မျိုးသော်တစ်ယောက်
လက်ရှိအလုပ်မှထွက်ကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမလုပ်ဖြစ်ဘဲ အလုပ်လက်မဲ့ဖြစ်နေသည်ဆိုသော
သတင်းကိုကြားရတော့ သွယ် အတော်ကလေး ခေါင်းနပန်းကြီးသွားရလေသည်။ ကိုယ်ပိုင်စီးပွားရေးလုပ်ရန်
လက်ရှိအလုပ်မှ ထွက်တော့မည့်အကြောင်း သွယ့်ကို သူတိုင်ပင်ခဲ့၏။ ခုတော့ ထိုအစီအစဉ်ပျက်ရပြီ။
ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ယောက်ထံ အပ်နှံထားသောငွေများ အဆုံးခံရတော့မည်မှာ သေချာသလောက်ဖြစ်နေတာကြောင့်
မျိုးသော် လုပ်ငန်းပျက်သွားရခြင်းဖြစ်၏။
မျိုးသော်အကြောင်းကို
ကြားသိရတော့ သွယ် အတွေးရှည်ကြီး တွေးမိပြန်၏။ အလုပ်အကိုင်မရှိ၊ အတိုးအပွား ပုံမှန်ဝင်ငွေလည်းမရှိဘဲ
သူတို့ဘာနဲ့စားနေကြမည်လဲ။
အလုပ်ထွက်မိ၍ နောင်တရနေမည်လား။ အလုပ်လက်မဲ့ဖြစ်နေ၍ စိတ်လေလွင့်နေမည်လား။
သွယ် စိုးရိမ်ပူပန်သွားရကာ ရုံးမှဆင်းသည်နှင့် မျိုးသော်အိမ်သို့ဝင်ရန် စိတ်ကူးမိလေ၏။
မျိုးသော်ဆိုသည်မှာ
သွယ်၏ မိတ်ကောင်းဆွေကောင်း အရင်းအချာ သူငယ်ချင်းဖြစ်တာမို့ မျိုးသော်ကိစ္စကို သွယ် အလေးထားရ၏။
မျိုးသော်နှင့် သွယ်က တက္ကသိုလ် ပထမနှစ်စ,တက်မှ ခင်မင်သိကျွမ်းခဲ့ရသူတွေဖြစ်ပေမယ့် ကျောင်းတက်စဉ်
ငါးနှစ်လုံးလုံး ရင်းရင်းနှီးနှီးတွဲခဲ့သည့် သူငယ်ချင်းတွေဖြစ်တာကြောင့် ငယ်ပေါင်းများပမာ
သံယောဇဉ်ကြီးကြလေ၏။
ကျောင်းပြီးတော့
ကျန်သူငယ်ချင်းများနှင့် ဝေးကွာသွားခဲ့သော်လည်း သွယ်နှင့် မျိုးသော်တို့ အဆက်အသွယ်
မပြတ်ခဲ့။ သွယ်နှင့်မျိုးသော်နှစ်ယောက်သာ ရန်ကုန်မြေမှာ အခြေချသူတွေဖြစ်တာကြောင့် အဆက်အသွယ်
မပြတ်ခဲ့ခြင်းလည်း ဖြစ်နိုင်၏။ မျိုးသော် အိမ်ထောင်ကျသည့်နှစ်မှာ သွယ် နယ်ရောက်နေချိန်မို့
တစ်နှစ်ကျော်ကာလလောက်သာ အလှမ်းဝေးခဲ့ကြ၏။ သွယ့်အလုပ် ရန်ကုန်မှာပြန်ဝင်ရတော့ ပုံမှန်အတိုင်း
သွယ်နှင့် မျိုးသော် အဆက်အသွယ်ပြန်ရခဲ့၏။
သွယ်က
မျိုးသော်အပေါ် သူငယ်ချင်းတစ်ယောက်အဖြစ်သာမက အစ်ကိုရင်းတစ်ယောက်ပမာ၊ မောင်ရင်းတစ်ယောက်ပမာ
အားကိုးချစ်ခင်၏။ သွယ်သာမဟုတ်၊ သွယ့်အမေနှင့် ညီမလေးကပါ မျိုးသော်အပေါ် အိမ်သားတစ်ယောက်လို
သဘောထားဆက်ဆံခဲ့ကြခြင်းဖြစ်၏။ မျိုးသော်ကိုယ်တိုင်ကလည်း သွယ်တို့မိသားစုနှယ်ပင်။ မြကေသွယ်နှင့်
ပတ်သက်သမျှ သာရေး၊ နာရေးကိစ္စအားလုံးကို မျိုးသော်က အစဉ်အမြဲ အလေးထား ကူညီဆောင်ရွက်ပေးခဲ့သည်သာ။
မြကေသွယ်ဖခင် ဆုံးပါးစဉ်အချိန်ကလည်း မျိုးသော်သည် သားကြီးတစ်ယောက်ပမာ ဆောင်ရွက်စရာရှိသမျှ
တာဝန်ဝတ္တရားအားလုံးကို အောက်ခြေသိမ်း လုပ်ဆောင်ပေးခဲ့၏။
သွယ်
အလုပ်ဝင်တော့မည်ဆိုတော့လည်း မျိုးသော်ကပင် တတ်အားသရွေ့ ကူညီပံ့ပိုးပေးခဲ့၏။ ရန်ကုန်ရှိ
ပုဂ္ဂလိကဘဏ်တစ်ခုမှာ အလုပ်ဝင်ပြီး နယ်မြို့တစ်မြို့သို့ သွယ် အလုပ်ပြောင်းရွှေ့ရပြန်တော့လည်း မျိုးသော်က သွယ်
လုပ်ကိုင်ဆောင်ရွက်စရာ တိုတိုထွာထွာကိစ္စလေးတွေကအစ ကူညီလုပ်ကိုင်ပေးခဲ့၏။ တကယ်တော့ သွယ်နှင့်မျိုးသော်သည်
တစ်ဝမ်းတည်းဖွားခဲ့သည် မောင်နှသားချင်းတွေ မဟုတ်ခဲ့သော်လည်း မောင်နှမအရင်းများထက်ပင်
တစ်ဦးအပေါ် သံယောဇဉ်ထား ချစ်ခင်ခဲ့သူများဖြစ်၏။ သို့ပါလျက် မြကေသွယ် ဘယ်တုန်းကမှ တွေးမထားမိခဲ့သော
ကိစ္စတို့ ရုတ်ချည်းပေါ်ပေါက်လာသည်မှာ အံ့အားသင့်ဖွယ်ရာ။
"လင်းလင်းလား၊
မျိုးသော်နဲ့ စကားပြောချင်လို့ပါ" ဆိုသော သွယ့်စကား၌ တစ်စုံတစ်ရာ အမှားအယွင်းပါသွားခဲ့လေသလားဟု
တွေးကာ သွယ့်စကားကို သွယ်ပြန်တွေးစစ်ကြည့်ရလေ၏။ လင်းလင်းမှာ သွယ်၏ အရင်းအချာ သူငယ်ချင်းမဟုတ်ပေမယ့်
မျိုးသော်နှင့်လက်ထပ်ပြီးမှ ဆက်ဆံခင်မင်ခွင့်ရခဲ့သူလည်း မဟုတ်ပါ။ မျိုးသော်နှင့် လက်မထပ်မီကပင်
သွယ်နှင့် သိကျွမ်းရင်းနှီးခဲ့ရသူဖြစ်သည်။ သွယ်နှင့်မျိုးသော်ကြားက ဆက်ဆံရေးအပေါ် လင်းလင်းက
သံသယစိတ်၊ ၀န်တိုစိတ်မရှိခဲ့ဘူးဟုသာ သွယ်ထင်မှတ်ခဲ့၏။ လင်းလင်းဘက်က သံသယစိတ်ဝင်ရလောက်အောင်လည်း
မျိုးသော်နှင့် မြကေသွယ်၏ ဆက်ဆံရေးက ထူးခြားဆန်းပြားနေသည်မှ မဟုတ်ဘဲ။
ခုကိစ္စကလည်း
မျိုးသော်အိမ်သို့ သွယ် မသွားနိုင်သေး၍ တယ်လီဖုန်းဆက်ပြောရခြင်းဖြစ်၏။ မျိုးသော်အိမ်သွားဖို့ကိစ္စကို
အဓိကတာဝန်ကြီးတစ်ရပ်လို မြကေသွယ်ခံယူထားတာတော့ အမှန်ပင်။ ဒါကလည်း မျိုးသော် အလုပ်လက်မဲ့ဖြစ်နေချိန်မျိုး၌
မြကေသွယ်က တတ်နိုင်သမျှ ကူညီပေးနိုင်ရန်ဖြစ်၏။ တကယ်တော့ သွယ့်မှာလည်း သွယ့်အလုပ်နှင့်သွယ်မို့
အားလပ်ချိန်က ရှားပါးလှ၏။ သွယ် ဘယ်လောက်ပင် မအားလပ်စေခါမူ မျိုးသော်ကိစ္စကို အလေးထားဦးစားပေးရမှာကြောင့်
တစ်ချိန်လုံး သွယ့်စိတ်ထဲ၌ မျိုးသော်သာ ရှိနေခဲ့၏။
မျိုးသော်
အရေးအကြောင်းရှိနေချိန်၌ မျိုးသော်အိမ်သို့ သွားရောက်မေးမြန်းခြင်းမပြုနိုင်သေးတာကိုဘဲ
သွယ်က သွယ်၏ ပေါ့လျော့ပျက်ကွက်မှုတစ်ခုအဖြစ် သတ်မှတ်ကာ ၀တ္တရားကျေပွန်စွာ ဒီလောက်အလေးထားပြောဆိုခဲ့ပါလျက်
တစ်ဖက်က ပမာမခန့် ပေါ့တန်စွာဆက်ဆံလိုက်တာ သွယ် မကျေမနပ်ဖြစ်ရ၏။
လင်းလင်းဟာ
သွယ်နဲ့ ကျောင်းနေဖက်မဟုတ်ပေမယ့် ခေတ်ပညာတတ် ဘွဲ့ရအမျိုးသမီးတစ်ယောက်ပေပဲ။ သွယ့်ထက်
အသက်နှစ်နှစ်ကျော် ပိုငယ်သော်လည်း မသိနားမလည်သည့် အပျိုဖြန်းမလေး မဟုတ်ပါ။
"မသွယ်လာလည်း
သူနဲ့တွေ့မှာမဟုတ်ဘူး၊ ကိုမျိုး အလုပ်ရှုပ်နေတယ်။ ဘာကိစ္စရှိလို့လဲ" ဆိုသော လင်းလင်းစကားက
သွယ့်ကိုမလိုလားသော စကားဖြစ်ချေ၏။ ရုတ်တရက်တော့ သွယ် ယောင်နန၊ ကြောင်အမ်းအမ်း ဖြစ်သွားရ၏။
ပြီးတော့ သွယ့်စိတ်ထဲ တစ်မျိုးကြီးဖြစ်သွားရ၍ 'ကိစ္စမရှိပါဘူး၊ မျိုးသော် အလုပ်မလုပ်ဖြစ်ဘူးဆိုလို့၊
ဒါပဲနော်' ဟု ဆိုကာ တယ်လီဖုန်းခွက်ကို ခပ်ဆောင့်ဆောင့် ချပစ်လိုက်မိလေ၏။ လင်းလင်းကို
သွယ် စိတ်ခုမိလေသည်။
သွယ့်ထုံးစံအတိုင်း
တစ်စုံတစ်ယောက်အပေါ် ငါးမိနစ်လောက် စိတ်ဆိုးမိပြီးနောက် သွယ့်ကိုယ်သွယ် အပြန်ပြန်အလှန်လှန်
ဝေဖန်သုံးသပ်ကြည့်ဖြစ်လေ၏။ မြကေသွယ်ဆိုသော မိန်းမတစ်ယောက်အပေါ် သွယ်က ဘေးလူတစ်ယောက်အဖြစ်
အားမနာ မငဲ့ညှာတမ်း ဝေဖန်ချက်ပေးလို့ရသမျှ အစွမ်းကုန် ဝေဖန်ချက်ပေးကြည့်၏။
ဟင့်အင်းနော်၊
မျိုးသော်အပေါ် သွယ် ဘယ်အချိန် ဘယ်နေရာမှာမှ မရိုးသားစိတ် မထားခဲ့ဖူးတာ အမှန်ပါပဲ။ သွယ်ဟာ
မျိုးသော်ကို လူပျိုတစ်ယောက်အဖြစ် စတင်ပတ်သက်ရင်းနှီးခဲ့ရတာ။ လင်းလင်းထက် အရင် ကာလများစွာစော၍
သိကျွမ်းခဲ့တာ။ သွယ်ကသာ မျိုးသော်ကို တိမ်းညွတ်ခဲ့ပါလျှင်၊ မျိုးသော်ကသာ သွယ့်ကို မရိုးမသားစိတ်ရှိခဲ့ရိုးမှန်လျှင်၊
လင်းလင်းဆိုသည့် မိန်းမက မြကေသွယ်နှင့် မျိုးသော်တို့အနား ရောက်လာစရာပင် အကြောင်းမရှိ။
လင်းလင်းအပေါ်
သွယ် မကြည်မလင်ဖြစ်သွားရပေမယ့် သွယ့်ရုံးသို့ မျိုးသော်ဖုန်းဆက်လာတော့ သွယ် ပုံမှန်အတိုင်းပင်
ဖြစ်သွားခဲ့၏။ မျိုးသော်က လောလောဆယ် Taxi မောင်းချင်သည်၊ ကားရှိပါက ရှာပေးပါဟုပြော၍
သွယ် ၀မ်းသာအားရ ကူညီပေးနိုင်လေသည်။ သွယ့်မိတ်ဆွေတစ်ယောက်က Taxi ဒရိုင်ဘာတစ်ယောက်လိုချင်ကြောင်း
ပြောထား၍ အံကိုက်ကျသွားရခြင်း ဖြစ်၏။
ခင်မင်ရင်းနှီးသော
သူငယ်ချင်းတစ်ယောက် အခက်အခဲကြုံနေရချိန်မှာ ထိထိရောက်ရောက် ကူညီပေးခွင့်ရလျှင် သွယ်က
စိတ်ချမ်းသာတတ်သူမျိုးဖြစ်၏။ သွယ်သည် လင်းလင်းစကားတို့ကို တနုံ့နုံ့တွေးကာ စိတ်မကောင်းဖြစ်မနေမိတော့ဘဲ
ကိုယ့်အလုပ်ကိုသာ ဆက်လုပ်နေမိလေသည်။ ဦးနှောက်ထဲထည့်ထားဖို့မကောင်းတဲ့ အသေးအဖွဲ စိတ်ညစ်ညူးစရာကိစ္စလေးတွေကိုဖြင့်
မြကေသွယ်က ဇာမချဲ့လိုပေ။
အသေးအဖွဲကိစ္စလေးဟု
သွယ်ထင်ခဲ့သောကိစ္စတို့သည် တကယ့်အကြီးကျယ်ဆုံး ပြဿနာကြီးတစ်ရပ်အဖြစ် သွယ့်ကို မညှာမတာ
တိုက်ခိုက်လာခဲ့လေသည်။ ခုလိုပြဿနာမျိုး ဖြစ်လာရတာ သွယ့်အမှားလား၊ သွယ် ဘာအမှားလုပ်ခဲ့မိသလဲ၊
သွယ် ဘယ်လောက်ကြီးကျယ်တဲ့အမှားမျိုး အပြစ်မျိုးကို လုပ်ခဲ့မိပြီလဲဟု ဆန်းစစ်ကြည့်သော်
သွယ့်ကိုယ်သွယ်မို့ထင့် အပြစ်က ရှာမရချင်။
မျိုးသော
သွယ့်ရုံးကိုလာတာ အပြစ်လား၊ မျိုးသော်အိမ်ကို သွယ်ဖုန်းဆက်တာ အပြစ်လား။ ဘယ်ဟာက ပို၍
ကြီးမားသောအပြစ်မှန်း သွယ်မသိပေမယ့် တစ်ရုံးတည်းနေ အစ်မကြီးတစ်ယောက်၏ စကားကြောင့် သွယ်
တုန်လှုပ်အံ့သြသွားရတာတော့ အမှန်ပါပဲ။
"သွယ့်ကောင်လေးက
အချောလေးပဲ" ဘာမှမဟုတ်သည့် ထိုစကားလေးက သွယ့်ကို အတော်ကြီးဦးနှောက်ခြောက်စေ၏။
မေးခွန်းမဟုတ်သောမှားယွင်းသည့် သုံးသပ်ချက်တစ်ခုကို ဖြေရှင်းချက်တွေ ပေးရတာ စိတ်ပျက်ဖို့ကောင်းလှသည်။
"သွယ့်ကောင်လေးမဟုတ်ပါဘူး
မမဝေရယ်၊ အဲဒါ သွယ့်သူငယ်ချင်းပါ။ မမဝေက သူနဲ့မဆုံဖူးလို့မသိတာ။ သူနဲ့သွယ်က တက္ကသိုလ်မှာ
တစ်ဖွဲ့တည်း ငါးနှစ်လုံးတွဲလာခဲ့တာ။ ကျန်တဲ့သူငယ်ချင်းတွေက နယ်ကမို့ အဆက်အသွယ်ပြတ်ကုန်တယ်။
မျိုးသော်နဲ့ပဲ ခုထိ အဆက်အသွယ်မပြတ်သေးတာ၊ မျိုးသော်မှာ အိမ်ထောင်ရှိတယ် မမဝေရဲ့"
"ဟင်…
အိမ်ထောင်နဲ့လူက သွယ့်ကို ဘာလို့မကြာခဏ လာတွေ့နေရသလဲ"
ကဲ…
မြကေသွယ် ဘယ်လိုအဖြေပေးရတော့မလဲ။ သွယ်ဟာ အိမ်ထောင်ပြုလိုက်တဲ့ ယောက်ျားလေးသူငယ်ချင်းတစ်ယောက်ကို
မခေါ်မပြောနေရတော့မှာလား။ အိမ်ထောင်သည် ယောက်ျားတစ်ယောက်ဟာ လွတ်လပ်တဲ့သူငယ်ချင်းမတစ်ယောက်ဆီကို
သတိတရ အလည်လာခွင့် မရှိတော့ဘူးတဲ့လား။ လမ်းကြုံလို့ ခဏတစ်ဖြုတ် ၀င်နှုတ်ဆက်ခွင့်လေးတောင်
မပြုသင့်တော့ဘူးလား။
မြကေသွယ်နဲ့မျိုးသော်ရဲ့
ဆက်ဆံရေးဟာ ပတ်ဝန်းကျင်က သံသယ၀င်လောက်အောင် ချွတ်ယွင်းချက်ရှိနေလို့များလား။ သွယ် ခေါင်းရှုပ်ခံကာ
စဉ်းစားရင်း နှုတ်ခမ်းမဲ့မိလေသည်။
သံသယဖြစ်စရာကောင်းတဲ့
မိန်းမတစ်ယောက်နဲ့ ယောက်ျားတစ်ယောက်ရဲ့အနေအထားကြောင့် ပတ်ဝန်းကျင်က မည်သို့ပင် သံသယ၀င်ပါစေ၊
ကာယကံရှင်ဖြစ်သော မြကေသွယ်က တစ်ဖက်လူ၏ ရိုးသားမှု၊ မရိုးသားမှု အလုံးစုံကို တိုက်ရိုက်နီးကပ်စွာ
ခံစားထိတွေ့နေရသည့်သူ ဖြစ်သောကြောင့် မျိုးသော်အပေါ် သွယ် နည်းနည်းလေးမှ သံသယမ၀င်ပေ။
သွယ့်စိတ်ကိုတော့ သွယ်သာလျှင် အပိုင်နိုင်ဆုံးမို့ ဘာမှမထူးခြားသော်လည်း သံသယနှင့်ကောလာဟာလတွေက
သွယ်နှင့် Section တစ်ခုတည်း အလုပ်လုပ်နေသော မမဝေ အပါအ၀င် အမျိုးသမီး သုံးလေးယောက်ကြားမှာသာမက၊
သွယ့်ကို စိတ်ဝင်တစား စောင့်ကြည့်နေသူတချို့ဆီသို့ပင် ရောက်ရှိနေခဲ့လေပြီ။
ဒီထက်ပို၍ဆိုးဝါးသော
ကိစ္စတစ်ခုကတော့ မြကေသွယ်နှင့်မျိုးသော် ဘာလိုလိုဆိုသည့် သတင်းဆိုးကြီး လင်းလင်းဆီရောက်သွားခဲ့ခြင်း
ဖြစ်လေသည်။ သွယ် အကြီးအကျယ် စော်ကားခံနေရပြီဟု မှတ်ယူခံစားလာရ၏။ အဲဒီလို အစော်ကားခံရတဲ့အကြောင်းရင်းဇာစ်မြစ်က
သွယ်အနေအထိုင်မတတ်လို့ မဟုတ်ဘဲ သွယ့်မှာ ကာမပိုင်လင်ယောက်ျား (သို့မဟုတ်) တရားဝင်ချစ်သူ
ရည်းစားမရှိခြင်း အပြစ်သက်သက်သာဖြစ်၏။
"မသွယ်
ဘာလို့လက်မထပ်သေးတာလဲ" ဆိုသော လင်းလင်း၏စကားက အနက်အဓိပ္ပါယ် ကျယ်ဝန်းလှချေ၏။ သွယ်က
ဣနြေ္ဒရစွာပြုံးရယ်ပြရင်း…
"အကြိုက်မတွေ့သေးလို့ပေါ့ကွယ်"
ဟု စိတ်ရင်းအမှန်နှင့် ဖြေဖြစ်လေသည်။ တစ်ခါတစ်ရံ အရွဲ့တိုက်ချင်တတ်သော သွယ့် ဥာဉ်အတိုင်း
…
"မျိုးသော်
တစ်ခုလပ်ဖြစ်မှာကို စောင့်နေတာလေ" ဟု ဆိုလိုက်ရရင် ပွဲပြီးသွားတော့မှာ။ အဲဒီလို
လက်လွတ်စပယ် မပြောဆိုမိစေဖို့ သွယ့်ကိုယ်သွယ်သာ ပြန်ဆုံးမရလေ၏။ မလိုအပ်တဲ့ မာနတွေ ထမလာမိစေနဲ့။
ကိုယ့်ရဲ့ရိုးသားမှုကို ကိုယ်ယုံကြည်နေနိုင်သမျှ ဖြစ်လာတဲ့ ပြဿနာအားလုံးကို နေရာမရွေး၊
အချိန်မရွေး ရဲရဲဝံ့ဝံ့ ရှင်းလို့ရတယ်မဟုတ်လား
"ပြဿနာဆိုတာ
ဖြစ်လာပြီးမှ ရှင်းတာထက်၊ မဖြစ်ရအောင် နေထိုင်နိုင်တာသာ အကောင်းဆုံးပေါ့ကွယ်"
ဟူသော မေမေ့စကားကိုပင် သွယ်က သိပ်လက်မခံချင်။
အစစအရာရာ မေမေ့ကို ပြောပြတိုင်ပင်နေကျမို့
ပြောပြပြီးခါမှ နောင်တရသလိုဖြစ်လာ၏။ မေမေသိတော့ သွယ့်အပေါ် ခါတိုင်းလို ယုံကြည်မှုတွေ
အပြည့်အ၀ မထားနိုင်တော့တာ၊ စိုးရိမ်သောက ဖြစ်လာရတာတို့သာ အကျိုးထူးလာသည်မဟုတ်လား
ပြဿနာမဖြစ်ရအောင်
သွယ်တို့နှစ်ယောက်က မရိုးမသား ဆက်ဆံနေကြသည်မှ မဟုတ်ဘဲ။ သူ့အလိုလို ပုံမှန်အတိုင်း နေထိုင်ရင်းက
ဖြစ်လာသည့် ပြဿနာမို့ သွယ်က ပို၍ ခံပြင်းနာကျင်လှ၏။ သို့ပေမယ့် ပတ်ဝန်းကျင်အပြောကြောင့်
သွယ့်ပုံမှန်ခြေလှမ်းတို့ကိုတော့ အပျက်ယွင်းမခံနိုင်။ သွယ်သည် နေမြဲအတိုင်း မျိုးသော်နှင့်
အခေါ်အပြောမပြတ်။ အဆက်အသွယ်မပြတ်။ မျိုးသောအမွေရထားသည့် ငွေ သိန်း ၂၀ ကျော် လုပ်ငန်းတစ်ခုထဲ
ထည့်ထားသည့်ကိစ္စ၊ ထိုငွေများ ရနိုင်သမျှ ပြန်ရအောင် သွယ်အစွမ်းရှိသမျှ ကူညီပေးနေမြဲ။
မျိုးသော်ငွေကို
သွယ့်ငွေလိုပင် သဘောထားကာ ရင်းနှီးမြှုပ်နှံထားသော ထိုငွေများ မျိုးသော်လက်တွင်း ပြန်ရောက်လာအောင်
သွယ် ကူညီပေးနိုင်လျှင် သွယ် စိတ်ချမ်းသာရမည်။ ပြီးတော့ မျိုးသော်နှင့် လင်းလင်းနှစ်ယောက်စလုံးလည်း
အတိုင်းမသိ ပျော်ရွှင်ကြလိမ့်မည်။ ထိုကိစ္စအတွက် သွယ်နှင့်မျိုးသော် လုံးပန်းလှုပ်ရှားနေရ၍
အနေဝေးဝေးနေလို့လည်း မရနိုင်။
ပတ်ဝန်းကျင်က
ဘယ်လိုပင်ထင်ထင်၊ လင်းလင်းက မည်သို့ပင် သံသယ၀င်ဝင် သွယ်ယုံကြည်သည့်အလုပ်ကို သွယ် ဖြစ်မြောက်အောင်လုပ်မည်။
ပတ်ဝန်းကျင်ကိုကြည့်၍ မျိုးသော်ကို မခေါ်နိုင်မပြောနိုင်ဖြစ်လျှင် သွယ် ကိုယ့်လိပ်ပြာကိုယ်
မလုံရာရောက်မည်။ မျိုးသော်ကို ဖွင့်ပြောပြလျှင် လင်းလင်းနှင့်မျိုးသော် ကျိန်းသေပေါက်
ပြဿနာတက်မည်။ စိတ်လိုက်မာန်ပါရှိတတ်သော မျိုးသော်က စိတ်မထင်လျှင် လင်းလင်းကို ထ,ရိုက်နိုင်သေး၏။
ထိုအခါ လင်းလင်းက သွယ့်အပေါ် သာ၍ အမြင်စောင်းပေတော့မည်။ သွယ့်မှာ အခံရခက်လှချည်။
မြကေသွယ်ဘက်က
ပျက်ကွက်မှုတစ်ခုကတော့ ခါတိုင်းလို မျိုးသော်အိမ်သို့ တကူးတကန့်မသွားဖြစ်တော့ခြင်းဘဲဖြစ်၏။
ဒါကလည်း လင်းလင်းတစ်မျိုးမြင်မည်စိုး၍ တမင် မသွားဘဲနေခြင်းဖြစ်၏။ အရေးကြီးကိစ္စရှိလျှင်ပင်
မျိုးသော်ဆီ ဖုန်းမဆက်ချင်တော့။ လင်းလင်းက သွယ့်အပေါ် အမြင်မရှင်းသလို သွယ်ကလည်း လင်းလင်းကိုစိတ်ခုနေမိသည်မို့
အချေအတင် မဖြစ်လို။
"နင့်ယောက်ျားအပေါ်
ငါ ရိုးသားပါတယ်ဟယ်" ဆိုသည့် စကားမျိုးပြောရှာကို သေရမှာထက်ပင် သွယ်ကြောက်သေး၏။
တတ်နိုင်သမျှတော့ လူအထင်အမြင်မှားစေလောက်သော ဆက်ဆံရေးမျိုး ဖြစ်ပေါ်မလာရအောင် မျိုးသော်ကို
သွယ် တမင်ရှောင်ရလေသည်။ ဒီတော့ သွယ့်အရိပ်အကဲကို နားလည်သော မျိုးသော်က…
"ခုတစ်လော
နင့်ကိုကြည့်ရတာ တစ်မျိုးပဲ။ နင့်မှာ လျှို့ဝှက်စရာ တစ်ခုခုရှိနေလို့လား" ဟု မေးလာ၍
သွယ် ပြုံးရလေ၏။ ဘာမှမသိသော မျိုးသော်ကို ဘာမှမဟုတ်သည့်ကိစ္စကြီး ဖွင့်ပြောရမှာကိုပဲ
သွယ် ရှက်မိပါသေးရဲ့။ ဘာပဲဖြစ်ဖြစ် သွယ့်မှာ စောင့်စည်းထိန်းသိမ်းမှုတွေ ရှိလာရ၏။
အချိန်ပိုအလုပ်ဆင်းနေရ၍
မျိုးသော်နှင့်ကြုံလျှင်ပင် သွယ် အလိမ်အညာစကားတွေဆိုကာ ရှောင်ဖယ်ခဲ့၏။ သွယ့်အိမ်သို့
သွယ် တန်းမပြန်ဘဲ ဟိုအိမ်ဝင်ရဦးမယ်၊ ဒီအိမ်ဝင်ရဦးမယ်၊ အပြန် သူတို့လိုက်ပို့ပေးမယ်ဆိုသော
မုသာဝါဒစကားတွေကို မျိုးသော်အဟုတ်ထင်မှတ်၍ တော်ပေသေး၏။ တစ်ခါတော့ မိုးသိပ်ချုပ်နေ၍
မျိုးသော်ကို ငြင်းရမှာ မ၀ံ့မရဲဖြစ်ရလေ၏။ အချိန်ပိုဆင်း၍ မိုးချုပ်လျှင် ရုံးမှ ဖယ်ရီလိုက်ပို့ပေးသော်လည်း
မြို့နယ်ပေါင်းများစွာကို ပတ်သွားရသည့်ဖယ်ရီကို သွယ် စီးလေ့မရှိတာ မျိုးသော်သိသည်။
သွယ်သည်
မျိုးသော်မျက်နှာကိုမကြည့်ရဲဘဲ…
"နင်
လိုက်မပို့နဲ့တော့၊ တစ်ယောက်ယောက်တွေ့ရင် မကောင်းဘူး။ မြကေသွယ်ရယ်လို့ မသိဘဲ နင် မိန်းမတစ်ယောက်နဲ့
တွဲနေတယ်လို့ပဲ အများကမြင်မယ်" ဟု ခပ်ပြောင်ပြောင်ပြောချပစ်ရ၏။ မျိုးသော် မျက်လုံးပြူးသွားလေသည်။
ပြီးတော့ နှုတ်ခမ်းတွန့်လှုပ်ရုံပြုံးရင်း …
"ငါ့ကို
ပတ်ဝန်းကျင်က အဲဒီလောက်ဂရုမစိုက်ပါဘူးဟာ" ဟုဆိုလေ၏။ ခွကျလှသော မျိုးသော်ပေပဲ။
"နင့်ကို
ဂရုမစိုက်ပေမယ့် ငါ့ကို ဂရုစိုက်နေကြတယ်ဟဲ့၊ နာစရာရှိ ငါကနာရမှာ။ ငါက အပျို" ဟုဆိုလိုက်လျှင်
သူ အတော်စိတ်မကောင်းဖြစ်သွားရှာမှာဟု တွေးမိ၍ မပြောဖြစ်ပြန်။ အဲဒီလို မပြောဖြစ်တာတွေ
များများလာတာပဲ မြကေသွယ်ရဲ့ပြစ်ချက်တွေလား မသိနိုင်။ "ပတ်ဝန်းကျင်က ငါ့ကိုဂရုမစိုက်သလို
ငါကလည်း ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်ပါဘူးဟာ။ နင့်ကို စောင့်ကြည့်နေတဲ့လူ မရှိဘူးဆိုရင်တော့
ငါ လိုက်ပို့မှဖြစ်မယ်။ သိပ်မှောင်နေပြီ။ နင်တို့လမ်းကြားက လူပြတ်တယ်"
မြကေသွယ်မသိနိုင်သော
စောင့်ကြည့်နေသူ ရှိ,မရှိ မြကေသွယ်ကိုယ်တိုင်မသိသလို၊ သူမအတွက် အဖော်တစ်ယောက်လိုအပ်သည့်
အချိန်မို့ မျိုးသော်စကားကို မငြင်းပယ်ဖြစ်တော့ချေ။ သူမ စည်းကျော်မိလေပြီလား။
"ဘယ်နေရာပဲဖြစ်ဖြစ်
စည်းဆိုတာ ရှိတယ်သမီးရဲ့၊ အိမ်ထောင်သည်တစ်ယောက်နဲ့ ဆက်ဆံတဲ့အခါမှာ သူ့မှာလည်း စည်းရှိသလို
ကိုယ်ကလည်း စည်းရှိဖို့လိုတာပဲ" စည်းဆိုသည့်အကြောင်းကို မေမေက ပြောလာတော့ သွယ်
စိတ်ရှုပ်ထွေးသွားရလေသည်။ ယောက်ျားတွေနှင့် ဆက်ဆံရာမှာ ဘယ်တော့မှ ပလီပလာ မာယာမများတတ်သော၊
တည်တံ့ရိုးစင်းသော မြကေသွယ်၏စိတ်ထားနှင့် ကိုယ်ကျင့်တရားကို မေမေက ယုံကြည်ပါသည်ဟုဆိုလျက်ကပဲ
ထိုအကြောင်းတွေကို ပြောနေခဲ့ခြင်းဖြစ်၏။
သွယ့်အပေါ်၌
မျိုးသော် ဘယ်အချိန်ကမှ မရိုးမသားစိတ်မရှိခဲ့တာ၊ ခြေပါလက်ပါ ပုတ်လိုက်ခတ်လိုက် မဆက်ဆံတတ်တာ၊
သွယ့်ဘက်က သံသယ၀င်ရမည့် အမူအရာ အပြောအဆို တစ်စုံတစ်ရာ မရှိခဲ့တာကို မြကေသွယ်တစ်ယောက်သာလျှင်
အသိဆုံးမို့ သွယ်ကတော့ မျိုးသော်ကို လုံးဝ စိတ်ချလက်ချ ယုံကြည်နိုင်လေသည်။
"ဒါမျိုးက
ဖြစ်သွားတတ်တဲ့ သဘာဝရှိလို့ သမီးကို ဆင်ခြင်ခိုင်းရတာပါကွယ်" ဟု မေမေက ချော့ပြောပြောတာကို
နားလည်လက်ခံနိုင်လျက် သွယ် ကျိတ်၍ ၀မ်းနည်းမိ၏။ ဒီထက် ပိုဝမ်းနည်းစရာကောင်းတာကတော့
…
"သမီး
အိမ်ထောင်ပြုမယ်ဆိုရင် ဒီအချိန်မှာ ပြုဖို့ကောင်းပြီ" ဟု အကြံပေးတိုက်တွန်းလာခြင်းပဲ
ဖြစ်၏။
ဒီပြဿနာကို
ကျော်လွှားဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက ယောက်ျားတစ်ယောက်ယောက်ကို လက်ထပ်ယူခြင်းသာ
ဖြစ်ရမည်တဲ့လား။ ၁၀တန်းနှစ်က စာပေးစာယူ ရည်းစားတစ်ယောက် ထားခဲ့ဖူးတာကလွဲ၍ ဘ၀မှာ တစ်ခါမှ
မချစ်ဖူးသာ မြကေသွယ်သည် ယောက်ျားယူဖို့၊ မယူဖို့ကိစ္စကို စီမံကိန်းချ မျှော်လင့်ထားသူမဟုတ်သည့်အတွက်
ကိုယ် နှစ်နှစ်ကာကာ မချစ်နိုင်သည့် ယောက်ျားတစ်ယောက်ကို လက်ထပ်ယူခြင်းဖြင့် ထွက်မပေါက်မရှာချင်။
သွယ့်တစ်သက်
အပျိုကြီးပဲ လုပ်တော့မယ်ဟုလည်း ကြွေးကြော်ထားခဲ့သူမဟုတ်။
"အပျိုကြီးတွေကို
ဘယ်ယောက်ျားကမှ အထင်ကြီးလေ့မရှိဘူး" ဟူသော ဘယ်သူ့ဒဿနမှန်းမသိသည့် စကားတစ်ခွန်းကိုတော့
သွယ် အလွန်မုန်းတီးလေသည်။ ယောက်ျားတွေ အထင်မသေးဖို့အတွက်တော့ သွယ် အထင်မကြီးနိုင်သည့်
ယောက်ျားတစ်ယောက်ကို လက်ထပ်မယူနိုင်။
မေမေကတော့
မိခင်ပီပီ သွယ့်ကို စိတ်ချချင်သည်ဟုဆိုသည်။
မိန်းမတစ်ယောက်ဟာ ယောက်ျားတစ်ယောက်ရဲ့ အရိပ်အောက်
ခိုဝင်ရမှသာ စိတ်ချလုံခြုံတဲ့ ဘ၀တစ်ခု ရနိုင်မှာတဲ့လား။ သွယ်ကတော့ ဘုရား၊ တရား၊ သံဃာတည်းဟူသော
ရတနာသုံးပါး၏ အရိပ်ကို လုံခြုံစိတ်ချရပါသည်ဆိုသော ဂုဏ်သရေရှိ ယောက်ျားတစ်ယောက်၏ အရိပ်ထက်
ပို၍ အားကိုးလေသည်။
ဤနည်းနှင့်ပင်
မြကေသွယ်သည် အသက် ၃၀ နားကပ်လာသည်အထိ "ငါ အသက်ကြီးပါပေါ့လား၊ အရွယ်လွန်တော့မှာပဲ၊
အချိန်တွေ ကုန်ခဲ့ရပြီ" ဆိုသော အရွယ်လွန်အပျိုမတွေ၏ စိုးရိမ်တကြီး ညည်းညူခြင်းမျိုးနှင့်
တိတ်တခိုး အားလျော့စိတ်ပျက်မနေတတ်ဘဲ တည်တံ့အေးဆေးစွာပင် ကြောင့်ကြမဲ့ နေနိုင်ခဲ့လေသည်။
သွယ့်အတွက် စိတ်ကူးယဉ်စရာယောက်ျားမျိုးလည်း သွယ့် ပတ်ဝန်းကျင်၌ ရှိသည်မှ မဟုတ်ဘဲ။
သွယ့်ကို
တန်းတန်းစွဲကြိုက်နေသည့် ယခင်ရုံးက ချာတိတ်လေးတစ်ယောက်မှာလည်း သွယ့်ထက် လေးနှစ်နီးပါး
အသက်ပိုငယ်သူ သာမန်ရုံးစာရေးလေးတစ်ဦးမျှသာ ဖြစ်တာကြောင့် သွယ် စိတ်မ၀င်စားနိုင်ပေ။
ယခုတိုင် လူပျိုကြီးလုပ်နေဆဲဖြစ်သော ကျောင်းတော်က ငယ်ကျွမ်းဆွေတစ်ယောက်ကတော့ဖြင့် သွယ်
ဘယ်လိုမှ ရင်ခုန်လို့မရသော အရပ်ပုပု ဗိုက်ရွှဲရွှဲ သွားရဲရဲ စီးပွားရေးသမားတစ်ယောက်ဖြစ်နေတာမို့
ထည့်သွင်းမစဉ်းစားချင်။
လက်ရှိဌာနတွင်းမှ
သွယ့်ကို သဘောကျနေသော အရာရှိတစ်ယောက်ကမူ ရာထူးဂုဏ်ရှိန် စည်းစိမ်အားဖြင့် ပြည့်စုံသော်လည်း
ကလေးတစ်ယောက်အဖေ မုဆိုးဖိုဖြစ်နေတာကြောင့် သွယ်က ခေါင်းခါရပြန်၏။ ထိုအရာရှိက သွယ့်ကို
တရားဝင် မေတ္တာကမ်းလှမ်းလာတာ မေမေ စတင်သိရှိစဉ် "မိထွေးများတော့ ဘယ်တော့မှ မလုပ်ပါနဲ့သမီးရယ်"
ဟု တားခဲ့လျက်၊ ခုတော့လည်း "လွတ်လပ်သူဆိုရင် ပြီးတာပါပဲလေ" ဖြစ်ပြန်လေသည်။
သွယ်ကတော့ မေမေ့သဘောကို ကောင်းကောင်းကြီး သိလေသည်။ ဒါဟာ မျိုးသော်နဲ့ သွယ့်ကို စိတ်မချနိုင်ဖြစ်ကာ
မြင်ရာ၊ လွယ်ရာ ကောက်ရိုးတစ်မျှင်ကို ဆွဲငင်ယူသည့်နည်းပဲဆိုတာ။
မေမေတားနေသည့်ကြားက
၊ ပတ်ဝန်းကျင်က အသံဗလံတွေထွက်နေသည့်ကြားက၊ မျိုးသော်နှင့်သွယ် တွဲသွားတွဲလာ လုပ်ဖြစ်နေသည်ဆိုတော့
သွယ် မိုက်ရာတော့ကျလေမည်။ မတတ်နိုင်။ သွယ်က ကိုယ့်ကိုယ်ကို အနစ်မွန်းခံကာ အရွဲ့တိုက်လိုသူမဟုတ်ပေမယ့်
ကိုယ်မှန်သည်ထင်လျှင် ဘယ်သူ့ကိုမှ မကြောက်ဘဲ ရဲရဲရင့်ရင့်လုပ်ချင်တတ်သော လူစားမျိုး၊
ထို့အတွက် သွယ်သည် မျိုးသော် ငွေတွေ ပြန်ရရှိဖို့ ဥာဏ်စွမ်းရှိသမျှ ကြိုးစားလုပ်ဆောင်ပေး၏။
ကြွေးဆိုတာ မတောင်းဘဲနေလျှင် ဆုံးရုံသာရှိမည်။ တောင်းနိုင်လွန်းလျှင်၊ နားပူနိုင်လွန်းလျှင်
တစ်နေရာမှာ တစ်ကျပ်ပဲပြန်ရဦးတော့ တော်ပေးသေးသည်မဟုတ်လား။
ခုကိစ္စမှာ
သွယ့်စွမ်းဆောင်ချက်တွေ ရုပ်လုံးပေါ်နီးပါး အောင်မြင်စပြုနေလေပြီ။ မျိုးသော်ထံမှ ငွေယူထားသော
ပုဂ္ဂိုလ်က သူ့ခြံတွေဝိုင်းတွေရောင်းထွက်ခဲ့လျှင် မျိုးသော်ငွေကို ချက်ချင်းပြန်ပေးမည်ဟု
ကတိပေးခဲ့ပြီးပြီ။ ထိုပုဂ္ဂိုလ်ပိုင်ဆိုင်သော ဒဂုံမြောက်ပိုင်းရှိ တိုက်ဆောက်ပြီးသားခြံကို
ရောင်းထွက်ဖို့ သွယ်က စပ်ပေးခဲ့၏။
တကယ်တော့
မြကေသွယ်က အိမ်ပွဲစား၊ မြေပွဲစား မဟုတ်ပါပေ။ မျိုးသော်ငွေကို ပြန်ရစေချင်သည့် စေတနာသက်သက်နှင့်
ကူညီပေခြင်းသာဖြစ်၏။ ဒီတော့ သွယ် အချိန်ပေးရ၏။ ဟိုသွား ဒီသွားနှင့် လူလည်းပင်ပန်း၏။
ပင်ပန်းသော်လည်း သွယ် ပျော်နိုင်လေသည်။ သွယ်ပြောဆိုထားသည့် အိမ် အတိအကျ အရောင်းအ၀ယ်ဖြစ်တော့မည်
မဟုတ်လား။
အိမ်အရောင်းအ၀ယ်စာချုပ်
ချုပ်မည့်နေ့က သွယ် ထိုကိစ္စဖြင့် အိမ်ပြန်နောက်ကျလေ၏။ သွယ် ရုံးအဆင်းမှာ မျိုးသော်လာကြို၍
ဒဂုံအိမ်သို့ ဆက်သွားခဲ့ကြ၏။ အိမ်ဝယ်သည့် လင်မယားက နောက်ကျနေ၍ သွယ့်အိမ်ကို ည ၈နာရီကျော်မှ
ပြန်ရောက်ခဲ့၏။
သွယ်
အိမ်ပြန်ရောက်တော့ မေမေက "ဒီလောက်အချိန်ထိ နောက်ကျရပါ့မလား" ဟူသော စိုးရိမ်သောက
ဒေါသတို့ဖြင့် ဆီးကြိုဆူလေသည်။ သွယ်က မျိုးသော် လိုက်ပို့သည်ဟုပြောတော့ မေမေ ဆွေ့ဆွေ့ခုန်လေသည်။
သွယ် မညာတတ်တာကို အသိအမှတ်မပြုဘဲ သွယ့်ကို စိတ်ဆိုးမာန်ဆိုး ဆူပူတော့ သွယ် ၀မ်းနည်းမျက်ရည်ကျရ၏။
ကောလာဟလ
ပြောတတ်တဲ့ ပတ်ဝန်းကျင်ရဲ့ မဟုတ်မမှန်စကားတွေကို နားယောင်ပြီး သွယ့်ကိုမယုံကြည်တာ သွယ်
အခံရခက်လှ၏။ ဒီထက်ပို၍ အခံရခက်တာကတော့ လင်းလင်းက မေမေ့ကိုလာတွေ့ကာ သွယ့်ကိုတားဆီးပေးရန်
တောင်းပန်သွားသည်တဲ့။ သွယ် လင်းလင်းကို ပျပ်ပျစ်နှစ်နှစ် ကျိန်ဆဲမိလေသည်။ ပြီးတော့
မျိုးသော်ဆိုတဲ့ ယောက်ျားက ဘာကောင်ကြီးဖြစ်နေလို့လဲဆိုသော ခပ်ရိုင်းရိုင်းအတွေးကို
တွေးမိလေသည်။
သွယ်
ကိုယ်ချင်းမစာတတ်ရာများ ကျနေမည်လား။ လင်းလင်းနေရာမှာ သွယ်ဆိုလျှင်ရော ဟုတ်တယ်၊ သွယ်
လင်းလင်းနေရာကို ၀င်ကြည့်လိုက်စမ်းပါ။ ဟင့်အင်း… သွယ်နှင့် မျိုးသော်က ဘာမှဖြစ်နေကြသည်မှ
မဟုတ်ဘဲ။
သွယ်က
ဟုတ်တိုင်းမှန်ရာတွေ ဆင်ခြေပေးကာ "ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူး။ သွယ် ဘယ်သူ့ကိုမှ
မကြောက်ဘူး၊ ဘာကြောင့်ဆိုတော့ သွယ် ဘယ်သူ့အပေါ်မှာမှ မကောင်းတာမလုပ်ခဲ့ဘူး၊ စေတနာဆိုး
မထားခဲ့ဘူး" ဟု ဆိုပေမယ့် မေမေကတော့
"မိသွယ်၊
ညည်းဘာသာ ဘယ်လောက်ကောင်းအောင်နေနေ ဖြစ်လာတဲ့ပြဿနာက ဖြစ်လာခဲ့ပြီ။ ခုလုပ်ရမယ့်အလုပ်ကလည်း
ညည်းလွတ်လပ်တဲ့ ယောက်ျားတစ်ယောက်နဲ့ အိမ်ထောင်ပြုဖို့ပဲ" ဟု ပြတ်သားစွာ အမိန့်ပေးလာလေသည်။
သွယ်
ကိုယ့်နားပင်ကိုယ် မယုံနိုင်လောက်အောင် ချာချာလည်သွားခဲ့၏။ အိပ်မက်များလားဟု သံသယဖြင့်
ခေါင်းခါယမ်းကာ မျက်နှာကို ပွတ်သပ်ကြည့်လိုက်မိ၏။ အို… ဒါ အိပ်မက်မဟုတ်ဘူး။ တကယ်ကိုပဲ
တကယ့်စကားသံစစ်စစ်တွေပဲ။
"ငါ
စဉ်းစားကြည့်မိတာ ကြာပြီသွယ်၊ တွေးမိတိုင်း ငါ့ကိုယ်ငါ ဒေါသထွက်ရတယ်။ ငါဟာ ငါ့ကိုနားအလည်ဆုံး၊
အကောင်းဆုံးမိန်းမတစ်ယောက်ကို နှစ်ရှည်လများ အနားမှားနီးနီးကပ်ကပ်ထားရင်း နီးနေပါလျက်
ဘာကြောင့် မတွေ့မြင်ခဲ့ရလဲ။ တကယ်ဆို လင်းလင်းထက်အရင် နင့်ကို အချိန်တွေအများကြီး စောသိခဲ့ရတာ၊
လင်းလင်းဟာ ငါ့အပေါ် နင့်လောက် နားလည်မှုမပေးနိုင်ခဲ့ဘူး။ သူ ငါ့အကြောင်း၊ ငါ့စိတ်ဓာတ်ကို
ခုချိန်ထိ နင့်လောက်မသိခဲ့ဘူး မိသွယ်"
"သူက
ငါ ပိုက်ဆံများများရှာပေးနိုင်ရင် ငါ့ကို အထင်ကြီးတယ်။ ငါ ပိုက်ဆံများများ ရှာမပေးနိုင်တဲ့အခါ
ငါ့ကို အထင်သေးတယ်။ သူက ယောက်ျားတစ်ယောက်ရဲ့ အရည်အချင်းဆိုတာကို မိန်းမတစ်ယောက်ရဲ့
ခန္ဓာကိုယ်ပေါ်က လက်ဝတ်ရတနာပစ္စည်းနဲ့ ယှဉ်ထိုးကြည့်ချင်တဲ့ မိန်းမမျိုး။ တကယ်ဆို ဒီအကြောင်းတွေကို
ငါ ပြောဖို့မသင့်ပါဘူးလေ။ ပြီးတော့ ခုချိန်မှာ စကားတွေ နင့်ကိုပြောရတာ ငါ မတရားမှန်း
သိပါတယ်ဟာ။ ဒါပေမယ့် ငါ နင့်အပေါ်"
"တော်တော့"
မြကေသွယ်၏
နှုတ်ဖျားမှ ဗလုံးဗထွေး ရှိုက်ငင်သံနှင့်အတူ အက်ကွဲတုန်ယင်စွာထွက်သွားသော စကားတစ်ခွန်းက
သိပ်မကျယ်လောင်လှချေ။ ဒေါသထွက်လျှင် သွယ် စကားကျယ်ကျယ်ပြောလေ့ရှိလျက် ခုတော့ သွယ့်အသံတွေက
တိုးလျတိမ်ဝင်နေ၏။ တကယ်တော့ သွယ် ဆောက်တည်ရာမဲ့စွာ သွေးပျက်တုန်လှုပ်နေခြင်းဖြစ်သည်။
ဘယ်လောက်အံ့သြစရာကောင်းလိုက်တဲ့ဖြစ်ရပ်လဲ။ ဘယ်လောက် ၀မ်းနည်းနာကြည်းစရာ ကောင်းလှတဲ့
ဖြစ်ရပ်လဲဆိုတာ ကြည့်ပါဦး။ သွယ် ကြိုးစားခဲ့သမျှ အရာအားလုံး သဲထဲရေသွန် ဖြစ်သွားခဲ့ရပြီ။
မြကေသွယ်ဟာ
မျိုးသော်ဆိုတဲ့ အိမ်ထောင်ရှိ ယောက်ျားတစ်ယောက်နဲ့ ရင်းရင်းနှီးနှီးဆက်ဆံခဲ့တယ်။ တစ်စုံတစ်ရာ
အစွန်းအထင်းမရှိတဲ့ အဖြူရောင်သန့်သန့် ခင်မင်မှုနဲ့ သူ့အပေါ် မြကေသွယ် ပတ်သက်ဆက်ဆံခဲ့တာ။
သူမ သူ့ကို ဘယ်တုန်းကမှ မြှူဆွယ်ဖြားယောင်းခြင်းမရှိခဲ့ဘဲနဲ့ ဒီလိုအချိန်မျိုးရောက်မှ
ဘာကြောင့် ဒီလိုစကားမျိုးတွေ ပြောလာရတာလဲ။
ပတ်ဝန်းကျင်ရဲ့
သံသယတွေကြားမှာ ရဲရဲကြီးနေခဲ့ရတဲ့ မြကေသွယ်အပေါ် ကံတရားက ရက်စက်သွားခဲ့ပြီ။ မဟုတ်ပါဘူး။
ဒါဟာ သူမရဲ့ဖောက်ပြန်မှုမဟုတ်ပါဘူး။ ဒါဆို သူတစ်ယောက်တည်းရဲ့ ဖောက်ပြန်မှုလား။ သူ ဘယ်တုန်းက
ဖောက်ပြန်သွားခဲ့တာလဲ။ သူ့အပေါ် အင်မတန် စေတနာထားခင်မင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကို
သူ ဘယ်အချိန်က သစ္စာဖောက်ခဲ့တာတဲ့လဲ။ ဒါ မြကေသွယ်ရဲ့ ပယောဂကင်းပါတယ်နော်။ သူမရဲ့ ရိုးသားမှုကို
သူမယုံတယ်လေ။ ကဲ ရှင်းစမ်း။ ဖြစ်လာတဲ့ ပြဿနာတွေကို အချိန်မရွေး နေရာမရွေး ရှင်းလိုက်စမ်းပါ။
သူမတို့နှစ်ယောက်
ရိုးသားခဲ့ကြပါတယ်လို့ ဘယ်သူယုံချင်ဦးမှာတဲ့လဲ။ အဲဒါ သူ့ကြောင့်။ မျိုးသော်ဆိုတဲ့
ယောက်ျားတစ်ယောက်ကြောင့်။ ဘယ်သူသိသိ မသိသိ သူ့ဆီက သူမတစ်ဦးတည်း ကြားလိုက်ရတဲ့စကားတွေနှင့်ပင်
သူမရဲ့ ဘာကိုမဆို ရင်ဆိုင်ရဲတဲ့စိတ်ဓာတ်တွေ ပြိုပျက်သွားရပြီ။
"နင်
မငိုပါနဲ့ မိသွယ်ရယ်။ နင် ဘာဖြစ်ချင်သလဲပြော၊ နင်ဖြစ်စေချင်တာကို လုပ်ပေးမှာပါ။ ငါ
လင်းလင်းနဲ့ တရားဝင်ကွာရှင်းမယ်သိလား မိသွယ်"
"ရပ်လိုက်၊
နင် ကားကို ခုချက်ချင်း ရပ်လိုက်ပါ"
"နင်
ငါ့ကိုစိတ်ဆိုးသွားပြီလား"
"ဟင့်အင်း၊
နင့်ကိုစိတ်မဆိုးဘူး၊ ငါ့ကိုယ်ငါပဲ စိတ်ဆိုးတယ်။ ငါ့အပေါ် မရိုးမသားစိတ်တွေရှိနေတဲ့
ငါ့ဘေးက ယောက်ျားတစ်ယောက်ကို ငါ့အပေါ် သိပ်ရိုးသားပါတယ်ဆိုတဲ့ ယုံကြည်မှုနဲ့ သံသယတစ်စုံတစ်ရာမ၀င်ခဲ့တဲ့
ငါ့ကိုယ်ငါပဲ စိတ်ဆိုးတယ်။ ခု နင်သိထားဖို့ စကားတစ်ခွန်းကို ငါပြောလိုက်မယ် မျိုးသော်"
"တစ်လောကလုံးမှာ
ငါ့အတွက် ယူစရာယောက်ျားတစ်ယောက်မှမရှိတော့ရင် နေပါစေ။ ဘယ်လောက်ဆိုးဝါးတဲ့ အကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ်၊
ဘယ်လောက်ကြီးမားတဲ့ ဒုက္ခမျိုးကြောင့်ပဲဖြစ်ဖြစ် မြကေသွယ်ဟာ မယားငုတ်တုတ်နဲ့ ယောက်ျားတစ်ယောက်ကို
လက်ထပ်ယူဖို့ဝေးလို့ စိတ်ကူးနဲ့တောင် ယူမကြည့်နိုင်ဘူးဆိုတာပဲ"
"ငါ
နင်တို့လင်မယားနှစ်ယောက်အပေါ် ဘယ်အချိန်မှာမှ သစ္စာမပျက်ခဲ့ဘူးဆိုတာ နင် ယုံကြည်နိုင်ရင်၊
လင်းလင်းအပေါ် သစ္စာမဲ့ဖို့ နင် ဘယ်တော့မှ မကြိုးစားပါနဲ့တော့။ ဒါပဲ မျိုးသော်၊ ငါ သွားမယ်"
ကားတံခါးကို
သူမ ခပ်ကြမ်းကြမ်းဆွဲဖွင့်ထွက်ပြီးနောက် ၀ုန်းခနဲ ပြန်ဆောင့်ပိတ်လိုက်မိ၏။ Taxi ဆိုသော
ဆိုင်းဘုတ်ပြားလေး ဖြုတ်ထားသည့် အငှားကားလေးကို သူမ လုံးဝလှည့်မကြည့်ဖြစ်တော့။ ပြီးတော့
နက်မှောင်မည်းပြောင်ကာ ပူပြင်းနေဆဲဖြစ်သော ကတ္တရာလမ်းမကြီးကို သူမ ဒေါသတကြီး ဖိနင်းပစ်လိုက်မိလေသည်။
ထို့နောက်တော့
အားလုံးသောဖြစ်ရပ်များကို တစိမ့်စိမ့်တွေးကာ ကြိတ်မနိုင်ခဲမရ ၀မ်းနည်းနာကျင်လာရသော
မြကေသွယ်သည် လမ်းပေါ်၌ ကားတစ်စီးကို ရုတ်တရက် လက်ပြတားဆီးလိုက်ရလေသည်။
ဒီတစ်ခါတော့
မြကေသွယ်သည် Taxi ဟု ဆိုင်းဘုတ်တပ်ထားသည့် အငှားကားလေး၏ ရှေ့ခန်းနေရာကို ယောင်လို့မှ
လှည့်မကြည့်ဖြစ်တော့ဘဲ နောက်ခန်းတံခါးကိုဖွင့်ကာ ဆောင့်ကြီးအောင့်ကြီး ထိုင်ချပစ်လိုက်လေတော့သည်။
မေတ္တာဖြင့်
- ယုဒါ
18102015
(1:08 PM)
အမှတ်
(၅၅)
ရွှေအောင်လံ
ရသစုံမဂ္ဂဇင်း
ဖေဖော်ဝါရီလ၊
၂၀၀၀ ခုနှစ်
No comments:
Post a Comment
အားပေးမှုအတွက် ကျေးဇူးတင်ပါသည်...
မေတ္တာဖြင့်...
ယုဒါ