Sunday, August 16, 2015

ခြောက်သွေ့နေသော အမြဲစိမ်းသစ်တောများအကြောင်း




(၁)

ဒေါက်တာနှင်းဆီနီ
အရေးကြီးကိစ္စရှိ၍ အမြန်ပြန်လာပါ။
ဖေဖေ (မြစိမ်းရောင်)

နှင်းသည် ပိုက်ဆံအိတ်အတွင်းမှ ကြေးနန်းစာရွက်လေးကို တစ်ခေါက်ပြန်ဖတ်ပြီးနောက် ခရီးသွားရန် အစီအစဉ်ဆွဲလေ၏။ ခရီးဆောင်အိတ်ကြီးထဲသို့ အ၀တ်အစားများ ကြိုတင်ထည့်ရင်း ဘာများအရေးကြီးကိစ္စ ရှိပါလိမ့်ဟု တွေးနေမိလေသည်။ ဘာပဲအရေးကြီးကြီး မြစိမ်းရောင်က ဖေဖေ့အိမ်ဆီသို့ နှင်းသွားရပေတော့မည်။

ဖေဖေ့အိမ်။ 
ဟုတ်ပါရဲ့နော်။ မေမေမရှိတော့တဲ့အိမ်ဟာ ဖေဖေ့အိမ်ပဲမဟုတ်လား။ ဖေဖေဟာ နှင်းကို မေမေချစ်တာထက် ပိုမချစ်ခဲ့တောင် မလျော့ခဲ့ဘူးလို့ နှင်း ထင်ခဲ့တာပါပဲ။ နှင်း လိုချင်သမျှကို ပါးစပ်လေးဟရုံနဲ့ အသာတကြည် လိုက်လျောဖြည့်ဆည်းတတ်ခဲ့တာ နှင်းကိုချစ်လို့သာပေါ့။ ယုံကြည်ဆဲပါပဲ ဖေဖေ။ ဖေဖေဟာနှင်းနဲ့မောင်လေးကို ဖခင်တစ်ယောက်ရဲ့ တာဝန်ဝတ္တရား တစ်စုံတစ်ရာမှမလျော့ပါးအောင် စွမ်းဆောင်ပေးခဲ့တာလည်း နှင်း အသိအမှတ်ပြုပါရဲ့။ နှင်းတို့ကသာ ဖေဖေ့အပေါ် ပေါ့လျော့ပျက်ကွက်ခဲ့ကြတာ။
တကယ်ဆိုတော့ နှင်းတို့မောင်နှမအတွက် မေမေ့အစား အမေတစ်ယောက် ဘာအကြောင်းကြောင့်မှ မလိုအပ်တော့ပေမယ့် ဖေဖေ့အတွက်တော့ မေမေ့အစား ဇနီးမယားတစ်ယောက် အစားထိုးဖို့ လိုအပ်နေသေးတာမဟုတ်လား။ အကြောင်းအမျိုးမျိုးကြောင့် လိုအပ်နေသေးတယ်ဆိုတာ နှင်း သိနေပါရဲ့။ အသက် ၄၈ နှစ်ဆိုတဲ့ အသက်အရွယ်ဟာ ယောက်ျားတစ်ယောက်အတွက် ကျဆုံးချိန်မဟုတ်သေးပါဘူးတဲ့။ လူတွေကလည်း အဲဒီလို သတ်မှတ်ကြတာပါပဲ။
နှင်းနဲ့မောင်လေးကသာ မေမေ့နေရာမှာ အစားမထိုးနိုင်တဲ့ အတ္တတွေနဲ့ စိတ်ရိုင်းတွေဝင်ပြီး "ဒီလောက် အသက်ကြီးနေမှလို့" ကွယ်ရာမှာတစ်မျိုး၊ ရှေ့မှာတစ်မျိုး နှုတ်လှန်ထိုးခဲ့ကြတာ။ မေမေဆုံးတာ ဘာကြာသေးလို့လဲ။ နှစ်နှစ်ဆိုတဲ့အချိန်ဟာ နှစ်ပေါင်းအစိတ် သုံးဆယ်နီးပါး အတူပေါင်းဖော်ခဲ့တဲ့ ကွယ်လွန်သူ ဇနီးတစ်ယောက်ကို မေ့ဖျောက်ဖို့လုံလောက်တဲ့ အတိုင်းအတာမရှိသေးပါဘူး။ အင်းလေ၊ မမေ့ဖျောက်နိုင်လို့ပဲ အစားထိုးတယ်ဆိုတဲ့စကားလုံးကို သုံးနေကြတာမဟုတ်လား။
နှင်းနဲ့မောင်လေး သဘောမကျပေမယ့် (ဒီကိစ္စမျိုးကို သဘောကျတဲ့ သားသမီးဆိုတာ ရှိမှမရှိတာကလား) ဖေဖေ့လမ်းကို ဖေဖေကိုယ်တိုင်ဖောက်ပြီး လျှောက်သွားခဲ့တာ ခုဆို ငါးနှစ်နီးပါးတောင် ရှိခဲ့ပြီ။ ဖေဖေ့ရဲ့ သားငယ်လေးတွေတောင် လူလားမြောက်နေချေပြီလားမသိ။ ဒါဆို မောင်မောင့်အသက်လည်း ၂၅နှစ်ရှိခဲ့ပြီပေါ့။ မောင်လေးအသက်ကို နှင်း မေ့လျော့နေခဲ့မိ၏။ အိမ်ထောင်ပြုမည်ဆိုလျှင် ပြုသင့်သည့်အရွယ်ရောက်ပြီ။ ဖေဖေကလည်း မောင်မောင် တစ်အိုးတစ်အိမ်ထူထောင်သွားမှာကို ကြိုက်မှာပါပဲ။ ဖေဖေ နောက်အိမ်ထောင်ပြုခါနီးအချိန်က နှင်းကိုတောင် အိမ်ထောင်ချပေးဖို့ စီစဉ်ခဲ့သေးတာ။ အဲဒီတုန်းက ဖေဖေ့အဖြစ်ကို ပြန်တွေးမိတိုင်း နှင်းတစ်ယောက်ငိုချင် ရယ်ချင် ဖြစ်ရသေး၏။

"သမီးလည်း ဆရာဝန်မကြီးဖြစ်နေပြီ။ ကိုယ့်အတွက် တစ်သက်လုံး ယုံကြည်စိတ်ချရမယ့် အဖော်တစ်ယောက်ကို ရွေးချယ်ဖို့ကောင်းပြီ နှင်း" ဟု ဆိုလာတော့ နှင်းသည် ဆံပင်ဆိုးဆေးနက်နက်တွေ ဆိုးထားသော ဖေဖေ့ခေါင်းကိုကြည့်ရင်း -
"ယောက်ျားတစ်ယောက်ကို တစ်သက်လုံး ယုံကြည်စိတ်ချရဖို့ ဘာပေတံနဲ့ တိုင်းကြည့်နိုင်မလဲ ဖေဖေ" ဟု ခပ်ရွှန်းရွှန်း ပြန်မေးခဲ့သည့်အတွက် ဖေဖေ နှင်းကို စိတ်ပျက်သွားသည်ထင်ပါရဲ့နော်။ ထိုအချိန်ကတော့ နှင်းကလည်း ဖေဖေ့ကို အကြီးအကျယ် စိတ်ဆိုးနေ၍ ဖေဖေပြောသမျှ လုပ်သမျှ အားလုံးကို ဘုကန့်လန့်တိုက်ကာ ပမာမခန့် လုပ်ချင်နေမိသည်ကိုး။
ဖေဖေနှင့်မေမေ နှစ်ဦးအနက် မည်သူက နှင်းကိုပိုချစ်သည်ဆိုတာ နှင်း အတိအကျမသိသော်လည်း နှင်းကမူ မေမေ့အပေါ်သာ အချစ်ပိုခဲ့သည်ကို ခိုင်ခိုင်မာမာ ဆိုရဲလေသည်။ ဖေဖေ့အပေါ် အမြဲအနွံအတာခံ ရိုကျိုးခဲ့သော ရိုးသားအေးဆေးသည့် မေမေသည် နှင်း၏ကိုးကွယ်ရာ ကမ္ဘာတစ်ခုဖြစ်ခဲ့၏။ ဆေးကျောင်းတက်ခွင့်ရသည့် သမီးအတွက် အမြဲထာဝစဉ် ဂုဏ်ယူကျေနပ်နေတတ်သော အင်္ဂလိပ်စာ တစ်လုံးမှ မတတ်သောမေမေ့ကို နှင်းသည် နှင်းသူငယ်ချင်းမိဘများဖြစ်သည့် အထူးကုဆရာဝန်ကြီးများထက် ပို၍ လေးစားအထင်ကြီးလေ၏။ နှင်း အပေါင်းအဖော်တွေက သူတို့အဖေအမေတွေ ရထားသည့် ဘွဲ့ထူးဂုဏ်ထူးများကို စီတန်းပြောနေလျှင် နှင်းသည် မေမေ နှုတ်တိုက်သင်ပေးခဲ့သည့် ဘုရားစာများအကြောင်း၊ မေမေစိုက်ပျိုးထားသည့် နှင်းဆီပင်တွေ၊ ခွာညိုပင်တွေအကြောင်း၊ မေမေ့ဆံပင်တွေဘယ်လိုလှပကြောင်း စသဖြင့် မရိုးရအောင် စီကာပတ်ကုံး ပြောပြဖို့ စိတ်အားထက်သန်နေတတ်၏။

နှင်း စကားပြောတိုင်းလိုလိုပင် 'နှင်းမေမေက'  'နှင်းမေမေဆိုရင်လေ' ဆိုသောစကားများ မကြာခဏ ပါဝင်နေတတ်၍ နှင်းကိုအမေချစ်သမီးတစ်ယောက်အဖြစ် လူတိုင်း အသိအမှတ်ပြုထားကြ၏။ နှင်း အဲဒီလောက် မြတ်နိုးချစ်ခင်ရတဲ့ မေမေ့နေရာမှာ တစ်စုံတစ်ယောက်သောမိန်းမကို အစားထိုးဖို့ဆိုတာ…
ဘာရောဂါဟု မည်မည်ရရမရှိလိုက်ဘဲ ဦးနှောက်သွေးကြောပြတ်၍ မေမေ ရုတ်တရက် ဆုံးပါးသွားခြင်းသည် နှင်း၏ လင်းလက်တောက်ပနေသောအနာဂတ်ကာလကို ဆေးရောင်နက်နက် ခြယ်ခဲ့ခြင်းနှင့် တူလေ၏။ နှင်းသည် ပထမဦးဆုံး အလုပ်တာဝန်ထမ်းဆောင်ရန် နှင်းတို့မြို့နယ်ဆေးရုံကို ဦးစားပေးလျှောက်ထားမည်ဟု စိတ်ကူးထားခဲ့၏။ ဖြူစင်ငြိမ်းချမ်းလှသော မေမေ၏ အတွေးစိတ်ကူးတို့သည် နှင်း၏ အနာဂတ်ကို တက်ကြွနုသစ်နေစေခဲ့၏။

"သမီး မြစိမ်းရောင်မှာ အလုပ်ရရင်တော့ မေမေ့အိမ်ရှေ့မှာ ဒေါက်တာနှင်းဆီနီဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားရတော့မှာနော်၊ မေမေကတော့လေ မေမေ့ခြံကို တစ်ခြံလုံး နှင်းဆီနီတွေနဲ့ဖုံးနေအောင် လုပ်ဦးမယ်၊ ဒါမှ ဒီဆိုင်းဘုတ်လေးနဲ့ လိုက်ဖက်မှာ၊ အိမ်ရှေ့မှာ ခုံတန်းလျားလေးတွေလည်း လုပ်ဦးမှ၊ နှင်းကို လူနာကြည့် လာခေါ်တဲ့လူတွေ ထိုင်ရအောင်၊ မေမေကလည်း သမီးဆေးကုသွားရင် လိုက်ချင်သေးတာ၊ မေမေ့သမီး မြစိမ်းရောင် ရောက်ရင်တော့ အဘွားတို့ရွာတွေဘက်လည်း ဆေးလိုက်ကုကြရအောင်နော်"
နှင်းသည် လက်ကိုင်အိတ်လေးထဲ၌ အမြဲထည့်ထားသော မေမေ့ဓာတ်ပုံလေးကိုကြည့်ကာ တွေးမိတွေးရာတွေးနေရင်း မျက်ရည်ကျမိလေ၏။ ဓာတ်ပုံထဲက မေမေသည် နှင်းမေမေ မဟုတ်သေးသည့် အသက် ၁၈နှစ်အရွယ်မိန်းမပျိုကလေးသာဖြစ်၏။ ထိုဓာတ်ပုံမှာ ဖေဖေနှင့်မင်္ဂလာဆောင်သည့်နေ့က ဓာတ်ပုံဆိုင်၌ ရိုက်ခဲ့သောပုံဖြစ်၏။ ဘယ်လောက်အရှက်ကြီးလိုက်သည့် နှင်းတို့မေမေလည်း ကြည့်စမ်းပါလေ။
မင်္ဂလာဆောင်ပြီးသည့်အချိန်၌ပင် နှစ်ယောက်တွဲ ဓာတ်ပုံမရိုက်ရဲ၍ တစ်ယောက်တစ်ပုံစီခွဲရိုက်ကာ အိမ်ပြန်လာကြပါသတဲ့။ ခု မေမေဘယ်မှာလဲဟင်။ နှင်း အင်မတန်နှစ်ခြိုက်သည့် နှင်းဆီပန်းများကို စိုက်ပျိုးလျက် နှင်းအလာကို စောင့်နေပါသေးသတဲ့လား မေမေ။

(၂)

"နှင်း… နှင်းဆီနီနော်"
နှင်းသည် ပြင်ပလူနာဌာန၌ သူငယ်ချင်းဆရာဝန်မတစ်ယောက်ကို ထမင်းချိုင့်လာပေးပြီး ပြန်ထွက်မည့်ဆဲဆဲ ရုတ်တရက် လှည့်ကြည့်လိုက်မိလေ၏။ နှင်း၏ မျက်လုံးများသည် အံ့အားသင့်မှုကြောင့် ၀ိုင်းဝိုင်းလည်လျက်ရှိနေ၏။
"ဦး" နှင်းအသံမှာ ထွက်သည်ဆိုရုံမျှ တိုးတိမ်၍ တုန်ယင်နေ၏။
"နှင်း ဒီဆေးရုံကို ရောက်နေတာ ကြာပြီလား"
"နှစ်နှစ်ပြည့်တော့မယ်၊ ဦးရော… ဦး ခု ဘယ်မှာလဲဟင်"
နှင်းသည် တဒိုင်းဒိုင်းခုန်နေသော နှလုံးခုန်သံတို့ကို ဘေးလူကြားမည်စိုး၍ ရင်ဘတ်ပေါ်သို့ လက်နှင့်အသာလေးဖိကာ မေးရလေ၏။ နှင်းသည် ကိုယ့်ကိုယ်ကို အံ့သြမဆုံး ဖြစ်နေရ၏။ လွန်ခဲ့သည့် ဆယ့်လေးငါးနှစ်ကာလက ရင်ခုန်ခဲ့ရသော လူတစ်ယောက်အပေါ် ခုအချိန်ထိ ရင်ခုန်နေသေးသည့်အဖြစ်အတွက် ဒေါသလည်းဖြစ်လိုက်သေး၏။ နှင်းဆိုတဲ့ နှင်းဆီနီဟာ ဆရာဝန်မကြီးတစ်ယောက် ဖြစ်နေပြီလေ။ တည်ငြိမ်သင့်ပြီမဟုတ်ဘူးလား။ သို့ပါလျက် နှင်းသည် ဦးကို ပြန်လည်တွေ့ဆုံသောအချိန်၌ ဦးကို စတင်တွေ့ရှိချိန်ကလိုပင် ရင်တုန်ပန်းတုန် ဖြစ်နေသေးသည်ကတော့ ရှက်စရာ။
"နှင်း အိမ်ထောင်ကျနေပြီလား"
"ဟင့်အင်း"
နှင်းသည် ရှက်ကိုးရှက်ကန်းနိုင်စွာပင် ခေါင်းခါပြလိုက်မိသေး၏။ နှင်း အိမ်ထောင်မကျသေးသည့်အတွက် ဦး အံ့သြသွားသည်လား၊ ၀မ်းသာသွားသည်လား နှင်းမသိ။ ဦးကို ပြန်တွေ့ဆုံရသည့်အတွက် နှင်း ပြောမပြနိုင်အောင် ၀မ်းသာခဲ့တာတော့ အမှန်ပဲဖြစ်၏။ ဒါပေမယ့် ဦးဟာ အရင်တုန်းက နှင်းရဲ့ဦး မဟုတ်နိုင်တော့တာ နှင်း သိနေပါရဲ့။ သို့ပါလျက် ဦးနှင့်တွေ့ရသောအချိန်၌ နှင်း၏ နှလုံးသွေးများ ပူနွေး၊ ဆူပွက်နေဆဲ ဖြစ်တာတော့ မကျေနပ်ချင်စရာ။

"ဒါ ဦး သမီးလေးလေ"
နှင်းသည် ဦးဘေး၌ရှိနေသည့် ကိုးနှစ်ဆယ်နှစ်အရွယ် ကလေးမလေးကိုကြည့်ကာ "သြော်" ဟုသာ ရေရွတ်လိုက်မိ၏။ ဦးရဲ့နှင်းဆီနီဟာ ဟိုတုန်းကလိုပဲ ဟန်ဆောင်ပန်ဆောင် အတတ်ပညာတွေကို အသုံးမချတတ်ဆဲ ကောင်မလေးဆိုတာ ဦး ရိပ်မိပြီထင်ပါရဲ့။ ဦးကလည်း နှင်းအပေါ် ရက်စက်စွာသော စကားတို့ကို အသာအယာပြုံးလျက် ဆိုတတ်ဆဲသာကိုး။ လွန်ခဲ့သည့် အတိတ်ကာလတစ်ခုကလည်း ဒီလိုပင် "ဒါ ဦး ဇနီးလေ" ဆိုသည့် စကားလေးတစ်ခွန်းဖြင့် နှင်းနှလုံးသားကို အပိုင်းပိုင်းပြတ်အောင် ခြေမွသွားခဲ့ဖူးပြီ။

ဦးကို နှင်း မေ့နေနိုင်ခဲ့ပြီဟု ထင်ခဲ့ပါသလား။ ၁၇နှစ်အရွယ် ကလေးမလေး၏ ရယ်မောဖွယ်ရာပုံပြင်တစ်ပုဒ်ဟု ဦး တွက်ဆခဲ့သည်ပဲလား။ နှင်းနှင့်ဦး၏ အတိတ်သည် ဦးအတွက် ပုံပြင်တစ်ပုဒ် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း နှင်းအတွက်မူ ကျန်ရစ်သောကာလတစ်ခုသည် အတ္ထုပ္ပတ္တိတစ်ပုဒ်သာ ဖြစ်ခဲ့၏။ မှတ်မိနေသေးသည်။ ဦးနှင့် နှင်း စတွေ့စဉ်က နှင်းအသက် ၁၇နှစ်။ ဦးအသက်က ၂၆နှစ်။ ကလေးဆန်သော နှင်းက လူကြီးတစ်ယောက်လို တည်တည်ခန့်ခန့် နေတတ်သော ဦးကို "ဦး"ဟု ခေါ်တော့ "ဦးကြီးလို့သာ ခေါ်ပါတော့" ဟု ဦးပြန်စခဲ့တာ။
နှင်းမှာ ဆယ်တန်းဖြေရန် ရန်ကုန်မှ ဒေါ်လေးအိမ်တွင် ကျောင်းလာနေခြင်းဖြစ်၏။ ဦးက ဘွဲ့ရ အရာရှိပေါက်စ။ ဒေါ်လေးမှာ ဖေဖေ့ညီမဖြစ်၏။ ဦးမှာ ဒေါ်လေးအမျိုးသား၏ တူဖြစ်၏။ ဦးသည်လည်း ဒေါ်လေးတို့အိမ်၌ နေရင်း စက်မှုတက္ကသိုလ်မှ ဘွဲ့ရခဲ့သူဖြစ်၏။ နှင်းနှင့်တွေ့သည့်အချိန်၌မူ ဒေါ်လေးတို့အိမ်၌ ဦး မနေတော့။ သို့သော် ရုံးပိတ်ရက်တော်တော်များများမှာ ရောက်လာတတ်စမြဲ။

ဒီတော့ နှင်းနှင့်ဦး မျက်လုံးချင်းဆုံ၍ ရင်ခုန်ကြရမှာမှ ချစ်မိကြလေ၏။ အင်မတန်ရိုးစင်းသော ဖြစ်ရိုးဖြစ်စဉ် ဇာတ်လမ်းလေးတစ်ပုဒ်သာ ဖြစ်ခဲ့ပါ၏။ ဆရာဝန်မဖြစ်ချင်လွန်းလှသော ၁၇နှစ်အရွယ် ကလေးမလေးသည် အုပ်ထိန်းသူအဒေါ်များမသိအာင် ရည်းစားတစ်ယောက် ခိုးထားလျက် စာကျက်လည်းမပျက်ခဲ့။ အဲဒီတုန်းက ဦးဟာ နှင်းရဲ့ပညာရေးအတွက် အနှောင့်အယှက်မဖြစ်စေရုံမက အကူအညီ အထောက်အပံ့ပင် ဖြစ်ခဲ့သည်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မှာမဟုတ်။ ဆေးပညာကို ၀ါသနာမပါ၍ ဆရာဝန်မလုပ်ခဲ့သော ဦး၏ ဥာဏ်ရည်မြင့်မားမှုသည် နှင်းထက် အပုံကြီးသာနေခဲ့သည်မဟုတ်လား။
ဆယ်တန်းစာမေးပွဲကို လေးဘာသာဂုဏ်ထူးဖြင့် နှင်း အောင်မြင်သည်အချိန်၌ နှင်းနှင့်ဦး ချစ်သူဖြစ်နေကြောင်းကို ဒေါ်လေးမှတစ်ဆင့် ဖေဖေတို့သိသွားခဲ့ကြ၏။ ဖေဖေ ချက်ချင်းရောက်လာကာ မြစိမ်းရောင်သို့ နှင်းကို ပြန်ခေါ်သွားခဲ့၏။ ဦးနှင့်သဘောတူသည်လည်း မဟုတ်။ မတူသည်လည်းမဟုတ်။ ငယ်ငယ်ရွယ်ရွယ်နှင့် ရည်းစားထားခြင်းကို စိတ်ဆိုးခြင်းဖြစ်သည်တဲ့။
ဦးနှင့် အဆက်အသွယ်မဖြတ်လျှင် ကျောင်းဆက်မထားဟု ဖေဖေကဆိုသောအခါ နှင်းက မထားချင်နေ မဖြတ်ဟု စိတ်တွင်းမှအာခံလိုက်သေး၏။ ဖေဖေ့ကိုမူ စကားမပြောဘဲ နေမိလေ၏။ ဒီတော့ နှင်းချစ်သော မေမေသည် "ဖြတ်မယ်လို့ ပြောလိုက်ပါကွယ်၊ နှင်းဖေဖေ စိတ်ကျေနပ်အောင် ဒီလောက်လေးတောင် နှင်း မလိုက်လျောနိုင်တော့ဘူးလား၊ သမီး ဖေဖေ့အကြိုက် နေပေးလိုက်ပါ နှင်းရယ်" ဟု လေပြေထိုး နှစ်သိမ့်တော့မှ "ဦးကိုဖြတ်မည်၊ အေးအေးဆေးဆေး ကျောင်းတက်ပါမည်"ဟု ကတိပေးလိုက်၏။

ထိုကြားထဲကပင် နှင်းသည် နှင်းကိုစောင့်ပါဆိုသည့်အကြောင်းကို ၁၇ နှစ်သမီး၏ ပတ်ချွဲနှပ်ချွဲနိုင်မှုမျိုးနှင့် စာတစ်စောင်ရေး၍ ဦးထံပို့လိုက်သေး၏။ ထိုစာကို ပေးပို့သူမှာ နှင်းမေမေကိုယ်တိုင်ပင် ဖြစ်၏။ သို့ပေမယ့် နှင်း ဆေးကျောင်းတက်ရန် ရန်ကုန်ရွှေမြို့တော်ကြီးသို့ ရောက်ရှိချိန်၌ ဦးသည် အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ တစ်နှစ်ပင်မရှိသော အချိန်တိုလေးအတွင်း နှင်းနေရာ၌ တစ်စုံတစ်ယောက်ကို အစားထိုးနိုင်ခဲ့သည့် ဦးအပေါ် နှင်း စိတ်အနာကြီး နာခဲ့မိသော်လည်း ဦးကိုချစ်သောအချစ်တို့ကား လျော့ပါးလို့မသွားခဲ့။
သိပ်မကြာခင်ကာလမှာပင် ဦး အိမ်ထောင်ပြုသွားတော့၏။ နှင်းအပေါ်ကား အခင်အမင်မပျက်ခဲ့ဘဲ ဗြောင်ကျကျပင် မိန်းမယူသွားခဲ့ခြင်းဖြစ်သည့်အတွက် နှင်းမှာ အောင့်သက်သက်ဖြင့် ကျန်ရစ်ရလေ၏။ အဲဒီကစလို့ နှင်းဆီနီဆိုတဲ့ ကောင်မလေးဟာ ယောက်ျားတွေအပေါ် အယုံအကြည်မရှိတော့ပြီမို့ပေလား၊ ချစ်စရာ အချစ်လက်ကျန် မရှိတော့ပြီမို့ပေလားမသိ။ ဒီအသက်အရွယ်အထိ တစ်စုံတစ်ယောက်သော ယောက်ျားကိုမှ ရင်ခုန်လို့မရတော့တာ အမှန်ပါပဲ။
ခုကြည့်စမ်း။ နှင်းရင်တွေ ပြန်ခုန်လာရပြီ။ ဘယ်လောက် ရှက်ရွံ့နာကျင်စရာကောင်းလိုက်သလဲ။ ဦးရဲ့ သမီးကြီးအသက်ဟာ ၁၄နှစ်။ သမီးငယ်က ၁၂နှစ်။ ဦးအသက်ဟာလည်း ၄၀ ရှိခဲ့ပြီပေါ့။ ဒါကိုပင် ၁၇ နှစ်သမီး မဟုတ်တော့သည့် အသက်သုံးဆယ်ကျော်လာပြီဖြစ်သည့် ဒေါက်တာနှင်းဆီနီဆိုသည့် မိန်းမသည် ရင်ခုန်လို့ ရသေးသည်တဲ့။

"နှင်း"
"ရှင်"
နှင်းသည် ဦးဘာတွေပြောနေသည်ကိုပင် ရေရေရာရာမသိရှိလိုက်။ "ရုံးပိတ်ရက် ဦးလာခဲ့မယ်၊ နှင်း စောင့်နေနော်"ဟု မှာနေသော ဦးကိုငေးမောရင်း ခေါင်းသာတွင်တွင်ညိတ်ပြနေမိတော့၏။ ဦးသည် အသက်လေးဆယ်ရှိပြီဖြစ်လျက် နုပျိုတက်ကြွသော ၂၇နှစ်အရွယ် လူငယ်တစ်ယောက်နှင့်မခြား နှင်းကို ညှို့ယူဖမ်းစားနိုင်ဆဲ ဖြစ်သည်ကို နှင်း ဘယ်လိုမှ ငြင်းနိုင်တော့မည်မဟုတ်ချေ။

(၃)

"နှင်းက ဘာမှမပြောင်းလဲဘူးနော်၊ အရင်ကထက် တည်ငြိမ်လာတာ တစ်ခုပဲရှိတယ်" ဟု ဦးကဆိုသောအခါ ဣနြေ္ဒရရပင် နှင်းပြုံးနေလိုက်၏။
"ဦးလည်း ဘာမှမပြောင်းလဲပါဘူး၊ ရုပ်ရှင်မင်းသားလုပ်ရင်တောင် ရပါသေးတယ်"ဟု နှင်းပြောတော့ ဦး ကျေနပ်စွာပြုံးလေ၏။
"ဘယ်ရတော့မလဲ၊ ခုခေတ်မင်းသားလေးတွေက တကယ့်ချာတိတ်ငတိလေးတွေ"
"ဒါပေမယ့် ကျော်ဟိန်းဟာ ကျော်ဟိန်းပါပဲ ဦးရဲ့"
ဦး ရယ်မောလေ၏။ ထိုအခိုက်အတန့် နှင်းသည် ဒေါ်လေးတို့ အိမ်ခြံဝင်းအတွင်း ပြန်ရောက်သွားသလားထင်နေမိ၏။ နှင်း စာကျက်ပြီးတိုင်း ဦးရောက်လာသည့် ရက်များ၌ ရုပ်ရှင်နာမည်ဝှက်တမ်း ကစားခဲ့ကြ၏။ ဦးဝှက်သော ဇာတ်ကားနာမည်များကို နှင်း မသိသဖြင့် နှင်း အမြဲရှုံးရ၏။ ဒီတော့ နှင်းသည် မရှိသည့် ရုပ်ရှင်ဇာတ်ကားများကို လုပ်ကြံ၍၀ှက်လေ၏။ ဦးက ပန်းပေးတော့ နှင်း ကျေနပ်လို့မဆုံး။ နာမည်ပြန်ဖော်သောအခါ ဦးက မကြားဖူးပါဘူးဆိုသည်ကိုပင် ဟိုစာအုပ်ထဲမှာ ပါတယ်၊ သည်စာအုပ်ထဲမှာ ပါတယ်ဟု လိမ်ညာအနိုင်ယူခဲ့ရ၏။ ထိုစဉ်က ဒေါ်လေးအိမ်ကို ဦး လာလည်တဲ့ရက်တွေဟာ နှင်းရဲ့ အပျော်ရွှင်ဆုံးနေ့ရက်တွေပဲဖြစ်ခဲ့၏။
"ဒါနဲ့ နှင်း ဖေဖေရော နေကောင်းရဲ့လား"
"ကောင်းမယ်ထင်ပါတယ်၊ နှင်း မြစိမ်းရောင်ကို မရောက်တာကြာပြီ၊ မေမေဆုံးပြီး တစ်ခေါက်ပဲရောက်တယ်၊ ခု ဖေဖေ့ဆီက ကြေးန်းလာထားတယ်၊ နှင်း ခွင့်မရသေးလို့၊ ရှေ့အပတ်ထဲလောက် သွားဖြစ်မယ်ထင်တယ်၊ မောင်လေးက ဖေဖေနဲ့နေတုန်းလေ"
"သြော်… ဒေါ်ဒေါ်တောင် ဆုံးသွားမှကိုး"
"ဦး အမျိုးသမီးရော ဒီမှာပဲမို့လား"
"ဟင့်အင်း သူ မရှိတော့ဘူး"
"ဟင် ဦးနဲ့ လိုက်မနေတာလား"
"မဟုတ်ဘူး နှင်း၊ သူဆုံးသွားတာ သုံးနှစ်ပြည့်တော့မယ်"
"ရှင်"
ဦးသည် နှင်းကိုမကြည့်ဘဲ ပြောလိုက်ခြင်းဖြစ်၏။ နှင်းသည် အံ့သြလွန်းသဖြင့် ၀ိုင်းဟသွားသော နှုတ်ခမ်းလေးကို လက်ချောင်းကလေးများဖြင့် ပိတ်ထားမိလေသည်။ တကယ်ဆို ဦး ဇနီးသေဆုံးသွားပြီဆိုတဲ့ သတင်းအတွက် ရုတ်တရက် အံ့သြထိန်လန့်သွားပြီးရင် ကြေကွဲဝမ်းနည်းသွားသင့်တာ၊ ဒါဟာ အမျိုးသားမိတ်ဆွေတစ်ယောက်နဲ့ အမျိုးသမီးမိတ်ဆွေတစ်ယောက်ကြားက အရိုးသားဆုံး ဆက်ဆံရေးပဲမို့လား။ ခုတော့ နှင်းသည် ဦးဇနီးသေဆုံးခဲ့ပြီဆိုသော ကိစ္စအပေါ် အနည်းအကျဉ်းလေးမှ ၀မ်းနည်းစိတ်မကောင်းမဖြစ်မိဘဲ အံ့သြတုန်လှုပ်မှုသက်သက်သာဖြစ်သွားခဲ့၏။ ပြီးတော့ နှင်းသည် ရင်တွေ တဒိတ်ဒိတ်ခုန်လျက် နှင်းအိမ်မှ ဂျပန်ပြက္ခဒိန်တစ်ခုဆီ ငေးစိုက်ကြည့်နေသော ဦးကို စူးစူးနစ်နစ်ကြည့်နေမိသေး၏။ နောက်တော့မှ နှင်းသည် "စိတ်မကောင်းလိုက်တာ ဦးရယ်"ဟု ကတုန်ကယင် ဆိုမိလေ၏။ ဟန်ဆောင်မကောင်းတတ်သော နှင်းကို ဦးက ရယ်မောချင်နေမလားမသိ။ နှင်းသည် အပျိုကြီးစာရင်းဝင်ခဲ့ပြီဖြစ်လျက် ဦးရှေ့၌ မြီးကောင်ပေါက် ချာတိတ်မလေးတစ်ယောက် ပြန်ဖြစ်နေရလေသည်။
"ဦး သမီးတွေရော ဘယ်နှစ်တန်းရောက်ပြီလဲ"
"အကြီးမက ရှစ်တန်း၊ အငယ်လေးက ခြောက်တန်း"
"တော်တော်တောင် ကြီးနေပြီပဲနော်၊ အင်းလေ နှင်းနဲ့ဦး ကွဲသွားခဲ့တာလည်း ဆယ့်လေးငါးနှစ် ရှိခဲ့မှပဲဟာ"
"နှင်း ဦးကို စိတ်နာနေတုန်းလားဟင်"
နှင်းကို စိုးရိမ်တကြီးဟန်မျိုးဖြင့်ကြည့်လျက် မေးတော့ နှင်းမရယ်ချင်ဘဲ တမင်ပြုံးရယ်ပစ်မိလေ၏။ စင်စစ် ဒီလောက် နှစ်တွေကြာခဲ့ပြီးမှ ဒီမေးခွန်းမျိုးကို ဦး မေးနေဖို့မကောင်းဟု နှင်း ယူဆ၏။ 
သို့ပေမယ့် မေးသူက မေးလာတော့ ဖြေချင်နေသော နှင်းကလည်း ရှည်ရှည်လျားလျားပင် ဖြေမိလေသည်။
"ဦးကို နှင်းက စိတ်မနာခဲ့တာမဟုတ်ဘူး၊ စိတ်နာကြည်းလို့ကို မရခဲ့တာ၊ ဒီတော့လည်း စိတ်မနာနိုင်တဲ့အတူတူ ဦးကို ကြံဖန်ပြီးသာ ကျေးဇူးတင်ရတော့တာပေါ့။ ဘာကြောင့်ဆိုတော့ နှင်း ဆရာဝန်တစ်ယောက်ဖြစ်လာတာ ဦး ကျေးဇူးလည်းပါတာကိုး။ ရည်းစားထားပြီး ဆယ်တန်းကို ဆေးကျောင်းအမှတ်မီအောင်ဖြေနိုင်ခဲ့တဲ့ ကောင်မလေးဟာ ဆေးကျောင်းတက်ရင်း ရည်းစားဆက်ထားနေမယ်ဆိုရင် စာမေးပွဲတွေ တဖုန်းဖုန်း ကျနေနိုင်တယ်မဟုတ်လား၊ ကံမကောင်းရင် ဆရာဝန်မဖြစ်ဘဲ ဆေးကျောင်းသူဘ၀နဲ့ အိမ်ထောင်ကျပြီး အသုံးမကျတဲ့ မိန်းမတစ်ယောက်ဘ၀ကိုတောင် ရောက်သွားချင်သွားရမှာ။ ဒါကြောင့်မို့ ဦးကို နှင်း ကျေးဇူးတင်ရပါတယ်"
နှင်းသည် နောက်ကြောင်းကိုပြန်မပြောတော့ဟု ရည်ရွယ်ထားမိလျက် မထိန်းနိုင်မသိမ်းနိုင်တွေးဆကာ ပြောနေမိလေ၏။ ပြောနေရင်းဝမ်းနည်းရသည်မှာ လွန်ခဲ့သည့် ၁၅နှစ်ကာလလောက်က အရူးအမူးချစ်ခဲ့ရသော အချစ်ဦး၊ ရည်းစားဦး၏ ပစ်ပယ်ထားရစ်ခြင်းကို ခံရသော အသည်းဆတ်ဆတ်ခါနာတတ်သည့် ဖျပ်ဖျပ်လူးအရွယ် အပျိုပေါက်မကလေး၏ တသိမ့်သိမ့်ကြေကွဲဝမ်းနည်းနေရပုံနှင့်မခြား။ နှင်းသည် တစ်ချက်ရှိုက်လျက် တစ်ပေါက်ချင်းကျဆင်းလာသော မျက်ရည်တို့ကို ဒေါသတကြီး သုတ်ဖယ်ပစ်မိလေ၏။
ဦးသည် အလွန်အမင်းကြေကွဲဟန်ရှိသော မျက်ဝန်းများဖြင့် နှင်းကိုတွေတွေကြီး စိုက်ကြည့်ရင်း "နှင်းရယ်" ဟု မချိတင်ကဲ ရေရွတ်လေ၏။ 

"တကယ်တော့ ဒီအကြောင်းတွေကို နှင်း ပြန်ပြောမနေသင့်တော့ပါဘူး၊ ပြီးခဲ့ပြီ၊ ပျက်ခဲ့ပြီသာ မဟုတ်လား။ ဒါပေမယ့် နှင်းရင်ထဲမှာ နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့ရတဲ့ ခံစားချက်တွေကို ဦးမျက်နှာမြင်တော့ မပြောဘဲမနေနိုင်အောင်ဖြစ်လာရတယ်။ ၁၈ နှစ်တောင် မပြည့်သေးတဲ့ နှင်းနှလုံးသားက သိပ်နုနယ်ခဲ့တာကိုး"
"ဦး နားလည်ပါတယ် နှင်းရယ်၊ နှင်း ဘယ်လောက်ခံစားရမယ်ဆိုတာ ဦး ကိုယ်ချင်းစာနိုင်ပါတယ်"
"နှင်းကိုက အသည်းနုလွန်းတာပါ၊ ဒီလိုအဖြစ်မျိုးတွေ ဒုနဲ့ဒေးကပြနေကြရတဲ့ လောကဇာတ်ခုံပေါ်က လူတွေပါ"
"နှင်း ဦးကို နားလည်နိုင်ပြီမဟုတ်လားဟင်"
နှင်း၏ လက်ဖ၀ါးနှစ်ဖက်ကို ဆုပ်ကိုင်လာသော ဦး၏ လက်မှားကြောင့် နှင်းသည် အနေရအထိုင်ရခက်စွာဖြင့် -
"ဦးကို နှင်း နားလည်ပါတယ်"
ဟု တိုးတိမ်စွာ အဖြေပေးရင်း ဦးလက်များကို ရုန်းဖယ်လိုက်လေ၏။ နှင်းသည် ဟိုတုန်းဆီက ဒေါ်လေးတို့ ပန်းခြံတွင်း၌ နှင်းကို ပထမဦးဆုံးရည်စားစကားဆိုခဲ့သော ဦးမျက်နှာကို ပြန်လည်မြင်ယောင်မိသွားသည့်အတွက် အရှက်ကြီးရှက်လို့ နေရလေတော့သည်။

(၄)

"နှင်း… ဒါ ဦးသမီးတွေပဲ၊ သမီးကြီးက မိုမို၊ နိုနိုကိုတော့ နှင်း မြင်ဖူးပြီနော်၊ သမီးကြီး ဒါ ဖေဖေပြောပြဖူးတဲ့ မြစိမ်းရောင်က ဒေါက်တာနှင်းဆီနီဆိုတာပဲ"
နှင်းသည် ဘာမှန်းမသိဘဲ ကလေးမလေးနှစ်ယောက်ရှေ့၌ မျက်နှာမထားတတ် ဖြစ်နေရလေ၏။ ကလေးသာရှိသေးသည့် နိုနိုကတော့ ဆရာဝန်မကြီးဆိုသည့် အသိဖြင့် နှင်းကို အားကျနှစ်လိုဖွယ် ကြည့်နေပုံရသော်လည်း နှင်းတစ်ကိုယ်လုံးကို စေ့စေ့စပ်စပ်ကြည့်နေသည့် မိုမို့မျက်လုံးများကမူ နှင်းကို နှစ်လိုဟန်မရှိချေ။ သူ့အဖေကို သူတို့ဘ၀ထဲက ဆွဲထုတ်ယူငင်သွားမည့် မိန်းမတစ်ယောက်အဖြစ် မိုမို မြင်ယောင်ကြည့်နေလေသလား နှင်း မသိ။ ဘာပဲဖြစ်ဖြစ် နှင်းကမူ ဦး သမီးလေးတွေဖြစ်သည့်အတွက် ချစ်ခင်နှစ်လိုစွာပင် လှိုက်လှိုက်လှဲလှဲ နှုတ်ခွန်းဆက်မိပါလေ၏။

"ဦး သမီးတွေက အချောတွေချည်းပဲ၊ နိုနိုက ဦးနဲ့ပိုတူတယ်၊ မိုမိုကတော့ အမေတူလေးနော်"
"ဟုတ်တယ်၊ မိုက မေမေနဲ့တူတယ်လို့ ပြောကြတာပဲ၊ ဒါကြောင့် ထင်ပါရဲ့၊ မိုက မလှဘူးလေ၊ ဟုတ်တယ်နော် ဖေဖေ၊ မေမေက ဟော့ဒီ ဒေါက်တာလိုမလှဘူးနော်၊ မေမေ့အကြောင်းပြောမှပဲ မေမေ့ကို သတိရလိုက်တာ ဖေဖေရယ်"
"နှင်းကမလှပါဘူး၊ မိုမိုတို့ကသာ ချစ်စရာကောင်းတာ"
ဟန်မလုပ်တတ်သော နှင်းသည် ဘာမှမဟုတ်သည့် ဦးသမီးကြီးကို မျက်နှာချိုသွေးလျက် စိတ်ထဲမပါလှဘဲ ပြောမိသည့်အတွက် နှင်းဘာသာနှင်း အံ့သြရသေး၏။ နိုနိုမှာ ချစ်စရာကောင်းသလောက် မိုမိုကား မျက်နှာကြောတင်းလှ၏။ ရုပ်မှာ မလှမဟုတ်။ အမှန်အတိုင်းပြောရလျှင် လှပါသော်လည်း တင်းလျက်ပုပ်သော မျက်နှာမျိုးတည်း။ နှင်းတို့ ဆရာဝန်များကို လူနာတွေပြောသည့် စကားနှင့်ပြောရလျှင် "သူ့မျက်နှာမြင်တာနဲ့ ကြောက်ပြီး ရောဂါပိုတိုးရတယ်"ဟု ပြောရလောက်သည့် မျက်နှာထားမျိုးဖြစ်လေ၏။ နှင်းမှာမူ ကိုယ့်ကိုယ်ကို လှသည်ဟု မထင်မှတ်သော်လည်း နှုတ်ခမ်းစွယ်လေးများနှင့် စကားပြောလျှင်ပင် ပြုံးနေသလို ဖြစ်နေတာကြောင့် လူနာတိုင်း၏ နွေးထွေးသော ချစ်နှစ်သက်မှုကို ခံရသူ ဖြစ်လေ၏။
ကိုယ်တိုင်က မျက်နှာထားချိုသည့်အတွက် မျက်နှာကြောတင်းသူများကို သတိထားမိတတ်သလို၊ ကြောက်လန့်မိသေး၏။ ကြည့်စမ်း။ အသက် ဆယ့်လေးငါးနှစ်အရွယ် ကောင်မလေးက နှင်းလို ဆရာဝန်ရင့်မကြီးတစ်ယောက်ကို ပမာမခန့်နိုင်စွာ မထီတရီ လုပ်နေလိုက်ပုံက ကြောက်စရာ။ အင်းလေ၊ နှင်းဆီနီဆိုတဲ့ မိန်းမဟာ သူ့အမေနေရာကို အပိုင်စားဝင်ယူမယ့် မိထွေးလောင်းလျာ တစ်ယောက်အဖြစ် သူ တွေးထင်ကြည့်နေမိလို့လည်း ဖြစ်မှာပေါ့။
"ကဲ…နှင်း လေယာဉ်ကွင်းဆင်းဖို့ အဆင်သင့်ဖြစ်ပြီမို့လား၊ သွားကြရအောင်၊ သမီးတို့ကို ကျူရှင်ဝင်ပို့ခဲ့ဦးမယ်၊ နှင်းနဲ့ဆုံပေးချင်လို့ တမင်ခေါ်လာတာ"
မြစိမ်းရောင်သို့ ပြန်မည့် နှင်းကို ဦးက လေယာဉ်ကွင်းလိုက်ပို့ခြင်းဖြစ်၏။ နှင်းသည် ကလေးနှစ်ယောက်ရှေ့၌ ဦးကို ရဲရဲပင် မခေါ်မပြောရဲဘဲ အသက်ရှူကျပ်နေရလေ၏။ ကျူရှင်၌ ကလေးများဆင်းနေကာ လေယာဉ်ကွင်းထဲရှိ စားသောက်ဆိုင်ထဲမှာ စကားထိုင်ကြောကြတော့မှ နှင်း အသက်ရှူချောင်လေ၏။ လေယာဉ်ကွင်း ချိန်းချိန်ပင် လိုနေသေးသည့်အတွက် လူရှင်းနေသည်မို့ စကားအေးအေးပြောနိုင်ကြ၏။

"နှင်း သက်ပြင်းတွေချလှချည်လား၊ ဘာတွေ တွေးနေတာလဲ"
"မေမေ့ကို နှင်း သတိရနေလို့ပါ၊ မေမေက နှင်းကို ပြောခဲ့ဖူးတယ်၊ နှင်း အနာဂတ်ကို နှင်း ပိုင်သတဲ့၊ နှင်းကတော့ဖြင့် နှင်းအနာဂတ်ကို နှင်း ပိုင်ရလိမ့်မယ် မဟုတ်ဘူးလို့သာ ထင်နေတယ်"
"ဘာဖြစ်လို့လဲ နှင်းရဲ့"
"ဖန်တီးလာတဲ့ အခြေအနေတွေကို နှင်း ကြောက်နေလို့"
ဦးသည် နှင်းကို ပျောက်ကွယ်သွားမည့်အလား စိုးရိမ်တကြီးကြည့်ရင်း -
"နှင်း … နှင်း… ဦးကို ချစ်တယ်ဆို"
ဟု မေးမြန်းနေလေ၏။
"နှင်း ဦးကို ချစ်ပါတယ်၊ အမြဲပဲချစ်ခဲ့တယ်၊ နောင်လည်း အမြဲချစ်နေမှာပဲ၊ နှင်းဟာ ဦးကို ဘယ်လောက်ထိချစ်နိုင်ခဲ့သလဲဆိုရင် ဒီအခြေအနေ၊ ဒီအသက်အရွယ်ရောက်တဲ့အထိ တစ်စုံတစ်ယောက်ကိုမှ ဦးနေရာမှာ အစားမထိုးနိုင်လောက်အောင် ချစ်ခဲ့တာပါ"
"ဒါဆိုရင် ဘာလိုသေးလို့လဲ နှင်းရယ်၊ ခု အခြေအနေဟာ ဦးနဲ့နှင်း အတွက် အကောင်းဆုံး အခြေအနေ ဖြစ်နေပြီပဲမို့လား"
"နှင်းဘက်ကသာ မပြောင်းလဲခဲ့ပေမယ့် ဦးဘက်က အများကြီး ပြောင်းလဲသွားခဲ့ပြီပဲ ဦးရယ်"
"နှင်း ဘာကိုပြောချင်တာလဲ၊ ဦးဟာ မုဆိုးဖိုဖြစ်နေတဲ့အတွက် နှင်းရဲ့အပျိုဂုဏ်၊ ဆရာဝန်မဂုဏ်ကို ထိခိုက်တယ်လို့ ဆိုချင်တာလား"
နှင်းကို အားမလိုအားမရနိုင်စွာ ဒေါသထွက်သွားပုံရသော ဦးကို နှင်း စိတ်မောပန်းစွာကြည့်မိရင်း -
"အပျို အအိုဆိုတဲ့ဂုဏ်ကို ပိုမက်တာ ယောက်ျားနဲ့မိန်းမ ဘယ်သူပိုသလဲဆိုရင် ယောက်ျားတွေကသာ ပိုပါတယ်လို့ နှင်းကတော့ ရဲရဲကြီးပြောလိုက်ချင်တာပဲ၊ အပျိုမဟုတ်တဲ့ မိန်းမကို နွားမရွှံ့ပိတ်လုပ်ရောင်းခံလိုက်ရလို့ အတိတ်ကို ပစ္စုပ္ပန်ထိ သယ်ပြီး မကျေနိုင်မအေးနိုင် ပြဿနာဖြစ်တတ်ကြတာ ယောက်ျားတွေသာပါ။ မိန်းမတွေကတော့ တစ်ခုလပ်ပဲဖြစ်ဖြစ်၊ မုဆိုးဖိုပဲဖြစ်ဖြစ် သူတို့ချစ်နိုင်ရင် လက်တွဲရဲကြပါတယ်။ ယောက်ျားတွေကသာ အပျိုစစ်စစ် အပျိုစစ်စစ်နဲ့ အော်နေတတ်ကြတာပါ။ နှင်းတို့ မိန်းမတွေကတော့ သူတို့ချစ်တဲ့ သတို့သားလောင်းလေးတွေ လူပျိုစစ်မစစ် ဆိုတဲ့ ကိစ္စကို ရေးကြီးခွင်ကျယ်လုပ်ပြီး ဘယ်ဆေးရုံ၊ ဘယ်ဆေးခန်းမှာမှ စပ်သပ်ကြည့်ခိုင်းရိုးထုံးစံ မရှိကြပါဘူး။ ဒါကြောင့်ထင်ပါရဲ့၊ မိန်းမတွေဟာ မုဆိုးဖိုတို့၊ တစ်ခုလပ်တို့ကိုယူဖို့လည်း ရဲဝံ့နေတတ်ကြတာလေ။ ပျိုခြင်း၊ အိုခြင်းဆိုတာကို တိုင်းတာနိုင်တဲ့ပေတံ မိန်းမတွေမှာ မရှိပါဘူး။ မိန်းမတွေ လိုလားတာက ပျိုပျိုအိုအို ယောက်ျားတွေရဲ့ သစ္စာစောင့်သိမှုကိုသာပါ။ ဦးဟာ လွတ်လပ်သူတစ်ယောက်ဖြစ်ဖို့သာ နှင်းအတွက် အရေးကြီးပါတယ်။ မုဆိုးဖိုပဲဖြစ်ဖြစ်၊ တစ်ခုလပ်ပဲဖြစ်ဖြစ် နှင်းအတွက် အရေးမကြီးပါဘူး။ မယားငယ်တို့ ပြောကြရင်လည်း နှင်း ဂရုမစိုက်ဘူး"
"ဒါနဲ့များ နှင်းရယ်"
နှင်းလက်များကို ဆုပ်ကိုင်ထားသော ဦး လက်ဖ၀ါးတွေက နွေးထွေးလို့လာလေ၏။
"ဒါပေမယ့် မိထွေးလို့ အခေါ်ခံနိုင်ဖို့အတွက် နှင်း…နှင်းလေ အများကြီး ကြိုးစားရလိမ့်ဦးမယ်ထင်တယ် ဦးရယ်"
စောစောက စကားများကိုပြောနေစဉ် တင်းမာပြတ်သားခဲ့သလောက် ခုတော့ ချက်ချင်းပင် နှင်းအသံများ တိုးဖျော့တုန်ယင်သွားရလေသည်။ ဦးသည် နှင်း၏ လက်များကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း နှင်း နာမည်ကိုသာ ထပ်တလဲလဲရေရွတ်နေလေ၏။ နှင်းသည် ကျေနပ်ဖွယ်မကောင်းသေးသော ပစ္စုပ္ပန်ကာလကို ထုတ်ဖော်ကာ မြစိမ်းရောင်၏ အနာဂတ်ပုံရိပ်များကို တွေးဆလှမ်းမျှော်ကြည့်လျက် စိတ်ညစ်ညူးစရာတို့ကို ခေါင်းခါမေ့ပျောက်ပစ်မိတော့၏။

(၅)

မြစိမ်းရောင်သည် ခမ်းနားထည်ဝါစွာပင် နှင်းကို ကြိုဆိုနေလေ၏။ မြစိမ်းရောင်၏ ရုပ်ဝတ္ထုတော်တော်များများသည် နှင်း မမှတ်မိနိုင်လောက်အောင်ပင် ပြောင်းလဲနေခဲ့လေပြီ။ "အေးစေတီက နှင်းဆီရိပ်ငြိမ်ကိုသွားမယ်"ဟု မြင်းလှည်းသမားကိုပြောတော့ မသိသလိုဖြစ်နေသဖြင့် "နှင်းဆီရိပ်ငြိမ်ကိုတောင် ရှင်မသိဘူးလား"ဟု ဘောက်ဆတ်ဆတ်အော်ပြောပစ်မိသေး၏။ ပြီးတော့မှ လမ်းကို သေသေချာချာ နှင်း ပြောရလေ၏။
နှင်းသည် မြင့်မားထူထဲသော အုတ်တံတိုင်းကြီးကို မြင်လျက် အုတ်ဖိနပ်ခံထားသော ရေနံရည်၀၀သုတ်ထားသည့် ထိပ်ချွန်ပျဉ်သားတိုင် ခြံစည်းရိုးလေးကိုသာ မြင်ယောင်ကြည့်နေမိလေ၏။ နှင်းသည် ခြံဝ၌ ချိတ်ဆွဲထားမြဲဖြစ်သော ဆိုင်းဘုတ်ကို ပျာပျာသလဲ ရှာဖွေကြည့်မိပြန်၏။

"မမ ဘာရှာနေတာလဲ"
"ဆိုင်းဘုတ်လေ၊ မေမေတပ်ထားတဲ့ဆိုင်းဘုတ်၊ နှင်းဆီရိပ်ငြိမ်လေ"
မြင်းလှည်းပေါ်မှ နှင်းပစ္စည်းပစ္စယများကို ချပေးနေသော မောင်မောင်က နှင်းကို သဘောကျဟန်ဖြင့်ကြည့်ကာ ဟက်ဟက်ပက်ပက်အသံထွက် ရယ်မောနေလေသည်။
"ဟဲ့… ဘာရယ်နေတာလဲ"
"သြော်… နှင်းဆီရိပ်ငြိမ် ဆိုင်းဘုတ်မရှိတော့လို့ ပြူးပြူးပျာပျာဖြစ်နေပုံကို သဘောကျလွန်းလို့ပါ၊ ဒီဆိုင်းဘုတ်က လိုမှမလိုတော့တာ မမရဲ့"
"အောင်မယ်၊ ဘာလို့မလိုရမှာလဲ။ ဒါ ဒီခြံကို မေမေကိုယ်တိုင်ပေးခဲ့တဲ့ နာမည်၊ လိုတာပေါ့"
"မမကလည်းဗျာ၊ နှင်းဆီပင်တွေလည်း မရှိ၊ မနှင်းဆီဆိုတဲ့ မမလည်း မနေတော့တဲ့ခြံကို နှင်းဆီရိပ်ငြိမ်လို့ ဆိုင်းဘုတ်တပ်ထားလို့ ဘာအဓိပ္ပာယ်ရှိတော့မှာမို့လဲ"
နှင်းသည် အိမ်ရှေ့မှ ဆိုင်ခန်းလိုလို ဆောက်လုပ်ထားသော တိုက်ခန်းငယ်များနှင့် အိမ်ရှေ့မြေကွက်လပ်ကိုကြည့်ကာ မယုံကြည်နိုင်လောက်အောင် အံ့သြနေလေ၏။ နှင်းဆီပင်တွေ။ မေမေချစ်မြတ်နိုးလွန်းသည့် မြောက်မြားလှစွာသော နှင်းဆီပင်တွေ ဘယ်နေရာကို ရောက်ကုန်ကြပါလိမ့်။

"နှင်းဆီပင်တွေကို ဘယ်မှာရွှေ့လိုက်တာလဲ၊ ဘယ်ရောက်ကုန်ပြီလဲ မောင်မောင်"
"ဟောဗျ၊ ဘယ်ရောက်ကုန်ရမလဲ၊ အနိစ္စသဘောနဲ့ ကိစ္စချောကုန်ကြရတာပေါ့။ ရှုပ်နေတာတွေကို ခုတ်ပစ်လိုက်ရတာပေါ့၊ နုတ်ပစ်လိုက်ရတာပေါ့၊ မဖုရားက နှင်းဆီခင်းကြီးက မည်မည်ရရ ၀င်ငွေရတာမဟုတ်ဘဲ ရှုပ်နေပါသတဲ့ဗျာ၊ နောက်ဘက်မှာ ဆီစက်လုပ်တော့ ပဲတွေ နှမ်းတွေ လှန်းစရာနေရာက မရှိတော့ဘူးလေ၊ ကားကြီးတွေကလည်း အ၀င်အထွက်များလာတာကိုး"
"ဒါဆို အနောက်က အခင်းကြီးလည်း မရှိတော့ဘူးပေါ့"
"မရှိဘူး၊ အငုတ်တောင် မကျန်ဘူး၊ ဘုရင်မကြီးက မေမေ့လို နှင်းဆီပန်းရနံ့လေးရှူပြီး အမူးပြေတဲ့လူမဟုတ်ဘူးလေ မမရဲ့၊ ရွှေနံ့ငွေနံ့လေးရမှ အမူးအမောပြေတာ။ ဒီတော့ မေမေ့လက်ထက်က နှင်းဆီတွေ၊ ခွာညိုတွေ၊ ဇွန်တွေ ဘယ်မှာရှိတော့မှာလဲ"
"လောဘတွေ တော်တော်ကိုကြီးနေကြပြီလား၊ နင်က ဘာမှမပြောဘူးလား မောင်မောင်"
"ရော… မမကလည်း ခက်တော့နေပေါ့ပဲ။ သူ့များ ကျွန်တော်ပိုင်တာမှတ်လို့"
နှင်းသည် ရင်သပ်ရှုမော အံ့သြမခန်းဖြစ်ဖွယ် ပြောင်းလဲနေသော နှင်းဆီရိပ်ငြိမ် မဟုတ်တော့သည့် ဖေဖေ့အိမ်ဂေဟာ ခြံဝင်းကြီးကို လှည့်ပတ်ကြည့်ရင်း သက်ပြင်းသာ ချရတော့၏။
အလိုက်ကန်းဆိုးမသိစွာ မေးခွန်းတွေထုတ်နေသော နှင်းသည် အမှန်ကန်ဆုံးအဖြေများပေးလျက် ဂွကျကျပြန်ပြောတတ်သော မောင်မောင့်ကိုကြည့်၍ တစ်ယောက်တည်း စိတ်ပျက်လက်ပျက် ရယ်မောနေမိလေ၏။

"မမအခန်း မမဘာသာ ဖွင့်ရှင်းပေတော့။ ကျွန်တော်လည်း အလုပ်မအားလို့ မရှင်းဖြစ်ဘူး၊ အိမ်က ကောင်မလေးတစ်ယောက် ရွာပြန်သွားတာတစ်လကျော်ပြီ၊ ပြန်မလာလို့ မအ၀ှာတစ်ယောက်တည်း ကလေးနှစ်ယောက်နဲ့ ဒေါင်ချာစိုင်းနေတယ်၊ အရင်က လာနေကျ ဆွေတော်မျိုးတော်ရှစ်သောင်းလည်း ခုတလော ပေါ်မလာလို့ စိတ်ညစ်နေလေရဲ့။ ဟိုအကောင်တစ်ကောင် အိပ်နေတယ်၊ မနိုးစေနဲ့နော်၊ အလွန်အာပြဲတဲ့ကောင်၊ မဖုရား ဈေးသွားနေတယ်"
"အေးပါဟယ်၊ နင်ရော ပွဲရုံပြန်ဦးမလို့လား"
"ပြန်မယ်လေ၊ ဖေဖေ့ကို ပြန်ခေါ်လိုက်မယ်၊ မမလာတာ ဖေဖေမှ မသိသေးတာ"
"ခေါ်မနေပါနဲ့ဟာ၊ ထမင်းစားပြန်လာမှပဲ သူ့ဘာသာပြန်လာပါစေ၊ ငါ့ကို အထူးတလည် လာတွေ့နေစရာ မလိုပါဘူးဟာ"
"ဒါဆို ကျွန်တော် စက်ထဲမှာပဲရှိတယ်၊ ပဲဖိုးငွေယူမယ့်သူတွေ စောင့်နေလို့၊ မမ နားလိုက်ဦး"
"မတော်လို့ မမမောင် ပေါက်စနလေး နိုးပြီး အာပြဲနေရင် ကောက်ချီပေးလိုက်ဦးပေါ့ဗျာ၊ ဆွေမှန်းမျိုးမှန်း သိမှာပါ။ အရင်းအချာကြီးတွေပဲ ဟား ဟား ဟား ဟား ဟား"
ပြောပြောဆိုဆို တဟားဟားအော်ရယ်လျက် ထွက်သွားသော မောင်မောင့်ကျောပြင်ကို လိုက်ငေးနေမိရင်း နှင်း ပြုံးဖြစ်လေ၏။ ဘာပဲဖြစ်ဖြစ် နှင်း၏မောင်ကလေးသည် မေမေသွန်သင်ဆုံးမခဲ့သည့်အတိုင်း ကျရာဘ၀မှာ လိုက်လျောညီထွေ နေတတ်သူလေး ဖြစ်နေပြီထင်ပါရဲ့။
နှင်းသည် မြစိမ်းရောင်၏အရိပ်ကို စတင်ခိုလှုံလိုက်ချင်းပင် မေမေ့ကို နင့်နင့်သီးသီး သတိရမိခဲ့၏။ နှင်းဆီရိပ်ငြိမ်ခြံဝသို့ ရောက်သောအချိန်၌မူ ပြောဖွယ်မရှိပြီ။ နှင်းသည် နှင်းအခန်းရှိရာ အပေါ်ထပ်သို့ မတက်မိသေးဘဲ မေမေ့အခန်းရှေ့မှာ ရပ်ငေးနေလေ၏။ ဒါ မေမေ့အခန်း။ ဟင့်အင်း၊ မေမေ နေထိုင်အိပ်စက်ခဲ့ဖူးသော အခန်းသာပါ။

မစပ်စုတတ်သောနှင်းသည် မေမေရှိနေသည့်အလား ထင်မှတ်မိကာ စေ့ထားသောအခန်းတံခါးကို တွန်းဖွင့်ကြည့်လိုက်မိလေ၏။ အိပ်ခန်းတွင်းမှ ကလေးသေးနံ့တို့သည် နှင်း နှာခေါင်းဝဆီသို့ အတားအဆီးမရှိ တိုးဝင်လာကြလေ၏။ နှင်းသည် ဆရာဝန်မကြီးတန်မဲ့ နှာခေါင်းရှုံ့လိုက်မိသော ကိုယ့်အဖြစ်ကို ရယ်ချင်ကာ တံခါးကိုဆွဲစေ့၍ အိမ်အပေါ်ထပ်သို့ ပြေးတက်ခဲ့မိတော့၏။
အိမ်အပေါ်ထပ်သည် ဖုန်တထောင်းထောင်းထလျက် နှင်းကို အေးစက်စွာကြိုလင့်နေချေ၏။ မောင်မောင်ကား ဆီစက်ဘေး တိုက်ခန်းငယ်၌သာ အိပ်စက်သည်ဆိုလေ၏။
လူမနေသော အပေါ်ထပ်သို့ နှင်းခြေချမိသောအခါ နှင်း၏ ခြေရာများသည် ဖုန်တွေဖွေးနေသော ကြမ်းပြင်၌ ထင်းခနဲပေါ်လာလေ၏။ "ဒီမိန်းမဟာ အိပ်ပေါ်မှာ ဘုရားဆွမ်းတော်တောင် တက်မကပ်ဘူးလား မသိဘူး"ဟူသော မလိုတမာ အတွေးဝင်လေ၏။ ပြီးတော့မှ "အင်းလေ သူ့မှာ ကလေးနှစ်ယောက်နဲ့ ဆွမ်းတော်မကပ်နိုင်လည်း အပြစ်မတင်သာပါဘူး"ဟု လျော့ပေါ့စဉ်းစားလိုက်ရ၏။
နှင်း အခန်းတံခါးကို သော့ဖွင့်သည့်အခါ၌မူ နှင်းသည် သော့ပေါက်ကို တော်တော်နှင့်ထိုးမရဘဲ ဖြစ်နေ၏။ နှင်းရင်များသည် တလှပ်လှပ်ခုန်လှုပ်၍နေချေ၏။ မေမေ။ မေမေ့ရဲ့ အနံ့အသက်များ ရောက်လာတာများလား။ ဟင့်အင်း။ မေမေဟာ နိဗ္ဗာန်ကို မရောက်သေးရင်တောင် အေးချမ်းတဲ့ဘုံဘ၀တစ်ခုခုမှာသာ ရောက်ရှိနေမှာ။
နှင်းသည် တံခါးမကြီးကို ဖွင့်ပြီးနောက် ဖုန်ထူကြီးထဲသို့ တိုးဝင်ကာ ပြတင်းပေါက်များကို တစ်ပေါက်မကျန် ဖွင့်လိုက်၏။ ဖုန်မှုန့်များ လိမ်းကျံထားဟန်ရှိသော ဇာခန်းဆီးများသည် ရုတ်တရက် တိုးဝင်လာသော လေကြောင့် တဖျပ်ဖျပ်ခုန်ပေါက်မြူးတူးနေကြလေ၏။ ဇာခန်းဆီးတို့မှ လွင့်ပျံလာသော ဖုန်မှုန့်တို့သည် နှင်းအခန်းတစ်ခုလုံးကို ရွှေမှုန်ငွေမှုန်ဖြန့်ကျဲချနေသည့်ပမာ မဆုံးနိုင်အောင် ကျနေလေ၏။ ဟိုမှဒီသို့ အသွယ်သွယ်ဖွဲ့တည်နေသော ပင့်ကူအိမ်တို့ကား ရှောင်၍ မလွတ်တော့ချေ။
နှင်း ရောက်နေခဲ့ပြီ မေမေ။ ပင့်ကူအိမ်ဆိုတာကို မမြင်ဖူးဘူးလို့တောင်ဆိုနိုင်တဲ့ မေမေ့နှင်းဆီနီဟာ ပင့်ကူအိမ်တွေနဲ့ ပြည့်နှက်နေတဲ့ အခန်းထဲကို ရောက်နေခဲ့ပြီ။
"ပင့်ကူအိမ်ကိုဖျက်တာလည်း သူတစ်ပါး အသိုက်အုံကို ဖျက်တာပဲပေါ့နှင်းရဲ့။ မေမေကတော့လေ ပင့်ကူအိမ်ကို ဖျက်စရာမလိုအောင် ပင့်ကူအိမ်ဖွဲ့ဖို့ အချိန်မပေးဘူး။ သမီး ကျောင်းသွားနေတော့လည်း သမီးရှိနေတဲ့အမှတ်နဲ့ သမီးအခန်းကို မေမေ အမြဲရှင်းလင်းပေးခဲ့တာပဲ။ တစ်ခါတလေ မေမေ အရှင်းလွန်ပြီး သနပ်ခါးစက်တွေ မရှိတော့ရင် သမီးအခန်းမှာ သနပ်ခါးလာလိမ်းရတယ်၊ သမီးလိုပဲ သနပ်ခါးလိမ်းပြီး ကျောက်ပျဉ်ပေါ်ကို သွားပွတ်တံလေးနဲ့ ခပ်ဆတ်ဆတ် ရိုက်ခါပစ်ရသေးတယ်၊ သနပ်ခါးစက်တွေဘေးစင်နေမှ နှင်းရှိတယ်လို့ မေမေ ထင်လို့ရနေတာကိုး"
နှင်းသည် ဖျာတစ်ချပ်မှလွဲ၍ ဘာတစ်ခုမှ မရှိသည့် ခုတင်ပေါ်တက်ထိုင်ကာ တအင့်အင့်ရှိုက်ငိုနေမိတော့၏။ နှင်းသည် ဟာလာဟင်းလင်းဖြစ်နေသော နှင်းအခန်းကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ မေမေသည် နှင်း ကျောင်းသွားတိုင်း နှင်းပစ်ခတ်ထားခဲ့သော ပစ္စည်းပစ္စယများကို နေရာတကျ သိမ်းဆည်းပေးမြဲဖြစ်၏။ နှင်း ပြန်ရောက်မည့်နေ့၌ မေမေသည် နှင်းအခန်းကို အထူးတလည်ရှင်းလင်းကာ နှင်းဆီနီပန်းများကို ဖန်ပန်းအိုးလေးဖြင့် ထိုးထားပေးလေ့ရှိ၏။ နှင်းသည် မေမေအဆင်သင့်ပြင်ပေးထားသော မွှေးပျံ့နေသည့် အိပ်ရာပေါ်သို့ ကလေးတစ်ယောက်လို ဝုန်းခနဲ ပစ်လှဲအိပ်တတ်စမြဲ။
ပြီးတော့မှ ဖျာတစ်ချပ်ခင်းကာ "အိတ်ဖောက်မယ်၊ အိတ်ဖောက်မယ်၊ မကောင်းသူထိပ် ကောင်းသူထိပ်ပဲ"ဟု အသံကျယ်ကြီးနှင့် အော်ဟစ်၍ နှင်းအနားသို့ အိမ်ရှိလူကုန် စုဝေးရောက်လာစေရန်အချက်ပေးတတ်စမြဲ။ ရောက်လာတော့မှ ဖေဖေပို့ပေးသောငွေဖြင့် ဝယ်လာသော ဖေဖေ၊ မေမေ၊ မောင်လေးတို့အတွက် လက်ဆောင်များကို ပေးဝေ၍ အင်မတန်သိတတ်လိမ္မာသော သမီးပမာ မျက်နှာလုပ်တတ်လေ၏။
"ဒါက ပွဲစားကြီးအတွက် ပိုးပုဆိုး၊ ဒါက ပွဲစားကတော်အတွက် ဂျပန်ကီမိုနို၊ ဒါတွေကတော့ ပွဲစားကြီးသားလေးအတွက် တိုးတက်ရေးစာအုပ်များ"
ဆိုသော တစ်ခေါက်တစ်မျိုးမရိုးနိုင်သော လက်ဆောင်များဖြင့် နှင်း ကျောင်းအပြန်ရက်များသည် နှင်းဆီရိပ်ငြိမ်အတွက် ဆန်းသစ်လို့ နေသည်ချည်း။
နှင်း ကျောင်းပိတ်ရက် ပြန်လာပြီဆိုလျှင် မေမေနှင့်မောင်လေးတို့မှာ နှင်းအနားက ခွာသည်မရှိ။ နှင်းအပေါ် အလွန်အမင်း နွေးထွေးသောဆက်ဆံမှုဖြင့် တာဝန်ကျေယုယတတ်သော မေမေ့ကြောင့် နှင်းဆီရိပ်ငြိမ်မှာ နှင်း အစဉ်ထာဝရ မွေ့ပျော်လို့သာနေခဲ့၏။ နှင်းဆီရိပ်ငြိမ်က နှင်းဆီနီရဲ့အခန်းထဲကို နှင်း ရောက်လာခဲ့ပြီလေ မေမေ။ နှင်းရဲ့ခရီးဆောင်အိတ်ကြီးထဲက ပါလာတဲ့ လက်ဆောင်တွေကို လက်ခံယူမယ့်သူတွေ ဘယ်မှာတဲ့လဲ။ နှင်းဆီနီကို အရေးတကြီးလိုအပ်နေသူတွေ တကယ်ပဲ မရှိတော့ဘူးတဲ့လား။
"မမ…မမ…ဟောဗျာ၊ ခုချိန်ထိ ငုတ်တုတ်ကြီး ရှိပါသေးလား၊ ထင်တော့ထင်သားပဲ၊ ဘယ်က စ,ရှင်းရမယ်မသိဘဲ ဖြစ်နေတော့မယ်လို့၊ ကျွန်တော် ဒါကြောင့် တက်လာတာ"
"ငါ…ငါ…မေမေ့ကို သတိရလွန်းလို့"
ဒူးနှစ်ချောင်းထောင်လျက် ထိုင်နေသော နှင်းသည် တစ်ပေါက်ပေါက်ကျနေသော မျက်ရည်တို့ကို ကလေးတစ်ယောက်ပမာ ဒူးနှင်းသုတ်ဖယ်နေမိလေ၏။ မောင်မောင်မှာ စိတ်မကောင်းဟန်ဖြင့် ကြည့်ပြီးမှ -
"ဆရာဝန်မကြီးကလည်းဗျာ"
ဟု တစ်ဖက်သို့လှည့်၍ ပြောလေ၏။
"နင်ရော မေမေ့ကို သတိမရဘူးလား ဟင် မောင်မောင်"
"ကျွန်တော်…ကျွန်တော် ဒီအိမ်ပေါ်ကိုတောင် တက်တာမဟုတ်ဘူးဗျ။ မေမေ့ကို သတိရမိမှာစိုးလို့"
အံ့ကြိတ်၍ပြောလိုက်သော မောင်မောင့်စကားသံတို့က နှင်းနှလုံးသားကို သွေးစိမ်းရှင်ရှင်ထွက်အောင် ဖျစ်ညှစ်ချေမွပစ်သည်နှင့်မခြား တလှိုက်လှိုက် ကြေကွဲရစေ၏။
"မောင်မောင်"
နှင်းသည် မျက်နှာကွယ်ထားသော မောင်မောင့်ကျောကို ဖက်ကာဆက်၍ ငိုကြွေးမိပြန်၏။ အတန်ကြာမှ မောင်မောင်သည် တည်ငြိမ်အေးဆေးသော မျက်နှာနှင့်စကားဆိုလေ၏။
"မမ အားရအာင် ငိုလိုက်နော်၊ ဖေဖေ့ကိုတွေ့ရင်တော့ မမ မငိုပါနဲ့တော့လို့ မောင်မောင် တောင်းပန်ပါတယ်၊ အရင်ကနဲ့ မတူတော့တဲ့ ဖေဖေ့ကို မြင်တဲ့အခါ မမ မေမေ့ကို ပိုသတိရလာလိမ့်မယ်၊ ဒီအိမ်ကြီးဟာ အရင်က နှင်းဆီရိပ်ငြိမ် မဟုတ်တော့ဘူးလို့သာ တွေးပြီး လက်ရှိအခြေအနေကို အကောင်းဆုံးအနေအထားနဲ့ မမ ရင်ဆိုင်ပါ၊ ကျွန်တော်တောင် မေမေမရှိတော့ဘဲ ဒီခြံထဲမှာ ဒီလိုပုံစံမျိုးနဲ့ ဆက်နေနိုင်ခဲ့သေးတာပဲ"
နှင်းသည် မောင်မောင့်ကို ချစ်ခင်အထင်ကြီးလှသော မျက်လုံးများဖြင့်ကြည့်ရင်း နှုတ်ခမ်းတို့ကို တင်းတင်းစေ့လျက် ခေါင်းညိတ်ပြလိုက်မိလေ၏။
နှင်း၏ မောင်ကလေးသည် နှင်းထက်ပင် အဆပေါင်းများစွာရင့်ကျက်နေချေပြီရော။ နှင်း မေ့လျော့ထားခဲ့သော မောင်လေးသည် အရာရာကို သွေးအေးအေးနှင့် ရင်ဆိုင်ဖြေရှင်းတတ်သော လူကြီးလေးတစ်ယောက် ဖြစ်နေခဲ့ပါပေါ့လား။

(၆)

ဖေဖေသည် နှင်းနှင့်ကွဲကွာနေသော သုံးလေးနှစ်ကာလအတွင်း ထူးခြား၍ အိုမင်းမသွားချေ။ အနည်းငယ်ပင် ပြည့်ဖြိုးလာလေ၏။ အသားအရည်ကမူ အရင်ကထက် ပို၍ ညိုမှောင်သွားခဲ့၏။ ထူးခြားတာကတော့ ဖေဖေ့မျက်နှာထားသာ ဖြစ်လေ၏။ ဖေဖေ့မျက်နှာသည် မေမေ့လို နူးညံ့ချိုအေးလွန်းခြင်း မရှိသော်လည်း တည်ငြိမ်ကြည်လင်နေမြဲဖြစ်၏။ ဖေဖေသည် အလုပ်တစ်ခုကို အေးအေးဆေးဆေး အချိန်ယူလုပ်တတ်သူမျိုး ဖြစ်၏။ ဘယ်အခါမှ ပျာလောင်မခတ်တတ်။

ယခု နှင်းတွေ့ရသော ဖေဖေ့မျက်နှာကား တစ်ထိုင်တည်းနှင့် အလုပ်သုံးလေးခုလုပ်နေရသူတစ်ဦး၏ စိတ်မသက်သာဖွယ် အပူတပြင်း မျက်နှာမျိုးဖြစ်နေလေ၏။ ဖေဖေသည်နှင်းနှင့် မိသားစုကိစ္စ ပြောရင်းပင် ပွဲရုံကိစ္စ၊ ဆီစက်ကိစ္စ၊ ကားကိစ္စတို့ကို သူ့ဇနီးသည်အား လှမ်းမေးလှမ်းဖြေ လုပ်နေချေသေး၏။ ဟုတ်ပါရဲ့။ ဖေဖေ့ရဲ့မျက်နှာဟာ ငွေကို အသဲအမဲရှာဖွေနေတဲ့ တကယ့်ထိပ်တန်းအရင်းရှင် စီးပွားရေးသမားကြီးတစ်ဦးရဲ့ မျက်နှာမျိုး ဖြစ်နေပါပေါ့လား။

စင်စစ် ဟိုအရင်တုန်းကလည်း ဖေဖေသည် ငွေကို ရင်းနှီးမြှုပ်နှံ၍ စီးပွားရှာရသော စီးပွားရေးသမားတစ်ဦး ဖြစ်ခဲ့ပါ၏။ သို့သော် အခုလို မျက်နှာထားမျိုးနှင့် ဖေဖေစီးပွားမရှာခဲ့။ လိုချင်ရမ္မက် အင်မတန်နည်းပါးသော မေမေသည် ဖေဖေ လောဘတကြီးငွေမရှာမိအောင် ထိန်းကွပ်ပေးခဲ့၏။ အိမ်ထောင်တစ်ခု၏ သော့ချက်ဖြစ်သော မေမေက လောဘနည်းနေသည့်အတွက် ဖေဖေ့၌ အလောတကြီး စီးပွားရှာလိုမှု မရှိခဲ့။

ဖေဖေသည် အတန်အသင့်ပြည့်စုံသော ပွဲစားတစ်ယောက်အဖြစ် မြစိမ်းရောင်၌ ခပ်မှိန်မှိန်သာ နေထိုင်ခဲ့သူဖြစ်၏။ ခုတော့ ဖေဖေသည် လေးငါးနှစ်အတွင်း မြစိမ်းရောင်၏ နာမည်ကြီးစီးပွားရေးသမား စစ်စစ်ကြီးအဖြစ် လူသိများခဲ့ချေပြီတဲ့။ မေမေ့လက်ထက်က နှင်းတို့မှာ ကုန်တင်ကားကြီးတစ်စီးသာ ရှိခဲ့၏။ အခု လေးစီးရှိခဲ့ပြီ။ နောက်ထပ်နှစ်စီးဝယ်ရန် စီစဉ်ပြီးပြီဟု မောင်မောင်ကဆိုလေ၏။

"မြစိမ်းရောင်ကလူတွေ တိုးတက်လာတဲ့သဘောပေါ့ မမရာ၊ ဖေဖေ့ကိုတော့ သနားမိပါရဲ့။ ကားတစ်စီးရှိတော့ တစ်စီးစာသာပူရတယ်၊ ခြောက်စီးရှိရင် ခြောက်ဆပိုပူရတော့မှာလေ။ အဲဒါ တိုးတက်လာတာတွေပဲ ထင်ပါရဲ့ဗျာ၊ ကျွန်တော်ကတော့ မေမေ့သွေးပါလို့လားမသိဘူး၊ ပစ္စည်းဥစ္စာတွေကို လောဘတကြီးမလိုချင်တော့ဘူး"
"မြစိမ်းရောင်က စီးပွားရေးသမားကြီးတွေကြည့်ပြီး စိတ်ကုန်လွန်းလို့၊ မောင်မောင်တို့ကံများ မကောင်းလိုက်ပုံက မြစိမ်းရောင်သူကိုမှ ကြိုက်မိလေတော့ ဒီတစ်သက် ဒီကလွတ်ဖို့လမ်းလည်း တယ်မမြင်လှပါဘူး"
နှင်းသည် မောင်မောင့်ထက်ပို၍ လောဘတကြီးငွေရှာနေသော ဖေဖေ့ကိုမြင်တော့ ဝမ်းနည်းမဆုံးဖြစ်ရလေ၏။ ဖေဖေကတော့ ထင်ပေလိမ့်မည်။ မေမေမရှိသည့်နောက် သွေ့ခြောက်ကျန်ရစ်ခဲ့သော သူ့ဘဝကို စိုပြည်အောင် ဖန်တီးနိုင်ခဲ့ပြီဟု။ နှင်းကမူ ဖေဖေ့ဘဝသည် ခုမှပို၍ ခြောက်သွေ့လာသည်ဟုသာ ထင်မြင်နေမိလေ၏။ ဖေဖေ့အသက်သည် ငါးဆယ်ကျော်၍ ခြောက်ဆယ်နီးပေတော့မည်။ မေမေရှိစဉ်ကမှ ဘုရားတရားကိစ္စကို အလေးထား၍ ဖေဖေ ဆောင်ရွက်နိုင်ခဲ့သေး၏။
ခုတော့ ဘယ်မှာလဲ တရား။ ဘယ်မှာလဲ သီလနှင့်ဒါန။ ပွဲစားကြီးဆိုသော နာမည်တပ်၍ ကောက်ခံလာသော သာရေး၊ နာရေး၊ လူမှုရေးကိစ္စများကို ဝတ်ကျေတန်းကျေ ထည့်ဝင်လှူဒါန်းရုံဖြင့် မြတ်သောဒါန မြောက်လေမည်တဲ့လား။

နှင်းသည် ဖေဖေနှင့် ယှဉ်ထိုင်နေသော နှင်းအသက်ထက် ငါးနှစ်သာပိုကြီးသည့် အမျိုးသမီး၏ နားမှ စိန်ခြယ်နားကပ်ကြီးနှင့် လက်ခလယ်၌ ဆင့်ဝတ်ထားသည့် ငါးကွင်းလား၊ ခြောက်ကွင်းလားမသိသော တန်းကွင်းလက်စွပ်တို့၏ တဖျပ်ဖျပ်လက်နေသည့် မျက်စိကျိန်းဖွယ် စိန်ရောင်တို့ကြား၌ မေမေ့ကိုရှာဖွေကြည့်နေမိလေ၏။ သနပ်ခါးဖုံးနေသော တစ်လုံးတည်းနီလာနားကပ်လေးကို ရိုးစင်စွာဝတ်ဆင်ထားသည့် မေမေ၏ အေးချမ်းလှသောမျက်နှာကို စိန်ပွင့်လက်လက်တို့ကြား၌ပင် နှင်း မြင်လိုက်ရ၏။ 

မလုပ်ခဲ့ပါဘူး မေမေ။ နှင်းဆီနီဟာ မေမေ့ရဲ့သမီးသာပါ။ နှင်းဟာ မေမေမရှိတော့တဲ့နောက်လည်း ဖေဖေ့လောဘတွေကို အတောမသတ်နိုင်အောင် လုပ်နေသူ မဟုတ်ခဲ့ပါဘူး။ လူတွေကို အကျိုးပြုနိုင်တဲ့ အတတ်ပညာလေးတစ်ခုနဲ့ဘဝရပ်တည်မှုအတွက်သာ ဖေဖေ့ဆီက အထောက်အပံ့ယူခဲ့တာပါ။
"ယူရမှာပေါ့ နှင်းရဲ့၊ ဖေဖေ့မှာ သမီးအတွက် တာဝန်ရှိသေးတာပဲ၊ သမီးအိမ်ထောင်ကျတဲ့အထိ ဖေဖေ့မှာ ဝတ္တရားရှိတယ်"
"ကျေးဇူးတင်ပါတယ် ဖေဖေ၊ နှင်း ဆရာဝန်တစ်ယောက်ဖြစ်အောင် ဖေဖေ ကျောင်းထားပေးခဲ့ပြီပဲ၊ နှင်း ခြေထောက်ပေါ် နှင်း ရပ်နိုင်ပါပြီ၊ နှင်း ဘာမှမယူချင်တော့ပါဘူး၊ မောင်လေးကိုသာပေးလိုက်ပါ"
"မောင်မောင့်ကိုလည်း ပေးရမှာပဲ၊ အေး… အခုလောလောဆယ် ခက်နေတာက သူ့ကို အိမ်ထောင်ချထားပေးဖို့ကိစ္စ၊ သူ့ကောင်မလေးက တစ်နှစ်ကမှ ဆယ်တန်းအောင်ထားတာ၊ သိပ်ငယ်သေးတယ်၊ အေးလေ၊ ဒါကတော့ သူကြိုက်တာသူယူပေါ့၊ ခက်တာက ကောင်မလေးအိမ်က သဘောမတူဘူးဖြစ်နေတယ်"
"ဘာဖြစ်လို့လဲ ဖေဖေ၊ မောင်မောင်လည်း ဘွဲ့ရတစ်ယောက်ပဲ"
"ဘာဖြစ်လို့ရယ်တော့ ဟုတ်ပုံမရပါဘူး၊ ငယ်သေးလို့တဲ့"
ဖေဖေ့စကားကိုကြားတော့ ဟိုလွန်ခဲ့သည့် ဆယ့်ငါးနှစ်တာကာလကို နှင်း ဖျတ်ခနဲ သတိရသွားမိ၍ ပြုံးမိလေ၏။

"ဒါပေါ့ ဖေဖေ၊ ခုမှ ဆယ်တန်းအောင်ထားတဲ့ သမီးငယ်လေးကို ဘယ်မှာယောက်ျားပေးစားချင်ဦးမှာလဲ၊ မောင်မောင့်ကို စောင့်ခိုင်းလိုက်ဦးပေါ့"
"မောင်မောင့်အသက်ပဲ အစိတ်ကျော်လာပြီ၊ ကောင်မလေးကလည်း သဘောတူနေမှပဲ၊ ဒီကိစ္စအတွက် နှင်းကို ဖေဖေ သံကြိုးရိုက်လိုက်တာ၊ မိန်းကလေးက သမီးနဲ့ကျောင်းနေဖက် ဒေါက်တာအောင်ကျော့်ညီမ အငယ်ဆုံးလေ၊ သမီးပြောကြည့်စေချင်တယ်၊ သမီးမျက်နှာနဲ့ သူတို့ လက်ခံမယ်လို့ ဖေဖေတွက်တာပဲ"
အတွက်အချက် ကောင်းလှပေသော ပွဲစားကြီး နှင်း ဖေဖေပဲ။ နှင်းသည် မောင်မောင့်အတွက် စိတ်အေးရအောင်တစ်ကြောင်း၊ သူချစ်သောသူနှင့် လက်ထပ်စေလိုသော စေတနာကြောင့်တစ်ကြောင်း မိန်းကလေးရှင်များထံ ဘယ်လိုပင်တောင်းပန်၊ တောင်းခံရ တောင်းပေးမည်ဟု စိတ်ကူးထားလျက် -
"နှင်းမျက်နှာထက် ဖေဖေ့မျက်နှာကသာ ပိုကြီးမှာပါ၊ မြစိမ်းရောင်မှာ ဖေဖေက မြို့မျက်နှာဖုံးပဲဟာ"
ဟု ဖေဖေ့အား တမင်အရွဲ့တိုက်ပြောမိလေ၏။ ဖေဖေ ချက်ချင်းမျက်နှာပျက်သွားတာကိုပင် နှင်း ကျေနပ်ဝမ်းမြောက်နေလိုက်သေး၏။ နောက်တော့ နှင်းသည် ဖေဖေနှင့်မိထွေးကို အားနာသွားလျက် မောင်မောင့်ကိုသနားသွားမိကာ-
"ဖေဖေ ပြောစေချင်ရင်လည်း နှင်း ပြောကြည့်မယ်လေ၊ အစ်ကိုအောင်ကျော်တို့ မောင်နှမတွေနဲ့ နှင်း ရင်းနှီးနေတာပဲ၊ ဖြစ်မယ်ထင်ပါတယ်"
ဟု အလွယ်တကူပင် ကတိပေးလိုက်၏။ ဒီလောက်ဆိုရင်ပဲ မေမေ့သမီးနှင်းဟာ လူတစ်ဖက်သား စိတ်ကသိကအောက်ဖြစ်မှာကိုပင် စိုးရိမ်တတ်သူဆိုတာ ဖေဖေသိနိုင်ကောင်းပါရဲ့။
တကယ်တမ်း မောင်မောင့်ကိစ္စကို မိန်းကလေးရှင်မိဘများက လက်ခံလိုက်ကြောင်း၊ အတိအလင်း သိရသောအချိန်၌ မောင်မောင့်ထက်ပို၍ ကျေနပ်ပျော်ရွှင်သွားရသူမှာ ဖေဖေ ဖြစ်နေလေသည်။ မိထွေးဖြစ်သူမှာ မောင်မောင့်ကို မိန်းမပေးစားကာ ပြတ်ပြတ်ရှင်းရှင်း ဖြစ်သွားအောင် အမွေခွဲပေးချင်နေသည်ဟု မောင်မောင်ပြောပြသဖြင့် နှင်း သိပြီးဖြစ်၏။ 
အမွေခွဲရေးကိစ္စကို ဆွေးနွေးတော့ နှင်းသည် ဘာပစ္စည်းရဖို့ကိုမှ စိတ်မဝင်စားနိုင်ဘဲ မေမေ့ကိုသာ သတိရလျက် ငိုချင်နေမိလေ၏။ မေမေ့လက်ဝတ်လက်စားများမှာ နှင်း ရရှိပြီးဖြစ်၍ နောက်ထပ် ဘာမှမလိုချင်တော့ဟုသာ အပြတ်ပြောလိုက်၏။
လက်ရှိ တိုးတက်လာသော ပစ္စည်းဥစ္စာတို့ကိုမူ နှင်းနှင့်မဆိုင်ဟုသာ နှင်း ယူဆ၏။ ဆွေမျိုးများကမူ လက်ရှိ အိမ်နှင့်ခြံကိုပင် အမွေခွဲဝေယူဖို့ တိုက်တွန်းနေသေး၏။ နှင်းကား နှင်းဆီရိပ်ငြိမ်မဟုတ်တော့သည့် မေမေ မရှိတော့သော ဖေဖေ့အိမ်ဂေဟာကို မမက်မောတော့ပြီ။

"နှင်း ဆရာဝန်လုပ်နေသရွေ့ ကျောတစ်နေရာစာတော့ ရှိနေမှာပါပဲ၊ အိုတော့လည်း အိုတဲ့အလျောက်ပေါ့"
ဟုဆိုတော့ နှင်းဆီနီဟာ မေမေနှင့် တစ်လေတည်းသာလာသည်ဟု ဆွေမျိုးများက ဆိုကြပြန်သေးရဲ့။ ထို့အတွက်ပေလားမသိ။ မိထွေးကတော့ နှင်းကို တစ်နှင်းတည်း နှင်း၍ ကြည်ဖြူနေလေသည်။ "မကြည်ဖြူလို့ ရမတဲ့လား၊ ဒင်းကို ဒီအိမ်ကြီးပေါ်ကတောင် အချိန်မရွေးမောင်းချပစ်လို့ ရသေးတယ်"ဟူသော အတွေးမျိုးဖြင့် စိတ်ရိုင်းကလေးတွေ ဝင်မိပြန်တော့ မိုမိုမျက်နှာကို ပြန်လည်မြင်ယောင်ကြည့်မိကာ နှင်းကိုနှင်းသာ ဆုံးမရလေ၏။

မောင်မောင် စေ့စပ်ပွဲလုပ်ပြီးသည့်ညကတော့ နှင်းသည် တစ်ညလုံးနီးပါး စဉ်းစားခန်းဖွင့်ရင်း မိုးလင်းခဲ့ရ၏။ ဖေဖေ၊ မေမေ၊ ဦး၊ မိုမို၊ နိုနို၊ ဖေဖေ့နာက်မိန်းမ မျက်နှာတစ်ခုစီကို တစ်မျိုးပြီးတစ်မျိုး မြင်ယောင်မိလျက် တစ်ယောက်တည်း ချာချာလည်အာင် မူးနေခဲ့။ နှင်းသည် မိထွေးဆိုသူနှင့် တစ်အိမ်တည်း အတူမနေဖူးဘဲ အလိုလိုနေရင်း မိထွေးအပေါ် ဘာ့ကြောင့်မကြည်မလင် ဖြစ်နေမိသလဲဆိုသည့် အမေးကို ကိုယ့်ကိုယ်ကို ပြန်မေးမိသော်လည်း မဖြေတတ်ဘဲ ဖြစ်နေလေ၏။ မေမေ၏နေရာ၌ အစားထိုးဝင်ရောက်သွားသည့် မိန်းမကို မလိုတမာမှုသက်သက်ဖြင့် နှင်း အမြင်ကတ်နေမိတာကိုတော့ ဝန်ခံရမှာပဲဖြစ်၏။
သို့ဆိုလျှင် မိုမိုတို့ညီအစ်မသည် သူတို့၏မိခင်နေရာ၌ ဝင်လာမည့်နှင်းကို ဘယ်လိုမျက်လုံးမျိုးဖြင့် ကြည့်နေမည်နည်း။ နှင်းသည်ပင် မိထွေးနှင့် ခဏတစ်ဖြုတ် အတူနေရသည့် အခိုက်အတန့်လေး၌ မေမေ့ပုံရိပ်များကိုသာ ထင်ယောင်မြင်ယောင်မိလျက် မိထွေးကို အသားလွတ် ကြည့်မရဖြစ်နေချေသေး၏။ နေ့တစ်ဓူဝ အတူနေထိုင်ရတော့မည့် နှင်းနှင့် မိုမိုတို့ ညီအစ်မ ဘယ်လိုရှေ့လျှောက် စခန်းသွားကြရမည်ဆိုတာ နှင်း မတွေးရဲအောင်ရှိတော့၏။
ပြီးတော့ နှင်းသည် အရာရာကို တော်ရုံတန်ရုံဖြင့် အဆိုးမမြင်တတ်သောအရွယ်ရှိ ပညာတတ်အမျိုးသမီးတစ်ယောက်ဖြစ်လျက်၊ မိထွေးအပေါ် စိတ်ရိုင်းကလေးများနှင့် ကြည့်မိသေးလျှင် ဆယ့်လေးငါးနှစ်သာရှိသေးသည့် ချာတိတ်မလေးများသည် နှင်းအပေါ် ဘယ်အတိုင်းအတာထိ မထီမဲ့မြင်ပြုမည်ဆိုတာ မတွက်ဆနိုင်ပြီ။
ဒီလိုအခြေအနေမျိုးမှာ ဦးကရော ဘယ်လောက်စိတ်ချမ်းသာမှု ရနိုင်မှာတဲ့လဲ။ နှင်းသည် မဆုံးနိုင်သော အတွေးရှည်ကြီးများဖြင့် ညစဉ်ညတိုင်း မျက်ရည်ကျလျက် အိပ်ပျက်နေရလေသည်။ ညည ကလေးငိုသံများကြောင့်လည်း အိပ်မပျော်နိုင်အောင် ဖြစ်ရသေး၏။ နှင်းသည် ကလေးငယ်များနှင့် ဖေဖေ့ကိုတွဲလျက် မမြင်လို၍ မျက်နှာအခါခါလွှဲမိသော်လည်း အာရုံထဲက ထုတ်လို့မရအောင် ဖြစ်နေရလေ၏။

ဖေဖေ့ဘဝကား စိုပြည်သာယာသော ဘဝတစ်ခုဖြစ်လာပြီဟု ဖေဖေယုံကြည်ထင်မှတ်နေသည်တဲ့လား။ မေမေ မရှိတော့သည့်ဘဝ၌ ဖေဖေတစ်ယောက် နေသားကျ ပျော်မွေ့နေချေပြီလား။ နှင်း ဘာကိုမှ မတွေးချင်တော့။ ခွင့်ရက်စေ့၍ မြစိမ်းရောင်မှ ပြန်မည့်ည၌ ဦးအတွက် တိကျသော အဖြေတစ်ခုပေးရန် နှင်း ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချနိုင်ခဲ့လေသည်။

(၇)

"ဦး သမီးလေးတွေ စိတ်ဆင်းရဲရအောင် နှင်း ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး ဦးရယ်"
ဟူသော နှင်း စကားကြောင့် ဦး ဝေခွဲမရဖြစ်သွားပုံရလေ၏။
"မိုမိုက စိတ်ကောက်တတ်တာ တစ်ခုပါပဲ၊ ချော့ပြောရင် ကျေနပ်သွားတာပါပဲ၊ နိုနိုကတော့ နှင်းနဲ့တည့်မှာပါ"
ဟု ဆိုလာတော့ နှင်းစိတ်ထဲ နင့်ခနဲဖြစ်သွားခဲ့၏။ နှင်းအပေါ် ဘယ်အတိုင်းအတာထိ ဦး မျှော်လင့်ထားခဲ့သည်ကို နှင်း သိနှင့်နေပြီပဲ။
နှင်းချစ်သောဦးဘဝကို သာယာစိုပြည်အောင် နှင်း ဖန်တီးပေးချင်လှသည်။ သို့ပေမယ့် နှင်းဆီနီရဲ့ ဖန်တီးမှုဟာ အတုအယောင်သာ ဖြစ်နေမှာမဟုတ်လား။
"ဦး"
"ပြောလေ နှင်းရဲ့၊ နှင်း ဆုံးဖြတ်ပြီးပြီမဟုတ်လား၊ ဦးကိုလက်ထပ်ဖို့"
"ဖြည်းဖြည်းပေါ့၊ နှင်း ပြောပါ့မယ်၊ နှင်းပြောတာတွေကို ဦး သေချာစဉ်းစားပြီး နားထောင်ပါနော်၊ ဒီစကားတွေပြောဖို့ နှင်းလည်းအကြိမ်ကြိမ် အခါခါ စဉ်းစားခဲ့ရတယ်၊ ဦး ပြောခဲ့တယ်နော်၊ နှင်းနဲ့ ဒုတိယအကြိမ် ပြန်ဆုံရတာဟာ ခြောက်သွေ့နေတဲ့ ဦးဘဝကြီး တစ်ခုလုံး ပြန်စိုပြည်အောင် လုပ်လိုက်သလိုပဲတဲ့"
"အဲဒါ တကယ်ပါပဲ နှင်းရယ်၊ အခြေအနေမပေးလို့ နှင်းနဲ့ဦး မဆုံစည်းဖြစ်ခဲ့ပေမယ့် နှင်းကို ဦး အလေးအနက်ချစ်ခဲ့တာ နှင်း ယုံတယ်မို့လား"
"နှင်းကို ချစ်ခဲ့တယ်ဆိုတာ နှင်း ယုံပါတယ်၊ ခု နှင်းကိုချစ်တယ်ဆိုတာလည်း နှင်း ယုံနေပါတယ် ဦး၊ ဒါပေမယ့် နှင်း တစ်ခုမေးမယ်နော်၊ ဦး နှင်းကို ပြန်မတွေ့ဘူးဆိုရင် နှင်းကို ရှာဖွေဖို့ကြိုးစားဦးမှာလားလို့၊ ဦး အမှန်အတိုင်းဖြေရင် နှင်း စိတ်မဆိုးပါဘူး၊ ဦး မှန်တဲ့အတိုင်းဖြေပေးပါ"
"အမှန်ကိုဖြေရရင်တော့ နှင်းကို ဦးရှာမိမှာမဟုတ်ဘူး၊ ဘာကြောင့်ဆိုတော့ နှင်းလည်း အိမ်ထောင်ကျနေလောက်ပြီလို့ ဦးတွက်တာကိုး"
ဦး အဖြေအတွက် နှင်း လှစ်ခနဲ ပြုံးမိလေ၏။
"ဒါဆိုရင် ခုချိန်မှာ နှင်း အိမ်ထောင်ကျနေပြီဆိုရင် ဦး နောက်အိမ်ထောင်ပြုဖို့ စိတ်ကူးမိမှာမဟုတ်တော့ဘူးပေါ့၊ ဒီလိုလား ဦး၊ နှင်း အဲဒီလို ယူဆလို့ရမလား"
"ရပါတယ်၊ နှင်းမဟုတ်တဲ့ တခြားမိန်းမတစ်ယောက်ကို လက်ထပ်ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်"
"ခက်ခဲတယ်ဆိုတာ လက်ထပ်ဖြစ်မှာမဟုတ်ဘူးဆိုတဲ့ အတိုင်းအတာထိ မရောက်ဘူးနော်၊ တချို့ကိစ္စတွေက ခက်ပြီးမှ ပြီးမြောက်ရတာမို့လား"
"နှင်း…နှင်း… ဘာတွေပြောနေတာလဲကွာ၊ နှင်းကို ဦး ချစ်တယ်ဆိုတာ မယုံကြည်လို့ ဒါတွေ မေးနေ ပြောနေတာလားဟင်"
"နှင်းကိုချစ်တယ်ဆိုတာ မယုံလို့မဟုတ်ပါဘူး၊ အင်မတန် အံ့သြစရာကောင်းတဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ ခံစားမှုသက်သက်အပေါ် နှင်း မယုံကြည်နိုင်ဖြစ်နေတာ၊ နှင်းနဲ့ပြန်မတွေ့ရင် တခြားမိန်းမတစ်ယောက်နဲ့ ဦး လက်ထပ်ဖြစ်မှာလားလို့ နှင်း တွေးနေမိတယ်"
"ဒါကတော့ နှင်းရယ်"
"နှင်း သိပါတယ် ဦးရယ်၊ ဒါကြောင့် ဒီမေးခွန်းကို ဦး ဖြေစရာမလိုပါဘူး၊ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြခင်ကြတာဆိုတဲ့ ကိစ္စမှာ နှင်းတို့မိန်းမတွေနဲ့ ဦးတို့ယောက်ျားတွေ ခံစားချက်၊ ခံယူချက်ချင်း မတူညီကြပါဘူး၊ ဘာလို့ မတူတာလဲဆိုတော့ ယောက်ျားတွေဟာ အမြဲစိမ်းသစ်တောတွေနဲ့ တူတဲ့သူတွေ ဖြစ်နေတာကိုး"
"အမြဲစိမ်းသစ်တောတွေ"
"ဟုတ်တယ် ဦး၊ ယောက်ျားတွေဟာ အမြဲစိမ်းသစ်တောတွေလိုပဲ၊ သူတို့ဘဝကို ဘယ်တော့မှ အခြောက်သွေ့မခံနိုင်ကြဘူး၊ ဘယ်အခြေအနေ ဘယ်အချိန်အခါမျိုးမှာပဲဖြစ်ဖြစ် သူတို့ဘဝ သာယာစိမ်းလန်းနေဖို့ ကြိုးစားတတ်ကြတာချည်းပဲ၊ တကယ်တမ်း သာယာတဲ့ဘဝတစ်ခု ဖြစ်လာသလား၊ မဖြစ်လာဘူးလားတော့ မသိဘူး၊ ခြောက်သွေ့တယ်လို့ သူတို့သတ်မှတ်တဲ့ ဘဝထဲက ရုန်းထွက်ဖို့တော့ ဇွတ်ကြိုးစားနေတတ်ကြတယ်။ ဦးလည်း ခြောက်သွေ့တယ်လို့ထင်နေတဲ့ လက်ရှိဘဝက ရုန်းထွက်ဖို့ ကြိုးစားနေရပြီမဟုတ်လား၊ နှင်း စကားပြောရိုင်းသွားရင် ခွင့်လွှတ်ပါ ဦး၊ ဦးဘဝကို စိုပြည်အောင် လုပ်ပေးနိုင်တဲ့ မိန်းမဟာ နှင်းဆီနီ တစ်ယောက်တည်းသာ ရှိတာမဟုတ်ဘူးလို့ နှင်း သိနေတယ်"
"ဒါကတော့ ဦးအချစ်ကို နှင်း သက်သက်အထင်လွဲတာပဲ"
"ဦးအချစ်ကို အထင်လွဲတာမဟုတ်ပါဘူး ဦးရယ်၊ ယောက်ျားတွေရဲ့အချစ်ကို နှင်း အဲဒီလိုပဲ ထင်လို့ရနေတာပါ။ ပြီးတော့ နှင်းလေ ဦးရဲ့ဘဝကို လက်ရှိအခြေအနေထက် ခြောက်သွေ့မသွားစေချင်တဲ့ စေတနာကြောင့် ဒါတွေပြောနေမိတာပါ။ ဒါကြောင့်မို့ ဦး သမီးလေးတွေကို နှင်းကြောင့် ဘယ်တော့မှ စိတ်မဆင်းရဲစေရဘူးလို့ နှင်း ပြောလိုက်တာပါဦးရယ်"
"ဒါ…ဒါဆို နှင်း ဦးကို လက်မထပ်နိုင်တော့ဘူးလို့ ငြင်းလိုက်တာလားဟင်၊ ပြောပါဦး နှင်းရဲ့"
"ဟုတ်တယ် ဦး၊ ကလေးတွေရဲ့အမေနေရာမှာ နှင်း အစားထိုးမဝင်ရက်တော့လို့ပါ၊ နှင်း မယူလိုက်တဲ့နေရာကို တခြားတစ်စုံတစ်ယောက်က ယူဦးမယ်ဆိုရင်လည်း နှင်းဆုံးဖြတ်ချက်အတွက် နှင်း ကျေနပ်ရမှာပါပဲ။ ဘာလို့လဲဆိုတော့ နှင်းဟာ ကလေးတွေရဲ့ အင်မတန်နုနယ်တဲ့ နှလုံးသားတွေကို ခက်ထန်ရိုင်းစိုင်းလာအောင် ဖန်တီးသူမဟုတ်သလို၊ ဦးရဲ့အနာဂတ်ဘဝကို အရုပ်ဆိုးအကျည်းတန်အောင် အရောင်ဆိုးသူမဟုတ်ဘူးဆိုတာ နှင်းကိုနှင်း ယုံကြည်နေလို့ပဲ။ ဒါပေမယ့် ဦးကိုနှင်းအမြဲတမ်း ချစ်နေနိုင်ပါတယ်။ ဦးကို လက်မထပ်နိုင်တဲ့အတွက်တော့ နှင်းကို နားလည်ခွင့်လွှတ်ပေးပါတော့နော်"
နှင်းသည်ပြောရင်းပြောရင်း နင့်နင့်သီးသီး ကြေကွဲရလွန်း၍ ရင်တစ်ခုလုံး တင်းကျပ်ဆို့နင့်နေရလေ၏။ ဦးကား စာမေးပွဲဖြေနိုင်ခဲ့ပါလျက် အောင်စာရင်း၌ အမည်ပါမလာသော ကျရှုံးကျောင်းသားတစ်ယောက်၏ ကြိတ်မနိုင်ခဲမရ နာကြည်းမှုမျိုးဖြင့် မျက်နှာပျက်ယွင်းလို့နေလေသည်။

"ဦး"
နှင်းသည် ဦးကိုကြည့်ကာ တသိမ့်သိမ့်ရင်နာရလွန်း၍ ဘာမှပြောစရာစကားမရှိဘဲလျက် ခေါ်လိုက်မိခြင်း ဖြစ်လေ၏။ ဦးသည် ခေါင်းငုံ့ထားရာမှ နှင်းမျက်နှာကို မော့ကြည့်လေ၏။ ဦး မျက်လုံးများ၌ မျက်ရည်များ ရစ်ဝိုင်းလျက်ရှိသည်ကို နှင်း တွေ့လိုက်ရ၏။ သို့ပါလျက် ဦးသည် -
"မငိုပါနဲ့ နှင်းရယ်၊ နှင်းရဲ့ ဆုံးဖြတ်ချက်ကို ဦး တစ်သက်လုံးကျေနပ်နိုင်အောင် ကြိုးစားနေမှာပါ။ ဒါပေမယ့်လို့ အမြဲစိမ်းသစ်တောတွေနဲ့တူတဲ့ လူတွေလို့ နှင်း ခံယူသတ်မှတ်ထားတဲ့ ယောက်ျားတစ်ယောက်ဟာ ရေတစ်ပေါက်မှမရှိတဲ့ ကန္တာရကြီးထဲမှာလည်း တစ်ယောက်တည်း လျှောက်နေဦးမယ်ဆိုတာကို နှင်း စောင့်ကြည့်လိုက်ပါနော်"
ဟု ဆိုလာလေတော့ နှင်း အံကြိတ်မိရလေ၏။
နှင်းသည် ဘယ်တော့မှ ပြန်လည်ပြင်ဆင်မည်မဟုတ်သော ဆုံးဖြတ်ချက်အတွက် နှုတ်ခမ်းကို တင်းစေ့ကာအင့်ခနဲ တစ်ချက်ရှိုက်လိုက်မိတော့၏။ နှင်းတို့နှစ်ယောက် စကားပြောခဲ့ကြသော ဝါးရုံရိပ်စားသောက်ဆိုင်လေးထဲမှ ထွက်ခွာခဲ့သည့်အချိန်၌ နေဝင်ခဲ့လေပြီ။ ဆောင်းဦးပေါက်ကာလဖြစ်သဖြင့် အသည်းခိုက်အောင် အေးမြနေသော လေစိမ်းတို့သည် မှန်ဖွင့်ထားသည့် ကားအတွင်းသို့ အတားအဆီးမဲ့စွာ တိုးဝင်လေ၏။ နှင်းတို့နှစ်ယောက်ကား ကားမှန်များကို ပိတ်ဖို့ စိတ်မကူးမိကြချေ။
ကားသည် မြားတစ်စင်းပစ်လိုက်သလိုပင် လေထုကြီးကို ထိုးဖောက်လျက် မည်းမှောင်နေသော ကတ္တရာလမ်းမကြီးတစ်လျှောက်ပြေးနေလေ၏။ ဦးသည် လမ်းဘယ်ဘက်ခြမ်းရှိ ရိုးပြတ်လွင်ပြင်ကြီးကို ငေးကြည့်နေလေ၏။ နှင်းကမူ လမ်း ညာဘက်ခြမ်းရှိ ဟိုးအဝေးဆီက စိမ်းညို့အုံ့မှိုင်းနေသော သစ်တောများကို ငေးမောကြည့်နေမိလေတော့သည်။


ကလျာ မဂ္ဂဇင်း
ဖေဖော်ဝါရီလ၊ ၁၉၉၉
မေတ္တာဖြင့် - ယုဒါ
16082015 (9:35 PM)


No comments:

Post a Comment

အားပေးမှုအတွက် ကျေးဇူးတင်ပါသည်...

မေတ္တာဖြင့်...
ယုဒါ