Thursday, October 1, 2015

ကြယ်ကြွေညရဲ့ လတစ်စင်း



(၁)

မေမေ ဟုတ်ပါတယ်နော်၊ သူမရဲ့ မေမေအစစ်ပါ။ ညက မေမေ သူမကို လာတွေ့ခဲ့သည်။ တကယ့်ကို မှောင်ကြီးမည်းကြီးထဲမှာ မေမေ့ကို သူမ တွေ့ခဲ့ရခြင်းဖြစ်သည်။ ရေနံရွှဲရွှဲသုတ်ထားတဲ့ ခြံဝင်းတံခါးရဲ့နောက်မှာ ရပ်နေလျက် သူမကို မေမေ တိတ်တဆိတ် လှမ်းခေါ်ခဲ့ခြင်းဖြစ်သည်။ ညဉ့်နက်သန်းခေါင်အထိ ပြတင်းတံခါးကို ဖွင့်ကာ စာထိုင်ရေးနေခဲ့သော သူမကို ခြံဝင်းအပြင်ဘက်မှ မေမေက လက်ပြ၍ လှမ်းခေါ်ခဲ့ခြင်းဖြစ်သည်။  မေမေ့ကိုမြင်တော့ သူမ အံ့အားသင့်လွန်းစွာ အော်ဟစ်မိတော့မည့်ဆဲဆဲ မေမေက တိတ်တိတ်နေ၊ ဖေဖေမသိအောင် ဆင်းလာခဲ့ဆိုသည့် သဘောမျိုးဖြင့် နှုတ်ခမ်းလေးပေါ် လက်ညှိုးထောင်တင်လျက် တားဆီးခဲ့၏။
သူမ အိပ်ခန်းတံခါးကို အသံမမြည်စေရန် ဂရုစိုက်ဖွင့်ကာ တစ်ဖက်ခန်းမှာ အိပ်မောကျနေသော ဖေဖေမသိအောင် ကြမ်းခင်းကို ခြေဖျားထောက်နင်းလျက် မေမေ့ဆီ ရောက်ရှိခဲ့တာ။ စောစောလေးက မြင်ထားလိုက်ရပေမယ့် သူမ အခန်းက ထွက်လာနေချိန်လေးမှာပဲ မေမေ ကွယ်ပျောက်သွားလေမလား စိုးထိတ်ပူပန်စွာ မေမေ့ဆီကို ရောက်ရှိခဲ့တာ။

မေမေ၊ သူမရဲ့ မေမေ။ မြမိုးယံနဲ့ ညီမလေးတို့ရဲ့ မေမေ။ မေမေ့လည်တိုင်ဆီမှာ တစ်ခါမှမတွေ့မြင်ခဲ့ဖူးသည့် ရွှေဆွဲကြိုးတုတ်တုတ်ကြီးနဲ့။ သူမ မေမေ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့၏။ သူမကို ဖက်တွယ်တော့မလို လုပ်လာသည့် မေမေ့လက်များကို သူမ ပုတ်ထုတ်ကာ "မေမေ သမီးတို့ကို ပစ်ထားတယ်၊ မေမေ ရက်စက်တယ်၊ မေမေ့ကို မုန်းတယ်။ သမီးတို့ နှစ်ယောက်လုံး မေမေ့ကို မုန်းတယ်… မုန်းတယ်"ဟု အော်ဟစ် ရန်တွေ့ပစ်ခဲ့သေး၏။

ဒေါသတကြီး အော်ဟစ်ရန်ပြုရင်း မေမေ့ကို စိတ်ရှိလက်ရှိ ထုထောင်းရိုက်နှက်နေသော သူမ၏ တစိမ့်စိမ့်ကြေကွဲမှုတွေကြားမှာပင် မေမေက လည်တိုင်ဆီမှ ဆွဲကြိုးလေးလေးကြီးကို ချွတ်၍ သူမကို ပေးခဲ့လေသည်။ မလိုချင်ဘူး… မလိုချင်ဘူး။ မြမိုးယံဆိုတဲ့ မေမေ့သမီးဟာ ရွှေတွေ ငွေတွေ ၀တ်ချင်လှချည်ရဲ့လို့ ဖေဖေနဲ့ မေမေ့ဆီမှာ ဘယ်တုန်းကများ ပူဆာတောင်းဆိုဖူးခဲ့လို့လဲ။

"ရော့ သမီး ဒီဆွဲကြိုးကို သမီးယူထားလိုက်၊ မေမေ သွားတော့မယ်"
"မေမေ မသွားရဘူး၊ မေမေ မသွားရဘူး"
"မေမေ့ကို မတားပါနဲ့တော့သမီး၊ မေမေ သွားပါရစေတော့"
"မေမေ မသွားပါနဲ့၊ မသွားပါနဲ့၊ ပြန်လာခဲ့ပါ။ မေမေ ဘယ်နေရာမှာ ရှိနေမယ်ဆိုတာ ပြောထားခဲ့ပါဦး မေမေ၊ မေမေ သမီးတို့ကို ရက်ရက်စက်စက် ပစ်မထားခဲ့ပါနဲ့ မေမေ"
"သမီး၊ သမီးကြီး မြမိုးယံ၊ တံခါးဖွင့်ပါဦး…ဖေဖေပါ၊ ဖေဖေ့ကို တံခါးဖွင့်ပေးပါဦး"
ဟော… ဖေဖေ့အသံ။ မေမေလာတာ ဖေဖေသိသွားပြီလား၊ မေမေ သူမကိုလာတွေ့တာ ဖေဖေမြင်လိုက်သေးသလား။

"သမီးကြီး၊ တံခါးဖွင့်ပေးဦးလေ"
"ဟုတ်ကဲ့၊ လာပြီ ဖေဖေ"
ဘယ်လိုဖြစ်တာလဲ၊ စောစောက မေမေ့ကို သွားတွေ့တော့ သူမ အခန်းတံခါးကို ဖွင့်ခဲ့သားပဲ၊ ခု တံခါးချက်က ဘာလို့ထိုးပြီးသား ဖြစ်နေရတာလဲ။
"လန့်သွားသလား သမီး၊ ဖေဖေ တရေးနိုးတော့ သမီးအခန်းက မီးဖွင့်ထားတာတွေ့လို့ လာကြည့်တာ၊ စောစောက သမီးအော်သံကြားလိုက်တယ်၊ အိပ်မက်ယောင်နေတယ်ထင်တယ်"
အိပ်မက်၊ ဟင်… ဒါ အိပ်မက်လား၊ မေမေ့ကို သူမကိုယ်တိုင် မြင်တွေ့ခဲ့ရတာပါ၊ မေမေက အရင်ကထက် ပိုလှနေတာတစ်ခုပဲ ရှိတယ်။

"သမီး ပြတင်းပေါက်ဖွင့်အိပ်တာကိုး၊ ရင်ဘတ်ကိုလေတိုးပြီး အိပ်မပျော်တပျော်အချိန်မှာ ဘီလူးစီးသလိုဖြစ်တတ်တယ် သမီးရဲ့၊ ကဲ…လာ လာ သမီးပြန်အိပ်တော့၊ ဖေဖေ မီးပိတ်ပေးမယ်၊ မနက်ဖြန်မနက် ညီမလေးပြန်လာမှာ မဟုတ်လား၊ အိပ်တော့သမီး၊ မနက်စောစောထရဦးမှာ။ စောင်မခြုံချင်လည်း ရင်ဘတ်ပေါ် စောင်ခေါက်လေးတင်အိပ်မှပေါ့ သမီးရဲ့။ ကြည့်စမ်း၊ လေတိုးလို့ သမီးပါးတွေ အေးစက်နေတာပဲ"
ရင်ဘတ်ပေါ်သို့ ချည်စောင်တစ်ထည် အသာအယာတင်ပေး၍ မီးပိတ်ပြီး သူမအခန်းထဲမှ ထွက်ခွာသွားသော ဖေဖေ့ကို ပြာလဲ့လဲ့ ညအိပ်မီး၏ မှုန်ရီဝိုးဝါးအလင်းရောင်ဖြင့် သူမ တိတ်တခိုးလိုက်ကြည့်နေမိ။ ကြည့်စမ်း။ ဖေဖေဟာ သူမနဲ့ ညီမလေးအပေါ် နွေးထွေးကြင်နာသော မေတ္တာတရားဖြင့် ထာဝစဉ်စောင့်ရှောက်နိုင်မယ့်သူ မဟုတ်တော့ဘူးတဲ့လား။ မေမေက ဖေဖေ့ကို ယုံကြည်ခဲ့တာ ဒီတစ်ချက်ပဲရှိတာလေ။ မေမေဟာ သူမနဲ့ ညီမလေးကို ဖေဖေ့ရင်ခွင်မှာ ယုံကြည်စွာ အပ်နှံခဲ့တာမဟုတ်လား။ ဖေဖေ့ကို ယုံကြည်လို့သာ သူမတို့ ညီအစ်မနှစ်ယောက်ကို မေမေ စွန့်ခွာသွားခဲ့တာပါ။

မဟုတ်ဘူး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီဖြစ်တဲ့ သူမရဲ့ညီမလေးကို မေမေ ယုံကြည်လို့။ မြမိုးယံရဲ့ တည်ငြိမ်ရိုးစင်းသော စိတ်ထားနဲ့ အရာရာအပေါ် အကောင်းမြင်ကြည့်တတ်သော စိတ်ဓာတ်ကို ယုံကြည်လို့။ ညီမလေး၏ ထက်မြတ်တောက်ပြောင်သော အရည်အချင်းနှင့် မထီတရီပြုံးတတ်သည့် နှုတ်ခမ်းပါးလေး၌ပင် တင်ရှိနေတတ်သည့် မာနတရားအပေါ် စိတ်ချလက်ချရှိလို့သာ သူမတို့ညီအစ်မကို မေမေ စွန့်ခွာသွားခဲ့တာ။ ဟင့်အင်း၊ မဟုတ်သေးပါဘူး။ တကယ်တမ်း မေမေ စွန့်ခွာသွားခဲ့တာက သူမတို့ညီအစ်မကို မဟုတ်ဘူးလေ။ မေမေစွန့်ခွာသွားခဲ့တာက ဖေဖေတစ်ယောက်တည်းကိုပါ။ မေမေဟာ သူမတို့ညီအစ်မနှစ်ယောက်အပေါ် ရက်စက်စွာပစ်ပယ်ထားရစ်ချင်လို့မှ မဟုတ်ဘဲ။ ဘာကြောင့်ရယ်လို့ အမည်မတပ်နိုင်ပေမယ့် နှစ်ပေါင်းနှစ်ဆယ်ကျော်၊ တိတိကျကျဆိုရရင် ၂၆နှစ်ရှိပြီဖြစ်တဲ့ မေမေ။ မိသားစုအသိုက်အအုံတစ်ခုထဲက ထွက်ခွာသွားနိုင်ဖို့ဆိုတာ… ဟုတ်တယ်၊ မေမေ့မှာ လုံလောက်တဲ့ အကြောင်းပြချက်မရှိပေမယ့် လုံလောက်တဲ့ ခံစားချက်ရှိရမယ်။ နားမလည်ချင်ပေမယ့်လည်း မြမိုးယံကတော့ မေမေ့ကို နားလည်ပေးမှာပါ။

(၂)

"ဟင့်အင်း၊ သမီး နားမလည်ဘူး ဖေဖေ၊ ဒီကြော်ငြာကို ဘာအတွက် ဖေဖေ ထည့်လိုက်တာလဲ"
တကယ်တော့ သူမ ဦးနှောက်နှင့် အသိတရားက နားလည်လျက် သူမနှလုံးသားနှင့် ဆန္ဒက လက်ခံနားလည်နိုင်စွမ်းမရှိသေးသော ကိစ္စတစ်ခုအတွက် ဖေဖေ့ကို အဖြေရကျပ်စေမည့် မေးခွန်းဖြင့် ဘုကန့်လန့်တိုက်လိုက်မိခြင်းသာ ဖြစ်လေသည်။

"ကျွန်တော်၏ ဇနီးဖြစ်သူ ဒေါ်………သည်
မိမိသဘောဆန္ဒအလျောက် ………….နေ့တွင် နေအိမ်
မှ ဆင်းသွားပါသဖြင့် ……………….နေ့မှစ၍ ဇနီးအဖြစ်မှ
စွန့်လွှတ်လိုက်ပါကြောင်း"
တဲ့။ ထိုကြော်ငြာမျိုးတွေကို သူမ ကြိမ်ဖန်များစွာ မြင်တွေ့ခဲ့ဖူးပြီ။ ဘာမှ မထူးခြားခဲ့။ အံ့အားသင့်စရာကိစ္စတစ်ခုဟုလည်း မယူဆခဲ့။ ခုမှ နှစ်လက်မလောက်သာရှိသည့် ဒီကြော်ငြာသေးသေးလေးက သူမကို ဘာကြောင့် အကြီးအကျယ် အံ့သြတုန်လှုပ်သွားစေရတာလဲ။
မလိုအပ်ပါဘူး ဖေဖေရဲ့၊ ဒီကြော်ငြာမျိုးကို လူသိရှင်ကြား သတင်းစာထည့်ဖို့ မလိုအပ်ပါဘူး။ ဖေဖေ့ဘက်က လိုအပ်လာလို့ ထည့်ချင်တယ်ဆိုရင်တောင် သမီးနှစ်ယောက်မျက်နှာကို ဖေဖေ ထောက်ထားရမယ်မဟုတ်လား၊ မေမေ သူမတို့ကို စွန့်ခွာသွားတာ နှစ်,နှစ်ကျော်ကာလကြာမှ ဖေဖေက ဒီကြော်ငြာကို ရေးကြီးခွင်ကျယ်လုပ်ထည့်ရတယ်လို့။ မေမေဟာ ဘယ်ကိစ္စကိုမှ လူသိခံချင်သူမဟုတ်ဘူးလေ။ မေမေဟာ လျှို့ဝှက်သိုသိပ်တဲ့သူ။ သူမတို့ သားအဖသုံးယောက်ကို စွန့်ခွာသွားတာတောင် တစ်စုံတစ်ရာ အရိပ်အယောင်မပြဘဲ တိတ်တဆိတ် ထွက်ခွာသွားခဲ့တာ။ ဒီလို ရပ်သိရွာသိ သတင်းချဲ့ကားတာကို မေမေ အလိုမရှိဘူးလေ ဖေဖေ။
"ဒါ မလိုအပ်ပါဘူး" အဖြေကို သိပြီးသားဖြစ်နေလျက် မခံမရပ်နိုင်ဖြစ်နေသော နှလုံးသားကြောင့် သူမအသံတွေက မာကျောပြတ်တောက်စွာ။

"ဖေဖေ့အတွက် လိုအပ်လာလို့ပါ သမီး" အဖြေကလည်း သူမ ထင်ထားသည့်အတိုင်း တိတိကျကျ။
"ဖေဖေ သူ့ကို နှစ်,နှစ်ကျော်ကာလကြာအောင် စောင့်ခဲ့ပြီးပြီ။ လင်ယောက်ျားတစ်ယောက်အနေနဲ့ ဖေဖေ့တာဝန် ကုန်ဆုံးပြီ"
ကြည့်စမ်းပါဦး။ စကားလုံးလှလှတွေကို ဖေဖေ မတရားသုံးစွဲနေလိုက်တာ၊ ဒါ မေမေမဟုတ်တဲ့ မိန်းမတစ်ယောက်ကို ပေါ်ပေါ်ထင်ထင် လက်ထပ်ယူတော့မယ့် အသက် ၅၆နှစ်အရွယ် ယောက်ျားတစ်ယောက်ရဲ့ အင်မတန်နားထောင်ကောင်းတဲ့စကားပေါ့။
သိတယ်ဖေဖေ။ မေမေ အိမ်ကထွက်ခွာသွားခဲ့တာ ပြန်လာဖို့အတွက် မဟုတ်ဘူး၊ မေမေဟာ ဖေဖေ့ကို တစ်သက်လုံးအတွက် အပြီးတိုင်စွန့်ခွာခဲ့တာ။ 
အဲဒီတစ်ခုကို မြမိုးယံသိတယ်။ ဖေဖေစောင့်တာ နှစ်,နှစ်မကလို့ အနှစ်,နှစ်ဆယ်ကျော်သွားလည်း ဖေဖေ့ဆီကို မေမေပြန်လာမှာ မဟုတ်ဘူး။
"ဘာပဲဖြစ်ဖြစ် မေမေဟာ တစ်သက်လုံး သမီးတို့ရဲ့ မေမေဖြစ်နေမှာပဲ"
သူမ ဖေဖေ့ကို ခပ်ရဲရဲပြန်ကြည့်ရင်း ပြောလိုက်မိ၏။

"ဟုတ်ပါတယ်၊ အဲဒါကို ဖေဖေ ဘာမှမပြောပါဘူး။ ဒါက ဖေဖေ့ကိစ္စအတွက်ပါ။ ဖေဖေ့လေသံက ခပ်အေးအေး။ ဖေ့ဖေ့မျက်ဝန်းတွေကလည်း သိမ်မွေ့နူးညံ့စွာပင်။ သို့ပေမယ့် ဖေဖေ့ကိုကြည့်ကာ သူမ စိတ်ရှိလက်ရှိ အော်ဟစ်ငိုကြွေးပစ်ချင်စိတ်တွေသာ တဖွားဖွားပေါ်ပေါက်လာခဲ့၏။ နူးညံ့သော ဖေဖေ့မျက်ဝန်းတွေကလည်း သူမကို မနွေးထွေးစေနိုင်တော့။ မေမေ့ကို ရက်စက်သူအဖြစ် ပြင်းပြင်းထန်ထန် စွဲချက်တင်ခဲ့တဲ့ ဖေဖေ၊ ဖေဖေ့အပေါ်မှာရော ရက်စက်တယ်ဆိုတဲ့ စကားလုံး သုံးနိုင်ခွင့်ရှိသူ ပေါ်ဦးမှာတဲ့လား။ ဟင့်အင်း… သူမ တို့ဘက်က ဖေဖေ့ကို ဒီစကားလုံးသုံးစွဲနိုင်တဲ့အခွင့် မရှိပါဘူးနော်။ ထို့အတွက် ရက်စက်လှသော လောကကြီးကို မကျေမချမ်းနိုင်စွာ အရာအားလုံးကို မေ့လျော့ပစ်ချင်သည့် အခိုက်အတန့် သူမ မျက်စိစုံမှိတ်ချလိုက်မိလေသည်။ စုံမှိတ်ထားသည့် မျက်ဝန်းအိမ်ထဲမှာတော့ ဖျောက်ဖျက်ပစ်လို့မရသည့် မေမေ့ပုံရိပ်လွှာ။

(၃)

"ဟုတ်လား… ကောင်းပါတယ်၊ သူလည်း မိန်းမ,မရှိတာ နှစ်,နှစ်ကျော်သွားပြီဆိုတော့ တစ်ယောက်တည်းနေရတာ ပျင်းလာပြီနေမှာပေါ့။ ဒါနဲ့ နင်ရော ဘယ်တော့လောက် လက်ထပ်မလဲ မမ"
ညီမလေးက ည၀တ်အင်္ကျီရှည်ကြီးကို လဲလှယ်ဝတ်ဆင်ရင်း သူမကို မကြည့်ဘဲ ပြောလိုက်ခြင်းဖြစ်၏။ သူမ အလေးထားပြောပြနေသော သတင်းစကားအပေါ် နည်းနည်းလေးမှ အံ့သြတုန်လှုပ်မှုမရှိသည့်ဟန်။ စိတ်ပျက်ခေါင်းရှုပ်ခြင်း၊ ၀မ်းနည်းနာကျင်ခြင်း တစ်စုံတစ်ရာ မခံစားရသည့်မျက်နှာ။ ဘယ်လိုလဲဟင် ညီမလေး၊ ထူးခြားတဲ့ ခံစားမှုတစ်ခုခုအတွက် မျက်နှာပေါ်က အရိပ်အယောင် ပြောင်းလဲမသွားရအောင် ပကတိတည်ငြိမ်နေတဲ့ ဟန်မျိုးနဲ့ သရုပ်ဆောင်ပြနိုင်တဲ့ပညာကို ညီမလေး ဘယ်အချိန်က တတ်မြောက်ကျွမ်းကျင်သွားခဲ့တာလဲ။ ညီမလေး၏ အေးစက်စက်လှုပ်ရှားမှုများကို သူမ အံ့သြစွာ ငေးမောကြည့်နေမိ၏။ 

"ငါ အိပ်တော့မယ်၊ ဒီနေ့ တစ်နေကုန် ဧည့်သည်ကြိုရတာနဲ့ ပို့ရတာနဲ့ ရှုပ်နေတာပဲ၊ မနက်တော့ ကိုးနာရီကျော်မှ သွားမယ်၊ ဒီနေ့ အားရအောင် အိပ်ပစ်လိုက်မယ်"
"နေပါဦး၊ ခဏလောက် စကားပြောပါဦးဟာ၊ ဖေဖေ့နောက်မိန်းမကို နင်က ဒီအိမ်မှာ လက်ခံမှာလား"
"မမ နင်ဘာတွေလာမေးနေတာလဲ၊ ယောက်ျားတစ်ယောက်ဟာ မိန်းမယူတယ်ဆိုတာ တာဝန်ယူနိုင်မှ ယူလို့ရတာ၊ လမ်းပေါ်က မိန်းမတစ်ယောက် မဟုတ်ရင်ပေါ့လေ။ သူ မိန်းမလိုချင်ရင် သူ့ဘာသာ အိမ်ရှာလိမ့်မပေါ့။ ဒီအခန်းက ငါ ငှားထားတဲ့အခန်း၊ သူ ဆင်းသွားလိမ့်မပေါ့။ သမီးနှစ်ယောက်နဲ့တောင် မနေနိုင်လို့ဘဲ မိန်းမရှာပါတယ်ဆိုမှ သူ့ဘာသာအိမ်ခွဲနေမပေါ့။ မမ… နင်ဟာလေ ပူစရာမဟုတ်တာကို ကြံဖန်ပူတတ်တယ်၊ သူ့မိန်းမကရော လိုက်နေမတဲ့လား။ အရှက်မရှိလို့ တက်လာရဲမယ်ဆိုရင်လည်း တက်လာကြည့်လိုက်လေ၊ တစ်ခွန်းပဲပြောလိုက်မယ်၊ ဒါ ရှင့်ယောက်ျားပိုင်တဲ့ အိမ်မဟုတ်ဘူး၊ ခုချက်ချင်း ဆင်းသွားလို့"

နှုတ်ခမ်းပါးမှာ ပြုံးရိပ်လေးပင် တင်နေသေးလျက် ဒေါသသံမပါဘဲ ပြောလိုက်သည့် ညီမလေးစကားကြောင့် သူမ ကြောက်လန့်တကြား ဖြစ်သွားရလေသည်။ ညီမလေးရယ်၊ စကားလုံးရင့်ရင့်တွေကို ဘာကြောင့် ပြောထွက်လာရတာလဲ။ ဒီလို ဆက်ဆံရေးမျိုးနဲ့ ဖေဖေ့ကို ကြိုးကိုင်လို့မရဘူးဆိုတာ သိလျက်နဲ့။ ညီမလေးရဲ့ သဘောထားတွေ ပြောင်းလဲလာတာ နှစ်အတန်ကြာခဲ့ပြီ။ အရင်က ညီမလေးဟာ ဖေဖေနဲ့ မေမေရဲ့ ရင်ခွင်မှာ ကလေးတစ်ယောက်လို တိုးခွေ့ဝင်ပြီး ချိုနွဲ့နေတတ်တဲ့ ကောင်မလေးပါ။

ခု မြမိုးယံ၏ ညီမလေးကတော့ဖြင့် အရင်ကနှင့် လားလားမှ မတူတော့။
"လူဟာ ရှာစားနိုင်ပြီဆိုရင် ပြီးပြီ၊ တခြား ဘာများ လိုအပ်သေးလို့လဲ" တဲ့။ ညီမလေးက ထိုသို့ဆိုခဲ့၏။
"သြော်… မမ၊ နင်လည်း လက်ထပ်မှာဆိုရင် မြန်မြန်ဆန်ဆန် လက်ထပ်လိုက်တော့၊ ရည်းစားထားတာ ယောက်ျားယူဖို့မဟုတ်လား၊ နင်လက်ထပ်ပြီးရင် ငါလည်း ဒီတိုက်ခန်းကို ပြန်အပ်လိုက်တော့မယ်။ ပြီးရင် အဆင်ပြေရင်တော့ ငါ နိုင်ငံခြားထွက်မယ်၊ လောလောဆယ်တော့ ငါ့ဘာသာ အဆောင်တစ်ခုမှ နှစ်ယောက်စာ သုံးယောက်စာ အခန်းတစ်ခုလောက် ရှာနေလိုက်မယ်"

သူမကို အကြီးအကျယ် အံ့သြတုန်လှုပ်စေသော စကားလုံးများကို ညီမလေးက ပေါ့ပေါ့ပါးပါးပြောကာ ည၀တ်အင်္ကျီဖားဖားကြီးဖြင့် အိပ်ရာပေါ် ပစ်လဲချ၍ ခေါင်းအုံးပေါ် မျက်နှာအပ်လျက် အိပ်ရာဝင်သွားခဲ့၏။ ညီမလေး အပူအပင်မဲ့စွာ အိပ်စက်ပါစေတော့လေ၊ ဆယ်တန်းစာမေးပွဲကို အမှတ်များများနဲ့ ထူးထူးချွန်ချွန် အောင်မြင်ခဲ့တဲ့ ညီမလေးဟာ အသက်ဆယ့်ရှစ်နှစ် မပြည့်သေးခင်ကတည်းက ရရာအလုပ်ဝင်လုပ်ရင်း အဝေးသင် တက္ကသိုလ်တက်ခဲ့ရတာ။ ဌာနဆိုင်ရာ ၀န်ထမ်းအလုပ်က အသက်မပြည့်မီ ရုတ်တရက်အနားယူလိုက်တဲ့ ဖေဖေ့နေရာကို ညီမလေးအစားဝင်ယူခဲ့ရတာ။ အရွယ်နဲ့မမျှအောင် ပင်ပန်းခဲ့ရတဲ့ ညီမလေး။ ပြောပါစေ… ညီမလေး စိတ်ကျေနပ်မှုရှိမယ်ဆိုရင် ပြောချင်ရာ ပြောပါစေ။ စိတ်တိုင်းကျ လုပ်ချင်ရာ လုပ်ပါစေ။
သူမ ညီမလေးကို ခြင်ထောင်ထောင်ပေးပြီးမှ ဘေးချင်းယှဉ်လျက် အိပ်ရာပေါ်သို့ ဖြည်းလေးပင်ပန်းစွာ လှဲချလိုက်မိ၏။ ညဆယ်နာရီမထိုးခင် အိပ်ရာဝင်ခဲ့သော်လည်း ဆယ့်နှစ်နာရီထိုးသည့်အချိန်အထိ သူမ အိပ်မပျော်နိုင်ခဲ့။ အံ့သြစရာကောင်းသည်ကတော့ တစ်စုံတစ်ရာသော အသံကြောင့် သူမ ဖျတ်ခနဲလန့်နိုးသွားသည့်အချိန် အိပ်မပျော်ဘူးဟု ထင်ခဲ့ပေမယ့် သူမ အိပ်ပျော်သွားခဲ့သည်ပေါ့။ ညီမလေး အိပ်ရာဆီသို့ လှမ်းကြည့်လိုက်တော့ ညီမလေးရှိမနေခဲ့။ ညီမလေးဟု အသံပြုလိုက်မလို ဟန်ပြင်ပြီးမှ ရုတ်တရက်သတိရကာ သူမအခန်းထဲမှ တိတ်ဆိတ်စွာ ထွက်လာခဲ့မိ၏။

တံခါးဖွင့်ထားသော ဧည့်ခန်းတွင်းမှန်ချပ်မှ တိုက်ခန်းရှေ့ဝရန်တာဆီ လှမ်းကြည့်လိုက်တော့ သူမ မျှော်လင့်ထားသည့်အတိုင်း တိုက်ခန်းဝရန်တာ၏ ညာဘက်ထောင့်ဆီမှာ ဒူးနှစ်ချောင်းပေါ် မျက်နှာမှောက်တင်လျက် ရှိုက်ကြီးတငင် တသိမ့်သိမ့်ငိုကြွေးနေရှာသည့် ညီမလေး။ တစ်လောကလုံးမှာ သူမ အချစ်ခင်ဆုံးသော ညီမလေး။ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်အနိုင်ယူတတ်ခဲ့သည့် သူမ၏ ချစ်လှစွာသော ညီမလေး။

"မမ နင်ဟာလေ တစ်ဆိတ်ရှိ ငိုဖို့ပဲတတ်တယ်၊ စိတ်သိပ်ပျော့တာပဲ၊ တကယ်တော့ ကြည့်တတ်မယ်ဆိုရင် လောကကြီးဟာ ရယ်စရာချည်းပဲ ရှိတာပါဟာ" ဟု သူမကို ဝေဖန်ရင်း ဖြေသိမ့်မှုပေးတတ်သည့် ညီမလေး။ စီးပွားမရှာတတ်သည့် မိခင်၊ လုပ်ငန်းခွင်အတွင်း အဆင်မပြေ စိတ်ဓာတ်ကျဆင်းခဲ့သည့် ဖခင်၊ ဆယ်တန်းသုံးခါကျသဖြင့် မှီတွယ်ရာမဲ့နေသည့် အစ်မတစ်ယောက်။ ထိုအသိုက်အအုံတစ်ခု၏ အိမ်တွင်းရေးမပြေလည်မှုများကြားမှာ ညီမလေးသာ လောကကြီးကို ရယ်စရာအဖြစ် မြင်မကြည့်တတ်ရင်….။

ဘုရားရေ၊ ခုတော့ဖြင့် သူမရဲ့ညီမလေး ရှိုက်ကြီးတငင် ငိုကြွေးနေပါရောလား။ အင်းလေ၊ ညီမလေးဟာလည်း စိတ်ထားနူးညံ့သိမ်မွေ့သည့် အားငယ်ဝမ်းနည်းတတ်သော သာမန်မိန်းကလေးတစ်ဦးပါပဲ။ ညီမလေးမှာလည်း နုနယ်တဲ့ နှလုံးသားတစ်စုံရှိမယ်၊ ဒီအတွက် ပူနွေးတဲ့ မျက်ရည်စက်တွေလည်း ရှိရပေဦးမယ်ပေါ့။
မဟုတ်ဘူး။  ညီမလေးဟာ တော်ရုံခံစားမှုအတွက် သူမလို မျက်ရည်ပေါက်ပေါက်ကျလို့ မကြာခဏ ငိုကြွေးတတ်သူမဟုတ်ဘူး။ မေမေ၊ သူမတို့ကို စွန့်ခွာထားရစ်ခဲ့ပြီဟု တိတိကျကျ သိရစဉ်ကရော ညီမလေး ဘာကြောင့် မငိုကြွေးခဲ့ပါသလဲ။

တစ်ရက်၊ နှစ်ရက်။ ထိုမှ တစ်ပတ်၊ နှစ်ပတ်၊ တစ်လကြာညောင်းသွားသည့်တိုင် မေမေ ရုတ်တရက်ပျောက်ဆုံးပြီး အိမ်သို့ ပြန်မရောက်လာသောအခါ သူမတစ်ဦးတည်း ငိုကြွေးလိုက်ရတာ။
ကျမျက်ရည်ချောင်းဖြစ်ရုံမက ပင်လယ်ဖြစ်လာက်တဲ့အထိ။ အစ ပထမရက်တွေက ဇဝေဇ၀ါ သံသယတွေနှင့်။ နောက်စိုးရိမ်ပူပန်စိတ်တို့ဖြင့်။ ထို့နောက် စိုးထိတ်ကြေကွဲ မျှော်လင့်ချက်တို့နှင့်။ ထို့နောက် ဘာကိုမှ နားမလည်နိုင်တော့သော ပူပင်သောက နာကျင်ဒေါသတို့ဖြင့်။ အဲဒီအချိန်မှာ သူမရဲ့ညီမလေးကတော့ ဘာမှမဖြစ်သလို အေးဆေးစွာပင် အလုပ်အကိုင်မပျက် တည်ငြိမ်နေခဲ့သည်လေ။ သူမတစ်ဦးတည်းသာ ရန်ကုန်မြို့တော်ကြီးအနှံ့ ဘုန်းကြီးကျောင်းများဆီမှာ။ အမျိုးသမီးဂေဟာဆီမှာ၊ နီးစပ်သမျှ မိတ်ဆွေတို့ဆီမှာ မေမေ့သတင်းကို စုံစမ်းရှာဖွေခဲ့ရတာ။ သို့ပေမယ့် ညီမလေးက အလုပ်မှပြန်လာတိုင်း "ဘယ်လိုလဲ၊ ဒီနေ့ရော ဘာသတင်းရခဲ့လဲ" ဟူသော မေးခွန်းကိုတော့ ခပ်ပြုံးပြုံးမျက်နှာထားဖြင့် မေးတတ်ခဲ့သားပဲ။ ပြီးတော့ အဲဒီရက်ပိုင်းတွေမှာ ကုမ္ပဏီကိစ္စဖြင့် ညီမလေး နယ်ခရီးတွေ ဆက်တိုက်ထွက်ခဲ့သားပဲ။ ဒါဟာ ဖေဖေနဲ့ သူမ,မသိအောင် မေမေ့ကို ညီမလေး တိတ်တဆိတ် စုံစမ်းရှာဖွေခဲ့တာပဲမဟုတ်လား။

"မမရယ် အိမ်မှာမနေချင်တော့လို့ ထွက်သွားတဲ့လူကို အပင်ပန်းခံ လိုက်ရှာမနေစမ်းပါနဲ့၊ မေမေက လွတ်မြောက်ရာကို ရှာသွားခဲ့တာ၊ နင် မေမေ့ကို လွတ်လပ်ခွင့်ပေးလိုက်စမ်းပါ" ဟု ဆိုခဲ့လျက် ရှားရှားပါးပါး နားရသည့် တနင်္ဂနွေ ရုံးပိတ်ရက်မျိုးမှာပင် ညီမလေး အိမ်မှာမနားနိုင်ခဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ညီမလေးလည်း သူမလိုပဲ မျှော်လင့်ချက်တွေ မကုန်ဆုံးနိုင်စွာ မေမေ့ကို တိတ်တခိုး ရှာဖွေတမ်းတနေခဲ့တာပါပဲ။
ပြန်လာခဲ့ပါ မေမေ။ ခုလိုအချိန်မျိုးမှာ မြမိုးယံတစ်ဦးတည်းသာ မေမေ့ကို လိုအပ်နေတာ မဟုတ်ပါဘူး၊ မေမေထွက်ခွာသွားခြင်းအပေါ် တာဝန်မဲ့မိခင်တစ်ယောက်အဖြစ် နာကြည်းစကားဆိုခဲ့ဖူးတဲ့ ညီမလေးကိုယ်တိုင်လည်း မေမေ့ကိုလိုအပ်နေတယ်ဆိုတာ မေမေ ရောက်ရာအရပ်က သိလိုက်စမ်းပါ။

(၄)

"အပိုတွေ၊ မလိုအပ်တဲ့ကိစ္စ၊ မိန်းမယူမယ့်ဟာ ယောက္ခမ မလိုပါဘူးဟာ၊ အစကတည်းက နင်ပြောပြမထားဘူးလား မမ၊ ကျွန်မ အဖေနဲ့အမေ ကွဲနေတယ်လို့"
"ပြောတော့ ပြောထားပါတယ်၊ သူ့မိဘတွေနားလည်အောင် ပြန်ပြောပြဖို့ခက်နေတာ"
"ဘာခက်တာလဲ၊ အမှန်ကို အမှန်အတိုင်းပြောရင် ဘာမှမခက်ဘူး။ တစ်ခုတော့ နင်မှတ်ထား မမ၊ ကိုယ်ယူမယ့် ယောက်ျားတစ်ယောက်ဟာ ကိုယ့်ဘ၀အမှန်ကို သိရမယ်။ တစ်ခုခုကို ဟန်ဆောင်ထားချင်တယ်ဆိုရင်၊ လိမ်ထားချင်တယ်ဆိုရင် အဲဒီဟန်ဆောင်တဲ့အလုပ် လိမ်တဲ့အလုပ်ကို နင် တစ်သက်လုံး မမောမပန်းလုပ်ပေတော့။ ငါ သိသလောက်တော့ နင် ဟန်ဆောင်မကောင်းပါဘူး မမရာ"
ညီမလေး၏ အမှန်စကားတွေ သူမရင်ကို တည့်တည့်ထိလေသည်။ မြမိုးယံ ဟန်ဆောင်မကောင်းမှန်း ညီမလေးသိသည်ပဲ။ ဟန်ဆောင်မကောင်းပေမယ့် မိန်းမပီသစွာ ဟန်ဆောင်ချင်တတ်မှန်းလည်း ညီမလေး သိနေသည်ပဲ။ ယောက်ျားတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရဖို့ (သို့မဟုတ်) ယောက်ျားတစ်ယောက်၏ အရိပ်အောက်တွင် တစ်သက်တာခိုလှုံခွင့်ရဖို့ သူမ ဟန်ဆောင်ရခြင်းဖြစ်သည်ဟု ညီမလေး မသုံးသပ်မိဘူးတဲ့လား။ တကယ်တော့ သူမလည်းပဲ ဘယ်မှာလာ ဟန်ဆောင်ချင်မှာလဲ။

သူမ၏ ခံစားချက်မှန်သမျှကို မခြွင်းမချန် ဖွင့်ချပြလို့ရသည်။ သူမကို အစဉ်အမြဲ နှစ်သိမ့်အားပေးတတ်သည့် အဖော်တစ်ယောက်ကိုသာ သူမလိုလားခဲ့တာ။ ယခု သူမရွေးချယ်ခဲ့တဲ့သူသည် သူမလိုလားသော အမျိုးအစားတွင် ပါဝင်သူမဟုတ်ခဲ့။ သူမနှင့်သူ့အကြား ဆက်ဆံရေးတွင် မပွင့်မလင်း ထိန်ချန်မှုတွေရှိသည်။ ဖုံးကွယ်ဟန်ဆောင်မှုတွေရှိသည်။ ဖေဖေနှင့် မေမေ၏ အံ့သြဖွယ်ဇာတ်လမ်းကို သူ တိတိကျကျမသိ။ ဖေဖေ၊ မေမေ၊ သူမနှင့် ညီမလေးတို့၏ ခပ်ဆန်းဆန်းလူနေမှုပုံစံကို သူ မသိ။
သူသိတာက မြမိုးယံဆိုတာ မြင်လိုက်သည်နှင့် နှစ်လိုချစ်ခင်ဖွယ်ကောင်းသော အမျိုးသမီးတစ်ယောက်အဖြစ်။ အဝေးသင်တက္ကသိုလ်မှ သတ္တဗေဒ အဓိကဖြင့် ဘွဲ့ရကာ ဌာနဆိုင်ရာ လုပ်ငန်းခွင်တစ်ခုမှာ ဣနြေ္ဒရရ စာရေးမလေးလုပ်နေသည့် အမျိုးသမီးတစ်ယောက်အဖြစ်။ ဘယ်မှာနေတာလဲဟု မေးလိုက်လျှင် ၀ံ့ဝံ့ရဲရဲပြောချနိုင်သော မြို့နယ်တစ်ခု၏ ခပ်သန့်သန့်တိုက်ခန်းတစ်ခုမှာ နေထိုင်သူတစ်ယောက်အဖြစ်။ ကုမ္ပဏီကြီးတစ်ခုတွင် နိုင်ငံခြားငွေဖြင့် လခစားလုပ်နေသော အင်မတန် ထူးချွန်ထက်မြက်သည့် ညီမလေးတစ်ယောက်၏ အစ်မအဖြစ်။ သူသိသမျှက ဒီလောက်ပဲဖြစ်၏။ သူ့ကို ဒီထက်ပိုသိအောင် သူမဘက်က ဘာကြောင့် မကြိုးစားခဲ့တာလဲ။
ဘာကြောင့် သူမ မိသားစု၏ အိမ်တွင်းရေးနှင့် လက်ရှိဘ၀အမှန်ကို ချမပြရဲခဲ့တာလဲ။ ဒါ သူမရဲ့ အပေါ်ယံဟန်ဆောင်ချင်မှုကြောင့်လား။ ဟင့်အင်း၊ သူမဟာ သူ့ကို မိန်းမပီပီသသ သွေးတိုးစမ်းကြည့်ဖူးခဲ့သူပါပဲ။ ဒါကြောင့်လည်း သူ့စိတ်ရင်းအမှန်ကို မြင်ခဲ့ရပြီ။ သူဟာ သူမ မျှော်လင့်ခဲ့သည့် ယောက်ျားတစ်ယောက် မဟုတ်တာလည်း အတိအကျသိရှိခဲ့ရပြီ။ သို့သော် ကံဆိုးသောသူမအတွက် ရွေးချယ်စရာလမ်း များများစားစားမရှိတာ မဟုတ်ဘဲ ဒီတစ်လမ်းတည်းသာရှိသောအခြေမှာ ဆိုက်ရောက်နေခဲ့ပြီ။

မေမေက သူမတို့ သားအဖသုံးယောက်ကို စတင်စွန့်ခွာသွားပေဦးမည်။ သူမ၌ မှီတွယ်အားကိုးစရာဟူ၍ ညီမလေးတစ်ယောက်သာရှိတော့၏။ ညီမလေးကို သူမ အားမကိုးချင်တော့ဘူးဆိုတာထက် အားမကိုးရက်တော့ခြင်းသာ ဖြစ်၏။ အသက်အရွယ်နှင့်မလိုက် အင်အားနှင့် မမျှသော ကြီးလေးသည့် တာဝန်တွေကို ညီမလေးယူလာခဲ့တာ နှစ်အတန်ကြာခဲ့ပြီ။ မြမိုးယံဟူသော ၀န်ထုပ်ဝန်ပိုးကြီးကို ညီမလေးက မညည်းမညူသယ်ပိုးလာတာဖြစ်ပေမယ့် ထိုအထုပ်အပိုးကြီးတစ်ခု လျောအကျသွားသည်ဆိုလျှင် ညီမလေး ပေါ့ပါးလွတ်လပ်သွားပေမည်။
ထို့အတွက် ညီမလေးကဲ့သို့ အရည်အချင်းမရှိသော၊ အားငယ်ပျော့ညံ့သော သူမအတွက် ရွေးချယ်စရာလမ်းသည် ဒီတစ်လမ်းသာလျှင် ရှိတော့၏။ ဖေဖေကိုယ်တိုင်ကလည်း သူမကို အိမ်ထောင်ပြုဖို့ အားပေးတိုက်တွန်းနေသည်မှာ အကြိမ်ပေါင်းမနည်းတော့။ ရုပ်ရည်အတော်အသင့်ရှိသည့် မြမိုးယံကို ချဉ်းကပ်လာသည့် ယောက်ျားတွေက ရေတွက်လို့ပင် မမှတ်မိတော့ပေမယ့် တကယ်တမ်း သူမနှင့်အတူ ဘ၀တစ်သက်တာ လက်တွဲလျှောက်လိုသည့် ယောက်ျားကောင်းက အလွန့်အလွန် ရှားပါးခဲ့၏။ ယောက်ျားတွေအကြောင်းကို သူမ မသိတာလည်းမဟုတ်။ ဖေဖေ့လို ယောက်ျားမျိုးကိုတော့ဖြင့် သူမ မပိုင်ဆိုင်လို။ မေမေက သူမကို သင်ခန်းစာတွေ ကောင်းကောင်းကြီးပေးသွားခဲ့ပြီ။

မြမိုးယံက အချစ်ကို ကိုးကွယ်တတ်သူ မိန်းမတစ်ယောက်တော့ မဟုတ်။ သို့ပေမယ့် အိမ်ထောင်တစ်ခု တည်တံ့ခိုင်မြဲဖို့အတွက် အချစ်မပါဘဲနှင့်တော့ လုံလောက်မည်မထင်။ အချစ်ကို မကိုးကွယ်တတ်သည့် မြမိုးယံက ချစ်တတ်သည့်ယောက်ျားတစ်ယောက်ကိုတော့ လိုချင်သည်။ သူမအတွက်တော့ အချစ်ဆိုသည်မှာ နီးစပ်မှုအပေါ် အခြေပြုလျက် သံယောဇဉ်ငြိတွယ်ရာမှ တဖြည်းဖြည်းပေါက်ဖွားရှင်သန်လာသည့် ခံစားမှုတစ်မျိုးသာ ဖြစ်နိုင်သည်။
"ငါကတော့ ငါ့အတွက် သင့်တော်တဲ့ယောက်ျားဆို ငါ့ကိုသာ တကယ်ချစ်ရင် ပြန်ချစ်နိုင်မှာပဲ" ဟူသော သူမဆီမှ အချစ်ဒဿနကို ကြားရစဉ်က ညီမလေးအော်ရယ်ခဲ့ဖူး၏။ ပြီးတော့ "မမရယ်၊ နင်က ဖေဖေ့သမီးဖြစ်ပြီး ဖေဖေနဲ့တော့ ပြဒါးတစ်လမ်း သံတစ်လမ်းပါလား" ဟု ပြောခဲ့သေး၏။ ဖေဖေနှင့် မြမိုးယံ၏ အချစ်အပေါ် တွေ့ထိခံစားရပုံက ဒီလောက်တောင် ကွဲပြားခဲ့သည်လေ။ အဲဒီကွဲပြားမှုက သူမအပေါ် ထူးခြားစွာ သက်ရောက်မှုမရှိခဲ့သော်ငြား သူမချစ်သော မေမေ့အပေါ်မှာတော့ တရားမျှတမှု မရှိစွာ ထိခိုက်ရှနာခဲ့ရသည်ပဲ။ ထို့အတွက်ကြောင့်ပင် မေမေသည်…။

(၅)

သူမ သိသလောက်တော့ ဖေဖေနှင့်မေမေသည် သူမတို့ရှေ့၌ အကြီးအကျယ် စကားများ၊ ရန်ဖြစ်သည်လည်း မရှိခဲ့။ ဖေဖေက အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကွမ်းမစားသူ။ မေမေက ဆေးပေါ့လိပ်ကြိုက်သူ။ ထူးခြားသော အလှအပဆို၍ မျက်ခုံးနက်နက်တစ်စုံရှိတာကလွဲလျှင် ရွက်ကြမ်းရေကျို ရုပ်ရည်မျှသာရှိသော မေမေသည် အသားဖြူဝင်းရသည့်အထဲ ရုပ်ရည်လည်း ချောမာခန့်ထည်ကာ မြင့်မားသော အရပ်အမောင်းရှိသည့် ဖေဖေနှင့် ဘယ်လိုဖူးစာဆုံခဲ့လေသည်မသိပေ။
ဘယ်လိုပဲဖြစ်ဖြစ် ဖေဖေနှင့်မေမေ ချစ်သူတွေဖြစ်ခဲ့ကြသည်။ အိမ်ထောင်ဖက်တွေ ဖြစ်ခဲ့ကြသည်။ အိမ်ထောင်သက် ၂၆နှစ်ကြာအောင် ပေါင်းသင်းခဲ့ကြသည်။ အဲဒီနောက်မှာမှ သူမတို့မိသားစုကို မေမေ ရုတ်တရက် စွန့်ခွာသွားခဲ့ခြင်းဖြစ်သည်။ ထိုနေ့က ဖေဖေ၊ သူမနှင့် ညီမလေးတို့ သုံးယောက်စလုံး ရုံးမသွားမီ ပုံမှန်အတိုင်းပင် အိမ်မှာကျန်ခဲ့သည့် မေမေ့ကို နှုတ်ဆက်သွားခဲ့၏။ သုံးယောက်စလုံး မည်သူမျှ မေမေနှင့် ပြဿနာ အကြီးအငယ် မဖြစ်ခဲ့ကြ။

ထိုနေ့က အိမ်သို့ ပထမဆုံးပြန်ရောက်သောသူမှာ ထုံးစံအတိုင်း သူမပဲဖြစ်၏။ စေ့ရုံသာစေ့ထားသည့် တံခါးမကြီးကို တွန်းဖွင့်ဝင်သွားပြီးနောက် အိမ်ထဲမှာ မေမေ ရှိမနေမှန်းသိရ၏။ မေမေ အနီးအနားတစ်နေရာရာသွားနေတာ ဖြစ်လိမ့်မယ်ဟု တွေးကာ အိမ်မှုကိစ္စများကို သူမ ဆက်လုပ်နေခဲ့၏။ သို့သော် အလုပ်က များများစားစားမရှိပေ။ ညနေစာကိုပင် မေမေချက်ထားခဲ့သည်မဟုတ်ပါလား။ မှတ်မှတ်ရရ ညနေစာအတွက် မေမေချက်ထားခဲ့သောဟင်းမှာ သူမတို့ ညီအစ်မနှစ်ယောက်အကြိုက်ဆုံး မန်ကျည်းသီးနှင့် ဘဲဥချဉ်ဟင်းဖြစ်၏။ ပြီးတော့ ဘဲဥမှာ သုံးလုံးတည်းဖြစ်၏။ ဖေဖေ ပြန်ရောက်တော့ "သမီး အမေရော" ဟု မေးလေသည်။ "ဘယ်သွားနေလဲမသိဘူး၊ သမီး ပြန်ရောက်တော့ မေမေ မရှိဘူး" ဟု သူမ အဖြေပေးစဉ် ဖေဖေ မျက်နှာပျက်သွားသည်ကို သူမ သတိထားခဲ့မိ၏။ 
ညီမလေး ပြန်ရောက်လာသည့်အချိန်အထိ မေမေ ပြန်ရောက်မလာခဲ့။ ထိုအချိန်ရောက်မှ သူမတို့သားအဖသုံးယောက် မေမေ ပျောက်ဆုံးသွားသည့်ကိစ္စကို စဉ်းစားမရဖြစ်ကာ ဟိုမေးဒီမေး လိုက်လံစုံစမ်းရတော့၏။ သူမတို့စိတ်ထဲမှာ မေမေ အိမ်က အပြီးတိုင်ထွက်ခွာသွားခြင်း ဖြစ်လိမ့်မည်ဟု မထင်ခဲ့မိ။ ထိုနေ့ညက အိမ်သို့ပြန်မရောက်လာခဲ့သည့် မေမေ နောက်နေ့ပြန်ရောက်လာမှာပါဟူသော မျှော်လင့်ချက်တို့ဖြင့် သူမတို့ အိပ်ရာဝင်ခဲ့ကြ၏။ သူမတို့ ငယ်ငယ်တုန်းက မေမေနှင့်ဖေဖေ စိတ်အခန့်မသင့်ဖြစ်ကြလျှင် မေမေ အိမ်ပေါ်ကဆင်းကာ တစ်ပတ်ဆယ်ရက် ဘုန်းကြီးကျောင်းမှာ တရားစခန်းသွားဝင်လေ့ရှိသည်တဲ့။ သို့ပေမယ့် သူမတို့သိတတ်စအရွယ်ကစပြီး မေမေ အိမ်ပေါ်က မပြောမဆို ထွက်သွားလေ့မရှိပေ။
တစ်ပတ်ကျော်သည့်တိုင်အောင် မေမေ အိမ်ပြန်ရောက်မလာတော့ သူမတို့ မျှော်လင့်ချက်တွေ ယိုင်နဲ့ပြိုပျက်လာခဲ့၏။ ထိုစဉ်က မေမေ ပျောက်ဆုံးနေကြာင်း သတင်းကို နီးစပ်ရာသက်ဆိုင်ရာမှာ သတင်းပို့အကြောင်းကြားထားခဲ့ပါလျက် သတင်းထူးတစ်ခုခု ကြားရမှာကိုပဲ သူမတို့ စိုးထိတ်ကြောက်လန့်နေခဲ့၏။

အံ့သြစရာကောင်းစွာပင် သတင်းအစအနလေးကိုမှ မကြားရဘဲ မေမေ ပျောက်ဆုံးသွားခဲ့ခြင်းက မေမေကိုယ်တိုင် အရှောင်အပုန်းကောင်းလွန်း၍ပေလား။ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါဟုဆိုကြလျက် ကမ္ဘာကြီး၏အစိတ်အပိုင်းလေးတစ်ခုမျှသာဖြစ်သော မြန်မာပြည်ထဲမှာပင် မေမေ့ကို သူမတို့ ဘာကြောင့် ရှာဖွေလို့မရနိုင်သနည်း။ မေမေကရော စာတိုလေးတစ်ကြောင်းတလေကိုမှ ရေးမထားခဲ့ဘဲ သူမတို့ သားအဖသုံးယောက်ကို ဘာကြောင့် ထားရစ်ခဲ့ရသနည်း။
မေမေ အိမ်မှထွက်ခွာသွားသည်ကို သတိထားလိုက်မိသူလည်း တစ်ဦးတစ်လေမှ မရှိသည့်အတွက် မေမေ့ကို ရှာဖွေရသည့်ကိစ္စမှာ လမ်းစပျောက်ခဲ့ရလေသည်။ သို့သော် မေမေ အိမ်ကထွက်ခွာသွားစဉ် ယောဂီလုံချည်နှစ်ထည်ရှိရာ အိမ်တွင် ခပ်နွမ်းနွမ်းလေယာဉ်မောင်သား ယောဂီလုံချည်တစ်ထည် ကျန်ရစ်ခဲ့သည့်အတွက် မေမေ၀တ်ဆင်သွားသော ၀တ်စုံကို သူမ ခန့်မှန်းကြည့်နိုင်ခဲ့၏။

ပြီးတော့ ညီမလေး ရွှေစက်တော်ဘုရားဖူးသွားစဉ်က ၀ယ်လာပေးသော ချည်ထည်ယောဂီတဘက်စောင်ကိုလည်း မေမေ ယူဆောင်သွားခဲ့ပေမည်။ သူမသိသလောက် တခြားအ၀တ်အစား တစ်စုံတလေကိုမှ မေမေ ယူဆောင်မသွားခဲ့။ မေမေ့၌ ငွေကြေးလည်း များများစားစားပါသွားလိမ့်မည်မဟုတ်။ မေမေသည် နှစ်ပေါင်းများစွာ ဖေဖေ နေ့စဉ်(သို့မဟုတ်) တစ်ပတ်စာ ထုတ်ပေးသော ဈေးဖိုးလောက်ကိုသာ ကိုင်သုံးစွဲရသူဖြစ်သဖြင့် မေမေ့လက်ထဲမှာ အပိုငွေမရှိတတ်ပေ။

မိန်းမတော်တော်များများ စိတ်ဝင်စားတတ်သည့် အလှအပပြင်ဆင်ခြင်း၊ အ၀တ်အစားအသစ်အဆန်း ၀ယ်ယူခြင်းတို့ကို ၀ါသနာမပါသော မေမေ့အတွက် အပိုကုန်စရာ ငွေကြေးဆို၍ ဆေးလိပ်ဖိုးနှင့် စာအုပ်ဖိုးလောက်သာ ရှိလေသည်။ သူမ မေမေက အတန်းပညာများများစားစား သင်ယူခဲ့ရသူမဟုတ်သော်လည်း စာဖတ်ခြင်းကို ၀ါသနာပါလေသည်။ ဖေဖေက မေမေ့ကို တခြားဇနီး၊ အိမ်ထောင်ရှင်အမျိုးသမီးများလို ဘာကြောင့် ငွေကြေးစီမံသုံးစွဲခွင့် မပြုခိုင်းတာလဲဆိုသော မေးခွန်းအား ဖေဖေနှင့်မေမေ နှစ်ယောက်စလုံးဆီမှာ သူမ မေးမြန်းကြည့်ဖို့လည်း သတိမရခဲ့။ တကယ်ဆို သမီးတစ်ယောက်အနေဖြင့် သူမ စူးစမ်းခဲ့ဖို့ ကောင်းသည်ပဲ။
သူမသိသလောက် ဖေဖေသည် သူမတို့အိမ်၏ အိမ်ထောင်ဦးစီးအရှင်သခင်ဖြစ်၏။ သူမတို့ ညီအစ်မနှစ်ယောက်လုံးကို ချစ်ခင်ဂရုစိုက်၏။ သူမတို့ညီအစ်မကို ရုပ်ရှင်ကားကောင်းလျှင် မကြာမကြာ လိုက်ပြလေ့ရှိသူမှာလည်း ဖေဖေပင်ဖြစ်၏။ သူမတို့ ညီအစ်မနှစ်ယောက်အတွက် အ၀တ်အစား အလှပြင်ပစ္စည်း၊ လက်ကိုင်ပ၀ါ၊ ခေါင်းညှပ်ကလစ် စသည့် အသေးအဖွဲ အသုံးအဆောင်လေးများကအစ ၀ယ်ပေးတတ်သူမှာလည်း ဖေဖေပင်ဖြစ်၏။ တိတိကျကျဆိုရလျှင် သူမတို့မိသားစု၌ သြဇာအာဏာအရှိဆုံးလူမှာ ဖေဖေသာလျှင်ဖြစ်လေသည်။

ဖေဖေမှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဖေဖေ့ရှေ့၌ မေမေသည် ခေါင်းညိတ်တတ်သော အရုပ်တစ်ရုပ်မျှသာ။ သူမ ရှုမြင်ရသလောက် ဖေဖေနှင့် မေမေ၏ ဆက်ဆံရေးတွင် အသံကျယ်ကျယ်လောင်လောင် ပြဿနာမျိုးကို ပင် မမြင်မိခဲ့။ မေမေ့အမျိုးအဆွေတို့နှင့် ပတ်သက်လျှင် အမြင်မကြည်လင်သော ဖေဖေ၏ “မင်းအမျိုးတွေကတော့” ဆိုသော နိဒါန်းဖြင့် မေမေ့ကို ရှုတ်ချပြစ်တင်စကားဆိုလာလျှင်လည်း မေမေ မတုံ့ပြန်တတ်။ မေမေ အမြဲတစေ မပြောင်းမလဲ နိစ္စဓူဝ လုပ်နေတတ်သော အလုပ်တစ်ခုမှာ ဆန်ရွေးခြင်းနှင့် ဆေးလိပ်သောက်ခြင်းသာ ဖြစ်လေသည်။
တစ်ခါတုန်းက မေမေ့မောင်ဖြစ်သူ သူမ ဦးလေးငယ် ဖေဖေ့ရုံးခန်း၌ ပိုက်ဆံလာချေးသွားကြောင်း မေမေ့ကိုပြောတော့ မေမေ ဆန်အရွေးမပျက်ဘဲ ငြိမ်နေခဲ့၏။ “ဟုတ်လား”ဟု တစ်ခွန်းဆိုကာ ခေါင်းငုံ့ဆန်ရွေးနေသော မေမေ့အား ဖေဖေ ဘာကြောင့် ဒေါသထွက်သွားခဲ့လေသည်မသိ။ ဖေဖေ ဒေါသတကြီးသိမ်းကျုံးပြောဆိုနေသော စကားတွေက မေမေ့အမျိုးတွေ မကောင်းကြောင်းသာဖြစ်လေသည်။ ဖေဖေက မေမေ့အပေါ် အပြစ်တင်ပြောဆိုပြီးနောက် မေမေ ပြန်ပြောသောစကားတစ်ခွန်းမှာ “ အစ်ကိုမပေးချင်ဘူးဆိုလည်း ဘာလို့ ပိုက်ဆံပေးလိုက်သလဲ” ဆိုသည့် ခပ်အေးအေးစကားတစ်ခွန်းသာ ဖြစ်လေသည်။ ထိုစကားအတွက် ဒေါသပြေနေပြီဖြစ်သော ဖေဖေ၏ဒေါသ ပြန်လည်ကြီးထွားလာတာ သူမ မှတ်မိနေခဲ့၏။
မေမေသည် ဖေဖေ့အပေါ် ထို့ထက်ပို၍ ထော်လော်ကန့်လန့်နိုင်သော စကားမျိုးဖြင့် ဘယ်အခါမှ ပြစ်တင်ရန်လိုလေ့မရှိချေ။ ဖေဖေကသာ တစ်ခါတစ်ရံ၌ မေမေ့ကို ဆူဆူပူပူ လုပ်တတ်သူဖြစ်၏။ သို့သော် မေမေသည် ဖေဖေ့မကောင်းကြောင်းကို သူမတို့ညီအစ်မအား တစ်ကြိမ်တစ်ခါမှ ပြောမပြခဲ့ဖူးချေ။

စိတ်လိုလက်ရရှိလျှင် ဆေးပေါ့လိပ်တစ်လိပ်ကို နှစ်နှစ်ခြိုက်ခြိုက် ထိုင်သောက်ရင်း မေမေ ပြောတတ်သည့်စကားမှာ “ငါ့သမီး အိမ်ထောင်ပြုရင် ကိုယ့်အပေါ် တကယ်လိုလိုလားလား မချစ်ခင်တဲ့ယောက်ျားမျိုးကို ဘာအကြောင်းကြောင့်ဖြစ်ဖြစ် မယူနဲ့သမီး။ ယုတ်စွအဆုံး ခြေလွန်လက်လွန်အဆင့်အထိ ဖြစ်ခဲ့စေဦးတော့ ကိုယ့်ကိုမချစ်ရင် မယူနဲ့” ဆိုသည့်စကားသာ ဖြစ်လေသည်။ တစ်ခါနှင့်တစ်ခါ စကားလုံးသုံးပုံ ကွဲပြားတတ်သော်လည်း မေမေ၏ ဆိုလိုရင်း အဓိပ္ပာယ်မှာ တစ်မျိုးတည်းသာ ဖြစ်လေသည်။ မည်သို့ပင်ဖြစ်စေ အိမ်ထောင်သက် ၂၆ နှစ်ကျော်ကာလကြာမှာ အသက် ၅၃ နှစ်အရွယ် မိန်းမတစ်ယောက်သည် လင်ယောက်ျားနှင့် အရွယ်ရောက် သမီးနှစ်ယောက်ကို ပြတ်ပြတ်သားသား စွန့်ခွာထားရစ်ခဲ့ခြင်း၏ အကြောင်းရင်းဇာစ်မြစ်ကို သူမတို့ မှန်းဆကြည့်ရုံထက် ပို၍ ဘာမှမတတ်နိုင်ခဲ့ချေ။

(၆)

ညီမလေး၏ စူးလက်တောက်ပနေသော မျက်လုံးများနှင့် တဆတ်ဆတ်တုန်နေသည့် နှုတ်ခမ်းပါးနီနီလေးကို မြင်နေရုံမျှဖြင့် ညီမလေး၏ ဒေါသနှင့်ခံစားမှုကို သူမ မှန်းဆကြည့်နိုင်လေသည်။ 
ညီမလေးက ဒေါသထွက်လွယ်သူမဟုတ်။ ပြဿနာတစ်ခုကို အေးဆေးတည်ငြိမ်စွာ ဖြေရှင်းတတ်သူမျိုးဖြစ်၏။ ခုတော့ သူမနှင့်ပတ်သက်၍ ညီမလေး လှုပ်လှုပ်ရှားရှားဖြစ်ရလေပြီ။
“ယောက်ျားတစ်ယောက်ရဖို့အတွက် နင်မို့လို့ အဲဒီလောက် သူတစ်ပါး စော်ကားမော်ကားအပြောခံတာ ငါ အံ့သြတယ်။ နေပါဦး… မေမေဟာ လင်ငယ်နောက်လိုက်ပါသွားတယ်လို့ ယူဆနိုင်လောက်တဲ့ သက်သေသာဓက တို့က ဘာနဲ့ပြနိုင်လို့လဲ။ နင့်ကို ငါ အမြဲတမ်းပြောခဲ့တယ် မမ၊ ငါတို့ညီအစ်မနှစ်ယောက်သာ မေမေ့ကို အပြစ်တင်ရင်တင်မယ်၊ တခြားဘယ်သူမှ မေမေ့ကို အပြစ်တင်ရှုတ်ချတာ ငါ လက်မခံနိုင်ဘူးလို့။ မပေးစားရင်နေ၊ မယူချင်ရင်နေ၊ တစ်လောကလုံး သူတစ်ယောက်တည်း ယောက်ျားရှိနေတာမဟုတ်ဘူး။ မပြောလိုက်ချင်ဘူး။ အိမ်တကာလည်ပြီး ဖဲရိုက်နေတဲ့ မိန်းမစားကများ သူတို့သား သဘောင်္သားအစုတ်ပလုတ်ကို ဘာထင်နေလဲမသိဘူး။ နင်အ,လို့ ခံလာတာ မမ၊ ငါသာဆို အဲဒီနေရာမှာတင် အဲဒီမိန်းမကို ဘုန်းခနဲ လဲသေသွားအောင် ပြောပစ်တယ်။ မေမေ့ကိုယ်ကျင့်တရားကို ငါတို့ညီအစ်မ ကောင်းကောင်းသိနေတာပဲ၊ နင် ပြန်ပြောခဲ့ပါလား”
ညီမလေး၏ နာကျင်ခံခက် ဒေါသစကားတွေကြားမှ သူမ ငြိမ်သက်နေမိခဲ့၏။ မြမိုးယံရဲ့ ရင်ထဲမှာ ပြောစရာစကားတွေ အပြည့်အကျပ်။ ညီမလေးရဲ့ခံစားချက်ကို နားအလည်နိုင်ဆုံးလူဟာ မြမိုးယံဖြစ်သလို မေမေ ပြောမပြခဲ့သည့် ခံစားချက် တော်တော်များများကို မှန်းဆနားလည်ပေးနိုင်သူဟာလည်း မြမိုးယံပါပဲ။ လူတစ်ယောက်နဲ့တစ်ယောက် နားလည်နိုင်ဖို့ ဘာစကားမှ အကျယ်တ၀င့် ရှင်းလင်းထုတ်ဖော်ပြဖို့ မလိုအပ်ဘူးဆိုရင် လောကကြီးက နေပျော်စရာကောင်းဦးမှာ။ ခုတော့ မြမိုးယံလို သတ္တိကြောင်သော မိန်းမတစ်ယောက်အတွက် လောကကြီးက တကယ့်ငရဲဘုံတစ်ခုပါပဲ။
မြမိုးယံ၏ ချစ်သူဆိုသူကလည်း မြမိုးယံကို နားမလည်။ မတော်ရသေးသည့် ယောက္ခမလောင်းတွေကလည်း သူမကို နားမလည်။ ဖေဖေကလည်း သူမကို နားမလည်။ ညီမလေးကလည်း သူမကို နားမလည်။ မေမေ၊ မေမေကရော သူမကို နားလည်သွားခဲ့ပါရဲ့လား…။

“မေမေ့သမီးတွေရဲ့စိတ်ကို မေမေ နားလည်တာပေါ့။ ဒါကြောင့် သမီးတို့နှစ်ယောက်ကို မေမေ စိတ်ချတယ်” မေမေ ပြောခဲ့ဖူးသည်နော်။ မေမေဟာ ဘယ်လိုခံစားမှုမျိုးနဲ့ မြမိုးယံကို နားလည်ခဲ့ပါသလဲ။ ဘယ်လိုယုံကြည်ချက်မျိုးနဲ့ မြမိုးယံကို စိတ်ချခဲ့ပါသလဲ။ ထိုမေးခွန်း မေမေ့ကို သူမ မေးလိုက်ချင်သည်။ ခုနေခါ သူမအပါးမှာ မေမေရှိနေခဲ့ရင်ရော သူမကို နားလည်နိုင်မှာတဲ့လား။ ဟင့်အင်း…။ ဒါဟာ မလိုအပ်ပါဘူး… မြမိုးယံအနားကို မေမေရှိမနေခဲ့ခြင်းကြောင့်သာ ဒီအဖြစ်အပျက်၊ ဒီခံစားချက်တွေ ပေါ်ပေါက်လာရတာ။ မေမေသာ ရှိနေခဲ့လျှင် သူမလည်းပဲ ညီမလေးလို မာနခပ်ကြီးကြီးမိန်းမတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ဂုဏ်ယူကျေနပ်စွာ ရပ်တည်နေနိုင်မှာ။ သူမမှာ မချစ်မနှစ်သက်သော သူစိမ်းမိသားစုအတွင်းသို့ ၀င်ရောက်ခွင့်ရဖို့ ဘယ်လိုနည်းနှင့်မှ ကြိုးစားလိမ့်မည်မဟုတ်။ အထူးသဖြင့်တော့ သူမကိုယ်တိုင်က မြတ်နိုးစုံမက်လှသည်မဟုတ်သော ယောက်ျားတစ်ယောက်ကို ဘ၀တစ်သက်တာလက်တွဲဖို့ ဆုံးဖြတ်ခဲ့လိမ့်မည်မဟုတ်။ ကဲ… ဒါတွေဟာ မေမေ မရှိခြင်းဆိုသော အကြောင်းတစ်ခုတည်းကြောင့် ဖြစ်ပျက်လာခဲ့ရခြင်း မဟုတ်ပါလား။
မေမေက သူမတို့ကို စွန့်ခွာသွားခဲ့ပြီ။ ဖေဖေက သူမတို့ကို စွန့်ခွာဖို့ ကြိုးစားနေလေပြီ။ ညီမလေးက အရွယ်နှင့်မလိုက်သောဝန်တွေကို ထမ်းရွက်လျက် အားအင်ချိနဲ့ပြိုယိုင်လဲလဲ ခြေလှမ်းတွေဖြင့် မလှမပ အနာဂတ်ကို ခပ်မဲ့မဲ့ပြုံးကြည့်လို့။ သူမကတော့ ကိုယ့်ဘ၀ကိုယ်တည်ထောင် မရပ်တည်နိုင်သည့် သတ္တိနည်းပါးသည့် မိန်းမတစ်ဦးပီပီ ကွန်းခိုစရာမရှိသည့်ဘ၀မှာ ကြောက်လန့်တုန်လှုပ်စွာ ကူကယ်ရာမဲ့။
မေမေရေ၊ မေမေ ရောက်ရာအရပ်က တစ်ချက်လောက် လှမ်းကြည့်လိုက်စမ်းပါ။ မေမေမရှိတော့သည့်အတွက် တစ်စစီ၊ တစ်စစီ ကျိုးပဲ့ပျက်စီးသွားရတော့မည့် မိသားစုအသိုက်အမြုံလေးတစ်ခုဆီကို။ မေမေ့ရဲ့ စိတ်ချယုံကြည်ခြင်းတွေထဲမှာ မပါဝင်ခဲ့တဲ့အချက်တွေကို ခဏလေးဖြစ်ဖြစ် ပြန်လာကြည့်လှည့်ပါ မေမေ။ လူတွေဟာ တစ်ဦးကိုတစ်ဦး နားလည်ပေးဖို့ ခက်ခဲတတ်ကြတယ်ဆိုတာ မေမေသိခဲ့လျက်နဲ့၊ ဘယ်သူကမှ မြမိုးယံကို နားလည်မပေးကြပါဘူး။ မေမေ့ကို ကယောင်ကတမ်း တမ်းတရင်း အိပ်ပျက်ခဲ့ရတဲ့ညတွေ။ လူရိုသေ၊ ရှင်ရိုသေ၊ ဣနြေ္ဒရရအလုပ်ကလေးဟု သာမန်ကာလျှံကာ ကင်ပွန်းတပ်နိုင်သည့် အလုပ်လေးတစ်ခုရှိရုံနှင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်တည်နိုင်သေးသော သူမကိုယ်သူမ စိတ်ပျက်မုန်းတီးစွာ အပြီးတိုင် ချုပ်ငြိမ်းပစ်လိုစိတ်တွေ။ တကယ်တမ်းကျတော့လည်း သူမက သတ္တိကြောင်သူတစ်ဦးရယ်မို့ မက်တွယ်စရာမရှိသည့်ဘ၀ကို ဖက်တွယ်လို့နေချင်သေးသလိုလို။

ညီမလေးဆိုသော ကြိုးတစ်ချောင်းသာမရှိတော့လျှင် ဘာတစ်ခုမှ နှောင်ဖွဲ့တွယ်ငင်နေစရာမရှိတော့သော ဘ၀ကိုပင် မြမိုးယံက စွန့်လွှတ်မသွားနိုင်သေးသူလေ။ မေမေ့သမီးဖြစ်လျက် သူမက ဘာကြောင့် မေမေ့လောက် သတ္တိမကောင်းရပါသလဲကွယ်။ ကိုယ်ချစ်ခင်မြတ်နိုးရတဲ့ တစ်စုံတစ်ယောက် (သို့မဟုတ်) အသိုက်အမြုံတစ်ခုကို စွန့်ခွာသွားနိုင်ခြင်းဆိုသည့် သတ္တိကို မေမေ ဘယ်လိုအင်အားများမွေးမြူ၍ ရရှိသွားခဲ့တာပါလိမ့်။ တကယ့်ကိုပဲ မေမေ စွန့်လွှတ်ရက်ခဲ့သည်နော်။
“ဒုက္ခကို မမြင်တတ်တဲ့သူဟာ နိဗ္ဗာန်ကို မလိုချင်ဘူး၊ မေမေကတော့ ဒုက္ခကို ကောင်းကောင်းကြီး မြင်တတ်ပြီ၊ ခန္ဓာရှိနေသမျှတော့ အို,နာ,သေ ဖြစ်နေရဦးမှာပဲ၊ ခန္ဓာမရှိအောင်လုပ်ဖို့ဆိုတာလည်း ဘ၀အဆက်ဆက် ကိုယ်က ကျင့်နေရမှာ” ဟု တရားစကားဆိုရင်း သူမကို ၀ိပဿနာ တရားထိုင်ဖို့ အလေ့အကျင့်လုပ်ခိုင်းတတ်သည့် မေမေဟာ ဒီဘ၀ ဒီခန္ဓာကို အဆင်အခြင်မဲ့စွာ စွန့်လွှတ်သွားမည့်သူတော့မဟုတ်။

သူမတို့မိသားစုကို မေမေစွန့်ခွာခဲ့သည်မှာ နှစ်,နှစ်ကျော်ကာလကြာသွားသည့်တိုင် လူ့လောကထဲမှာ မေမေရှိနေသေးသည်ဟု သူမယုံကြည်၏။ ဗေဒင်တွေ ယတြာတွေ သူမ မယုံကြည်တတ်ပေမယ့် မေမေ့အတွက်တော့ နာမည်လေးသန့်သန့်ကြားရရုံနှင့် အပြေးအလွှား သွားမေးဖြစ်ခဲ့ရတာပါပဲ။ လက္ခဏာကို လုံးဝစိတ်မ၀င်စားသည့် ညီမလေးသည်ပင် နာမည်ကြီး သတင်းထွက်လာသည့် ဗေဒင်ဆရာတို့၏ လိပ်စာကို မှတ်သားကာ သူမကို ပေးတတ်ခဲ့သည်ပဲ။
မေးမိသည့် ဗေဒင်ဆရာတိုင်းလိုလိုက မေမေ မသေသေး၊ အသက်ရှင်လျက်ရှိသေးသည်ဟူသော ဟောပြောချက်ကိုတော့ သူတို့ ညီအစ်မနှစ်ယောက် အပြည့်အ၀ယုံကြည်ကာ ခဏတာတော့ မျှော်လင့်ချက်တွေ အရောင်တောက်လာစမြဲပါပဲ။ သို့ပေမယ့် ထူးထူးဆန်းဆန်း အမှုအခင်းတစ်ခုခုကို ဖတ်ရကြားရလျှင်ပင် စိုးထိတ်တုန်လှုပ်သွားတတ်သည့် ခံစားချက်ကတော့ ဘယ်အခါမှ မလျော့ပါးခဲ့။ မေမေ့အရွယ် သီလရှင်နှင့် ယောဂီများကိုမြင်လျှင် ထင်ယောင်ထင်မှားဖြစ်ကာ ခပ်ဝေးဝေးနေရာမျိုးကပင် အပြေးအလွှား လိုက်ခေါ်နှုတ်ဆက်တတ်သည့် အကျင့်တစ်ခုကလည်း လူကြားသူကြားမှာ အများသူငါ ၀ိုင်းကြည့်စရာ ဖြစ်နေခဲ့လေပြီ။
စာရေးတတ်ဖတ်တတ်ရုံသာရှိသော ရွက်ကြမ်းရေကျိုရုပ်ရည်နှင့် ရိုးသားအေးဆေးလှသော အသက် ၅၃နှစ်အရွယ် မေမေသည် အဘယ်ကဲ့သို့သော အလုပ်မျိုးဖြင့် ရှင်သန်ရပ်တည်နေပါသနည်း။ သူမတို့ မျှော်လင့်ချက်တွေက ကုန်ဆုံးမသွားသေးပါ။ သူမ ဘယ်နေရာ ဘယ်ဒေသသို့ ရောက်သွားရောက်သွား အုတ်ခဲသယ်၊ မဆလာရွက် အလုပ်ကြမ်းသမားများကအစ ယုတ်စွအဆုံး လမ်းပေါ်က သူတောင်းစားဖြစ်စေ မေမေလားရယ်ဟု ၀မ်းပန်းတနည်း မျှော်လင့်မိသေးလျက် မျက်နှာကို မရအရ လိုက်ကြည့်လိုစိတ်တို့ကိုလည်း ဘယ်လိုမှ ဖျောက်ဖျက်မပစ်နိုင်ခဲ့။
မေမေထွက်သွားသည့်နေ့မှစ၍ ယနေ့ထိတိုင် မေမေ့ကို ပြန်လည်တွေ့ဆုံလိုစိတ်တစ်ခုတည်းဖြင့် မျှော်လင့်တကြီး စောင့်စားခဲ့ဖြစ်သော သူမနှင့်ညီမလေးကို မေမေ လုံးဝမေ့လျော့ပြီး အပြီးတိုင် ငြိမ်းသတ်နိုင်ဖို့ ခက်ခဲဦးမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူမကတော့ မေမေ့ကို အချိန်တော်တော်များများမှာ တမ်းတနေမိမြဲ။
"အမေတစ်ယောက်ဖြစ်ပြီး အိမ်ထောင်မကျသေးတဲ့ အပျိုအရွယ်သမီးလေးနှစ်ယောက်ကို ပေယျာလကန် ပစ်ထားရစ်တာ ဖေဖေတော့ အံ့သြလို့မဆုံးဘူး" ဟု ဖေဖေက အပြစ်တင်စကားဆိုလျှင် သူမ မေမေ့ဘက်က နာနေတတ်သေးတာ။ မေမေ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့သော ဖေဖေကရော သူမတို့ ညီအစ်မကို ပေယျာလကန် ပစ်ပယ်ထားရစ်တော့မည့်သူပါပဲ။ ညီမလေးလိုသာ စိတ်ဓာတ်ကြံ့ခိုင်သူ၊ အစွမ်းအစရှိသူတစ်ယောက် ဖြစ်မည်ဆိုလျှင် မေမေ့ကိုသော်လည်းကောင်း၊ တခြား မည်သူတစ်ဦးတစ်ယောက်ကိုမှသော်လည်းကောင်း၊ အပြစ်တင်နေစရာမလိုအပ်။ တကယ်တော့ မိမိကိုယ်သာ ကိုးကွယ်ရာမဟုတ်ပါလား။
အဆုံးသတ်တော့ ကိုယ့်ကိုယ်ကို အားမကိုးချင်တဲ့ ခပ်ညံ့ညံ့မိန်းမတစ်ယောက်ဟာ ဒီလိုအဖြစ်အပျက်မျိုးထဲမှာ သူတစ်ပါးစော်ကားတာကို ခေါင်းငုံ့ခံလာခဲ့ရတာပဲမဟုတ်လား။ သူမအဖို့တော့ တစိမ့်စိမ့်တွေးကြည့်လေ ပိုကြေကွဲလေပါပဲ။

အိမ်,ဟူသော စကားလုံးလေးတစ်လုံး၏ အဓိပ္ပါယ်က ဘယ်လောက်များ ကျယ်ဝန်းနက်ရှိုင်းလိုက်ပါသလဲ။ ဟိုစဉ်တုန်းက သူမ မသိခဲ့ရ။ အသက် ၂၆နှစ်ကာလအထိ အိမ်ပေါင်းများစွာမှာ  သူမ မိသားစုနှင့်အတူ နေထိုင်ခဲ့ရဖူးသည်နော်။ ၀န်ထမ်းဖြစ်သော ဖေဖေ တာဝန်ကျရာဒေသများသို့ ပြောင်းရွှေ့နေထိုင်ရခြင်းကြောင့် အိမ်အမျိုးမျိုးပေါ်မှာ ပြောင်းလဲနေခဲ့ရသော်ငြား သူမတို့မှာ ထူးခြားသည့်ခံစားချက်တို့ မဖြစ်ပေါ်ခဲ့။ ဘယ်အိမ်ကိုပြောင်းပြောင်း 'ငါ့အိမ်' ဟူသော စကားလုံးကိုတော့ သူမတို့ ပိုင်ပိုင်ကြီးပြောခဲ့ဖူးသည်ပဲ။
ဖေဖေ့အလုပ်ခွင်မှရသော ၀န်ထမ်းအိမ်ရာဖြစ်စေ၊ ငှားရမ်းနေထိုင်ရသော အိမ်ဖြစ်စေ သူမတို့ ခိုလှုံနေထိုင်ခွင့်ရသော အိမ်တစ်လုံးကတော့ သူမတို့မိသားစုကို နွေးထွေးလှိုက်လှဲစွာ အသင့်စောင့်ကြိုနေတတ်တာပါပဲ။ 
ဟိုစဉ်တုန်းက မေမေရှိခဲ့သည့် နွေးထွေးနှစ်လိုဖွယ်အိမ်တွေပေါ့။ နောက်တော့ မေမေမရှိတော့သည့် အေးစက်စက် အိမ်ခန်းငယ်တစ်ခုပေါ့။ အဲဒီနောက်တော့ ကြေကွဲခြောက်သွေ့တိတ်ဆိတ်နေသည့် အဆင့်မြင့်တိုက်ခန်းကျယ်တစ်ခုပေါ့။ (မေမေထွက်ခွာသွားသည့်အချိန်က သူမတို့မိသားစုနေထိုင်ခဲ့သောအိမ်မှာ ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုမှ ခပ်ညံ့ညံ့ ပျဉ်ထောင်အိမ်သေးသေးလေးဖြစ်၏။ ထိုစဉ်က ညီမလေးအလုပ်မှ ခဏထွက်ကာ အဆင့်မြင့်စီးပွားရေး သင်တန်းတစ်ခု တက်နေခဲ့သည့်အတွက် သူမတို့မိသားစု စီးပွားရေးကျပ်တည်းနေချိန် ဖြစ်၏။)
ခုတော့ဖြင့် မေမေမရှိခဲ့ဖူးသည့်အိမ်၊ မေမေမရှိတော့သည့်အိမ်၊ နွေးထွေးနှစ်လိုဖွယ်ကောင်းသောအိမ်၊ အေးစက်ငြီးငွေ့ဖွယ်ကောင်းသောအိမ်၊ အားလုံးကို သူမစွန့်ခွာရတော့မည်။ တွေးကြည့်စမ်းပါကွယ်၊ ဘယ်လောက်များ ၀မ်းနည်းနာကျင်စရာကောင်းလှတဲ့ အဖြစ်အပျက်လဲဆိုတာ။ 

အိမ်။ ခိုလှုံစရာအိမ်တစ်လုံးအတွက် ယောက်ျားတစ်ယောက်ကို ဘ၀ပေးပုံအပ်လက်ထပ်ဖို့ ဆုံးဖြတ်ရလေသည်တဲ့။ ရှက်စရာကောင်းသည်နော်။ ပြီးတော့ လူသိမခံချင်စရာလည်း ဖြစ်သည်နော်။ သို့သော် ထိုအဖြစ်အပျက်ထဲ၌ အနာတရများစွာတို့ဖြင့် အလဲလဲအကွဲကွဲ ရှုံးနိမ့်နေသည့် မိန်းမတစ်ယောက်၏ ရင်တွင်းခံစားချက်တို့ကို နားလည်ပေးနိုင်သည့် တစ်စုံတစ်ယောက်မရှိ။ အားကိုးရကောင်းပါရဲ့ဟူသော မ၀ံ့မရဲမျှော်လင့်ချက်ဖြင့် ရွေးချယ်ခဲ့သော ထိုတစ်ယောက်ကပင်လျှင် "ကိုယ် မင်းကိုကြောက်နေတယ်၊ မင်းရဲ့စိတ်က မင်းအမေနဲ့တူတာဆိုတော့ တစ်နေ့နေ့မှာ ကိုယ့်ကို စွန့်ပစ်ထားခဲ့မှာလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ပေါ့။ အရှုံးအမြတ်နဲ့တွက်ရင် ယောက်ျားတစ်ယောက်အတွက် ဒါ အရှုံးပဲလို့ မခေါ်နိုင်လောက်ပေမယ့် အဲဒီလိုအဖြစ်အပျက်မျိုးကိုတော့ ကိုယ် မခံချင်ဘူးလေ" ဟု အားမနာတတ်စွာ ခပ်ပြောင်ပြောင်ပြောနေတတ်ပြန်ရဲ့။ ကဲ… မြမိုးယံရဲ့ ညီမလေးရေ… ကြည့်တတ်မယ်ဆိုရင် လောကကြီးဟာ ရယ်စရာပါပဲတဲ့လား။

(၇)

"ရယ်စရာကြီးနော်၊ သမီးနဲ့အပြိုင် အဖေက မင်္ဂလာဆောင်ဖို့ ကြိုးစားနေတာ" ညီမလေး၏ ရယ်စရာကြီးဟူသောစကားက သူမအတွက် ငိုချင်စရာကောင်းသွားလေသည်။ ဖေဖေက သူမကို အိမ်ထောင်ပြုဖို့ မကြာခဏတိုက်တွန်း၏ ခုတော့လည်း သူမ မင်္ဂလာမဆောင်ခင် သူကိုယ်တိုင် သတို့သားဖြစ်ဖို့ အစွမ်းကုန်ကြိုးစားနေပြန်လေသည်။ မေမေမရှိတာ တစ်ခုကလွဲလျှင် သမီးနှစ်ယောက်နှင့် နေရသောဘ၀မှာ အိမ်ထောင်ဦးစီးရယ်ဟု တာဝန်ကြီးကြီးမယူရတော့သည့်ဖေဖေ။ ခုတော့လည်း ရုတ်တရက် ကျရောက်လာသည့် ၀န်ထုပ်ဝန်ပိုးကြီးတွေနှင့် လေးပင်လှစွာ။
ပင်ပန်းရပေမယ့်လည်း ဖေဖေ့အတွက်တော့ ကျေနပ်စရာဖြစ်နေသည်လား မပြောတတ်။ သူမတို့ညီအစ်မ မပေးချင်သည့် မေမေ့နေရာသို့ အစားထိုးဝင်ရောက်လာသည့် မိန်းမသည် ရုပ်ပိုင်းဆိုင်ရာအားဖြင့် မေမေ့ထက် သာနေသည်မဟုတ်လား။ အလုပ်အကိုင်နှင့် ဘွဲ့ရပညာတတ်သူ။ ခေတ်အပြင်အဆင်နှင့် လှသည်ဟု ပြောနိုင်လောက်သော ရုပ်ရည်ရှိသူ။ ပြီးတော့ အပျိုကြီးပါတဲ့။

အသက် ၆၀ နီးသည့်တိုင် ကျန်းမာဖျတ်လတ်စွာ နုပျိုချောမောဆဲဖြစ်သော ယောက်ျားတစ်ယောက်အနေနှင့် ဒီလိုမိန်းမမျိုးကိုရတာ ဆန်းတော့မဆန်းလှ။ ခေတ်ကြီးကိုက လင်ကောင်းရှားနေပြီဆိုပါရောလား။ ဘာရယ်မဟုတ်ဘဲ သူမတို့ညီအစ်မ ရယ်မောနေခဲ့မိသေး၏။ ပူပန်သောကတွေကို ခဏတာ ဘေးဖယ်လို့လေ။
"မမ ဖေဖေမင်္ဂလာဆောင်ပြီးရင် နင်တော့ သွားပြီ၊ သူက နင့်မင်္ဂလာဆောင်ဖိတ်စာမှာ သူ့မိန်းမနာမည်ထည့်ချင်နေပုံပဲ" ဟု ပြောတော့ သူမ အံ့သြသွားရလေသည်။ စဉ်းစားစရာကိစ္စတစ်ခု ဖြစ်ရပြန်၏။

"ဟဲ့… ငါက မေမေ မွေးထားတဲ့သမီးပဲ၊ သူ့မိန်းမ မွေးတာမှ မဟုတ်ဘဲ"
"ရော်… ဖေဖေက မေမေနဲ့ကွဲထားပြီးသားလေ၊ ပြီးတော့ ဟိုမိန်းမက လက်ရှိမိန်းမဖြစ်သွားတော့ နာမည်လေးအတူတွဲလို့ ထည့်ချင်တာနေမှာပေါ့၊ နေပါဦး… ဒါဆိုရင် မေမေ့ကို ကွင်းစကွင်းပိတ်နဲ့ ထည့်ပြီးမှ သူ့မိန်းမနာမည်ထည့်ရမှလား၊ ဘယ်လိုဖြစ်သွားမလဲ"
"အို… မေမေမှ မသေသေးတာ၊ သေလည်း နာမည်ပျောက်သွားတာမှ မဟုတ်တာ၊ ငါတို့အမေဟာ ငါတို့အမေပဲပေါ့၊ မထည့်ပါဘူး။ ဖိတ်စာရိုက်လည်း မေမေ့နာမည်တစ်မျိုးပဲထည့်မယ်၊ သူ့မိန်းမ နာမည်ထည့်ချင်ရင် သူ့နာမည်ပါ မထည့်တော့ဘူး"
သူမ စိတ်တိုတိုနှင့် ဘောက်ဆတ်ဆတ်ပြောလိုက်မိတော့ ညီမလေးက အော်ရယ်ပြန်လေသည်။
"အဲဒါ ယောက်ျားယူချင်တဲ့ဒုက္ခ" ဟု ပြောနေပြန်သေး၍ သူမမှာ ငိုရခက်ခက်၊ ရယ်ရခက်ခက်။ ညီမလေးကတော့ အပူသောကတွေ ဘယ်လောက်ရှိရှိ အော်အော်ရယ်တတ်သည့် အကျင့်ကလေးကြောင့် ဖြေသာစရာရနေတာထင်သည်။ တကယ်တော့ ရယ်စရာဖြစ်စေ၊ ငိုစရာကို ရယ်စရာအဖြစ် ပြောင်းလဲဖန်တီးယူရသည်ဖြစ်စေ ညီမလေးနှင့်အတူ ရယ်မောရမည့် ရက်တွေက ဘာမှမကျန်တော့။ သိပ်မကြာခင်ကာလမှာ ညီမလေးနှင့် သူမ ခွဲခွာရတော့မှာ။
ဖေဖေကတော့ အနှစ်နှစ်အလလက မက်ခဲ့သော အိပ်မက်တစ်ခုကို လက်တွေ့ဘ၀ထဲ ဆွဲခေါ်ယူနိုင်ပြီးမို့ ကျေနပ်ဖွယ်ဘ၀တစ်ခုမှာ နေပျော်နိုင်သူဖြစ်မှာပါ။ မေမေ့ကြောင့် လျော့ပါးပွန်းပဲ့ကုန်သည်ဆိုသော ဖေဖေ့ဂုဏ်သိက္ခာတို့ကို ထိုအမျိုးသမီးက ပြန်လည်ဖြည့်ဆည်းပေးနိုင်လိမ့်မည်လား၊ ဂုဏ်သိက္ခာဆိုသော စကားလုံးကို သုံးမိလျှင်တော့ ညီမလေးကို သူမ သတိမရဘဲ မနေနိုင်။ ညီမလေးက ဂုဏ်နှင့်သိက္ခာကို တစ်လုံးစီ ခွဲခြားပြောလေ့ရှိသူလေ။

ရဲရင့်ပွင့်လင်းသလို မှန်တယ်ထင်ရင် ဘာကိုမှမကြောက်တတ်သော ညီမလေးက ဖေဖေ့အား "ဖေဖေက ဂုဏ်သိပ်မက်တာပဲ" ပြောင်ပြောင်တင်းတင်း ပြောချတတ်သူပေ။ ဖေဖေ့ကို ဗြောင်ကျကျ ဝေဖန်ပစ်တတ်မှုတွေ၊ မကြောက်မလန့် မဟုတ်မခံ ပြန်ပြောတတ်တာတွေက ညီမလေး၏ ပညာထူးချွန်မှု၊ ငွေရှာကောင်းမှု၊ လူဝင်ဆံ့မှုတို့ကို အရင်းခံသော မာန်ကလေးကြောင့်ဟု ဆိုနိုင်ပေမည့် ညီမလေးဟာ ငွေမရှာနိုင်သေးဘဲ ကလေးဘ၀ကပင် သူမှန်တယ်ထင်လျှင် ဘာကိုမှ ဂရုမစိုက်တတ်သည့် ဥာဉ်ကလေးရှိသူနော်။
ဖေဖေဂုဏ်မက်တာကို သူမ သိပေမယ့် ဖေဖေ့ကို ဖွင့်ပြောဖို့က ဝေးလို့ ညီအစ်မချင်းပင် သူမ ပြောမထွက်ခဲ့။ သူမရဲ့ ညီမလေးကတော့ ခပ်ရဲရဲပင်။

"ငါက ဟုတ်တာပြောတာပဲ မမရဲ့၊ နင့်အမြင်ပဲမဟုတ်လား။ မေမေ ပညာမတတ်တာ၊ မချမ်းသာတာကို ဖေဖေ ကျေနပ်တာမှမဟုတ်တာ။ ခု ဂုဏ်ရှိတယ်လို့ သူ သတ်မှတ်ထားတဲ့ မိန်းမကိုရတော့ သူ ဘယ်လောက်ကျေနပ်နေသလဲကြည့်စမ်း။ ရတောင်မရသေးဘူး၊ အေးလေ ရပြီးပြီလားတော့ မသိပါဘူး။ ဆင်ထားလိုက်တာ ရွှေဆွဲကြိုးကြီးမှ အရှည်ကြီးပဲ။ မေမေ့အပေါ်များ အဲဒီလောက် ဂရုစိုက်ခဲ့ရင် မေမေ ထွက်သွားမတဲ့လား။ ပြောတော့ဖြင့် သူ့လစာက ဘာမှရတာမဟုတ်ဘူးတဲ့၊ သမီးတို့ကျွေးတဲ့ ထမင်းကို ဖေဖေထိုင်စားနေရသလိုဖြစ်တယ်တဲ့၊ သူ လစာကောင်းနေတာ ငါ သိသားပဲ။ ငါက ကိုယ့်အဖေ၊ ကိုယ့်မိဘကို ရှာဖွေကျွေးနိုင်တာပဲ သိပ်ကျေနပ်တဲ့လူပါ၊ မရှိအတူ ရှိအတူပေါ့။ ငါ့မှာတော့ ခြောက်လတစ်ခါ တိုက်ခန်းခပေးနိုင်ဖို့ မနည်းငွေစုနေရတာ၊ ရပ်ကွက်တွေထဲ မနေချင်ဘူးဆိုလို့ နေရာကောင်းကောင်းကို ရှာလိုက်ရတာ၊ သူအိမ်မှာ နေပျော်ပါစေတော့ရယ်လို့ တစ်မျိုးပြီးတစ်မျိုး ဖန်တီးလိုက်ရတာ၊ ရှိစုမဲ့စု ဒီမိသားစုလေး သုံးယောက်ပြိုကွဲသွားမှာစိုးလို့ ၀တ်ချင်တာမ၀တ်ဘူး၊ သွားချင်တာမသွားဘူး၊ သူ့ကျတော့ မိန်းမယူဖို့ ငွေစုနေသတဲ့။ ငါက သူမွေးထားတဲ့သမီးကိုး။ ငါပြောတော့ ငါ့အလွန်ပေါ့။ အဖေသင်ပေးခဲပတဲ့ ပညာအရည်အချင်းနဲ့မာန်တက်ပြီး အဖေကိုစော်ကားတယ်ပဲ ဖြစ်တော့တာပေါ့။ အ၀ီစိမှာ ချိုးကပ်မယ့်မိန်းမဟာလည်း ငါ တစ်ယောက်တည်းပဲပေါ့။ နောက်ဆုံးတော့ ငါ အပင်ပန်းခံပေးဆပ်ခဲ့သမျှ ဘာများအရာထင်ခဲ့လို့လဲ။ သမီးတွေမကောင်းလို့ အဖေနောက်မိန်းမယူရတာတဲ့၊ သမီးတွေက ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေပြီး အဖေကို ဂရုမစိုက်ကြလို့တဲ့၊ အိမ်ပြန်ရောက်ရင် ရင်ထဲမှာ ဟာတာတာကြီး ဖြစ်နေရတာတဲ့။ ဟားဟား…ဟားဟား… သိပ်ရယ်ဖို့ကောင်းတာပဲ။ 
ဟာတာတာကြီးတဲ့လေ။ အမလေး.. ရယ်ရလွန်းလို့ မျက်ရည်တောင်ထွက်လာပြီ"
စီစီရီရီ သွားဖြူဖြူလေးတွေပေါ်အောင် ရယ်မောနေသည့် ညီမလေး မျက်ဝန်းအိမ်မှာ မျက်ရည်စတွေနှင့်။ ညီမလေးရယ်၊ ရယ်စရာမကောင်းတဲ့အဖြစ်တွေအတွက် ကြံဖန်ရယ်မောနေရတာ ပင်ပန်းလှချည့်ရဲ့။ ခုတစ်လော ညီမလေးရယ်သံတွေက ခြောက်ကပ်ကပ်။ ညစဉ်ညတိုင်း မေမေ့ကို ကယောင်ကတမ်း တမ်းတရင်း တိတ်တခိုး ရှိုက်ငင်သံတွေကို အိပ်လို့မပျော်နိုင်ဖြစ်နေတဲ့ သူမလည်း ကြားနေရသားပဲ။ ခုနေခါ မေမေများ ပြန်ရောက်လာရင် ညီမလေး ဘယ်လောက်ပျော်ရွှင်လိုက်မလဲ။ မာနကြီးတယ်ဆိုတဲ့ ညီမလေးဟာလည်း သူမလိုပဲ မေမေ့ကို တမ်းတမ်းတတ အလိုရှိနေသူရယ်ပါ။
တစ်လောဆီက နယ်မြို့လေးတစ်မြို့မှာနေထိုင်သော ဘွားဘွားဆုံးပါးသွားခဲ့၏။ မေမေချစ်သော မေမေရယ်ပေါ့။ နယ်ကိုချက်ချင်းလိုက်သွားဖို့ သူမရုံးသို့ဖုန်းဆက်၍ ညီမလေးပြောခဲ့၏။ 
ဘွားဘွားဆုံးကြောင်း မေမေကြားသိလျှင် မေမေလာနိုင်သည်ဆိုသော မျှော်လင့်ချက်ဖြင့်လေ။ မေမေ့အဖေ သေဆုံးစဉ်က ဖေဖေခွင့်မပြု၍ မေမေ သွားမတွေ့ခဲ့ရ။
"သေပြီးနေပြီ၊ ဘာလုပ်နိုင်တော့မှာလဲ၊ ကလေးတွေလည်း စာမေးပွဲဖြေရတော့မယ်၊ နောက်မှသွား" ဟူသော ဖေဖေ့အမိန့်ကြောင့် မေမေ စိတ်အနာတရဖြစ်ခဲ့ဖူးသည့် အဖြစ်အပျက်တစ်ခုကို သူမ ယနေ့ထိတိုင် မှတ်မိနေသေး၏။ ခုတော့ ဖေဖေ့အရိပ်အောက်မှာ မဟုတ်တော့သည့် မေမေဟာ ဘွားဘွားဆုံးကြောင်းကြားသိခဲ့လျှင် ရောက်ရာနေရာက လာနိုင်သည်ပေါ့။

သို့ပေမယ့် 
သူမတို့တွေးထင်သလို မေမေ့အရိပ်အယောင်လေးတောင်မှ ပေါ်ထွက်မလာခဲ့ပေ။ မေမေ့အတိတ်ကိုတော့ အလှမ်းကွာဝေးနေသည့် ဆွေမျိုးများထံမှ သိရှိခဲ့ရ၏။
"ညည်းအမေက ယောက်ျားကို အင်မတန်ချစ်တာ" ဟူသော စကားကို ပြောနေကြသော မေမေ့အမျိုးတွေက မေမေ သူမတို့သားအဖကို စွန့်ခွာသွားခဲ့သည်ကို မယုံကြည်နိုင်ကြ။
ဖေဖေက မေမေတို့မြို့မှာ ကျောင်းလာတတ်သော မြို့ကြီးသားဖြစ်သည်တဲ့။ ဖေဖေက မေမေတို့မြို့မှာ မင်းသားတစ်ယောက်လို လူကြိုက်များလှသူဖြစ်ခဲ့သည်တဲ့။ ဖေဖေထားသည့် ရည်းစားသုံးယောက်မှာ မေမေကတော့ တစ်ယောက်အပါအ၀င် ဖြစ်လေသည်ပေါ့။ တကယ်တော့ မေမေဟာ ဖေဖေလက်တည့်စမ်းထားတဲ့ တစ်ပြိုင်တည်း ရည်းစားများစွာက တစ်ယောက်ရယ်ပါ။ တစ်နေ့ ဖေဖေနှင့်မေမေ ချိန်းတွေ့စကားပြောစဉ် မေမေ့အစ်ကိုများ တွေ့သွားသည်မှစကာ ဖေဖေနှင့် ဇွတ်အတင်း အိမ်ထောင်ချပေးခဲ့ခြင်း ဖြစ်လေသည်တဲ့။
"ဖူးစာပါလို့ ညားကြတာပါအေ၊ အမှန်တော့ ညည်းအဖေက ယောက်ဖတွေကို ကြောက်ကြောက်နဲ့ ယူလိုက်တာလည်း ပါမှာပေါ့"
"သူတို့ချင်း ချစ်လို့ ယူကြတာပါကွာ၊ ဘယ်သူမှ ရိုက်ပုတ်ပေးစားခဲ့တာမဟုတ်ပါဘူး။ ညည်းအဖေမင်္ဂလာဆောင်တော့ တို့မြို့မှာ မိန်းကလေးတွေ တော်တော်ငိုကြတယ်ပြောတာပဲ၊ ငါတို့လည်း မြင်ရတာမဟုတ်ပါဘူး။ ညည်းအမေနဲ့ အပြိုင်ထားတဲ့ရည်းစား မခင်မေဆိုတာတော့ ခုချိန်ထိ အပျိုကြီးတော့… ရှိပါ့၊ ရုပ်က ခပ်ချောချောပဲ"
ဦးကြီး၊ ဒေါ်ကြီးတွေပြောပြသော ဖေဖေနှင့် မေမေ့ပုံပြင်တွေက သိပ်တော့ဆန်းကြယ်သည်မဟုတ်။ ဖြစ်တတ်တဲ့ သဘာဝကြားက ဇာတ်လမ်းတစ်ပုဒ်မျှသာ။ အဲဒီဇာတ်လမ်းဟာ ၂၆နှစ်ကာလ ကြာရှည်ခဲ့ပြီးမှ ပျက်စီးသွားရတာကသာ ဆန်းကြယ်လှတာ။ ထိုပုံပြင်ကို ညီမလေးအား သူမ ပြန်လည်ပြောပြတော့…
"ဘာဆန်းသလဲဟယ်၊ အဲဒီအကြောင်းကို အရင်းခံပြီးတော့ ဒီအဖြစ်အပျက်ကဖြစ်လာရတာ။ အိမ်ထောင်တစ်ခု တည်မြဲဖို့ဆိုတာ တစ်ယောက်ကိုတစ်ယောက် အထင်ကြီးလေးစားမှုရှိမှဖြစ်တာ။ ဖေဖေဟာ မေမေ့ကို နည်းနည်းမှအထင်မကြီးဘူး၊ မေမေ့ရဲ့ ရိုးသားမှုကို တုံးအတယ်လို့ ထင်မှတ်ခဲ့တာ မေမေ့ရဲ့ ဂုဏ်ပကာသန မမက်တတ်မှုကို နိမ့်ကျတယ်လို့ သတ်မှတ်ခဲ့တာ၊ တကယ်တော့ ဖေဖေနဲ့မေမေဟာ လုံးဝ လိုက်ဖက်ညီတဲ့အတွဲ မဟုတ်ခဲ့ဘူးလေ"
"အဓိက,ကတော့ မေမေမျှော်လင့်ခဲ့တဲ့ ချစ်ခြင်းမေတ္တာတရားကို ဖေဖေ့ဆီမှာ မေမေ မရခဲ့ဘူး၊ ၂၆နှစ်လုံးလုံး စောင့်ခဲ့လျက်နဲ့ကို မရခဲ့တာ။ ဒါကြောင့် မေမေက ငါတို့ကိုပြောခဲ့တာပေါ့၊ ကိုယ့်ကို တကယ်နှစ်နှစ်ကာကာ မလိုလားတဲ့ယောက်ျားတစ်ယောက်ကို ဘာအတွက်ကြောင့်မှ မယူနဲ့တဲ့၊ မေမေပြောတာကို ငါ လက်ခံတယ်"
ချစ်သူရည်းစားမရှိသလို အိမ်ထောင်ပြုဖို့လည်း စိတ်မ၀င်စားသော ညီမလေး၏ အိမ်ထောင်ရေးအပေါ် ရှုမြင်သုံးသပ်မှုတွေက သူမထက် ပိုရင့်ကျက်နေလေသည်။ ညီမလေးဟာ ပညာဥာဏ်ရည်အားဖြင့် မြမိုးယံထက် မြင့်မားသလို အတွေးအခေါ်လည်း မြင့်မားသူပဲ။ ထိုအတွက် ညီမလေး၏ အနာဂတ်ကို သူမ ယုံကြည်စိတ်ချသည်။ ဘယ်လိုပဲဖြစ်ဖြစ် ညီမလေးလည်း တစ်ခါတစ်ရံမှာတော့ ခိုလှုံစရာ နွေးနွေးထွေးထွေး ရင်ခွင်တစ်ခုကို တောင့်တလိုလားတာပါပဲ။ မြမိုးယံရဲ့ ခိုလှုံစရာရင်ခွင်ကရော ဘယ်ဆီမှာလဲကွယ်။

(၈)

"ဖေဖေတို့လာမယ့် တနင်္ဂနွေမှာ လက်မှတ်ထိုးကြမယ်" အသေအချာသိပြီးသားအကြောင်းအရာတစ်ခုကို တိတိကျကျသိလိုက်ရတာ ဘာများအံ့သြစရာရှိပါသလဲ။ ၀မ်းနည်းနာကျင်စရာတော့ ကောင်းနေသည်ပဲနော်။ ကိုယ့်လမ်းကိုယ်သာ လျှောက်ရတော့မည့်အချိန်ရောက်ပြီလေ။ ဘယ်ရင်ခွင်ကိုမှ တောင့်တစွာ ခိုဝင်ဖို့ မစဉ်းစားလေနှင့် မြမိုးယံ။ သူများဆီက အကူအညီရဖို့ထက် ကိုယ်က အကူအညီပေးနိုင်ဖို့သာ စဉ်းစားပါလေ။
"သမီး ဘာလုပ်ပေးရဦးမလဲ ဖေဖေ"
ရင်ထဲကမပါတဲ့ ၀တ်ကျေတန်းကျေစကားတွေကို ပြောနေတဲ့ မြမိုးယံကို ညီမလေး ဖျတ်ခနဲ တစ်ချက်လှမ်းကြည့်ခဲ့၏။ ပြုံးသည်ဆိုရုံလေး မထိတထိပြုံးကာ ဖတ်လက်စ သတင်းစာကိုပစ်ချ၍ သားအဖသုံးယောက် ဆုံစည်းရာဧည့်ခန်းထဲမှ ညီမလေး စတင်ထွက်ခွာသွားလေသည်။ ထွက်ခွာခြင်း သို့မဟုတ် စွန့်ခွာခြင်းတဲ့။ ဝေးကွာသွားကြတော့မည်ပေါ့။ သိပ်ကိုနီးကပ်လာပြီဖြစ်တဲ့ အချိန်တစ်ခုမှာ သိပ်ကို ရင်းနှီးချစ်ခင်ခဲ့ကြသူသုံးယောက် တစ်နေရာစီကို သွားကြတော့မည်လေ။
"ဖေဖေတို့ ဘယ်မှာနေကြမလဲ"
"တာမွေမှာ အိမ်ငှားထားတယ်သမီး၊ အိမ်လေးက သိပ်မကျယ်ပေမယ့် သပ်သပ်ရပ်ရပ်လေး။ နောက်ဆို သမီးကြီးလာလည်နော်။ သမီးကြီးကတော့ ဖေဖေ့ကို နားလည်နိုင်မှာပါ၊ သမီး ညီမလေးကတော့ ဖေဖေ့ကို ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။ အရေးအကြောင်းရှိရင် ဖေဖေ့ရုံးကို ဖုန်းဆက်နော်။ သမီးငယ်က နေထိုင်မကောင်းဖြစ်ရင် ဒီပြင်အချိန်တွေနဲ့ တခြားစီဖြစ်သွားရော၊ သိပ်အားငယ်တတ်တာ။ သမီးကြီး ညီမလေးကို ဂရုစိုက်ပါနော်"
"ဟုတ်ကဲ့"
ကြည့်စမ်း၊ သူမ ဘာကြောင့် အလွယ်တကူ ခေါင်းညိတ်မိပြန်တာလဲ။ ပြောလိုက်လေ၊ နေမကောင်းဖြစ်တဲ့ ညီမလေးကို ဂရုစိုက်စောင့်ရှောက်ဖို့အတွက် က် အစ်မကြီးဖြစ်သူဟာ ညီမလေးအနားမှာ ရှိခွင့်ရတော့မယ် မဟုတ်ဘူးဆိုတာ။
ဝမ်းမနည်းနဲ့၊ ကြိုးစားအားတင်းစမ်း။ တစ်ဆိတ်ရှိ မျက်ရည်ပေါက်ပေါက် ကျချင်လာတဲ့စိတ်ကို ပြုပြင်စမ်းပါလား မြမိုးယံ။ ဒါ ဘာဝမ်းနည်းစရာရှိသလဲ။ ဘယ်လိုအကြောင်းကြောင့်ပဲ ခွဲခွာရ ခွဲခွာရ အချိန်တန်ရင် သေကွဲမကွဲခင် ရှင်ကွဲကွဲရတယ်ဆိုတာ လောကဇာတ်ခုံပေါ်မှာ လူတိုင်းကြုံတွေ့ရင်ဆိုင်နေရတဲ့ အဖြစ်အပျက်ပဲ။ ဒီ ဘာမှမဆန်းပြားတဲ့ အဖြစ်အပျက်ဟာ မြမိုးယံတစ်ဦးတည်းဆီကိုမှ ထူးပြီး ရောက်ရှိလာတာမဟုတ်ဘူး။ ဒါပေမယ့် ဖေဖေကတော့ ဒီအဖြစ်အပျက်ထဲက ထွက်ပြေးနေပြီလေ။
အို… မဟုတ်သေးပါဘူး။ ဖေဖေလည်းပဲ အတိုင်းအတာတစ်ခုအထိ ခံစားနေရမှာပဲ။ ဖေဖေဟာ သူမတို့ညီအစ်မကို လုံးဝစွန့်ပစ်သွားတာ မဟုတ်သေးဘူးလေ။ အနည်းဆုံးတော့ ရုံးဖုန်းနံပါတ်ကို ပေးခဲ့တယ်။ အိမ်လိပ်စာ တိတိကျကျပေးခဲ့တယ်။ ဖေဖေ့ကိုတွေ့ချင်တယ်ဆိုရင် သွားရမယ့်နေရာ အသေအချာရှိနေတယ်လေ။
ဘာပဲဖြစ်ဖြစ် ညီမလေးပြောသလို ဖေဖေထည့်မတွက်တဲ့အရာတွေက ပိုများနေတာတော့ သေချာသည်နော်။ မြမိုးယံဆိုတဲ့ သမီးကြီးအိမ်ထောင်ပြုတဲ့အခါ ညီမလေး ဘယ်သူနဲ့နေရစ်ခဲ့မလဲ။ မြမိုးယံထက်ပိုပြီး ငွေရှာနိုင်တဲ့ ညီမလေးဟာ တစ်ယောက်တည်း လုံလုံခြုံခြုံနေထိုင်မယ့် အဆင့်မြင့်နေထိုင်စရာတစ်ခုခုကို အလွယ်တကူ ဖန်တီးနိုင်သူလို့ ဖေဖေ စိတ်ချနေတာတဲ့လား။ ရှေ့လာမယ့် လကုန်ရက်ဆိုရင် ဒီတိုက်ခန်းပေါ်မှာ ဆက်လက်နေထိုင်ခွင့် သက်တမ်းကုန်ဆုံးပြီဆိုတာ ဖေဖေတကယ်ပဲ မသိတာလား။ နေထိုင်စရာနေရာတစ်ခုကို ငှားရမ်းယူဖို့ ငွေဘယ်လောက်လိုအပ်သလဲဆိုတဲ့ မေးခွန်းကရော ဖေဖေ့ဦးနှောက်ထဲ ဘာကြောင့် ၀င်မလာရတာတဲ့လဲ။

ညီမလေး တက်ရောက်သင်ကြားနေတဲ့ သင်တန်းတွေက ငွေဘယ်လောက်အကုန်ခံရသလဲဆိုတာရော မြမိုးယံဆီမှာ မေးမြန်းကြည့်ဖို့ စိတ်မ၀င်စားဘူးတဲ့လား။ မေမေဟာ ဖေဖေထင်သလို စီးပွားရေးကျပ်တည်းနေတဲ့ အချိန်မှာ တစ်ကိုယ်ကောင်းဆန်စွာ မိသားစုကို စွန့်ခွာသွားတာမဖြစ်နိုင်ပါဘူး။ မေမေဟာ မိသားစုစီးပွားရေးပြဿနာကို သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းသွားခဲ့တာနော်။ ဖေဖေတစ်ခါက အမှတ်မထင် ပြောခဲ့ဖူးတာပဲ။ ချစ်တဲ့သူနဲ့အတူခံရတဲ့ ဒုက္ခထက် မချစ်တဲ့သူနဲ့အတူခံရတဲ့ဒုက္ခက ပိုကြီးတယ်ဆိုတဲ့ စကားကိုလေ။ ဖေဖေ မေမေ့အပေါ်ချည်းသာ အပြစ်မတင်သင့်ဘူးနော်။ မေမေက သူ ဘာမှမစွမ်းဆောင်နိုင်တော့တဲ့အချိန်မှာ သူတတ်နိုင်တဲ့လမ်းကို ရွေးသွားခဲ့ရတာ။ ဖေဖေနဲ့ မတူဘူးလေ။
ခွဲခွာသွားတာချင်းတူပေမယ့် ခွဲခွာသွားရတဲ့ ရည်ရွယ်ချက်ချင်း မတူဘူးလေ။ ရည်ရွယ်ချက်ချင်းမတူပေမယ့် မြမိုးယံလည်း ညီမလေးကို ခွဲခွာသွားရတော့မှာ။ ခွဲခွာစကားတွေကို ညီမလေးမကြားလိုတော့၍များ စကားဝိုင်းက ထသွားခဲ့ခြင်းလား။ မကြားချင်ပေမယ့်လည်း ကြားရပေဦးမယ် ညီမလေးရေ။

ဖေဖေနှင့်သူမ စကားပြောပြီး ညီအစ်မနှစ်ယောက် အခန်းဆီသို့ ပြန်ရောက်ချိန်၌ ညီမလေးက ပြတင်းပေါက်တံခါးကိုဖွင့်ကာ မှောင်မည်းမည်းကောင်းကင်ကို ငေးမောနေခဲ့၏။ သူမ၏ တိုးဖွဖွခြေသံကိုပင် လှည့်မကြည့်ဘဲ ညီမလေး သိနေလေသည်။
"ရှေ့လဆို တိုက်ခန်းစာချုပ် သက်တမ်းပြည့်ပြီနော်" ညီမလေး၏ ကျောပြင်ကိုကြည့်ရင်း "ငါ သတိရပါတယ်" ဟု သူမ ပြောလိုက်မိ၏။
"နင် လက်ထပ်မယ်ဆိုရင် ဒီနှစ်လအတွင်း မဖြစ်နိုင်သေးဘူးလား။ အနည်းဆုံးတော့ ဖိတ်စာရိုက်တဲ့အခါ ဒီအိမ်လိပ်စာကို ထည့်ရိုက်နိုင်တယ်လေ၊ ငါ နင့်အတွက် စိတ်ပူလို့"
ညီမလေး၏ ရင်ထဲကလာသောစကားက သူမကို ရင်နင့်ကြေကွဲစေပါသည်။ ညီမလေးဟာ သူ့အစ်မဖြစ်သူကို အစဉ်အမြဲ ထည့်တွက်စဉ်းစားတတ်သူနော်။
"ကျေးဇူးတင်ပါတယ်၊ မပူပါနဲ့ဟာ ဖြစ်သွားမှာပါ။ ငါ့အတွက် ကိစ္စမရှိပါဘူး၊ နင် ဒီအခန်းက ပြန်အပ်ချင်အပ်လိုက်လိုက်တော့လေ၊ ပြန်အပ်မယ်ဆိုရင် တစ်လကြိုပြောရမှာမဟုတ်လား"
"နင်တို့ ဘယ်တော့လက်မှတ်ထိုးကြမလဲ၊ ဧည့်ခံပွဲကရော စီစဉ်ပြီးပြီလား။ နင့်မင်္ဂလာဆောင်အတွက် ငွေလိုမယ်ထင်လို့ ငါ သက်သက်စုထားတာရှိပါတယ်၊ ခု အဆင်ပြေကြရဲ့လား"
"ပြေပါတယ်ဟာ" ညီမလေး၏ မေးခွန်းအတွက် "ပြေပါတယ်" ဟူသော သူမအဖြေစကားသံကပင် အဆင်မပြေခဲ့။ ဟန်ဆောင်မကောင်းပေမယ့်လည်း နည်းနည်းလောက် ကြိုးစားကြည့်ပါ မြမိုးယံ။ မြမိုးယံဆိုတဲ့ မိန်းကလေးဟာ ယောက်ျားလေးရှင်ဘက်က မလိုလားငြင်းပယ်ခြင်းခံလိုက်ရတဲ့ မိန်းမတစ်ယောက်ဆိုတာ ညီမလေး မသိပါစေနဲ့။ ဟင့်အင်း… သူတို့က ငြင်းပယ်ခဲ့ခြင်းတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ မြမိုးယံကိုယ်တိုင်က ထိုတစ်ယောက်ကို မလိုလားတော့တာပါ။

မေမေက မှာခဲ့တယ်လေ။ ညီမလေးကလည်း ပြောခဲ့တယ်လေ။ ကိုယ့်ကို တကယ်လှိုက်လှိုက်လှဲလှဲမလိုအပ်တဲ့ ယောက်ျားတစ်ယောက်ကို ဘာအတွက်ကြောင့်မှ မယူလေနဲ့တဲ့။ သူဟာ သူ့ဂုဏ်ဒြပ်နဲ့သူ တင့်တယ်စွာ ရှင်သန်ရပ်တည်နိုင်သူဖြစ်ပေမယ့် မြမိုးယံရဲ့ဘ၀ကို စာနာနားလည်ပေးနိုင်သူ မဟုတ်ဘူးလေ။ မြမိုးယံရဲ့ ပြစ်ချက်အနာအဆာ၊ အားနည်းချွတ်ယွင်းမှုတို့ကို လက်ညှိုးထိုးပြမယ့် လူမျိုးသာ ဖြစ်တာနော်။ အဲဒါဟာ မြမိုးယံကို နှစ်နှစ်ကာကာ မလိုလားခြင်းဆိုတဲ့ အကြီးကျယ်ဆုံး ပြယုဂ်ပါပဲ။

ဒီလိုလူမျိုးရဲ့ ဘ၀ထဲကို မိုက်မိုက်မဲမဲ တိုးဝင်ဖို့ သူမ စဉ်းစားမနေသင့်တော့။ ကောင်းကင်ပြင်ဆီ ငေးမောနေဆဲဖြစ်သော ညီမလေးကိုကြည့်ရင်း သူမ လည်တိုင်ဆီ အသာအယာစမ်းကြည့်လိုက်မိ၏။ ဆွဲကြိုးကလေး။ မေမေပေးခဲ့သော ဆွဲကြိုးကလေး။ ငါးမူးသားလျော့လျော့တော့ ရှိလိမ့်မယ်။ ပြီးတော့ ဘယ်ဘက်လက်ခလယ်က လက်စွပ်ကလေး။ ညီမလေးအမှတ်တရ လုပ်ပေးခဲ့သည့် မောင်းကွင်းလက်စွပ်ကလေး။ နောက် တစ်ခါတစ်ရံမှ သူမ၀တ်လေ့ရှိသော မေမေပေးခဲ့သည့် ပုလဲလက်စွပ်။ ပုံမှန်ဝတ်နေကျ ကျောက်ဖြူနားကပ်။ ဒါတွေဟာ သူမတစ်ကိုယ်တည်း ရပ်တည်မှုအတွက် တောင်ဝှေးတစ်ချောင်းလောက် အထောက်အကူမပေးနိုင်ရင်တောင် လဲပြိုလုနီးနီး သူမအတွက် ခဏတဖြုတ် ထောက်နားရာမှီတိုင်တစ်ခုတော့ ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်လမ်းကိုယ်သာ လျှောက်ပါလေ။ သို့ပေမယ့် ညီမလေးကိုတော့ စိတ်ချမ်းသာစေချင်သည်။ သူမကို ညီမလေးစိတ်ချနိုင်မည်ဆိုလျှင် ညီမလေး ကျေနပ်လိမ့်မည်။ ညီမလေးကို အားကိုးတကြီး တွယ်ဖက်ထားခဲ့သောအချိန်တွေ ကုန်ဆုံးသင့်ပြီလေ။
"နင် အဆင်ပြေရင် ပြီးတာပါပဲ၊ နင်က အိမ်မှုကိစ္စလည်း ကျွမ်းကျင်တယ်၊ စည်းကမ်းလည်းရှိတယ်၊ အိမ်ရှင်မကောင်းလုပ်နိုင်မှာပါ။ ငါတော့ ကန်လမ်းထဲက အဆောင်တစ်ခုမှာ ပြောင်းနေမယ်။ ဘုရားစင်ကို ဖေဖေယူမသွားဘူးဆိုရင် နင်ယူထားလိုက်ပါလား။ ဆက်တီခုံတွေတော့ ဖေဖေယူလိမ့်မယ်ထင်တယ်။ မေမေ့ဓာတ်ပုံကြီးတော့ ငါ ယူမယ်နော်။ နင်က မေမေနဲ့ဖေဖေနှစ်ယောက်တွဲပုံကိုယူပေါ့၊ နင်လိုချင်တာရှိရင် ကြိုက်တာယူသွားလေ။ ငါက အပြင်ဆောင်မှာ ပစ္စည်းများများစားစားနဲ့ နေလို့ရတာမှမဟုတ်တာ"
"ငါ ဘာမှမလိုပါဘူးဟာ။ ဖေဖေက အိမ်ထောင်သစ် ပြန်ထူရတာဆိုတော့ ပစ္စည်းတော်တော်များများ လိုလိမ့်မယ်၊ သူပဲယူပါစေ"
"နင်မလိုရင်လည်း ပြီးတာပါပဲ။ ပန်းပေါင်းဘုရားတစ်ဆူက မေမေ အသက် ၄၅နှစ်ပြည့်မွေးနေ့က မေမေကိုယ်တိုင် ပူဇော်ထားတာ၊ နင်က အိမ်ထောင်ခွဲဖြစ်ပြီပဲ နင့်အိမ်ကို ပင့်သွားလိုက်ပေါ့"
"အေးပါ"
မြမိုးယံရဲ့ အဖြစ်သနစ်ကို ဘာတစ်ခုမှသိခွင့်မရသော ညီမလေးက မကြာခင်ကာလမှာ အိမ်ထောင်ပြုတော့မည်ဖြစ်သည့် အစ်မအတွက် လိုအပ်သမျှ စဉ်းစားစီစဉ်ပေးနေတာကိုပဲ သူမ ရင်နာရလေသည်။ ဒီအချိန်မှာ "ငါ လက်မထပ်ဖြစ်တော့ဘူး" ဟု ဖွင့်ပြောလိုက်လျှင် ညီမလေး ဘာပြောမည်နည်း။ အသက်သုံးဆယ်နီးလာသည့်တိုင် ကိုယ့်ခြေထောက်ပေါ်ကိုယ် မားမားမတ်မတ် မရပ်နိုင်သေးသည့် အစ်မဖြစ်သူအတွက် ညီမလေး ဦးနှောက်ခြောက်သွားရုံရှိတော့မှာပေါ့။ ညီမလေးခေါင်းပေါ်က ကျလုနီးနီး အထုပ်အပိုးကြီးကို ရုတ်တရက် ပြန်ဆွဲတင်ဖို့ မစဉ်းစားပါနှင့်တော့ မြမိုးယံ။ ကိုယ့်လမ်းကိုယ်သာ လျှောက်စမ်းပါလေ။

"မမ"
"ဟင်"
"တကယ်လို့… တကယ်လို့ပေါ့။ နင့်အိမ်ထောင်ရေး အဆင်မပြေဖြစ်ခဲ့ရင်၊ တစ်ခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင်ပေါ့ ငါ့ဆီကို အရင်ဆုံးအကြောင်းကြားပေးပါနော် မမ"
သူမ ညီမလေးမျက်နှာကို တွေငေးကြည့်လိုက်မိ၏။ ညီမလေးက မျက်ဝန်းအိမ်ထဲက မျက်ရည်ငွေ့တွေကို ဖယ်ရှားဖို့ကြိုးစားရင်း သူမကို အကြည့်လွှဲသွားခဲ့၏။ ညီမလေးရေ… ညီမလေးရဲ့ တကယ်လို့ဟာ အခုပဲ တကယ်ဖြစ်နေတယ်ဆိုရင်… ဟင့်အင်း… မပြောလိုက်နဲ့။ ညီမလေးရဲ့ အနာဂတ်ကို ဖျက်ဆီးမပစ်ချင်နဲ့။ တာဝန်တွေကို ညီမလေးဆီ ပစ်တင်ဖို့ မစဉ်းစားလေနှင့်တော့။
ခြင်ထောင်ချကာ အိပ်ရာဝင်သွားသည့် ညီမလေးကို သူမ တစ်လုံးတစ်ပါဒမှ စကားပြန်မပြောမိခဲ့။ ညီမလေး အိပ်ရာဝင်တိုင်း "အမလေး ခုမှပဲ အချစ်ဆုံးကြီးနဲ့ မျက်နှာချင်းဆိုင်ရတော့တယ်" ဟု အပြောင်အပြတ် ပြောကာ ခြင်ထောင်မထောင်ဘဲ အိပ်ရာပေါ် ၀ုန်းခနဲပစ်လှဲတတ်တာ၊ ခေါင်းအုံးကို မျက်နှာအပ်ပွေ့ပိုက်လျက်က တစ်နေ့တာ ကြုံတွေ့သမျှတွေက ပြောပြတတ်တာက ညီမလေး အကျင့်တစ်ခုလို ဖြစ်နေခဲ့ပြီ။ ခြင်ထောင်ကို ဘယ်အခါမှ ကိုယ်တိုင်ထောင်အိပ်သည်မရှိခဲ့။ ခုတလော ညီမလေး ခြင်ထောင်ကို သူမ ထောင်မပေးရတာ ကြာခဲ့ပြီ။ ညီမလေးလည်း မဖြစ်မနေ လုပ်ရတော့မည့်အလုပ်တစ်ခုကို ခုကတည်းက အလေ့အကျင့်လုပ်ယူနေပြီ ထင်ပါရဲ့။
မေမေရေ… ဒီအချိန်မှာ မေမေ အိပ်မောကျနေပြီလား။ အိပ်မပျော်ခင် အချိန်လေးမှာ မေမေ ၀မ်းနဲ့လွယ်မွေးထုတ်ခဲ့တဲ့ သမီးလေးနှစ်ယောက်ရဲ့ မျက်နှာကို မြင်ယောင်မိနေပါသလား။ ဒါမှမဟုတ် မေမေ သိပ်ချစ်မြတ်နိုးခဲ့ဖူးတဲ့ တစ်စုံတစ်ယောက်ကို မြင်ယောင်တမ်းတနေမိပါသလား။ နှစ်ပေါင်း ၂၆ နှစ်ကာလကြာ ခိုင်မာတည်တံ့ခဲ့တဲ့ အသိုက်အအုံတစ်ခုဟာ ပြန်လည်ဆက်စပ်လို့မရအောင် တစ်စစီ တစ်စစီ ပဲ့ကြွေပျက်စီးတော့မယ် မေမေ။ ဘယ်တော့မှ ပြန်လည်ဖာထေးဆက်စက်လို့ မရနိုင်တော့တဲ့ ပဲ့ကြွေခြင်းမျိုးနဲ့ပါ မေမေ။
ဒီနေ့ဟာ လကွယ်ညတဲ့ မေမေ။ လမထွက်တဲ့ည၊ လပျောက်နေတဲ့ည၊ မှောင်မိုက်နေတဲ့ည၊ တိတ်ဆိတ်လွန်းတဲ့ည၊ ခြောက်သွေ့နေတဲ့ည၊ မလှမပညပါ မေမေ။ ခံစားချက်အပြည့်၊ ဒဏ်ရာအနာတရများစွာနဲ့ သူမလိုလူတွေအတွက် ကြေကွဲဖွယ်ကောင်းလွန်းလှတဲ့ည။
လသာတဲ့ညတွေကို ချစ်တတ်တဲ့ မေမေဟာ သူမတို့ညီအစ်မနှစ်ယောက်ရဲ့ ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းလဲတတ်တဲ့ ကောင်းကင်ပုံပြင်တွေကို ဟောဒီလို လကွယ်ညမျိုးမှာလည်း ပြောပြတတ်တယ်နော်။

"ညဟာတော့ ညပဲပေါ့ကွယ်၊ ဒါပေမယ့် သမီးတို့ကြည့်လိုက်စမ်း လမရှိတဲ့ညနဲ့ လရှိတဲ့ည ဘယ်ညကပိုလှသလဲ။ ဘယ်ညက ပိုအဓိပ္ပါယ်ရှိသလဲ"
"လရှိတဲ့ညက ပိုလှတာပေါ့ မေမေရဲ့၊ လရှိမှ ညရဲ့ အဓိပ္ပါယ်က ပြည့်စုံတယ်" သူတို့ညီအစ်မနှစ်ယောက် မေမေ့လက်မောင်းကို ဖက်တွယ်ရင်း သံပြိုင်ဖြေခဲ့ဖူးသည့်စကား။
"ဒါပေမယ့် လမရှိတဲ့ညတွေမှာလည်း ကြယ်ကလေးတွေ မထွက်ဘူးလား။ ညမှာ လမရှိလို့ဆိုပြီး ကြယ်ကလေးတွေ ပျောက်သွားကြသလား။ သမီးကြည့်စမ်းပါဦး၊ ကြယ်ကလေးတွေရဲ့ အရောင်အ၀ါကရော လမရှိလို့ မှေးမှိန်သွားကြသလား"

"ကြယ်ကလေးတွေကတော့ ဒီအတိုင်းပါပဲ မေမေ"
"ဟုတ်တယ်၊ သမီးတို့ညီအစ်မလည်း ကြယ်ကလေးတွေပဲ ဖြစ်ရမယ်၊ လမရှိလည်းပဲ ကိုယ့်အစွမ်းအစနဲ့ကိုယ် လင်းလက်နေနိုင်ရမယ်။ တကယ်တော့ လမရှိတဲ့ညကမှ ညနဲ့ပိုတူတာ၊ မဟုတ်ဘူးလားသမီး၊ အဲဒါ ဘ၀ဆန်တဲ့ညပေါ့"
"လူတွေဟာ လကို အလွယ်တကူ မြင်တွေ့ခွင့်ရတဲ့အချိန်တွေမှာ လရဲ့တန်ဖိုးကို နားလည်ချင်မှ နားလည်မယ်၊ ဒါပေမယ့် လမရှိတဲ့အချိန်ရောက်ရင်တော့ လရဲ့တန်ဖိုး ဘယ်လောက်ကြီးတယ်ဆိုတာ ခဏလေးနဲ့ နားလည်သွားလိမ့်မယ်။ မေမေ့သမီးတွေကတော့ လကို တန်ဖိုးထားတတ်သူတွေ ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် လမရှိတဲ့ညတွေမှာတော့ ကြယ်ကလေးတွေကို အားကျရမယ်နော်"
ဘုရားရေ… မေမေပြောပြခဲ့တဲ့ ကောင်းကင်ပုံပြင်တွေဟာ သူမတို့အတွက် တမင်ဖန်တီးချန်ထားရစ်ခဲ့တာပါလား။ ဒါဆိုရင် မေမေဟာဖြင့် ဘယ်သောအခါမှ ပေါ်ထွက်မလာတော့တဲ့ လတစ်စင်းပေါ့။ လပျောက်သွားတဲ့ည၊ လမရှိတဲ့ည၊ မှောင်မိုက်နေတဲ့ည၊ သွေ့ခြောက်လွန်းတဲ့ည၊ လွမ်းမောစရာည၊ ကြယ်ကလေးတွေ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေတဲ့ည၊ ဘ၀ဆန်တဲ့ည၊ ……ည၊ ….ည၊ ….ည၊ ….ည၊….ည။ သူမရဲ့ မလှမပ ညတွေ။

မေတ္တာဖြင့် - ယုဒါ
အမှတ်(၇၈)
ရွှေအောင်လံ ရသစုံ မဂ္ဂဇင်း
ဇန်န၀ါရီလ၊ ၂၀၀၂ ခုနှစ်။
(၁၄-၁၀-၉၇) နေ့က ထွက်ခွာသွားသော သူမ၏ မေမေသို့………..



No comments:

Post a Comment

အားပေးမှုအတွက် ကျေးဇူးတင်ပါသည်...

မေတ္တာဖြင့်...
ယုဒါ