Saturday, October 10, 2015

ပန်းရိုင်းတစ်ပွင့်၏ဂီတ




(၁)

ပြတ်ပြတ်သားသားမေးဖို့ အချိန်တန်ပြီဟု ချိုက စတင်၍ ရွေးချယ်ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။ ချိုသည် အတွေးနှင့် စိတ်ကူးယဉ်လွင့်မျောလျက် တွေဝေနေတတ်သောလူစား မဟုတ်ပေ။ ချိုက တိကျပြတ်သားခြင်းကိုသာ သဘောကျနှစ်ခြိုက်သူဖြစ်၏။ ဘာအလုပ်မှာဖြစ်ဖြစ် တိတိကျကျ ပြတ်သားစွာ ကိုင်တွယ်ဖြေရှင်းခြင်းသည် မျိုးသီရိချို၏ နာမည်ကြီးအလေ့အကျင့်တစ်ခုဖြစ်လေသည်။ သို့ပါလျက် ချိုသည် မရေမရာဇာတ်မျောကြီးထဲက မင်းသမီးတစ်လက် ဖြစ်မှန်းမသိဖြစ်နေခဲ့ရ၏။ 
ထိုဇာတ်မျောကြီးထဲမှာ ချို မျောပါက,ပြနေရတာ လအတန်ကြာခဲ့ပြီ။ ဖြစ်နိုင်မည်ဆိုလျှင်တော့ ချို့စိတ်တိုင်းကျ လှလှပပလေး အဆုံးသတ်လျက် ထိုဇာတ်လမ်းကို နိဂုံးချုပ်လိုက်ချင်သည်။
မျိုးသီရိချို၏ ဇာတ်လမ်းက အစကပင်မလှပခဲ့သည့်အတွက် ချိုမျှော်လင့်သလို လှချင်မှလှပေလိမ့်မည်။ တစ်စုံတစ်ယောက်၏ ဖန်တီးလမ်းညွှန်မှုတို့အောက်မှာ အဆင်သင့်အသားကျလိုက်ပါရသော ဘ၀မျိုးကို မပိုင်ဆိုင်ခဲ့ဖူးသည့် ချိုကတော့ အရောင်အမျိုးမျိုးပြောင်းလေ့ရှိသော လောကကြီးထဲမှာ နေသားကျနေခဲ့လေပြီ။ ထို့အတွက် ချိုသည် ဖြစ်လာသမျှ အဆိုးအကောင်းဒဏ်ကို ခံနိုင်ရည်ရှိသည်ဟု ကိုယ့်ကိုယ်ကို အားပေးကာ ရဲဆေးတင်လိုက်ခြင်းဖြစ်၏။

"ကို.. ချို့ကို ဘယ်နေ့လက်ထပ်မယ်ဆိုတာ တိတိကျကျ အဖြေပေးပါ"
ချိုသည် ကို့မျက်နှာကိုကြည့်ကာ ခပ်ရဲရဲပင် ပြောလိုက်လေ၏။ တကယ်တော့ ထိုစကားကို ချို မပြောလိုပေ။ ချိုသာလျှင်မဟုတ်၊ ကမ္ဘာပေါ်ရှိ မည်သို့သော မိန်းမ,မဆို ထိုစကားမျိုးကိုပြောချင်လိမ့်မည်မဟုတ်ဟု မိန်းမအားလုံးကိုယ်စား ချို အတတ်ပြောရဲလေသည်။ မပြောချင်ကြသော်လည်း ဖြစ်လာသောအခြေအနေတစ်ခုမှာတော့ ပြောရပေမည်။ ဆွဲဆောင်မှုကောင်းစွာ အချိုးကျလှပသော ကို၏ မျက်ခုံးနက်နက်များ တွန့်ကွေးသွားပုံကို ချို လိုက်ကြည့်နေမိ၏။ ပုံစံကဖြင့် ချို့စကားကို အလိုမကျဟန်။
"တိတိကျကျ" ကိုက ချိုပြောခဲ့သည့်စကားစုထဲမှ စကားတစ်လုံးကို ထုတ်ယူသုံးစွဲကာ တီးတိုးရွတ်ဆိုကြည့်လိုက်ခြင်းဖြစ်၏။

"ဟုတ်တယ်ကို၊ တိတိကျကျပေါ့။ မနက်ဖြန်တွေ မရေမတွက်နိုင်အောင် အများကြီးရှိနေသလို မနက်ဖြန်တိုင်းမှာ တိကျတဲ့ ရက်စွဲတစ်ခုစီ ရှိပါတယ်" ကို ပြုံးလေသည်။ မခံချိမခံသာ အီလည်လည်နိုင်သော အပြုံးဖြစ်သည့်အတွက် ချို့ကို နွေးထွေးမှုမဖြစ်စေပါ။
"ကောင်းပြီလေ၊ ကို မေမေ့ကို ပြောကြည့်ဦးမယ်"
"နေပါဦး၊ ကို့အမေကို မပြောရဲတာလား၊ မပြောချင်တာလား။ ချိုက ဘယ်လိုမိန်းကလေးမျိုးဖြစ်နေလို့ ကို့အမေကို ဖွင့်ပြောရမှာ ကြောက်နေရတာလဲ"
ချို့အသံက ဒေါသသံစွက်သွားသဖြင့် အနည်းငယ်တော့ မာသယောင်ယောင်ဖြစ်နေလေသည်။ ချို မတတ်နိုင်။ ယောက်ျားတစ်ယောက်အပေါ် လိုတာထက်ပို၍ ချို ပျော့ပျောင်းမနေနိုင်တော့။ မျိုးသီရိချိုနှင့် တင်မင်းဆွေဆိုသည့် ကိုက မနေ့တစ်နေ့ကမှ ချစ်ခဲ့ကြသော သမီးရည်းစားများ မဟုတ်ကြပေ။ ချိုတို့နှစ်ယောက် တွဲလာတာ သုံးနှစ်သုံးမိုးကျော်လာခဲ့ပြီ။ ချိုတို့နှစ်ယောက်အကြား ရင်းနှီးမှုက ခိုင်မာကြာရှည်ခဲ့လေပြီ။ ချို့အနေနှင့် ခုလိုအချိန်မျိုးမှာ ဒီ့ထက်ပြတ်သားတိကျသော အဖြေမျိုးကိုပင် ရထားဖို့ ကောင်းပြီမဟုတ်ပါလား။

လက်ထပ်ဖို့ကိစ္စနှင့် ပတ်သက်လျှင် နေ့ရွှေ့ညရွှေ့နှင့် မရေမရစကားများသာ ပြောတတ်သော ကို့အကြောင်းကို တွေးရင်း တွေးရင်း ချို ဒေါသပိုထွက်လာသဖြင့် "ကို့အမေကို မပြောရဲရင် ချို ပြောမယ်" ဟု ချို ပြောလိုက်လေသည်။ အံ့သြတကြီးဖြစ်သွားသော ကို့မျက်နှာကို ခပ်တည်တည်ပြန်ကြည့်ရင်း "ချို တကယ်ပြောမယ်" ဟု ထပ်မံ၍ အတည်ပြုလိုက်လေသည်။

(၂)

"တကယ်ပြောမယ်" ဆိုသည့်စကားကို ရဲရဲကြီးပြောခဲ့သည့် ချိုသည် တယ်လီဖုန်းခွက်ကို မ,ကိုင်ပြီးနောက် ရုတ်တရက်စကားပြောမထွက်နိုင်ဘဲ ငိုင်နေမိသေး၏။ ပြီးမှ "ဘာဖြစ်လဲ၊ ဘာပဲဖြစ်ဖြစ် ပြောစရာရှိတာကို ပြောလိုက်တာ အကောင်းဆုံးပဲ" ဟုတွေးကာ ကိုယ့်ကိုယ်ကို အားပေးလျက် တယ်လီဖုန်းနံပါတ်များကို သတိထား နှိပ်လိုက်လေသည်။
"ဒေါ်သင်းသင်းဆွေနဲ့ ပြောချင်လို့ပါရှင်"
"ခု သင်းသင်းဆွေပြောနေပါတယ်" မတော်ရသေးသည့် ယောက္ခမလောင်းကြီးနှင့် တည့်တည့်တိုးနေ၍ ချို တစ်ချက်တော့ ကြောင်သွားသေး၏။ ပြောဖို့စကားတွေ စီထားခဲ့ပါလျက် ချို အစမ်းလေ့ကျင့်ထားသလို အစီအစဉ်မကျခဲ့ပေ။

"ကျွန်မ မျိုးသီရိချိုပါ။ ဒီနာမည်ကို အန်တီ ကြားဖူးသလား မသိဘူး"
"မျိုးသီရိချို၊ ဟင့်အင်း… အန်တီ တစ်ခါမှ မကြားဖူးဘူး"
ချို့စိတ်ထဲ နည်းနည်းတော့အောင့်သက်သက် ဖြစ်သွားရ၏။ ချို့ ယောက္ခမလောင်းကြီးက ချို့နာမည်ကိုပင် တစ်ခါမှ မကြားဖူးဘူးတဲ့။ အင်းလေ… သားဖြစ်သူက ပြောပြမထားတော့လည်း မိခင်တစ်ယောက်အနေနှင့် မသိဘဲရှိနေနိုင်သော ကိစ္စပဲ။

ချို ဘာဆက်ပြောရမှန်းမသိအောင် အကျပ်ရိုက်သွားရ၏။ချို မတွေ့မမြင်ဖူးသေးသော အမျိုးသမီးကြီး၏ အရှိန်အ၀ါက ကြီးမားလှစွာ ချို့ကို စိုးရွံ့အားငယ်စေလေသည်။ ဟင့်အင်း…။ မကြောက်နဲ့ ချို။ မျိုးသီရိချိုဆိုတာ အသက် ၁၆ နှစ်အရွယ်ကတည်းက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့ လောကကြီးကို မကြောက်မရွံ့ ကြိုးစားရင်ဆိုင်လာခဲ့တဲ့ မိန်းမလေ။ ဒီလောက် မဖြစ်စလောက်တဲ့ကိစ္စလေးအတွက် ကြောက်လန့်အားငယ်စရာ မလိုပါဘူး။ တယ်လီဖုန်းခွက်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း ချို့ဘာသာ အားပေးရလေ၏။ သူတစ်ပါး အားပေးနှစ်သိမ့်တာကို စောင့်စားမျှော်လင့်နေထက် ကိုယ့်ကိုယ်ကို အားပေးနှစ်သိမ့်ရင်း အရာရာကို ကြိုးစားရင်ဆိုင်နိုင်ဖို့ကသာ ပိုအရေးကြီးတာမဟုတ်လား။
"ချို့ကို အန်တီမသိပေမယ့် အန်တီ့ကို ချိုက စိတ်ဝင်စားလို့ သိနေပါတယ် အန်တီ"
ချို့အသံတွေ တုန်ခါမှုမရှိဘဲ တည်ငြိမ်နေသည့်အတါက် ချို့ဘာသာချိုပဲ ကျေးဇူးတင်ရသေး၏။
"အန်တီ့ကိုသိနေတယ်၊ ဘာအတွက်လဲ မိန်းကလေး"
"ဘာအတွက်လဲဆိုတော့ ကိုတင်မင်းဆွေအတွက်လို့ ပြောရမယ်ထင်တယ်"
"သြော် သြော်… မိန်းကလေးက သားနဲ့ပတ်သက်နေတာကိုး။ ထင်တော့ထင်သားပဲ။ ကဲ… ပြော ဘာကိစ္စများ အရေးတကြီးရှိနေလို့လဲ"
"အရေးတကြီးပြောစရာတော့ မဟုတ်ပါဘူး အန်တီ။ အေးအေးဆေးဆေးပြောပြရမယ့် ကိစ္စမျိုးပါ။ ချို မပြောဘဲ ကိုတင်မင်းဆွေပြောရင် ပိုအဆင်ပြေလိမ့်မယ်ထင်တယ် အန်တီ။ ကိုတင်မင်းဆွေကို အန်တီ မေးကြည့်လိုက်ပါလားရှင်"
"လိုအပ်တဲ့ကိစ္စဆိုရင် သားက အန်တီ့ကိုပြောပါလိမ့်မယ်"

ချို ပြန်ပြောစရာစကားမရှိအောင် ကြောင်သွားရပြန်သည်။ သဘောကတော့ မလိုအပ်သည့်ကိစ္စမို့ ချို့ကိုပင် သူသိစရာမလိုသည့်ပုံ။
"ဘာပဲဖြစ်ဖြစ်ပေါ့ အန်တီ၊ အန်တီ့ကို ချို လေးလေးစားစား အလေးထားပြီးပြောတာလို့ ယုံကြည်စေချင်ပါတယ်။ မျိုးသီရိချိုဆိုတာ ဘယ်သူလဲလို့ အန်တီ့သားကို မေးကြည့်လိုက်ပါနော်။ ချိုတို့ နောက်တော့ ဆုံကြတာပေါ့။ အန်တီ ချို့ကို ပြောစရာရှိသေးသလားရှင်၊ မရှိရင် ချို ဖုန်းချလိုက်တော့မယ်နော်"
"ဟင့်အင်း… မရှိဘူး"
အနည်းငယ် ဇဝေဇ၀ါနိုင်သော ပြတ်တောင်းတောင်းငြင်းဆိုစကားကို ချို အပြုံးနှင့်နားထောင်ပြီးနောက် တယ်လီဖုန်းခွက်ကို ဦးစွာချပစ်လိုက်လေသည်။ ကဲ… ကိုတင်မင်းဆွေရေ မျိုးသီရိချိုကို မသိသေးတဲ့ ယောက္ခမလောင်းကြီးကို နာမည်လေးတစ်ခုလက်ဆောင်ပေးလိုက်ပြီ။ မမေးလို့ မပြောရဲတဲ့ကိစ္စတွေကို မေးလာတဲ့အခါ ပြည့်ပြည့်စုံစုံ ဖြေပေးလိုက်ပါတော့။

(၃)

ကိုက ချိုလိုချင်သည့်အဖြေကိုမပေးဘဲ "ချို ဘာလို့ ဒီလောက်အလောတကြီးနိုင်ရတာလဲ" ဆိုသည့် မေးခွန်းကို ပြန်မေးလိုက်ခြင်းအတွက် ချို့စိတ်ထဲ ထောင်းခနဲဖြစ်သွားရလေသည်။ ချို့ အလောတကြီးနိုင်နေခြင်းမဟုတ်ဘဲ ကိုကသာ တုံ့ဆိုင်းနှေးကွေးခြင်း မဟုတ်လား။ ကို့ဘက်က မဖြစ်နိုင်သောကိစ္စကို ချိုက တောင်းဆိုနေခြင်းလည်း မဟုတ်။ ဖြစ်သင့်သော အခြေအနေတစ်ခုမှာ လိုအပ်သည့် ဆုံးဖြတ်ချက်ချဖို့ ချိုက တရားမျှတစွာ တောင်းဆိုခြင်းသာဖြစ်သည်။ ချို့အပေါ် နားလည်မှုရှိဖို့ ကောင်းသည်။

မိသားစုဘ၀လေးတစ်ခုကို ချို ဘယ်လောက်မျှော်လင့်မက်မောနေသလဲဆိုတာကို သိခဲ့ပြီပဲ။ ပျော်ရွှင်ဖွယ် မိသားစုဘ၀တွေကို ချို ကလေးဘ၀တုန်းကသာ ခံစားရရှိခဲ့၏။ ချို အပူအပင်မဲ့စွာ ပျော်ခဲ့ဖူးသော အချိန်တွေက သိပ်ကိုတိုတောင်းခဲ့ပါသည်။ ချိုတို့မှာ မောင်နှမလေးယောက်ရှိခဲ့၏။ ချို့အထက် မမကြီးနှင့်အစ်ကိုက ချို့ထက် ဆယ်နှစ်ကျော်ပိုကြီး၏။ ချို့ကိုမွေးပြီး ငါးနှစ်ခြားမှာ မောင်လေးတစ်ယောက်ထပ်မွေးခဲ့၏။ မောင်လေးကို မွေးပြီးကတည်းက မေမေ့ကျန်းမာရေး ချွတ်ယွင်းလာခဲ့ခြင်းဖြစ်၏။ ဘာမှန်းမသိသည့် နာတာရှည်ရောဂါမျိုးစုံကို ဆယ်နှစ်ကျော်ကာလအထိ မေမေ ခံစားသွားရ၏။ ဖေဖေနှင့်မေမေ၏ အိမ်ထောင်ရေးလည်း အဆင်မပြေခဲ့။
"မေမေသေရင် သမီးတို့ မိထွေးနဲ့နေရတော့မှာနော်" ဟု ပြောကာ မေမေ မကြာခဏမျက်ရည်ကျတတ်တာတော့ ချို မှတ်မိနေ၏။ မေမေဆုံးတော့ ချို အသက်၁၅နှစ်ကျော် ကိုးတန်းအောင်ခါစ။ ဖေဖေ တရားဝင်နောက်အိမ်ထောင်ပြုသည့်အချိန်မှာတော့ ချို ဆယ်တန်းအောင်ပြီဖြစ်၏။ ပြောရမည်ဆိုလျှင်တော့ ဆယ်တန်းအောင်သည့်အတွက်ပင် ချို ပျော်ချိန်မရခဲ့ပေ။ ၁၆နှစ်သမီး ချိုသည် လောက၏ အရှုံးဒဏ်တွေကို တနင့်တပိုးကြီး ခံစားခဲ့ရသည်မဟုတ်လား။

မေမေ့ကို ချိုအပြီးတိုင် စွန့်လွှတ်ခဲ့ရ၏။ ဖေဖေ့ကို ချို ပိုင်ဆိုင်ခွင့်မရတော့။ အိမ်ထောင်ပြုသွားသော မမကြီးနှင့် ချို ဝေးကွာခဲ့၏။ ချို၏ တစ်ဦးတည်းသော အစ်ကိုကလည်း ချိုတို့မိသားစုအားလုံးကို စွန့်ခွာက အိမ်မှထွက်သွားခဲ့ပြန်သည်။ မောင်လေးနှင့်ချိုကို မမကြီး၏ ခင်ပွန်းသည်က အုပ်ထိန်းစောင့်ရှောက်မည် ဆိုခဲ့ပါသည်။ ဖေဖေကတော့ တတ်နိုင်သမျှ ထောက်ပံ့မည်ပေါ့။
မမကြီးကို ချို အားနာရလေသည်။ မောင်လေးကိုသာ မမကြီးနှင့် နေစေပြီး ချို မိသားစုတစ်ခုလုံးကို ထိုအချိန်ကတည်းက စိတ်ပြတ်သားစွာ စွန့်လွှတ်ခဲ့၏။ ချို့ရင်ထဲမှာတော့ မချိအောင် နာခဲ့ပါသည်။ အဒေါ်ဝမ်းကွဲတစ်ယောက်၏ စက်ချုပ်ဆိုင်ကြီးမှာ ချို စက်ချုပ်သင်ခဲ့၏။ 
အဒေါ်တို့ဆိုင်၏ အောက်ခြေသိမ်းအလုပ်ကအစ ချို လုပ်ကိုင်ပေးခဲ့၏။ ချို ကိုယ့်ဝမ်းကိုယ် ကျောင်းနိုင်ဖို့ ရုန်းကန်ကြိုးစားခဲ့၏။ စက်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုဖို့ ချို လုံးဝ ၀ါသနာမပါခဲ့ပေ။ သို့ပေမယ့် ချို တတ်စွမ်းသမျှ ကြိုးစားသင်ယူခဲ့၏။ အင်္ကျီတစ်ထည်လုံး အပြီးအစီးညှပ်ဖို့၊ ချုပ်ဆို့ကို ချို စိတ်မပါသည့်အတွက် ပိုက်ဆံရရုံ တစ်ကြောင်းဆွဲ စက်ချုပ်ခြင်းအလုပ်ကိုသာ တွင်တွင်လုပ်ခဲ့၏။ ထိုမှတစ်ဆင့် ချိုတို့ဆိုင်နှင့် ဖောက်သည်လုပ်ငန်းရှင်တစ်ယောက်ကို ခင်မင်ခဲ့ရာမှ စ,ကာ ချို့ဘ၀တစ်မျိုးတစ်ဖုံ ပြောင်းလဲခဲ့ခြင်းဖြစ်လေသည်။ ချို့ရုပ်ရည်နှင့် အပြောအဆို သွက်လက်ချက်ချာမှုကို လုပ်ငန်းရှင်တော်တော်များများက သဘောကျခဲ့ကြလေသည်။
ဆယ်တန်းအောင်ထားသော ချို့ကို ပညာရေးဘက် ပြန်လိုက်စားဖို့ အကြံကောင်းပေးသူများ အများအပြား ရှိခဲ့သည့်အတွက် ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ ချို ကြိုးစားခဲ့၏။ စာကျက်ချင်လွန်းသော ချိုသည် ရသည့်အချိန်တွေမှာ လက်လှမ်းမီသမျှစာများကို ပြန်ဖတ်ခဲ့၏။ ပြီးတော့ ချို အင်္ဂလိပ်စာသင်တန်း တက်ခဲ့၏။ စကားပြောလည်း လေ့ကျင့်ခဲ့၏။ ကျောင်းဖွင့်တော့ ချို အဝေးသင်တက္ကသိုလ်ဆက်တက်၏။ ဒီလိုနှင့် ချို သင်္ချာ အဓိကနှင့် သိပ္ပံဘွဲ့ရခဲ့လေသည်။

ချို ပထမနှစ် စ,တက်သည့်အချိန်မှစ၍ အမျိုးသမီးဘော်ဒါဆောင်တစ်ခုမှာ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်လေသည်။ အဲဒီအချိန်ကတည်းက ချိုသည် မိသားစုဆိုသော အသိုက်အမြုံတစ်ခုမှ ခွဲခွာလျက် တစ်ယောက်တည်းခရီးဆက်ခဲ့ရခြင်း ဖြစ်လေသည်။ ကိုယ့်အတောင်နှင့်ကိုယ် အားစိုက်ပျံသန်းနိုင်ပါမှ လိုရာခရီးရောက်သည့် ငှက်တစ်ကောင်အဖြစ် ကိုယ့်ကိုယ်ကို သတ်မှတ်ကာ ကြိုးစားရုန်းကန်နိုင်ဖို့ အင်အားတွေကို ချို ကောင်းစွာမွေးယူနိုင်ခဲ့လေသည်။
ခုတော့ ဘော်ဒါဆောင်နေ အဆောင်သူဘ၀မှာ ချို နေသားကျလျက် စိတ်ကျေနပ်မှုရှိခဲ့ပြီ။ သို့ပေမယ့် တစ်သက်တာလုံးဖြင့် ချို အဆောင်သူတစ်ယောက်မလုပ်လို။ မိသားစုဘ၀လေးတစ်ခုကို ချို လိုလားသည်။ ချို တစ်ယောက်ပိုင်ဆိုင်ထားနိုင်ရမည့် မိသားစုဘ၀လေးတစ်ခုကို ချို့စိတ်တိုင်းကျ ဖန်တီးတည်ဆောက်လိုသည်။ ချို၏ မိသားစုဘ၀ထဲမှာ ချိုချစ်သော ကို ပါရမည်။ ကဲ…ချို လွန်ပါသလား။ ချို့ချစ်သူကို ချို ပိုင်ဆိုင်ရယူခွင့် ရှိလိုခြင်းက ချို့ရဲ့ အလောတကြီးနိုင်မှုတဲ့လား။

"ချို အလောတကြီးနိုင်တယ်လို့ ပြောရလောက်အောင် ကိုနဲ့ ချိုရဲ့ ရည်းစားသက်တမ်းဟာ သုံးလမဟုတ်ဘူး၊ သုံးနှစ်ကျော်ပြီဆိုတာ ကို မေ့များနေသလား"
ချိုသည် မပြောလိုသောစကားတွေကို စကားလုပ်ပြောနေရသည့်အတွက်ပဲ အလိုလိုနေရင်း စိတ်တိုလာမိလေသည်။ "ကို သိပါတယ်၊ မေမေ့ကို ပြောပြီးပြီပဲ၊ မေမေက စဉ်းစားဦးမယ်တဲ့"
"ရှင်…." ချို့ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားရ၏။ "ချိုကလည်းကွာ၊ ကို တို့မှာက ညီအစ်ကိုနှစ်ယောက်တည်းရှိတာလေ၊ ကိုကို့တုန်းကလည်း မေမေသဘောတူတဲ့ မိန်းကလေးကိုပဲ လက်ထပ်ခဲ့တာ။ ခု ကိုက ကိုယ့်သဘောနဲ့ကိုယ် ရွေးချယ်ထားတာ၊ မေမေစိတ်ကျေနပ်အောင် ကိုတို့ လုပ်ပေးရမှာပေါ့။ ချို စိတ်မပူပါနဲ့ကွာ၊ မေမေက ကို့ကို ကိုကို့ထက်တောင် ပိုချစ်သေးတယ်။ ချိုက ပူစရာမဟုတ်တာကို တွေးပူနေတတ်တာကိုး။ ဘာဖြစ်လဲကွာ ခု ကိုတို့လက်မထပ်သေးလည်း အတူနေလို့ရတာပဲ။ တစ်ခါတစ်ခါ ချိုက သိပ်အတွေးခေါင်တာပဲ" ချို့မျက်ဝန်းမှာ အရိပ်ထင်လာသော မကျေမချမ်းနိုင်မှုအတွက် ကိုက ချော့မော့နှစ်သိမ့်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။ ကို့စကားတွေက ချို မနှစ်မြို့နိုင်သော စကားများသာ ဖြစ်သဖြင့် ချို့ကို မကျေအေးစေနိုင်ပေ။
"ဟင်… ဘယ့်နှယ်လဲ ချို… ခုလည်း ကိုတို့နှစ်ယောက် အတူတူနေနိုင်တာပဲမဟုတ်လား" ကိုသည် ချိုထင်တာထက်ပင် မသိသားဆိုးရွားနိုင်လေစွ။ ချို ဘယ်လိုမိန်းမမျိုးလဲဆိုတာ မသိတာလည်းမဟုတ်ဘဲနှင့် သွေးတိုးစမ်းစကားတွေကို တမင်ဆိုလေခြင်းပေလား။ ချို့ရင်ထဲက နာကျင်ဒေါသဖြစ်မှုတွေကြား၌ စိတ်ပျက်ဝမ်းနည်းမှုတွေ ၀င်ရောက်လာလေသည်။
"သြော်… ချို့ကို ၀မ်းသာစရာပြောဖို့ မေ့နေတယ်၊ မေမေက ချို့ကို ခေါ်တွေ့ဦးမယ်တဲ့ ချို"
ချို ဘာမှပြန်မပြောဖြစ်တော့ဘဲ ချိုတို့နှစ်ယောက် တွေ့ဆုံစကားပြောနေသော စားသောက်ဆိုင်နံရံရှိ တရုတ်ပြည်ရှုခင်း ပိုစတာကြီးကို ငေးကြည့်နေမိလေသည်။

(၄)

ကို၏ တိုက်ခန်းဆီသို့ ပထမဦးဆုံးအကြိမ်ရောက်ဖူးပြီး ချို၏ အဆောင်သို့ပြန်လာသောအခါ ချိုပိုင်ဆိုင်သော အခန်းလေးက ပိုမိုကျဉ်းမြောင်းသွားသယောင် ထင်ရလေသည်။ ချို၏ အခန်းလေးထဲ၌ တစ်ယောက်အိပ်ခုတင်တစ်လုံး၊ သေတ္တာတစ်လုံး၊ စာရေးစားပွဲတစ်စုံ၊ အဆင့်လေးဆင့်ပါသော ရှည်တောက်တောက်စာအုပ်စင်လေးတစ်ခုနှင့် နံရံကပ်ဘုရားစင်သေးသေးလေး တစ်ခုသာရှိလေသည်။ ဆယ်ပေပတ်လည်ပင် မပြည့်တတ်သော အခန်းကျဉ်းလေးထဲ၌ ထိုပစ္စည်းများ၏ အနေအထားမှာ တစ်ခုနှင့်တစ်ခု အလွန်နီးကပ်လှစွာ တည်ရှိလေ၏။

ကျဉ်းမြောင်းကျပ်တည်းသော ချို၏ အခန်းလေးသည် လေ၀င်လေထွက်ကောင်းသော ပြတင်းပေါက်တစ်ခုကြောင့် ချို့ကို အသက်ရှူမကျပ်စေပေ။ သင်ဖြူးဖျာတစ်ချပ်သာ ခင်းထားသည့် ချို၏အိပ်ရာသည် အလုပ်ခွင်မှ မောပန်းညောင်းညာလာသည့် ချို့ကို ကျေနပ်ဖွယ်ကောင်းလောက်အောင် အမောပြေစေသည်။ ချို့အခန်းလေးကို ချို ချစ်သည်။ သားနားကြီးကျယ်သော တိုက်တာအဆောက်အအုံများနှင့်ယှဉ်လျှင် ချို့အခန်းလေးက အဆမတန် သေးနုပ်သိမ်ငယ်သွားပေမည်။ ခုပဲ ကြည့်စမ်းပါဦး။ ကို့ရဲ့တိုက်ခန်းလေးနှင့် ယှဉ်လိုက်တော့ ချို့အခန်းလေးက သိပ်ကို ကျဉ်းမြောင်းကျပ်တည်းသွားရပြီမဟုတ်လား။

ရေခဲသေတ္တာတစ်လုံး၊ ကြိမ်ဆက်တီတစ်စုံ၊ ဒန်းလော့မွေ့ရာတစ်ခု၊ စာကြည့်စားပွဲတစ်စုံသာရှိသော တိုက်ခန်းတစ်ခု၏ အပြင်အဆင်သည် ထူးထူးခြားခြား ဆန်းပြားမှုအလျဉ်းမရှိပေ။ ချိုသည် ကိုပိုင်ဆိုင်သော တိုက်ခန်းသို့ တစ်ခါမှမသွားရောက်ဖူးခဲ့ပေ။ ထိုတိုက်ခန်းသည် ကိုတစ်ဦးတည်းပိုင်ဆိုင်သောတိုက်ခန်းဟု ချို သိထားသော်လည်း ကိုတို့သူငယ်ချင်း လေးငါးယောက်အခါအားလျော်စွာ နေထိုင်သော တိုက်ခန်းဖြစ်လေသည်။ အများအားဖြင့်တော့ ထိုတိုက်ခန်းကို ပိတ်ထားတတ်သည်ဟု ချို သိထား၏။ ကိုသည် ချို့ကို ထိုတိုက်ခန်းသို့ ရောက်ဖူးအောင် ကြိမ်ဖန်များစွာ ဖိတ်ခေါ်ခဲ့ဖူး၏။ 

ယောက်ျားလေးများသာ သီးသန့်နေထိုင်သော တိုက်ခန်းသို့လာကာ ရည်းစားနှင့်အတူ စာကူကျက်ပေးတတ်သော ကောင်မလေးတွေအကြောင်း၊ စားစရာတစ်မျိုးမျိုး လာလုပ်ကျွေးလေ့ရှိသော ကောင်မလေးတွေအကြောင်း၊ ချို့အား ကို ပြောပြဖူးလေ၏။ ချို့ကို ဘာရည်ရွယ်ချက်နှင့် ပြောပြရခြင်းဖြစ်သည်ကို ပြည့်စုံစွာ နားမလည်နိုင်သော်လည်း ချိုကတော့ တစ်ခါမှ ဝေဖန်ချက်မပေးဖူးခဲ့။

"သူတို့ ဘယ်လိုစိတ်ဆန္ဒမျိုးနဲ့ပဲလာလာ ချို မဝေဖန်လိုဘူး ကို၊ ချိုကတော့ ယောက်ျားလေးတွေချည်း လွတ်လွတ်လပ်လပ်နေတဲ့ နေရာတစ်ခုဆီကို ဘာအကြောင်းကြောင့်မှ သွားဖို့ စိတ်ကူးမရှိဘူး"
"ချိုက သိပ်တွန့်တိုတာပဲ၊ ချို လိုက်လာလည်း ကို ဘာမှမလုပ်ပါဘူးကွာ၊ ချို့ကို ကိုက်လည်းမစားပါဘူး" ချို ရယ်မောခဲ့မိလေသည်။ ချစ်တတ်သော နှလုံးသားကို မလွန်ဆန်နိုင်သော ချိုက ယောက်ျားတွေကို အထင်မသေးတတ်ပါ။ သို့သော် ချို နေရာတိုင်းမှာ ဘယ်သူ့ကိုမှ မယုံကြည်တတ်ပေ။ "အခွင့်အရေးဆိုတာ တောင်းလို့ရတာရှိသလို မတောင်းဘဲရတတ်တာလည်း ရှိတယ် ကို၊ ယောက်ျားတွေဟာ အခွင့်အရေးရရင် လက်လွတ်မခံချင်တတ်ကြတာ များပါတယ်။ အဲဒီအများစုထဲမှာ ကိုမပါဘူးလို့တော့ ချို မယုံကြည်နိုင်တာ အမှန်ပဲ" ဟု ဆိုခဲ့သည့်အတွက် ကို ဆွေ့ဆွေ့ခုန်သွားခဲ့ဖူးလေသည်။ မှန်တာကိုပြောလျှင်လည်း နာလိုခံခက် အမျက်ထွက်တတ်သတဲ့။ တစ်ခါတစ်ရံ အမှန်တရားကို လက်ကိုင်ထားကာ ချိုက တဲ့တိုးပြောတတ်လွန်း၍ ကိုနှင့် စကားများရလေ၏။ ချိုက ဟန်ဆောင်ပန်ဆောင်လုပ်ရတာကို အလွန်မုန်း၏။

ရိုးသားစွာပွင့်လင်းခြင်းသည် ချို၏ ပကတိရိုးဂုဏ်တစ်ခုအဖြစ် ချို့ဘာသာ ဂုဏ်ယူကျေနပ်နိုင်လေသည်။ ချို့ သူငယ်ချင်းတစ်ယောက်နှင့် ပတ်သက်ပြီး ကို့ကို သိကျွမ်းခင်မင်ခဲ့သော ချိုသည် ကိုက ချစ်ခွင့်ပန်ပြီး ဆယ်ရက်အကြာတွင် ခေါင်းညိတ်အဖြေပေးခဲ့ခြင်းဖြစ်၏။ "ချိုနဲ့ ကိုတင်မင်းဆွေသိခဲ့တာ ခြောက်လကျော်ပဲ ရှိသေးတယ်နော်၊ ဘယ်အချိန်ကလဲဆိုရင်တော့ ချို တိတိကျကျ မမှတ်မိတော့ဘူး။ ချို ကိုတင်မင်းဆွေကို ချစ်နေပြီ၊ စဉ်းစားပါရစေဦးလို့ ပြောနေရင်လည်း အချိန်ကုန်တာပဲ ရှိလိမ့်မယ်။ ဒါပေမယ့် ကိုတင်မင်းဆွေကို လက်ထပ်မယ်လို့ ခိုင်ခိုင်မာမာဆုံးဖြတ်ပြီး ခေါင်းညိတ်တာတော့ မဟုတ်ဘူးနော်။ ချိုက လက်ထပ်ဖို့ ရည်ရွယ်ပြီး ရွေးခဲ့တာဖြစ်ရင်လည်း ချိုတို့ချင်း တွဲကြည့်လို့ အဆင်မပြေရင် ပျက်ကြရမှာပဲမဟုတ်လား"
ချိုက အဲဒီလိုအဖြေစကားဖြင့် ကိုနှင့်ချို တရားဝင်ချစ်သူရည်းစားဖြစ်ခဲ့ကြ၏။ အဲဒီ စကားတွေကြောင့်ပဲ ချို ဒုက္ခရောက်နေရသည်လား မပြောတတ်ပေ။ ခု ချို အိမ်ထောင်ပြုသင့်ပြီဟု ကိုယ့်ကိုယ်ကို သတိပေးမိသောအချိန်၌ တစ်ဖက်လူက အင်းမလှုပ်အဲမလှုပ် ကျောက်ရုပ်ဖြစ်နေသည် မဟုတ်လား။ ချို စိတ်ပျက်မိလေသည်။ ပွင့်လင်းသောချိုသည် မိန်းမတစ်ယောက်၏ အရှက်နှင့်ဂုဏ်သိက္ခာဆိုတာကို အလွန်အမင်း တန်ဖိုးထား၏။

မေမေသည် ကျန်းမာရေးမကောင်းသည့်ကြားကပင် ချို့ အသက် ၁၅နှစ်ကာလအထိ ဂရုစိုက် ဆုံးမပဲ့ပြင်ပေးခဲ့၏။ မိန်းကလေးဆိုတာ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်ဆိုသေ စကားတွေကို အိပ်ရာဝင်ပုံပြင်ပြောသလို မပြီးဆုံးနိုင်အောင် မမောတမ်း ပြောပြဖူးခဲ့လေသည်။ မေမေပြောပြသော ထိုပုံပြင်များသည် ချို၏ ၁၆နှစ် နောက်ပိုင်းကာလတွေကို မယိုင်မလဲ ရဲရဲဝံ့ဝံ့ဖြတ်သန်းနိုင်ဖို့ အင်အားတွေဖြစ်ခဲ့၏။ အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချတတ်ဖို့၊ အခြေအနေကိုလိုက်၍ မှန်ကန်သင့်လျော်စွာ တွေးခေါ်စဉ်းစားတတ်ဖို့ အလေ့အကျင့်ကို မေမေ့ကျေးဇူးကြောင့် ချို ရခဲ့ခြင်းသာမဟုတ်လား။

"မေမေ မရှိတော့ရင် စာအုပ်တွေကို သမီးအဖော်လုပ်ပါ၊ စာအုပ်တွေထဲမှာ မေမေပြောမပြနိုင်တဲ့ သမီးသိချင်တဲ့၊ သိသင့်တဲ့အရာတွေ အများကြီးရှိသေးတယ်။ သမီးစာအုပ်တွေ များများဖတ်ပြီးတဲ့အခါ ဘယ်လောက်ဆိုးတဲ့ စာအုပ်ထဲကပဲဖြစ်ဖြစ် ကောင်းတာတွေကို ရွေးချယ်ယူတတ်သွားလိမ့်မယ်။ ခုတော့ မေမေ့သမီးက ငယ်သေးတဲ့အတွက် မေမေ ဖတ်ခိုင်းတာလောက်ပဲ ဖတ်ဦးပေါ့"
စာဖတ်ခြင်း၌ ကျေနပ်စွာမွေ့ပျော်သော မေမေသည် စာအုပ်တွေကို မြတ်နိုးသူတစ်ယောက်ဖြစ်ဖို့ ချို့ကို ညွှန်ပြပေးခဲ့သည်။ ချိုတို့မောင်နှမလေးယောက်တွင် မေမေနှင့်အတူဆုံးဖြစ်သော၊ မေမေ့နား အကပ်ဆုံးဖြစ်သော ချို့အပေါ် မေမေ အလွန်အားကိုးချစ်ခင်ခဲ့၏။ မမကြီးက မေမေ့အစား အိမ်ထောင်ရှင်မကြီးတစ်ယောက်လို အိမ်ထောင်ထိန်းသိမ်းမှု နိုင်နင်းသော်လည်း မေမေ့ကို ပြုစုခြင်း၌ ချို့လောက် စိတ်မရှည်ခဲ့ပေ။ မေမေဆုံးတော့ တစ်လောကလုံးတွင် အကြေကွဲရဆုံးလူသည် ချို ဖြစ်ခဲ့၏။ ချစ်သူရည်းစားရှိနေပြီဖြစ်သော မမကြီးက အိမ်ထောင်ပြုဖို့ ချက်ချင်းဆုံးဖြတ်ခဲ့၏။ ဒါကလည်း သင့်တော်တဲ့ နည်းလမ်းတစ်ခုကို မမကြီး ရွေးချယ်လုပ်ဆောင်ခဲ့ခြင်းသာပါ။ မေမေရှိစဉ်ကတည်းက ကြည်ဖြူခဲ့သောကိစ္စဖြစ်၍ မမကြီး၏ အဆုံးအဖြတ်ကို ချို ကန့်ကွက်စရာအကြောင်းမရှိခဲ့ပေ။
အဲဒီလိုနှင့်ပင် ချိုသည် သွေးသားရင်းချာ မိသားစုဘ၀ထဲက အပြီးတိုင်ထွက်ခွာလာခဲ့ရခြင်းဖြစ်၏။ မိသားစုဘ၀လေးတစ်ခုကို ကြိုးစားတည်ဆောက်ဖို့ ရည်ရွယ်ခဲ့ပြန်တော့ ချို မျှော်လင့်သလို ဖြစ်မလာ။ ချိုသည် ချိုပိုင်ဆိုင်သော အခန်းကျဉ်းလေးထဲ၌ စိတ်လွတ်လက်လွတ် ကြေကြေကွဲကွဲ ငိုကြွေးခြင်းဖြင့်သာ ထွက်ပေါက်ရှာရလေသည်။

(၅)

ချို လုံးဝမထင်မှတ်ခဲ့ပေ။ ယောက်ျားတစ်ယောက်ကို သန့်သန့်စင်စင် ချစ်မိခြင်းဟူသော ကိစ္စတစ်ခုကြောင့် ဒီလောက်ထိ စော်ကားခံရလိမ့်မည်ဟု ချို တစ်ခါမှပင် တွေးမကြည့်ဖူးချေ။ ချို့ကို တစ်ဦးတည်း အိမ်တိုင်ရာရောက် ဖိတ်မန္တကပြုလျက် စိတ်မသက်သာဖွယ်မေးခွန်းတွေ ထုတ်လာသည့် ယောက္ခမကြီးကို ချို အံ့သြလို့သာနေရလေသည်။
"မိဘတွေနဲ့ ဘာလို့မနေသလဲ"
"ချို မေမေက ချို ဆယ့်ငါးနှစ်သမီးလောက်ကတည်းက ဆုံးသွားခဲ့တာပါ အန်တီ။ ဖေဖေက နောက်အိမ်ထောင်နဲ့ပါ။ ချို ပထမနှစ်ကတည်းက အလုပ်,လုပ်ပြီး အဆောင်မှာနေခဲ့တာ"
"အဖေက မထောက်ပံ့ဘူးလား"
"မထောက်ပံ့ဘူးတော့မဟုတ်ပါဘူး၊ ဖေဖေ့မှာလည်း ကြည့်စရာလူတွေရှိနေသေးတော့ ချို ဒုက္ခမပေးချင်လို့ ကိုယ့်အားကိုယ်ကိုးပြီး အလုပ်,လုပ်ရင်း ကျောင်းတက်ခဲ့တာပါ"
"ပထမနှစ်လောက်ကတည်းက ကိုယ့်အားကိုယ်ကိုးနိုင်ခဲ့တယ်ဆိုတော့ မျိုးသီရိချိုက အတော့်ကို သတ္တိကောင်းတာပဲ။ ထင်တော့ထင်ပါတယ်၊ အန်တီ့ကို တယ်လီဖုန်း စ,ဆက်ကတည်းက သတ္တိရှိတဲ့ မိန်းကလေးတစ်ယောက်လို့ အန်တီသတ်မှတ်ပြီးသားပါ။ အင်းလေ… ခုခေတ် မိန်းကလေးတွေကိုက ရဲတင်းကြတာပါပဲ"

"သတ္တိရှိတာနဲ့ ရဲတင်းတာ မတူပါဘူး အန်တီ" မရည်ရွယ်ဘဲနှင့် ချို့နှုတ်က လျင်မြန်စွာ တုံ့ပြန်မိလျက်သား ဖြစ်နေလေသည်။ ရဲရင့်စွာ သတ္တိရှိသောချိုသည် အမျိုးသမီးကြီးကို အားတောင့်အားနာ ဖြစ်သွားမိ၏။ ချို့ကို "အလာကြီးပဲ" ဆိုသည့် ပုံမျိုးဖြင့် ပြန်ကြည့်လိုက်သော အမျိုးသမီးကြီး၏ စူးစူးရဲရဲမျက်လုံးတွေက အနေရအထိုင်ရခက်စေ၏။ မတတ်နိုင်။ မဟုတ်လျှင်မခံချင်တတ်သော ချို့မာနသည် အရိုးစွဲနေခဲ့ပြီ။ မျိုးသီရိချိုက ဘာကိုမှ မကြောက်တတ်တာမဟုတ်ဘဲ ကြောက်စရာမလိုတာကို မကြောက်တတ်သူသာ ဖြစ်၏။ ချို့ရှေ့က အမျိုးသမီးကြီးကို ချို လုံးဝမကြောက်ပါ။ ဖြစ်နိုင်လျှင် သူနှင့်ချို ပြေလည်မှုရချင်ပါသည်။ ထိုအမျိုးသမီးကြီး၏ အချစ်ကို ချို ခံချင်ပါသည်။ ချို့ရဲ့ယောက္ခမဟာ ချို့ကို သမီးရင်းလေးတစ်ယောက်လို ချစ်မယ်ဆိုရင် ချို ဘယ်လောက် ကျေနပ်ပျော်ရွှင်ရမလဲ။ ချို အတွေးနှင့်ပင် ကြည်နူးခဲ့ရဖူးသည်။
ချိုသည် ငိုတတ်၊ရယ်တတ်သော သာမန်မိန်းကလေးတစ်ယောက်သာ ဖြစ်၏။ သူတစ်ပါးကို ချို ချစ်တတ်သလို သူတစ်ပါး၏အချစ်ကိုလည်း ချို လိုလားပါသည်။ သို့သော် ကံမကောင်းသောချိုနှင့် အမျိုးသမီးကြီးတို့ အတိတ်ဘ၀က ရေစက်မရှိခဲ့ဖူးထင်သည်။ ချို့ကို သူ နည်းနည်းမှ မလိုလားခဲ့ဘူးထင်ပါရဲ့။

"ကောင်းပြီ၊ ကောင်းပြီ သတ္တိရှိတာနဲ့ ရဲတင်းတာ မတူဘူးပဲထားပါတော့။ ဒါပေမယ့် ယောက်ျားလေးတွေချည်းနေတဲ့ တိုက်ခန်းတစ်ခုဆီကို မကြာခဏအလည်အပတ်သွားနေတတ်တဲ့ မိန်းကလေးမျိုးကို ရဲတင်းလွန်းတယ်လို့ သတ်မှတ်ရင် မျိုးသီရိချို လက်ခံမလား"

"ဟင့်အင်း… သူများတွေကို ပုတ်ခတ်ပြီး ချို ဘာမှမပြောချင်ပါဘူး အန်တီ။ ယောက်ျားတွေရှိနေတဲ့ ဘယ်တိုက်ခန်းကိုမှ ချို အလည်အပတ် မသွားဖူးတဲ့အတွက် အဲဒီကိစ္စ ချို့မှာ ပြောစရာမရှိပါဘူး"
"အန်တီ သိထားသလောက်တော့ သားငယ်နဲ့ပတ်သက်နေတဲ့ မိန်းကလေးတွေ သားငယ်တို့နေတဲ့အခန်းကို ညဉ့်အိပ်ညဉ့်နေလာလည်လေ့ရှိတယ်။ သားငယ်ပြောတာတော့ သူ့သူငယ်ချင်းတွေရဲ့ ကောင်မလေးတွေတဲ့။ သူ့ကောင်မလေးတွေလည်း ပါရင်ပါမှာပေါ့။ အရွယ်ရောက်နေတဲ့ ယောက်ျားတစ်ယောက်ရဲ့ လွတ်လပ်မှုကို အန်တီ ဇွတ်အတင်းချုပ်ကိုင်မထားပါဘူး။ သားငယ်ဆိုလည်း ကုမ္ပဏီတစ်ခုကို ဦးဆောင်လုပ်နေနိုင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပြီပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အန်တီ့သားကိုတော့ အန်တီက ကလေးတစ်ယောက်လိုပဲ မြင်နေသေးတာပဲ။ သားကလည်း အန်တီ့စကားကို နားထောင်ပါတယ်။ အန်တီပြောထားတယ်၊ အန်တီသဘောမတူတဲ့ ဘယ်မိန်းမကိုမှ မယူရဘူးလို့ အပြတ်ပြောထားတယ်။ သားကလည်း အန်တီသဘောကျတဲ့ မိန်းကလေးကိုပဲ ယူမယ်လို့ ကတိပေးထားပါတယ်။ အဆောင်မှာနေလိုက်၊ တိုက်ခန်းမှာနေလိုက် အအုပ်အထိန်းမရှိ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ မိန်းကလေးမျိုးနဲ့တော့ အန်တီ့သားကို အန်တီသဘောမတူနိုင်ဘူး။ အဆောင်နေ မိန်းကလေးတွေကို အန်တီ အထင်မကြီးနိုင်တာ အမှန်ပဲ"
အမျိုးသမီးကြီး၏ နိုင်လိုမင်းထက်ဆန်လွန်းသော ခပ်တင်းတင်းစကားသံအဆုံး၌ ချို ၀ုန်းခနဲ ထ,ရပ်လိုက်မိလေသည်။ ချို့ခန္ဓာကိုယ်တစ်ခုလုံး ပြိုလဲကျသွားတော့မလို တုန်ယင်လှိုက်မောနေလေသည်။ ချို့ရင်ထဲက တနင့်တပိုးကြေကွဲမှုများကို အမျိုးသမီးကြီး မြင်နိုင်လိမ့်မည်မဟုတ်ပေ။ တစိမ့်စိမ့်ဝမ်းနည်းကြေကွဲနေသော ချို့ရင်တွင်း၌ ခံပြင်းဒေါသများ တဖြည်းဖြည်းဝင်ရောက်လာပြီးသည့်နောက်မှာတော့ ခွေယိုင်လဲလု ချို့ဦးခေါင်းလည်း အလိုလိုထောင်မတ်သွားလေ၏။ အမျိုးသမီးကြီးကို ချို တည့်တည့်ရင်ဆိုင်လိုက်မိလေပြီ။

"အန်တီ့အထင်ရောအမြင်ပါ လုံးဝမှားနေပြီအန်တီ။ အခြေအနေအရပ်ရပ်ကြောင့် အဆောင်နေ,နေတဲ့ မိန်းကလေးတွေရဲ့ ဂုဏ်သိက္ခာကို အန်တီ စော်ကားလိုက်တာ သိပ်ကိုလွန်လွန်းတယ်။ ချို အဆောင်မှာနေလာတာ ဆယ်နှစ်ကျော်ခဲ့ပြီ၊ ချိုနေဖူးတဲ့အဆောင်တွေက ဘယ်မိန်းကလေးမှ ပေါက်လွတ်ပဲစားဖြစ်နေတာမရှိဘူး။ အဆောင်မှာ အုပ်ထိန်းသူမရှိဘူးဆိုတာလည်း မဟုတ်ဘူး။ ချိုတို့အဆောင်တိုင်းမှာ အဆောင်မှူးဆိုတာရှိတယ်။ အုပ်ထိန်းတဲ့ အဆောင်မှူး သီးသန့်မရှိရင် အဆောင်ပိုင်ရှင် ရှိပါသေးတယ် အန်တီ။ မြန်မာမှုနယ်ပယ်ထဲမှာ သွေးသားမတော်စပ်ပေမယ့် အုပ်ထိန်းဖို့လိုအပ်သူတွေကို အုပ်ထိန်းပေးတတ်တဲ့ ဓလေ့ရှိနေပါတယ်။ ဘယ်အဆောင်ပိုင်ရှင်မှ ငွေရရင်ပြီးရောဆိုပြီး လက်လွတ်စပယ်နိုင်တဲ့ ပုံစံမျိုးနဲ့ အဆောင်သူ မထားကြပါဘူးအန်တီ။ အန်တီအဆောင်တစ်ခုခုမှာ မနေခဲ့ဖူးဘူးထင်ပါတယ်။ အဆောင်ဆိုတာ မှတ်ပုံတင်တစ်ခုပါရုံနဲ့ ငွေပေးနိုင်ရုံနဲ့ ၀င်လိုဝင်၊ ထွက်လိုထွက် အလွယ်တကူ စည်းမရှိ ကမ်းမရှိ အရိပ်ခိုနိုင်တဲ့နေရာတစ်ခု မဟုတ်ဘူးဆိုတာ အန်တီမယုံရင် ခုချက်ချင်း အဆောင်တစ်ခုငှားကြည့်လိုက်ပါ အန်တီ။ ပြီးရင် အဆောင်သူတွေရဲ့ဘ၀ကို စုံစမ်းကြည့်လိုက်ပါ။ ကိုယ့်ဒူးကိုယ်ချွန်ပြီး ကိုယ့်ဘ၀တက်လမ်းအတွက် အချိန်နဲ့အမျှ ရိုးရိုးသားသား ကြိုးစားနေတဲ့ အဆောင်နေမိန်းကလေးတွေ လောကကြီးထဲမှာ တစ်ပုံကြီးရှိနေသေးတယ်လို့ အန်တီ သိလာပါလိမ့်မယ်။
မိန်းမတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားပျက်စီးတဲ့ကိစ္စက သူ့အကြောင်းနဲ့သူ ရှိတတ်ပါတယ်။ အဆောင်မှာနေခြင်း၊ မနေခြင်းနဲ့ မဆိုင်ပါဘူး။ အန်တီ အိမ်ထဲကအိမ်ပြင်မထွက်ဘဲ ခေတ်ကို မျက်ခြည်ပြတ်နေတာ ကြာသွားပြီထင်တယ်။ ကိုယ်ပိုင်ကားကို ကိုယ်တိုင်မောင်းပြီး ယောက်ျားတစ်ယောက်ပိုင်ဆိုင်တဲ့ တိုက်ခန်းဆီမှာ တစ်နေကုန်နေ,နေတတ်တဲ့ မိန်းမမျိုးဟာ အဆောင်မှာနေတာ မဟုတ်ပါဘူး အန်တီ။ ချို့ကို စော်ကားဖို့ တစ်ခုအတွက်နဲ့တော့ ၀ါးလုံးရှည်နဲ့ သိမ်းမရမ်းလိုက်ပါနဲ့။ အန်တီ့သားနဲ့ ချို့ကို သဘောမတူရင်လည်း ရိုးရိုးလေးပဲ ငြင်းလိုက်လို့ဖြစ်ပါတယ်" ချို့အသံက နှလုံးသားတစ်ခုလုံးကို မွမွကြေအောင် ဖျစ်ညှစ်ခံလိုက်ရသူ တစ်ယောက်၏ နာကျင်မှုမျိုးဖြင့် ဆို့နင့်နေသော်လည်း ကြည်လင်ပြတ်သားလို့နေ၏။
"အန်တီကတော့ သဘောမတူဘူးလို့ ပြောခဲ့ပြီးပြီ။ သားက မင်းနဲ့တစ်ခါလောက်တွေ့ပြီး စကားပြောကြည့်ပါ တောင်းဆိုလို့ သားဆန္ဒကို အန်တီ လိုက်လျောခဲ့တာ"
"ဟုတ်ကဲ့၊ အန်တီနဲ့ချို တွေ့ခွင့်ရခဲ့တာကို ကျေးဇူးတင်ပါတယ် အန်တီ။ တစ်ဆိတ် ကျေးဇူးပြုပြီး ချို ပြောချင်တာလေးကိုလည်း အန်တီဆက်နားထောင်ပေးပါဦး။ လူတစ်ယောက်ရဲ့အကြောင်းကို အသေအချာ လေ့လာစုံစမ်းမကြည့်ဘဲနဲ့၊ အများပြောစကား တစ်ခုတည်းနဲ့ အဲဒီလူရဲ့တန်ဖိုးကို ဖြတ်လို့မရပါဘူး။ လူဆိုတာ ကိုယ့်တန်ဖိုးကို ကိုယ်သာလျှင် အသိဆုံးပါ။ ချိုဟာ ကိုယ့်အားကိုယ်ကိုးပြီး တစ်ယောက်တည်းနေရတဲ့ဘ၀မှာ ကိုယ့်ကိုယ်ကို အမြဲထိန်းသိမ်းခဲ့တယ်။ ချို မြင်နေတာပဲ၊ ကိုတင်မင်းဆွေတို့ အပေါင်းအသင်းတွေထဲမှာ လက်မထပ်ဘဲ အတူနေနေကြတဲ့အတွဲတွေ အများကြီးရှိပါတယ်။ သူများတွေကိစ္စ ချိုနဲ့မဆိုင်ပါဘူး။ ချိုကတော့ မိန်းကလေးတစ်ယောက် စောင့်ထိန်းရမယ့်ဂုဏ်သိက္ခာကို အပွန်းပဲ့မခံနိုင်ပါဘူး။ ကံတရားကို ချိုတို့ ကြိုမမြင်နိုင်ဘူး။ ဘယ်လောက်သေချာတဲ့ကိစ္စမှာပဲဖြစ်ဖြစ် ပြဿနာဆိုတာ မမျှော်လင့်ဘဲ ၀င်လာတတ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ ရပ်သိရွာသိ ချိုတို့ ထုံးတမ်းစဉ်လာ မင်္ဂလာပွဲလုပ်ခွင့်မရသေးဘဲနဲ့ ချို့ဘ၀ကို ဘယ်လိုယောက်ျားမျိုးရဲ့ လက်ထဲကိုမှ မအပ်နိုင်ပါဘူး။

အန်တီ့သားရဲ့ ပတ်ဝန်းကျင် ကျဉ်းကျဉ်းလေးထဲက အရှက်သိက္ခာမရှိတဲ့လူမျိုးတွေနဲ့ မျိုးသီရိချိုကို မရောနှောလိုက်ပါနဲ့။ ချို့မှာ လူအထင်ကြီးစရာ အသိုင်းအ၀ိုင်းမရှိတာ တစ်ခုအတွက်နဲ့တော့ ချို့ ကိုယ်ကျင့်သိက္ခာကို အသားလွတ်စော်ကားချင်တိုင်း စော်ကားတာမျိုးကို ချို သည်းခံမှာမဟုတ်ဘူး။
အန်တီ ပြတ်ပြတ်သားသားပြောသလိုပဲ ချိုလည်း တိတိကျကျ ပြောနိုင်ပါတယ်။ အန်တီ့ရဲ့ သားလိမ္မာလေးကို ပြောလိုက်ပါ။ ကိုယ့်စိတ်ကိုယ့်ဆန္ဒနဲ့ ရည်းစားတွေထား၊ ရသမျှအခွင့်အရေးကို ယူပြီး နောက်ဆုံး မိဘပေးစားတဲ့မိန်းမကိုပဲ ယူမယ်ဆိုတဲ့ ယောက်ျားမျိုးကို မျိုးသီရိချိုကလည်း နည်းနည်းလေးမှ အထင်မကြီးတော့ပါဘူးလို့ သူသိပါစေ။ ချို့ကို ခြေသလုံးဖက် ဒူးထောက်တောင်းပန်စေဦးတော့ ချို သူ့ကို မယူတော့ဘူးလို့ ပြောပြလိုက်ပါအန်တီ။ ချို့ကို ခွင့်ပြုပါဦး။ အန်တီနဲ့ချို ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် တွေ့ဆုံခြင်းလို့ သဘောထားလိုက်ပါ။ ကျေးဇူးအများကြီးတင်ပါတယ် အန်တီ၊ ချို သွားမယ်"

စကားတွေကို ချို တရစပ်ပြောချပစ်လိုက်မိ၏။ ချိုပြောဖြစ်သော စကားအားလုံး ကြိုတင်စီစဉ်မှု လုံးဝရှိမထားသောကြောင့် ချောမွေ့လိမ့်မည်မဟုတ်ပေ။ ချို့တစ်ကိုယ်လုံး၌ ခံပြင်းဒေါသများ ဆူဝေတက်နေသဖြင့် အမှားပါရင်လည်း ပါသွားလိမ့်မည်။ ဘယ်လိုပဲဖြစ်ဖြစ် ချို့ရင်ထဲမှာ သူတစ်ပါးကို စော်ကားလိုစိတ်မရှိခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်နေခြင်းတို့ကြောင့် ချို လိပ်ပြာသန့်လေသည်။ ချို့ဘက်မလွန်ခဲ့ဟု ချို ယုံကြည်သည်။ ချို့ကို ချွေးမ,မတော်ချင်သည့် ယောက္ခမကြီးကို မျက်နှာအောက်ချ ခယ၀ယလုပ် တောင်းပန်သင့်ပါသလား။ ဒူးထောက်ငိုကြွေးပြရမည်လား။ ချို မလုပ်နိုင်ပါ။
အမှန်တရားကို ရင်ဆိုင်ရခြင်းအတွက် ချိုမြတ်နိုးသော တစ်စုံတစ်ခုကို လက်လွတ်ဆုံးရှုံးရမည်ဆိုလျှင်လည်း ထိုအရှုံးကို ချို ကျေကျေနပ်နပ် ခံယူလိုပါသည်။ ချို့မှာ အလွန်အမင်း ချစ်မြတ်နိုးတတ်သော နှလုံးသားတစ်ခုရှိသလို တွေးခေါ်စဉ်းစားတတ်သော ခေါင်းတစ်လုံးလည်း ရှိနေသေးသည်။ ဖြစ်နိုင်မည်ဆိုလျှင်တော့ ချို့ကို ဒဏ်ရာဒဏ်ချက်များစွာဖြင့် အနာတရဖြစ်စေသော ချို့အိပ်မက်များကို ဖျက်ဆီးပစ်ခဲ့သော လူတစ်ယောက်ကို ချို အပြီးတိုင် မေ့ဖျောက်ပစ်လိုက်ချင်သည်။ ချို့ရင်ထဲမှ ချစ်တတ်သောနှလုံးသားကိုပင် ထုတ်ဖော်ပစ်လိုက်ချင်သည်။ ဘာကိမှမခံစားတတ်သည့် ဗလာသက်သက် နှလုံးသားတစ်စုံဖြင့်သာ ချို ဆက်လက်ရှင်သန်လိုပါသည်။ သို့ပေမယ့် အချစ်နှင့်ပတ်သက်လျှင် မရင့်ကျက်သေးသော ချိုသည် နုနယ်နေသေးသော နှလုံးသားတစ်ခု၏ဆန္ဒကို မလွန်ဆန်နိုင်စွာ တစ်ယောက်တည်း တိတ်တဆိတ် ကြေကွဲနေရလေသည်။

(၆)

"မျိုးသီရိချို… ဧည့်သည်" ဆိုသောအသံကို ကြားလိုက်ရတော့ ချို ရင်တုန်ပန်းတုန် နှလုံးတွေ အခုန်မြန်သွားရလေသည်။ တနင်္ဂနွေရုံးပိတ်ရက်ဖြစ်သည့်အတွက် ချို အဆောင်၌ အေးဆေးသက်သာစွာ အနားယူခွင့်ရနေခဲ့ခြင်းဖြစ်သည်။ အလုပ်ဖွင့်ရက်ဆိုလျှင်တော့ အဆောင်သို့ ခြောက်နာရီထက်စော၍ ချို ပြန်ရောက်လေ့မရှိပေ။ တစ်ခါတစ်ရံ ညရှစ်နာရီလောက်မှ ပြန်ရောက်တတ်၏။ ချို အလုပ်လုပ်သော ကုမ္ပဏီမှ ပြန်လိုက်ပို့ပေးသည့်အတွက် ချို သွားရေးလာရေးအဆင်ပြေလေသည်။ သို့သော် ချို့အဆောင်က ည ၇ နာရီတွင်ပိတ်လေရာ ချို့အလုပ်အကြောင်း ဂဃနဏ နားလည်စေဖို့ အဆောင်မှူးနှင့်အဆောင်ပိုင်ရှင်ကို ပြောပြထားရလေသည်။ အားလုံးက ချို့အလုပ်ကို နားလည်သလို ချို့အကြောင်းကိုလည်း သိထားသောကြောင့် ချို အလုပ်များ၍ အဆောင်အပြန်နောက်ကျခြင်းကို သဘောပေါက်နားလည်ကြ၏။

ချို ယခင်ကနေခဲ့ဖူးသော အဆောင်တစ်ခုမှာတော့ အဆောင်သူအားလုံး ည ၇ နာရီအတိ၌ တစ်ပြေးညီအဆောင်တွင်း ပြန်ဝင်ရသဖြင့် ချို့အလုပ်နှင့် အဆင်မပြေသောကြောင့် ချို အလွန်သဘောကျခဲ့သည့် အဆောင်ကလေးကို ချို စွန့်လွှတ်ခဲ့ရ၏။ ခုတော့ ချို့အပေါ် နွေးထွေးလှိုက်လှဲမှုရှိသော အဆောင်၌ ချို နေသားကျ ပျော်မွေ့နေလေပြီ။ ကိုက ဘယ်လိုပင် သူ့တိုက်ခန်းကောင်းကြောင်း ပြောသော်လည်း ချို ခေါင်းခါငြင်းပယ်ခဲ့၏။ အလကားနေရသည့်အခန်းကိုပင် ငြင်းပယ်ရကောင်းလားဟု ကို စိတ်ဆိုးခဲ့သေး၏။ "ကို့တိုက်ခန်းမှာ ချို အေးအေးဆေးဆေး နေလို့ရတယ်။ ချက်ပြုတ်စားလို့လည်းရတယ်။ ချို အဆောင်မှာနေရတာ ဘယ်လောက်ကျဉ်းကျပ်သလဲ၊ စာကျက်ရတာလည်း မလွတ်လပ်ဘူး။ ကို့အခန်းမှာ ပြောင်းနေစမ်းပါ ချိုရယ်။ ကို တကယ်ကတိပေးတယ်" ဟု ချော့မော့သည်ကိုလည်း ချို လက်မခံခဲ့ပေ။
"ချို အခန်းလေးဟာ ကျဉ်းပေမယ့် ချို့ကို မမွန်းကျပ်စေပါဘူးကို။ လွတ်လပ်မှုကို ချို ကြိုက်ပေမယ့် လွတ်လပ်လွန်းတာကို ချို မနှစ်သက်ပါဘူး။ ချို့အခန်းလေးထဲမှာ ချို စိတ်သန့်ရှင်းစွာ အမြဲလွတ်လွတ်လပ်လပ် နေနိုင်ပါတယ်။ လိပ်ပြာသန့်သန့် နေထိုင်ရတဲ့ဘ၀ကိုပဲ ချို မြတ်နိုးတယ်။ ကိုက စေတနာနဲ့ပြောတာ မှန်ရင်တော့ အရှည်တွေးကြည့်တော့ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်ရင် ဖြစ်လာနိုင်တယ်။ မသင့်တော်တဲ့ကိစ္စမျိုးကို တတ်နိုင်ရင်မလုပ်မိတာ အကောင်းဆုံးပါပဲ။ စိတ်မရှိပါနဲ့ကို၊ ကိုနဲ့ချို လက်ထပ်ပြီးတဲ့အခါ ချို ကို့ဘ၀ထဲကို ၀င်လာမှာပါ။ ခုတော့ ချို အဆောင်မှာပဲ နေပါရစေ" ချို ပြတ်ပြတ်သားသားငြင်းဆိုတော့ ကို ဇွတ်မပြောတော့ပေ။
ချို ဒီလောက် ကိုယ့်ကိုယ်ကို တန်ဖိုးထားကာ ထိန်းသိမ်းခဲ့ပါလျက်၊ ကို့ဆန္ဒကို လိုက်လျောကာ ရောက်ဖူးတယ်ဆိုရုံလေး ကို့အခန်းဆီ သွားကြည့်မိခြင်းကြောင့် ချို နာမည်ပျက်ခဲ့ရလေပြီ။ ချို့စိတ်ကို ကို အသိခဲ့ဆုံးဖြစ်သည်။ သိခဲ့ပါလျှင် မိမိလက်ထပ်ယူလိုသည့် ချစ်သူတစ်ယောက်၏ အကြောင်းကိုပင် အမေဖြစ်သူအား သဘောပေါက်နားလည်အောင် ပြောပြနိုင်စွမ်းမရှိသည့် ကို့ကို ချို ခွင့်မလွှတ်နိုင်။ ချို့အကြောင်း၊ ချို့ခံယူချက်၊ ချို့ယုံကြည်ချက်နှင့် စိတ်နေစိတ်ထားတို့ကို ကို အမှန်တကယ် တန်ဖိုးထားလေးစားခဲ့လျှင် ချို ဒီလောက်ထိ ပိုးစိုးပက်စက် အထင်အမြင်သေးခံရစရာမရှိပါ။ သတိရတိုင်း တစိမ့်စိမ့်တွေးကာ ချို နာကျင်ရလေသည်။

ချို့အကြောင်းကိုသိနေသော အဆောင်ဖော် သူငယ်ချင်းကောင်းတစ်ယောက်ရှေ့မှာ ချို မျက်ရည်ကျရလေသည်။ "ချို့ ယောက္ခမနဲ့ တစ်သက်လုံး တွဲနေရမှာမှ မဟုတ်ဘဲကွယ်၊ ချိုတို့နှစ်ယောက် နားလည်မှုရှိရင် ဖြစ်နိုင်သေးတဲ့ကိစ္စပါ။ ချို ဧည့်သည်ကို ဆင်းတွေ့လိုက်ပါဥိး၊ ချိုတို့ချင်း ဆွေးနွေးကြည့်ပါဦးကွယ်"

"ဟင့်အင်း ချို ဆုံးဖြတ်ပြီးပါပြီ။ သူ့ကိုချစ်တာတစ်ခုတည်းနဲ့ သူ့အပြစ်တွေကို ချို ခွင့်လွှတ်ခဲ့ပေါင်းများပါပြီ။ သူဟာ သတ္တိရှိတဲ့လူတစ်ယောက်မဟုတ်ဘူးဆိုတာ ချို ယုံသွားပြီ။ မိဘလုပ်ပေးသမျှ အပူအပင်မရှိ အဆင်သင့်နေလာရတဲ့ဘ၀မှာ ကိုယ်လိုချင်တာ ဘာလဲလို့ မသိသလို လိုချင်တာရှိခဲ့ရင်လည်း ရအောင်ယူဖို့ မကြိုးစားချင်တဲ့လူမျိုးဟာ ချို့ ချစ်သူဖြစ်နေခဲ့တယ်။ ချိုက သူတို့လို မိဘရာထူးဂုဏ်ရှိန် အသိုင်းအ၀ိုင်းမရှိတော့ သူတို့နဲ့ ချို မတန်ဘူးလို့ ထင်နေကြတာ။ ဒါကြောင့်သာ ချို့ကို လက်ထပ်ယူဖို့ သူ မ၀ံ့မရဲဖြစ်နေခဲ့တာပေါ့။ တကယ်ဆိုရင် သူတို့ကသာ ချိုနဲ့ မထိုက်တန်တာပါ။ ချို ၀မ်းမနည်းတော့ပါဘူး။ ချို့တန်ဖိုးကို သိနားလည်တဲ့ ယောက်ျားတစ်ယောက် လက်ထဲကိုသာ ချို့ဘ၀ကို အပ်တော့မယ်။ နားလည်တဲ့လူမရှိတော့လည်း ဘာအရေးလဲကွယ်။ လူတစ်ယောက်ကိုချစ်ရတာ ပင်ပန်းလွန်းလှပါတယ်။ ချိုတို့တွေ ကိုယ့်ဝမ်းကိုယ်ကျောင်းနေခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ သူငယ်ချင်းရယ်။ ချို့လမ်းကို ချိုတစ်ယောက်တည်း လျှောက်နိုင်ပါသေးတယ်"

"ဟုတ်တယ်ချို၊ ကိုယ့်ဘ၀ကို တန်ဖိုးထားနားလည်မှုမရှိတဲ့ ယောက်ျားမျိုးကို ဘ၀တစ်သက်တာ လက်တွဲအဖော်ပြုရတာထက်စာရင် ကိုယ့်လမ်းကိုယ် တစ်ယောက်တည်း လျှောက်ရတာက ကျေနပ်စရာကောင်းပါတယ်။ တို့က ချိုခံစားရမှာကို မမြင်ရက်လို့ပါ"
"ကျေးဇူးတင်ပါတယ် သူငယ်ချင်းရယ်။ ချိုတို့လို မိသားစုနဲ့အတူနေထိုင်ခွင့်မရတဲ့သူအချင်းချင်း အခိုက်အတန့် မိသားစုနဲ့ခွဲခွာနေရသူတွေ အချင်းချင်း စာနာနားလည်ပေးနိုင်တာ၊ တစ်ယောက်နဲ့တစ်ယောက် အားပေးနှစ်သိမ့်တာ ချို အရမ်းကျေနပ်တယ်၊ ၀မ်းသာတယ်"
"မျိုးသီရိချို၊ ဧည့်သည် စောင့်နေပါတယ်"
"ဟော… ချိုရေ စကားကောင်းနေတာ ချို့ဧည့်သည်ကိုတောင် မေ့သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ချိုရယ်၊ ချို့ဆုံးဖြတ်ချက်ကို သေချာသွားပြောပြလိုက်ပါဦး။ ချို အကောင်းဆုံးလုပ်နိုင်လိမ့်မယ်လို့ တို့ယုံတယ်"
"ကောင်းပြီ သူငယ်ချင်း၊ ချို ဆင်းတွေ့လိုက်မယ်။ ချိုကလည်း ပြတ်ပြတ်သားသားပြောရတာကိုပဲ သဘောကျပါတယ်"

"ချို သတိထားဦးနော်၊ စိတ်လှုပ်ရှားပြီး ပြောမိပြောရာတွေ ပြောထွက်သွားတာမျိုး ဖြစ်နေဦးမယ်"
"စိတ်ချပါ သူငယ်ချင်းရယ်၊ သူ့အမေအိမ်က ပြန်လာတဲ့နေရကစ,ပြီး ချို သေချာဆုံးဖြတ်လိုက်တာပါ။ ကိုယ့်စကားနိုင်ရင်ပြီးရောဆိုပြီး ချိုပြောခဲ့တာမဟုတ်ပါဘူး။ ချို့ရင်ထဲက တကယ့်ခံစားချက်ကြောင့် ဖြစ်လာတဲ့ ဆုံးဖြတ်ချက်ပါ။ တစ်ခုတော့ရှိတာပေါ့။ တည်ငြိမ်နေတဲ့ရေပြင်ကို ခဲလုံးလေးတစ်လုံး ပစ်ပေါက်လိုက်ရင်တောင် ခဏတာတော့ ဂယက်ထသွားသေးတာပဲမဟုတ်လား။ ကဲ…ချို သွားတွေ့လိုက်ဦးမယ်"

ချို့စိတ်များ ကြည်လင်နေခဲ့လေပြီ။ လူတစ်ယောက်ရဲ့ ပြတ်သားမှုကို စောင့်စားမျှော်လင့်နေခြင်းထက် ကိုယ်တိုင်ပြတ်သားပြနိုင်ခြင်းကို ချိုနှစ်ခြိုက်ပါသည်။ ဒီအတွက် ချိုကသာ ပြတ်သားလိုသည်။ ဆုံးဖြတ်ချက်တစ်ခုချလိုက်တိုင်း ဘယ်အခါမှ ချို ဇဝေဇ၀ါမဖြစ်တတ်။ ချို ချလိုက်သည့် ဆုံးဖြတ်ချက်တစ်ခုစီ၏ ရလဒ်ကို ချို ကျေနပ်စွာခံယူတတ်၏။ ချို့ဘ၀ကို အကောင်းဆုံးဖြစ်အောင် ချို ဖန်တီးတည်ဆောက်ခဲ့၏။ လှပသော အိမ်ကလေးတစ်လုံးကို ချို့စိတ်တိုင်းကျ ဆောက်နိုင်ဖို့ ချို အစွမ်းကုန်ကြိုးစားကြည့်ခဲ့သည်။ ချိုမျှော်လင့်သလို ဖြစ်မလာတာက ချို၏ ကြိုးစားမှုဝိရိယနည်းပါးခြင်းကြောင့် မဟုတ်ဘဲ ချိုမပြုပြင်နိုင်သော ကံအကြောင်းတရားကြောင့်သာ ဖြစ်လေသည်။ မေမေ့ကို ချို တမ်းတမ်းတတ သတိရနေမိလေသည်။
"လူဆိုတာ ဖြစ်တဲ့ဘ၀မှာ အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားနေရမယ်။ အကောင်းဆုံးဖြစ်လာတာ မလာတာ တစ်ပိုင်းပေါ့။ မေမေ့ကိုပဲကြည့်စမ်း။ အိမ်ရှင်မကောင်းတစ်ယောက်၊ မိခင်ကောင်းတစ်ယောက် ပီသအောင် အစွမ်းကုန်ကြိုးစားခဲ့တယ်။ ဒီကြားထဲကပဲ မေမေ့ကျန်းမာရေး ချွတ်ယွင်းလာခဲ့တယ်။ ကျန်းမာရေးကို မေမေ ဘယ်လောက်အလေးထား ဂရုစိုက်သလဲ သမီးတို့အသိဆုံးပဲ။ ဒီအသက်အရွယ်နဲ့  ကျန်းမာရေးမကောင်းဖြစ်ရတာ မေမေ အတိတ်ဘ၀ကပြုခဲ့ဖူးတဲ့ မကောင်းမှုတွေကြောင့်ပဲ။ မေမေတို့ ပြုပြင်မယူနိုင်တဲ့ အကြောင်းတရားတွေရှိခဲ့လို့ အကျိုးတရားကို ရှောင်လွှဲလို့မရအောင် ခံစားရချိန်မှာတော့ ခံနိုင်ရည်ရှိအောင် ကြိုးစားရင်ဆိုင်ဖို့ပဲ ရှိတယ်သမီး။ ဘယ်လောက်ဆိုးဝါးတဲ့ အဖြစ်အပျက်ထဲမှာပဲဖြစ်ဖြစ် သမီးစိတ်မပျက်ရဘူး၊ စိတ်ဓာတ်မကျရဘူးနော်။ သမီးကို မေမေ စိတ်ချပါရစေနော်"
သေခြင်းတရားကို အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်ရင်း လောကကြီးထဲမှ ထွက်ခွာသွားပြီဖြစ်သော မေမေ့ပုံရိပ်များကို မြင်ယောင်တမ်းတပြီး ချို ခေါင်းခါယမ်းမိလေသည်။ ချို စိတ်မပျက်ပါဘူး မေမေ။ တစ်ယောက်တည်း ကူကယ်ရာမဲ့ ရုန်းကန်ခဲ့ရတဲ့ အခြေအနေမျိုးမှာတောင် စိတ်ဓာတ်မကျခဲ့ဖူးတဲ့ မေမေ့သမီး ချို့ကို စိတ်ချလက်ချထားလိုက်စမ်းပါ။ မေမေ ပြောခဲ့သည့် စကားတစ်ခွန်း။ အပျိုဖော်ဝင်ခါစ ခပ်ငယ်ငယ်အရွယ်ကတည်းက ချို့ရင်ထဲမှာ စွဲထင်နေခဲ့သော မေမေ့အမှာစကား။

"မိန်းမတစ်ယောက်ရဲ့ဘ၀မှာ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ခြင်းဟာ အကောင်းဆုံးဂုဏ်ဒြပ်ပဲ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ" မေမေ မှာကြားခဲ့ဖူးသည်နော်။ မေမေပြောခဲ့သည့် ထိုစကားလေးတစ်ခွန်းကို တိုးတိုးကလေး ရေရွတ်ကြည့်ရင်း ချို့အခန်းမှ ဧည့်ခန်းဆောင်ဆီသို့ လျှောက်လှမ်းနေသော ချို့ ခြေလှမ်းများ အံ့သြဖွယ်ကောင်းလောက်အောင် ပေါ့ပါးသွက်လက်နေလေသည်။ ဘာပဲဖြစ်ဖြစ် တကယ်တမ်း သေချာတွေးခေါ်ဆန်းစစ်ကြည့်မည်ဆိုပါလျှင် ဒီပွဲမှာ မျိုးသီရိချိုက အလဲလဲအကွဲကွဲ ရှုံးနိမ့်ခဲ့ရခြင်းမဟုတ်ဘဲ ဣနြေ္ဒရရ လှပစွာ အနိုင်ရခဲ့ခြင်းသာ ဖြစ်သည်မဟုတ်လား။

မေတ္တာဖြင့် - ယုဒါ
10102015 (10:58 PM)

No comments:

Post a Comment

အားပေးမှုအတွက် ကျေးဇူးတင်ပါသည်...

မေတ္တာဖြင့်...
ယုဒါ