'ကိုသား'
တသောသောဆူညံနေတဲ့
အချင်းချင်း အပြန်အလှန်နှုတ်ဆက်သံ၊ ခွန်းခြွေမှာကြားသံ၊ ရယ်မောသံတွေကြားမှာပဲ အဲဒီခေါ်သံကို
ငါကြားလိုက်တာပါ။ လှည့်မကြည့်ပေမယ့် ငါ သိနေပါပြီ။ လေယာဉ်ကွင်းထဲကို အနက်ရောင်ကားကြီး
ထိုးဆိုက်လာကတည်းက နင့်ကို ငါ တွေ့ခဲ့ပြီးသားပဲ။ နင့်ကိုမြင်ရင် လာခေါ်မှာစိုးလို့ ချောင်ခိုနေတာကိုပဲ
နင်က မြင်ဖြစ်အောင် မြင်သွားခဲ့တာကိုး။
အရပ်ငါးပေလေးလက်မရှိတဲ့
နင်ကတော့ နီညိုရောင် ခွာမြင့်ဖိနပ်ကြောင့်ထင်ပါရဲ့။ သိပ်မခမ်းနားလှတဲ့ ခပ်ကျဥ်းကျဉ်း
လေဆိပ်အဆောက်အလုံလေးတစ်ခုထဲက လူတွေအလယ်မှာ ထင်ရှားမြင့်မား ပေါ်လွင်နေလိုက်တာ။ တစ်ခါက
နင့်ကို ဖိနပ်မြင့်မြင့်ကြီးတွေစီးဖို့ မလိုကြောင်း ငါပြောခဲ့တုန်းက နင်ပြန်ပြောဖူးတဲ့
စကား ငါသတိရလိုက်တာ။
"ဘာဖြစ်လဲ
ကိုသားရဲ့၊ အရပ်ပုတဲ့သူတွေက မြင့်ချင်ယောင်ဆောင်ချင်လို့ ဖိနပ်အမြင့်စီးကြတာ၊ မိမိုးက
မြင့်ပြီးသားအရပ်ကို ပိုမြင့်ချင်လို့စီးတာ၊ ကိုသားမကြည့်တတ်လို့ပါနော်၊ ခုံမြင့်ဖိနပ်တွေက
အရပ်မြင့်မြင့် အမျိုးသမီးတွေစီးမှ ပိုကြည့်ကောင်းတာ၊ နိုင်ငံခြားက မင်းသမီးတွေကြည့်ပါလား။
အရပ်မြင့်မြင့် ဖိနပ်မြင့်မြင့်နဲ့ ဘယ်လောက်မိုက်သလဲ။ ဘာလဲ ကိုသားက မမိုး ခုလို မြင့်မြင့်မားမား
လှနေတာကို မနာလိုဘူးပေါ့လေ"
မိမိုးရယ်
ငါဆိုတဲ့ ငါဟာ နင့်ရဲ့ မြင့်မားအောင်မြင်မှုအတွက်
မနာလို မရှုဆိတ်ဖြစ်မယ့်ကောင်လား၊ တစ်နေ့တစ်နေ့ ပိုလို့မြင့်တက်လာတဲ့ နင့်ရဲ့အရှိန်အ၀ါအတွက်
ကျေနပ်ကြည်နူးနေတဲ့ လူလားဆိုတာ နင်သိနိုင်မှာပါ မိမိုးရယ်။
နင်စီးလာတဲ့ကား
လေယာဉ်ကွင်းထဲ ဝင်မလာခင်ကတည်းကို ငါ့နားထဲမှာ နင့်ရဲ့ ထင်ပေါ်ကျော်ဇောမှုသတင်းတွေ လျှံနေခဲ့တာ။
နင့်ရဲ့ ဂုဏ်သတင်းလှလှတွေကြားရရင် ငါပျော်တယ်၊ ပြီးတော့ ငါ့ရင်တွေ ခုန်နေတယ် မိမိုး။
ခုဆိုရင်
နင့်အဖေရဲ့ ကြီးကျယ်မြင့်မားတဲ့ ဂုဏ်သရေနဲ့အတူ နင့်ရဲ့ ဂုဏ်အရှိန်အ၀ါလည်း မြင့်သည်ထက်မြင့်လာခဲ့ပြီ…
နော်။ တကယ်ဆိုတော့ နင်ကိုယ်တိုင်က ခပ်ညံ့ညံ့မိန်းမမှမဟုတ်တာ။ ရန်ကုန်ဆေးတက္ကသိုလ်က ဘွဲ့တစ်ခုရထားတဲ့
မိန်းမတစ်ယောက်က ဘယ်လိုလုပ် ခပ်ညံ့ညံ့မိန်းမဖြစ်တော့မှာလဲလေ။
ခပ်ညံ့ညံ့ဆိုတဲ့
ဝိသေသနကို ခံယူရမှာက ငါပါ။ ဆယ်တန်းစာမေးပွဲကို သုံးကြိမ်ဖြေလို့မှ မအောင်ခဲ့တာတောင်
ကိုယ့်ကိုယ်ကို ညံ့မှန်းမသိအောင် ညံ့ခဲ့တဲ့ကောင်။ အောင်လက်မှတ်ပေါ်က အရည်အချင်းဆိုတာကို
သရော်ပြုံး ပြုံးကြည့်တတ်ခဲ့တဲ့ ခပ်ကြောင်ကြောင်ကောင်။
တစ်ချိန်လုံး
ပန်းချီထိုင်ဆွဲနေတတ်တဲ့ငါ့ကို ဆယ်တန်းပြန်ဖြေဖို့ တိုက်တွန်းလို့မရတဲ့အဆုံး နင်ဒေါသတကြီး
ပြောခဲ့တဲ့စကား။
"မိမိုး
အတန်တန်ပြောနေတယ်နော် ကိုသား၊ အောင်လက်မှတ်တစ်ခုရဲ့ အရေးပါအရာရောက်မှုကို တစ်နေ့တော့
ကိုသားကောင်းကောင်းသိလာရမယ်။ အဲဒီအခါမှ ကိုသား နောင်တရရင် ကိုသားရှေ့မှာ မိမိုးလာရယ်မယ်သိလား"
အဲဒီတုန်းက
ငါရယ်နေခဲ့တယ်။
"မလိုဘူးလေ
မိမိုးရဲ့၊ ငါက နင့်လို ဆရာဝန်လုပ်မှာမဟုတ်ဘူး၊ ဆယ်တန်းအောင်လက်မှတ် မလိုဘူး၊ ဘွဲ့ရလက်မှတ်
မလိုဘူး၊ ဆ-မ လက်မှတ်မလိုဘူး၊ ငါလုပ်မှာ ပန်းချီဆရာ"
နင်
ရှိုက်ကြီးတငင်ငိုနေခဲ့တာ ငါ မေ့နိုင်မတဲ့လား။ ဒီဇိုင်းဆရာ၊ ပန်းချီဆရာလုပ်တဲ့ ငါ့ကို
နင်က အင်ဂျင်နီယာအဖြစ် မြင်ကြည့်ခဲ့တာ။ ၀န်ခံပါတယ် မိမိုး၊ ငါကိုယ်တိုင်ကလည်း ဆယ်တန်းသာအောင်ရင်၊
စက်မှုတက္ကသိုလ်မဟုတ်တောင် ဂျီတီအိုင်လောက်တော့ တက်ဖို့ မျှော်လင့်ခဲ့တာပါ။
ဒါပေမယ့်
ငါက လူတစ်မျိုး၊ မြန်မာပြည်က ခပ်ရှားရှားလူမျိုး။ ဆယ်တန်းအောင်လက်မှတ်မရှိလို့ ဂျီတီအိုင်
တက်ခွင့်မရတဲ့ငါဟာ ပြည် ဂျီတီအိုင် ကျောင်းဝင်းထဲမှာ သုံးနှစ်သုံးမိုးမက နေခဲ့ဖူးတယ်။
ဒါကတော့ ငါရဲ့ ဆယ်တန်းမအောင်တဲ့အဖြစ်ကို သနားကရုဏာသက်နေတဲ့ ငါ့ဆရာတစ်ယောက်ရဲ့ ကူညီမ,စမှုနဲ့ပေါ့။
ငါ ၀ါသနာကြီးတဲ့ ပုံဆွဲချိန်တွေမှာ အမြဲမပြတ် အတန်းတက်ခဲ့တယ်။ ပြင်ပလေ့လာမှုတွေများတဲ့
ငါ့အတွက် ဒီပညာရဲ့ အထောက်အပံ့နဲ့ လမ်းကြောင်းတစ်ခုပေါ် ရောက်သွားခဲ့တယ်။ အဲဒီကစလို့
ငါဟာ ဒီဇိုင်းပညာရှင် ဖြစ်မလာဘဲ မထင်မရှား ဒီဇိုင်းစာရေးလေးတစ်ယောက် ဖြစ်လာရတော့တာပဲ။
သိတော့သိသားပေါ့
မိမိုးရယ်၊ အောင်လက်မှတ်တစ်ခုရဲ့ အရေးပါမှုဆိုတာကို… ဒါပေမယ့် ငါ ခေါင်းမာချင်ခဲ့တယ်၊
ဆယ်တန်းအောင်မှု လူတစ်ယောက်ရဲ့ အရေးပါအရာရောက်မှုကိုသာ အနစ်နာခံပြချင်ခဲ့တယ်။ ငါ့ထက်
အတန်းပညာတွေ အများကြီးတတ်တဲ့၊ အောင်လက်မှတ်တွေ အများကြီးရှိတဲ့ ငါက အစ်ကိုလို့ခေါ်တဲ့၊
ဆရာလို့ခေါ်တတ်တဲ့ (တစ်နေ့မှာတော့ ငါ့ကို ဆရာလို့ ပြန်ခေါ်ရတဲ့) ငါ့ထက် ရာထူး၊ အဆင့်မြင်တဲ့
လူတချို့ ငါ့ဆီ ပညာတွေပြန်ယူရတာကိုပဲ ကျေနပ်နေခဲ့တယ်။
သူတို့
ဘာတွေဖြစ်သွားဖြစ်သွား၊ ဘယ်နေရာရောက်သွား ရောက်သွား ငါ စိတ်မ၀င်စားဘူး။ ငါကတော့ နင်တို့
မိန်းမတွေအပြော တစ်ပဲခြောက်ပြားရတဲ့ အလုပ်ထဲမှာပဲ ငြိမ်လို့ ကျန်ရစ်တယ်။ ငါ့အတွက် နေရာသစ်မရှိဘူးလေ။
ငါ့မှာ အောင်လက်မှတ်တစ်ခုရှိမနေတဲ့အတွက်ပေါ့ မိမိုး၊ နေရာတစ်ခုကို တက်လှမ်းသွားရဖို့ဆိုတာဟာ
ပညာတစ်ခု တတ်မြောက်ထားရုံနဲ့ မလုံလောက်ဘူးဆိုတာ ငါ သိလာတဲ့အချိန် (လက်မခံချင်ဘဲ လက်ခံလိုက်ရတဲ့အချိန်)မှာ
သိပ်နောက်ကျသွားခဲ့ပြီ မိမိုး။
အဲဒီအချိန်မှာ
နင်ကလည်း ငါနဲ့အတော်ကြီးကို အလှမ်းဝေးသွားခဲ့ပြီလေ။ ငါ့မှာ ကျွေးမွေးပြုစုစရာ မိဘမောင်ဖား၊
ဇနီးသားသမီးမရှိတဲ့အတွက် ဘာမှဟုတ်တိပတ်တိ မရတဲ့၊ တစ်ခါတလေ ညလုံးပေါက်မအိပ်ရဘဲ အလုပ်လုပ်နေရတဲ့
အဲဒီနေရာလေးမှာပဲ ငါ ကုပ်တွယ်နေခဲ့တယ်။ ငါ ဘာအတွက် ငွေမက်နေစရာလိုသေးလို့လဲ မိမိုး။
လစာအပြင် မအားတဲ့ကြားက အိပ်ရေးပျက်ခံလုပ်ရတဲ့အပြင် ဒီဇိုင်းဆွဲတဲ့အလုပ်၊ ကြော်ငြာဆိုင်းဘုတ်ရေးတဲ့အလုပ်၊
ပြီးတော့ ငါ အမြတ်နိုးဆုံး ပန်းချီဆွဲတဲ့အလုပ်တွေက ငါ တစ်ဥိးတည်း ဘ၀ရပ်တည်မှုအတွက် လုံလောက်နေပြီပဲ။
ငွေရဖို့အတွက်နဲ့ သူတစ်ပါးကို ငါ မတိုက်ခိုက်ချင်ဘူး မိမိုး။
တစ်ဖက်လူက
ငါ့နာမည်ရှေ့မှာ 'ကို' လေးတပ်ပြီး ခိုင်းတာကိုပဲ သူတို့ သဘောကျနှစ်ခြိုက်သွားအောင်
စေတနာထားပြီး ၀မ်းမြောက်ဝမ်းသာ လုပ်ပေးခဲ့သေးတာ။ ငါ့အပေါ် စေတနာမေတ္တာတကယ်ရှိတဲ့ ဆရာတစ်ချို့ကတော့
ငါကျွမ်းကျင်တဲ့ အတတ်ပညာနဲ့ ကိုက်ညီပြီး အခကြေးငွေများများရတဲ့ နေရာတစ်ခုမှာ အလုပ်လုပ်ဖို့
အကြံပေးကြ၊ ကူညီမယ်ပြောကြတာပေါ့။ ဒါပေမယ့် ငါ့ကို လက်မလွှတ်ချင်တဲ့ ဆရာတစ်ချို့ကို ငါက
လူပျိုကြီးမပီသစွာနဲ့ သံယောဇဉ်ကြီးနေပြန်တယ်။
ငါဟာ
အင်မတန် သံယောဇဉ်ကြီးတတ်တဲ့ကောင်ဆိုတာ နင်အသိဆုံးမဟုတ်လား မိမိုး။ ငါ့အဖေဆုံးပြီး ငါတို့မြို့လေးကနေ
အမေ့ဇာတိဖြစ်တဲ့ ပြည်ကို ပြောင်းခဲ့ရတော့ ညည အိပ်လို့မရတဲ့အထိ ငါ ကယောင်ချောက်ချား
ဖြစ်နေခဲ့တာ။ နင်နဲ့ငါက ညကြီးမင်းကြီး သူ့အိမ် ကိုယ့်အိမ် ကူးသန်းနေခဲ့ကြသူတွေကိုး။
နင်ကတော့ ငါ နေရာသစ်မှာ အချစ်သစ်တွေ့ပြီး နင့်ကို မေးထားရစ်ပြီလားလို့ ရန်တွေ့စာတွေ
ရေးခဲ့တာလေ။ ငါဟာ နင့်ကိုသတိရတိုင်း ပန်းချီသာ တွင်တွင်ဆွဲနေရတဲ့လူပါ မိမိုးရယ်။
အဖေမရှိတဲ့နောက်
ငါ့ကိုမနိုင်တဲ့အမေဟာ ဆယ်တန်းစာမေးပွဲဖြေဖို့ကို မစည်းရုံးတော့ဘဲ ငါလုပ်ချင်တာလုပ်ပေတော့လို့
လက်ပိုက်ကြည့်နေခဲ့တယ်။ နင်တို့လောက် မမြင့်ပေမယ့် မနိမ့်လှတဲ့ နေရာတစ်ခုမှာ လှလှလေးနေပြီး
မမလို့ အခေါ်ခံခဲ့ရတဲ့ အမေဟာ အဖေမရှိတော့ မလှပတဲ့ ဘ၀ရဲ့ဒဏ်တွေကို အကြာကြီး မခံနိုင်ခဲ့ဘူးလေ။
တစ်ခါတစ်ခါ ငါတွေးကြည့်မိတယ်။ သံယောဇဉ်တွေက ငါ့ကို ဖြတ်သွားတာလား။ ငါက သံယောဇဉ်တွေကို
ဖြတ်သွားတာလား ဆိုတာကိုလေ မိမိုး။
ငါ့အမေဆုံးတော့
နင် ဆေးတက္ကသိုလ် တတိယနှစ်ဝက်လောက် ရှိပြီထင်တယ်။ ငါ့ဘ၀တစ်နေ့တခြား ဆုတ်ယုတ်နိမ့်ပါးလာတာကို
ငါ ၀မ်းနည်းတတ်ပေမယ့် နင့်ဘ၀ တစ်နေ့ထက်တစ်နေ့ ပိုလို့ တိုးတက်မြင့်မားလာတာကို ငါ ၀မ်းသာနေခဲ့တာပါ
မိမိုး။ နင် စာသုံးလေးစောင်ရေးမှ တစ်စောင် ပြန်ရေးဖြစ်တာဟာ နင့်အပေါ် အနေဝေးလို့ သွေးအေးသွားတာလို့
နင် ထင်ခဲ့တယ်။ မဟုတ်ပါဘူး မိမိုးရယ်။ ဒါဟာ နင့်ရဲ့ အရှိန်အ၀ါတွေကို ငါကြောက်လာလို့ဆိုတာ…။
လုပ်ချင်ရာကို
မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ နင်၊ အဆုံးအဖြတ်မှားပြီး ငါ့ဘ၀ထဲကို ရူးရူးမိုက်မိုက်ဆင်းလာမှာစိုးလို့
နင့်ကို ငါ တဖြည်းဖြည်း ဖြတ်တောက်ပစ်ခဲ့တာ။
ငါသာ
မျက်ရည်ကျပါရစေ မိမိုး။ နင့်အသိုင်းအ၀ိုင်း၊ နင့်အရည်အချင်းဟာ ငါဆိုတဲ့လူနဲ့ မထိုက်တန်ဘူးလို့
လူ့ပတ်ဝန်းကျင်တစ်ခုလုံးက တူညီစွာ သတ်မှတ်ထားခဲ့ကြပြီ မိမိုး။
ငါ့ဘ၀ထဲကို
နင်ဆင်းမလာသင့်တော့သလို နင့်ဘ၀ထဲကိုလည်း ငါတိုးမ၀င်သင့်တော့တဲ့ အခြေအနေတွေ ဖြစ်နေပြီဆိုတာ
ငါနားလည်သလို နင်နားလည်ပေးလိုက်စမ်းပါ။ နင်စာရေးတိုင်း ထည့်ရေးပေးတတ်တဲ့ လိပ်စာနဲ့
ဖုန်းနံပါတ်ကို ငါသေသည်အထိ မမေ့ပါဘူး မိမိုးရယ်၊ ရန်ကုန်ရောက်လို့မှ နင့်ကို လာမတွေ့ရကောင်းလားလို့
နင် ရန်တွေ့စာရေးတော့ ငါ ရင်နာရတယ်၊ မိုးနဲ့မြေလို ကွာခြားသွားတဲ့ အခြေအနေတွေကို နင်
မေ့နေခဲ့တာကိုး။
နင်
စိတ်ဆင်းရဲမယ့်အဖြစ်ကို ငါ မလိုလားပါဘူး မိမိုး။ ဒါပေမယ့် မိမိုးရယ် ကွင်းစကွင်းပိတ်ထဲ
ထည့်ထားရမယ့် မထင်မရှား မိဘနှစ်ပါးရဲ့သား၊ နာမည်နောက်က အမြီးလေးမှ ထည့်ခွင့်မရတဲ့ အညတကတစ်ယောက်ဟာ
နင့်အတွက် မဖြစ်သင့်တော့ဘူးလို့ ငါ…။
ပြီးခဲ့တဲ့
နှစ်နှစ်ကျော်က ငါ အလုပ်လုပ်နေတဲ့ မြို့ကို နင့်အဖေနဲ့ နင် ရောက်လာပြီး ငါ့ကို လာတွေ့ရင်း
နင် ပြောခဲ့တဲ့စကား -
"မိမိုးလေ
ဟိုးငယ်ငယ်ကတည်းက အမြင့်ဆုံးကို သိပ်ရောက်ချင်ခဲ့တာ၊ ခုတော့လေ အဲဒီအမြင့်ကြီးကနေ အောက်ကို
ငုံ့ကြည့်ရတာ ရင်မောလွန်းလို့ ခုန်ချပစ်လိုက်ချင်ပြီ။ တကယ်ဆို ကိုသား သတ္တိမရှိဘဲ မိမိုးကို
ချစ်ခဲ့ဖို့မကောင်းဘူး"
ဟုတ်ပါတယ်
မိမိုး၊ ဒီဇာတ်လမ်းကို စခဲ့တဲ့ ငါသာ အပြစ်ရှိသူပါ။ ငါ့ထက် နှစ်နှစ်နဲ့ ကိုးလတိတိပိုငယ်တဲ့
နင့်ကို ရည်းစားလုပ်ခဲ့မိတာကိုက ငါ့ရဲ့ မိုက်မဲမှုသက်သက်ပါ။ ငါ ထင်ခဲ့တာက နင်ဟာ နီးစပ်မှုကြောင့်သာ
ငါ့ကို စွဲလမ်းခဲ့တာလို့။ လပေါင်းများစွာ မတွေ့မမြင်ရဘဲ ဝေးကွာသွားတဲ့အခါ ငါ့ထက်အဆတစ်ရာမက
သာတဲ့ တစ်စုံတစ်ယောက်ကို နင် အစားထိုးသွားမှာပဲလို့ ငါ ယုံကြည်ခဲ့တာ။ အဲဒီယုံကြည်မှုနဲ့ပဲ
နင့်ကို ငါ သံယောဇဉ်ဖြတ်ခဲ့တာ။ ရင်ထဲမှာတော့ မချိဘူးပေါ့ မိမိုးရယ်။ ဒါပေမယ့် ငါ မမြင်ခဲ့တဲ့
နင့်ရဲ့ မေတ္တာအတိုင်းအဆကို လျှော့ပေါ့တွက်ခဲ့မိတဲ့ ငါဟာ…
'ကိုသား'
လေယာဉ်ကွင်းအဆောက်အအုံ အသီးသီးက လူတွေရဲ့ မျက်လုံးအစုံ နင့်ဆီ ပြုံကျလာတယ်။ သိပ်မကြာသေးတဲ့
ကာလကမှ မြို့နယ်ဆေးရုံကြီးကို ပြောင်းရွှေ့တာဝန်ကျလာတဲ့ ဂုဏ်သရေရှိ အသိုင်းအ၀ိုင်းတစ်ခုက
ပေါက်ဖွားလာခဲ့တဲ့ ဆရာဝန်မချောချောလေးတစ်ယောက်၊ စီးလာတဲ့ ဒေါက်မြင့်ဖိနပ်ကိုမှ အားမနာ၊
ဆရာဝန်မဆိုတဲ့ ဣနြေ္ဒသိက္ခာကို မငဲ့ကွက်၊ ချောင်ကျကျ စားသောက်ဆိုင်လေးရဲ့ အတွင်းကျကျစားပွဲလေးတစ်လုံးမှာ
လာပုန်းခိုနေတဲ့ ယောက်ျားတစ်ယောက်ဆီ ပြေးလာတဲ့ နင့်ခြေလှမ်းတွေကို အံ့သြမဆုံးမျက်လုံးတွေနဲ့
ဝိုင်းကြည့်နေကြတယ် မိမိုးရယ်။ ဒါ မဖြစ်သင့်ဘူးလေ။ တလက်လက်တောက်ပနေတဲ့ နင့်မျက်လုံးတွေက
ငါ့ရဲ့ နှလုံးခုန်နှုန်းကို စည်းချက်မဲ့စေတယ်။ ငါဟာ ၁၆နှစ်သား လူပျိုပေါက်လေးလို ရင်ခုန်နေဆဲပဲ
မိမိုး၊ မိမိုးရယ် နင်ဘာတွေပြောမှာလဲ။
"ကိုသားရယ်၊
မိမိုး ၀မ်းသာလိုက်တာ ဟုတ်မှဟုတ်ပါ့မလားလို့ ရင်တွေကို ခုန်နေတယ်။ ဟုတ်မှာပါလို့ ကိုယ့်ဘာသာအားပေးပြီး
ဇွတ်ပြေးလာမိတာပဲ။ မိမိုး ဒီကိုပြောင်းလာတာ ကိုသား မသိဘူးလားဟင်"
"မသိဘူး"
ငါ ဗြောင်လိမ်လိုက်မိတယ်။ ငါ့သတင်းကို အစဖျောက်ထားပေမယ့် နင့်သတင်းကို အမြဲစုံစမ်းနေတယ်ဆိုတာ
ငါ ပြောပြဖို့ မလိုတော့ဘူးလေ။
'ကိုသား
ဘာလာလုပ်တာလဲ၊ အခု လေယာဉ်နဲ့ပြန်မှာလား၊ ဘယ်ကိုလဲဟင်'
'မန္တလေး၊
မမ နေမကောင်းလို့ လာကြည့်တာ၊ မိမိုးရော ရန်ကုန်ပြန်မှာလား။ အဖော်တွေပါတယ်မဟုတ်လား'
"မိမိုးက
ဧည့်သည်လိုက်ပို့တာ၊ သူငယ်ချင်းတွေလေ။ သူတို့အိမ်က မနက်က ဖုန်းဆက်လို့ အလုပ်ကိစ္စတစ်ခု
အရေးတကြီးပေါ်လာလို့၊ ဒီနေ့ ပြန်လာခဲ့ပါ မှာလို့ ချက်ချင်းပြန်ဖြစ်ကြတာ။ အမှန်ဆို ကိုသားနဲ့
ဆုံရမှာ မဟုတ်ဘူးနော်။ တော်သေးတာပေါ့။ သူတို့ကိုပဲ ကျေးဇူးတင်ရဦးမယ်။ ဟိုမှာ မိမိုးသူငယ်ချင်းတွေလေ"
နင့်သူငယ်ချင်းတွေကို
နင်မပြခင်ကတည်းက ငါ မြင်ပြီးသားပါ။ နင်နဲ့အင်မတန်လိုက်ဖက်ညီတဲ့ စတိုင်လ်ကျကျ အမျိုးသားတစ်ယောက်၊
ပြီးတော့ အမျိုးသားနဲ့ ခပ်ဆင်ဆင် ချစ်စရာကောင်မလေးတစ်ယောက်။
'ကိုသား
အရင်အလုပ်မှာပဲလား။ မိမိုးစာတွေ မရောက်ဘူးလားဟင်'
'အလုပ်ပြောင်းသွားပြီ'
ငါ ရုတ်တရက် ညာလိုက်မိတယ်။
"ဟုတ်လား၊
စာရေးဖို့တော့ ကောင်းတာပေါ့ ကိုသားရယ်။ မိမိုးက ကိုသားကိုစိတ်ဆိုးပြီး တမင်စာမရေးဘဲနေတာ။
ကိုသားကတော့ မရေးဘဲနေနိုင်လို့ မရေးတာမဟုတ်လား။ ကိုသား ဒီနေ့ မပြန်နဲ့ဦးနော်"
'လေယာဉ်လက်မှတ်က
မလွယ်ဘူး မိမိုးရဲ့'
'ရပါတယ်
မိမိုးလုပ်ပေးမှာပေါ့။ ဒီနေ့မပြန်နဲ့။ လုံးဝမပြန်ရဘူးနော်' နင်က ဆရာဝန်မကြီးဖြစ်နေပြီဆိုတာ
မယုံချင်စရာပါပဲ မိမိုးရယ်။ ကိုးတန်း၊ ဆယ်တန်းတုန်းက ငါ့ကို ဇီဝဗေဒပုံတွေ ဇွတ်အတင်း
အနိုင်ကျင့်ဆွဲခိုင်းတဲ့ ကောင်မလေးတစ်ယောက်လိုပါပဲ။
'ဒီနေ့
မပြန်လို့မဖြစ်ဘူးဟ။ လေယာဉ်က သောကြာနေ့မှရှိတော့မှာ။ အလုပ်က အချိန်မရတော့လို့ မိမိုးရဲ့'
ချက်ချင်းပဲ ငိုမလိုဖြစ်သွားတဲ့ နင့်မျက်နှာလေးကို ငါ ငေးကြည့်နေမိတယ်။ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့
မိန်းမတစ်ယောက်ဟာ ငါ့ရှေ့မှာတော့ တကယ့် ပီဘိကလေးလေးပါပဲ။ ငါသိပါတယ် မိမိုးရယ်။ ဖြစ်နိုင်မယ်ဆိုရင်
ဒီနေ့မဟုတ်ဘဲ မနက်ဖြန်၊ သဘက်ခါအတွက် ငါတစ်ဦးတည်းပြန်ဖို့ အထူးလေယာဉ်တစ်စီးကိုတောင်
နင် ဖန်တီးပေးချင်နေတယ်ဆိုတာ။
'ကိုသား'
ရှိုက်သံလိုလို ထွက်လာတဲ့ နင့်အသံ။
'မိမိုး
မငိုလိုက်နဲ့နော်' ငါ တိုးတိုးလေး ပြောမိသွားတယ်။ ငါနဲ့ အခုတွေ့၊ အခုခွဲရမယ်ဆိုတာကို
မခံမရပ်နိုင်ဖြစ်နေတဲ့ နင့်မျက်နှာလေးက သိသာလိုက်တာ။ ဒါပေမယ့် မိမိုးရယ် ငါ့ကို သနားရင်
နင်မငိုလိုက်ပါနဲ့။ အဲ့ဒါ နင့်အတွက်ပါ။ အနည်းဆုံး ဒေါက်တာမိုးခင်ခင်ဇော်ဆိုတဲ့ မိန်းမတစ်ယောက်ရဲ့
ဂုဏ်သိက္ခာအတွက်။
'မိမိုးကိုက
ကံဆိုးတာပါ။ မိမိုး အမြဲကျန်ရစ်ရတယ်'
'မိမိုး
လက်ထပ်တော့မှာမဟုတ်လား' နင် အာရုံပြောင်းသွားအောင် မမေးချင်တဲ့ မေးခွန်းကို မေးလိုက်မိတယ်။
"မသိသေးပါဘူး။
မေမေတို့ အတင်းစေ့စပ်ပေးနေလို့ နားငြီးတာနဲ့ သတင်းစာထဲ ထည့်ခွင့်ပေးလိုက်တာ။ မိမိုးမှ
မချစ်တာ မယူပါဘူး"
နင့်ရဲ့
စူပုပ်ပုပ်ဖြစ်သွားတဲ့ကလေးဆန်ဆန် မျက်နှာပေးကိုကြည့်ရင်း နင့်ရဲ့ စေ့စပ်ကြောင်းလမ်းခြင်းကြော်ငြာ
သတင်းစာမှာပါပြီးတော့ နင်ရေးလိုက်တဲ့စာလေးကို ငါ သတိရမိသွားတယ်။
စေ့စပ်တယ်ဆိုတာ
အကြောင်းအမျိုးမျိုးကြောင့် ကိုယ်မ၀ယ်နိုင်သေးတဲ့ ပစ္စည်းတစ်ခုကို ဒါ ငါဝယ်မှာလို့ လူကြားအောင်
အော်ပြောထားတာမျိုးပါ ကိုသားရဲ့။ တတ်နိုင်ရင် ကြားထဲက သူများဝင်ဝယ်သွားလည်း ဒီအတိုင်း
လက်ပိုက်ကြည့်နေရမှာပဲ မဟုတ်လား။ မိမိုးအတွက်တော့ ထူးခြားတဲ့ ခံစားချက်မရှိပါဘူး။ တခြား
အနှောင့်အယှက်ကင်းတာ တစ်ခုကလွဲရင်ပေါ့။
"မိမိုးရယ်
ကလေးတွေမှ မဟုတ်တော့တာဘဲ။ ဆရာဝန်မကြီးဖြစ်နေပြီလေ"
"အို
ဆရာဝန်လည်း လူပါပဲ။ ထားပါ အဲဒါတွေ၊ ခု ကိုသား ဘယ်မှာနေလဲဟင်"
"လိပ်စာရေးပေး၊
ခု ရေးပေး" ငါနဲ့ ပတ်သက်ရင် နင် ဘာလို့ ဒီလောက် လှုပ်လှုပ်ရှားရှား ဖြစ်နေရတာလဲ
မိမိုးရယ်။ ဖြစ်နိုင်ရင် ငါလေ ခုချက်ချင်းပဲ နင့်လက်ကိုဆွဲပြီး အဆုံးမရှိတဲ့ ဟိုးအဝေးဆုံးတစ်နေရာကို
ပြေးသွားချင်လိုက်တာ။ ဒါဟာ အိပ်မက်တဲ့။
စဉ်းစားကြည့်ပါ
မိမိုး။ ဖိနပ်မြင့်မြင့်ကြီးတွေပေါ်က နင် ခြေချော်ပြီး ပြုတ်ကျမှာကိုတောင် အစိုးရိမ်ပိုခဲ့တဲ့
လူတစ်ယောက်ဟာ နင် ကောင်းကင်မြင့်မြင့်ကြီးတစ်ခုကနေ…။
"ကဲပေး…ပေး
လိပ်စာ၊ ခု ဘယ်မှာရောက်နေပြန်ပြီလဲ"
"ငါ…ငါ
ခု အိမ်ထောင်ကျနေပြီ မိမိုး" ငါ့အသံတွေမတုန်အောင် သတိထားနေလျက်ကပဲ သိသိသာသာ တုန်နေခဲ့တယ်။
'တကယ်လား' လို့ ပြန်မေးလိုက်တဲ့ နင့်အသံတွေကလည်း အက်ကွဲလှိုက်ခါလို့။ ငါ ဘယ်လိုမှ မတားဆီးလိုက်နိုင်တဲ့အချိန်မှာပဲ
နင့်ရှေ့က မဖောက်ရသေးတဲ့ အချိုရည်သံဘူးလေးပေါ်ကို မျက်ရည်စက်လေးတစ်စက် ပေါက်ခနဲ ကျသွားခဲ့တယ်။
ငါ ကမ္ဘာအပြင်ဘက်ကို ပြေးထွက်ချင်လိုက်တာ။ နင့်မျက်ရည်တွေဟာ…။
"ဘယ်ကလဲ"
တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းနှစ်လွှာကြားထဲက ဗလုံးဗထွေး ထွက်လာတဲ့ နင့်အသံ။
"ငါ့အလုပ်ထဲကပါပဲ"
"ကြာပြီလား"
"လေးငါးလပဲရှိသေးတယ်"
နှစ်နှစ်လောက်ရှိပြီလို့ ငါ ဘာလို့ မညာခဲ့မိတာပါလိမ့်။ တကယ်ဆို နင့်ကို ငါ အဆက်အသွယ်ဖြတ်ထားခဲ့တာ
နှစ်နှစ်နီးပါး ရှိခဲ့ပြီပဲ။
"မိမိုးကို
ကြိုပြောရောပေါ့။ ကိုသား မင်္ဂလာဆောင်ကို ဘယ်နေရာရောက်ရောက် မိမိုးလာမှာ"
"ဘာမှမလုပ်ဖြစ်ခဲ့လို့ပါ"
မလိမ်မညာတတ်တဲ့ လူတစ်ယောက်အတွက် လိမ်ညာရတဲ့အလုပ်ဟာ ငရဲတမျှ ပူလောင်တယ်ထင်တယ် မိမိုး။
"ခု
အဆင်ပြေရဲ့လား"
"ပြေပါတယ်။
ဟိုမှာ နင့်သူငယ်ချင်းတွေ ခေါ်နေတယ်ထင်တယ်။ သွားလိုက်တော့လေ"
"ဒါဆို
မိမိုးသွားမယ်။ ဘာပဲဖြစ်ဖြစ် အကူအညီလိုရင် မိမိုးကို သတိရပါ။ ကိုသားနဲ့ ပတ်သက်သမျှ
မိမိုးကူညီဖို့ အသင့်ပါနော်။ ဒါ မိမိုးတို့ ရန်ကုန်အိမ်သစ်လိပ်စာ။ ဒီလိပ်စာကတော့ ဆေးရုံကြီးဆိုရပြီပဲ။
သွားမယ်နော် ကိုသား"
အနက်ရောင်
အိဖောင်ဖောင်းပိုက်ဆံအိတ်ကလေးထဲက လိပ်စာကတ်ပြားလေးတစ်ခုပေးပြီး ပြေးထွက်သွားတဲ့ နင့်ကို
ငါ လမ်းစဖျောက်ရဦးမယ်လေ။ တကယ်တော့ ငါဟာ ဒီနေ့ လေယာဉ်ခရီးစဉ်ကနေ ဖြုတ်ချခံလိုက်ရတဲ့
ကံဆိုးစွာကျန်ရစ်သူ ခရီးသည်တစ်ဦးပါ။ နင့်ရဲ့ စကားတွေကို ငါ ပြန်ကြားယောင်နေမိတယ်။
မိမိုး အမြဲကျန်ရစ်ရတယ်တဲ့လား။
မိမိုးရယ်
ဘ၀မှာ အခါခါကျန်ရစ်ရသူက ငါပါ။ ဒါပေမယ့် ငါ နောင်တမရချင်ဘူး မိမိုး။ နင်ဟာ ငါ့ရဲ့ ရှုံးနိမ့်မှုတွေအတွက်
တကယ်တမ်း ရယ်မောနိုင်မယ့်သူမဟုတ်မှန်း ကောင်းကောင်းကြီး သိထားတာမို့ နောင်တမရစေပါနဲ့
မိမိုးရယ်။
နားအူလောက်အောင်
ဆူညံလွန်းလှတဲ့ လေယာဉ်စက်သံတွေကြားထဲမှာ နင့်ရဲ့ကားလေး လေယာဉ်ကွင်းထဲက ထွက်သွားခဲ့တယ်။
လေယာဉ်တက်တော့မှာပါ မိမိုး။ လက်ပြနှုတ်ဆက်ရမှာကို ခုချိန်ထိ နင် ကြောက်တုန်းနော်။
ဟော…လေယာဉ်ကြီး
ပျံတက်သွားပြီ။ ငါသိနေပါတယ် မိမိုး၊ ပျံတက်သွားတဲ့ လေယာဉ်ပျံကြီးကို ငေးမျှော်ကြည့်ရင်း
နင် တသသ ကြေကွဲနေလိမ့်မယ်ဆိုတာရယ်၊ ပြီးတော့ ငါဟာ နင့်နဲ့ အဝေးဆုံးကမ္ဘာတစ်ခုဆီကို ဟိုး…
မိုးကောင်းကင်မြင့်မြင့်ကြီးပေါ်က လေယာဉ်ပျံကြီးနဲ့အတူ ရောက်ရှိသွားခဲ့ပြီလို့ နင် တွေးနေလိမ့်မယ်ဆိုတာ
ငါ သိပါတယ် မိမိုး။
တကယ်တော့
မိမိုးရယ်၊ ငါဟာ အဲဒီ မိုးကောင်ကင်မြင့်မြင့်ကြီးရဲ့အောက် မိုင်ပေါင်း အနန္တဝေးတဲ့ လူမသိသူမသိ
အောက်ဆုံးနေရာလေးတစ်ခုမှာ ကျန်ရစ်ခဲ့ရသူဆိုတာ နင်သိခဲ့ရင်…။
မေတ္တာဖြင့်
- ယုဒါ
29082015
(9:14 PM)
No comments:
Post a Comment
အားပေးမှုအတွက် ကျေးဇူးတင်ပါသည်...
မေတ္တာဖြင့်...
ယုဒါ