"ဒီလောက် စိတ်လှုပ်ရှားနေရင်လည်း ကြိုသိရအောင်
အာထရာဆောင်း ရိုက်ကြည့်လိုက်ပေါ့ နီရယ်" ဟူသော ခင်ပွန်းသည်၏စကားကို နီ ခေါင်းခါငြင်းပယ်ခဲ့မိလေသည်။
နီ စိတ်လှုပ်ရှားနေရတာတော့ အမှန်ပဲဖြစ်၏။ တကယ်တော့ တတိယမြောက်ကိုယ်ဝန်ကို ဆောင်ထားရသည့်
အမျိုးသမီးတစ်ယောက်အနေနှင့် နီ ဤမျှ စိတ်လှုပ်ရှားနေဖို့ မကောင်းပါ။ ပထမအကြိမ် သားဦး
ကိုယ်ဝန်ဆောင်စဉ်ကပင်လျှင် နီ ဒီလောက် စိတ်လှုပ်ရှားခြင်းမဖြစ်ခဲ့ဘဲ၊ သမီးကြီးကို ချောချောမောမော
မွေးဖွားခဲ့ပေပြီ။ ပြီးတော့ ဒုတိယမြောက်သမီးကလေး။ ပြောပလောက်ဖွယ် အခက်အခဲနှင့် ဒုက္ခမရှိခဲ့။
သဘာဝကပေးသော မိခင်လောင်းတစ်ယောက်၏ သတ္တိနှင့် အင်အားအပြည့် နီ့ဆီမှာ ရှိခဲ့သည်။ နီ ဘာကိုမှ
ကြောက်လန့်မနေခဲ့။
ခုတော့ နီ ဘာဖြစ်နေရတာလဲ။ တတိယမြောက်ကိုယ်ဝန်ကျကာမှ
အတွေ့အကြုံမရှိသေးသည့် အပျိုပေါက်စလေးလို နီ ဘာကြောင့် ကြောက်လန့်တကြား စိုးထိတ်နေရတာလဲ။
ကိုယ်ဝန်စတင်ရှိသည်ဆိုကတည်းက နီ စိတ်တွေ မငြိမ်မသက် လှုပ်ရှားနေခဲ့ရတာ မဟုတ်လား။ နီက
သားသမီးနှစ်ယောက်သာယူဖို့ စိတ်ကူးခဲ့၏။ သားသမီးနှစ်ယောက် ဆိုသည့်အတိုင်း သားလေးတစ်ယောက်၊
သမီးလေးတစ်ယောက် ဖြစ်ခဲ့လျှင်တော့ သိပ်ကောင်းမှာပေါ့။ သို့ပေမယ့် ကံတရားက နီတို့အတွက်
သမီးလေးနှစ်ယောက်သာ ပေးအပ်ခဲ့၏။ "နီ ဘာလေးမွေးမွေး ကိုကိုကချစ်မှာပါ" ဟု
ခင်ပွန်းသည်က ဆိုခဲ့သည့်အတိုင်း ဒုတိယသမီးထွေး နီတာရဲလေးကို ရက်သားလေးနှင့်ပင် အချစ်ပိုခဲ့ကြောင်း
နီ ကိုယ်တွေ့မျက်မြင်ရှိခဲ့တာပဲ။
နီကတော့ ၀မ်းနှင့်လွယ် မွေးထုတ်ထားသည့် သမီးနှစ်ယောက်ကို
အတိုင်းအဆမဲ့ ချစ်မြတ်နိုးလိုက်ရတာ တနင့်တပိုးပဲဖြစ်သည်လေ။ ကိုယ်ချစ်သလို သူတို့အဖေက
ချစ်မှချစ်ပါ့မလားဆိုသော စိုးရိမ်စိတ်က နီ့ဆီမှာ သူတကာထက် ပိုနေသည်မို့၊ ကိုယ့်အချစ်ကို
ဘေးဖယ်ကာ ခင်ပွန်းဖြစ်သူကိုသာ စောင့်ကြည့်အကဲခတ်နေရတာလည်း အမောပါပဲ။ "ကိုကို သမီးငယ်ကို
တကယ်ချစ်ရဲ့လား" ဟု မကြာမကြာ မေးနေမိသည့် နီ့ကို ခင်ပွန်းသည်က ကရုဏာသက်စွာကြည့်ရင်း
"နီ အစိုးရိမ်လွန်နေလို့ပါ၊ မိဘတိုင်းဟာ သားသမီးတွေအပေါ် တစ်ယောက်တစ်မျိုးစီ အတူတူပဲ
ချစ်ကြတာပါ" ဟု နှစ်သိမ့်ခဲ့၏။ နီ ဘယ်တော့မှ
အသာတကြည် လက်မခံချင်ခဲ့သော စကားအတွက် ကိုကိုက နီနှင့်ဖက်ပြိုင် မငြင်းဆိုခဲ့ပါ။
"မတူကြပါဘူး၊ မိခင်တွေကသာ သားသမီးအပေါ်
တပြေးညီ ချစ်နိုင်ကြတာပါ။ ဖခင်တွေကတော့ ခွဲခြားလေ့ရှိတတ်ပါတယ်။ သူတို့ဆန္ဒနဲ့ မကိုက်ညီရင်
မကိုက်ညီသလိုပေါ့"၊ နီကလည်း ခေါင်းမာစွာပင် တယူသန်ဆန်ခဲ့သည်။ တကယ်တော့ နီ့ငယ်ဘ၀တွေက
နီ့ခံစားချက်တွေကို ခိုင်မာရင့်သန်စေခဲ့ခြင်း ဖြစ်လိမ့်မည်။ သူများတကာတွေ မှတ်မှတ်ရရ
မရှိနိုင်တော့သည့် ငယ်ဘ၀တွေကို နီက ပြတ်ပြတ်သားသား မှတ်မိနေတတ်ခြင်းဖြင့် ကိုယ့်ဝေဒနာကို
ကိုယ်ရှာဖွေယူနေခြင်းပေလားမသိ။ နီက တွေးကြည့်လျှင်ပင် ၀မ်းနည်းနေတတ်သူဖြစ်၏။ ၀မ်းနည်းလွယ်သည့်
နီက ခေါင်းမာသည့်နေရာမှာတော့ ပြိုင်စံရှားလောက်သူ ဖြစ်လေသည်။
မေမေမွေးခဲ့သည့် သားသမီးခြောက်ယောက်တွင်
နီ ခေါင်းအမာဆုံးပဲဟု တစ်အိမ်လုံးက သတ်မှတ်ထားခဲ့ကြသည်။ မိသားစုကို ဆန့်ကျင်လိုသည့်
စိတ်တစ်ခုကို နီ ခပ်ငယ်ငယ်ကလေးဘ၀ကတည်းက ရရှိခဲ့ခြင်း ဖြစ်၏။ မေမေက "ဒီနေ့ အိမ်မလည်နဲ့
မိရွှေနီ" ဟု နီ့ကို သေချာကျနစွာ မှာကြားလျက် ဈေးဝယ်ထွက်သွားလျှင် မေမေနှင့်အစ်မတစ်ယောက်ယောက်
အိမ်ပြင်ရောက်သည်ဆိုရုံဖြင့် နီ အိမ်လည်ထွက်တော့၏။ မေမေနှင့်အတူ ဖွင့်ဟတောင်းဆိုခြင်းမရှိဖူးပဲလျက်
"ငါ့ကျတော့ ဈေးတစ်ခါမှ ခေါ်မသွားဘူး" ဟူသော အတွေးဖြင့် မကြာခဏ ၀မ်းနည်းနေခဲ့ရဖူးသည်ကို
မေမေ မသိခဲ့။ ဖေဖေနှင့် မေမေ့ကို ဆန့်ကျင်လိုလျှင် နီ လုပ်တတ်သည့် အလုပ်မှာ အိမ်လည်ခြင်းနှင့်
အချိန်မဟုတ်ဘဲ အိပ်ရာထဲ ၀င်အိပ်နေခြင်းဖြစ်၏။
နီ ငယ်ငယ်က အိမ်လည်လွန်းသော ကလေးတစ်ယောက်
ဖြစ်ခဲ့သည်။ မိသားစုများလျက် ကိုယ့်မောင်နှမအချင်းချင်းပင် အဖော်လုပ် ဆော့ကစားနိုင်သော
အသိုက်အအုံထဲမှာ နီ မပျော်ပိုက်ခဲ့။ မိသားစုကို သူစိမ်းမိသားစုတွေလောက်မျှ မခင်တွယ်သော
နီသည် အချိန်ရတိုင်း အိမ်လည်ဖို့သာ စိတ်အားထက်သန်ခဲ့လေသည်။ ထမင်းစားချိန်ပင် အိမ်ပြန်မလာတတ်သော
နီ့ကို အစ်မတစ်ယောက်ယောက်က အမြဲလိုလို ရှာဖွေခေါ်ယူလာတတ်ပြီး မေမေက ၀ါးခြမ်းပြားတစ်ချောင်းနှင့်
ဆီးကြို ရိုက်တတ်လေ၏။ နီ့ ခြေသလုံး၌ ၀ါးခြမ်းပြားရာ အစင်းများ မည်မျှပင်ထပ်နေပါစေ၊
နောက်တစ်နေ့တွင် နီ အိမ်လည်မြဲဖြစ်၏။ နီ့အစ်မလေးယောက်စလုံး အိမ်မလည်တတ်ဘဲ၊ နီ တစ်ယောက်သာ
အိမ်လည်သည့် အကျင့်စွဲနေသည့်အတွက် မေမေ ဒေါသထွက်မဆုံး ဖြစ်ခဲ့ရသည်။
တစ်ခါတစ်ရံ ကျောင်းပိတ်ရက်မျိုးတွင် နေကုန်နေခန်း
နီ အိမ်လည်တတ်လေ၏။ မေမေမှတစ်ဆင့် ဖေဖေ့ကို တိုင်တန်းလျှင် ဖေဖေ့ကို ကြောက်သော နီ သုံးလေးရက်
အိမ်ကပ်နေတတ်၏။ နီသည် နီ ချစ်ခင်သည့် သူငယ်ချင်းမိသားစုများ အိမ်မှာ ထမင်းလည်စားရင်း
ထို မိသားစုအတွက် တောက်တိုမယ်ရ အလုပ်ကလေးများကို ကူညီလုပ်ကိုင်ပေးရင်း ပျော်နေတတ်၏။
"နီ ဘာလုပ်ပေးရမလဲဟင်" ဟု မေးတတ်သည့် ကလေးလေးကို နီ့သူငယ်ချင်း မိသားစုများက
အရေးတယူ ဂရုစိုက်ကြလေသည်။ ဖေဖေနှင့် မေမေကို နင်းမပေးချင်သည့် နီက သူများအိမ်က မိသားစုဝင်တွေကို
စိတ်လိုလက်ရ မကြာခဏ နင်းနှိပ်ပေးတတ်လေသည်။
နီတို့မှာ မွေးချင်းခြောက်ယောက်ရှိခဲ့လျက်
နီ့မိသားစုတွင်း မောင်နှမများနှင့် နီ တွဲဖက်အဖော်မဖြစ်ခဲ့ပေ။ နီ့အထက် အစ်မလေးယောက်မှာ
အထက်အောက် နှစ်ယောက်ချင်းစီ ရင်းနှီးသောအဖော်အဖြစ် တွဲဖက်ကြလျက်၊ နီကတော့ အငယ်ဆုံးမောင်လေးနှင့်လည်း
မတွဲမိဘဲ တစ်ယောက်တည်း သီးခြားဖြစ်နေခဲ့လေသည်။ နီသည် တစ်အိမ်လုံးက မောင်နှမများနှင့်လည်း
ရုပ်ရည်ရော၊ အသားအရောင်ပါ ခြားနား၍ တစ်မျိုးတစ်ဘာသာ ပုံစံကွဲထွက်နေသော ကလေးတစ်ယောက်ဖြစ်၏။
ဖေဖေက အသားခပ်လတ်လတ်၊ မေမေက အသားဖြူသူဖြစ်လေရာ နီမှလွဲ၍ ကျန်သားသမီးများ အားလုံး အသားဖြူဝင်းကြသူများချည်း။
နီတစ်ယောက်သာ အသားညိုမည်းလျက် ဗျိုင်းအုပ်ကြားက
ကျီးမည်းတစ်ကောင်လို ဖြစ်နေရလေသည်။ နီတို့ အိမ်သို့ရောက်လာကြသော သူစိမ်းဧည့်သည်အများစုက
နီ့ကို မိသားစုအဖြစ် မထင်မှတ်ကြချေ။ "သားသမီးခြောက်ယောက်" ဟု ဖေဖေက ဆိုလိုက်လျှင်"သြော်…
သူလေးက သမီးလေးပဲလား" ဟု အံ့အားသင့်လေဟန် စကားကိုသာ ဆိုတတ်ကြ၏။ ဖေဖေက ဧည့်သည်လာလျှင်
"ရွှေနီရေ… လာပါဦး" ဟု နီ့ကို အမြဲလိုလိုခေါ်လေ့ရှိ၏။ ထိုအခါတွင် နီသည် သနပ်ခါးထူထူ
လိမ်းကာ အ၀တ်အစားသစ်လဲဝတ်ပြီးမှ ဧည့်ခန်းထဲသို့ ရောက်လာတတ်၏။ ဧည့်သည်တွေက "ဒါ
ကိုမြသော် သမီးလား" ဟု မေးရင်း နီ့ကို ခြေဖျားမှ ခေါင်းဆုံးထိကြည့်ကြမည်။ ဖေဖေက
"ဟုတ်ပါ့ဗျာ၊ ကျုပ်သမီးချောလေးပါ" ဟု ပြောလျှင် အားလုံးဝိုင်းဝန်းရယ်မောကြမည်။
ထိုအတွေ့အကြုံကို အခါများစွာရခဲ့ဖူးသော နီက ဖေဖေခေါ်လျှင် ထွက်လာဖို့စိတ်မကူးတော့ဘဲ
ရှောင်ပုန်းနေဖို့၊ ဒါမှမဟုတ် အိမ်လည်ထွက်သွားဖို့သာ ကြိုးစားရလေသည်။
တချို့တလေ ဧည့်သည်များက "မတူဘူးနော်၊
သူကတစ်မျိုး" ဟု မယုံကြည်နိုင်ဟန် ဆိုကြသောအခါ ဖေဖေနှင့်မေမေက "သူက မွေးစားသမီးလေးလေ၊
သမီးမိန်းကလေးနည်းလို့ ထပ်မွေးစားထားတာ" ဟု စနောက်လိုက်လျှင် နီ နေစရာထိုင်စရာ
မရှိတော့လောက်အောင် အသည်းဆတ်ဆတ်ခါနာသွားရ၍ တချောင်ချောင်မှာ တိတ်တဆိတ်ပုန်းအောင်း ငိုကြွေးနေရလေသည်။
ထိုအတွက် အိမ်သို့ရောက်ရှိလာသော ဧည့်သည်တော်တော်များများကို နီ အလွန်မုန်းတတ်လေသည်။
ရင်းနှီးသော မိတ်ဆွေများက နီ့ကို မွေးစားသမီး၊ လှည်းလမ်းကြောင်းက ကောက်ရထားတာ၊ ညည်းအဖေက
သနားတတ်လို့ခေါ်လာတာ စသော စကားများဖြင့် စီကာပတ်ကုံး ချဲ့ထွင်စနောက်ကြလျှင်လည်း နီ ၀မ်းနည်းလို့မဆုံးနိုင်တော့ပေ။
တစ်ခါတစ်ရံ "မဟုတ်ပါဘူး" ဟု အော်ဟစ်ငြင်းဆန်မိလျက်၊ တစ်ခါတစ်ရံတော့လည်း ဘယ်လိုလူမျိုးရှေ့တွင်ဖြစ်စေ
"ကောက်ရတယ်ဆိုရင် အဲဒီနေရာဆီ နီ့ကို ခေါ်သွားပေး၊ ကောက်ရတဲ့နေရာကို ခုချက်ချင်းပို့ပေး၊
နီ့ကို ပြန်ထားပေး" ဟု အော်ဟစ် ခုန်ပေါက် ပြောတတ်ခဲ့၏။
ဖြူဝင်းသောအသားအရေ၊ ချွန်မြသောနှာတံ၊ ဖောင်းအိနီထွေးသော
နှုတ်ခမ်းတို့ကို ပိုင်ဆိုင်ခွင့်ရထားသည့် ရုပ်ရည်ခပ်ဆင်ဆင်မောင်နှမတစ်စုကြား၌ အသားညိုညို၊
ပြားသယောင်ယောင် နှာတံ၊ ပါးလှပ်လှပ်နှုတ်ခမ်းတစ်စုံနှင့် မျက်လုံးလေးတစ်စုံသာ ကြည်လဲ့တောက်ပြောင်မှုရှိသော
နီသည် ဘာကိုနာကြည်းရမှန်းမသိ၊ နာကြည်းမိလျက် မိသားစုကို ဆန့်ကျင်ဖို့ အမြဲအဆင်သင့်
ဖြစ်နေခဲ့၏။ နီ့ရင်ခွင်တွင်း၌ အစဉ်အမြဲ ၀မ်းနည်းကြေကွဲချင်စရာ အတွေးများ အဆက်မပြတ်ရခဲ့အောင်
နီ့ပတ်ဝန်းကျင်က မထင်မှတ်ဘဲ လုပ်ခဲ့ကြခြင်းဖြစ်လေသည်။ သူတို့ကဖြင့် အမှတ်မထင်၊ ရယ်ရင်းမောရင်း
ပြောင်ရင်းနောက်ရင်း နီ့ကို ကျီစယ်ခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။ နီ့ရင်မှာသာ မမေ့ပျောက်နိုင်စွာ
စွဲလမ်းကျန်ရစ်ခဲ့ရခြင်းဖြစ်၏။
ထိုစွဲလမ်းမှုသည် ကလေးဘ၀မှ အပျိုပေါက်အရွယ်ရောက်၍
စဉ်းစားတွေးတောတတ်လာသည့်တိုင် ပျောက်ပျက်မသွားခဲ့။ တစ်ပါးသူတွေက နီ့ကို ပျော်ရွှင်လိုမှုသက်သက်ဖြင့်
နောက်ပြောင်ခဲ့တာဖြစ်ပေမယ့်၊ နီကတော့ နင့်နင့်သည်းသည်းပင် ခံစားခဲ့ရ၏။ "နီ့ကို
မေမေဘာလို့ မွေးရတာလဲ" ဟု အိပ်ရာဝင်ချိန် တီးတိုးမေးလျှင် မေမေပါ စိတ်မကောင်းဖြစ်တတ်လေသည်။
နီ့အစ်မတစ်ယောက်ပြောခဲ့သည့် "နင့်ကို မေမေက မမွေးချင်ပါဘူး၊ မောင်လေးကို မွေးဖို့ဟာ
နင်က မေမေ့ဗိုက်ထဲ ဇွတ်ဝင်လာလို့" ဟူသော စကားကလည်း နီ့ကို အလွန်အမင်း ထိခိုက်နာကျင်စေခဲ့၏။
နီ့ဘာသာ တွေးတတ်လာလေလေ ဒီမိသားစုအတွင်း နီရှိနေရခြင်းကို ပို၍ မကျေမနပ် ၀မ်းနည်းမှုပိုရလေလေ
ဖြစ်၏။
မေမေက သားဦးအဖြစ် သမီးမိန်းကလေးကို စတင်မွေးဖွားခဲ့၏။
ဖေဖေက သားယောက်ျားလေးကိုသာ သားဦးအဖြစ် မျှော်လင့်တောင့်တခဲ့၏။ သို့ပေမယ့် သမီးကြီးအပေါ်
ဖေဖေ စိတ်ဝင်စားမှုအားကောင်းစွာ အချစ်ပိုခဲ့ပါသည်။ နောက် ဒုတိယမြောက်၊ တတိယမြောက်၊ ဖေဖေရိုးအီသွားခဲ့ပေလိမ့်မည်။
စတုတ္ထမြောက်၊ ဖေဖေ ဘယ်လောက်များ စိတ်ညစ်သွားလိုက်လေမလဲ။ သို့သော် နီ့အထက် မမလေးက မွေးဖွားစဉ်
ရက်သားအရွယ်ကတည်းက အလွန်စွဲဆောင်မှုကောင်းစွာ ချစ်စဖွယ်လှပခဲ့သည့် အတွက် ဖေဖေ့ကို စိတ်မပျက်စေခဲ့ပါ။
လှပသော သမီးချောလေးယောက်၏ ဖခင်အဖြစ် ဖေဖေသည် အနည်းငယ်စိတ်ရှုပ်စွာ သားယောက်ျားလေးကို
ဆက်လက်မျှော်လင့်ခဲ့ပေလိမ့်မည်။
နီသည် မေမေ့ကို ရန်လုပ်လိုလျှင် "ကလေး
လေးယောက်ဆို တော်ဖို့ကောင်းပြီပေါ့၊ မေမေ ဘာကြောင့် နီ့ကို ထပ်မွေးရသလဲ" ဟု ဆိုတတ်ခဲ့၏။
ထိုစဉ်က နီသည် မေမေ့ခံစားချက်ကို ထည့်မတွက်ခဲ့။ မိခင်တစ်ယောက်၏ ခံစားချက်၊ ဇနီးသည်တစ်ယောက်၏
ခံစားချက် ဘာကိုမှ နီ ကိုယ်ချင်းမစာတတ်ခဲ့။ ပဉ္စမမြောက်ကိုယ်ဝန်ကို လွယ်ထားရစဉ် ရင်တထိတ်ထိတ်နှင့်
မေမေ ဘယ်လောက်များ ကြောက်လန့်ရင်ခုန်နေခဲ့မလဲ။
ခုတော့ နီ ကိုယ်ချင်းစာစွာ တွေးတောစဉ်းစားနိုင်ခဲ့ပြီ။
နီ့ကို မေမေ မွေးဖွားခဲ့သည်။ အိုး…တွေးကြည့်လိုက်စမ်းပါ။ မေမေ ဘယ်လောက်တောင် ၀မ်းနည်းအားငယ်သွားမလဲ။
ဖေဖေ့ကို မျက်နှာပြဖို့ရာ မေမေ ဘယ်လောက် စိုးရွံ့ပင်ပန်းလိုက်လေမလဲ။ ပြီးတော့ ဖေဖေရော
ဘယ်လောက်ထိ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့လေမလဲ။ ဖေဖေနှင့် မေမေအပေါ် စိတ်ဝင်စားမှုအနေနှင့်လည်းကောင်း၊
ရုပ်ရည်အားဖြင့်လည်းကောင်း၊ ဘာမှမဆွဲဆောင်နိုင်ခဲ့သော နီ၏ဘ၀ဖြစ်တည်မှုကို နီကလည်း မုန်းတီးခဲ့ပါသည်။
နီသည် ဝေေ၀စည်စည်ရှိလှသည့် ပျော်ရွှင်ဖွယ်မိသားစု၏ အရသာကို ခံစားနိုင်စွမ်းမရှိခဲ့ဘဲ၊
တစ်ဦးတည်းသောသမီးအဖြစ်၊ မောင်နှမသားချင်း နည်းပါးသော မိသားစုဝင်အဖြစ် တွေးတောလို့သာ
အိပ်မက်မက်ခဲ့ရလေသည်။
ဖေဖေ့ရဲ့အိပ်မက်တွေကို နီက ပြိုကွဲစေခဲ့၏။
မေမေရဲ့အင်အားတွေကို နီက ဖြိုလဲပစ်ခဲ့၏။ မေမေသည် မထင်မှတ်ဘဲ ဆဌမမြောက် ကိုယ်ဝန်ကို
လွယ်ရပြန်လေ၏။ မေမေသည် သမီးငါးယောက်ကို ထိန်းကျောင်းရင်း ဘုရားအကြိမ်ကြိမ်ရှိခိုးလျက်၊
ကြောက်လန့်စိုးထိတ်စွာဖြင့် နောက်ဆုံးကလေးကို အောင်အောင်မြင်မြင် ဖွားသန့်စင်ခဲ့၏။
ဖေဖေ တောင့်တမျှော်လင့်ကြီးစွာ စောင့်စားခဲ့သော သားယောက်ျားလေးကို အငယ်ဆုံးသား၊ တစ်ဦးတည်းသောသားအဖြစ်
မေမေက မွေးဖွားပေးခဲ့လေသည်။ နီတို့မိသားစုတစ်စုလုံး စွေ့စွေ့ခုန် ၀မ်းမြောက်ပျော်ရွှင်ခဲ့ကြရသည်။
မောင်လေးသည် တစ်အိမ်လုံး၏ အသည်းကျော်ဖြစ်ခဲ့၏။ ဖေဖေသည် တစ်ဦးတည်းသောသားကို လက်ပေါ်ကမချနိုင်အောင်
တသားတည်းသားလို့သာ နေခဲ့၏။ နီ့အစ်မများကလည်း မောင်လေးကို ကဲကဲလှုပ်ချစ်ခင်ကြလေ၏။ ချစ်စရာကောင်းသော
မောင်ကလေးကို နီလည်း ချစ်တတ်ခဲ့ပါသည်။ သို့သော် နီ့ထက် နှစ်နှစ်သာငယ်ရွယ်သည့် မောင်လေးကို
နီ ချီပိုးထိန်းကျောင်းနိုင်ခြင်း မရှိခဲ့။
နီ့အထက် အစ်မက နီနှင့် အသက်လေးနှစ်ကျော်ကွာသည့်အတွက်
မောင်လေးကို ကောင်းစွာ ချီမနိုင်ခဲ့၏။ မောင်လေးအပေါ် ချစ်ခင်စွာ အားကျနေသော နီသည် မောင်လေးနှင့်
အဖော်လုပ် ဆော့ကစားခွင့်မရတော့သည့် အခြေအနေ၌ မိသားစု၏ အပြင်ဘက်သို့ ရောက်မှန်းမသိ ရောက်ခဲ့ရခြင်း
ဖြစ်လေသည်။ နီသည် အိမ်မှာ မောင်လေးချစ်ခင်သည့် ကြောင်ကလေး တိမ်ပြာလောက်မှ ဂရုစိုက်ခြင်းမခံခဲ့ရ။
နီ ထမင်းစားစဉ် နီ့အနားရောက်လာသည့် တိမ်ပြာကို နီစားနေသည့် ငါးကြော်တစ်တုံး ချကျွေးမိ၍
တိမ်ပြာအရိုးစူးသွားတော့လည်း နီပင်အရိုက်ခံရ၏။ မောင်လေး၏ ကစားစရာတစ်ခုခုကို နီ ယူဆော့မိလျှင်
တစ်အိမ်လုံး၏ ပြစ်တင်မာန်မဲမှုကို နီ ခံရ၏။ နီတို့ ညီအစ်မငါးယောက်စလုံးကို ၀ယ်မပေးဖူးခဲ့သော
အဖိုးတန် ကစားစရာများစွာ၊ အ၀တ်အထည်များစွာကို စကားမပြောတတ်သေးသည့် အရွယ်ကပင် မောင်လေး
ပိုင်ဆိုင်ခွင့်ရခဲ့၏။
ဖေဖေသည် လောက၌ ရှိရှိသမျှ အကောင်းဆုံးဟူသောအရာတို့ဖြင့်
မောင်လေးကို ကြိုဆိုချီးမြှောက်ခဲ့လေသည်။ လျှပ်စစ်ဓာတ်ခဲသုံး သေနတ်ပေါင်းများစွာ၊ သံပတ်ပေး
အင်ဂျင်တပ် ကားပေါင်းများစွာ၊ မီးရထား၊ သင်္ဘောနှင့် လေယာဉ်ပျံစသော ကစားစရာမျိုးစုံနှင့်
မောင်လေး ဆူညံပျော်ရွှင်စွာ ကစားနေစဉ် နီသည် သူတစ်ပါးအိမ်က တောင်းယူလာသည့် အ၀တ်တိုအ၀တ်စများကို
ကတ်ကြေးတစ်လက်နှင့် ဖြတ်တောက်ကိုက်ညှပ်လျက် ငြိမ်သက်စွာ ကစားနေခဲ့ရလေသည်။ နီလုပ်ထားသော
အ၀တ်အရုပ်မှ ဆံပင်များကို မောင်လေး ဆွဲနှုတ်ဖျက်ဆီးသဖြင့် မောင်လေးကို နီ တစ်ချက်ရိုက်တော့
မောင်လေး ငိုသည့်အတွက်လည်း နီပင် အရိုက်ခံခဲ့ရ၏။ မောင်လေးထံမှ စားစရာတစ်ခုခုကို နီ
တောင်းယူစားလျှင် နီကို မာန်မဲခံရပြီး၊ နီ့ထံမှ စားစရာကို မောင်လေးတောင်းသည့်အခါ မပေးလျှင်လည်း
နီသာ အဆူခံရ၏။
"မိရွှေနီဟာ ကလေးကို ဘယ်တော့မှ မညှာဘူး"
ဟူသော စကားသည် နီတို့တစ်မိသားစုလုံး တညီတညွတ်တည်း ပြောတတ်သောစကားဖြစ်၍ နီ အလွန်မုန်းသောစကားဖြစ်လေသည်။
ကလေးဘ၀၌သာ ရှိသေးသော နီသည် ကလေးဟူသော စကားလုံးကိုပင် မကြားချင်လောက်အောင် မုန်းတီးတတ်ခဲ့၏။
နီသည် ဘယ်တုန်းကမှ ကလေးမလုပ်ခဲ့ရပေ။ မောင်လေးကမူ ငါးတန်းအရွယ်အထိ မေမေနှင့်အစ်မများ၏
ထမင်းခွံ့ကျွေးခြင်းကို ခံခဲ့ရ၏။ "အစိမ်းရောင်လေးက အကြီးမနဲ့လိုက်မယ်ထင်လို့၊
အပြာရောင်ဂါဝန်လေးက အလတ်မနဲ့ဆို လိုက်လိမ့်မယ်" ဟူသော အပြောမျိုးဖြင့်၊ သတိတရ
ခန့်မှန်းကာ အ၀တ်အစားတစ်စုံတစ်ရာကို ၀ယ်ယူလာလေ့ရှိသည့် ဖေဖေသည် ဘာဝတ်ဝတ် ထူးခြားလို့
လှမလာသည့် နီအတွက် အ၀တ်သစ်တစ်စုံမှ ၀ယ်မပေးဖူးခဲ့။ လှပသော အ၀တ်အစားတစ်ခုခုကို မြင်လျှင်
"ရွှေနီနဲ့ မလိုက်ပါဘူး"၊ "ဒါက ရွှေနီနဲ့ ဘယ်လိုလုပ်လှမှာလဲ၊ ဒါ ဖြူဖြူ၀၀ကလေးတွေမှ
လိုက်မှာ" ဟူသော အပြောမျိုးနှင့် မိသားစု၏ တူညီသော သတ်မှတ်ချက်ကို နီ အလွန်ခံပြင်းနာကျင်တတ်ခဲ့၏။
အသားညိုသော နီကို ကုလားမလေးဟု ခေါ်လျှင်လည်း နီ အလွန်စိတ်ဆိုးရလေသည်။
နီနှင့် အသက်ဆယ်နှစ်ကျော်ကွာသည့် မမကြီးကို
"နီ ဘာဖြစ်လို့ အသားမည်းရတာလဲဟင်၊ နီ အသားမည်းလို့ ဖေဖေက မချစ်တာလား" ဟု
မေးတော့ မမကြီး ပြန်ဖြေသည့်အဖြေကလည်း နီ့စိတ်ကို ပို၍ပင် ကြေကွဲထိခိုက်စေခဲ့၏။
"နင့်ကို အသားမည်းလို့ မချစ်တာ မဟုတ်ပါဘူး၊ မိန်းကလေးမို့လို့ မချစ်တာ။ ဖေဖေက
နဂိုကတည်းက သားယောက်ျားလေး သိပ်လိုချင်ခဲ့တာလေ။ သမီးငါးယောက်ချည်း ဆက်တိုက်မွေးလာတော့
ဖေဖေ ဘယ်လောက်စိတ်ပျက်မလဲ။ ငါးယောက်မြောက်ကိုတော့ ယောက်ျားလေးဖြစ်မှာပဲလို့ ဖေဖေက အရမ်းမျှော်လင့်ထားတာတဲ့။
နင့်ကိုလည်း မွေးရော ဖေဖေက ဆေးရုံကိုတောင် လာမကြည့်တော့ဘူးတဲ့။ အိမ်ရောက်မှ နင့်ကို
ဖေဖေက မြင်ရတာ"
မမကြီးစကားကို နီ မကြာခဏ ပြန်လည်ကြားယောင်ကာ
တစိမ့်စိမ့်တွေးတော ကြည့်တတ်ခဲ့လေသည်။ နီ့ကို ဖေဖေ ဘယ်လောက်များ မုန်းတီးသွားလိုက်လေမလဲ။
မလိုချင်တော့သည့် သမီးမိန်းကလေးကို ငါးယောက်မြောက်အဖြစ် လက်ခံရရှိလိုက်သည့် ဖေဖေ နီ့အပေါ်
လာမကြည့်ချင်လောက်အောင် စိတ်ကုန်သွားခဲ့တာ အသေအချာပဲမဟုတ်လား။ မေမေကရော၊ ဖေဖေ့ကို ချစ်ခင်လေးစား
အားကိုးလွန်းသည့် မေမေ၊ ဖေဖေ့ဆန္ဒကို ဖြည့်ဆည်းမပေးနိုင်သည့် မေမေ မျက်နှာပူစွာဖြင့်
သိပ်ကို အားငယ်နေခဲ့ရမှာပေါ့။ နီ တွေးကြည့်ခဲ့ဖူးပါသည်။ နောက်တော့ နီသည် "အိုး…
သူတို့ မွေးလို့ နီ လူဖြစ်လာရတာပဲ" ဟူသော စောဒကတက်သည့် အတွေးဖြင့် ကိုယ့်ကိုကိုယ်နှစ်သိမ့်ကာ၊
ကျိတ်မနိုင်ခဲမရ ကြေကွဲဝမ်းနည်းမှုများကို တစ်ယောက်တည်း တိတ်တဆိတ် ဖြေဖျောက်ရလေသည်။
ငယ်စဉ်က မိသားစုကို ဆန့်ကျင်ကာ အိမ်လည်တတ်သည့်
နီသည် အပျိုပေါက်အရွယ် ကြီးကောင်ဝင်လာသောအချိန်တွင် အိမ်တွင်းအောင်းလျက် စာရေးခြင်း၊
ပုံဆွဲခြင်းအလုပ်တို့နှင့် ငြိမ်သက်နေခဲ့၏။ နီက နီ့မကျေနပ်ချက်မှန်သမျှကို နှုတ်က ဖွင့်ဟပြောခဲလှပြီး
စာအုပ်တစ်အုပ်မှာ စာအဖြစ်ရေးချခြင်းဖြင့် ထွက်ပေါက်ရှာခဲ့သူဖြစ်၏။ နောက်တော့ နီ စာအုပ်အနည်းငယ်ကို
ရှာဖွေဖတ်တတ်လာခဲ့သဖြင့် တစ်ယောက်တည်း သီးသန့် နေထိုင်ရခြင်းအပေါ် နှစ်ခြိုက်သွားတော့၏။
နီရေးသော စာတိုပေစများကို မေမေ တွေ့သွားလျှင် အလွန်အမင်း မေမေ စိတ်ထိခိုက်သွားတတ်ပြီး၊
နီကတော့ ရှက်ကိုးရှက်ကန်း ဖြစ်သွားရတတ်လေသည်။
ရိုးသား၍ မလိမ်ညာတတ်သော မေမေသည် နီကျေနပ်လောက်ဖွယ်စကားတို့ဖြင့်
နီရင်ထဲမှာ စွဲမြဲနေသည့် ၀မ်းနည်းမှုကို မနှစ်သိမ့်တတ်ခဲ့ပေ။ "မေမေကလည်း နီ့ကို
မလိုချင်ခဲ့ဘူး မဟုတ်လား" ဟူသော နီ့မေးခွန်းက မေမေ့ကို အခက်တွေ့စေခဲ့၏။ နီ့ကို
မေမေ မလိုချင်ခဲ့တာက ခိုင်မာသေချာလှသည်ပဲ။ "မေမေကတောင် နီ့ကို မလိုချင်ရင် ဖေဖေကဆို
နီ့ကို လွှင့်ပစ်လိုက်ချင်မှာပေါ့" ဟု နီ ထပ်ဆိုတော့ မေမေ မျက်ရည်ကျခဲ့ရလေသည်။
"မေမေက သမီးအဖေလိုချင်နေတဲ့ သားယောက်ျားလေး မွေးပေးချင်နေတာမှန်ပေမယ့် နီ မွေးလာတော့လည်း
နီ့ကို ချစ်တာပါပဲ။ မေမေ့သမီးလေးကို သနားလွန်းလို့ ပိုပြီးတော့တောင် အချစ်ပိုရပါသေးတယ်။
သမီးအဖေကလည်း သမီးကို ချစ်သွားတာပါပဲ" ဟု ဆိုသောအခါ မေမေ့ကိုဖက်၍ နီ ငိုခဲ့ရလေသည်။
မေမေက နီ့ကိုချစ်သည်ဆိုသည့်အချက်ကို နီ ယုံကြည်လက်ခံနိုင်လျက်၊
ဖေဖေက နီ့ကို ချစ်သည်ဆိုသော စကားကိုဖြင့် နီ မယုံကြည်နိုင်ခဲ့ပေ။ နီသည် ဖေဖေလက်ကိုဆွဲ၍
ဘယ်နေရာကိုမှ မရောက်ဖူးခဲ့ချေ။ မောင်လေးသည် လမ်းလျှောက်တတ်စအရွယ်မှစ၍ ဖေဖေနှင့်အတူ
နေရာဒေသမျိုးစုံသို့ ရောက်ခဲ့ဖူး၏။ ဖေဖေသည် မောင်ကလေးကို လက်ဝါးလေးနှင့် တစ်ချက်လောက်မှ
မရိုက်နှက်ဖူးခဲ့ဘဲ၊ နီ အဆင့်ကျသွားလျှင် ကျူရိုးရှည်ဖြင့် စပ်နာနေအောင် လေးငါးချက်
ရိုက်နှက်အပြစ်ပေးလေ့ရှိ၏။ ဖေဖေသည် မမငယ် ဆယ်တန်းစားမေးပွဲ ကျရှုံးစဉ်က အနည်းအကျဉ်းလောက်မှ
ဆူပူခဲ့ခြင်း မရှိဘဲ၊ လပတ်စာမေးပွဲငယ်များမှာ နီ အမှတ်ပြည့်မရလျှင်ပင် စိတ်ဆိုးနေတတ်ခဲ့လေသည်။
ဖေဖေသည် နီ့ကို မလိုလားစွာ လက်ခံရရှိခဲ့သည့်အတွက်
အပြစ်များများ ရှာတတ်လေသည်ဟုသာ နီ ထင်မှတ်ခဲ့၏။ နီ ဆယ်တန်းအောင်တော့ စီးပွားရေးတက္ကသိုလ်
တက်ခွင့်သာရခြင်းကိုလည်း ဖေဖေ မကျေနပ်နိုင်ခဲ့။ ဖေဖေက နီ့ကို ဆရာဝန်တစ်ယောက် ဖြစ်စေချင်ခဲ့၏။
"ရုပ်ရည် မချောမောတဲ့ မိန်းကလေးတစ်ယောက်ဟာ ထူးထူးချွန်ချွန် ပညာတတ်တဲ့ အမျိုးသမီးကောင်းတစ်ယောက်ဖြစ်အောင်
ပိုကြိုးစားရမယ်" ဟု ဖေဖေက ဆုံးမခဲ့ဖူး၏။ "မိန်းမတစ်ယောက်အဖို့ ရုပ်ရည်ရူပကာ
ချောမောလှပခြင်းက သူ့ဘ၀အတွက် အန္တရာယ်ဖြစ်စေနိုင်သလို၊ သူ့ဘ၀ကို ကောင်းကောင်းတည်ဆောက်ဖို့
အထောက်အပံ့လည်း ဖြစ်တယ်။ ရုပ်မလှတာနဲ့ အားငယ်ဖို့ရာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ရုပ်မလှတဲ့အတွက်
ပညာတတ်အောင် ပိုကြိုးစားရမယ်" ဟူသော ဖေဖေ့စကားကို နီက လက်မခံချင်ဘဲ စိတ်ဆိုးခဲ့ဖူး၏။
နီ့အားနည်းချက်ကို နီသိနေပါလျက်နှင့် တစ်စုံတစ်ယောက်က
ထုတ်ဖော်လာလျှင် နီ ၀မ်းနည်းရ၏။ ဒေါသထွက်ရ၏။ နီ့မိသားစုတွင်းမှာ ကံဆိုးခဲ့သောနီသည်
ဖေဖေဖြစ်စေချင်သည့် ဆရာဝန်တစ်ယောက် မဖြစ်ခဲ့သော်လည်း ကံကောင်းစွာပင် ဆရာဝန်ကတော်တစ်ယောက်
ဖြစ်လာခဲ့၏။ ဆရာဝန်ကို အလွန်သဘောကျ နှစ်ခြိုက်သလို ဆေးကျောင်းသားတစ်ယောက်နှင့် ချစ်သူဖြစ်ခဲ့ဖူးသော
မမလေးက ဆရာဝန်ကတော် ဖြစ်မလာခဲ့ဘဲ၊ နီက ဆရာဝန်ကတော်ဖြစ်လာခဲ့သည့်အတွက်ကိုမူ ဖေဖေရော၊
မေမေပါ ကျေနပ်ခဲ့ပါလိမ့်မည်။ ဖြူစင်သော အသားအရေနှင့် ဥပဓိရုပ်ကောင်းစွာ ခန့်ထည်သော
နီ့ခင်ပွန်းသည်ကို နီက ဆရာဝန်ဟူသော အချက်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး၊ သူကတော့ နီ၏
ရိုးသားဖြူစင်မှုကို တန်ဖိုးထားမြတ်နိုးစွာ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်တဲ့။
နီက နောက်ဆုံးနှစ်ကျောင်းသူဘ၀မှာ ရည်းစားထားခဲ့ခြင်းဖြစ်ပြီး၊
ဘွဲ့ရသည်နှင့် အိမ်ထောင်ပြုခဲ့သူဖြစ်၏။ နီ အသက် ၂၅ နှစ်မှာ နီထက် ငါးနှစ်ကျော်အသက်ကြီးသော
ဆရာဝန်နှင့် လက်ထပ်ခဲ့ခြင်းဖြစ်၏။ နီနှင့်ကိုကို စိတ်ချမ်းသာမှု ရခဲ့ကြပါသည်။ ဖေဖေနှင့်မေမေကလည်း
ညီအစ်မငါးယောက်မှာ ရုပ်အဆိုးဆုံးဖြစ်သော နီက ဆရာဝန်ကတော်ဖြစ်ခွင့်ရသည်မို့ ကျေနပ်ဝမ်းမြောက်ကြ၏။
နီ့ယောက္ခမတွေကလည်း စိတ်နှလုံးကောင်းရှိသော မိဘတွေဖြစ်တာကြောင့် နီ့အပေါ် ချစ်ခင်အလေးထားကြသည်လေ။
ကိုကိုနှင့်နီ တစ်ခါတစ်ရံ ကတောက်ကဆဖြစ်ကြလျှင်လည်း နီသာ အနိုင်ရမြဲဖြစ်၏။ တကယ်က ကိုကိုသည်
နီ့ကို စိတ်ချမ်းသာအောင် အလျှော့ပေးလျက်၊ သူဖြစ်လိုသမျှကို အချိန်ယူ၍ ခပ်အေးအေး ဖန်တီးနိုင်စွမ်းသူ
ဖြစ်လေသည်။
အိမ်ထောင်ဘက် တစ်နှစ်ကျော်တော့ သားသမီးယူဖို့
နီနှင့်ကိုကို သဘောထားကွဲလွဲမှု စတင်ခဲ့၏။ နီက ကလေးတစ်ယောက်သာ လိုချင်၏။ နီက မရခဲ့သော
ဘ၀တစ်ခုကို ဖန်တီးကြည့်ချင်သည်။ သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် တစ်ဦးတည်းသော သားသမီးအဖြစ်
နီ ပြုစုပျိုးထောင်မည်။ ကိုကိုက ကလေးသုံးလေးယောက် လိုချင်၏။ "ကိုကိုတို့ ယောက်ျားတွေက
ကိုယ် မမွေးရတိုင်း ကလေးတွေကို ဇွတ်ပဲလိုချင်နေကြတယ်၊ ပြီးတော့ ကိုယ့်အလိုဆန္ဒမပြည့်ဝရင်၊
စိတ်တိုင်းမကျရင် ကလေးတွေအပေါ် အပြစ်တင်မယ်၊ ရန်လုပ်မယ်၊ မွေးလာတဲ့ကလေးတွေရဲ့ ဒုက္ခကိုတော့
မခံစားချင်ကြဘူး။ နီ ကလေးတွေ အများကြီးမွေးပြီး သူတို့ကို ဒုက္ခမပေးဘူး ကိုကို"
ကလေးတစ်ယောက်မှပင် မမွေးဖူးသေးဘဲနှင့် နီနှင့်ကိုကို ငြင်းခုံခဲ့ကြရ၏။ နီက တစ်ဖက်သတ်
တစ်ယူသန် ငြင်းချက်ထုတ်ခဲ့ခြင်းသာ ဖြစ်လေသည်။ နောက်တော့ နီ့သဘောအတိုင်း တစ်ယောက်သာမွေးစေဟု
ကိုကိုက သဘောတူညီခဲ့၏။ သမီးဖြစ်စေ၊ သားဖြစ်စေ အစွမ်းကုန် ချစ်ခင်ဂရုစိုက်ပါမည်ဟု ကိုကို
ကတိပြုခဲ့၏။ အမှန်တကယ်ကတော့ သားဦးယောက်ျားလေးကိုသာ ကိုကိုမက်မောမှန်း နီ သိနေပါသည်။
သမီးဦးမွေးတယ်ဆိုရင်ပဲ သူတို့မယ် ရှက်နေရသလိုလို ဖြစ်နေတတ်တာ နီ သိသားပေါ့။ နီတို့
မိန်းမတွေကလည်း ခင်ပွန်းသည်တွေ အလိုကျ ပျော်ရွှင်ကျေနပ်ကြစေရန် သားဦးယောက်ျားလေး မွေးဖွားပေးချင်သည်ပဲလေ။
သို့သော် နီတို့ ပြုပြင်ပြောင်းလဲ ဖန်တီးယူလို့မရသည့် ကံအကြောင်းတွေအရ ပေးအပ်လာသော
သားသမီးရတနာများကို မိန်းကလေးရယ်၊ ယောက်ျားလေးရယ် ခွဲခြားယူပိုင်ခွင့် နီတို့မှာ မရှိ။
နီ၏ ၀မ်းကြာတိုက်၌ သားယောက်ျားသာ ခိုလှုံဝင်စားစေဟု
ဘယ်တန်ခိုးရှင်ဆီမှာမှ နီတို့ တောင်းဆိုလို့မရ။ ထိုဆုတောင်းမျိုးကို တန်ခိုးရှင်တစ်ဦးဦးက
ဖန်တီးပေးနိုင်ခဲ့သည်ဆိုပါလျှင် ကိုကို့ဇနီး နီသည်ပင် လူ့လောကဆီသို့ ရောက်ရှိလာခဲ့မည်မဟုတ်ပါ။
ထိုအတွက် နီသည် ကိုကို့အိပ်မက်မဟုတ်ခဲ့သော သမီးဦးကို မွေးဖွားခဲ့၏။ နီကတော့ဖြင့် သမီးလေး
လိုလားသူဖြစ်၏။ ပြီးတော့ သမီးလေးကို တစ်ဦးတည်းသော သမီးလေးအဖြစ်ပဲ ထားချင်သည်။ နောက်တော့လည်း
နီသည် မိတ်ဆွေအပေါင်းအသင်းများစွာ၏ တိုက်တွန်းချက်အရ၊ ကိုကို၏ လိုလားမှုအရ ဒုတိယမြောက်ကိုယ်ဝန်ကို
ဆောင်ရပြန်၏။ ဒီတစ်ခါတော့ သားလေးသာ နီ မွေးချင်ပါသည်။
သားယောက်ျားလေးမွေးခြင်းဖြင့် ကိုကို့ဆန္ဒကို
ပြည့်ဝစေချင်၏။ ကိုကို့ကို ပျော်ရွှင်စေချင်သည်။ သူများတကာ အိမ်ထောင်ဦးစီးတွေလိုပင်
သားရှင်အဖြစ် ကိုကို့ကို ဂုဏ်ယူကျေနပ်စေချင်၏။ သားလေးဆိုတော့ မြင့်မြတ်သောရဟန်းအဖြစ်
ချီးမြှောက်၍ နီတို့ ကြည်ညိုမ၀ တန်ဖိုးထားနိုင်ဦးမည်။ သို့သော် နီသည် သမီးလေးပင် မွေးခဲ့ရ၏။
နီ့သမီးနှစ်ယောက်စလုံး အဖေတူသမီးတွေဖြစ်ကာ အသားဖြူဝင်းကြသည်မို့ နီ အတိုင်းမသိ ကြည်နူးခဲ့ရ၏။
ကိုကို့ဆန္ဒကဖြင့် မပြည့်ဝခဲ့ဘူးပေါ့။ ထိုအတွက် ကိုကိုဆန္ဒ ပြည့်ဝလိုပြည့်ဝငြားအိပ်မက်များဖြင့်
တတိယမြောက် ကိုယ်ဝန်ကို ဆောင်ခဲ့ရခြင်း ဖြစ်၏။ ကလေးတစ်ယောက်ပဲ မွေးမယ်ဟု ပြတ်ပြတ်သားသားဆိုခဲ့သော
မိန်းမသည် ခုတော့ဖြင့် နှစ်ယောက်မွေးကာ သုံးယောက်အတွက် ရင်ခုန်လှုပ်ရှားနေရပြန်လေပြီ။
ကိုကိုက ဘာလေးမွေးမွေး နောက်ထပ်ကလေးမယူနဲ့တော့ဟူသာ
နီ့စကားကို အသာတကြည် လက်ခံကတိပြုထားပေမယ့်၊ သားလေးမွေးဖို့သာ နီတို့ တောင့်တမျှော်မှန်းခဲ့ကြတာ
နီနှင့်ကိုကို အချင်းချင်း နားလည်ထားခဲ့သားပဲ။ သမီးလေးဖြစ်လာခဲ့လျှင်လည်း နီကတော့ သမီးကြီးနှင့်
သမီးလတ်နှယ် ထပ်တူထပ်မျှ ချစ်နိုင်မှာပါပဲ။ အကယ်၍ သမီးကြီး နှစ်ယောက်နှင့် မတူညီဘဲ
အရုပ်ဆိုးဆိုး ကလေးမလေး ဖြစ်လာခဲ့လျှင်လည်း နီ့သမီးလေးကို နီ ဂရုတစိုက် မြတ်နိုးချစ်ခင်ပါမည်။
သမီးလေးမှာ အားနည်းချက် တစ်စုံတစ်ရာ ပါရှိခဲ့လျှင် နီ တတ်နိုင်သမျှ ဖြည့်ဆည်းကူညီသွားမည်။
အစ်မကြီးနှစ်ယောက်က သူတို့၏ ညီမလေးကို အလေးထားချစ်ခင် ဂရုစိုက်အောင် နီ သွန်သင်ဆုံးမ
လမ်းညွှန်ပေးမ်။ သမီးကလေးကလည်း အစ်မကြီးနှစ်ယောက်အပေါ် တအားလေးစား ချစ်ခင်တွယ်တာစေအောင်
နီ စောင့်ရှောက်ပြုစုပေးမည်။
နီ့သမီးသုံးယောက်မှာ တစ်ဦးအပေါ် တစ်ဦး မနာလိုဝန်တိုစိတ်တွေ
မရှိစေရ။ တစ်ယောက်အပေါ် တစ်ယောက် မကျေမချမ်း ထိခိုက်ရှနာစေမှုမျိုး မရှိစေရ။ နီ့ကလေးသုံးယောက်ကို
နီ မခွဲခြားဘဲ ထပ်တူကျ ချစ်ခင်နိုင်ကြောင်း နီ့ကိုယ်နီ ယုံကြည်၏။
သားကလေးမွေးခဲ့လျှင်လည်း သမီးနှစ်ယောက်အပေါ်
အချစ်မလျော့ဘဲ သားလေးကို နီချစ်ခင်မည်။ ကိုကိုကရော နီ့လို ချစ်နိုင်ပါမည်လား။ လူတကာကို
ကြင်နာသနားတတ်သည့် ဆရာဝန်ကိုကိုက ကလေးတွေစိတ်ကို ပို၍ လေ့လာအကဲခတ် စောင့်ရှောက်တတ်ပါလိမ့်မည်။
အိမ်ထောင်ရှင်မကြီး ဖြစ်လာသည့်တိုင် "နီ့ကို ဖေဖေက မချစ်ဘူးကိုကိုရဲ့" ဟု
ပြောကာ မျက်ရည်လည်တတ်သေးသော နီ့ငယ်ဘ၀တွေကိုသိသည့် ကိုကိုက နီ့သားသမီးတွေအပေါ် တူညီသော
ချစ်ခြင်းမေတ္တာတို့ ပေးစွမ်းနိုင်ပါလိမ့်မည်။ တကယ်တော့ ဖေဖေလည်း နီ့ကို ချစ်ခဲ့တာပါပဲ။
သားယောက်ျားလေး မျှော်လင့်နေချိန်မှာ မွေးလာခဲ့သည့် ငါးယောက်မြောက်သမီးအပေါ် ဖေဖေ စိတ်ဝင်စားမှုနည်းပါးသွားတာ
ဖေဖေ့အပေါ် အပြစ်တင်စရာမဟုတ်ဘဲ၊ ဖြစ်တတ်သည့် လူ့သဘာဝပဲဟု နီ ခွဲခြားနားလည်နိုင်ခဲ့ပါပြီ။
နီလည်းပဲ ခုနေခါမှာ လွယ်ထားရသည့် သန္ဓေသားလေးကို
သားယောက်ျားလေးဖြစ်ဖို့သာ တောင့်တမျှော်လင့်နေမိသူပဲ။ သမီးလေးဖြစ်လျှင်လည်း မိခင်စိတ်ဖြင့်
သမီးလေးကို ချစ်မှာပဲ ဖြစ်ပေမယ့်၊ သားလေးဆိုရင်ဖြင့် အတိုင်းမသိ ပျော်ရွှင်ကျေနပ်ရမှာ
အသေအချာ။ ဖေဖေနှင့် မေမေကို နီ လွမ်းဆွတ်တမ်းတစွာ သတိရနေမိ၏။ အသက်(၇၀)နီးပါးဖြစ်သည့်
ဖေဖေနှင့် မေမေ၊ ကျန်းမာဖျတ်လတ်စွာ လှုပ်ရှားဆဲဖြစ်သော ဖေဖေနှင့်မေမေ၊ နီ မွေးဖွားလျှင်
အရောက်လာခဲ့မည်ဟု ကြိုတင်သတင်းပို့ထားခဲ့ပြီ။ "နီ့ကို ဖေဖေ မလိုချင်ခဲ့ဘူး မဟုတ်လား"
ဟု ခပ်ပြောင်ပြောင်မေးရဲပြီဖြစ်သော နီက ထိုမွေးခွန်းကို မေးခဲ့လျှင် ဖေဖေက သဘောကျစွာ
ရယ်မောနေပေလိမ့်မည်။ "မေမေကလည်း ဖေဖေ့အတွက် သားကလေးပဲ မွေးပေးချင်ခဲ့တာ မဟုတ်လား၊
နီ့ကို မွေးတော့ မေမေစိတ်ပျက်သွားတယ်လေ" ဟု မေမေ့ကို ပြောလျှင်၊ "ဒါပေါ့အေ…
ညည်း ခုတော့ သိပြီမဟုတ်လား" ဟု အပြုံးဖြင့် ပြောပေလိမ့်မည်။
တကယ်တော့ နီ ကိုယ်တိုင်က သားကလေးတစ်ယောက်ကို
တောင့်တလိုချင်ခြင်းထက် ကိုကိုလိုလားနေသော သားလေးကို ကိုကို့အတွက် ပေးဆပ်ဖြည့်ဆည်းပေးလိုခြင်း
ဖြစ်သည်ပဲလေ။ နီတို့ မိန်းမသားတွေကဖြင့် မိခင်တွေပီပီ ဘာလေးမွေးမွေး နို့ချိုရည်တိုက်ကျွေးကာ
မိခင်မေတ္တာအပြည့်အ၀ ပေးနိုင်သည်သာ မဟုတ်လား။ လိုအပ်တာက အကြောင်းဆက်၍ နီတို့ဝမ်းကြာတိုက်မှာ
လူအဖြစ် သန္ဓေတည်လာသည့် ကလေးငယ်တွေအပေါ် ယောက်ျား၊ မိန်းမ မခွဲခြားဘဲ၊ နီတို့ မိဘနှစ်ဦးစလုံး
စိတ်ဝင်တစား ရင်ခုန်လှုပ်ရှားစွာ စောင့်ကြိုနေဖို့သာ မဟုတ်ပါလားနော်…။
Family မဂ္ဂဇင်း၊
၂၀၁၃ ခုနှစ်၊
ဖေဖော်ဝါရီလ
No comments:
Post a Comment
အားပေးမှုအတွက် ကျေးဇူးတင်ပါသည်...
မေတ္တာဖြင့်...
ယုဒါ