရယ်၊ ငါးပါးသီလကို လုံအောင် ထိန်းလာနိုင်တယ်တဲ့။ မိဘစကားနားထောင်ပြီး မနက်မိုးလင်းတာနဲ့ ဘုရားခန်းဝင်၊ ညအိပ်ရာဝင်ခါနီး နာရီဝက်လောက်တရားထိုင်၊ သူ့ဘာသာ လုပ်တတ်လာတာ။ အရင်က တော်တော်ဆိုးတဲ့ကလေးမ၊ ခုတော့ မိဘများလည်း စိတ်ချမ်းသာလို့ပေါ့။ ကျွန်မသမီးနှစ်ယောက်ကိုလည်း သူကပဲ သီလရှင်ဝတ်ဖြစ်အောင်ဝတ်ဖို့ တိုက်တွန်းအားပေးခဲ့တာ။ အိမ်ကသမီးတွေကတော့ နဂိုကတည်းက လိမ္မာကြပါတယ်"
ဒေါ်လှမေသည် သမီးလေးနှစ်ယောက်အတွက် ဂုဏ်ယူကျေနပ်နေသော မိဘနှစ်ပါး၏စကားကို ခေါင်းညိတ်နားထောင်လျက် ကိုယ့်အပြစ်ကိုယ်ပြန်တွေးနေမိလေ၏။ အရင်က မိမိသည် ဆရာဝန်ကတော်၏မိခင်၊ အရာရှိကတော်၏မိခင်အဖြစ် မော်ကြွားဂုဏ်ယူလျက် စင်ကြယ်မြင့်မြတ်သော သီလရှင်၏မိခင်အဖြစ် ဘာကြောင့် ဂုဏ်ယူဝမ်းမြောက်မနေမိခဲ့သနည်းဟုတွေးကာ စိတ်မကောင်းဖြစ်ရလေ၏။ ခုတော့ဖြင့် သမီးလိမ္မာမရူပါ၏ ကျေးဇူးကြောင့် ဒေါ်လှမေတစ်ယောက် ဘုရားရိပ်၊ တရားရိပ်၏အရသာကို ကောင်းကောင်းကြီး ခံစားနိုင်ပေပြီ။ ၀ါဝင်ဝါထွက်လေးသော်မှ ဥပုသ်တစ်ရက်မစောင့်နိုင်ခဲ့သော ဒေါ်လှမေ နေ့စဉ်ဥပုသ်စောင့်ကာ ပုံမှန်တရားလေးကြိမ် ထိုင်နိုင်လေပြီ။
မနက်ပိုင်းဆိုလျှင် မရူပါနှင့်အတူ သံဃာတော်များအား ဆွမ်းလုပ်ကျွေးခွင့်ရရှိလေ၏။ မရူပါတို့ ရိပ်သာကျောင်းဝင်းအတွင်း နေထိုင်သော သီလရှင် ကျောင်းတစ်ကျောင်းလျှင် အနည်းဆုံး ဆွမ်းဟင်းတစ်ခွက်ဖြင့် ကျောင်းထိုင်ဆရာတော်ကြီးအား ကပ်လှူကြလေ၏။ ပြုစုလုပ်ကျွေးမည့်သူမရှိသည့် အသက်အရွယ်အိုမင်းသော သီလရှင်ဆရာကြီးများကိုမူ ဆရာတော်ကြီး၏ စောင့်ရှောက်မှုဖြင့် ကျန်သီလရှင်နှင့် ယောဂီများက ဆွမ်းလုပ်ကျွေးကြ၏။

မရူပါသည် မနက်သုံးနာရီထကာ တစ်ကျောင်းလုံးရှိ သံဃာတော်များ အတွက် ဆွမ်းချက်သော ဝေယျာဝစ္စအဖွဲ့၌ ဦးစီးဦးဆောင်ပြုကာ ချက်ပြုတ်သူဖြစ်နေလေပြီ။ အသက်အရွယ်ငယ်ကာ ဥာဏ်ရည်ထက်မြက်သော မရူပါသည် ရိပ်သာကျောင်းကြီးရှိ သံဃာတော်၊ သီလရှင်၊ ယောဂီများအားလုံး၏ မေတ္တာကို အပြည့်အ၀ခံယူရရှိနေပေပြီ။ ဆွမ်းစားဆောင်အတွက် ကိစ္စမှာလည်း မရူပါပါ၏။ ဘုန်းကြီးကျောင်းသို့လာသမျှ ဒကာ,ဒကာမများကို လက်ခံတွေ့ဆုံဧည့်ခံရာမှာလည်း မရူပါ,ပါ၏။ ကျောင်း၌ အလှူအတန်းရှိလျှင်လည်း မရူပါသာ ဦးစီးဦးဆောင် ပြုရလေ၏။ အဖိတ်နေ့ ဆွမ်းဆန်စိမ်းခံတော့လည်း မရူပါ ပါလိုက်ပါသေး၏။ ရိပ်သာကျောင်း၌ တရားထိုင်ရန် မောင်းကလေးထုလိုက်ပြီဆိုတာနှင့် မရူပါ ရှေ့ဆုံးမှ ရောက်နှင့်နေလေသည်။

ဒေါ်လှမေ အိမ်မှာနေစဉ်က မထုံတက်သေးပုံစံလေးနှင့် အင်မတန်မှ အေးတိအေးစက်နိုင်လှသော ခပ်တုံးတုံးမိန်းကလေးဟု သတ်မှတ်ကာ ဒေါ်လှမေ အားမရခဲ့သော မိန်းကလေးသည် ဤရိပ်သာကျောင်းကြီး၌ အလွန်အဖိုးတန်သော သူတော်ကောင်းမလေး ဖြစ်နေခဲ့လေပြီ။ မရူပါသည် သူနှင့် သင့်တင့်လျောက်ပတ်သော နေရာဌာနသို့ မှန်ကန်စွာ ရွေးချယ် လျှောက်လှမ်းနိုင်ခဲ့သူဖြစ်၏။ ထိုမျှသာမက မိခင်ဖြစ်သူကိုပါ မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်အောင် အပါ ဆွဲခေါ်လာနိုင်ခဲ့လေသည်။ မရူပါသည် ကိုယ်တိုင်ပြုကျင့်ရမည့် သီလ၊ ဒါန၊ တရားဘာဝနာအလုပ်တို့ကို မပျက်မကွက်ပြုရင်း မိခင်ကြီးကိုလည်း အနီးကပ်စောင့်ရှောက်ပြုစုနေလေသည်။

ဒေါ်လှမေရှိရာ ရိပ်သာကျောင်းဆီသို့ ဘယ်သားသမီးကမှ လာရောက်တွေ့ဆုံခြင်းမရှိတော့လျှင်ပင် အားငယ်ဝမ်းနည်းစိတ် မ၀င်မိတော့အောင် ဒေါ်လှမေ နေတတ်သွားလေပြီ။ ဒေါ်လှမေ နေတတ်အောင် မရူပါက နည်းလမ်းပြပေးခဲ့ပြီမဟုတ်လား။ သားသမီးအတွက်တစ်မျိုး၊ ချွေးမနှင့်သမက်များအတွက် တစ်ဖုံ၊ ပူပင်သောကရောက်ခဲ့ရသော ဒေါ်လှမေတစ်ယောက် ဘယ်နေရာဘယ်ကာလမှာမှ မရရှိဖူးခဲ့သော ငြိမ်းအေးလွတ်လပ်မှုအရသာကို ခံစားလျက် ကိုယ့်ဘ၀ကိုယ် ကျေနပ်လာနိုင်သည်မှာ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးနှင့် ရတနာသုံးပါး၏ အရိပ်အတွင်းသို့ရောက်အောင် ပံ့ပိုးပေးခဲ့သည့်မရူပါဆိုသော တစ်ယောက်သောသူ၏ ကျေးဇူးကြောင့် ဖြစ်လေသည်။
မြစ်ဟူသည် သဘာဝအားဖြင့် အထက်မှအောက်သို့သာ စီးဆင်းသည်ဆိုသော်ငြား ဒေါ်လှမေ၏ အသွေးအသားတို့မှ ခွဲခြာစီးဆင်းသွားသော မရူပါဆိုသော မြစ်တစ်စင်းကတော့ဖြင့်………


မေတ္တာဖြင့် - ယုဒါ
အမှတ်(၄၆)
ရွှေအောင်လံ ရသစုံ မဂ္ဂဇင်း
မေလ၊ ၁၉၉၉ ခုနှစ်

No comments:

Post a Comment

အားပေးမှုအတွက် ကျေးဇူးတင်ပါသည်...

မေတ္တာဖြင့်...
ယုဒါ