ထရန်စဖာဆိုသော
စကားလုံးသည် ရန်ကုန်(ပင်မ)တက္ကသိုလ်ကြီးအတွင်း၌ ဆရာမလုပ်နေသော ချို မကြာခဏ ကြားနေရသော
စကားဖြစ်၏။ ချိုတို့ ဆရာမလောက၌ ထရန်စဖာကို ဆလံပါဟုပြောရလောက်အောင် ကြောက်လန့်တတ်၏။
မတတ်သာ၍သာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြရသည်။ ရန်ကုန်မြေက မည်သူမှ မခွာချင်ကြ။ အဲဒီထဲမှာ
ချိုတစ်ယောက်က အဆိုးဆုံး။ အသက်သုံးဆယ်ကျော် အပျိုကြီးဖြစ်နေလျက် မိသားစုနှင့် ခွဲဖူးခွဲစမရှိတာကြောင့်
ထရန်စဖာထိမှာကို စိုးရိမ်လှ၏။
ချို့အပေါင်းအသင်းတွေ တော်တော်များများ မော်လမြိုင်၊
စစ်တွေ၊ ဘားအံ၊ မကွေး စသည်ဖြင့် အလျှိုအလျှိုရောက်ကုန်ကြပေမယ့် ချိုတစ်ယောက်ကတော့ အဓိပတိလမ်းမကြီးပေါ်မှာ
ရေတမာပင်တန်းတွေကြားမှာ ခေါင်းလေးတမော့မော့နှင့် အောင်ပွဲခံနေဆဲ။
ချို
ဒီနယ်မြေမှ ထွက်ခွာပြေးချင်လှသည်။ အထူးသဖြင့် ရန်ကုန်မြေမှ ချို ပြေးလိုလှ၏။ ထို့အတွက်
"ဒေါ်ချိုချိုသာ ထရန်စဖာ ပါတယ်" ဟူသော သတင်းသည် ချို့အတွက် မင်္ဂလာအရှိဆုံး
သတင်းတစ်ခုဖြစ်သွားခဲ့၏။ မြစ်ကြီးနားကောလိပ်တဲ့၊ ချို ပျော်လိုက်သည့်ဖြစ်ခြင်း။ ချို့မိသားစုကတော့
အဝေးကြီးပဲဟုဆိုကာ စိတ်မကောင်း ဖြစ်နေကြချေ၏။ ချိုကတော့ ဝေးစမ်းပါစေ၊ မိုင်ပေါင်းတစ်ထောင်၊
တစ်သောင်းမကဝေးသော ခရီးဖြစ်ပါစေ သွားလိုလှ၏။ အဲဒီအရပ်၌ ချို့ကို စကားတင်းဆိုကြမည့်
အံ့သြတကြီးမျက်နှာတွေ မရှိလျှင်တော်ပြီ။ ချိုချိုသာဆိုသာ မိန်းမတစ်ယောက်၏ ကြေကွဲနာကျင်ဖွယ်
ဇာတ်လမ်းကို ကြားနာချင်လွန်းစွာ စုံစမ်းစပ်စုမည့်သူများ မရှိလျှင်တော်ပြီ။ ချို၏
Lecture ကို စိတ်ပါဝင်စားစွာ မှတ်သားနာယူမည့် တပည့်လေးတွေရှိလျှင် ချို့အတွက် ပြည့်စုံလေပြီ။
ချို တစ်ခု ကံကောင်းသည်မှာ ချို၏အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့သူ ၀ါဝါခိုင် မြစ်ကြီးနားမြို့မှာ
ရှိနေခြင်းပင်ဖြစ်၏။
*
* *
မြစ်ကြီးနားမြို့သို့
ချို စတင်ရောက်ရှိသောအချိန်သည် ဆောင်းရာသီ၏သရုပ်ပီပြင်နေပြီဖြစ်သော နိုဝင်ဘာလဆန်းချိန်ခါဖြစ်လေ၏။
ချို၏ ချစ်သူငယ်ချင်း ၀ါဝါခိုင်ကတော့ မြစ်ကြီးနားမြို့ဟာ ဆောင်းရာသီတစ်ခုသာ လွမ်းဆွတ်ဖွယ်ကောင်းစွာ
ချစ်စဖွယ်လှပသည်ဟု ဆိုခဲ့၏။ "မြစ်ကြီးနားကိုများ အလည်လာမယ်ဆိုရင် အအေးကြောက်လို့ဆိုပြီး
ဆောင်းမရှောင်လိုက်နဲ့၊ နွေအခါမှ လာလည်ချင်တယ်ဆိုရင်တော့ အညာကိုသာသွားလည်"ဟုပင်
ဆိုသေး၏။ ချိုပြောသလိုပဲ မြစ်ကြီးနားမြို့ဟာ ဆောင်းအခါသမယမှာတော့ ရန်ကုန်သူ ချို၏နာကြည်းဖွယ်အတိတ်တို့ကိုပင်
မေ့လျော့သွားစေလောက်အောင် ဖမ်းစားနိုင်ပါပေရဲ့။
ထိန်ထိန်ညီးနေသော
လျှပ်စစ်မီးများဖြင့် နေ့ညမပျက်နေခဲ့ရသော ချိုသည် ကလေးပေါက်စလေးတစ်ဦးပမာ စောစီးစွာအိပ်မောကျတတ်သော
မြစ်ကြီးနားမြို့အား လှုပ်နိုးကြည့်ခဲ့သေး၏။
ညရှစ်နာရီခွဲလောက်၌ပင် နှစ်ခြိုက်စွာအိပ်မောကျသွားတတ်သော မြို့တော်ကြီးက ချို့ကို ဒေါသဖြစ်ဖို့
သတိမရဘဲ ဥပေက္ခာပြုလေ၏။ ရန်ကုန်သူပီပီ ညဉ့်နက်သန်းခေါင်မှ အိပ်လေ့ရှိသော ချိုသည် မိုးချုပ်စပြုပြီဆိုတာနှင့်
လမ်းများပေါ်၌ လူသွားလူလာရှင်းကာ မည်းမှောင်တိတ်ဆိတ်သွားသော ကချင်ပြည်နယ်မြို့တော်ကြီးနှင့်
သဟဇာတဖြစ်ဖို့ကို အတော်ကြိုးစားရလေ၏။ နောက်တော့လည်း မြစ်ကြီးနားမြို့၏ ဆောင်းရာသီနှင့်အလိုက်အထိုက်
ချိုနေတတ်သွားခဲ့ပါ၏။
ချိုတို့
အိမ်ဘေးပတ်ဝန်းကျင်၌ မည်သို့ပင် အမှောင်ကျနေစေခါမူ ချိုနှင့် ၀ါဝါခိုင် အိပ်သောအခန်းမှာ
မီးလင်းလျက်ရှိခဲ့၏။ ချိုက မိဝါဟုခေါ်သည့် ၀ါဝါခိုင်သည် ချို့ကို အလွန်အမင်းချစ်ခင်သော၊
စကားလည်း အင်မတန်ပြောနိုင်သောသူ ဖြစ်လေ၏။ မိဝါသည် ကျောင်းတက်တုန်းက ရည်းစားမရှိခဲ့ဘဲ
ကျောင်းပြီးသောအခါ မိဘများသဘောကျသူနှင့် ကြည်ကြည်သာသာပင် လက်ထပ်ခဲ့၏။ အမျိုးသားမှာ
ဖားကန့်မြို့၌ ကျောက်စိမ်းတွင်းလုပ်ငန်း လုပ်ကိုင်သဖြင့် မြစ်ကြီးနားတွင် အမြဲမရှိချေ။
မိခင်မုဆိုးမကြီးနှင့်သာ နေရသော မိဝါသည် ချို မြစ်ကြီးနားကောလိပ်သို့ ပြောင်းရသည်ဆိုသောသတင်း
ကြားကတည်းက ဆွေ့ဆွေ့ခုန် ပျော်မြူးနေခဲ့သူဖြစ်၏။ စင်စစ် မိဝါတို့အိမ်ရှိရာ မြို့သစ်ရပ်ကွက်နှင့်
ချိုတို့ကောလိပ်ရှိရာအရပ်မှာ နီးနီးနားနားမဟုတ်။ သို့သော် မိဝါ၏ဆန္ဒအတိုင်း ချိုမှာအဆောင်၌
နေလိုပါသည်ဟု စကားလေးမှမဟရဲခဲ့။ ချိုကိုယ်တိုင်ကလည်း ငါးနှစ်လုံးတွဲခဲ့သော သူငယ်ချင်းနှင့်
အတူပြန်နေခွင့်ရသည့်အခိုက်လေးမှာ နေလိုခဲ့သည်မဟုတ်ပါလား။
ဆိုင်ကယ်မစီးတတ်သော၊
ကားမမောင်းတတ်သော ချို့ကို မိဝါကပင် ကားနှင့်တစ်မျိုး၊ ဆိုင်ကယ်နှင့်တစ်ဖုံ ကျောင်းပို့ကျောင်းကြို
လုပ်ပေးလေ၏။ ချိုသည် ပတ်ဝန်းကျင်အသစ်၌ ပျော်မွေ့လှသည်မဟုတ်သော်လည်း အစစအရာရာ ရန်ကုန်နှင့်မတူသော
နှင်းငွေ့ယှက်သန်းနေသည့် ငြိမ်းချမ်းသောမြို့လေး၌ စိတ်သက်သာရာရခဲ့သည်ကတော့ အမှန်ပဲဖြစ်၏။
သို့ပေမယ့် ကံကြမ္မာသည် ချိုချိုသာအား မျက်နှာသာပေးလိုဟန်မရှိ။ တစ်ပွဲတည်းနှင့် အလဲထိုး၍
အားမရနိုင်ဘဲ ထပ်ဆင့်စိန်ခေါ်ပြန်လေပြီ။
*
* *
မိတ်ဆွေတစ်ဦး
ဆေးရုံတက်ရ၍ ၀ါဝါခိုင်တို့သားအမိ လူနာမေးသွားသဖြင့် အိမ်၌ချိုတစ်ယောက်တည်း ကျန်ရစ်ခဲ့ခြင်းက
ပြီးဆုံးခဲ့ပြီဖြစ်သော အတိတ်က ဇာတ်လမ်းတစ်ပုဒ်ကို ဆက်ရန်လုပ်စေဖို့ အကြောင်းဖန်လာခဲ့ခြင်း
ဖြစ်ပေလိမ့်မည်။
"အန်တီဝေ၊
အန်တီဝေ"
ဧည့်ခန်းတွင်း၌
တီဗွီထိုင်ကြည့်နေသော ချိုသည်အိမ်ရှေ့မှ ခေါ်သံကြောင့် ကမန်းကတန်း ထ,ကြည့်ရလေသည်။ မိဝါတို့အိမ်မှာ
နှစ်ထပ်လုံးချင်းတိုက်ဖြစ်၏။ အိမ်ရှေ့ဆင်ဝင်အောက် သံပန်းတံခါးကို အမြဲပိတ်ထားလေ့ရှိရာ
ချိုသည် ဧည့်သည်ကို တံခါးဖွင့်ပေးဖို့ မစဉ်းစားဘဲ မိဝါတို့သားအမိမရှိကြောင်းကိုသာ ပြောဆိုမိလေ၏။
"ကျွန်တော်
ဒီအိမ်မှာနေတာပါခင်ဗျာ၊ မ၀ါဝါခိုင် ဧည့်သည်ထင်ပါရဲ့"
ချိုသည်
နူးညံ့ချိုသာသောအသံကို ကြားလိုက်ရစဉ် အခိုက်အတန့် မှင်တက်မိသွားသဖြင့် သံပန်းတံခါးကို
တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်မိလေ၏။ သံကွက်များကြားမှ မြင်လိုက်ရသော ဧည့်သည်အမျိုးသားကို
မမှိတ်မသုန်ကြည့်မိလျက် ချို၏ နှုတ်ခမ်းနှစ်လွှာမှ အံ့သြမှုဖြင့် တဆတ်ဆတ်တုန်နေလေသည်။
ချို၊ ချိုချိုသာ ဘာလုပ်ရမှာပါလိမ့်။ ချိုသည် ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်ရင်း
ရုတ်တရက် ဘာလုပ်ရမှန်းမသိ ဖြစ်နေရလေသည်။ ချိုချိုသာရယ် အားတင်းထားစမ်းပါ။ ဘ၀မှာ တစ်ခါသာ
ရှုံးနိမ့်ပါစေ။ နှစ်ခါ မရှုံးပါစေနဲ့။ ချိုသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ အတိတ်ကပုံရိပ်များကို
ကြိုးစားမေ့ဖျောက်လျက် လက်ရှိအခြေအနေကို ရင်ဆိုင်ဖို့ ဇွတ်ကြိုးစားရလေသည်။
"ခင်ဗျားမယုံရင်
တံခါးဖွင့်မပေးပါနဲ့ဗျာ၊ ကျွန်တော် အပြင်ကပဲ စောင့်ပါ့မယ်"
"ရပါတယ်၊
အိမ်ထဲဝင်စောင့်ပါ၊ ကျွန်မ တံခါးဖွင့်ပေးပါ့မယ်"
ချိုသည်
သော့ဂလောက်ထဲ သော့တံဝင်ဖို့ပင် ကတုန်ကယင်ဖြစ်နေ၍ အတော်ကြိုးစားပမ်းစား ဖွင့်ရ၏။ ဤအိမ်သို့
စ,ရောက်ချင်းနေ့က အိမ်ရှိအခန်းအားလုံးကို မိဝါပြခဲ့၏။ အဲဒီတုန်းက သော့ပိတ်ထားသော အခန်းတစ်ခုရှေ့၌
မိဝါပြောခဲ့သော စကားကို ချိုပြန်တွေးနေမိလေ၏။
"ဒါ
ကိုကျော်စွာ့သူငယ်ချင်းအခန်း၊ သူစိမ်းယောက်ျားတစ်ယောက်ရှိလို့ဆိုပြီး ဘာမှ စိတ်ပူစရာမလိုပါဘူးကွာ၊
သူက ဒီမှာ မနေတာများပါတယ်၊ တောင်ပေါ်မှာပဲ အနေများတာပါ၊ ကိုကျော်စွာတို့ ညီအစ်ကိုတွေလုပ်တဲ့
ဆောက်လုပ်ရေးလုပ်ငန်းထဲမှာပဲ ၀င်လုပ်နေတာကွ။ ဒီလူက အဆန်းတော့အဆန်းပဲဆရာ၊ စက်မှုတက္ကသိုလ်ဆင်းပဲ၊
ရန်ကုန်မှာ အလုပ်အကိုင်ကောင်းလျက်နဲ့ အိမ်နဲ့စိတ်ဆိုးပြီး ဒီရောက်နေတာ။ လူကတော့ ခပ်ချောချောပဲ။
စကားလည်းနည်းတယ်၊ ငါနဲ့တောင် မည်မည်ရရ စကားပြောဖြစ်တာ မဟုတ်ဘူး၊ လာရင်တော့ သိရအောင်
မိတ်ဆက်ပေးမယ်နော်"
ချိုသည်
သံပန်းတံခါးကို ပြန်ပိတ်ရမလို ဖွင့်ရမလိုဖြစ်ကာ ရပ်လျက်တွေးနေမိလေ၏။ ဒီအိမ်ဟာ သူ ၀င်ထွက်သွားဖူးနေတဲ့အိမ်ပဲ
သူ့အခန်းရှိရာကို သူသွားမှာပေါ့။ မဖြစ်ပါဘူး။ မိဝါတို့ ပြန်လာရင် ချိုတို့နှစ်ယောက်ကို
မိတ်ဆက်ပေးတော့မှာ၊ ဟင့်အင်း။ သူ မသိစေရဘူး။ ချိုဟာ ချိုချိုသာဖြစ်တယ်ဆိုတာ ကိုစည်သူထင်ဆိုတဲ့သူ
မသိစေရဘူး။ ချိုသည် ဧည့်ခန်းအတွင်းသို့ ဟန်မပျက်ပြန်ဝင်လာကာ ဧည့်သည်ကို စတင်မိတ်ဆက်လိုက်လေ၏။
"ကျွန်မက
ဝါ၀ါခိုင့်သူငယ်ချင်း ခင်မေချိုပါ၊ မြစ်ကြီးနားကောလိပ်ကို ပြောင်းလာတာ မကြာသေးဘူး"
"ဟုတ်ကဲ့ခင်ဗျာ၊
တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်တော့်နာမည် စည်သူထင်ပါ"
ချိုသည်
ချို့မျက်နှာကို သိသိသာသာတွေငေးကြည့်နေသော စည်သူထင်အား မျက်နှာလွှဲလျက် အတိတ်ကို တွေးမိပြန်လေသည်။
"ချိုရေ၊
ဟေး ချို၊ ဒီမယ် သစ်ခွပန်းတွေ ရလာတယ်ဟေ့"
ကလေးတစ်ယောက်လို
အော်ဟစ်ပြောလာသော ၀ါဝါခိုင့်အသံကြောင့် ချိုအိမ်ရှေ့သို့ ပြေးထွက်ကြိုမိ၏။
"ကိုစည်သူ
ရောက်နေတာကိုး၊ ချိုနဲ့တွေ့ပြီးရောပေါ့။ အဲဒါ ကျွန်မနဲ့ ကျောင်းနေဖက် အချစ်ဆုံးသူငယ်ချင်းပဲ"
"ဟုတ်ကဲ့ခင်ဗျား၊
မခင်မေချို ပြောပြပါတယ်" စည်သူထင့်စကားကြောင့် ၀ါဝါခိုင် အံ့သြတကြီးဖြစ်သွားသည်ကိုသိသော
ချိုက ၀ါဝါခိုင့်လက်ဖ၀ါးကို ဆုပ်ကိုင်ရင်း အသာဆိတ်ထားရလေ၏။
"ကိုစည်သူ
ရောက်လာတာ အတော်ပဲ၊ မနက်ဖြန် ကိုကျော်စွာပြန်လာမယ်ပြောတယ်၊ ကိုစည်သူတို့ အဆောက်အအုံရော
တော်တော်ပြီးပြီလား"
"ပြီးသလောက်ရှိပါပြီ၊
ကိစ္စလေးတစ်ခုရှိလို့ ထွက်လာခဲ့တာ။ ကိုကျော်စွာ လာမယ်ဆိုအတော်ပဲ၊ ကျွန်တော်က သူ ပြန်မလာနိုင်သေးဘူး
မှတ်နေတာ"
"ကဲ…
ကိုစည်သူ နားဦး။ ခဏနေ ထမင်းစားကြတာပေါ့၊ ညနေဈေးတန်းက ဟင်းပေါင်းရော၊ ဟင်းရွက်စုံသုပ်တွေရော
ဝယ်လာတယ်။ မိဝါ အ၀တ်လဲလိုက်ဦးမယ်"
ဝါ၀ါခိုင်သည်
ချို့လက်ကိုဆွဲကာ သူ့အခန်းထဲအထိ အပါခေါ်ဝင်သွားလေသည်။ ခင်မေချိုတဖြစ်လဲ ချိုချိုသာသည်
မြေမြှုပ်သဂြိုဟ်ပြီးခဲ့သော အတိတ်မြေဟောင်းကို ပြန်လည်တူးဖော်ပြရပေတော့မည်။
*
* *
ချိုသည်
ဓာတ်ပုံလေးကိုကြည့်ကာ ၁၆နှစ်သမီး အပျိုပေါက်လေးလို ရင်ခုန်မြူးထူးနေခဲ့၏။ ကြည့်စမ်း။
ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့ ကောင်လေးလဲ။ ချို့ထက် အသက်နှစ်နှစ်နီးပါး ပိုငယ်တဲ့
ပုဂ္ဂိလ်လေးဟာ ချို့အတွက် ကောင်ကလေးပေပေါ့။ မျက်သားဖောင်းဖောင်းလေးများနှင့် ၀န်းရံထားသော
ကောင်လေး၏ ညှို့ယူနိုင်စွမ်းသော မျက်လုံးအစုံကို ချို ချစ်မက်၏။ ကောင်လေး၏ တိရိသေသပ်သော
ချစ်စဖွယ် ထူရဲရဲနှုတ်ခမ်းလေးကိုလည်း ချို မြတ်နိုးစုံမက်၏။ ကောင်ကလေးသည် ချို၏ ချစ်ဦးသူဖြစ်၏။
ချိုက အိမ်ဦးနတ်အဖြစ် ကိုးကွယ်ရမည့် ချို၏သတို့သားလောင်းလေး ဖြစ်၏။ ချိုသည် မှန်ပေါင်အတါင်း
တယုတယထည့်ထားသော ဓာတ်ပုံလေးကိုကြည့်ရင်း အိပ်ရာပေါ်၌ ပြုံးပြုံးကြီး တွေးနေမိခြင်း ဖြစ်လေသည်။
"ကြားတော့
ကြားတာပေါ့"
"ကြားရင်လည်း
ထွက်တွေ့မှပေါ့။ ကိုယ်သွားတော့ သူက မရှိ၊ သူလာတော့ ကိုယ်က ထွက်မတွေ့၊ ညည်းတို့က မင်္ဂလာဆောင်တဲ့နေ့မှ
တွေ့ကြရမလိုဖြစ်နေပြီ။ ကိုယ်နဲ့ မကြာခင် လက်ထပ်တော့မယ့်သူပဲ ကိုယ့်အိမ်လာတာ ကိုယ်ကထွက်တွေ့ရမှာပေါ့
မိချိုရယ်၊ ဘာကိစ္စ ထွက်တော်မူမလာရတာလဲ"
"ရှက်လို့"
ချိုသည် ကြည့်လက်စ ဓာတ်ပုံလေးကို အိပ်ရာပေါ်မှောက်ချလိုက် မိခင်ဖြစ်သူကို မူနွဲ့ပြောလိုက်လေ၏။
ပေါ်ပေါ်ထင်ထင် ထွက်မတွေ့ပေမယ့် စည်သူထင်ဆိုသည့် ပုဂ္ဂိုလ်လေးကို ချို ချောင်းမြောင်းခိုးဝှက်ကြည့်မိသည့်အဖြစ်တွေကိုတော့
လျှို့ဝှက်ထားရသည်ပေါ့။ အခုတော့ ချို တကယ်ပဲ ရှက်နေခြင်းဖြစ်၏။ ချို့ကို စေ့စေ့မကြည့်ဖူးသေးသော
ယောက်ျားလေးတစ်ယောက်ကို ချိုက တစ်ဖက်သတ် ချစ်မြတ်နိုးနေရခြင်း မဟုတ်လား။ စင်စစ်ချိုသည်
ယောက်ျားတစ်ယောက်ကို တစ်ဖက်သတ် ဖျပ်ဖျပ်လူးကြိုက်ကာ မိန်းမနောက်ပိုးလုပ်လေ့ရှိသော မိန်းမအတန်းစား၌
မပါဝင်ပါ။ အရွယ်ရောက်စ မြီးကောင်ပေါက် အချိန်မျိုးတွင်ပင် ယောက်ျားလေးတွေအပေါ်၌ စိတ်ဝင်စားမှုနည်းပါးခဲ့သူဖြစ်၏။
ချိုသည် ငယ်စဉ်ကတည်းက တက္ကသိုလ်ကျောင်းကြီးထဲမှာ ကထိက၊ ပါမောက္ခတစ်ယောက် ဖြစ်ရမည်ဟူသော
ရည်ရွယ်ချက်ဖြင့် တစ်စာတည်းစာကာ ရင်ခုန်ဖို့ပင် မေ့လျော့ခဲ့မိသူမျိုး ဖြစ်လေ၏။
တက္ကသိုလ်မှ
နည်းပြတစ်ယောက် ဖြစ်လာပြန်တော့လည်း ပညာနှင့်ပတ်သက်လျှင် မရောင့်ရဲချင်တတ်သော ချို၏၀ိဥာဉ်ကြောင့်
ဆရာ့ဆရာကြီးများ၏ နောက်သို့လိုက်ရင်း စာအုပ်တွေထဲ၌သာ ပျော်မွေ့ပြန်လေသည်။ နောက်တော့
ထုံးစံအတိုင်း ဒေါ်ချိုချိုသာဖြစ်ကာ အပျိုကြီးဂိုဏ်းအတွင်းသို့ ၀င်ခွင့်မတောင်းလိုက်ရဘဲ
အလိုအလျောက်ရောက်ရလေ၏။
ချိုတို့
သူငယ်ချင်းတွေ အပြောကတော့ ကျောင်းထဲရောက်လို့ လုပ်သက်သုံးလေးနှစ်နှင့် ငါးနှစ်အတွင်း
ယောက်ျားမရလျှင် တစ်သက်လုံး အပျိုကြီးဖြစ်လေပြီ မှတ်ပေတော့တဲ့။ လုပ်သက်ငါးနှစ်မပြည့်မီ
အချိန်တွင် အစွမ်းရှိသမျှ ကြိုးစားအားထုတ်လေတော့ဟုပင် အချင်းချင်းနောက်ပြောင်တတ်ကြသေး၏။
ဒေါ်ချိုချိုသာကတော့ဖြင့်
လုပ်သက်ငါးနှစ်ကျော်ခါမှ ကံထူးခဲ့သော မဟာကံထူးရှင်ဟုပင် ခေါ်ဆိုရလေမလားမသိ။ ကိုယ့်အစွမ်းအစနှင့်ကိုယ်တော့မဟုတ်။
မေမေတို့ ရှာဖွေစပ်ဟပ်ခဲ့သည့် ယောက်ျားတစ်ယောက်ကို ချို လက်ထပ်ရမှာဖြစ်၏။ သို့သော်
အံ့သြဖွယ်ကောင်းသည်မှာ ချိုကိုယ်တိုင်က ထိုယောက်ျားကို ချစ်မြတ်နိုးနေမိခြင်း ဖြစ်၏။
လူတကာကတော့ အပျိုကြီးတွေဟာ သူတစ်ပါး စပ်ဟပ်ပေးစားသည့် ယောက်ျားကိုပင် မြတ်နိုးချစ်ခင်တတ်သည်ဟု
အမနာပ ပြောတတ်ကြပါပေရဲ့။ ဒါကတော့ အပျိုကြီးဟု ကြားရုံဖြင့် အသားလွတ်မျက်စိမှိတ်၍ အပြစ်ဖို့
ဝေဖန်ရှုတ်ချတတ်သော ပျိုရွယ်သူ သို့မဟုတ် အိုပြီးသူများ၏ တရားမျှတမှုမရှိသော လက်သုံးစကားသာပါ။
ချိုသည်
စူပါမားကတ်ကြီးတစ်ခု စတင်ဖွင့်လှစ်ခဲ့သည့် အခမ်းအနားတစ်ခု၌ စည်သူထင်ကို စတင်မြင်ဖူးခဲ့ခြင်းဖြစ်သည်။
သူကမူ ချိုတစ်ယောက် ထိုပွဲသို့ တက်ရောက်ခဲ့သည်ကိုပင် မသိအောင် အလုပ်ရှုပ်နေခဲ့သူဖြစ်၏။
ချိုကတော့ အဲဒီကစလို့ အသက်ဆယ်နှစ်လောက် ပြန်ငယ်လျက် နုပျိုလတ်ဆတ်စွာ ရင်ခုန်တတ်လာခဲ့လေ၏။
စည်သူထင်ဆိုသော ကောင်ကလေးနှင့် မတွေ့ခင်က ချိုဘယ်မှာ ရင်ခုန်တတ်ခဲ့လို့လဲ။ မေမေကြည့်ရှုထားသည့်လူများ၊
ချို့ကို စပ်ဟပ်တောင်းရမ်းလာသည့် လူများအားလုံးကို ချိုတစ်စက်ကလေးမှ ရင်ခုန်လို့မရဘဲ
ငြင်းဆန်ခဲ့သည်ချည်း။
ချိုက
အပျိုကြီးပီပီ လှတာချောတာလေးတွေကိုလည်း ကြိုက်ချင်သေး၏။ ယောက်ျားတစ်ယောက်ကို မကြိုက်တာတောင်
ရိုးရိုးငြင်းသည်မဟုတ်။ ထိပ်ပြောင်လို့၊ အရပ်ပုလို့၊ အသက်သုံးဆယ်ကျော်ရုံရှိသေး ဆံပင်ဖြူတွေပေါက်နေလို့၊
ပြူးပြူးပြဲပြဲကြည့်တတ်လို့၊ ကွမ်းစားလွန်းသဖြင့် သွားတွေနီရဲညစ်ပတ်နေလို့ ၊ ခြေသလုံးမွေးထူထူကြီးနဲ့မို့၊
ယောက်ျားဖြစ်လျက် မျက်ခုံးမွေးမပါတာကြီးက ကြည့်ရဆိုးလွန်း၍ စသည့် မရိုးနိုင်သော ပြစ်ချက်များဖြင့်
ခါးခါးသီးသီး ငြင်းပယ်ခဲ့ပေါင်းများလှပြီ။ သို့ဆိုလျှင် ချိုချိုသာဆိုသည့် မိန်းမအတွက်
ယောက်ျားမရှားဘူးဆိုတာ လုံလောက်သော သက်သေဖြစ်ပြီမဟုတ်လား။
အဲဒီ
ချိုသည် ချို့ကို မိတ်ဆက်စကားဆိုဖို့ သတိရလေဟန်မရှိသော မေမေ့သူငယ်ချင်း အန်တီလှိုင်၏
သားကလေးကို မေမေ လက်တို့မပြခင်အချိန်ကပင် ပစ်မှားမိခဲ့လေ၏။ "လှိုင်က ပြောနေတယ်၊
စည်သူထင်ကို သမီးချိုနဲ့ သဘောတူထားတာတဲ့။ စည်သူထင်မှာ ရည်းစားမရှိသေးဘူး၊ သူ့အမေသဘောပဲတဲ့။
ကောင်လေးက လူတော်လေးဆိုတော့ ကောင်မလေးတွေ တော်တော်ကပ်ကြပုံရတယ်၊ အဲဒါ အကပ်ကောင်းပြီး
ပါသွားမှာစိုးလို့ လှိုင်က လောလောလတ်လတ်ကို စီစဉ်ပေးချင်တာလို့ ပြောနေတယ်၊ မေမေကတော့
သမီးချို သဘောလို့ မယုတ်မလွန်ပြောခဲ့တယ်" ဆိုသည့် မေမေ့စကားကိုကြားရတော့ ချိုမှာ
ဆယ်သိန်းထီကြီး ဆယ်ခါဆက်ပေါက်သူတစ်ယောက်ထက်ပင် ပျော်ရလေ၏။ ချိုသည် "မေမေ့သဘောပါပဲ"
ဟုပြောကာ ချိုငြင်းပယ်ဖူးခဲ့သည့် ယောက်ျားတော်တော်များများ၏ မျက်နှာများကို ပြန်လည်မြင်ယောင်ကြည့်ရင်း
ကိုယ့်ကိုယ်ကို ကျေးဇူးတင်မဆုံး ဖြစ်နေခဲ့ရ၏။
ယောက်ျားတစ်ယောက်အပေါ်
ချို ဒီလောက်မြန်မြန်ဆန်ဆန် ချစ်မက်မြတ်နိုးသွားမိခြင်းအဖြစ်သည် ဘယ်အချက်ကို အခြေခံသလဲဆိုတာ
ချို သိလိုလှ၏။ ချိုသည် အချစ်ဆိုတာ ဘယ်လိုပါလိမ့်ဟု ကလေးတစ်ယောက်လို အလိုလိုတွေးချင်နေမိလျက်
ဘာမှန်းလဲမသိဘဲ ချစ်တတ်သွားလေသည်။ သို့ပေမယ့် ချိုက သူ့ကို လက်ထပ်ပါမည်ဟု ကတိပေးကာ
နှစ်ဖက်မိဘများ ရက်ရွေးပြီးသည်အထိ ချို့ထံသို့ တည့်တည့်မတ်မတ်ရောက်မလာသေးသော ပုဂ္ဂိုလ်လေးကို
စိတ်တိုတောင်းစွာ တစ်ကိုယ်တည်း စိတ်ကောက်နေမိတော့၏။
ချို့ဓာတ်ပုံ
အယ်လ်ဘမ်တစ်ခုလုံး သူတို့အိမ်ရောက်သွားမှတော့ ချိုချိုသာ ဘယ်လောက်ချောမွေ့လှပသည်ဆိုတာ
သူသိရမည်။ သူ့ထက်မဆိုစလောက်လေး အသက်ကြီးတာကလွဲလျှင် ချို့မှာ ငြင်းစရာမရှိဟု ချိုလိုရာဆွဲတွေးကာ
မကျေမနပ်ဖြစ်ရသေး၏။ ပြီးတော့ ချိုတို့ဘက်က သူ့ထက် အစစအရာရာသာလွန်သည်ဆိုတာ အန်တီလှိုင်အသိပဲဖြစ်၏။
ဘာပဲဖြစ်ဖြစ် ချို့ကို သာမန်မိတ်ဆွေတစ်ယောက်လို စကားပြောဆိုနိုင်သည်ပဲ။ ချိုသည် ချို့ကို
လက်ထပ်ဖို့ သဘောတူထားပါသည်ဆိုသော… ချိုက တစ်ဖက်သတ်ဆန်ဆန် ချစ်နေမိသော လူတစ်ယောက်ကို
အပြစ်ဆိုချင်လျက်ကပဲ ခွင့်လွှတ်နေမိပြီးသား ဖြစ်နေလေသည်။ သို့သော် ဖိတ်စာရိုက်ပြီးသည်အထိ
ချိုနှင့်သူ မျက်နှာချင်းဆိုင် မဆုံဖူးသေးသည့် အဖြစ်အပေါ် ချို စိုးရိမ်တုန်လှုပ်လာရတော့၏။
လက်ထပ်ဖို့
စီစဉ်ပြီးနောက်ပိုင်း စည်သူထင့်အိမ်သို့ သုံးလေးခေါက်ရောက်ခဲ့ပေမယ့် ချို့ သတို့သားလောင်းလေး
မရှိတတ်သော အချိန်များ၌သာ သွားဖြစ်တာကြောင့် မဆုံဖြစ်ခဲ့ကြ။ ချို့ကျောင်းမှ အပေါင်းအသင်းများကလည်း
ချို့ သတို့သားလောင်းလေးကို တစ်မေးတည်း မေးနေကြလေပြီ။ ချို့မှာ စာတော်သူဖြစ်သဖြင့်
ကျောင်းသူဘ၀ကတည်းကပင် ဆရာ၊ ဆရာမကြီးတို့၏ အလေးထားချစ်ခင်ခြင်းကို ခံရသူ နာမည်ကြီးဖြစ်လေရာ၊
ချိုချိုသာတစ်ယောက် လက်ထပ်တော့မည်ဆိုသော သတင်းက ဖိတ်စာမဝေခင် ပျံ့နှံ့ပြီးဖြစ်လေသည်။
ထို့ထက်ပို၍ ဟိုးလေးတကျော်ဖြစ်သွားခဲ့သော သတင်းကား ချိုချိုသာ၏ တည်တံ့အေးဆေးသော ဘ၀တစ်ခုလုံးကို
ကျွမ်းထိုးမှောက်ခုံဖြစ်သွားစေသော သတင်းသာတည်း။
အဲဒီနေ့က
ချိုသည် မင်္ဂလာပွဲတွင် ၀တ်ဆင်ရမည့် မင်္ဂလာဝတ်စုံ အင်္ကျီသစ်ကို အစမ်းဝတ်ကြည့်ရင်း ရင်ခုန်ကြည်နူးနေခဲ့၏။
ချိုတို့မှာ မောင်နှမသုံးယောက်ရှိလျက် ချိုတစ်ယောက်သာ လွတ်လပ်သူအဖြစ် အိမ်၌ကျန်နေခြင်းဖြစ်၏။
ချို့အထက်က အစ်မဖြစ်သူမှာ အိမ်ထောင်ခွဲသွားသော်လည်း တစ်လမ်းတည်းရှိနေတာကြောင့် ဟိုအိမ်
ဒီအိမ် ကူးနေသူဖြစ်၏။ ချိုနှင့် မေမေသည် လက်ထဲမှာ သတင်းစာတစ်စောင်ကိုင်လျက် အပြေးအလွှားတက်လာသော
မမကိုမြင်တော့ ဘာများဖြစ်လာသလဲဟု စဉ်းစားမရဖြစ်သွား၏။
"မေမေရယ်
ဒီမှာကြည့်စမ်းပါဦး"
ချိုသည်
မမလက်ထဲမှ သတင်းစာကို အလျင်စလို ဆွဲယူကြည့်မိတော့၏။
မင်္ဂလာဧည့်ခံပွဲဖျက်သိမ်းခြင်း
…
နေ့တွင် ပြုလုပ်မည့် စည်သူထင် B.E (Civil) နှင့်
ချိုချိုသာ
M.Sc (Phy) တို့၏ မင်္ဂလာဧည့်ခံပွဲကို
ကျွန်တော်တစ်ဦးတည်း၏
သဘောဆန္ဒဖြင့်
ဖျက်သိမ်းလိုက်ပါကြောင်း။
စည်သူထင်
ချိုသည်
သတင်းစာကို ကိုင်လျက်ပင် ၀ုန်းခနဲ ခွေခေါက်လဲပြိုကျသွားလေသည်။ ချိုချိုသာ၏ အောင်မြင်သောဘ၀ကြီးတစ်ခုလုံး
ဘုံးဘုံးလဲပြိုပျက်သွားမှတော့ ချို၏ ရုပ်ခန္ဓာ ထောင်မတ်ရပ်တည်နိုင်ပါတော့မလား။ ထိုမှစ၍
ချိုသည် သွေးစုပ်ခံရသောသူတစ်ယောက်လို ဖြူဖျော့ပျော့ခွေလျက် အိပ်ရာထဲလဲလေ၏။ ဘာကြောင့်
ချို ဒီလောက်ခံစားထိခိုက်သွားရသည်ဆိုတာ ချို့ကိုယ်ချို မဝေခွဲတတ်။
နောက်တော့
ချိုသည် ကိုယ့်အဖြစ်ကို ပြန်တွေးမိကာ ယောက်ျားတစ်ယောက်အတွက် ဖြစ်ရလေသလားဟု ကြိတ်မနိုင်ခဲမရ
ရှက်၍သာနေမိပြန်၏။ ချိုချိုသာဆိုသော မိန်းမအဖို့ ဒီထက်ဆိုးဝါးသော အရှက်တကွဲအကျိုးနည်းဖြစ်ရခြင်းသည်
မရှိနိုင်တော့ပြီ။ ချိုသည် ခွင့်ရက်ရှည်ယူကာ အိမ်တွင်းပုန်းနေလျက် အချိန်ပြည့် ရှက်လို့သာနေခဲ့၏။
ချို တိတ်တခိုးမြတ်နိုးမိခဲ့သော ယောက်ျားတစ်ယောက် ပြန်လည်မြင်ယောင်မိတိုင်း နှလုံးသားဆီမှ
စူးခနဲ အောင့်မျက်သွားရလျက် ဒေါသထွက်ရလေသည်။ ဒီပွဲမှာ ချိုချိုသာ နာလန်မထူနိုင်အောင်
ရှုံးနိမ့်ခဲ့သည်ကို တစ်လောကလုံး သိနိုင်သည်မဟုတ်လား။ ချိုသာ သူ့အပေါ် မတိမ်းညွှတ်ခဲ့ဘူးဆိုလျှင်
ချို ခံသာသေး၏။
ပြန်တွေးမိလျှင်ပင်
ရှက်လို့မဆုံး။ အသက်သုံးဆယ်ကျော် အပျိုကြီးသည် တရားဝင် ပိုင်ဆိုင်ရသေးသည်မဟုတ်သော ချစ်သူတစ်ယောက်ကို
မောင်ဟု စိတ်ကူးယဉ်ခေါ်ကြည့်လိုက်၊ ကိုကိုဟု ခပ်မြူးမြူးလေး ခေါ်ကြည့်လိုက်လုပ်ကာ ရင်တုန်ပန်းတုန်ဖြစ်ခဲ့ရသေး၏။
ယောက်ျားတစ်ယောက်အတွက် ချိုချိုသာ သိက္ခာတွေ ဘယ်လောက်ထိ အပွန်းပဲ့ခံခဲ့ရသလဲ။ ဒါဟာ ယောက်ျားတစ်ယောက်ကို
ချစ်ခဲ့ရခြင်းကြောင့် ရှုံးခဲ့ရတဲ့အရှုံးတွေပဲဟု တွက်ဆမိသောအချိန်၌ ချို၏ အမြဲတမ်း
နုပျိုတက်ကြွခဲ့သောဘ၀ကို ကြိုးစားထောင်မတ်ကာ ကျောင်းပြန်တက်ဖို့ ပြင်ဆင်ရလေသည်။ ဖုံးဖိလို့မရတဲ့
ချိုချိုသာရဲ့ အရှက်ကွဲမှုကို စိတ်ဝင်တစား စူးစမ်းလိုသော မျက်လုံးပေါင်းများစွာ၏ အကြည့်စူးစူးဒဏ်ကို
မျက်နှာပြောင်တိုက် ခံယူရင်း ချိုချိုသာအား တစ်သက်လုံး ဂုဏ်သိက္ခာမြှင့်တင်ပေးခဲ့သော
လုပ်ငန်းထဲသို့ ပြန်လည်ခိုဝင်ခဲ့ရ၏။ ပြီးတော့ မကြာခင်ကာလမှာပဲ ချိုချိုသာ ထရန်စဖာဖြစ်လေ၏။
*
* *
ချိုသည်
အဖြူရောင်ဆလွန်းကား၏ နံပါတ်ပြားကို သေချာဖတ်ကြည့်မိလျက် ဇဝေဇ၀ါဖြစ်သွားရသေး၏။ ချို့ကို
ကျောင်းလာကြိုတိုင်း မိဝါသည် ကားထဲမှာသာ စောင့်နေတတ်လေ၏။ ဆိုင်ကယ်နှင့်လာသောနေ့မျိုး၌သာ
ချိုတို့ဌာနအထိ ရောက်လာလေ့ရှိ၏။ ချိုသည် မိဝါ ဘယ်များသွားနေသလဲဟုတွေးရင်း တောင်တောင်မြောက်မြောက်
လိုက်ကြည့်နေမိလေသည်။
"သြော်…
မခင်မေချို၊ စောင့်နေရတာ ကြာပြီထင်တယ်၊ ကျွန်တော် အသိတစ်ယောက်နဲ့တွေ့နေလို့ စကားပြောနေတာ၊
မ၀ါမအားလို့ ကျွန်တော် လာကြိုတာ"
"ဟုတ်ကဲ့"
"သွားတော့မယ်
မဟုတ်လား၊ တက်လေ မခင်မေချို"
ချိုသည်
စည်သူထင် ဖွင့်ပေးနေသော ရှေ့ခန်း၌မထိုင်ဘဲ နောက်ခန်းတံခါးပေါက်ကို ဆွဲဖွင့်တက်လိုက်၏။
စည်သူထင်က ချို့ကို ငဲ့ငဲ့ကြည့်ကာ မသိမသာပြုံးလိုက်တာကို ချိုမြင်သော်လည်း စိတ်မ၀င်စားလေဟန်ဖြင့်
နေလိုက်လေ၏။
"တစ်ခုခုစားဦးမလား
မခင်မေချို"
"ဟင့်အင်း"
"ညဈေးတန်းမှာ
အစားအသောက်စုံပါတယ်၊ တစ်ခုခုစားပါလားဗျာ၊ မခင်မေချိုကို ကျွန်တော်ကျွေးချင်လို့ပါ"
ကြည့်စမ်း၊
ဘယ်လောက်အံ့သြစရာကောင်းတဲ့ ယောက်ျားလဲ။ ချိုချိုသာ သိထားခဲ့တဲ့ စည်သူထင်ဆိုသူဟာ မိန်းကလေးတွေနဲ့
အလွယ်တကူ ခင်မင်လေ့မရှိတဲ့ ရောရောနှောနှောစကားပြောဆိုလေ့ မရှိသူမျိုးပါ။ ခုတော့ သူက
တွေ့ဆုံခင်မင်ခွင့်ရတာ ရက်ပိုင်းမျှသာရှိသေးတဲ့ မိန်းမတစ်ယောက်ကို လှိုက်လှဲဖော်ရွေမှုတွေပေးလို့။
"ကျေးဇူးတင်ပါတယ်၊
ကျွန်မ မဆာလို့ပါ"
ချိုသည်
အသံမြည်ချင်နေပြီဖြစ်သော ၀မ်းဗိုက်ကို ဥပေက္ခာပြုကာ ခပ်ပြောင်ပြောင်လိမ်ညာလိုက်၏။
"မခင်မေချို
မြစ်ဆုံကို ရောက်ပြီးပြီလား"
"ဟင့်အင်း"
ချိုသည် ခေါင်းခါမိပြီးမှ နောင်တရသွားလေ၏။ ကိုကျော်စွာ အလုပ်မအားသေး၍ ချို မြစ်ဆုံသို့
မရောက်သေးခြင်းဖြစ်၏။ မိဝါက လိုက်ပို့ချင်နေသော်လည်း အန်တီဝေက မိန်းကလေးတွေချည်း မသွားပါနဲ့ဟု
တားထားသဖြင့် ကိုကျော်စွာကို စောင့်နေကြခြင်း ဖြစ်သည်။
"ကျွန်တော်လည်း
မရောက်သေးဘူး၊ အလုပ်အားတဲ့တစ်နေ့ သွားကြတာပေါ့၊ ကိုကျော်စွာနဲ့ ချိန်းပြီးသွားလို့ရတာပဲ၊
လမ်းသိပ်မကောင်းဘူးလို့ ပြောတယ်၊ မိန်းကလေးတွေချည်းပဲဆိုတော့ မကောင်းဘူးပေါ့"
ချိုသည်
အင်းမလှုပ်၊ အဲမလှုပ်နှင့် ကျောက်ရုပ်တစ်ရုပ်ပမာ ဆိတ်ဆိတ်သာ နေလေ၏။ အေးတိအေးစက်မျက်နှာဖြင့်
အထာကိုင်လှသော မိန်းမဟု ထင်စေတော့။ အိမ်ရှေ့ဆင်ဝင်အောက်၌ ကားထိုးရပ်လိုက်တော့မှ ချို
တစ်ခွန်းတည်းသောစကားကို ဆိုလေသည်။
"ကျေးဇူးတင်ပါတယ်"
စည်သူထင်သည်
ပကတိချောမွေ့လှပသော ကြွေသားရောင် ပါးပြင်ဖြင့် အမျိုးသမီး၏ အပြုံးရိပ်မထင်သော မျက်နှာနုနုကို
တွေခနဲ ငေးစိုက်ကြည့်ရင်း ကားပေါ်မှာ ကျန်ရစ်လေသည်။
*
* *
"သူ
နင့်ကို စိတ်ဝင်စားနေတာတော့ သေချာတယ် မိချို"
ဝါ၀ါခိုင်သည်
ဘော်ငွေပြောက်ကလေးများ စီခြယ်ထားသည့်အလား နှင်းပွင့်လေးများ ခိုတွယ်နေသော နားရွက်ဖုံး
သိုးမွေးဦးထုပ်လေးကို နားအောက်သို့ ဆွဲဆန့်ယူရင်း ပြောလိုက်လေ၏။ ချိုသည် အဖြူရောင်
ကန့်လန့်ကာတစ်ခုခု ကာချထားသလို ထူပိတ်လျက်ရှိသောနှင်းထုကြီးကို ငေးကြည့်ရင်း သိသိသာသာ
ဆောင့်ခုန်သွားသော နှလုံးသားကို ယောင်ယမ်း ဖိထားမိလေ၏။
"သူ
အရင်က တောင်ပေါ်မှာပဲ လုံးလုံးလျားလျားနေတာဟ၊ ငါတို့ အိမ်မှာနေတယ်ဆိုပေမယ့် ကိုကိုရှိတဲ့ရက်မျိုးမှ
တစ်ခါတလေ ပြန်လာတာ၊ ခု ကြည့်ပါလား၊ အကြောင်းကိစ္စ တစ်မျိုးမျိုးနဲ့ ဒီကို ခဏခဏရောက်နေတာလေ၊
ကိုကို့ကိုတော့ ငါ သေချာမှာထားပါတယ်၊ နင့်ကို မန္တလေးတက္ကသိုလ်က ပြောင်းလာတဲ့ မန္တလေးသူလို့ပဲ
သူသိတာပေါ့၊ ကိုကိုက နင်တို့နှစ်ယောက်ကို အလကားနေရင်း သဘောတူနေသေးတယ်၊ လုံးဝမစနဲ့လို့
ငါ ပိတ်ထားလို့သာ"
"နင်ကရော
မိဝါ"
"ငါလား၊
ငါက နင့်သူငယ်ချင်းပဲဟာ၊ နင်စိတ်ချမ်းသာတာပဲ မြင်ချင်တာပေါ့။ နင်ကြိုက်သလို ဆုံးဖြတ်တဲ့အပေါ်
ငါ နားလည်မှာပဲ။ ကံကြမ္မာဆိုတာကိုပဲ ငါ သိပ်အံ့သြနေမိတယ်၊ နင့်စိတ်ကို ငါ အသိဆုံးပဲ
မိချိုရယ်။ ဘာပဲဖြစ်ဖြစ် နင်သိထားတဲ့လူတစ်ယောက်အဖြစ်နဲ့မဟုတ်ဘဲ စဉ်းစားမယ်ဆိုရင်လည်း
ရပါတယ်။ ပတ်ဝန်းကျင်ဆိုတာက ပါးစပ်နဲ့တင် ပြောကြတာမျိုးပါ၊ တကယ်တမ်း ၀င်ခံစားပေးတာမှမဟုတ်ဘဲ"
"ပတ်ဝန်းကျင်ကို
ငါ ကြောက်နေတာ မဟုတ်ပါဘူး၊ ငါ့ရင်ထဲက ဒဏ်ရာတွေကိုက မကျက်သေးတာပါ။ ဘာကြာသေးလို့လဲ မိဝါရယ်၊
ငါ့ရဲ့အရှုံးကို ငါပြန်တွေးမိတိုင်း ငါ ခံစားခဲ့ရတာတွေကို တစ်စက်လေးမှ မသိခဲ့တဲ့လူတစ်ယောက်အပေါ်
ဘယ်လိုနည်းနဲ့ လက်စားချေရမလဲလို့ ငါ စဉ်းစားမိတယ်"
"နင်
သူ့ကို လက်စားပြန်ချေမယ်ပေါ့ ဟုတ်လား မိချို"
"ချေစရာမလိုတော့ပါဘူးဟာ၊
ငါ အနိုင်ယူတာမဟုတ်ဘဲ သူ့ဘာသာ ရှုံးနိမ့်သွားတဲ့အလှည့်ရောက်လာမှာပါ။ တကယ်တော့ အချစ်ဆိုတာမျိုးက
ချစ်ရတဲ့လူက ရှုံးရတာပဲ မဟုတ်လား" ၀ါဝါခိုင်သည် ချစ်သူငယ်ချင်း၏ မျက်တောင်ဖျားလေးပေါ်က
နှင်းမှုန်စက်လေးများကိုကြည့်ရင်း သက်ပြင်းချလေ၏။ လှည့်စားတတ်တဲ့ ကံကြမ္မာတရားသူကြီးရဲ့
အဆုံးအဖြတ်ကို ဘေးလူတစ်ယောက်အနေနဲ့ တထိတ်ထိတ်ရင်ခုန်ရင်း စောင့်ကြည့်နေဖို့သာ ရှိတယ်မဟုတ်လား။
"ညနေ
သူ ပြန်လာအိပ်လိမ့်မယ်၊ မနက်ဖြန် မြစ်ဆုံသွားမယ်လို့ ကိုကိုနဲ့ ချိန်းထားတာ" ချိုသည်
ဆန်းကြယ်သောကံတရားကို သရော်လိုလျက် ခနိုးခနဲ့ပြုံးလိုက်လေသည်။ လူနှစ်ယောက်ဟာ ဆုံချင်ပါလျက်
ကြံဖန်လွဲချော်တတ်ကြပြီး၊ မဆုံချင်ပြန်တော့လည်း အခါများစွာ တိုက်ဆိုင်ဆုံစည်း တတ်လှချည်လားဟု
ချိုချိုသာ စိတ်နာနာနှင့် တွေးနေမိလေသည်။
*
* *
ချိုသည်
မကြာသေးခင်ကမှ ဖတ်ခဲ့မိသော မြစ်ကြီးနားကောလိပ် မဂ္ဂဇင်းမှ ကဗျာတစ်ပိုင်းတစ်စကို ရွတ်ကြည့်မိရင်း
ဘာကိုလွမ်းမှန်းမသိ လွမ်းလို့လာလေ၏။
မြစ်ဆုံမှာချစ်ပုံရိပ်ရယ်နဲ့
စမ်းချိုချိုလွမ်းပိုနိမိတ်တွေနဲ့
ကမ်းညိုဆိပ်ရောက်လို့လာ
မေခနဲ့မလိခ
မြစ်နဒီထိုနှစ်သွယ်တို့
တောင်လယ်မှာ
မောင်မယ်တွေ့သည်သို့
ကြည်မွေ့စွာအတူဆုံကြ
ပူပုံတွေအကုန်မေ့ပါပေါ့
မမောဖွယ်တောင်စွယ်အကွေ့မှာ
မှောင်ပြာပြာတောင်သာယာရှေ့မှာ
ချစ်ငွေ့ဝေဖြာ။
တကယ့်တောတောင်တွေကြားထဲက
ဒီလောက်လှပသော သဘာဝစစ်စစ်ရှုခင်းမျိုးကို ချို့တစ်သက် မြင်ရလိမ့်မည်ဟု မထင်မှတ်ဖူးခဲ့။
ရေတံခွန်အတု၊ တောတောင်အတု၊ စမ်းချောင်းအတုတို့နှင့်သာ နီးစပ်ခဲ့သော ချိုသည် ဧရာဝတီမြစ်အစနေရာကို
ငါ တကယ်ရောက်နေတာပါလားဟု ကိုယ့်ဘာသာပြန်မေးမိအောင် မယုံကြည်နိုင်စွာ ဖြစ်ရလျက် ကြက်သီးမွေးညင်းထကာ
ကြည်နူးပီတိဖြစ်နေရလေသည်။
ချိုမှာ
မရောက်ဖူးသောနေရာဖြစ်၍ အထူးအဆန်းကြည့်ရှုမ၀နိုင် ဖြစ်နေချိန်၌ မိဝါမှာမူ ငါးကင်ကိုသာ
သဲသဲမဲမဲ စိတ်ဝင်စားနေလေ၏။ မြစ်ကြီးနားသူဖြစ်သော မိဝါသည် မြစ်ဆုံမှ ငါးကင်နှင့်အချဉ်ရည်ကို
အလွန်ကြိုက်သည်ဆို၏။ အိမ်မှာဘယ်လောက်ကောင်းအောင် လုပ်စားစေကာမူ မြစ်ဆုံငါးကင်ကိုမမီဟု
ဆိုချေသေး၏။ ရန်ကုန်သူမပီသစွာ ငါးမကြိုက်သော ချိုသည်ပင် အရသရှိလှသော မြစ်ဆုံငါးကင်ကို
ခံတွင်းတွေ့မှတော့ မိဝါစွဲလမ်းသည်ဆိုလည်း စွဲလမ်းလောက်ပေ၏။ ခုလည်းကြည့် ချိုနှင့်ပင်
မြစ်ခြေသို့ ဆင်းမလိုက်လာနိုင်သေးဘဲ စားသောက်ဆိုင်တန်း၌ ငါးကင်စားရင်း ကိုကျော်စွာနှင့်
ကျန်ရစ်ခဲ့၏။ အန်တီဝေနှင့် ချိုနှစ်ယောက်တည်း ကမ်းခြေသို့ ဆင်းလျှောက်ကြည့်ကြ၏။
"အန်တီဝေ့ကို
ချိုဓာတ်ပုံရိုက်မယ်နော်"
"မလုပ်နဲ့
ချိုရေ၊ ဒီမှာ ကျောက်ခဲလှလှလေးတွေ ကောက်နေတာ ပန်းအိုးထဲထည့်ဖို့။ ဟော့ဒီ ကျောက်စရစ်ခဲပြင်ကြီးကိုသာ
ပေါ်အောင်ရိုက်၊ အန်တီဝေ မပါစေနဲ့"
ချိုသည်
ရှုခင်းလှလှလေးများကို တစ်ကွက်ပြီးတစ်ကွက် ရိုက်ယူနေမိ၏။
"မိဝါတို့က
ဆင်းကိုမလာတော့ဘူး၊ ချို ဓာတ်ပုံရိုက်ချင်လို့ကို"
"ဟိုမှာ
စည်သူရှိသားပဲ၊ လှမ်းခေါ်လိုက်ပါလား"
"နေပါစေ၊
နောက်မှရိုက်တော့မယ်"
"ကျွန်တော်က
ရှုခင်းလှလှလေးကို ပိတ်ရပ်နေမိပြီ၊ မခင်မေချို ဓာတ်ပုံရိုက်နေတာမသိဘူး။
ကျွန်တော်တော့
ဓာတ်ပုံရိုက်ဖို့ကိုမေ့နေတာ၊ အတော်လွမ်းစရာကောင်းတဲ့နေရာပဲနော် မခင်မေချို"
ချိုသည်
အသည်းခိုက်လောက်အောင် အေးစိမ့်နေသော မြစ်ရေတို့ကိုတို့ထိကြည့်ရင်း ခပ်မဲ့မဲ့ပြုံးမိလေသည်။
သူလည်းပဲ လွမ်းတတ်သည်ကိုးဟု အမြင်ကတ်စွာ တွေးမိပြန်သေး၏။
"မခင်မေချိုရော
ဒီနေရာကိုရောက်တော့ တစ်ခုခုကိုမလွမ်းမိဘူးလား"
ချိုသည်
ချို့ဘေးမှ ပခုံးချင်းယှဉ်လျက် ပါလာသော စည်သူထင်ကို ဖျတ်ခနဲ ငဲ့ကြည့်မိရင်း -
"ကျွန်မမှာ
လွမ်းလောက်စရာ အတိတ်မရှိပါဘူး" ဟု ပြောလိုက်မိလေ၏။
"ဒါထက်
မခင်မေချို ဘယ်နှစ်ခုနှစ်က ကျောင်းပြီးတာလဲ၊ စပ်စုတယ်လို့တော့ မထင်ပါနဲ့ဗျာ"
"မှတ်တောင်မမှတ်မိတော့ဘူး၊
ကျွန်မအသက်က ငယ်တော့တာမှမဟုတ်တာ၊ ဘာဖြစ်လို့လဲ"
"သိချင်လို့ပါပဲ"
"သြော်…
ကျွန်မအကြောင်းကိုလား၊ ကျွန်မအကြောင်းက စိတ်ဝင်စားစရာမကောင်းပါဘူးရှင်။ အဘိုးအဘွားတွေရှိတဲ့
ရန်ကုန်မှာ ကျောင်းတက်ဖြစ်တယ်၊ မန္တလေးမှာအလုပ်ဝင်တယ်၊ ခု မြစ်ကြီးနားကောလိပ်ကို ပြောင်းလာတယ်၊
ဘာမှအဆန်းမရှိပါဘူး"
"မခင်မေချိုက
ရူပဗေဒနဲ့ ကျောင်းပြီးတာနော်"
"ဟုတ်တယ်လေ"
"ရူပဗေဒဆိုလို့
ကျွန်တော်တစ်ခု သတိရသွားလို့ပါ။ ရန်ကုန်တက္ကသိုလ်က ဒေါ်ချိုချိုသာဆိုတဲ့ ဆရာမတစ်ယောက်ကို
မခင်မေချိုများ သိမလားလို့"
"ဒေါ်ချိုချိုသာ"
ချိုသည် ထိုနာမည်ကို သံယောင်လိုက်၍ ရွတ်ကြည့်မိချိန်၌ သတိလက်လွတ်ဖြစ်မသွားစေဖို့ အတော်ကြိုးစားရလေ၏။
"ဘယ်ဌာနကလဲ"
ချိုသည် ကိုယ့်အသံကိုပင် သူစိမ်းမိန်းမတစ်ယောက်အသံဟု ထင်မိသွားလေ၏။
"ရူပဗေဒဌာနကပါပဲ"
"ဟုတ်လား၊
ကျွန်မကျောင်းသူဘ၀ကတော့ အဲဒီဆရာမနာမည် မကြားဖူးဘူး။ ချိုချိုသာနော်၊ နာမည်က အဆန်းသားပဲ၊
ဘာလဲသူက ရှင့်ရည်းစားလား"
"ဟာဗျာ၊
မဟုတ်ပါဘူး၊ အသိတစ်ယောက်ပါ၊ အသိဆိုတာတော့ သူနဲ့ကျွန်တော် တိုက်ရိုက်သိခဲ့ကြတာမျိုး
မဟုတ်ဘူး။ အဲဒီအမျိုးသမီးနဲ့ ကျွန်တော်ရဲ့အကြောင်း မခင်မေချိုကို ကျွန်တော် ပြောပြချင်လို့ပါ၊
အပန်းမကြီးဘူးဆိုရင် နားထောင်ပေးပါလား မခင်မေချို"
"ပြောလေ၊
တစ်ခါတလေ လူ့ဘ၀ကြီးထဲက ဖြစ်ရပ်တွေဟာ ၀တ္ထုဇာတ်လမ်းတွေထက်တောင် ပိုစိတ်ဝင်စားဖို့ကောင်းတတ်တာ၊ ကျွန်မ စိတ်ဝင်စားပါတယ်"
"ကျွန်တော်က
ရန်ကုန်သားပါပဲ၊ ကျောင်းပြီးတော့လည်း ရန်ကုန်ထဲမှာပဲ စ,လုပ်ဖြစ်ခဲ့တယ်၊ အလုပ်ကလွဲရင်
ကျွန်တော်ဘာကိုမှ စိတ်ဝင်စားခဲ့တာမဟုတ်ဘူးဗျ။ ပြီးခဲ့တဲ့နှစ်ကတော့ ကျွန်တော့်ကို မိန်းမပေးစားမယ်ဆိုပြီး
စီစဉ်တယ်၊ ရှင်းရှင်းပြောရရင် ကျွန်တော်က မိန်းမဆိုတာကို စိတ်ကိုမ၀င်စားမိသေးတာ၊ ကျွန်တော့်အမေကလည်း
ဇွတ်ကြီးကို စီစဉ်နေတာ။ အမှန်က အဲဒီအမျိုးသမီးကို ကျွန်တော် မြင်တောင်မမြင်ဖူးသေးဘူး၊
ကျွန်တော့်အစ်မတွေဆီမှာတော့ အဲဒီအမျိုးသမီးဓာတ်ပုံတွေရှိပါတယ်။ သူတို့ဇွတ်လာပြလို့
ကြည့်လိုက်ပေမယ့် သူတို့ယူယူပြနေတဲ့ မိန်းကလေးဓာတ်ပုံတွေက အများကြီးဆိုတော့ ကျွန်တော်လည်း
ဘယ်သူဘယ်ဝါရယ်လို့ မမှတ်မိဘူးဗျာ"
ချို
မသိမသာပြုံးလိုက်သည်ကိုပဲ စည်သူထင်က မြင်ဖြစ်အောင် မြင်လေ၏။
"ကျွန်တော့်ကိုယ်ကျွန်တော်
အမွှန်းတင်ပြောနေတာမဟုတ်ရပါဘူးဗျာ၊ အဖြစ်အပျက်ကို အမှန်အတိုင်းပြောပြတာပါ"
ချိုသည်
အသံထွက်အောင် ရယ်မိလျက် -
"ဟုတ်ပါတယ်၊
ကျွန်မကလည်း ဘာမှမပြောပါဘူး၊ ဆက်ပြောပါဦး၊ ကျွန်မစိတ်ဝင်စားပါတယ်" ဟု စကားထောက်ပေးလိုက်ရ၏။
"ဆိုလိုတာက
ဒေါ်ချိုချိုသာကို ကျွန်တော် လုံးဝမမြင်ဖူးခဲ့တာကို ပြောတာပါ၊ သူ့အမေကတော့ အိမ်ကို တစ်ခါတလေ
လာတတ်တော့ သိနေပါတယ်။ နောက်တော့ဗျာ လူကြီးချင်းသဘောတူပြီး သူတို့ဘာသာ ဖိတ်စာရိုက်တဲ့အဆင့်အထိ
ရောက်လာရော၊ အမေတို့သဘောကျတဲ့ မိန်းမကိုယူမယ်လို့ ပြောဖူးတာတစ်ခုနဲ့ ကျွန်တော့်ကို
အကျပ်ကိုင်လိုက်တာ။ ဒါပေမယ့် ကျွန်တော်ကိုယ်၌ကမှ စိတ်မ၀င်စားတာကိုး၊ ဒါကို ဇွတ်လုပ်လို့
ကျွန်တော် စိတ်ဆိုးတာ။ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်ဆုံပြီး စကားတစ်ခွန်းမှမပြောဖူးသေးဘဲ ကျွန်တော့်ကို ယူမယ်ဆိုတဲ့ မိန်းမကိုလည်း ကျွန်တော်ဒေါသထွက်မိတာပေါ့။
ကျွန်တော့်ကို မေမေ ဖိတ်စာလာပြတဲ့နေ့မှာပဲ အဲဒီလက်ထပ်ပွဲကို ဖျက်သိမ်းတဲ့အကြောင်း ကျွန်တော်
သတင်းစာထဲက ထည့်လိုက်တာပဲ။ အဲဒီကြော်ငြာပါပြီး နောက်ရက်ပဲ အိမ်က ကျွန်တော့်ကို စွန့်လွှတ်ကြောင်း
ကြော်ငြာထည့်တယ်လေ။ နောက်တော့ စိတ်ညစ်ညစ်နဲ့ ဒီကိုရောက်လာတာပဲ"
"ရှင်
တော်တော်ရက်စက်တဲ့လူပဲ" ချိုသည် ဘေးလူတစ်ယောက်၏ သုံးသပ်မှုမျိုးဖြင့် အလောတကြီး
စွဲချက်တင်မိလေသည်။
"ဟုတ်တယ်
မခင်မေချို၊ ကျွန်တော့်ဘက်ကတော့ ကျွန်တော်လုံးဝ စိတ်မပါဘဲ ဘာမသိညာမသိမိန်းမယူလိုက်ရမှာကြီးကို
စိတ်တိုလို့ သွေးရူးသွေးတန်း ထလုပ်လိုက်တာပါ။ တကယ်ဆို တစ်ဖက်လူနဲ့ သွားဆွေးနွေးရင်
ဖြစ်တဲ့ကိစ္စပဲ၊ သူ့ဘက်က စ,ဖျက်တယ်ဆိုရင်လည်း ဖြစ်နိုင်တာပဲလေ။
ကျွန်တော် ထည့်မတွက်မိဘူးဗျာ၊
မိန်းမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတဲ့ အပိုင်းကို"
"နောက်တော့
အဲဒီအမျိုးသမီးအကြောင်း ဘာကြားသေးလဲ"
"သူ
အလုပ်ထွက်ပစ်လိုက်တယ်လို့ ကြားတယ်၊ အဲဒီအတွက် ကျွန်တော် တကယ်စိတ်မကောင်းဖြစ်ရတယ်။
ကျွန်တော်က
တစ်ဖက်သားနစ်နာပါစေ၊ အရှက်ရပါစေဆိုတဲ့ ဆန္ဒနဲ့ လုပ်လိုက်တာမှ မဟုတ်ဘဲ"
"ရှင့်ဇာတ်လမ်းက
အဆန်းပဲနော်၊ တော်ကြာမှ ဥမ္မာဒန္တီကို မမြင်ဖူးဘဲ ပုဏ္ဏားတွေ ကုန်းချောစကားကြောင့် ငြင်းမိတဲ့
သိဝိရာဇ်မင်းကြီးရဲ့အဖြစ်မျိုးနဲ့ ရှင် ကြုံနေရဦးမယ်"
ချိုသည်
လွှတ်ခနဲပြောလိုက်မိသော ကိုယ့်ဥပမာကို ကိုယ်သဘောကျသွားမိလျက် ပြုံးလိုက်လေ၏။
"ကျွန်တော်နဲ့မဆုံဖြစ်လိုက်တဲ့
ဒေါ်ချိုချိုသာဟာ ဥမ္မာဒန္တီလို မြင်သူတကာရူးသွပ်လောက်အောင် လှတယ်ဆိုရင်တောင် သူ့ကို ငြင်းပယ်မိခဲ့တဲ့
ကျွန်တော် နောင်တရမှာမဟုတ်ပါဘူး။ ဘာ့ကြောင့်ဆိုတော့ ကျွန်တော့်ရဲ့ဥမ္မာဒန္တီကို ကျွန်တော်
တွေ့ခဲ့ပြီမို့ပါ"
"ရှင်"
"ဟုတ်တယ်
မခင်မေချို၊ သိဝိရာဇ်မင်းကြီးရဲ့ အဖြစ်မျိုးနဲ့ မဟုတ်ပေမယ့် ဥမ္မာဒန္တီကို သိဝိရာဇ်မင်းကြီး
တွေ့တွေ့ချင်း စွဲလမ်းသွားသလိုပဲ မခင်မေချိုကို တွေ့စကတည်းက စွဲလမ်းမြတ်နိုးခဲ့မိတာ
သိပ်မြန်ဆန်လွန်းတယ်လို့ ဆိုနိုင်ပေမယ့် သိပ်ကိုခိုင်မာသေချာပါတယ်လို့လည်း ပြောရဲပါတယ်
မခင်မေချို၊ ကျွန်တော် မခင်မေချိုကို ချစ်နေမိပြီ"
ချိုသည်
ပါးစပ်အဟောင်းသားဖြင့် ကြောင်စီစီရပ်ငေးနေမိတော့၏။
"မခင်မေချို"
ချိုသည်
လေထဲ၌ လွင့်မျောနေသလို ဖြစ်နေရာမှ ခင်မေချိုဆိုသည့် ဂုဏ်သိက္ခာရှိ အမျိုးသမီးတစ်ယောက်၏
တည်ငြိမ်အေးစက်သော ဟန်မျိုးဖြစ်အာင် ပြန်လည်ပြုပြင်ယူရလေ၏။
"ဒီအကြောင်းတွေ
ကျွန်တော်ပြောပြနေတာက ကျွန်တော့်ရဲ့ အတိတ်ကို မခင်မေချို အမှန်အတိုင်းသိထားရအောင်လို့ပါ။
ပြီးတော့ ကျွန်တော်ဟာ အမွေပြတ်စွန့်လွှတ်ခံထားရတဲ့ ဆွေမရှိ၊ မျိုးမရှိ လူတစ်ယောက်ဖြစ်တယ်ဆိုတာလည်း
ဝန်ခံချင်လို့ပါ။ ဒါပေမယ့် ကျွန်တော့်မှာ ခြေနှစ်ဖက်၊ လက်နှစ်ဖက် ရှိနေသရွေ့ ကျွန်တော်တတ်ထားတဲ့ပညာနဲ့
အလုပ်လုပ်လို့ ရပါသေးတယ်။ ကျွန်တော့်ဘက်က သစ္စာရှိရှိနဲ့ မခင်မေချိုကို တစ်သက်လုံး တန်ဖိုးထားမြတ်နိုးနေမှာပါ။
မခင်မေချိုကြိုက်တဲ့အနေအထား ရောက်အောင် ကျွန်တော် ကြိုးစားပါမယ်၊ ဘယ်လိုလဲ မခင်မေချို"
"ဒီမယ်ရှင့်၊
ရှင်နဲ့ကျွန်မ တွေ့တာ နှစ်လမပြည့်သေးဘူးဆိုတာရော ရှင် စဉ်းစားမိရဲ့လား"
"ကျွန်တော့်အတွက်တော့
အချိန်မလိုခဲ့ဘူး မခင်မေချို။ ဆယ်နှစ်ဆယ်မိုး ချစ်ခဲ့ပြီးမှ လက်ထပ်တာတောင် အဆင်မပြေလို့
ကွဲကွာသွားကြရတဲ့ အိမ်ထောင်မျိုးတွေ ရှိနေသေးတာပဲ"
"ဆိုလိုတာက
ရှင့်ကို ခုချက်ချင်းပဲ လက်ထပ်ရတော့မယ်ပေါ့"
ချို
တမင်ရွဲ့ပြောလိုက်တော့ စည်သူထင် ရယ်မောလေသည်။
"အဲဒါ
အကောင်းဆုံးပေါ့ဗျာ"
"ဘာရှင့်"
"စိတ်တိုတတ်လှချည်လားဗျာ၊
ကျွန်တော်က စ,တာပါ။ ဟုတ်ပါတယ်၊ မိန်းကလေးတစ်ယောက်အနေနဲ့ ဒါမျိုးကိစ္စကို အချိန်ယူပြီး
စဉ်းစားရဦးမှာပေါ့၊ သိပ်တော့မကြာစေပါနဲ့ဗျာ၊ ခင်ဗျားကို ကျွန်တော် စိတ်မချနိုင်ဘူး၊
ခင်ဗျားက သိပ်လှနေတာမဟုတ်လား"
"သိပ်လည်း
မြှောက်မနေပါနဲ့၊ ကျွန်မ ကျောင်းသူဘ၀ကတောင် စွံခဲ့တာမဟုတ်ဘူး"
"ဒီလိုပဲ
ဖြစ်ရမှာပေါ့၊ ကျွန်တော်နဲ့မှ မတွေ့ရသေးတာ။ ကဲ ပြော ခင်ဗျား ဘယ်နှစ်ရက်စဉ်းစားပြီးရင်
ဖြေမလဲ"
ချိုသည်
အတိတ်ကိုမေ့လျော့လျက် ခုမှ ရည်းစားစကား အပြောခံရဖူးသည့် အပျိုဖြန်းမလေးတစ်ဦးပမာ ရင်ခုန်
မြူးထူးနေမိလေသည်။
"ကောင်းပြီလေ၊
နောက်နှစ်လပြည့်တဲ့နေ့မှာ ရှင့်ကို ကျွန်မ အဖြေပေးမယ်"
"ကျေးဇူးတင်ပါတယ်
မခင်မေချို"
*
* *
"ကျေးဇူးအများကြီးတင်ပါတယ်
တီချယ်"
"ကဲ
တီချယ် သွားတော့မယ်၊ မိုးတောင်ချုပ်နေပြီ၊ နေကောင်းအောင် နေကြနော်၊ စာမေးပွဲက နီးနေပြီ၊
စာလည်း ကျက်ကြဦး"
ချိုသည်
တပည့်မလေးတစ်ဦး နေမကောင်းသဖြင့် ဆွမ်ပရာဘွမ် အမျိုးသမီးဆောင်သို့ သတင်းလာမေးခြင်း
ဖြစ်လေ၏။ ချိုမှာ မြစ်ကြီးနားကောလိပ်သို့ ရောက်လာသည်မှာ လပိုင်းမျှရှိသေးသော်လည်း ကျောင်းသူ
ကျောင်းသား တော်တော်များများ၏ နွေးထွေးလှိုက်လှဲသော အားကိုးချစ်ခင်မှု၊ အထင်ကြီးလေးစားမှုတို့ကို
အပြည့်အ၀ခံရသူ ဖြစ်လေသည်။ ချိုကိုယ်တိုင်လည်း တပည့်လေးများအပေါ် မောင်၊ ညီမရင်းပမာ စေတနာထား
သံယောဇဉ်ကြီးတတ်သူ မဟုတ်ပါလား။
ကျောင်းသူလေးများ
အဆောင်သို့ရောက်သောအခါ တီချယ် - တီချယ်နှင့် ဟိုက ဒီက လှမ်းခေါ်နှုတ်ဆက်နေကြသဖြင့် အချိန်ကြာရလေ၏။
ချိုမှာ လာကြိုနေမည့် ၀ါဝါခိုင် စောင့်နေရမည်စိုး၍ ဇွတ်အတင်း စကားဖြတ်ပြန်ခဲ့ရ၏။ ဆွမ်ပရာဘွမ်
အမျိုးသမီးဆောင်မှာ ကျောင်း၏ ညာဘက်အစွန်တွင် ရှိသဖြင့် မိဝါကားထားရာ ချိုတို့ဌာနရှေ့သို့
ပြန်လျှောက်လာခဲ့ရ၏။ ကားဆီသို့ ခပ်သွက်သွက်လျှောက်လာသော ချိုသည် ရူပဗေဒဌာနဘေးဘက်ရှိ
ငုဝါပင်ကြီးအောက် ခုံတန်းလျားပေါ်တွင် စည်သူထင်ကို မြင်လိုက်ရ၍ အလွန်အံ့သြသွားရ၏။ ချို
ကျောင်းဆင်းသည့်အချိန်၌ ၀ါဝါခိုင့်ကားနှင့် စည်သူထင်ကို တွဲလျက် တွေ့နေရခြင်းသည် ချို့ကိုလာကြိုခြင်းသာ
ဖြစ်ပေမည်။
ချိုသည်
ကျောင်းသူတစ်စုနှင့် စကားပြောနေသော စည်သူထင်ကို တစ်ချက်မှ လှည့်မကြည့်ဘဲ ကားဆီသို့သာ
လျှောက်သွားလေ၏။ သူ ဘယ်အချိန်ကတည်းက ရောက်နေတာပါလိမ့်။ သူတို့ ဘာတွေပြောနေကြပါလိမ့်ဟု
ချို တွေးမိတော့၏။ ကားပေါ်မှာ ထိုင်စောင့်လျှင် ရပါလျက် ငုဝါပင်အောက် ခုံတန်းလျားမှာ
ကဗျာဆန်စွာလာစောင့်နေသော စည်သူထင်ကိုလည်း မကျေမနပ်ဖြစ်မိသေး၏။ ပြောတော့ဖြင့် မိန်းကလေးတွေနှင့်
ရင်းရင်းနှီးနှီး မနေတတ်ပါတဲ့။ ခုတော့ ကောင်မလေးတွေနှင့် အဖွဲ့ကျနေချေပြီ။ ချိုသည်
ကားထဲ၌ ၀င်ထိုင်စောင့်ရင်း ချို့နာမည်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြဿနာရှိလာလေမလားဟု
စိုးရွံ့နေရ၏။ စည်သူထင့်မျက်နှာပေါ်က ချို ရင်ခုန်ဖူးခဲ့သော အပြုံးကိုမြင်မှ သူ မသိပါဘူးလေဟု
တွေးကာ သက်ပြင်းချမိလေ၏။ ချိုဟာ ချိုချိုသာ ဖြစ်တယ်ဆိုတာကို ချို့ပါးစပ်က ဖွင့်ပြောမှ
သူသိရမည့်အဖြစ်ကိုသာ ချို လိုလား၏။ အဲဒီအချိန်၌ စည်သူထင်၏မျက်နှာကို ချို အရသာခံကြည့်လိုက်မည်။
သူ ပျော်သွားရမှာမဟုတ်ဘူးဆိုတာကို ချို သေချာပေါက်သိ၏။ အဖြစ်အပျက်တစ်ခုကို တစိမ့်စိမ့်
ပြန်တွေးကြည့်ကာ တသသ နောင်တရ ကြေကွဲစေရမည်။ ဒါသည် ချိုက စည်သူထင်ကိုပေးသော ပြစ်ဒဏ်မဟုတ်။
ကံကြမ္မာကပေးသော ပြစ်ဒဏ်သာ ဖြစ်သည်မဟုတ်လား။
"မ၀ါ
နေမကောင်းလို့၊ မခင်မေချိုကို ကျွန်တော်လာကြိုတာ"
"မသိပါဘူး၊
ကျောင်းထဲမှာ ဗွီဒီယို လာရိုက်ကြတာများလားလို့"
ချိုသည်
ဘယ်လိုက ဘယ်လိုဖြစ်လာမှန်းမသိသော မနာလိုဝန်တိုစိတ်ဖြင့် လွှတ်ခနဲပြောမိခြင်းဖြစ်၏။ ချိုက
မျက်နှာပြောင်ပြောင် ချွေးတရွှဲရွဲဖြစ်နေချိန်၌ သူက ရေချိုးပြီးစ လတ်ဆတ်စွာ မွှေးပျံ့နေချိန်ဖြစ်၍
မနာလိုဖြစ်မိသည်လား မပြောတတ်ချေ။
"ဘယ်ဝင်ဦးမလဲ
မခင်မေချို"
"ဘယ်မှမ၀င်ပါဘူး၊
အိမ်ပြန်မှာပေါ့" ချို ဆတ်တောက်တောက်ပြန်ဖြေမိတော့ စည်သူထင် ပြုံးရယ်လေသည်။
"မခင်မေချို
သ၀န်တိုတတ်သလား"
"ရှင်
ဘာတွေလာမေးနေတာလဲ"
"ကျွန်တော်ကတော့
မိန်းကလေးတွေ သ၀န်တိုတတ်တာကို ကြိုက်တယ်ဗျ"
စည်သူထင့်စကားကြောင့်
ချို ကိုယ့်ကိုယ်ကိုသာ ကျိန်ဆဲမိလေ၏။ စည်သူထင်ကို တုံ့ပြန်စကားလည်း မဆိုဖြစ်တော့။ အိမ်သို့ရောက်သောအခါ
စည်သူထင်က "မ၀ါဝါခိုင် နေမကောင်းသေးရင် ကျောင်းပို့ကျောင်းကြိုတာဝန် ကျွန်တော်ယူပါတယ်"
ဟုပြောမှ "သိပ်လည်း ပင်ပန်းနေပါဦးမယ်" ဟု ပြန်ပြောဖြစ်ခဲ့၏။
စည်သူထင်ကပင်
တမင်ဆုတောင်းလေသလားမသိ၊ ၀ါဝါခိုင်မှာ သုံးလေးရက်ကြာ အိပ်ရာထဲလဲနေ၍ ချို့အား ကျောင်းပို့ကျောင်းကြိုတာဝန်ကို
စည်သူထင်ရခဲ့၏။ ကိုယ့်အစီအစဉ်နှင့်ကိုယ် သွားမည်ဟု ဆိုသော်လည်း ၀ါဝါခိုင် ကိုယ်တိုင်က
စည်သူထင်ကို ခိုင်းထားခြင်းဖြစ်သဖြင့် ချို မပြောသာတော့ချေ။ ချို ကျောင်းဆင်းချိန်ရောက်ပြီဆိုတာနှင့်
စည်သူထင်သည် ရူပဗေဒဌာနဘေးရှိ ငုဝါပင်ကြီးအောက်၌ ရောက်နေပြီးသားဖြစ်နေသည်။ ချိုတို့
ဌာနမှထွက်ကာ ကော်ရစ်တာတစ်လျှောက် လမ်းလျှောက်လာလျှင် ငုဝါပင်ကြီးအောက် ခုံတန်းလျား၌
ထိုင်စောင့်နေသော စည်သူထင်နှင့် မျက်နှာချင်းဆိုင် တည့်တည့်ကြီးဖြစ်လေရာ ချိုမှာ ခြေလှမ်းမမှားရလေအောင်
အတော် သတိထားနေရလေ၏။
ဒါကိုပင်
စည်သူထင်က "ခင်ဗျားလမ်းလျှောက်တာ သိပ်ကြည့်လို့ကောင်းတာပဲ"ဟု ဆိုပြန်သဖြင့်
ချိုတစ်ယောက် ရှက်လန့်ရင်ခုန်ရပြန်၏။ လေးရက်မြောက်နေ့တွင်တော့ ချို့ကိုလာကြိုလျှင်
ကားထဲ၌သာ စောင့်ပါရန် ခပ်ပြတ်ပြတ် အမိန့်ပေးလိုက်၏။ သို့သော် ၀ါဝါခိုင်နေကောင်းပြီဖြစ်သဖြင့်
ကားထဲ၌သော်လည်းကောင်း၊ ငုဝါပင်အောက်ရှိ ခုံတန်းရှည်လေး၌သော်လည်းကောင်း စည်သူထင် စောင့်ကြိုနေခွင့်မရတော့ပေ။
*
* *
ချိုသည်
ငုဝါပင်ကြီးအောက်မှ လွတ်ဟာနေသော ခုံတန်းလေးဆီသို့ ယောင်ယမ်းကြည့်မိစဉ် တစ်ခုခုကို လက်လွှတ်ဆုံးရှုံးလိုက်ရသလို
ဝမ်းနည်းသွားရလေသည်။ ချိုသည် နေကောင်းခါစဖြစ်သော ၀ါဝါခိုင်၏ စကားတွေကိုပင် စိတ်ပါဝင်စားစွာ
နားမထောင်နိုင်တော့။ "နှစ်လပြည့်ဖို့ ငါးရက်ပဲလိုတော့တယ်နော်" ဟူသော စည်သူထင်၏
စကားကိုသာ ကြားယောင်နေမိလေသည်။ အိမ်ရောက်တော့ မရေးဖြစ်သည်မှာ ကြာပြီဖြစ်သည့် ဒိုင်ယာရီစာအုပ်ကို
ကိုင်မိလျက်သားဖြစ်နေ၏။
ချို၏
မှတ်တမ်းစာအုပ်လေးထဲ၌ ရှိနေဆဲဖြစ်သော ဓာတ်ပုံလေးကိုကြည့်နေမိပြန်၏။ ချိုသည် ဘာကြောင့်
ထိုဓာတ်ပုံကို သိမ်းဆည်းထားဖြစ်သည်မသိချေ။ အရင်တုန်းက ချိုသည် ထိုဓာတ်ပုံလေးကို ထောက်မှန်လှလှလေး၌ထည့်ကာ
ချို့အိပ်ရာဘေးရှိ စားပွဲပေါ်တွင် အမြတ်တနိုးနေရာပေးခဲ့၏။ ပြီးတော့ ချိုသည် ထိုဓာတ်ပုံမှန်ချပ်ကို
ဒေါသတကြီး မုန်းတီးရန်လိုစွာ ပေါက်ခွဲဖျက်ဆီးပစ်ခဲ့၏။ နောက်တော့ ချိုသည် နာကျင်ကြေကွဲစွာ
ရှိုက်ငိုမိလျက် မှန်စကွဲများကြားက ထိုဓာတ်ပုံလေးကို ကောက်ယူသိမ်းထားမိခဲ့ပြန်၏။
ချိုသည်
ကိုယ့်ကိုယ်ကို ဘယ်လိုမှ ဝေဖန်ဆန်းစစ်နိုင်ခြင်းမရှိတော့ဘဲ စိတ်ရှုပ်ထွေးစွာနှင့်ပင်
ဓာတ်ပုံလေးကို စာအုပ်ကြားထဲ ပြန်ညှပ်မိလေ၏။ ထိုစဉ် ဒိုင်ယာရီစာအုပ်၏ ရှေ့ဆုံးစာမျက်နှာ၌
ချို အကျအန ကပ်ထားသော သတင်းစာကြော်ငြာဖြတ်ပိုင်းလေးတစ်ခုဆီသို့ ချို့မျက်လုံးများ ရောက်သွားလေသည်။
ချိုသည် ချို့အရှုံးကို ထပ်တလဲလဲ သတိရနေစေရန် ထိုကြော်ငြာဖြတ်ပိုင်းကို ချို့နှလုံးသားဒိုင်ယာရီ၏
ရှေ့ဆုံးစာမျက်နှာ၌ နေရာပေးခဲ့ခြင်းဖြစ်၏။
"မင်္ဂလာဧည့်ခံပွဲ
ဖျက်သိမ်းခြင်း" ချို့မျက်လုံးများ ရုတ်ချည်းပြာဝေသွားရပြန်လေသည်။ နှုတ်ခမ်းလေးတွေပင်
တဆတ်ဆတ်တုန်လာပြန်သေး၏။ ပြီးတော့ ချို အသံတိတ် ငိုရှိုက်နေမိလေ၏။ ကဲ ဖြေစမ်း ချိုချိုသာ။
ချိုချိုသာဆိုတဲ့ မိန်းမ စည်သူထင်ကို ပေးရမယ့်အဖြေဆိုတာကို။ ချို့ဘ၀ထဲသို့ စည်သူထင်
ဒုတိယအကြိမ်မြောက် ၀င်ရောက်လာခြင်းသည် စည်သူထင်၏ ကံဆိုးမှုဖြစ်ခဲ့လျှင် ချိုချိုသာ၏
ကံကောင်းမှုဟုရော ဆိုနိုင်ပါသလား။
* * *
ဆောင်းရာသီကုန်ပြီဖြစ်သဖြင့်
မြစ်ကြီးနားမြေမှ နှင်းစက်နှင်းမှုန်တို့ လွင့်ပါးပြေးထွက်ကုန်လေပြီ။ ချို၏ စိတ်ဝိဥာဉ်တို့ကို
ညွတ်နူးသွားအောင် ဖမ်းစားညှို့ယူနိုင်စွမ်းသော ချိုတို့ဌာနဘေးရှိ ငုပန်းပင်ကြီးသည်လည်း
ပင်လုံးကျွတ် လှိုင်လှိုင်ကြီးပွင့်ချေပြီ။ နွေဦးပေါက်ကာလဖြစ်လျက် တစ်နေ့လုံး နေပွင့်မလာဘဲ
မိုးအုံ့ကာ အေးစိမ့်နေသော ရာသီဥတုကဖြင့် အလိုလိုနေရင်း ၀မ်းနည်းနေသော ချို့ကို ကယောင်ချောက်ချားဖြစ်အောင်
ပြုစားနေဟန်တူတော့သည်။ ချိုသည် လေးနာရီထိုးမှာကို ကြောက်ရွံ့နေမိသူဖြစ်လေ၏။
လေးနာရီဆိုလျှင်
စည်သူထင်ရောက်လာပေမည်။ ခုလောက်ဆိုလျှင်ပင် သူ ရောက်နှင့်နေလောက်ပြီ။ ဒီနေ့မှာတော့ စည်သူထင်ကို
တိကျသည့် အဖြေတစ်ခုချိုက ပေးရပေမည်။ ချိုသည် စိတ်လှုပ်ရှားလွန်းသဖြင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်ကာ
စားပွဲပေါ်မှ သတင်းစာတစ်စောင်ကို ကောက်ယူဖတ်မိပြန်၏။
သတင်းစာကို တောင်လှန်မြောက်လှန်ကြည့်ရင်း
နောက်ဆုံးတော့ စာမျက်နှာ ၁၄ မှ ကြော်ငြာတစ်ပုဒ်ကို သတိထားဖတ်မိ၏။
အမြန်ပြန်လာပါဆိုသော
ကြော်ငြာတိုလေးသာ ဖြစ်၏။ "စည်သူထင် ရောက်ရာအရပ်မှ အမြန်ပြန်လာပါ။ အမေ အသည်းအသန်ဖြစ်၊
အပြစ်အားလုံး ခွင့်လွှတ်သည်။ မိသားစု" ဆိုသော ကြော်ငြာကိုဖတ်ပြီး ချို မဲ့ပြုံးပြုံးမိလေ၏။
စည်သူထင်၏အပြစ်များကို စည်သူထင့်မိသားစုက ခွင့်လွှတ်ချေပြီတဲ့။
"မချို
မပြန်သေးဘူးလား၊ မချိုအိမ်ကကား ရောက်နေပြီ"
"သြော်
ဟုတ်ကဲ့၊ ခုပဲပြန်တော့မလို့ ဆရာ့သတင်းစာထင်ပါရဲ့"
ချိုသည်
သတင်းစာပြန်လာယူပုံရသည့် ဆရာ့လက်ထဲသို့ သတင်းစာကမ်းပေးကာ ခြင်းတောင်းလေးကိုဆွဲလျက်
ဌာနမှ ထွက်လာခဲ့၏။ ချိုသည် ပထမဆုံးအကြိမ်အဖြစ် စည်သူထင်ဖွင့်ပေးသော ကားရှေ့ခန်းတံခါးမှ
ဝင်ထိုင်ဖြစ်လိုက်၏။ ကားကူရှင်ပေါ်သို့ မှီလှဲထိုင်စဉ် စည်သူထင်က ရိုးတံရှည်လေးဖြင့်
အနီရဲရဲနှင်းဆီဖူးလေး ကမ်းပေးတာကြောင့် ချို ပခုံးလေးတွန်း၍ ပြုံးမိကာ ယူလိုက်မိ၏။
ယောက်ျားလေးတွေ၏ အဲဒီလို ကလေးကလားဆန်သော ပိုးပန်းမှုမျိုးကို မခံရတာ နှစ်အနည်းငယ်တော့
ကြာခဲ့ပြီ။
"ကျွန်တော့်တစ်သက်မှာ
မိန်းမတစ်ယောက်ကို တစ်ခါမှ ပန်းမပေးခဲ့ဖူးဘူး"
စည်သူထင်က
ချို့ကို တောက်ပပြုံးလက်နေသော မျက်ဝန်းများဖြင့်စိုက်ကြည့်ရင်း ပြောလိုက်သောအခါ ချို
ရင်ခုန်သွားမိလျက် "အဲဒီအတွက် ကျွန်မကိုယ်ကျွန်မ ဂုဏ်ယူရမယ်ပေါ့လေ" ဟု ခနိုးခနဲ့
ပြောမိလေသည်။ စည်သူထင်ကား အပြုံးမပျက် ရွှင်ပြနေလေ၏။
"ရှင်
ဒီနေ့ သိပ်ပျော်နေပုံရတယ်"
"ဒီနေ့ဟာ
ကျွန်တော့်အတွက် မင်္ဂလာရှိသောနေ့လေဗျာ"
"ဘာလဲ
ရှင့်အိမ်က အမွေမပြတ်တဲ့အကြောင်း သတင်းသိလိုက်ရလို့လား"
"မခင်မေချို
သတင်းစာဖတ်ဖြစ်တယ်ထင်တယ်၊ ဒါလည်း ပါတာပေါ့။ ဟုတ်တယ် မခင်မေချိုရ၊ တကယ်တော့ မေမေက ကျွန်တော့်ကို
သိပ်ချစ်တာ၊ ကျွန်တော်လုပ်ပုံက မေမေတို့ မျက်နှာပျက်စရာဖြစ်ခဲ့လို့သာ စိတ်ဆိုးတုန်းလုပ်ခဲ့တာပါ"
"ဒါပေါ့၊
ဒါကြောင့်လည်း တစ်ဖက်မိန်းကလေးရှင်ရဲ့ မိဘများ ကျေနပ်အောင် မစွန့်လွှတ်နိုင်တဲ့သားလေးကို
စွန့်လွှတ်ကြောင်း ကြော်ငြာထည့်ပေးခဲ့ရတာမဟုတ်လား"
"အဲသလိုတော့
မဟုတ်ပါဘူး။ အဲဒီအချိန်က မေမေအပါအ၀င် ကျွန်တော်တို့တစ်မိသားစုလုံးက ကျွန်တော့်ကို တော်တော်ကြီးကို
စိတ်ဆိုးခဲ့ကြတာပါ။ ကျွန်တော်ကတော့ မေမေတို့ စိတ်ဆိုးတာကို ကျေးဇူးတင်တယ်။ ဒါကြောင့်သာ
ချိုနဲ့ တွေ့ရတာမဟုတ်လား၊ နင့်မို့ဆို ကျွန်တော်မြစ်ကြီးနားကို ဘယ်ရောက်လာမလဲ၊ သြော်…
ကျွန်တော်တို့ ဘယ်ကိုသွားကြမလဲ"
"ကမ်းနားကိုပဲ
မောင်းပါ စည်သူထင်၊ ကျွန်မ ဧရာဝတီမြစ်ကြီးကို ကြည့်ချင်လို့"
ချိုသည်
စည်သူထင့်နာမည်ကိုတပ်၍ ဘယ်တုန်းကမှ မခေါ်ဖူးသည့်အတွက် စည်သူထင် အံ့သြတကြီး ဖြစ်သွားလေ၏။
"ကျွန်တော်
ခင်ဗျားထက် အသက်ကြီးတယ်နော်"
"ကျွန်မ
သိသလောက်တော့ ရှင် ကျွန်မထက် အနည်းဆုံးနှစ်နှစ်လောက် ငယ်လိမ့်မယ်"
"မခင်မေချို
ဘယ်လိုလုပ် ပြောနိုင်သလဲ"
"ကျွန်မ
ရှင့်ရဲ့ နိုင်ငံသားကတ် ကောက်ရဖူးလို့ ဆိုပါတော့"
"ဒါဆို
ခင်ဗျားကို မမလို့ ခေါ်ရမှာပေါ့"
စည်သူထင်က
ကားမောင်းရင်းပင် ချို၏မျက်လုံးများကို တည့်တည့်ဆုံကြည့်လျက် ပြောလိုက်တာမို့ ချိုတစ်ယောက်
မနေတတ်မထိုင်တတ် ဖြစ်သွားရလေ၏။ ချိုသည် ဘာမှမပြောမိတော့ဘဲ ကားရပ်ရပ်ချင်း အလျင်စလို
တံခါးဖွင် ဆင်းမိလေသည်။ ချိုတို့နှစ်ယောက်သား ကမ်းနားသို့ဆင်းကာ လမ်းလျှောက်မိကြလေ၏။
"ဧရာဝတီမြစ်ဟာ
မြစ်ကြီးနားမြို့ကို ၀ိုင်းပတ်ပြီး စီးသွားတာနော် ချို။ မြစ်ကြီးနားမြို့ကို နေ့ညမပျက်
မခွဲမခွာ စောင့်ကြပ်နေတဲ့ ဧရာဝတီလိုပဲ ကျွန်တော်လည်း မခင်မေချိုအနားမှာ တစ်သက်လုံး
စောင့်ကြပ်နေပါရစေနော်"
"စည်သူထင်က
ရည်းစားစကား အပြောကောင်းသားပဲ၊ ဒါပေမယ့် ရှင် တစ်နှစ်လောက် နောက်ကျသွားခဲ့တယ်"
ချိုသည် မြစ်ပြင်ပေါ်မှ စက်လှေတစ်စီးကို လှမ်းကြည့်ရင်း ပြောလိုက်ခြင်းဖြစ်၏။
"ဗျာ၊
မခင်မေချို ဘာကိုပြောတာလဲ"
"ဟုတ်တယ်
စည်သူထင်၊ ဟိုးလွန်ခဲ့တဲ့ တစ်နှစ်လောက်ကသာ ချိုချိုသာ ဆိုတဲ့ မိန်းမတစ်ယောက်ကို ရှင်
ဒီစကားမျိုးပြောခဲ့ရင် ရှင် ကံကောင်းရဦးမှာ"
"ဘာဆိုင်လို့လဲ
မခင်မေချို၊ ကျွန်တော်ချစ်တာ ချိုချိုသာမှ မဟုတ်တာ၊ မခင်မေချိုပဲ"
"မဟုတ်ဘူးလေ၊
ရှင် မမြင်ဖူးလို့ မချစ်ခဲ့တာရော မဖြစ်နိုင်ဘူးလား၊ သူ့ကို မျက်နှာချင်းဆိုင်ဆုံပြီးမှ
ရှင် ငြင်းခဲ့သင့်တာပေါ့"
"မလိုပါဘူးဗျာ၊
သူ့ကို ကျွန်တော်တွေ့ဖူးခဲ့လည်း မချစ်နိုင်ပါဘူး၊ ကျွန်တော့်နှလုံးသားက မခင်မေချိုတစ်ယောက်ကိုသာ
ချစ်ဖို့ ခွင့်ပြုထားခဲ့တာပါ"
"ဘယ်ပြောနိုင်မလဲ၊
သူနဲ့အရင်တွေ့ခဲ့ရင် ရှင် ကျွန်မကို လောကမှာရှိတယ်ဆိုတာတောင်မှ မသိအောင် ဖြစ်ချင်ဖြစ်နိုင်သေးတာပဲ၊
ဘာပဲဖြစ်ဖြစ် ရှင် သူ့ကို ဆုံတွေ့ခဲ့ဖို့ကောင်းတယ်"
"မတွေ့ခဲ့လို့ပဲဖြစ်ဖြစ်၊
တွေ့ခဲ့လို့ပဲဖြစ်ဖြစ် ခုချိန်မှာ ကျွန်တော်တို့နှစ်ယောက်ရဲ့ဘ၀ထဲမှာ ချိုချိုသာဆိုတဲ့
အမျိုးသမီးတစ်ယောက် ပါလာစရာအကြောင်း မရှိတော့ပါဘူးဗျာ"
"ဟုတ်တယ်
စည်သူထင်။ စည်သူထင်နဲ့ ခင်မေချို ကြားမှာ ချိုချိုသာ ပါလာစရာအကြောင်းမရှိတော့ပါဘူး။
ဒါပေမယ့် စည်သူထင်နဲ့ ချိုချိုသာကြားမှာတော့ ခင်မေချိုပါမှ ဖြစ်မယ်"
"ချို
ဘာကိုပြောနေတာလဲ၊ ချို ပြောနေတာတွေ ကျွန်တော် နားမရှင်းဘူး"
စည်သူထင်သည်
ချို့ကို နားမလည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း ပြောလေ၏။
"ခဏနေ
ရှင်းသွားမှာပါ၊ ဒါပေမယ့် ကျွန်မ ဘာကိုဆိုလိုတယ်ဆိုတာ ရှင်သိရင် သွေးပျက်မသွားမိစေဖို့
ကြိုတင်သတိပေးလိုက်ပါတယ်"
"မခင်မေချို
ဘာတွေပြောနေတာလဲဗျာ"
"လွန်ခဲ့တဲ့
တစ်နှစ်လောက်က ကျွန်တော်တစ်ဦးတည်း၏ သဘောဆန္ဒဖြင့် ဖျက်သိမ်းလိုက်ပါကြောင်းဆိုတဲ့ ရှင်ကိုယ်တိုင်ရေးထည့်ခဲ့တဲ့
ကြော်ငြာလေးကို ရှင်သိဦးမှာပေါ့။ ရှင်မလိုချင်လို့၊ တိုင်းသိပြည်သိကြော်ငြာပြီး ထားပစ်ခဲ့တဲ့
ချိုချိုသာဆိုတဲ့ မိန်းမဟာ ခင်မေချိုလို့ ရှင်သိထားတဲ့ ကျွန်မပဲ စည်သူထင်။ ခုချိန်မှာတော့
ရှင်သိခဲ့တဲ့ ခင်မေချိုဆိုတာ မရှိတော့ဘူး၊ ကျွန်မ ဘာကိုဆိုလိုတယ်ဆိုတာ ရှင် နားလည်ပါပြီနော်"
"မခင်မေချို၊
မခင်မေချိုဟာ ဒေါ်ချိုချိုသာ ဟုတ်လား။ ဟုတ်လား မခင်မေချို"
ချိုသည်
မဖော်ပြနိုင်သော အံ့သြကြေကွဲမှုများဖြင့် ဆောက်တည်ရာမဲ့စွာ တုန်လှုပ်လျက်ရှိသော စည်သူထင်၏မျက်နှာကို
အပြုံးမပျက် ငေးမောရင်း "ကျွန်မ နိုင်ငံသားကတ် ထုတ်ပြဖို့လိုသေးလား" ဟု ခပ်အေးအေးဆိုလိုက်လေသည်။
"ခင်ဗျား
ဘာဖြစ်လို့… ဘာဖြစ်လို့ အစက ဖွင့်မပြောခဲ့တာလဲ"
"ဘာဖြစ်လို့လဲဆိုတော့
ချိုချိုသာဆိုတဲ့ မိန်းမတစ်ယောက်နဲ့ စည်သူထင် ဆုံစည်းဖို့ ဖူးစာမပါခဲ့လို့ပေါ့၊ ရှင်နဲ့
ဖူးစာပါတာက ခင်မေချိုပဲလေ။ ဒါပေမယ့် ခုတော့ ရှင့်ရဲ့ ခင်မေချိုဆိုတာ သေသွားပြီ၊ ရှင်
သိထားခဲ့တဲ့ မြစ်ကြီးနားကောလိပ်က ဆရာမဒေါ်ခင်မေချိုဆိုတာ အခုလေးပဲ သေသွားခဲ့ပြီ။ ကျွန်မက
ရန်ကုန်တက္ကသိုလ်ကြီးက ပြောင်းလာတဲ့ ဆရာမ ဒေါ်ချိုချိုသာပါ"
"ကျွန်တော်
မယုံကြည်နိုင်လောက်အောင်ပါပဲဗျာ၊ ဒါဆို ကျွန်တော်နဲ့ စသိကတည်းက ခင်ဗျား ကျွန်တော့်ကို သိနေခဲ့တာပေါ့။
ကျွန်တော့်ကို အခဲမကျေနိုင်တဲ့ အာဃာတတွေနဲ့ မုန်းတီးနေလျက်က ဟန်ဆောင်ခင်မင်နေခဲ့တာပေါ့၊
အဲဒီလိုလား မခင်မေချို" စည်သူထင်သည် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ချို့ လက်မောင်းနှစ်ဖက်ကို
ဆုပ်ကိုင်မေးလိုက်ခြင်း ဖြစ်၏။ ချိုသည် စည်သူထင်၏ တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်များကို
ဆွဲဖြုတ်ရင်း
"အာဃာတဆိုတဲ့
စကားလုံးကြီးက သိပ်ကြီးကျယ်လွန်းပါတယ် စည်သူထင်ရယ်၊ ချိုချိုသာဟာ အဆိပ်လူးမြားတွေနဲ့
အပစ်ခံထားရလို့ မသေရုံတမယ်နေတဲ့ သမင်မမျိုးပါ။ ကျွန်မ စည်သူထင်ဆိုတဲ့ လူတစ်ယောက်အပေါ်
နာကြည်းနေတယ်ဆိုရင် အဲဒါ စည်သူထင်ကိုယ်တိုင် ပြုခဲ့တဲ့ အကြောင်းတရားကြောင့်ပဲ မဟုတ်လား"
"တော်ပါတော့
မခင်မေချိုရယ်၊ ဒီနာမည်ပဲ ကျွန်တော် ခေါ်ပါရစေ၊ ဘာလို့လဲဆိုတော့ ကျွန်တော့်အတွက်တော့
သူဘယ်တော့မှ သေသွားမှာမဟုတ်လို့ပါ၊ ခုလောက်ဆိုရင် ခင်ဗျား ကျွန်တော်နဲ့ပတ်သက် ဆက်ဆံခဲ့တဲ့
ရည်ရွယ်ချက်ကို ကျွန်တော် ကောင်းကောင်းကြီးသိပါပြီ။ မခင်မေချိုပဲဖြစ်ဖြစ်၊ ဒေါ်ချိုချိုသာပဲဖြစ်ဖြစ်
ခင်ဗျားအပေါ် ဘယ်တုံးကမှ မဖြစ်ပေါ်ခဲ့ဖူးတဲ့ ချစ်ခြင်းမေတ္တာမျိုးနဲ့ ချစ်ခဲ့တယ်၊ ချစ်နေတယ်ဆိုတာကို
ခင်ဗျား ယုံကြည်လိုက်ပါ။ ဟောဒီ ဧရာဝတီမြစ်ကြီးရဲ့ ရေအလျဉ်လိုပဲ ကျွန်တော့်ချစ်ခြင်းမေတ္တာတွေဟာ
တစ်သက်လုံး မပြောင်းမလဲ စီးဆင်းနေဦးမယ်ဆိုတာ ကျွန်တော်သစ္စာပြုရဲပါတယ်" ချိုသည်
စည်သူထင်၏ ပြောင်လက်တောက်ပနေသော မျက်ဝန်းစိုစိုတွေကို မကြည့်ရက်တော့၍ မြစ်ပြင်ကိုသော
ငေးမောနေလေ၏။ ချိုသည် ၀မ်းပန်းတနည်း ငိုရှိုက်ပစ်ချင်မိလျက် ပြုံးနေမိပြန်၏။ ပြီးတော့
ချိုသည် ဧရာဝတီမြစ်ပြင်ကြီးကို ကြည့်ရင်း တစ်လုံးချင်း ပြောနေလေ၏။
"ရှင်
ကြားဖူးမလား မသိဘူး၊ လူတစ်ယောက်ဟာ မြစ်တစ်စင်းထဲကို ဘယ်တော့မှ နှစ်ခါခုန်ချခွင့်မရနိုင်ဘူးတဲ့။
မြစ်ဆိုတာမျိုးက အမြဲမပြတ်ရွေ့လျားစီးဆင်းနေတာမဟုတ်လား။ ဒီလိုပါပဲ စည်သူထင်၊ တစ်ခါတစ်ရံမှာ
ဘယ်တော့မှပြန်မရနိုင်တဲ့ အခွင့်အရေးတွေကို ရပါလျက်နဲ့ အကြောင်းတစ်စုံတစ်ရာကြောင့် လက်လွှတ်ဆုံးရှုံးခံလိုက်ရတာမျိုးတွေ
ရှိတတ်ပါတယ်။ ဘ၀ရေစီးကြောင်းဆိုတာကလည်း လောကဓံလှိုင်းတွေရဲ့ ဒဏ်ကို အလူးအလဲခံရပြီး မြစ်တစ်စင်း
ရွေ့လျားစီးဆင်းနေသလို အသစ်အသစ်သော အဖြစ်အပျက်တွေ ပြောင်းလဲနေရာယူနေတာပဲမဟုတ်လား။ ကဲ
ကျွန်မတို့ ပြန်ကြရအောင်၊ ဒီလောက်ဆိုရင် ဒေါ်ချိုချိုသာအပေါ် ရှင် နားလည်နိုင်လောက်ပါပြီ"
စည်သူထင်သည်
ကျောက်ရုပ်တစ်ရုပ်ပမာ ငေးကြောင်လျက် မြစ်ပြင်ကိုသာ ငေးမောကြည့်နေလေသည်။ ချိုသည် စောစောက
စည်သူထင်ပေးထားသော နှင်းဆီဖူးနီနီလေးကို စက္ကန့်ပိုင်းမျှ တစ်ချက်စိုက်ကြည့်ပြီးနောက်
မြစ်ပြင်တစ်နေရာသို့ လှမ်းပစ်လိုက်လေ၏။ နှင်းဆီဖူးလေးသည် ရေ၀ဲလေးတစ်ခုအတွင်း ကျရောက်သွားသဖြင့်
ချာချာလည်နေလေ၏။ ပြီးနောက် ၀ဲကလေးအတွင်းမှ လွတ်မြောက်သွားသော ပန်းဖူးကလေးသည် လှိုင်းကြက်ခွပ်ကလေးများနောက်သို့
ခုန်ပေါက်ပြေးလိုက်ပြန်လေသည်။ ချိုတို့နှစ်ယောက်သည် ရေစီးထဲ၌ တရွေ့ရွေ့လွင့်မျောသွားသော
နှင်းဆီဖူးနီနီလေးကို မျက်စိတဆုံး ငေးကြည့်နေမိကြလေသည်။
အမှတ်(၁၅၇)
ကလျာ
မဂ္ဂဇင်း၊ မတ်လ၊ ၁၉၉၈ ခုနှစ်။
မေတ္တာဖြင့်
- ယုဒါ
19092015
(8:50 PM)
No comments:
Post a Comment
အားပေးမှုအတွက် ကျေးဇူးတင်ပါသည်...
မေတ္တာဖြင့်...
ယုဒါ