Wednesday, September 14, 2016

သတ္တမမြောက်နေ့



          ကျွန်မ တကယ်မယုံချင်ပါဘူး။ ဒေါသသွေးတွေ ဆူဝေပြီး ရဲရဲနီနေတဲ့ သူ့မျက်နှာဟာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်တဲ့ မျက်လုံးတွေနဲ့ သိသိသာသာကြီး ပျက်ယွင်းသွားခဲ့တာ တကယ်ကို သနားစရာကောာင်းလှပါတယ်။
          "သင်သင်… သင်သင်…"
         
 သင်သင် ဆိုတဲ့ မိန်းကလေးဟာ သူ့ရင်ခွင်ထဲကို ပျော့ခွေကျလာတယ်။ သူ အကြီးအကျယ် အံ့သြသွားပုံပဲ။ စောစောကတင် သင်သင့် ပခုံးနှစ်ဖက်ကို သူ့လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လှုပ်ရမ်းနေသေးတာ။ သင်သင် နှုတ်ခမ်းတွေက တလှုပ်လှုပ်နဲ့ တစ်ခုခုကို ပြောတော့မလိုလို၊ ခုချက်ချင်းပဲ သင်သင့်နှုတ်ခမ်းနှစ်လွှာက ပိတ်သွားခဲ့ပြီဆိုတော့…

          "သင်သင်… သင်သင်၊ ကိုယ့်ကိုမနောက်ပါနဲ့။ သင်သင် ဘာမှမဖြစ်ဘူးမဟုတ်လား။ ဘာမှ မဖြစ်ဘူးနော်… ကိုယ်ဘာမှမဖြစ်တော့ဘူးလေ… သင်သင် ကိုယ့်ကိုပြောပါဦး သင်သင်"

          သင်သင်ဟာ အရုပ်လေးတစ်ရုပ်လိုပဲ သူ့ရင်ခွင်ထဲမှာ ပျော့ခွေကျသွားတယ်။ သင်သင့်ပါးတွေ နဖူးတွေ မျက်နှာအနှံ့ တရစပ်နမ်းရင်း သင်သင်လို့ သူ့နှုတ်က တဖွဖွခေါ်နေတယ်။ ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး။ ဒီလောက် သနားစရာကောင်းလောက်အောင် သွေးပျက်နေတဲ့ သူ့ပုံစံကို တစ်ခါမှ မမြင်ဖူးလို့ သနားလိုက်တာ။
          ဘုရား ဘုရား။ သူ ရူးများသွားတော့မှာလား။

          "သင်သင်"

          ယူကြုံးမရဖြစ်ခြင်းကြီးစွာနဲ့ အားကုန်အော်ဟစ်လိုက်တဲ့ သူ့အသံကို ဘယ်သူမှ ကြားမယ်မထင်ဘူး။ ဒီအိမ်ကြီးထဲမှာ သူနဲ့ သင်သင်နှစ်ယောက်တည်းနေကြတာ။ ဒီအိမ်ဟာ သင်သင်နဲ့သူ နှစ်ဦးပိုင်တဲ့အိမ်။ သူနဲ့ သင်သင် လက်ထပ်ပြီးကတည်းက နှစ်ယောက်တည်းနေခဲ့တဲ့အိမ်။ ကျွန်မကလွဲလို့ ဘယ်သူများ မြင်နိုင်ကြားနိုင်မှာတဲ့လဲ။

          "သင်သင် ကိုယ် နောက်ဆို ဒီလိုမလုပ်တော့ပါဘူးကွာ။ သင်သင် စိတ်မကောင်းအောင် ကိုယ် ဘယ်တော့မှ မလုပ်တော့ပါဘူး။ ယုံပါ သင်သင်။ နောက်ဆို ကိုယ်ဒီလိုဒေါသတကြီး လုံးဝမလုပ်တော့ပါဘူး။ ကိုယ် တကယ် ကတိပေးပါတယ်"

          ကြည့်စမ်း၊ သူ ကတိတွေ ပေးနေပြန်ပြီ။ ဘယ်လောက် သနားစရာကောင်းလိုက်သလဲ။ သင်သင်က သူ့ ယောက်ျားကတိပေးရင် သိပ်ကျေနပ်တာ။ တော်ရုံတန်ရုံဆို သူက ကတိပေးချင်တာမဟုတ်ဘူးလေ။

          "ကတိ ဘာကတိလဲကွ။ ငါက မင်းစိတ်ကျေနပ်လောက်အောင် ကတိတွေပေးပြီး အဲဒီကတိတွေကို မလိုက်နာနိုင်တော့ ဘာအဓိပ္ပါယ်ရှိမှာလဲ"

          သင်သင် ကတိတောင်းရင် သူက အဲဒီလို အော်ကြီးဟစ်ကျယ် လုပ်တတ်သေးတာ။ ဒါ သူ့အကျင့်ပဲဆိုတာ သင်သင် သိပါတယ်။ ဒါပေမဲ့ မိန်းမ မဟုတ်လား။ ဘယ်မိန်းမမဆို ကိုယ့်ယောကျား ချော့မြူနှစ်သိမ့်တာ ခံချင်စမြဲပေါ့။ သူကတော့ ဒီလိုမဟုတ်ဘူး။ တကယ်မလိုက်နာနိုင်ဘဲ မပြောချင်ဘူးတဲ့။ တစ်ခါတလေတော့လည်း သင်သင့်အလိုကို သူ လိုက်တတ်ပါတယ်။ ဒါလည်း သူ့စိတ်ထဲက တကယ်လုပ်ပေးနိုင်မှပါ။ မဟုတ်ရင်တော့ သူက ဗူးဆို ဖရုံမသီးချင်တဲ့အစားထဲက။

          သူက ဒါဆိုဒါပဲ။ သင်သင်ကလည်း သူ့အကြောင်း ကောင်းကောင်းသိတယ်လေ။ အဖြူကို မြင်နေလျက်နဲ့တောင် သူက အမည်းပါဆိုရင် သင်သင်က မည်းပေးလိုက်တာပဲ။ သူက သူ့ကိုဆန့်ကျင်တာ နည်းနည်းမှမကြိုက်ဘူး။ လူမှန်သမျှ ကိုယ့်အကြိုက် ကိုယ့်ဆန္ဒ လိုက်လျောဖြည့်ဆည်းပေးတာ လိုချင်ကြတာပဲလေ။ ဒါပေမဲ့ သူက အဲဒီလူတွေထက် ပိုဆိုးတယ်။ သူ့ဆန္ဒ သူ့ဝါဒကို ဆန့်ကျင်ပြီဆိုရင် ဒေါသတကြီးဖြစ်တော့တာ။ အထူးသဖြင့် သင်သင်က ဆန့်ကျင်ရင်ပေါ့။ ဘယ်သူတွေပဲ ဆန့်ကျင်ဆန့်ကျင် သင်သင် မဆန့်ကျင်ရဘူးတဲ့။ အဲဒါ သင်သင့်အတွက် ပြဌာန်းထားတဲ့ သူ့အမိန့်ပဲတဲ့။ သင်သင်နဲ့ သူ ချစ်သူဘ၀တည်းက အဲဒီအမိန့်ကို ရထားခဲ့တာ။ သင်သင်နဲ့သူ ချစ်သူတွေဖြစ်ကာစ ပထမတစ်နှစ်လောက်ကတော့ သင်သင့်အပေါ် သူ့ရဲ့လွှမ်းမိုးမှုတွေကို သတိမထားမိခဲ့ဘူး။ နှစ်နှစ်ကျော် သုံးနှစ်ကာလလည်းရောက်ရော သူက ဒါဆိုဒါပဲဆိုတဲ့ အဆင့်ကို ရောက်မှန်းမသိ ရောက်သွားခဲ့တာ။ တစ်ခါတလေ သူ့ဆန္ဒကို လိုက်လျောရလွန်းလို့ သင်သင် စိတ်တိုဒေါသထွက်တတ်ပါရဲ့။

          "ရှင် သင်သင့်ကို အနိုင်ယူလွန်းတယ်" လို့ ဒေါသတကြီးပြောမိရင်တောင် "ကိုယ်က သင်သင့်ကို ပိုချစ်လို့ပါကွာ" လို့ ကြားလိုက်ရတာနဲ့ သင်သင့်ဒေါသတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တော့တာပဲ။ ပြောရရင် သင်သင့်စိတ်က အဖြူထည်သက်သက်။ ဒေါသဆိုတာ မရှိသလောက်ရှားတဲ့လူမျိုး။ သင်သင်က ငိုဖို့တစ်ခုပဲတတ်တာ။ ထစ်ခနဲဆို သင်သင်က မျက်ရည်ကျပြီးသားပဲ။ ၀မ်းနည်းလွယ်တယ်။ အငိုသန်တယ်ပေါ့။ သင်သင်နဲ့သူ စတွေ့တာကိုက အငိုခန်းနဲ့ စခဲ့တာလေ။ သင်သင်က ညနေ မှောင်ရီဖျိုးဖျအချိန် လိုင်းကားစီးရင်း လူမသမာတွေရဲ့ ထိကပါးရိကပါးတို့ထိခြင်းခံရလို့ တစ်ယောက်တည်းကျိတ်ပြီး ကားပေါ်မှာ မျက်ရည်ကျနေတုန်း သူနဲ့ စသိခဲ့တာ။

          ဖူးစာများ ဆန်းကြယ်တယ်ဆိုတာ အမှန်ပါပဲ။ လူခြောက်ဆယ် ခုနှစ်ဆယ်လောက်ပါတဲ့ လိုင်းကားကြီးပေါ်မှာ ကိုယ့်နားကပ်လာတဲ့ လူယုတ်မာတစ်ယောက်ကို သွေးပျက်ခမန်းကြောက်နေခဲ့တဲ့ သင်သင်ဟာ တစ်ခါမှ မတွေ့ဖူးတဲ့ သူစိမ်းယောက်ျားတစ်ယောက် ဘတ်(စ်)ကားမှတ်တိုင်ကနေ အိမ်အထိ လိုက်ပို့တာကိုတော့ မကြောက်ဘူးတဲ့လေ။ မကြောက်တဲ့အပြင် ရဲရဲဝံ့ဝံ့ အားကိုးယုံကြည်စိတ်အပြည့်နဲ့ စိတ်ချလက်ချတောင် ရှိလိုက်သေး။ ဒါကြောင့်လည်း သူဟာ သင်သင်ရဲ့ ချစ်သူဖြစ်လာခဲ့သလို အိမ်ထောင်ဖက်ပါ ဖြစ်သွားခဲ့တာပေါ့။ သူ့ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့တဲ့အချက်က သင်သင့်ကို လှိုက်လှိုက်လှဲလှဲချစ်တယ်လို့ ယုံကြည်နိုင်ခြင်းကြောင့်ပါဘဲ။ ပြီးတော့ သင်သင်ကိုယ်တိုင်လည်း သူ့ကို ရင်ထဲအသည်းထဲက နှစ်နှစ်ကာကာချစ်လို့လေ။

          သင်သင်နဲ့သူ ချစ်သူတွေဖြစ်ခဲ့ကြတာ သိပ်ပျော်စရာကောင်းတယ်။ သူချစ် ကိုယ်ချစ်ဖြစ်တဲ့အထိ မိဘတွေကလည်း ကျေနပ်ကြတော့ အပူအပင်ဆိုတာ ဘာမှန်းမသိခဲ့ဘူးပေါ့။ စီးပွားရေးကလည်း အဆင်ပြေ၊ လူမှုရေးအရလည်း ပြည့်စုံ။ နှစ်ဦးနှစ်ဖက် မေတ္တာမျှလို့ လက်ထပ်ခဲ့ရတာဆိုတော့ သင်သင့်ဘ၀ ဘာပြဿနာမှ မရှိဘူးရယ်လို့ သင်သင်ထင်ခဲ့တယ်။
         
***

           သင်သင် ထင်တယ်လေ။ သူက သင်သင်ကို သိပ်ချစ်တာတစ်ခုကြောင့်ပဲ သင်သင်တို့ အိမ်ထောင်ရေး အဆင်ပြေလိမ့်မယ်လို့။ သင်သင် ထင်တဲ့အတိုင်းပါပဲ။ ချစ်သူဘ၀ကတည်းက သင်သင့်အပေါ် အစစအရာရာ ဂရုတစိုက်ရှိခဲ့တဲ့သူဟာ အိမ်ထောင်ဦးစီးဖြစ်လာတော့လည်း နည်းနည်းလေးမှ မလျှော့ခဲ့ပါဘူး။ သင်သင်တို့ ကံကောင်းပုံများ ယောက်ျားခူးပေးတဲ့ ထမင်းကိုတောင် အဆင်သင့်စားရတဲ့နေ့တွေ မကြာခဏ ရှိခဲ့ပါတယ်။ သင်သင်ရော သူပါ ၀န်ထမ်းတွေမဟုတ်လား။ တစ်ခါတစ်ခါ "ဒီနေ့ အလုပ်တွေများလိုက်တာ၊ ဇက်ကြောတွေတောင် တက်တယ်" လို့များ ရုံးအပြန်ညည်းမိရင် "လာ အေးအေးဆေးဆေး ထိုင်နားလိုက် ကိုယ် ဇက်ကြောဆွဲပေးမယ်" ဆိုပြီး သင်သင့်ပခုံးတွေ ဂုတ်တွေကို နှိပ်ပေးတော့တာပဲ။ အစတုန်းက သင်သင်တောင် အံ့သြတယ်။ ယောက်ျားလေးတစ်ယောက်ဟာ ဒီလောက် ကောင်းကောင်းနှိပ်တတ်မယ်လို့ မထင်မိဘူးလေ။ ဒါနဲ့ "မောင်က သင်သင့်ကို နှိပ်ပေးချင်လို့ အနှိပ်သင်ထားတာလားဟင်" လို့ မေးမိတော့ သူက ဟက်ဟက်ပက်ပက် အော်ရယ်ပါလေရော။

          "သင်သင်ရယ် မိန်းမယူဖို့အတွက်တော့ မောင် အနှိပ်သင်မထားမိပါဘူး။ မောင့်အစ်မတွေက ညောင်းမှာပဲဆိုပြီး နှိပ်ပေးနေကျ သင်သင်ရဲ့။ ကိုယ်က အနှိပ်ခံရတော့ ဘယ်လိုနှိပ်ရတယ်ဆိုတာလည်း မှတ်ထားတာပေါ့။ ဘယ်နေရာကိုနှိပ်ရင် ခံလို့ကောင်းတယ်ဆိုတာ မှတ်ထားလို့ရတာပဲ။ ဒီလိုပဲ တောင်နှိပ်မြောက်နှိပ်နဲ့ မှန်းဆကြည့်ရင်း သိလာတော့ အမေနဲ့အစ်မတွေကိုလည်း နှိပ်ပေးတာပေါ့။ မောင်က နှိပ်ပေးရတာ နာမည်ခံပါ။ သူတို့ကပဲ မောင့်ကို နှိပ်ပေးကြတာပါ။ နှိပ်တယ်ဆိုတာ စေတနာရယ်၊ အားရယ်ထည့်မှ အနှိပ်ခံရတဲ့သူက ဝေဒနာသက်သာတာ သင်သင်ရဲ့။ ပြီးတော့ ချစ်ခြင်းမေတ္တာ…"

          သူ သင်ပေးတာနဲ့ သင်သင်လည်း သူ ညောင်းတယ်ဆို နှိပ်ပေးတတ်အောင် ဘယ်နေရာကို ဘယ်လိုနှိပ်ရတယ်လို့ သိလာခဲ့တယ်။ ကိုယ် ချစ်တဲ့သူဆိုတော့ ကိုယ်နှိပ်ပေးလိုက်လို့ သူ ဝေဒနာ သက်သာသွားတယ်ဆိုရင် ကျေနပ်ရတာပဲလေ။

          သင်သင်နဲ့သူ နှစ်ယောက်မှာ တကယ်တမ်း သူကသာ သင်သင့်ကို ပိုပြုစုခဲ့တာပါ။ သင်သင် နေမကောင်းချင်သလို ဖြစ်နေရင် ထမင်းဟင်းချက် ပန်းကန်ဆေးကအစ မီးဖိုချောင်အလုပ်တောင် သူက ၀င်လုပ်တတ်တဲ့ ယောက်ျားလေ။ သင်သင့်အကြိုက် အားလုံးကိုလည်း သူက သိနေတယ်လေ။ ငါးဘတ်မွှေကြိုက်ပြီး ငါးဘတ်မွှေချက်ရမှာ ပျင်းတတ်တဲ့ သင်သင့်ကို "သင်သင် ဒီနေ့ ငါးဘတ်မွှေဟင်းလေး စားရရင် သိပ်ကောင်းမှာပဲလို့ တွေးနေတယ်ထင်တယ်" လို့ ပြောပြီး စပါးလင်နံ့သင်းသင်းလေးနဲ့ ငါးဘတ်မွှေဟင်းကို စိတ်ရှည်လက်ရှည် ချက်ကျွေးတတ်သေးတာ။

          အစားအသောက်နဲ့ ပတ်သက်ရင် သင်သင် ဘာစားချင်သလဲ ညဥ့်နက်သန်းခေါင်တောင် ဖြည့်ဆည်းပေးတတ်တယ်။ သင်သင်က အစားရွေးတဲ့သူမို့ သင်သင် စားချင်တာကို ကျွေးရတာ သူ ပျော်တယ်တဲ့။ တကယ်တော့ သူက သင်သင့်အလိုကို လိုက်တတ်တဲ့ ယောက်ျားတစ်ယောက်ပါ။ ဒါပေမဲ့ သူ့အပေါ် သင်သင် ဂရုမစိုက်ဘူးထင်ရင်တော့ စိတ်ဆိုးတတ်တယ်။ အသေးအဖွဲ ကိစ္စလေးပဲ ဖြစ်ပါစေ။ သူက စိတ်ဆိုးတတ်တာ။ သူ စိတ်ဆိုးပြီဆိုရင် ဒေါသက ချက်ချင်းပါလာတော့တာပဲ။

          ဘယ်လိုကိစ္စမျိုးမှာ စိတ်ဆိုးတတ်တယ်ဆိုတာ မသိခင်ကတော့ သင်သင် မဆင်ခြင်နိုင်ဘူးပေါ့။ ဒါပေမဲ့ သူ စိတ်ဆိုးဒေါသထွက်တာကို မကြာခဏကြုံတွေ့လာရတော့ အတတ်နိုင်ဆုံး သင်သင် သတိထားတတ်ပါတယ်။ ဒီကြားထဲကပဲ သူ့ဒေါသတွေကို သင်သင် မြင်နေခဲ့ရတာ။ ဥပမာ သူ စကားပြောနေတဲ့အချိန် သင်သင့်စိတ်က တစ်နေရာရာကို ရောက်သွားတာမျိုးဆိုရင် သူက ဒေါသတကြီး ဖြစ်သွားပြီး သင်သင်ကလည်း သင်သင်ပဲ။ သူ ပြောနေတဲ့ အကြောင်းကိစ္စတစ်ခုခုကို ကြားဖြတ်ဝင်ပြောလိုက်မိတာမျိုး၊ သူ့စကားကို နားထောင်ရင်း တစ်ခုခု စဉ်းစားလိုက်မိလို့ သူပြောတာ၊ မေးတာကို မသိလိုက်တာမျိုးတို့ဖြစ်ရင် သင်သင် ဒုက္ခရောက်ပြီသာမှတ်တော့။

          အဲဒီအချိန်မှာ မထင်မှတ်တဲ့ သူ့လက်သီးချက်တွေ သင်သင့်လက်မောင်းပေါ် ရုတ်တရက် ကျရောက်လာတတ်တယ်။ သင်သင် မမှတ်မိတော့ဘူး။ သင်သင့်ယောက်ျားဟာ ဘယ်အချိန်ကစပြီး ခြေပါလက်ပါ လှုပ်ရှားမှုတွေနဲ့ သင်သင့်ကို ဒေါသတကြီး ဆက်ဆံခဲ့တယ်ဆိုတာ သင်သင် မမှတ်မိတော့ဘူး။ သင်သင့်အပေါ် စိတ်ဆိုးလို့ပဲဖြစ်ဖြစ်၊ တခြား တစ်စုံတစ်ရာကိစ္စကြောင့် စိတ်ဆိုးရင်ပဲဖြစ်ဖြစ် သူ့ရဲ့ ဒေါသဒီဂရီဟာ သင်သင် တစ်ယောက်တည်းအပေါ်မှာ အမြင့်ဆုံးပေါက်ကွဲမှုအဖြစ် စုပြုံကျလာတတ်တယ်။ ဒါပေမဲ့ သူ့ဒေါသနဲ့ သူ့ရဲ့စိတ်ဟာ ကောက်ရိုးမီးလိုပါပဲ။ ၀ုန်းခနဲ တောက်ပြီး ငြိမ်းသွားတတ်တာမျိုးပါ။ ကံဆိုးတာက ကောက်ရိုးမီးဆိုပေမယ့် တခြားလောင်စာတစ်ခုခုနဲ့ နီးကပ်နေတဲ့အခါမှာတော့။
         
***

          ကျွန်မက ကျွန်မအတွက် နာကျင်နေခဲ့တာ မဟုတ်ပါဘူး။ သူ့အတွက်ပေါ့။ ခုပဲ ကြည့်စမ်း။ ခုလိုဆိုတော့ သူ ဘယ်လောက် နာကျင်ကြေကွဲနေရသလဲ။ သင်သင်ဆိုတဲ့ မိန်းမတစ်ယောက်ကို သူ လက်လွတ်ဆုံးရှုံးခံလိုက်ရပြီ။ သင်သင်ဟာ သူ သိပ်ချစ်တဲ့မိန်းမ။ သူ အင်မတန် လေးစားမြတ်နိုးတဲ့ မိဘနှစ်ပါးနဲ့ အစ်မရင်းသုံးယောက်ထက်တောင် ပိုချစ်တဲ့မိန်းမပါ။ "သင်သင်နဲ့ဆိုရင် ဘာနဲ့မှ မလဲနိုင်ဘူး" လို့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆိုခဲ့တဲ့အထိ သင်သင့်အပေါ် သူ ချစ်မြတ်နိုးခဲ့တယ်။ သင်သင်ကလည်း သူ ချစ်ခြင်းတွေကြားမှာ အရုပ်လေးတစ်ရုပ်လို ငြိမ့်ငြိမ့်ညောင်းညောင်း သာယာစီးမျောခဲ့တယ်။ သူက ဒါဆိုဒါပဲ။ သူ့အမိန့် သူ့စကားကို သင်သင် အမြဲနာခံခဲ့တယ်။

          ခြွင်းချက်။ တစ်ခါတစ်ရံမှာတော့ သင်သင်ဟာ မထင်မှတ်ဘဲ ခေါင်းမာဆန့်ကျင်လေ့ရှိတယ်။ ပြဿနာက အဲဒီမှာ စတင်မြစ်ဖျားခံခဲ့တယ်။ သူ့စကားကို အစဉ်အမြဲ ဟုတ်ကဲ့လုပ်ပြီး ခေါင်းညိတ်တတ်တဲ့ သင်သင်ဟာ တစ်ခါတစ်ရံ သူ့ကို ဆန့်ကျင်ချင်တတ်တယ်။ သူ့ရဲ့လိုက်လျောမှုကို သင်သင်လိုချင်တယ်။ သူကလည်း သူ့ကို ဘယ်တုန်းကမှ ဆန့်ကျင်ဘက် မပြောတတ်တဲ့ သင်သင့်ရဲ့ ဆန့်ကျင်မှုအပေါ် ဆတ်ဆတ်ခါ နာသွားတတ်တယ်။

          "သင်သင်… မင်းကိုယ့်ကို ဘယ်တုန်းက ပြန်ပြောဖူးလို့လဲ"

          သူ့မျက်လုံးတွေ ၀င်းဝင်းတောက်သွားတယ်။ သင်သင့်ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း သင်သင့်ပခုံးတွေကို ခပ်တင်းတင်းဆုပ်ကိုင်ပစ်တယ်။ ပျော့အိနေတဲ့ သင်သင့်လက်မောင်းလေးတွေက အင်နဲ့အားနဲ့ ဖျစ်ညှစ်လိုက်တဲ့ သူ့လက်နှစ်ဖက်ကြားမှာ မခံမရပ်နိုင်အောင် နာကျင်သွားတယ်။

          "ပြောစမ်း၊ မင်း ကိုယ့်ကို ဘာဖြစ်လို့ ပြန်ပြောချင်ရတာလဲ။ ကိုယ်က ဒါဆို ဒါပဲ လုပ်လို့ရရဲ့သားနဲ့ ဘာလို့ ကိုယ့်ကိုယ် ဆန့်ကျင်ချင်ရတာလဲ။ မင်း ဘယ်သူ့အားကိုးနဲ့ ကိုယ့်ကိုအာခံချင်နေတာလဲ။ ပြောစမ်း သင်သင်"

          "ဘယ်သူ့အားကိုးမှ မရှိဘူး။ ဒါ သင်သင့်ခံယူချက်၊ သင်သင့်ယုံကြည်ချက်ပဲ"
          သင်သင်ဟာ နာကျင်မှုကြောင့် ရှုံ့မဲ့နေတဲ့မျက်နှာလေးနဲ့ပဲ သူ့ကို ခပ်မာမာပြန်ပြောလိုက်တယ်။ သူ ပိုအံ့အားသင့်သွားတယ်။ သူ မျှော်လင့်မထားတဲ့ တုံ့ပြန်မှုက သူ့ကိုပိုပြီး ရှူးရှူးရှားရှား ဖြစ်သွားစေတယ်။
          "ပြန်ပြောစမ်း။ သင်သင့် ယုံကြည်ချက် ဟုတ်လား"
          "ဟုတ်တယ်။ လူတိုင်းမှာ ကိုယ်ပိုင်ယုံကြည်ချက်၊ ကိုယ်ပိုင် အယူအဆရှိတယ်။ သင်သင့်ယုံကြည်ချက်က တစ်ခါတစ်ရံမှာတော့ မောင့်ယုံကြည်ချက်နဲ့ တူချင်မှတူမယ်"

          "ဟင့်အင်း… မရဘူး။ သင်သင်နဲ့ကိုယ် အမြဲတမ်း တစ်ထပ်တည်း တူနေရမယ်။ ဒါ ကိုယ့်အမိန့်ပဲ"
          "မဟုတ်ဘူး"

          သင်သင်က သူ့အမိန့်ကို ဗလုံးဗထွေး ငြင်းဆန်မိပေမယ့် ဒေါသတကြီး ရန်လိုနေတဲ့ သူ့မျက်နှာအောက်မှာ ကြောက်ရွံ့တကြား ဖြစ်လာမိတယ်။

          "သင်သင် ကြောက်တယ်။ သင်သင် ကြောက်တယ်"

          ဒေါသတကြီးဖြစ်နေတဲ့ သူ့မျက်နှာကို ရင်ဆိုင်မကြည့်ဝံ့တော့ဘဲ သင်သင် အော်ချလိုက်တယ်။ ရုတ်တရက် သွေးဖုတ်ဖြူလျော်နေတဲ့ သင်သင့်မျက်နှာကို သူ ပြန်ကြည့်တယ်။ သင်သင် ငိုချပစ်လိုက်တယ်။ ရှိုက်ကြီးတငင် ငိုနေတဲ့ သင်သင့်ကို ပွေ့ချီပြီး နှစ်ယောက်ထိုင်ဆိုဖာကြီးပေါ် ညင်ညင်သာသာ ချပေးတယ်။

          "ဆောရီး၊ ဆောရီး သင်သင်။ သင်သင် ၀မ်းနည်းအောင် ကိုယ် နောက်မလုပ်တော့ဘူးနော်။ သင်သင် မငိုနဲ့တော့ ဟုတ်ပြီလား"

          ကောက်ရိုးမီးဟာ ၀ုန်းခနဲတောက်လောင်နေရာကနေ အပြီးတိုင် ငြိမ်းသက်သွားခဲ့ပါပြီ။ ဒါဟာ သင်သင်နဲ့ သူ့အကြားက အင်မတန်ရိုးစင်းနေပြီဖြစ်တဲ့ ပြဿနာတစ်ခုပါပဲ။ သင်သင်တို့နှစ်ယောက် နေ့စဉ်နဲ့အမျှ မဟုတ်ပေမယ့် မကြာခဏ အဲဒီလို အဖြစ်အပျက်မျိုးတွေ ဖြစ်ကြတယ်။ "နောက်တစ်ခါ မောင် ဒေါသမထွက်တော့ဘူးကွာ" ဆိုတဲ့ စကားကို သူ မကြာခဏ ပြောတတ်တယ်။ သင်သင်ကလည်း "မောင် စိတ်ဆိုးရအောင် သင်သင်မလုပ်တော့ပါဘူး။ နောက်ဆို သင်သင် မငိုတော့ပါဘူး" ဆိုတဲ့ စကားကို ခဏခဏ ပြောတတ်တယ်။ ဟုတ်တယ်။ သူ ဒေါသထွက်မှာကိုလည်း သင်သင် ကြောက်နေပြီ။ တကယ်တမ်း သူ ဒေါသထွက်ပြီဆိုရင် လျှော့ပေးလိုက်ရတာက သင်သင်ဖြစ်သလို သင်သင် မျက်ရည်ကျပြီဆိုရင်လည်း ပျော့သွားတာက သူပဲလေ။ ဟော့ဒီလောကကြီးထဲမှာ သင်သင့်ကို သူ့လောက်ချစ်နိုင်စွမ်းသူ မရှိသလို သူ့ကို သင်သင့်လောက် စိတ်ရှည်သည်းခံချစ်နိုင်သူလည်း မရှိဘူးဆိုတာ သင်သင်တို့နှစ်ယောက်စလုံး သိထားကြပြီးသားပါ။ ခုလောက် ၀မ်းနည်းထိခိုက်နေတဲ့ သူ့ကို သင်သင် မြင်ရက်ပါ့မလား။ ကျွန်မဖြင့် မမြင်ရက်လွန်းလို့ ဘယ်ကိုထွက်သွားရမှန်းမသိဘူး။ တကယ်တမ်း သူ့ကိုမကြည့်ဘဲ ထွက်သွားဖို့ဆိုတာကလည်း…။

          သင်သင် ဘာလုပ်ခဲ့လုပ်ခဲ့ သူ သိနေတဲ့အတွက် သင်သင် မကြာခဏ အံ့အားသင့်ရပါတယ်။ သင်သင် ရုံးမှာ ထမင်းမစားဘဲ နေ့လည်စာ အပြင်ထွက်စားလည်း သူက သိပြီးဖြစ်နေတယ်။

          ”မောင် ဘယ်လိုလုပ်သိတာလဲ။ မောင်လည်း အပြင်ထွက်စားတာလား"
          "သင်သင့်ထမင်းဘူးကို ကိုင်ကြည့်တာနဲ့ သိနိုင်တာပဲ။ ဧည့်သည်တစ်ယောက်ယောက်လာလို့ ထမင်းစားချိန် လိုက်ကျွေးလိုက်ရတယ်မဟုတ်လား"

          "ဟုတ်တယ်။ မောင်က သိပ်တော်တာပဲ။ စုံထောက်လုပ်စားဖို့ ကောင်းတယ်။

          အဲဒီအချိန်မျိုးမှာ သူ့ပါးကို သင်သင် ခြေဖျားထောက်လှမ်းနမ်းရင်း ချီးကျူးစကားဆိုရင် သူ ကျေကျေနပ်နပ် ပြုံးနေတတ်တယ်။ သူက ဘယ်လောက်သေးမွှားတဲ့ ကိစ္စလေးပဲဖြစ်ဖြစ် ပြီးပြီးရော သဘော ခပ်လွယ်လွယ် လိမ်ပြောတတ်တာမျိုးကို အင်မတန်မုန်းတာ။ သင်သင် ညာပြောတဲ့အကြောင်းအရာ တစ်ခုကို သူက အမှန်အတိုင်း သိထားရင် ယမ်းပုံမီးကျ ပေါက်ကွဲတတ်တယ်။ ဒေါသထွက်ပြီးရင်လည်း သင်သင့်ကို ပြန်ချော့မော့ တောင်းပန်တတ်တာ သူ့အကျင့်လိုဖြစ်နေပေမယ့် တစ်ခါတစ်ရံကျပြန်တော့ မာရေကျောရေ တင်းခံနေတတ်ပါလေရော။

          ဒီလိုအချိန်မျိုးဆိုရင် သင်သင်တစ်ယောက် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ပျာယာခတ်ရတော့တာပဲ။ သင်သင့်ရဲ့ အထိရောက်ဆုံး လက်နက်ကတော့ ငိုကြွေးခြင်းပါပဲ။ မစားနိုင်မသောက်နိုင်ဖြစ်ပြီး သင်သင် တငိုထဲ ငိုနေတော့မှ သူ့ဘက်က လျှော့သွားတတ်တာ။

          "တကယ်လို့ သင်သင်က မောင် ခွင့်မလွှတ်နိုင်တဲ့ အမှားတစ်ခုခုလုပ်မိရင် သင်သင့်ကို မောင်က စွန့်လွှတ်မှာမဟုတ်လား"

          သင်သင်မေးတဲ့အခါ သူ ခေါင်းခါခဲ့တယ်။
          "မောင် သေသွားမှပဲ သင်သင့်ကို စွန့်လွှတ်မယ်"
          "ဟင် ဒါဆို သင်သင် အရင်သေရင်ရော…"
          "ဟင့်အင်း။ သင်သင်ထက်စောပြီး မောင်သေမှာပေါ့"
          "ဟင့်အင်း။ သင်သင်ထက်အရင် မောင် မသေရပါဘူး။ သင်သင်လည်းလေ မောင့်ထက်အရင်ပဲ သေချင်တယ်"

          "အဲဒီစကားတော့ မပြောပါနဲ့ သင်သင်ရယ်။ သင်သင်မရှိဘဲ မောင် မနေချင်ဘူး။ သင်သင် တစ်နေရာရာကို ခဏသွားတာတောင် မောင် တစ်ယောက်တည်း ယောက်ယက်ခတ်နေတာ။ သင်သင်မရှိတဲ့ဘ၀မှာ မောင် ဘယ်လိုလုပ် ရှင်သန်နေနိုင်မှာလဲကွာ"

          ကြည့်စမ်း။ သူက အဲဒီလိုပြောခဲ့တာနော်။ ဒါကို သူ့ရင်ထဲ အသည်းထဲက လာတဲ့စကားလို့ သင်သင်ယုံကြည်တယ်။ သင်သင်မရှိတော့တဲ့ လောကကြီးထဲမှာ သူ ဘယ်လိုအင်အားနဲ့ အသက်ရှင် ရပ်တည်နိုင်မှာတဲ့လဲ။

          ကျွန်မသိတယ်။ သင်သင်မရှိတဲ့ဘ၀မှာ သူ ဘယ်လိုနည်းနဲ့မှ ရှင်သန်နိုင်မှာမဟုတ်ဘူးဆိုတာ။ သင်သင် မရှိတော့တဲ့နောက် သင်သင့်စိတ်ကြိုက် ဖန်တီးတည်ဆောက်ထားခဲ့တဲ့ ဟော့ဒီအိမ်ကလေးထဲမှာ သူ ဘယ်လိုရပ်တည်မှုမျိုးနဲ့ ဆက်ရှင်သန်မှာတဲ့လဲ။ သင်သင့်အသံ၊ သင်သင့်ပုံရိပ်တွေ၊ သင်သင့်အနံ့အသက်တွေနဲ့ သက်ဝင်လှုပ်ရှားနေခဲ့တဲ့ သူ့ရဲ့ အိမ်ဟာ သင်သင်မရှိတော့တဲ့အခါ…

***

          ကျွန်မ ဘာဆက်လုပ်ရမှန်းမသိအောင် ဖြစ်နေရပြီ။ စဉ်းစားကြည့်စမ်းပါဦး။ ဒီလောက် ကြေကွဲဝမ်းနည်းနေတဲ့ သူ့အပေါ် နှစ်သိမ့်ဖျောင်းဖျပေးနိုင်စွမ်းမရှိဘဲ ဒီအတိုင်း မသိသလို ကြည့်နေရတာလောက် ပင်ပန်းဆင်းရဲတာမျိုး ရှိနိုင်သေးလို့လား။ သူ့စိတ်ထဲ အနာတရ တစ်ခုခုရှိနေတဲ့အခါ သင်သင်က သူ့လက်ဖျားကလေးတွေကို ဆုပ်ကိုင်ပြီး

          "မောင့်စိတ်ထဲ… သင်သင်ကလွဲလို့ ဘာမှကြာကြာမထားဘူးဆို"

          ဆိုတဲ့ စကားနဲ့ နိဒါန်းစပြီး နှစ်သိမ့်စကားတွေဆိုတတ်တာ။ သူ ဘယ်လိုကိစ္စမျိုးနဲ့ပဲ စိတ်ထဲ မကျေမလည်ဖြစ်နေပါစေ။ သင်သင်က မောင်လို့ လေပြေလေးနဲ့ တစ်ခွန်းလေးခေါ်လိုက်ရင်တောင် စိတ်ဆိုးတာတွေ တစ်ဝက်လောက် လျော့ကျသွားတယ်လို့ ပြောခဲ့တာ။ သူ စိတ်ဆိုးပြီး ဒေါသကြီးနေတာကိုပဲ သင်သင်က ချော့မော့နှစ်သိမ့်ဖို့ စိတ်မပါဘဲ ဒီလောက်တောင် ဒေါသကြီးတဲ့လူ ဖြစ်ချင်ရာဖြစ်၊ လုပ်ချင်ရာလုပ်ဆိုပြီး ဥပေက္ခာပြုချင်စိတ်တွေ ပေါက်လာတတ်တယ်။ ဒီအချိန်မျိုးမှာ သင်သင်ကလည်း သင်သင်ပါပဲ။ အလိုက်ကန်းဆိုးမသိစွာနဲ့ တစ်ယောက်တည်း လုပ်ချင်ရာလုပ်ပစ်တတ်တယ်။ ဥပမာ တစ်ယောက်ယောက်ဆီ ဖုန်းကောက်ဆက်ရင်း ပေရှည်နေတာမျိုး။ မဂ္ဂဇင်းတစ်အုပ်အုပ်ကို စိတ်ဝင်တစားပုံစံနဲ့ ဖတ်နေတာမျိုး လုပ်ပစ်တတ်တယ်။ အလကားနေရင်း ဒေါသဒီဂရီတွေမြင့်ပြီးရင်းမြင့်လို့ မပြီးနိုင်မစီးနိုင် ဆဲဆိုနေတဲ့သူ့ကို ဘယ်လိုမှကြည့်မရတော့တဲ့ သင်သင်ကလည်း ဥပေက္ခာပြုလေ့ရှိတယ်။ အင်မတန် ယဉ်ကျေးသိမ်မွေ့တယ်လို့ ထင်ရတဲ့ သူ့နှုတ်က ဒေါသထွက်ပြီး ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုတာကို ကြားရတော့ သင်သင်ရှက်မိတယ်။ ၀မ်းလည်းနည်းမိပါတယ်။

          အေးအေးဆေးဆေးရှိနေတဲ့အချိန်မျိုးမှာ "စိတ်ဆိုးရင် ဘာမှမမြင်တော့ဘဲ ဒေါသတကြီး ဆဲတတ်တဲ့အကျင့်ကို ပြင်ပါလား မောင်ရယ်" လို့ နှစ်သိမ့်တော့လည်း "နောက်ဆို မောင် မဆဲမိအောင် နေမယ်ကွာ" လို့ ပြောတတ်ပါရဲ့။ ပြဿနာဖြစ်ပြန်တော့လည်း သင်သင့်ရဲ့မောင်ဟာ နဂိုအတိုင်းပါပဲ။ ဒုံရင်း ဒုံရင်း အတိုင်းပါပဲ။ လူတစ်ယောက်ဆီမှာ ကောင်းတဲ့ အလေ့အကျင့်တစ်ခုခုရှိသလို၊ မကောင်းတဲ့ ဥာဉ်ဆိုးတစ်ခုခုကလည်း ဖျောက်ဖျက်ပစ်လို့မရအောင် စွဲနေတတ်တာ သဘာဝပဲထင်ပါရဲ့လို့ သင်သင် ဖြေတွေးကြည့်ရတော့တယ်။ သင်သင့်မှာလည်း ရွဲ့ချင်တတ်တဲ့ ဥာဉ်ဆိုးတစ်ခု ရှိတာပဲလေ။

          သင်သင် စိတ်ဆိုးတဲ့အခါ "နင့်မှာချည်း စိတ်ရှိတာမဟုတ်ဘူး။ ငါ့မှာလည်း စိတ်ရှိတယ်။ ငါလည်း စိတ်ဆိုးတတ်တယ်။ နင့်လိုပဲ ဒေါသကလည်း ထွက်တတ်တယ်" လို့ ဒေါသတကြီး အော်ဟစ်ပေါက်ကွဲတတ်တယ်။ သူ့ကိုလည်း မောင်ဆိုတဲ့ နာမ်စားမသုံးတော့ဘဲ နင် နင် လို့ ထပ်တလဲလဲ သုံးစွဲနေမိတယ်။ အင်မတန်မှ ချိုချိုသာသာ ကြိုက်လှတဲ့သူဟာ သင်သင့်ဆီက အဲဒီလိုစကားလုံးတွေကို ကြားနာရပြီဆိုရင် ယမ်းပုံမီးကျဖြစ်သွားတတ်တယ်။ ဒေါသဖြစ်ပြီဆိုတာနဲ့ အထွဋ်အထိပ်ကိုမရောက်ဘဲ အရှိန်ပြေသွားဖို့ ခဲယဉ်းတတ်တဲ့ သူ့စရိုက်နဲ့ တစ်ခါတစ်ရံ ခေါင်းမာစွာ ဆန့်ကျင်တတ်တဲ့ သင်သင့်ဥာဉ်ကြောင့်ပဲ…။

          အဲဒီနေ့က သင်သင်ဟာ အလှဆုံးမိန်းမတစ်ယောက်လို့ သတ်မှတ်ခံရလောက်အောင် အစွမ်းကုန် လှနေခဲ့ပါတယ်။ လှတယ်ဆိုတာထက် အလှပြင်ထားတာကြောင့် ပိုလှနေတာဖြစ်တယ်။ မိတ်ကပ်၊ ဆံပင်၊ အ၀တ်အစား၊ ဖိနပ်၊ ရတနာပစ္စည်းတန်ဆာပလာတွေရဲ့ ပံ့ပိုးမှုနဲ့ သင်သင်ဟာ မင်းသမီးတစ်ယောက်လို ထင်ရှားလှပနေတယ်။ ဧည့်ခံပွဲတစ်ခုကို တစ်ယောက်တည်း သွားရောက်ပြီး ပြန်လာတဲ့ သင်သင့်ကို သူက အိမ်မှာ စောင့်ကြိုနေခဲ့တယ်။ တကယ်တော့ သင်သင်ရော သူပါ အဲဒီဧည့်ခံပွဲကို တက်ရောက်ဖို့ တစ်ဖက် အသိုင်းအ၀ိုင်းတစ်ခုဆီကနေ ဖိတ်ကြားခြင်းခံခဲ့ရသူတွေပါ။ သူက အလုပ်ကိစ္စတစ်ခု ချိန်းဆိုပြီးသားဖြစ်နေလို့ မလိုက်နိုင်ကြောင်း ပြောပြီးမှ မင်္ဂလာပွဲကို ရောက်လာခဲ့တယ်။ သင်သင်ကတော့ တင်ကြိုပြင်ဆင်မှုတွေနဲ့ တကူးတကနဲ့ အချိန်ပေးပြီးမှ မင်္ဂလာပွဲကို တက်ရောက်ခဲ့သူပါ။ အဲဒီ ဧည့်ခံပွဲမှာ အစွမ်းကုန် လှပနေဖို့ ကြိုးစားအားထုတ်ခဲ့တာလည်း အမှန်ပါပဲ။

          ဒါပေမဲ့ သင်သင်က သမာရိုးကျ အလှပြင်ထားတာပါလို့ ငြင်းခဲ့တယ်။ ပုံမှန်ပြင်ဆင်ခြယ်သနေကျ စတိုင်လ်မဟုတ်ဘဲ ထူးထူးခြားခြား ထင်ပေါ်လှပနေတဲ့ သင်သင်ကို သူက ၀န်တိုစိတ်တွေနဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပေးနေတာကိုး။ သူ မမြင်ဖူးခဲ့တဲ့ သူစိမ်းယောက်ျားတစ်ယောက်နဲ့ တစ်စားပွဲတည်းထိုင်ပြီး အပြုံးတွေ ဝေစည်လို့ စကားဖောင်ဖွဲ့နေတဲ့ သင်သင့်ကို သူ မြင်တွေ့သွားခဲ့တယ်။ ဧည့်ခံပွဲကာလတစ်လျှောက်လုံးမှာ သင်သင့်ဆီ သူ ရောက်မလာခဲ့ဘူး။ သင်သင် အိမ်ပြန်ရောက်တော့ သူက ဧည့်ခန်းထဲမှာ အသင့်ကြိုရောက်နေနှင့်ခဲ့ပြီ။

          "အဲဒါ ဘယ်ကကောင်လဲ"
          သူ့မေးခွန်းက ရင့်လှပေမယ့် သူစိတ်မဆိုးရအောင် သင်သင် လေပြေလေးနဲ့ အဖြေပေးခဲ့ပါတယ်။
          "ကျောင်းတုန်းက မိတ်ဆွေတစ်ယောက်ပါ"

          အမှန်ပြောရရင်တော့ သင်သင်တို့နှစ်ယောက် ပတ်သက်မှုတွေ အများကြီးရှခဲ့ကြသူတွေပေါ့။ သင်သင့်ကို မေတ္တာကမ်းလှမ်းခဲ့ဖူးတဲ့ အဲဒီတစ်ယောက်အပေါ် သင်သင် ကိုယ်တိုင် စိတ်ဝင်တစား နှစ်သက်ခဲ့ဖူးတယ်။ တစ်ဖက်အသိုင်းအ၀ိုင်းကနေ သင်သင့်အပေါ် အညာကျေးလက်တောသူမ တစ်ယောက်အဖြစ် အထင်အမြင်သေးစွာ နှိမ့်ချဆက်ဆံခဲ့တဲ့ အဖြစ်အပျက်တစ်ခုကြောင့်သာ သင်သင်တို့ နှစ်ယောက် ဇာတ်လမ်း အဆုံးသတ်ခဲ့တာ။ အဲဒီကတည်းက သင်သင့်ရင်ထဲစွဲပါခဲ့တဲ့ အနာတရဟာ ခုချိန်ထိတိုင် ရှိနေတာကိုတော့ သင်သင် ၀န်မခံချင်ခဲ့ဘူး။

          "မင်းတို့နှစ်ယောက် ချိန်းထားကြတယ် မဟုတ်လား"
"ကြံကြံဖန်ဖန် မောင်ရယ်။ အဲဒါ သူ့ညီမ ၀မ်းကွဲ မင်္ဂလာဆောင်မို့ သူ့ဘာသာလာတာပါ"
ဒါကတော့ သင်သင် အမှန်ကို ပြောလိုက်တာပါပဲ။ ညီမ၀မ်းကွဲ မင်္ဂလာဆောင်မို့ သင်သင့်မိတ်ဆွေတွေနဲ့အတူ တစ်ဆွေလုံး တစ်မျိုးလုံး လာမယ်ဆိုတာ သင်သင် သိနေတယ်။ ဒါကြောင့် ဂုဏ်သရေရှိစွာ အစွမ်းကုန်လှပနေတဲ့ အဆင့်မြင့်အမျိုးသမီးတစ်ယောက်အဖြစ် မင်္ဂလာပွဲကို တက်ရောက်ခဲ့တာပါလို့ သင်သင် ၀န်ခံစရာလိုလို့လား။

          "မင်းတို့နှစ်ယောက် အရင်က ဇာတ်လမ်းရှိခဲ့ကြတယ် မဟုတ်လား"

          "ဘာဇာတ်လမ်းမှ မရှိဘူး။ ရိုးရိုးခင်တာပဲ။ သူက စနှုတ်ဆက်လို့ ၀ိုင်းလွတ်မရှိတော့တာနဲ့ တစ်ဝိုင်းတည်း ထိုင်ဖြစ်သွားတာ"

          "မင်းတို့နဲ့ ကျောချင်းကပ်ဝိုင်းမှာ ငါရောက်နှင့်နေတာကို မသိရလောက်အောင် မင်းမျက်လုံးတွေက အဲဒီကောင် တစ်ယောက်တည်းဆီမှာပဲ တစ်ချိန်လုံး ရှိနေခဲ့တာကရော…။ ပြော…။ မင်းစိတ်ထဲ အဲဒီကောင်ကို တော်တော်ကျနေတယ်မဟုတ်လား။ ကိုယ့်လင်တစ်ယောက်လုံးကို မမြင်နိုင်လောက်အောင် မင်း လင်ငယ်စိတ် မွှန်နေခဲ့တယ်မဟုတ်လား။ မင်းမျက်လုံးတွေကို ငါ သေချာမြင်ခဲ့ရတာ သင်သင်။ မင်း သိပ်ကို ကြည်နူးပျော်ရွှင်နေခဲ့တာ။ ကိုယ်မဟုတ်တဲ့ တခြား ယောက်ျားတစ်ယောက်နဲ့ မင်း ခုလို ကြည်နူးပျော်မြူးနေတာ ကိုယ့်မျက်စိကိုယ်တောင် မယုံချင်ဘူး"

          "မဟုတ်ဘူး မောင်၊ သင်သင်က … "
          "ဘာ မဟုတ်ရမှာလဲ။ ငါကိုယ်တိုင် မြင်ခဲ့ရတဲ့ ကိစ္စမို့ ငါပြောနေတာ။ ငါ့မျက်လုံးနဲ့ တပ်အပ် သေချာ တွေ့ခဲ့ရတာကွ"
          "မောင် မှားနေပြီ"
          "မမှားဘူး။ ငါကိုယ်တိုင်မြင်ခဲ့ရတဲ့ မြင်ကွင်းကို မှားတယ်လို့ ငြင်းချင်သေးတာလား။ ပြောစမ်း။ အဲဒီကောင်နဲ့မင်း ဇာတ်လမ်းစနေတာ ကြာပြီမို့လား။ ဒါကြောင့် ခုတစ်လော မင်းတစ်ယောက်တည်း အပြင်ထွက်ထွက်နေတာ မဟုတ်လား။ ငါသိပြီ သင်သင်။ မင်းတို့နှစ်ယောက် ဖြစ်နေကြတာ ကြာပြီပဲ"

          "မဟုတ်ဘူး။ မောင်ထင်သလိုမဟုတ်ပါဘူး မောင်ရဲ့…"

          အလှအပပြင်ဆင်မှုတွေနဲ့ အရုပ်လေးတစ်ရုပ်လိုလှနေတဲ့ သင်သင့်မျက်နှာဟာ စိုးရိမ်တကြီး ထိတ်လန့်မှုတွေနဲ့ အရုပ်ဆိုးအကျည်းတန်သွားတယ်။ သင်သင့်အပေါ် ယုံမှားသံသယစိတ်အပြည့်နဲ့ ထင်ရာမြင်ရာတွေ စွပ်စွဲနေတဲ့ သူ့ပုံစံကလည်း သားကောင်ကိုမြင်လိုက်ရတဲ့ ကျားရဲတစ်ကောင်လို အစွမ်းကုန် မာန်ဖီ သွေးကြွနေတယ်။

          "မင်းက ငါ့ကိုထားခဲ့ပြီး ဒီအကောင်နောက်ကို လိုက်တော့မယ်ပေါ့။ မရဘူး သင်သင်။ မင်းတို့နှစ်ယောက်လုံးကို ငါသတ်ပစ်မယ်။ မင်းကို အရင်သတ်ပစ်မယ်"

          သင်သင့်လက်မောင်းအိုးလေးဟာ အင်နဲ့အားနဲ့ ဖျစ်ညှစ်ထားတဲ့ သူ့လက်နှစ်ဖက်ကြားမှာ အရိုးကြေလုမတတ် ဖြစ်သွားတယ်။ သူ့ဒေါသတွေ အမြင့်ဆုံးဆီ ရောက်နေပြီဆိုတာ သင်သင် သိတယ်။ ဒါက ခဏလေးပဲ ဖြစ်မှာပါ။ သိပ်မကြာခင် သူ့ဒေါသတွေ တဖြည်းဖြည်း ပြေလျော့သွားလိမ့်မယ်။ ဒါဟာ သင်သင်တို့ နှစ်ယောက်ကြားက ဖြစ်နေကျပုံစံပါပဲ။ ဒေါသထွက်ပြီဆိုရင် ဘာကိုမှ မမြင်တော့ဘဲ စိတ်ထင်တိုင်းကြဲတတ်တဲ့သူဟာ သင်သင် အနာတရဖြစ်မှာကို အင်မတန်စိုးရိမ်ကြီးတာ သင်သင်သိတာပေါ့။ သင်သင် ခေါင်းကိုက်၊ ဗိုက်နာတာလေးကအစ စိုးရိမ်ပို ဂရုစိုက်တတ်တဲ့ သူ့စိတ်ခံစားမှုကို သင်သင် နားလည်တယ်။

          ဒါပေမဲ့ ဒီတစ်ခါတော့ သတ်တော့ဖြတ်တော့မယ့် ဘီလူးတစ်ကောင်လို ကြောက်မက်ဖွယ်ကောင်းလှတဲ့ ဒေါသအရှိန်ကို သင်သင် ဘယ်လိုမှ မတားဆီးနိုင်ခဲ့ဘူး။

          "မင်း ဒီလောက်လှအောင် ဘယ်တုန်းက အလှပြင်ခဲ့ဖူးလို့လဲ။ ဒီကောင်နဲ့တွေ့ရမှာမို့ မင်း လှချင်နေတာမဟုတ်လား။ မရဘူး သင်သင်။ မင်းအလှကလည်း တခြားတစ်ယောက်အတွက် မဖြစ်စေရဘူး။ မင်း ဒီလို လုပ်လို့မရဘူး။ မင်းကို ငါသတ်ပစ်မယ်။ အသေသတ်ပစ်မယ်"

          "မောင်…၊ မောင်…"
          သင်သင် ဘာမှမပြောနိုင်လောက်အောင် ဆွံ့အသွားတယ်။ သင်သင့်နှလုံးတွေ တဒိုင်းဒိုင်း ဆောင့်ခုန်လာတယ်။ အသက်ရှူလို့မရအောင် မောလာတယ်။ အိုး…။ သင်သင်ကြောက်လိုက်တာ။ သင်သင့်ရဲ့မောင်ဟာ အသိဥာဏ် တစ်စုံတစ်ရာမရှိတော့တဲ့ ကျားရိုင်းတစ်ကောင် ဖြစ်သွားခဲ့ပြီပဲ။ အဲဒီနောက်တော့ သင်သင်ဟာ…

***

          သင်သင် သေဆုံးသွားခဲ့ပြီလို့ ဆရာဝန်က မှတ်ချက်ပေးတယ်။ ရုတ်တရက် ထိတ်လန့်မှုကြောင့် နှလုံးခုန်ရပ်ပြီး သေဆုံးသွားခဲ့တယ်လို့ ဆရာဝန်က အတည်ပြု ပြောဆိုခဲ့တယ်။ ကဲ ဖြစ်နိုင်လို့လား။ သင်သင့်မှာ ရုတ်ချည်း သေနိုင်လောက်တဲ့ နှလုံးရောဂါရှိနေတယ်လို့လည်း သူ သိမထားခဲ့ဘူး။ တချို့ဖြစ်ရပ်တွေမှာ အကြောက်လွန်အားငယ်တတ်တဲ့ သင်သင့်စိတ်နဲ့၊ တစ်ခါတစ်ရံ သတိလက်လွတ် ထိတ်လန့်တကြား အော်ဟစ်လေ့ရှိတဲ့ သင်သင့်စရိုက်ကိုတော့ သူ သိထားခဲ့တယ်။ ကျန်းမာရေးနဲ့ ပတ်သက်ရင် ဆိုးဆိုးရွားရွား ရောဂါတစ်ခုမှ မရှိဘူးလို့ပဲ သူ ထင်ခဲ့တာ။ ဒေါသအလျောက် တင်းမာကျပ်ခဲနေတဲ့ သူ့လက်တွေ သင်သင့်လည်တိုင်ဆီ ကျရောက်ခဲ့တာလည်း အမှန်ပါပဲ။ ဒါပေမဲ့ သူ အချိန်အတော်ကြာမှာ အသိဝင်လာခဲ့တာပဲ။ အဲဒီအချိန်မှာ သင်သင်က သူ့ရင်ခွင်မှာ ပျော့ခွေလဲကျနေပြီ။

          အံ့သြတကြီး ထိတ်လန့်မှုတွေနဲ့ မှင်သတ်နေတဲ့ သူဟာ သင်သင့်လည်တိုင်ကို တယုတယ ပွတ်သပ်ကြည့်ရင်း "သင်သင် နာသွားလား။ သင်သင် နာသွားလား" ဆိုတဲ့ စကားကို ထပ်တလဲလဲ ရွတ်ဆိုနေခဲ့တယ်။

          ကျွန်မ အရမ်းကိုဝမ်းနည်းသွားရပါတယ်။ သူဟာ အရူးတစ်ယောက်လိုပဲ သင်သင့်လည်တိုင်၊ မျက်နှာအနှံ့ နမ်းရှိုက်ရင်း သင်သင်၊ သင်သင်လို့သာ အဆက်မပြတ် ရေရွတ်နေတယ်။ ကျွန်မ ဘာလုပ်ရမလဲ။ အလွန်အမင်း သွေးပျက်ချောက်ချားနေတဲ့ သူ့အတွက် ကျွန်မ ဘာလုပ်ပေးနိုင်မှာတဲ့လဲ။ ကျွန်မ သူတို့နှစ်ယောက်ကို အချိန်အကြာကြီးပဲ သတိလက်လွတ် ငေးကြည့်နေမိတယ်။ အချိန်တွေ တော်တော်ကြာခဲ့ပါတယ်။ သင်သင့်ရဲ့ အစ်မတစ်ယောက် ရုတ်တရက်ရောက်လာတော့မှ သူ လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ မကြာခင်မှာပဲ သင်သင်တို့ ဆွေမျိုးတစ်စုရဲ့ မိသားစု ဆရာဝန်ရောက်လာခဲ့တယ်။ သင်သင့်မိသားစုတွေက သင်သင့်ကို ဆေးရုံပို့ဖို့ စီစဉ်ကြသေးတယ်။ ဆရာဝန်ကတော့ သင်သင် သေဆုံးခဲ့ပါပြီတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် သူက သင်သင့်ကို မျက်စိအောက်က အပျောက်မခံတာကြောင့် ဘယ်သူမှ ဘာမှမလုပ်နိုင်ဘူး ဖြစ်နေတယ်။

          ကျွန်မဖြင့် သူ့ကို မြင်ရတာ သနားလွန်းလို့ရင်ထဲမှာ ယောက်ယတ်ခတ်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတယ်။ ကျွန်မ ဘာမှ ကူညီနိုင်ခွင့်မရှိတဲ့ အခြေအနေမျိုးမှာ သူ့ ဒုက္ခ သောကတွေကို မြင်ရတာ ရင်နာလွန်းပါတယ်။ အချိန်တွေကလည်း အကုန်မြန်လိုက်တာ။ တစ်နာရီ…၊ နှစ်နာရီ…၊ တစ်ရက်…၊ နှစ်ရက်…၊ သုံးရက်…၊ ရက်တွေ ကြာလာတာနဲ့အမျှ သင်သင်နဲ့ သူ နှစ်ယောက်တည်းနေခဲ့တဲ့ အိမ်ထဲကို နှစ်ဖက် ဆွေမျိုးသားချင်းတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့တယ်။ ၀င်ချည်ထွက်ချည်နဲ့ ကျွန်မတောင် မျက်စိနောက်လာပါရဲ့။

          တစ်ယောက်နဲ့တစ်ယောက် တီးတိုးတီးတိုး စကားပြောနေကြသူတွေ၊ အုပ်စုဖွဲ့ပြီး ပြောနေကြသူတွေ၊ အချင်းချင်း ဒေါသတကြီး အခြေအတင် စကားများနေကြသူတွေ…။ အားလုံးဟာ မျက်စိမျက်နှာပျက်စွာ မအီမသာ နွမ်းလျလျမျက်နှာတွေနဲ့။ ကျွန်မကရော သူတို့နဲ့အတူ ဘာလုပ်ပေးနိုင်မှာလဲ။

          လူတွေများလာတော့ ကျွန်မနေရတာ အနေကြုံ့လာသလိုပါပဲ။ သူတို့နဲ့ဝေးရာကို ကျွန်မ သွားချင်လာမိတယ်။ ဘယ်ကိုသွားရမလဲ။ ကျွန်မ ဘယ်ကိုသွားရမလဲ မသိနိုင်သေးပါဘူး။ သင်သင်နဲ့ သူတို့နှစ်ယောက် နေထိုင်ခဲ့တဲ့ ဟောဒီအိမ်ထဲကနေ ဘယ်ဆီကို ထွက်ခွာသွားရမှာလဲ ကျွန်မ မသိတော့ပါဘူး။ သူတို့နှစ်ယောက်ကို ကျွန်မ ထားရစ်ခဲ့ရတော့မှာလား။ အလှဆုံးပြင်ထားတဲ့ သင်သင့်မျက်နှာဟာလည်း တဖြည်းဖြည်းချင်း အလှတွေ ပျက်ပြယ်ဆုတ်ယုတ်လာသလိုပါပဲ။ သနားစရာကောင်းလိုက်တဲ့ မိန်းကလေး၊ တကယ်ချစ်တဲ့ ယောက်ျားတစ်ယောက်ကို လက်ထပ်ခွင့်ရခဲ့တာတောင် အဆုံးသတ်မှာတော့ အဲဒီယောက်ျားရဲ့ သံသယတွေနဲ့ အသက်ဆုံးရှုံးခဲ့သတဲ့။ ဟင့်အင်း။ တကယ်တမ်း သနားစရာပိုကောင်းတာက သူပါ။

          ကျွန်မသိတယ်။ သင်သင်မရှိတဲ့ လောကကြီးထဲမှာ သူ ဘယ်လိုရပ်တည်နိုင်မှာတဲ့လဲ။ အထူးသဖြင့် ရုတ်တရက် မြန်ဆန်လွန်းလှတဲ့ ဒီအဖြစ်ဆိုးကြီးကို သူ လက်ခံယုံကြည်ဖို့ဆိုတာ။ သင်သင့်ရဲ့ ရုပ်ခန္ဓာကိုတောင် ဆွေမျိုးသားချင်းတွေက နည်းမျိုးစုံသုံးပြီး သူ့ဆီက ဆွဲယူခဲ့ကြတာ။ သင်သင့်ရဲ့ မှန်တင်ခုံ၊ ဘီရို၊ စာရေးစားပွဲ၊ အိပ်ရာ၊ အသုံးအဆောင်တွေ သင်သင်နဲ့ ပတ်သက်သမျှ ပစ္စည်းတွေကို ငေးကြောင်ကြည့်ရင်း သူရူးတစ်ယောက်လို တီးတိုးရေရွတ်နေတဲ့ သူ့ကို သနားလွန်းလို့ သင်သင်ဆိုတဲ့ မိန်းမတစ်ယောက်ကို ပွေ့ချီခေါ်ယူပေးလို့ ရမယ်ဆိုရင် ခေါ်ပေးလိုက်ချင်ပါရဲ့။

          ကျွန်မ ဘာလုပ်ပေးနိုင်မှာပါလိမ့်။ တစ်ခုခုတော့ လုပ်ပေးချင်မိတယ်။ ခု သူ ဘာတွေတွေးနေတာလဲ။ ကြည့်စမ်းပါဦး။ သူ့မျက်စိရှေ့တည့်တည့်မှာ ရှိနေတာက သင်သင့်ဓာတ်ပုံပဲ။ အဲဒီဓာတ်ပုံကို ခုတင်ထိပ်က စင်လေးပေါ်မှာ သူ တင်ပေးထားတာ။ ပန်းကနုတ်တွေ ဖော်ထားတဲ့ Photo Stand လှလှလေးကိုလည်း သူ ကိုယ်တိုင် ၀ယ်လာခဲ့တာပဲလေ။ ပြတင်းပေါက်က ၀င်ရောက်လာတဲ့ လေနုအေးလေးတွေက ဇာခန်းစည်းစရဲ့ အနားတွေကို တဖျတ်ဖျတ်ခတ်ပြီး သူ့ဆံပင်တွေဆီ လွင့်ပျံသွားတယ်။ သူ ရုတ်တရက် မော့ကြည့်တ်။

          "သင်သင်…"
          ဘုရားရေ…။ ကျွန်မ သူ့ကိုကြည့်နေတာ သူ သိသွားပြီတဲ့လား။

          "သင်သင်…။ သင်သင်ရှိတာ ကိုယ် သိတယ်။ သင်သင်ရှိနေတယ် မဟုတ်လား။ သင်သင် ကိုယ့်ကို ထားမသွားဘူး မဟုတ်လား"

          ဓာတ်ပုံမှန်ဘောင်ကို ဆုပ်ကိုင်ပြီး သူ မေးနေတယ်။ ကျွန်မ သူ့ပခုံးကို အားမလိုအားမရ ဖျစ်ညှစ်ဆုပ်ကိုင် ပစ်လိုက်ချင်တယ်။ သူ့ ပခုံးပေါ်မှာ မျက်နှာအပ်ပြီး သူ့ကျောပြင်ကို ပွတ်သတ်ချော့မြူပေးချင်မိတယ်။ ဘယ်လို လုပ်ရမှာပါလိမ့်။ ကျွန်မ ဘာမှလည်း လုပ်လို့မရပါလား။

          "သင်သင်…။ သင်သင် ထွက်မသွားပါနဲ့နော်။ ကိုယ်နဲ့အတူ တစ်သက်စာလုံး နေသွားပါနော်"

          ဘယ်လောက် သနားစရာကောင်းလိုက်တဲ့လူလဲဆိုတာ ကြည့်စမ်းပါဦး။ သူ သိပ်ချစ်တဲ့ သင်သင် သူ့ကို ခွဲချန်ထားခဲ့မှာကို ကြောက်လန့်နေလိုက်တာ။ သင်သင်ဟာ သူ့ကို တစ်သက်လုံး စောင့်ရှောက်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ လက်ထပ်ခဲ့သူပဲ။ ဟင့်အင်း။ သင်သင်က သူ့အနားကနေ ထွက်ခွာသွားချင်သူ မဟုတ်ပါဘူး။

          "သား ကိုလင်း တရားနာကြရအောင်ကွယ်။ ဆရာတော်ကြီးတွေ ရောက်တော့မယ် သား။ သားက လိမ္မာပါတယ်ကွယ်။ အိမ်ရှေ့ကို သွားကြမယ်နော်"

          ဟော…။ သူ့မိဘတွေနဲ့ ဆွေမျိုးတွေ သူ့ကို လာခေါ်နေကြပြီ။ သူ့ကို ဇွတ်အတင လာခေါ်နေကြပြီ။
          "လိမ္မာတယ်နော်။ သားက ငြိမ်ငြိမ်လေး ထိုင်နေရုံပဲ သိလား။ ဘုန်းကြီးတွေကို ကန်တော့ကြမယ်လေ။ မေမေတို့က သားတို့အတွက် ကုသိုလ်လုပ်ပေးကြတာလေ"

          သူ့အဒေါ်နဲ့ အမေက သူ့ ပခုံးနှစ်ဖက်ကို ကလေးတစ်ယောက်လို ကိုင်တွယ်ရင်း ချော့မော့နေကြတယ်။ တရားနာတော့မယ်တဲ့။ သံဃာတော်တွေ ရောက်လာကြတော့မယ်တဲ့။ ကျွန်မ ကြက်သီးတွေ တဖြန်းဖြန်း ထသွားတယ်။ သင်သင်နဲ့သူဟာ ဘုရားအတူ သွားနေကျ။ အိမ်မှာ ဘုရားကန်တော့တာတောင် -

          "မောင်ရေ တစ်ချက်လောက်ပဲဖြစ်ဖြစ် ဘုရားခန်းထဲ ၀င်ခဲ့ပါဦး။ ဘုရားပန်းလေးတွေ လှလွန်းလို့ ခဏလေး လာကပ်လှည့်ပါဦး"

          လို့ သင်သင်က ကုသိုလ်ယူခိုင်းနေကျ။ သင်သင်လုပ်တဲ့ ကောင်းမှု ကုသိုလ်တိုင်းအတွက် သူ့ကိုလည်း ခွဲဝေကုသိုလ်ပေးနေကျနော်။

          "သင်သင်ရော…"
          သူ့အမေနဲ့အဒေါ် မျက်နှာပျက်သွားတယ်။ ရုတ်တရက်ဆိုတော့ သူ့ကို ပြန်ပြောစရာ စကား မရှိအောင်ဖြစ်သွားတယ်။

          "သင်သင့်ကိုလည်း ခေါ်လိုက်ဦးလေ"
          "ဟုတ်သားပဲ သားကို မပြောရသေးလို့ သင်သင့်ကို ခေါ်ထားပါတယ် သားရဲ့"
          ခေါင်းတဆတ်ဆတ်ညိတ်ရင်း ပြောလိုက်တဲ့ သူ့အဒေါ်ရဲ့ စကားသံကြောင့် သူ့မျက်နှာဝင်းပသွားတယ်။

          "ကဲလာ…။ သွားကြရအောင်။ ဘုရားခန်းထဲရောက်ရင် သားက ဒေါ်လေးတို့စကား နားထောင်ရမယ်နော်။ သင်သင်က သားကို စိတ်ကောက်နေတာမဟုတ်လား။ မဟုတ်ရင် သူ့အမေအိမ် ပြန်လိုက်သွားလိမ့်မယ်။ သားက ပြောစကားနားထောင်နော်"

          "ဟုတ်ကဲ့ပါ"

          အပြစ်ကျူးလွန်ထားမိတဲ့ ကလေးတစ်ယောက်ရဲ့ သနားစရာမျက်လုံးတွေနဲ့ မော့ကြည့်ရင်း ခေါင်းညိတ်နာခံနေတဲ့သူ့ကို ကျွန်မ မျက်တောင်မခတ် လိုက်ငေးကြည့်နေမိတယ်။ သင်သင့်ကို တကယ်ပြန်တွေ့ရလိမ့်မယ်လို့ ထင်နေတဲ့အတိုင်း သူ့ လှုပ်ရှားမှုတွေက သွက်လက်လာတယ်။

          ဘာဖြစ်လို့လဲ။ သူ့ကို ဘာဖြစ်လို့ ညာပြောနေကြတာလဲ။ ဟော…။ ဘုန်းကြီးတွေ ဘုရားစာရွတ်နေကြပြီ။ ကျွန်မ သွားရတော့မယ်။ ကျွန်မ တစ်နေရာရာကို ထွက်ခွာသွားရတော့မယ်။

          သင်သင်နဲ့သူ နေထိုင်ခဲ့တဲ့ ဟော့ဒီ အိမ်လေးကို အပြီးတိုင် စွန့်ခွာပြီး ကျွန်မတစ်ယောက်တည်း ထွက်သွားရတော့မှာ။ ဒီနေ့…။ ဒီနေ့ဟာ ကျွန်မအတွက် နောက်ဆုံးနေ့တဲ့။ သူ့မျက်နှာကို နောက်ဆုံးအကြိမ် ပြန်တွေ့ရမယ့်နေ့တဲ့။ နောက်နေ့ဆိုတာ ကျွန်မအတွက် ဘယ်တော့မှ မရှိတော့ဘူးတဲ့။

          ကျွန်မ သိနေပါတယ်။ ဒီနေ့ဟာ ကျွန်မတို့အတွက် နောက်ဆုံးနေ့ဆိုတာ ကျွန်မ သိနေခဲ့ပါပြီ။ ဟုတ်တယ်။ ဒီနေ့ဟာ သင်သင် ကွယ်လွန်ခဲ့တာ ခုနစ်ရက်မြောက်တဲ့နေ့ပါ။

ကလျာမဂ္ဂဇင်း၊
၂၀၁၂ ခုနှစ်၊ ဇွန်လ

မေတ္တာဖြင့်
ယုဒါ

14-09-2016

No comments:

Post a Comment

အားပေးမှုအတွက် ကျေးဇူးတင်ပါသည်...

မေတ္တာဖြင့်...
ယုဒါ