Wednesday, September 7, 2016
စူးနစ်ခဲ့သော မြားချက်များစွာတို့နှင့်
စာစု (၁)
          မနက်ဖြန် သူ ပြန်လာတော့မည်။ ဌာနဆိုင်ရာ တာဝန်တစ်ခုနှင့် ဂျပန်သို့ နှစ်လတာ ခရီးထွက်ခွာသွားသော ကျွန်မ၏ချစ်သူ ပြန်လည်ရောက်ရှိလာတော့မည်။ သူ့ကို ကျွန်မ မတွေ့မြင်ရသည်မှာ လအတန်ငယ် ကြာခဲ့ပြီ။ တကယ်ဆို သူနှင့် ကျွန်မ ဝေးကွာမှုက နှစ်လတာ အချိန်မျှသာ ဖြစ်သင့်သည်။ ငါးလ။ တွေးကြည့်လိုက်စမ်းပါ။ ငါးလဆိုသော အချိန်ကာလတစ်ခုတိုင် ကျွန်မအား စာနှင့်လည်းကောင်း၊ ဖုန်းနှင့်လည်းကောင်း မည်သို့မျှ အဆက်အသွယ်မလုပ်ဘဲ ပစ်ပယ်ထားခဲ့သော လူတစ်ယောက်ကို ကျွန်မ သွားတွေ့သင့်ပါရဲ့လားဆိုတာ။
          တစ်ဦးနှင့်တစ်ဦး ငါးလလောက် အဆက်အသွယ်မရှိရုံလောက်နှင့် ချစ်သူနှစ်ဦး အပြီးတိုင် ဝေးကွာ ပြတ်တောက်သွားကြသည်ဆိုတာ မဖြစ်သင့်။ သို့ပေမယ့် အဲဒီ ငါးလဆိုသောအချိန်အတွင်း ကျွန်မကို မဆက်သွယ်ခဲ့ခြင်းအတွက် အခိုင်ခံ့ဆုံးအကြောင်းပြချက်တစ်ခုပေးဖို့ လိုပါလိမ့်မည်။ ဟင့်အင်း။ ဘယ်လို အကြောင်းပြချက်ကိုပဲ ရရ သူ့ကို ကျွန်မ သွားမတွေ့သင့်တော့ဘူးမဟုတ်လား။ အဲဒီအကြောင်းပြချက်ကို ရဖို့ကိုပဲ ကျွန်မဘက်က စတင် လှုပ်ရှားဆက်သွယ်ရမည့် အလုပ်ဖြစ်နေပြီ။ သို့ဆိုလျှင် ခါတိုင်းလိုပင် ကျွန်မသည် သူ့ကို အလျှော့ပေးသည်းခံရဆဲဖြစ်သော အောက်ကျခံ ရှုံးနိမ့်ရဆဲဖြစ်သော မိန်းမတစ်ယောက်အဖြစ် ပြန်လည်ရောက်ရှိသွားလိမ့်မည်။
          ယောက်ျားတစ်ယောက်ကို အနစ်နာခံ ချစ်ရလွန်းသဖြင့် ဒဏ်ရာ အနာတရများစွာတို့ဖြင့် မွမွကြေနေပြီဖြစ်သော ကျွန်မ၏နှလုံးသားကို ငဲ့ကွက်၍ သူ့ကို ကျွန်မ တမင်အဆက်အသွယ် မလုပ်ဘဲ နေခဲ့တာမဟုတ်လား။ လုံလောက်ပြီလေ။ ငါးလဆိုသောအချိန်က ကျွန်မအတွက် ဆုံးဖြတ်ချက် တစ်ခု ချမှတ်ဖို့ အသင့်တော်ဆုံးအချိန်ဖြစ်ခဲ့ပြီ။ ဂျပန်နိုင်ငံသို့ မသွားမီ သုံးလလောက်အလိုကတည်းက သူ ကျွန်မကို အဆက်အသွယ်မလုပ်ဘဲ ပစ်ပယ်ထားခဲ့တာ။ တကယ်ပဲ ကျွန်မဟာ သူ့အတွက် မလိုအပ်သူတစ်ယောက် ဖြစ်ခဲ့ပြီတဲ့လား။ ကျွန်မကရော ဘာအတွက်ကြောင့် သူတစ်ယောက်ကိုသာ အရူးအမူး လိုအပ်နေရတာပါလိမ့်။
          သူ ပြန်ရောက်ပြီဆိုတာနှင့် သူ့ကို ပြေးတွေ့ချင်စိတ်တွေ ဘာကြောင့် တားမနိုင်ဆီးမရ ပေါ်လာရတာတဲ့လဲ။ ကျွန်မတို့နှစ်ယောက် ပြတ်စဲသွားကြပြီဟု ကျွန်မဘက်က ဘာကြောင့် ယူဆသတ်မှတ်လို့မရနိုင်သေးတာပါလိမ့်။ အသေချာပဲ တွေးကြည့်စမ်းပါဦး။ သူ့၌ မိန်းကလေးတော်တော်များများက နှုတ်ခမ်းမဲ့ပစ်ချင်တတ်သော သာမန်နာမည်ထက် အနည်းငယ်ဆန်းကျယ်သော ၀န်းရံခဆိုသည့် နာမည်အပြင် ထူးခြားသော ပိုင်ဆိုင်မှုဟူ၍ ဘာမှရှိသည်မဟုတ်။ ပြုံးလိုက်တိုင်း ပေါ်လာသော ဖြူစင်သွယ်တန်းနေသည့် သွားရှည်ရှည်လေးတွေကလည်း ထူးခြားလှသည်ဟု မဆိုနိုင်။ ပြီးတော့ မျက်တောင်တိုတိုများ ခပ်စိပ်စိပ်ဝန်းရံထားသော မျက်လုံးကြည်ကြည်လေးတစ်စုံက အတော်လေး ဆွဲဆောင်မှုရှိသည်ဟု ဆိုရအောင်လည်း သူ့ထက် မျက်လုံးအင်အားပို၍ ကောင်းသော ယောက်ျားများစွာ ကျွန်မပတ်ဝန်းကျင်မှာ ရှိနေပါသေးသည်။ သူတို့ ကျွန်မကို ဘယ်မှာလာ ဆွဲဆောင်နိုင်ခဲ့လို့လဲ။
          သူ၏ ကိုယ်နေဟန်ထားနှင့် စတိုင်လ်ကြောင့်ဟု ဆိုရအောင်လည်း လူရယ်ချင်စရာပင် ဖြစ်လိမ့်ဦးမည်။ အရပ်မြင့်မားသော ကျွန်မနှင့် မတိမ်းမယိမ်းသာရှိသော သူ့အရပ်အမောင်းက ယောက်ျားလေးတစ်ယောက်အနေနှင့် မြင့်သည်ဟုပင် မဆိုနိုင်။ အနည်းငယ်ပိန်သွယ်သော ခန္ဓာကိုယ်ကြောင့်သာ အရပ်မြင့်သယောင် ထင်မှတ်နေရတာပါ။ ကဲ ကြည့်စမ်းပါ။ ထူးခြားတဲ့ ပိုင်ဆိုင်မှုဆို၍ သူ့မှာ ဘာများရှိနေလို့လဲ။ အင်္ဂလိပ်စာမေဂျာဖြင့် ဘွဲ့ရခဲ့သော သူသည် အင်္ဂလိပ်စာ ကျွမ်းကျင်သူတစ်ဦး ဖြစ်သော်လည်း ရူပဗေဒဘာသာရပ်ဖြင့် ဂုဏ်ထူးတန်းအောင်၍ ကျောင်းပြီးခဲ့သော ကျွန်မထက် စာပိုတော်သည့် ယောက်ျားတစ်ယောက်မဟုတ်၊ တယ်လီဖုန်းတစ်လုံး အဆင်သင့်ရှိနေသော စားပွဲပေါ်၌ အဖိုးတန် ဘောလ်ပင်လှလှလေးတစ်ချောင်းဖြင့် အလုပ်လုပ်နေသော သူ၏ အရေးပါအရာရောက်မှုနှင့် အရည်အချင်းကို ကျွန်မယှဉ်ရဲသည်ပဲ မဟုတ်လား။ ကွန်ပျူတာတစ်လုံး၊ ဖက်စ်တစ်လုံးနှင့် တယ်လီဖုန်းနှစ်လုံး ကိုင်ရသော ကျွန်မ၏အရည်အချင်းသည် သာမန်ယောက်ျားတစ်ယောက်အပေါ် ရဲရဲကြီး ယှဉ်ရဲရုံသာမက သူ၏ တစ်လစာ ၀င်ငွေအတွက် "ရယ်တာပေါ့" ဟူသော စကားမျိုးနှင့်ပင် ကျွန်မက အနိုင်ယူကျောပြနိုင်သည့်အဆင့်မှာ ရှိနေပါသည်။
          သို့ပမယ့် ယောက်ျားတစ်ယောက်၏ မာနနှင့် ဂုဏ်သိက္ခာကို အနည်းငယ်မျှ ထိခိုက်စေသော အပြောအဆို အသုံးအနှုန်းမျိုးဖြင့် သူ့အား ဘယ်တုန်းကမျှ မနှိမ့်ချဖူးခဲ့။ ကျွန်မ၏ ၀င်ငွေနှင့်အရည်အချင်းအတွက်လည်း ကျွန်မကိုယ်ကျွန်မ ကျေနပ်ဂုဏ်ယူစွာ ဘယ်အခါမှ မော်ကြွားမနေဖူးခဲ့။ သူနှင့်ပတ်သက်လျှင် အစစအရာရာ အောက်ကျို့ခံနှိမ့်ချ၍ သိမ်မွေ့သော မိန်းမတစ်ယောက်အဖြစ်သာ ရပ်တည်ခဲ့ပါသည်။
          တကယ်ဆို ကျွန်မက ပင်ကိုယ်သဘာဝအားဖြင့် နူးညံ့သိမ်မွေ့သော ခပ်နွဲ့နွဲ့မိန်းမအမျိုးအစားဝင် မဟုတ်ဘဲ ဘာကိုမှ မကြောက်ရွံ့တတ်သော ရဲရင့်ထက်မြက်သည့် မိန်းမတစ်ယောက်သာ ဖြစ်သည်။ ကျွန်မ ခုနစ်တန်းနှစ်ကပင် မိဘများ ဆုံးပါးသွားခဲ့ရာ အစ်ကိုအစ်မများကြား၌ ကြီးပြင်းခဲ့ရသော ကျွန်မသည် ကိုယ့်အားကိုယ်ကိုးနိုင်ဖို့သာ တစိုက်မတ်မတ်ကြိုးစားလျက် အောင်မြင်လှပသော အနာဂတ်ကိုသာ မျှော်လင့်တကြီး စောင့်စားနေခဲ့သူဖြစ်၏။ ကျွန်မ မျှော်လင့်သလို ဖြစ်ခွင့်ရသည့်ဘ၀တွင် အိမ်မှာတော့ အနည်းငယ် ဘ၀င်မြင့်စွာ မော်ကြွားချင်တတ်လေသည်။ တစ်ခါတစ်ရံကျပြန်တော့လည်း အိမ်ထောင်သည် အစ်ကို၊အစ်မများနှင့် တူ၊တူမများကြား၌ အလိုလိုနေရင်း ၀မ်းနည်းအားငယ်နေမိလျက် ကျွန်မကို ဂရုစိုက် အလေးထား ချစ်မြတ်နိုးမည့် တစ်စုံတစ်ယောက်ကို တမ်းတမ်းတတ မျှော်လင့်နေမိပြန်၏။
          ထိုအချိန်မှာပင် သူနှင့် ကျွန်မ စတင်ဆုံစည်းခဲ့ခြင်း ဖြစ်လေသည်။ စတင်တွေ့ဆုံခဲ့ပြီး ခြောက်လခန့်အကြာ ကျွန်မကို ချစ်ခွင့်ပန်လာချိန်တွင် သူ့အပေါ် ကျွန်မ မေတ္တာသက်ဝင်နေမိပြီ ဖြစ်လေသည်။ ဘာပဲဖြစ်ဖြစ် သူ့အချစ်ကို ရရှိအောင် ကျွန်မဘက်က သွေးဆောင် ဖြားယောင်းခဲ့ခြင်း မရှိခဲ့။ မိန်းမတစ်ယောက်၏ ဣနြေ္ဒသိက္ခာကို လျော့ပါးထိခိုက်စေခဲ့သော မာယာမျိုးဖြင့်လည်း ကျွန်မ ပရိယာယ်များ ပြခဲ့သည်မဟုတ်။ ဒါနဲ့များ ကျွန်မအပေါ် အမှန်တကယ် ချစ်မြတ်နိုးသည်မဟုတ်လျှင် ကျွန်မအချစ်ကို ဘာကြောင့် မရမက တောင်းခံခဲ့ရသနည်း။ အရာအားလုံးကို ကျွန်မ စေ့စေ့စပ်စပ် တွေးခေါ် စဉ်းစားကြည့်မိချိန်တွင် သူသည် ကျွန်မအတွက် မရှိမဖြစ် လိုအပ်နေသော ချစ်သူတစ်ယောက် ဖြစ်နေခဲ့လေပြီ။
စာစု (၂)
          သူ ဂျပန်နိုင်ငံမှ ပြန်ရောက်လာပြီး ကိုးရက်မြောက်နေ့၌ ကျွန်မအလုပ်ကို ဘယ်လိုမှ စိတ်ဝင်စား၍ မရအောင် စိတ်ရှုပ်ထွေးလာမိလေသည်။ ကွန်ပျူတာ ကီးဘုတ်ပေါ်မှ လက်ချောင်းများကို ရပ်တန့်ကာ အတန်ကြာ တွေငေးနေမိပြီးနောက် တယ်လီဖုန်းခွက်ကို ကျွန်မ ကောက်ယူမိလိုက်လေသည်။ လက်တစ်ဖက်က ဂဏန်းခြောက်လုံးကို အလိုအလျောက် နှိပ်မိပြီးဖြစ်လျက် ကျွန်မသည် ၀န်းရံခဆိုသော ယောက်ျားတစ်ယောက်အား စတင်ဆက်သွယ်ခြင်းဖြင့် အရှုံးပေးလိုက်ရလေသည်။ အဲဒီနောက် ကျွန်မသည် ပြည်လမ်းမကြီးပေါ်ရှိ သူ၏ ရုံးတော်ကြီးဆီသို့ မိုက်မဲရူးသွပ်စွာ တစ်ယောက်တည်း တက်ခဲ့မိလေသည်။
          ဘာပဲဖြစ်ဖြစ် သုံးနှစ်တိတိ တွဲခဲ့သော ချစ်သူတစ်ယောက်ကို လုံးဝ စိမ်းကား ပြတ်တောက်ပြနိုင်လောက်အောင် သူ သံယောဇဉ်နည်းမည် မထင်ပါ။ သူ့ကို မြင်မြင်ချင်း "ငါ့အတွက် ဘာပါလဲ" ဟု စတင်နှုတ်ဆက်လိုက်ချိန်မှာတော့ ကျွန်မတို့နှစ်ယောက်သည် အရင်တုန်းကလိုပင် ပုံမှန်တွေ့ဆုံနေကျ သူငယ်ချင်းနှစ်ယောက် ပြန်ဖြစ်သွားကြလေသည်။ (သူနှင့် ကျွန်မအကြား ဆက်ဆံရေးမှာ ချစ်သူဟု ဆိုသော်လည်း သူငယ်ချင်းပုံစံမျိုးသာ ဖြစ်လေသည်။) "ဘာမှ ပါမလာပါဘူးဟာ။ နည်းနည်းပါးပါး ပါတာလည်း ညီမတွေယူလို့ကုန်ပြီ။ နင်ကပျောက်နေတာကိုးဟ" ။ ကဲ ကြည့်စမ်း။ ဘယ်လောက်တောင် အံ့သြစရာကောင်းတဲ့ ယောက်ျားတစ်ယောက်လဲ ဆိုတာ။
          အဲဒီလူဟာ ကျွန်မရဲ့ ချစ်သူတဲ့လား။ ကျွန်မကို ချစ်သူအဖြစ် သတ်မှတ်ထားသေးတယ်ဆိုရင် နိုင်ငံရပ်ခြားက လက်ဆောင်ပစ္စည်းတစ်ခုတစ်လေမှ ၀ယ်မလာဖြစ်ခဲ့လျှင်တောင် ရန်ကုန်မြို့တော်ကြီး၌ အလွယ်တကူ ၀ယ်ယူလို့ရသော အမှတ်တရ လက်ဆောင်တစ်ခုခုကို ၀ယ်ယူပေးဖို့ သတိမရသင့်ဘူးလား။ ကျွန်မဟာ ရန်ကုန်မြို့မှာ ရှိနေတဲ့ အဖိုးတန်ဆုံး နိုင်ငံခြားဖြစ် အသုံးအဆောင်တွေကို လိုရင်လိုသလို ၀ယ်ယူသုံးစွဲနိုင်သူ ဖြစ်တယ်ဆိုတာကို သူ သိလို့များလား။ မဟုတ်ပါဘူးနော်။ ဒါဟာ ကျွန်မကို လုံးဝ ဂရုမစိုက်တဲ့၊ တန်ဖိုးမထားတတ်တဲ့ ချစ်သူတစ်ယောက်ရဲ့ အသည်းနာစရာကောင်းလှတဲ့ မေ့လျော့ပျက်ကွက်မှု တစ်ခုသာပါ။ လက်ထပ်ဖို့ ရည်ရွယ်ထားပြီဖြစ်တဲ့ ချစ်သူတစ်ယောက်အတွက် လက်ဆောင်ပစ္စည်းလေးတစ်ခုမှ ၀ယ်မလာနိုင်လောက်အောင်ပင် သူ ကျွန်မကို မေ့လျော့နေခဲ့တာ။
          ကျွန်မနဲ့ပဲ ယှဉ်ထိုးကြည့်စမ်းပါဦး။ ကျွန်မဘက်က ပေးရလို့ ပြောတာတော့ မဟုတ်ရိုးအမှန်ပါ။ ကျွန်မ ကုမ္ပဏီကိစ္စဖြင့် ထိုင်း၊ စင်္ကာပူ၊ မလေးရှား နိုင်ငံများသို့ ဆယ်ရက်ခရီး၊ တစ်လခရီးထွက်စဉ်က သူ့အတွက် ၀ယ်ယူခဲ့သော လက်ဆောင်ပစ္စည်းတွေ၊ သူ့မွေးနေ့တိုင်းမှာ အမှတ်တရ ၀ယ်ပေးခဲ့သော လက်ဆောင်တွေ၊ ဘာနေ့ ညာနေ့ အမည်အမျိုးမျိုးတပ်လျက် ထူးထူးခြားခြားလေးတွေမြင်တိုင်း သူ့ကို သတိတရ၀ယ်ပေးခဲ့သော လက်ဆောင်မှန်သမျှ အဖိုးတန် အကောင်းစားတွေချည်း ဖြစ်ပေမယ့် သူ့ဆီက တန်ဖိုးကြီးလက်ဆောင်မျိုးဆို ကျွန်မ ဘာတစ်ခုမှ မလိုချင်ခဲ့။ သူ့အိတ်ထဲက ငွေကုန်မှာကို လုံးဝမလိုလားခဲ့တာ ကျွန်မရင်ထဲက စေတနာ အမှန်။ ဒါပေမယ့် သူပေးလာတဲ့ အမှတ်တရ ချစ်ခင်မှုမျိုးကိုတော့ ကျွန်မ မျှော်လင့်ခဲ့မိတာ မှားနေပါသလား။ သို့သော် ကျွန်မ လက်ဆောင်ကိစ္စကို ဘေးဖယ်ကာ "နင် ငါ့ကို သတိမရဘူးလား" ဟု ဆိုတော့ "သတိရတာပေါ့။ နင်မလာလို့ ငါ အံ့သြနေတာ။ ငါ ခရီးမထွက်ခင် နင် လာဦးမလားလို့ မျှော်နေသေးတယ်။ ငါလည်း လုံးဝမအားလို့ပါဟာ။ စိတ်ထဲမှာတော့ ထင်နေတယ်။ ငါ ပြန်လာတယ်ကြားရင် နင် ရောက်လာမှာပဲလို့" ဟု သူက ပေါ့ပေါ့လေး ဖြေကြားလေသည်။ ကဲ ကျွန်မ ဘယ်အဆင့်ရောက်သွားပြီလဲဆိုတာ ကြည့်တော့။
          အလုပ်များတယ်ဟူသော အကြောင်းပြချက်နှင့် ကျွန်မအိမ်သို့လည်းကောင်း၊ အလုပ်ခွင်ထဲသို့လည်းကောင်း လာလေ့မရှိသောသူ့ကို ကျွန်မကပင် မာနနည်းပါးစွာ သူ၏ရုံးသို့ သွားရောက်တွေ့ဆုံရသည်မှာ ရိုးနေပြီဖြစ်သော်လည်း ထိုအဖြစ်အပျက်ကို ပြန်တွေးမိတိုင်း ကျွန်မ နှလုံးသားတို့ အောင့်မျက်နာကျင်သွားရကာ အခံရခက်လှ၏။ သူက ချိန်းဆို၍ တစ်နေရာရာ၌ တွေ့ဆုံရသည်ဆိုတာက လက်ချိုးရေတွက်ကြည့်လို့ရနိုင်ပါသည်။ ကျွန်မ စိတ်ပေါက်ပေါက်ရှိလှသည်နှင့် "နင်နဲ့ အဆက်အသွယ် ပြတ်နေတုန်း ငါ ရည်းစားတစ်ယောက်ထားလိုက်သေးတယ်" ဟု အရွဲ့တိုက်ပြောတော့ သူက သဘောကျစွာ ရယ်မောလေသည်။ သူ့အပြင် ဘယ်သူ့ကိုမှ ကျွန်မ မလိုအပ်ဘူးဆိုတာ သူ အခိုင်အမာယုံကြည်နိုင်သည်ပဲကိုး။
          "နင်က တစ်ယောက်တည်းလား။ ငါက နှစ်ယောက်တောင် တွေ့နေတာ"
          "ဘာရယ်"
          "နင်နဲ့ အဆက်အသွယ်မပြတ်ခင် ကောင်မလေးတစ်ယောက်ကို စာသင်ပေးရမယ်လို့ ပြောဖူးတယ်မဟုတ်လား။ ဒုတိယနှစ်ပဲ ရှိပါသေးတယ်။ နင့်လိုပဲ စိတ်ကောက်တတ်သလား မမေးနဲ့။ ငါ ဂျပန်ရောက်နေတုန်း သူ့ဆီ ဖုန်းမဆက်လို့တဲ့။ ဒါနဲ့ပဲ ပြတ်သွားကြရော၊ ကောင်မလေးတွေဆီ ငါ ဘယ်တုန်းက ဖုန်းဆက်ဖူးလို့လဲဟာ"
          "တစ်ယောက်ကရော"
          "တစ်ယောက်က ဆယ်တန်းနှစ်က တစ်ယောက်လေ။ ဏီဏီမိုးစံတဲ့။ ကျောင်းမနေတော့ဘူး။ ရွှေဆိုင်ဖွင့်ထားတယ်။ ပြန်တွေ့တာ ငါမသွားခင်လေးကမှ"
          "ခု အဆက်အသွယ်ရှိလား"
          "အင်း တစ်နေ့က မေမေပစ္စည်းသွားလုပ်တာ ငါပါသွားလို့ တွေ့ခဲ့တယ်။ ခုထိ အရပ်ပုပုလေးပဲ ရှိသေးတယ်။ သူက ငါ့ထက် သုံးလတောင် ကြီးတာ။ ပုတော့ နုတာပေါ့ ချစ်စရာလေးပဲ"
          ကျွန်မ ဆက်လက်သည်းခံနိုင်စွမ်းမရှိတော့သဖြင့် ပြန်မယ်ဟု ပြောကာ သူ့ရုံးမှ ထပြန်ခဲ့မိလေ၏။ သို့သော် ညနေ ကျွန်မအိမ်ပြန်ရောက်တော့ လာမည့်တနင်္ဂနွေနေ့၌ သူ အသက် ၃၀ ပြည့်မွေးနေ့ဖြစ်သည့်အတွက် ဘုရားသွားရန် သူ လာခေါ်မည်ဖြစ်ကြောင်း ဖုန်းဆက်လာတော့ ကျွန်မ စိတ်ဆိုးပြေသွားရလေသည်။
စာစု (၃)
          ယောက်ျားတစ်ယောက်အတွက် အသက်သုံးဆယ်ရှိသော အရွယ်သည် အိမ်ထောင်ပြုမည်ဆိုလျှင် သင့်တော်ပြီဖြစ်သော အရွယ်ဖြစ်ကြောင်း သူ သိပါလိမ့်မည်။ ထို့အတူ အပျိုကြီးလုပ်ဖို့ရာ မရည်ရွယ်သော (သူနှင့်တွေ့ပြီးမှ) ကျွန်မအတွက်လည်း အသက် ၂၈ နှစ်ဆိုသော အရွယ်သည် အိမ်ထောင်ပြုဖို့ အကောင်းဆုံးအချိန်သာ ဖြစ်ပါလိမ့်မည်။ မိန်းမတစ်ယောက်သည် အိမ်ထောင်ပြုဖို့အတွက် ယောက်ျားတစ်ယောက်ကို စိတ်ကြိုက်ရွေးချယ်ရခြင်းလား၊ ဒါမှမဟုတ် ယောက်ျားတစ်ယောက်၏ ရွေးချယ်မှုကို ခေါင်းညိတ်လက်ခံရခြင်းလားဟူသော အချက်နှစ်ချက်ကို ကျွန်မ သဲသဲကွဲကွဲ မသိရှိပါ။ ကျွန်မ သိတာကတော့ ကျွန်မ နှစ်သက်မြတ်နိုးသော ယောက်ျားတစ်ယောက်ကို ကျွန်မ လက်ထပ်လိုတာပဲ ဖြစ်၏။
          ဒီခေတ်ကြီးထဲမှာ မင်္ဂလာအခမ်းအနားတစ်ခုအတွက် ကုန်ကျစရိတ် ဘယ်လောက်ရှိတယ်ဆိုတာ သူသိသလို ကျွန်မလည်း သိတာပါပဲ။ ငွေမရှိကြောင်း သူက ကျွန်မကို ညည်းပြသောအခါ ကျွန်မ နာကျင်စွာ ပြုံးမိလျက် မိန်းမဈေးအပျက်ခံကာ "တို့ လုပ်ကျွေးမှာပေါ့" ဟူသောစကားကို အပြောင်အပြက်လိုလိုနှင့် အတည်ပြောဖြစ်ခဲ့၏။ အဲဒီတော့ သူက "မိန်းမလုပ်စာကို ငါ ဘယ်တော့မှ မစားဘူး" ဟု လေသံမာမာဖြင့် ပြောဆိုလေသည်။ "ငါ ယောက်ျားယူဖို့ ငွေစုနေတယ်" ဟု အမှန်ကို ဆိုလေလျှင် သူ နာကျင်သွားရမည်လား မဆိုနိုင်ပေ။
          တယ်လီဖုန်းထဲမှာတော့ "ငွေမရှိတာ ပူမနေစမ်းပါနဲ့ဟာ။ ငါ နင့်ကိုတင်တောင်းမှာပါ" ဟူသော စကားမျိုးကို ကျွန်မ ပြောဖြစ်လေသည်။ ကျွန်မ အမြဲတမ်း သူ့ကို ရှုံးနိမ့်နေရ၍ အနိုင်ယူချင်နေသည်မဟုတ်။ သူ့ကို ချစ်မြတ်နိုးရလွန်း၍ ပိုင်ဆိုင်လိုခြင်းသာ ဖြစ်၏။ သူကမူ ကျွန်မအား ချစ်သည်ဟု ဆိုခဲ့လျက် ပိုင်ဆိုင်ခွင့်ရဖို့ မကြိုးစား။ ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ခွင့်ရမှ ကျွန်မတို့နှစ်ယောက် ပေါင်းဆုံကြမည်ဆိုလျှင် သူ့ကို ကျွန်မ နောင်ဘ၀များစွာထိ စောင့်ဖို့သာရှိလေသည်။ အဓိက လိုအပ်တာက ကျွန်မအပေါ် ထားရှိသော သူ၏ချစ်ခြင်းမေတ္တာနှင့် လိုအပ်မှု အတိုင်းအတာသာပါ။ အမှန်အတိုင်း ၀န်ခံရမည်ဆိုလျှင် သူ့ကို ကျွန်မဘက်က အကုန်အကျခံ၍ လက်ထပ်ယူနိုင်ပါသည်။ ပြီးတော့ ကျွန်မ ဒီအတိုင်း ကျန်းမာနေဆဲဆိုလျှင် သူ့ကို တစ်သက်တာလုံး လုပ်ကိုင်ကျွေးမွေးပြုစုပေးနိုင်ပါသည်။ သို့သော် အဲဒါက သဘာဝတရားမဟုတ်၊ ဖြစ်လည်းမဖြစ်သင့်။
          သူသည် မိဘများနေထိုင်သည့် အစိုးရပိုင် တိုက်ခန်းတစ်ခု၌ နေထိုင်သူဖြစ်လေရာ ဘယ်လိုနည်းနှင့်မျှ ကျွန်မ သူ့အိမ်သို့ လိုက်ပါမသွားသင့်မှန်းလည်း ကျွန်မ သိထားပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ၏၀င်ငွေနှင့် ကျွန်မ၏ ၀င်ငွေအချိုးအဆ မည်မျှပင် ကွာခြားနေစေ ကျွန်မတို့နှစ်ယောက် ပေါင်းစည်း၍ ဘ၀သစ်တစ်ခု တည်ပြီးနောက် အရာအားလုံးသည် သာသည်နာသည်မရှိ တစ်သားတည်းဖြစ်သွားရမည် မဟုတ်လား။ ကျွန်မက သူ့အပေါ် ဒီလောက်လိုလားနေမှန်းသိလျက် သူ၏ မတုန်မလှုပ် အေးစက်မှု၊ လျစ်လျူရှုမှု၊ အလေးမထားမှု၊ အနာမခံလိုမှု၊ သတ္တိမရှိမှု၊ ခေါင်းမဆောင်လိုမှု၊ ပျော့ညံ့တွေဝေမှုတွေကို အခါများစွာ ခံရပြီးသောအခါ ကျွန်မ ကြိတ်မနိုင်ခဲမရ နာကျည်းလာမိလေသည်။ သို့သော် မုန်းစရာကောင်းလှသော ကျွန်မ နှလုံးသား၏ စေခိုင်းမှုကို နာခံလိုသော ကျွန်မ၏ လက်ချောင်းတို့သည် သူ၏ တယ်လီဖုန်းနံပါတ်ခြောက်လုံးကို အလိုအလျောက် နှိပ်မိသွားဆဲ။ ပြီးတော့ သွက်လက်သော ကျွန်မ၏ ခြေအစုံသည်လည်း သူ၏ ရုံးတော်ကြီးဆီသို့ အလိုလို ဦးတည် ရွေ့လျားသွားနေတတ်မြဲ။
စာစု (၄)
          ကျွန်မ၏ မာနနည်းပါးသော လုပ်ရပ်များအတွက် မခံမရပ်နိုင်ဖြစ်နေကြသော ငယ်သူငယ်ချင်းများက အလျှော့မပေးဖို့ အညံ့မခံဖို့ ပြောဖန်များလာသောအခါ ကျွန်မ ရှက်ရွံ့ဝမ်းနည်းလာရ၍ အတတ်နိုင်ဆုံး သူ့အား စတင်ဆက်သွယ်ဖို့ မကြိုးစားဘဲ နေခဲ့မိ၏။ သူ့အား ကိုးရက်တိတိ အဆက်အသွယ်မလုပ်ဘဲ ထားပြီးနောက် ဆယ်ရက်မြောက်သောနေ့၌ သူ့ထံမှ ဖုန်းဆက်သွယ်လာလေ၏။ သူ့အိမ်၌ အန္တရာယ်ကင်း ဆွမ်းကပ် တရားနာပွဲပြုလုပ်မည့်အတွက် ကျွန်မကို ဖိတ်ကြားခြင်းဖြစ်ရာ ကျွန်မ ငြင်းဆန်ဖို့ပင် သတိမရတော့ဘဲ ၀မ်းသာအားရ ခေါင်းညိတ်မိလေသည်။
          တစ်ကြိမ်သာရောက်ဖူးသော သူနေထိုင်ရာ တိုက်ခန်းသို့ ကျွန်မရောက်ရှိသွားချိန်တွင် သူပြောပြဖူးသည့် အမျိုးသမီး ဧည့်သည်နှစ်ယောက် ရောက်နှင့်နေလေပြီ။ ထိုအမျိုးသမီး နှစ်ယောက်လုံးမှာ သူ့မိသားစုအားလုံးနှင့် အလွန်ရင်းနှီးကျွမ်းဝင်ပုံရလျက် ကျွန်မကိုပင် ဧည့်ထောက်ခံလိုက်သေး၏။ ကျွန်မတစ်ယောက်သာ သူ့မိသားစုနှင့်လည်း ခပ်တန်းတန်းဖြစ်နေ၍ သူတို့ပြောသမျှ ခေါင်းညိတ်နားထောင်ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ၊ အဲဒီပွဲလေးပြီးသည့်နောက် ကျွန်မ လုပ်ဆောင်ရမည့် တိကျသော အဖြေတစ်ခုကို ထုတ်ယူနိုင်ခဲ့သည်။
          "တို့နှစ်ယောက် လက်ထပ်ကြရအောင်၊ အိမ်ကလည်း ပြောနေပြီ။ တွဲနေတာကြာပြီ၊ ယူမှာဆို ယူလိုက်တော့တဲ့၊ ငါက နင်ငွေစုနေတုန်းလို့ ပြောထားတာ၊ ငွေမရှိလည်း ကိစ္စမရှိပါဘူးဟာ။ တို့နှစ်ယောက် အခန်းလေးတစ်ခန်းငှားပြီး စားလောက်သောက်လောက်ရုံရှိမှာပါ။ အလုပ်ရှုပ်ပါတယ်ဟာ။ မင်္ဂလာလည်း ဆောင်မနေတော့ပါဘူး။ ရုံးတက်လက်မှတ်ထိုးပြီး ရင်းနှီးတဲ့လူတွေလောက်ပဲ ညစာကျွေးလိုက်ရအောင်နော်"
          ကျွန်မထံမှ သူမျှော်လင့်မထားသည့်စကားကြောင့် အလွန်အမင်း အံ့သြသွားသော သူ့မျက်နှာကို ကျွန်မ ပြုံးကြည့်နေမိခဲ့၏။ ကဲ ဘယ်လိုလဲ မိန်းမတွေ ၀န်းရံခနေတဲ့ ကိုဝန်းရံခ။ မိန်းမတစ်ယောက်က ရှင့်ကို ရဲရဲကြီး ရွေးချယ်လိုက်ပြီ။ ရှင် အသာတကြည် ခေါင်းညိတ်ရဲပြီမို့လား။ သို့သော် ကျွန်မအတွေးနှင့် လွဲချော်စွာ။
          "ငါအိမ်ကို ပြောမထားရသေးဘူး။ ခဏစောင့်ပါဦးဟာ" သူ့အဖြေအတွက် ကျွန်မ စိတ်ဆိုးသင့်သော်လည်း စိတ်မဆိုးဖြစ်အောင် ကြိုးစား၍ "ဖွင့်ပြောလိုက်တော့လေ" ဟူသော စကားတစ်ခွန်းဖြင့်သာ တုန့်ပြန်လိုက်၏။ သူ့မိသားစုနှင့် ရင်းနှီးကျွမ်းဝင်နေသော အမျိုးသမီးနှစ်ယောက်၏ အရည်အချင်းကို ကျွန်မ ကောင်းကောင်းကြီး ယှဉ်ပြိုင်ရဲသောကြောင့် ကျွန်မ ကျေနပ်နေ၏။ ထိုမိန်းမနှစ်ယောက်အပြင် ကျွန်မထက်သာလွန်သော မိန်းမတစ်ယောက် သူ့အပါးရောက်ရှိလာလျှင်တော့ ကျွန်မ သူ့ကို ပိုင်ဆိုင်ရဖို့ ရာခိုင်နှုန်းလျော့နည်းသွားပါလိမ့်မည်။
          ခုချိန်မှာတော့ ကျွန်မ ချစ်ခဲ့မိသူဟာ ဘယ်လိုယောက်ျားမျိုးဖြစ်တယ်ဆိုတာ ကျွန်မ သိရှိခဲ့ပြီ။ တကယ်တော့ သူသည် တစ်စုံတစ်ယောက်သော မိန်းမအား တန်ဖိုးထားချစ်မြတ်နိုးဖို့ထက် တစ်စုံတစ်ယောက်သော မိန်းမက သူ့အား အလွန်အမင်း ချစ်မြတ်နိုးခြင်းကိုသာ ခံယူရန် စောင့်စားနေသူဖြစ်၏။ မိန်းမတစ်ယောက်ကို သူဘယ်လိုနည်းမျိုးဖြင့် ရွေးချယ်ယူမလဲဆိုတာ ကျွန်မ ရိပ်စားမိပါပြီ။ မချစ်တတ်တဲ့ မိန်းမတစ်ယောက် အိမ်ထောင်ပြုတဲ့အခါ ရွေးချယ်စရာရှိတဲ့ ယောက်ျားတွေထဲက အသင့်တော်ဆုံးတစ်ယောက်ကို ရွေးချယ်ယူသလိုပင်။ တစ်စုံတစ်ယောက်သော မိန်းမအား သူ ရွေးချယ်ပေလိမ့်မည်။ အဲဒါ ယောက်ျားတစ်ယောက် ကျင့်သုံးရမယ့် နည်းတဲ့လား။ သူ့ကြောင့် မိန်းမတွေဘက်က ဘယ်လောက်ထိ ခံစားကြေကွဲကြရတယ်ဆိုတာ သူနည်းနည်းလေးမှ ထည့်မတွက်။
          ကျွန်မနှင့် ပြတ်စဲနေသော ငါးလအတွင်း မိန်းကလေးနှစ်ယောက်နှင့် တွဲခဲ့သေးသည်ဆို၍ ကျွန်မ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ကျိန်ဆဲပစ်ခဲ့မိ၏။
          "နင် ငါ့ကို ဘယ်လိုမြင်လဲ" ဟု သူက မေးခဲ့သည့်အတွက် "ဘယ်လိုမြင်ရမလဲ ကိုယ်တကယ်မကြိုက်ဘဲ သူများသားသမီးကို အပျော်တွဲတာ လူယုတ်မာပေါ့" ကျွန်မ ပြန်ဖြေခဲ့၍ သူ စိတ်ဆိုးသွားလေသည်။ ထိုအချိန်၌ "ငါ ဘယ်မိန်းမကိုမှ လက်ဖျားနဲ့တောင် မတို့ခဲ့ဘူး" ဟူသော သူ၏ အမှန်ကန်ဆုံးစကားကို "တို့ထိမိတဲ့အတွက် တာဝန်ယူရမှာ စိုးတာကိုး" ဟုသာ ခပ်ချဉ်ချဉ် တွေးပစ်မိလေ၏။ တစ်ခါတစ်ရံတော့လည်း "ဒီလို ယောက်ျားမျိုးကိုမှ ငါ ဘာဖြစ်လို့ ချစ်မိပါလိမ့်" ဟု စဉ်းစားမိကာ အလိုလို ၀မ်းနည်းလာလျက် သူ့ကို စတင်ဖြတ်တောက်ပစ်ဖို့ ကြိုးစားခဲ့၏။ သူ့ကို ကျွန်မဘက်က စတင်ဖြတ်တောက်ဖို့နည်းမှာ သူ့ရုံးသို့ ကျွန်မ မသွားဘဲ နေလိုက်ရုံနှင့် ဖုန်းမဆက်ရုံသာရှိ၏။ သူ့ကို ငါဖြတ်တော့မည်ဟု ဆုံးဖြတ်ကာ တစ်ပတ်ဆယ်ရက်လောက် မဆက်သွယ်ဘဲနေလျှင် ကျွန်မသာ စိတ်ဆင်းရဲ သောကရောက်ရလျက် သူကဖြင့် ကျွန်မအဖြစ်ကို နည်းနည်းလေးမှ သိရှိပုံမရခဲ့ပေး။ နှစ်ပတ်ကျော်ကာလကြာအောင် အောင့်အည်းသည်းခံ၍ သူ့ကို အဆက်အသွယ် ဖြတ်ထားဖူးသော ကျွန်မသည် သူ့ဆီက ဖုန်းလာသောအခါ ၀မ်းသာအယ်လဲ ရင်ခုန်ပျော်ရွှင်မှုတို့ဖြင့် သူ့ကို ဖြတ်တောက်ထားသောကိစ္စကို မေ့လျော့သွားပြန်၏။ အဲဒီလို မိန်းမမျိုးဟာ သူ့လိုယောက်ျားတစ်ယောက်ကို အပေါ်စီးက တစ်သက်လုံး အနိုင်ရဖို့ဆိုတာ ဖြစ်နိုင်ဦးမှာတဲ့လား။
စာစု (၅)
          "ငါ အိမ်ကိုပြောလိုက်ပြီ။ နင်နဲ့လက်ထပ်တော့မယ်ဆိုလို့ သူတို့ သိပ်အံ့သြနေကြတယ်"
          "ဘာ အံ့သြစရာရှိလို့လဲ။ တို့နှစ်ယောက် တွဲနေတာ သုံးနှစ်ကျော်လာပြီ ဥစ္စာ"
          "ဒါပေမယ့် သူတို့က ဏီဏီနဲ့ပဲ ယူဖြစ်မယ်လို့ ထင်နေတာ။ ဏီဏီက အိမ်ကို အမြဲဝင်ထွက်နေတာ မဟုတ်လား။ ဏီဏီက စကားပြော သိပ်ကောင်းတာဟ။ အိမ်မှုကိစ္စလည်း တော်တယ်"
          "သြော်"
          ကျွန်မ သူ့အပေါ် နားမလည်နိုင်စွာ သတိလက်လွတ် ငေးကြည့်နေမိတော့၏။ ဒီလူအပေါ် ကျွန်မ ဘယ်လို နားလည်ပေးရမှာတဲ့လဲ။ ခုပဲ သူနဲ့လက်ထပ်တော့မယ့် မိန်းမတစ်ယောက်ကို ရှေ့မှာထားပြီး တခြားမိန်းမတစ်ယောက်အကြောင်း ၀မ်းသာအားရပြောနေတာ ဘာအဓိပ္ပါယ်လဲ။ သူဟာ ကျွန်မနဲ့ လက်ထပ်ဖို့ အသာတကြည် ခေါင်းညိတ်လက်ခံလိုက်ပြီ မဟုတ်ဘူးလား။
          ဒါနဲ့တောင် ကျွန်မကို အဖန်တလဲလဲ နာကျင်ထိခိုက်စေတဲ့စကားတွေ ဘာကြောင့်ပြောနေရတာပါလိမ့်။ သူ့ကိုပိုင်ဆိုင်ဖို့ ကျွန်မဘက်က ဘယ်လောက်အတိုင်းအတာထိ ပေးဆပ်စွန့်လွှတ်ထားရသည်ဆိုတာ သူ တွေးမကြည့်မိတာကပဲ အသည်းနာစရာကောင်းလှပြီ။ မင်္ဂလာဆောင်ဖိတ်စာရိုက်ဖို့ကိစ္စကိုပင် သတိရလေဟန်မရှိသော ယောက်ျားတစ်ယောက်က ကျွန်မကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာ အမှန်တကယ်မှ ဟုတ်ရဲ့လား။ ကျွန်မက သူ့အပေါ် ဘယ်လောက်ပဲချစ်ချစ် နာမည်ကြီး ရွှေဆိုင်တစ်ခုကို ပိုင်ဆိုင်သော ကျွန်မနှင့်ပြိုင်ဘက် မိန်းမတစ်ယောက်၌ သူ့ကို ပိုင်ဆိုင်ခွင့်ရဖို့ အခွင့်အရေးများစွာ ရှိပါသေးသည်။ ပြီးတော့ လူလေးစားခံရရုံ ဂုဏ်ဒြပ်အနည်းအကျဉ်းလောက်ကိုသာ ပိုင်ဆိုင်သော သူ့အသိုင်းအ၀ိုင်းက ကျွန်မထက် အဆပေါင်းများစွာ ချမ်းသာကြွယ်ဝသော မိန်းမတစ်ယောက်ကို တမက်တမော လိုလားနှစ်သက်နေသည်ကို ကျွန်မသိရှိခဲ့ရပြီ။
          "ခု ငါ စီးကရက်ဖြတ်ထားတယ်ဟ။ နောက်ဆို လစာငွေလေး နည်းနည်းအပ်ပြီး နေ့တိုင်းအိမ်ကပြန်တောင်းသုံးလို့ရမှာ မဟုတ်တော့ဘူးလေ။ ဟေ့ နင် ဘာတွေတွေးနေတာလဲ။ ငါပြောတာတွေ ကြားရဲ့လား"
          သူနှင့် ဘေးချင်းယှဉ်လျက်ထိုင်ရင်း တွေငေးနေမိသော ကျွန်မသည် သူ ဘာတွေပြောနေသည်ဆိုတာ မသိလိုက်ဘဲ "ကြားပါတယ်" ဟု ဆိုလိုက်မိသည်။ ကျွန်မနှင့် သူ မကြာခဏ ထိုင်ဖြစ်ကြသော လက်ဖက်ရည်ဆိုင်မှ ထွက်ခွာခဲ့ပြီးနောက် ကျွန်မခြေလှမ်းများက အားအင်မရှိတော့သလို တုံ့ဆိုင်းလေးကန်လှစွာ…။ အဲဒီနောက် ကျွန်မ သူ့ကို ငါးရက်တိတိ အဆက်အသွယ် မလုပ်ဘဲ ဖြတ်တောက်ပစ်လိုက်၏။ ခြောက်ရက်မြောက်နေ့၌ ကျွန်မအိမ်သို့ သူ ဖုန်းဆက်လာလေသည်။ ကျွန်မ ရုတ်တရက် ကြည်နူးပျော်ရွှင်သွားမိလျက် သူ့ စကားသံကို နားစွင့်နေလိုက်၏။
          "နင် ဘာတွေလုပ်နေလဲ။ ဖုန်းတောင်မဆက်ဘူး"
          "အလုပ်နည်းနည်းရှုပ်နေလို့ပါ"
          "တစ်နေ့က ငါတောင် နင်တို့ကုမ္ပဏီရှေ့ ရောက်သေးတယ်။ ၀င်လာဦးမလို့ပဲ ဏီဏီပါလာလို့ မ၀င်ဖြစ်တော့တာ"
          "ရုံးကိစ္စရှိလို့လား"
          "မဟုတ်ဘူး ဏီဏီကို သက်သက်ပြန်လိုက်ပို့တာ သူတစ်ယောက်တည်း ကားမပါတာနဲ့"
          "သြော်"
          ကျွန်မ ဖုန်းခွက်ကို ရုတ်တရက် ဆောင့်ချပစ်လိုက်ချင်သော်လည်း သူ့အသံကို မကြားရသည်မှာ ရက်အတန်ငယ်ကြာခဲ့ပြီမို့ အောင့်အည်း သည်းခံလိုက်မိလေသည်။
          "နင် အိမ်ကို ဘယ်နေ့လာမှာလဲ။ မေမေတို့ကို ကြိုပြောထားရအောင်လို့"
          "ဟင့်အင်း နင့်အိမ်ကိုမလာတော့ဘူး။ ရုံးကိုပဲ လာခဲ့မယ်။ နောက် ဆယ်ရက်ကြာရင်"
          "ဟာ အကြာကြီးပဲ"
          "ဘာကြာတာလဲ"
          "မတွေ့ရတာ ကြာတာပေါ့။ နင်ဘယ်တုန်းက အဲဒီလောက်ကြာအောင် ငါနဲ့မတွေ့ဘဲ နေခဲ့ဖူးလို့လဲ"
          "ကြာခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်က ငါးလတောင်လေ"
          "ထားပါတော့ ထားပါတော့"
          "နင် ဘာပြောစရာရှိသေးလဲ ပြောလေ"
          "နောက် ဆယ်ရက်ရှိရင် နင်လာမှာပဲလေ။ အဲဒီတော့မှ ပြောတော့မယ်။ ခု အရေးတကြီးပြောစရာမရှိပါဘူး။ နင် နေမကောင်းဘူးလားလို့ ဖုန်းဆက်လိုက်တာ"
          "အိုကေ အိုကေ ဒါဆို ဖုန်းချလိုက်တော့မယ်"
          "  "
          တယ်လီဖုန်းကို ဦးစွာချသွားသူက ဖုန်းချလိုက်တော့မယ်ဟု နိဂုံးချုပ်လိုက်သော ကျွန်မမဟုတ်ဘဲ သူသာ ဖြစ်လေသည်။ ကျွန်မနဲ့သူရဲ့ ယတိမပြတ်နိုင်တဲ့ ဇာတ်လမ်းကို နိဂုံးချုပ်ပေးမည့်သူကရော သူလား။ ကံကြမ္မာကပဲလားဆိုတာ။
စာစု (၆)
          သူ၏ ရုံးသို့သွားတိုင်း ပုံမှန်အားဖြင့် အငှားကားစီး၍ သွားတတ်သော ကျွန်မသည် ကားမှတ်တိုင်၌ အချိန်ကြာမြင့်စွာနေထိုင်လျက် မှတ်တိုင်ရှေ့ထိုးဆိုက်လာသော လိုင်းကားများကို ငေးမောကြည့်နေမိ၏။ မှတ်တိုင်၌ တစ်နာရီနီးပါး အချိန်ဖြုန်းပြီးကာမှ ကျယ်လောင်စွာ လူခေါ်နေသော ဘတ်(စ်)ကားကြီးပေါ်သို့ ကျွန်မ တက်လိုက်မိလေသည်။ ကံဆိုးစွာ လိုင်းကားစီးခဲ့မိသော ကျွန်မသည် ခါတိုင်းစီးနေကြမှတ်တိုင် ဖျက်သိမ်းပစ်လိုက်သည့်အတွက် ရှေ့တစ်မှတ်တိုင်ကျော်မှ ဆင်းရလေ၏။ သူ၏ ရုံးသို့ ကျွန်မတစ်ဦးတည်း မောပန်းစွာ နောက်ကြောင်း ပြန်လျှောက်လာခဲ့ရ၏။ သူ၏ ရုံးအ၀င်ဝ၌ ကျွန်မရောက်နေပြီဖြစ်ကြောင်း ဖုန်းဆက်ပြောတော့ သူ ချက်ချင်းဆင်းလာလေ၏။ ထုံးစံအတိုင်း သူ ၀တ်ဆင်နေကြ အဖြူရောင် ရှပ်လက်ရှည်နှင့် ကျွန်မ လက်ဆောင်ပေးခဲ့သော ချည်ချော ပုဆိုးကွက်စိပ်ကို ၀တ်ဆင်ထားသည့် သူသည် ဆွဲဆောင်မှုရှိစွာ တည်တံ့သန့်ခန့်လို့ နေလေသည်။ ကျွန်မတို့ နှစ်ယောက် ရုံးဝင်းအတွင်း စားသောက်ဆိုင်လေးမှာပဲ ထိုင်ဖြစ်ကြ၏။
          "နင် ရုံးက လာတာမဟုတ်ဘူးလား"
          "ငါ ခွင့်ယူထားတယ်။ လုပ်စရာလေးတွေရှိလို့"
          "ဘာတွေများ အလုပ်များနေလဲ။ အေးအေးဆေးဆေးပေါ့။ နင် ခွင့်ယူထားတာဆိုရင် ငါ ရုံးအဆင်း ရွှေနဂါးမှာ ကြေးအိုးလိုက်တိုက်မယ်လေ။ ငါတို့နှစ်ယောက် အေးအေးဆေးဆေး ဆိုင်မထိုင်ရတာ ကြာပြီ"
          "ဟင့်အင်း မနေတော့ဘူး။ နင့်ကို ပေးစရာရှိလို့ လာပေးတာ"
          "ဘာလဲ ငါ့မွေးနေ့ မရောက်သေးပါဘူးဟ"
          လက်ဖက်ရည်ငုံ့သောက်နေသော သူ့ကို ကျွန်မ တစ်ချက်စိုက်ကြည့်ကာ လက်ကိုင်အိတ်ထဲမှ ပန်းနုရောင်စာအိတ်တစ်လုံးကို ထုတ်ယူပေးလိုက်၏။
          "ဘာလဲ ဖိတ်စာနမူနာလား။ ငါလည်း နမူနာရေးလာတယ်။ ကြည့်စမ်းပါဦး။ နင်ကြိုက်ရဲ့လားလို့"
          သူက စာအိတ်အတွင်းမှ ရေမွှေးနံ့သင်းပျံ့နေသော ဖိတ်စာကတ်ပြားကို ထုတ်ယူလိုက်ရင်း ကျွန်မကို ပြုံးချိုသောမျက်ဝန်းတို့ဖြင့် တစ်ချက် လှမ်းကြည့်လေသည်။ ကျွန်မ သွေးပျက်လုနီးပါး ကယောင်ချောက်ချားနိုင်စွာ သူ ကမ်းပေးသော အဖြူရောင်စာရွက်လေးကို အလောတကြီး လှမ်းယူလိုက်မိ၏။
          မြသက်ထားဝေ B.Sc. (Hons:) (Physics)
          သူ၏ လက်ရေးဖြင့် ကိုယ်တိုင်ရေးထားသည့် သူနှင့် ကျွန်မ၏ အမည်နာမနှစ်ခု။ တဆတ်ဆတ်တုန်နေသော လက်တို့ဖြင့် သူ နမူနာရေးယူလာသည့် စာရွက်လေးကိုကိုင်ရင်း မျက်စိစုံမှိတ် ခေါင်းငုံ့ချလိုက်စဉ် ကျွန်မ မျက်ဝန်းအိမ်မှ မျက်ရည်စက်တို့ အဖြူရောင် စက္ကူရွက်ပေါ်သို့ ကျဆင်းသွားလေသည်။ ပန်းနုရောင် ရေမွှေးစက္ကူပေါ်၌ ရေးထိုးထားသော ကျွန်မ နာမည်၊ ပြီးတော့ သူ နာမည်ပင် ကြားဖူးလိမ့်မည်မဟုတ်သော သူစိမ်းယောက်ျားတစ်ယောက်၏ နာမည်ကို ယှဉ်တွဲမြင်လိုက်ရသော သူ့မျက်လုံးများက အံ့သြခြင်း၊ မယုံကြည်နိုင်ခြင်း၊ ထိတ်လန့်တုန်လှုပ်ခြင်းတို့ ပေါင်းစုလျက်။
          ကြည့်စမ်း ဒါ ကျွန်မလိုချင်တဲ့ အချိန်ရောက်လာပြီတဲ့လား။ ကျွန်မ အစဉ်အမြဲ ရှုံးနိမ့်နေရတဲ့ ယောက်ျားတစ်ယောက်ကို အပေါ်စီးက အနိုင်ယူပြုံးပြနိုင်တဲ့အချိန်လေ။
          ယုံပြီမဟုတ်လား ကိုဝန်းရံခ။ မြသက်ထားဝေအတွက် တင့်တင့်တယ်တယ်လက်ထပ်ယူဖို့ ယောက်ျားတစ်ယောက် အမြဲတမ်း အဆင်သင့်ဖြစ်နေတယ်ဆိုတာ မြင်ပြီမဟုတ်လား။ အိုး မျက်ရည်တွေ၊ ကျွန်မ မျက်ဝန်းထဲမှာ ပါးပြင်ပေါ်မှာ။ ဟင့်အင်း မငိုနဲ့ ကျွန်မသူ့ကို တစ်ခါလေးမှ မနိုင်ဖူးခဲ့တာ။ ဒီတစ်ခါလေးဘဲ အနိုင်ယူ ပြုံးကြည့်လိုက်စမ်းပါ။
          "နင် နင် ငါ့ကို သက်သက် အရူးလုပ်ခဲ့တာပေါ့" သူက သူမ၏ ဖိတ်စာကို ငေးကြည့်ရင်း အလွန်နာကျင်ထိခိုက်လှသော အသံဖြင့် ပြောလိုက်သောအခါ ကျွန်မ သတိမေ့မျောလုနီးပါး ကြေကွဲသွားရလေသည်။
          "မဟုတ်ဘူး နင့်အတွက် အသင့်တော်ဆုံးကို ငါ ရွေးပေးလိုက်တာ။ နင် မယုံနိုင်ဘူးမဟုတ်လား။ ဒီ ဖိတ်စာရိုက်ဖို့ ငါ့ဘက်က လက်ခံပါတယ်ဆိုတဲ့ စကားလေးလုံးတည်း ပြောခဲ့ရတယ်။ နင်လည်း ဏီဏီမိုးစံကို အဲဒီစကားမျိုးတစ်ခွန်း ပြောလိုက်ရုံနဲ့ ဒီထက်ပိုသားနားတဲ့ ဖိတ်စာတစ်စောင် နင့်လက်ထဲ ချက်ချင်းရောက်လာမှာပဲလို့ ငါ လောင်းရဲတယ်။ ငါ့ရဲ့ဆုံးဖြတ်ချက်ကို နင် ကျေနပ်တယ် မဟုတ်လား"
          ကျွန်မ၏ ဖိတ်စာကတ်ပြားကို ဆုပ်ကိုင်လျက် စူးစိုက်ကြည့်နေဆဲဖြစ်သော သူ့ထံမှ တုံ့ပြန်စကားတစ်လုံးတလေမှ ထွက်မလာခဲ့။ သို့သော် ကျွန်မ အရူးအမူးချစ်မြတ်နိုးခဲ့သော ယောက်ျားတစ်ယောက် မျက်ဝန်းအိမ်မှ မျက်ရည်စက်တို့ကို ရုတ်တရက် မြင်တွေ့လိုက်ရသောအခါ…
          ကျွန်မ ဘယ်တုန်းကမှ မတွေးထင်ဖူးခဲ့၊ မြသက်ထားဝေဆိုသည့် မိန်းမတစ်ယောက်ကို စွန့်လွှတ်ရဖို့ သူ ဒီလောက်ထိ စိတ်နှလုံးထိခိုက်ကြေကွဲရလိမ့်မည်ဟု အိမ်မက်မျှပင် မက်မကြည့်ဝံ့ခဲ့။ သူဟာ သူ့အနားက ကျွန်မထွက်ခွာသွားမှာကို ဣနြေ္ဒမပျက် ငေးကြည့်ကျန်ရစ်နေနိုင်သူ မဟုတ်ဘူးလား။ ကျွန်မကို နှစ်သက်လိုလားနေသော ဂုဏ်သရေရှိ အမျိုးသားတစ်ယောက်အကြောင်းကို ပြောပြကာ "ဘယ်လိုလဲ ငါ သူ့ကို ယူလိုက်ရမလား" ဟု မေးတိုင်း အပြုံးမပျက်ရယ်မော၍ "နင့်သဘောလေ၊ နင်ကောင်းမယ်ထင်ရင် လက်ခံလိုက်ပေါ့" ဟု တုံ့ပြန်တတ်သော ကျွန်မ၏ချစ်သူ အကြောင်းကို ကျွန်မအသိဆုံးနော်။ "ငါမှားသလားဟင်" ခေါင်းငိုက်စိုက်ချထားဆဲဖြစ်သော သူ့မျက်နှာကို ကျွန်မ ငေးနေမိလျက် ဆို့နင့်အက်ကွဲသော လေသံမျှဖြင့် မေးမိလေသည်။
          "ဟင် ငါမှားသွားလား ဖြေပါဦး"
          သူက မျက်စိမှိတ်ကာ သက်ပြင်းချပြီးနောက်
          "နင့် ဆုံးဖြတ်ချက်အတွက် နင်ကိုယ်တိုင် ကျေနပ်နိုင်မယ်ဆို မမှားပါဘူး"
          "ဒါပေမယ့် နင်လည်း ကျေနပ်ရမယ်လေ"
          "ငါ မကျေနပ်ဘူးဆိုရင် ဒီဖိတ်စာတွေကို လွှင့်ပစ်လိုက်မှာမို့လား"
          ကျွန်မမျက်နျာကို လက်ဖ၀ါးနှင့်အုပ်လျက် အသံတိတ်ရှိုက်ငင်လိုက်မိ၏။ ကျွန်မနှင့် သူ့အကြား ပြောစရာတစ်စုံတစ်ရာ မရှိတော့သလိုပါပဲ။ တကယ်တော့ ကျွန်မ စိတ်ကူးထဲမှာ သူ့ကိုပြောဖို့စကားတွေ မဆုံးနိုင်အောင် ရှိနေခဲ့တာ။ ကျွန်မ နှုတ်မှ ထွက်သွားသော စကားတွေကတော့ စိတ်ကူးအတွေးနှင့် လမ်းလွဲလျက်။
          "နင် မကျေနပ်ဘူးဆိုရင် ဘာပဲဖြစ်ဖြစ် ငါ လုပ်ပေးနိုင်တယ်"
          "မဖြစ်နိုင်ပါဘူး။ ဒါ နင်တစ်ယောက်တည်းရဲ့ ကိစ္စမဟုတ်ဘူးလေ။ ပြီးတော့ ဒီကိစ္စကို ကြိုတင်စီစဉ်ပြီးမှ နင် လုပ်ခဲ့တာပါ"
          "ဒါပေမယ့် အဲဒီ ဆုံးဖြတ်ချက်ကို လွန်ခဲ့တဲ့ ဆယ်ရက်ကမှ ချခဲ့တယ်ဆိုတာ နင်ယုံရဲ့လား"
          မငိုမိအောင် ချုပ်တည်းထားသည့်ကြားက ကျွန်မပါးပြင်ပေါ်သို့ မျက်ရည်များ လိမ့်စီးကျလာပြန်သည်။
          "မငိုနဲ့၊ နင် မငိုပါနဲ့တော့။ နင့်ဆုံးဖြတ်ချက်ကို ငါ ကျေနပ်မှာပါ။ ခုရော နင့်မင်္ဂလာပွဲကိုတက်ဖို့ ငါ့ကို ဖိတ်စာလာပေးတာမဟုတ်လား။ နင် ငါ့ကို လာစေချင်လို့လား"
          "ဟုတ်တယ် နင်လာရမယ်။ ဏီဏီမိုးစံနဲ့ တွဲပြီး ငါ့မင်္ဂလာပွဲကို နင်လာရမယ်"
          ကျွန်မက ရှိုက်ငင်သံများဖြင့် ဗလုံးဗထွေးပြောလိုက်စဉ် သူက ရီဝေသော မျက်ဝန်းများဖြင့် ငေးမောရင်း
          "ငါ ရွေးချယ်ခဲ့တာ ဏီဏီမိုးစံ မဟုတ်ဘူးလေ"
          ဟု တိုးဖျော့စွာ တုံ့ပြန်လေ၏။ သူက ထိုသို့ဆိုလိုက်သည့် အခိုက်အတန့် ကျွန်မ နင့်နင့်သီးသီး ငိုကြွေးပစ်ချင်စိတ်တို့ ကြီးစိုးလာလျက် နှုတ်ခမ်းနှစ်လွှာကို တင်းစေ့ကာ အံကြိတ်ထားရလေသည်။ သို့သော် သူ့ရှေ့၌ ဘယ်လိုမှ ရပ်တည်မနေနိုင်တော့သောကြောင့် "ငါသွားတော့မယ်" ဟူသော နှုတ်ဆက်စကားကိုဆိုလျက် သူ့အပါးမှ ပြေးထွက်လာခဲ့မိလေသည်။
          ကျွန်မ၏ မင်္ဂလာပွဲသို့ ဏီဏီမိုးစံနှင့်အတူ တက်ရောက်လိမ့်မည်ဟု ကျွန်မ မျှော်လင့်စောင့်စားခဲ့သော်လည်း သူ ရောက်ရှိမလာခဲ့ချေ။ မင်္ဂလာဧည့်ခံပွဲပြီးဆုံးချိန်ရောက်မှ သူ့ကိုယ်စားရောက်ရှိလာသော မင်္ဂလာလက်ဖွဲ့ပစ္စည်းထုတ်ကို လက်ခံရရှိခဲ့သည်။ သူ ပေးပို့ခဲ့သော လက်ဆောင်မှာ ၀န်းရံခဟု လက်မှတ်ရေးထိုးထားသော ကျွန်မ၏ ပုံတူ ပန်းချီကားတစ်ချပ် ဖြစ်လေသည်။
          ရံဖန်ရံခါ သူ ပန်းချီရေးဆွဲလေ့ရှိသည်ကို ကျွန်မ သိထားသော်လည်း ကျွန်မ၏ ဓာတ်ပုံတစ်ပုံတစ်လေကိုမှ တောင်းယူခဲ့ခြင်းမရှိခဲ့သော ယောက်ျားတစ်ယောက်သည် ကျွန်မနှင့် ချွတ်စွတ်နီးပါးတူသော ရုပ်ပုံကို ဘယ်အချိန်က ဘယ်လိုခံစားချက်မျိုးဖြင့် ရေးဆွဲခဲ့သည်ကိုမူ ကျွန်မ မသိနိုင်တော့ချေ။
ဇန်န၀ါရီလ၊ ၂၀၀၀ ခုနှစ်၊ မြားနတ်မောင် မဂ္ဂဇင်း
မေတ္တာဖြင့်
ယုဒါ
7-Sep-2016 (Wed)
No comments:
Post a Comment
အားပေးမှုအတွက် ကျေးဇူးတင်ပါသည်...
မေတ္တာဖြင့်...
ယုဒါ