ဝတ္ထုတိုနဲ့ မဂ္ဂဇင်း ၀တ္ထုရှည်တွေကို အလေးဂရုပြုပြီး ဖတ်ကြတဲ့
စာပေပရိသတ်တွေကတော့ 'ယုဒါ' ဆိုတဲ့ နာမည်ကို အနည်းနဲ့အများ ကြားဖူးကြမှာပါ။ ဆရာမယုဒါဟာ
မဟေသီ၊ မင်္ဂလာ၊ ရုင်ရှင်တေးကဗျာ၊ ရွှေအောင်လံ အစရှိတဲ့ မဂ္ဂဇင်းတွေမှာ ၀တ္ထုတိုနဲ့ အခန်းဆက်ဝတ္ထုရှည်တွေကို
ခပ်စိပ်စိပ်ရေးဖွဲ့ခဲ့တဲ့ စာရေးဆရာမတစ်ဦးဆိုရင်လည်း မမှားပါဘူး။ ကျွန်တော်တို့ရဲ့
ဒီ Fashin မဂ္ဂဇင်းမှာကို ဆရာမယုဒါရဲ့ ၀တ္ထုလေးတွေ ဖော်ပြခဲ့ဖူးပါတယ်။ ထားပါတော့။
သူက 'ကြာတစ်ပွင့်ရဲ့ဒဏ္ဍာရီ' နဲ့ 'ဒုတိယမြောက်ပေးဆပ်ခြင်း' ဆိုတဲ့ ၀တ္ထုစုစည်းမှု နှစ်အုပ် ထွက်ခဲ့ဖူးပါတယ်။ 'ရွှေ' စုစည်းမှု 'ကံ့ကော်ဝတ်ရည်’ ကထုတ်တဲ့ အမျိုးသမီးစာရေးဆရာတွေရဲ့ ၀တ္ထု စုစည်းမှုလိုမျိုးတွေမှာလည်း ဆရာမယုဒါရဲ့ ၀တ္ထုတိုလေးတွေက ပါပါလာတတ်တယ်။
ကျွန်တော့်ရဲ့ တသီးပုဂ္ဂလအရ ပြောရမယ်ဆိုရင် သူဟာ ကျွန်တော့်ရဲ့
အစ်မတစ်ယောက်ဖြစ်သလို စာလေးပေလေးတွေရေးဖြစ်၊ ဖန်တီးဖြစ်ဖို့ အဓိက သွန်သင်ခဲ့တဲ့ ဆရာတစ်ယောက်လည်း
ဖြစ်ပါတယ်။ ကျွန်တော်ခံစားရသလို သူ့ရဲ့ ၀တ္ထုလေးတွေကို Fashion ပရိသတ်တွေပါ ခံစားစေချင်တဲ့အတွက်
ဒီတစ်လမှာ ဆရာမယုဒါရဲ့ အင်တာဗျူးနဲ့ ၀တ္ထုကို ပူးတွဲတင်ဆက်လိုက်ပါတယ်။
Q. စာရေးဖြစ်တဲ့ အခြေခံအကြောင်းတရား…
A. အကြောင်းတရားတစ်ခုကြောင့်ရယ်တော့ မဟုတ်ဘူးထင်တယ်။ ငယ်ငယ်ကတည်းက
ထူးထူးခြားခြား ခံစားမှု တစ်ခုခုရတိုင်း ဘာရယ်မဟုတ်။ စာချရေးတတ်တဲ့ အလေ့အထပေါ် မှီတည်ပြီး
စာတစ်ပုဒ်ဖြစ်အောင် ရေးချင်စိတ်ဖြစ်လာခဲ့တယ် ပြောရမှာပေါ့။
Q. စာတစ်ပုဒ်ရေးဖြစ်ဖို့ ဆရာမမှာ ဘယ်လိုပတ်ဝန်းကျင်မျိုး
လိုအပ်သလဲ။
A. ဆရာနှင်းနီပြောတဲ့ ပတ်ဝန်းကျင်ဆိုတာ ဘာကိုပြောတာလဲ။
စာရေးဖို့ လိုအပ်မယ့်နေရာ တစ်ခုခုလား။ ဒါမှမဟုတ် စာရေးဖြစ်စေလောက်အောင် စေ့ဆော်မှုတစ်ခုခုပေးတဲ့
ပတ်ဝန်းကျင်ကို ပြောတာလား။
Q. ဆရာမ သဘောပေါက်သလို နှစ်ခုစလုံးပဲ ဖြေပေးပါ။
A. စာရွက်ပေါ်မှာ စာတစ်ပုဒ်တင်သွားဖို့အတွက်ကတော့ သိပ်ဆူဆူညံညံမဟုတ်တဲ့
နေရာတစ်ခုခုမှာ ဗလာစာအုပ်တစ်အုပ်နဲ့ တစ်ခါသုံး ဘောလ်ပင်တစ်ချောင်းပဲ လိုပါတယ်။ စာရေးချင်လောက်တဲ့
အကြောင်းအရာမျိုးပေးတဲ့ ပတ်ဝန်းကျင်ဆိုတာကလည်း ကျွန်မအတွက် သီးသန့်မလိုပါဘူး။ အိမ်ထဲမှာနေရင်းပဲဖြစ်ဖြစ်
ဟိုနားဒီနားသွားရင်းလာရင်းပဲဖြစ်ဖြစ် ရလာတတ်တာပါပဲ။ ဘယ်လိုပတ်ဝန်းကျင်မျိုးပဲ ဖြစ်ဖြစ်
စာရေးဖို့ အထောက်အပံ့ ပေးနိုင်တာပါပဲ။ သတ်မှတ်ချက်တစ်ခုရယ်လို့ ကျွန်မအတွက် မရှိပါဘူး။
Q. ဆရာမတင်ပြချင်တဲ့ ဇာတ်ကောင်ရဲ့စရိုက်၊ စိတ် စတာတွေကို
ပေါ်လွင်အောင် ဘယ်လို ကူးယူလဲ။
A. ကျွန်မတင်ပြချင်တဲ့ ဇာတ်ကောင်ရဲ့ character နဲ့ ဇာတ်လမ်းတစ်ပုဒ်လုံး
ပေါ်လွင်အောင် ၀တ္ထုကို ဘယ်လိုပုံစံနဲ့ ရေးမယ်ဆိုတာကို အရင် စဉ်းစားပါတယ်။ ဘယ်လိုပြောရမလဲ။
ဒီစာတစ်ပုဒ်ကို ဇာတ်ကောင်က ပြောမှာလား။ စာရေးသူက ပြောမှာလား။ ဒါမှမဟုတ် နှစ်ယောက်ညှိ
ပြောကြမှာလား။ တစ်ယောက်ယောက်က ကြားခံပြောပေးမှာလား။ ဘယ်ပုံစံက အကောင်းဆုံးဖြစ်မှာလဲ။
စာဖတ်သူရင်ထဲ ထိမယ်လို့ မျှော်လင့်ရတဲ့ ပုံစံမျိုးကို စတွေးရတာပေါ့။ တစ်ခါတလေ စာရွက်ပေါ်
ချရေးကြည့်ပြီးမှ စာရေးတဲ့ style ပြောင်းလိုက်ရတာမျိုးလည်း ရှိတတ်ပါတယ်။ တင်ပြပုံမကောင်းရင်
ဇာတ်လမ်း ဘယ်လောက်ကောင်းကောင်း မျှော်လင့်ထားသလောက် မကောင်းတဲ့စာ ဖြစ်သွားတတ်တယ်လေ။
Q. ၀တ္ထုတိုနဲ့ ၀တ္ထုရှည်မှာ ဘယ်ဟာကို ရေးဖွဲ့ရတာ ဆရာမ ပိုလက်တွေ့လဲ။
A. အမှန်ပြောရရင် ၀တ္ထုရှည်ရေးရတာကို ပိုလက်တွေ့တယ်။ လုံးချင်းမဟုတ်ပေမယ့်
ဝတ္ထုတိုထက် အများကြီးပိုရှည်တဲ့ ၀တ္ထုမျိုးတွေ ရေးရတာကိုပေါ့။ အမှန်တကယ် ဇာတ်လမ်းရှိနေတဲ့
ဝတ္ထုမျိုးကို ဖန်တီးတဲ့အခါ စာမျက်နှာသိပ်နည်းနေရင် အဆင်မပြေနိုင်ဘူးလေ။ ၀တ္ထုတိုဆိုပေမယ့်
အားပါးတရ ခံစားပြီး ဖတ်ရတဲ့ မဂ္ဂဇင်း ၀တ္ထုရှည်တွေကို ကျွန်မ အကြိုက်ဆုံးပါပဲ။
Q. ပထမဦးဆုံး ဖော်ပြခံရတဲ့ စာမူနဲ့ ပုံနှိပ်ခံရတဲ့ မဂ္ဂဇင်း…
A. ၁၉၉၇-ခုနှစ်၊ မတ်လထုတ် မင်္ဂလာမဂ္ဂဇင်းမှာပါတဲ့ 'မခွဲတူယှဉ်
ရှိစေချင်ခဲ့'။
Q. စာရေးဖို့ Inspiration (ဈာန်ဝင်စားခြင်း) မရတာတို့၊
အကြောင်းအရာကုန်သွားတာတို့ ကြုံဖူးလား။
A. အကြောင်းအရာ ကုန်သွားတယ်ရယ်တော့ မရှိဘူး။ စာရေးချင်စိတ်
မရှိတာမျိုးတော့ ရှိပါတယ်။
Q. ပတ်ဝန်းကျင်မှာ တကယ်ရှိနေတဲ့ အဖြစ်အပျက်တစ်ခုကို ၀တ္ထုတစ်ပုဒ်အဖြစ်
အသက်သွင်းရတာနဲ့ ကိုယ့်စိတ်အလျဉ်အတိုင်း စိတ်ကူးယဉ်ပြီး ဇာတ်အိမ်တည်ဆောက်ရတာက ဘာကွာလဲ။
A. ဘာကွာလဲဆိုတော့ ကိုယ့်ရင်ထဲမှာ ကိုယ်ချရေးမယ့်ဇာတ်လမ်းက
ဘယ်လောက်အတိုင်းအတာထိ နေရာယူနေသလဲဆိုတဲ့ အတိုင်းအတာတစ်ခု ကွာတာပေါ့။ ကျွန်မစိတ်နဲ့ပြောရရင်တော့
စိတ်ကူးယဉ်ပြီး ဇာတ်အိမ်တည်ရတဲ့ ၀တ္ထုမျိုးတွေကို ကျွန်မကိုယ်တိုင် သိပ်လက်မတွေ့လှဘူး။
ကျွန်မ၀တ္ထုတွေက စိတ်ကူးယဉ်လည်း မဆန်လှဘူးလေ။ ပတ်ဝန်းကျင်မှာ တကယ်ရှိနေတဲ့ အဖြစ်အပျက်တစ်ခုခုကို
ဖြစ်ဖြစ်၊ ဇာတ်ကောင်တစ်ယောက်ယောက်ကို ဖြစ်ဖြစ် ကျွန်မရင်ဘတ်ထဲထည့်ပြီး ရေးရတာကို လက်တွေ့တယ်။
ကြိုက်တယ်။ တစ်ခါတလေတော့လည်း အမှန်တကယ်မြင်လိုက်ရတဲ့ အကြောင်းအရာ သေးသေးလေး တစ်ခုကိုပဲ
ဆင့်ပွားကူးယူပြီး စိတ်ကူးယဉ်လိုက်ရတာမျိုး ရှိပါတယ်။ ၀တ္ထုတစ်ပုဒ် ရေးတာက အတ္ထုပ္ပတ္တိတစ်အုပ်ရေးသလို
အစစ်အမှန်တွေချည်းတော့ မဖြစ်နိုင်ဘူးပေါ့။
Q. ဟာသ၀တ္ထုတိုဆုတွေ ဘာတွေ ရဖူးပြီး ဟာသ၀တ္ထုအရေးကျဲတာက ဘာကြောင့်လဲ။
A. စာစရေးကာစ လူတစ်ယောက်ဟာ ကိုယ့်စာ မဂ္ဂဇင်းစာမျက်နှာပေါ်
မြန်မြန်ပါခွင့်ရဖို့ ကြိုးစားရတာပဲလေ။ အဲဒီအခါမှာ ကိုယ့်ကို အခွင့်အရေးပိုပေးနိုင်တဲ့
မဂ္ဂဇင်းတွေကို ရှာဖတ်ရတော့တာပေါ့။ ရယ်စရာမဂ္ဂဇင်းက ကလောင်သစ်တွေကို နေရာပေးတယ်။ ဒါနဲ့ပဲ
ရယ်စရာကို အဖတ်များရင်း ဟာသ၀တ္ထုတိုလေးတွေ ရေးဖြစ်ခဲ့တာပါ။ ဟာသကိုလည်း ကျွန်မကြိုက်တယ်။
တကယ်တမ်းပိုကြိုက်တာက Drama, Heavy Drama တွေ ကြိုက်တာ။ ဒါပေမယ့် ဇာတ်နာအောင် တမင်လုပ်ထားတဲ့
Drama မျိုးတွေ မကြိုက်ဘူး။ ဒီတော့ ကျွန်မ ဟာသ၀တ္ထုတွေ အရေးကျဲပြီပေါ့။
Q. ဆရာမရဲ့ ငပိန်ဆိုရင် သရော်စာဆန်တယ်ဗျာ။ အဲလို သရော်စာရေးတဲ့
စာရေးဆရာထဲမှာ ဘယ်သူတွေကို ဆရာမကြိုက်ခဲ့သလဲ။
A. ငပိန်က သရော်စာဆန်တာတော့ မှန်ပါတယ်။ ကျွန်မအနေနဲ့ ရေးဖြစ်ခဲ့တာကတော့
သရော်စာရေးမယ်လို့ အမျိုးအစားခွဲပြီး ရေးဖြစ်ခဲ့တာ မဟုတ်ပါဘူး။ သရော်စာတွေကို ကျွန်မ
သဘောကျပါတယ်။ ရေးလည်း ရေးချင်တယ်။ ပြောရရင် သရော်စာဆိုတာ ရေးချင်တိုင်းရေးလို့ရတဲ့စာ
မဟုတ်ဘူးလေ။ သရော်စာရေးဖို့က ခက်တယ်။ ၀တ္ထုတိုဆရာတွေထဲမှာ ဆရာဂျိုဇော်ကိုကြိုက်တယ်။
ပြီးတော့ ဆရာဂျက် ကွမ်းခြံကုန်း ကိုကြိုက်တယ်။
Q. ဆရာမ အခု ထွက်ထားတဲ့ စာအုပ်က 'ဒုတိယမြောက် ပေးဆပ်ခြင်း'
ဆိုတော့ တတိယက ဘာဖြစ်မလဲ။
A. တတိယ၊ စတုတ္ထ စာအုပ်တွေ အများကြီးလုပ်ချင်ပါသေးတယ်။ ခက်တာက
ကျွန်မမှာ ပိုက်ဆံမရှိဘူး ဖြစ်နေတယ်။
Q. ဒီနေ့ မဂ္ဂဇင်းတွေရဲ့ ၀တ္ထုနဲ့ ပတ်သက်ပြီး နေရာပေးမှုအပေါ်မှာ
ဆရာမ မြင်တဲ့အမြင်…
A. လူတွေအတွက် စာဖတ်ဖို့ အချိန်သိပ်မရှိဘူး ထင်ပါတယ်။ အားအားယားယား
စကားထိုင်ပြောနေတဲ့ လူဆယ်ယောက်ဝိုင်းတစ်ခုထဲ လစဉ်ထုတ် မဂ္ဂဇင်း စာအုပ်တစ်အုပ် ချပေးကြည့်လိုက်။
တစ်ယောက်က ခဏလေး ဗေဒင်လေးကြည့်ချင်လို့ပါတဲ့။ တစ်ယောက်က သုံးမိနစ်ပဲ ကြည့်မယ်ကွာတဲ့။
တစ်ယောက်က ငါက ပုံလေးတွေပဲ တဖျတ်ဖျတ်လှန်ကြည့်မှာပါတဲ့။ နောက်တစ်ယောက်က ကြာတယ်ဟာ။ ငါကြည့်တာ
ပိုမြန်တယ်။ ငါနဲ့အတူကြည့်စမ်းပါတဲ့။ ကဲ…စဉ်းစားကြည့်။ အဲဒီဝိုင်းထဲက လူ ဆယ်ယောက်လုံးဟာလည်း
ထိုနည်းလည်းကောင်းတွေချည်းပဲ ဆိုတော့ ပြောရရင် မဂ္ဂဇင်းတွေမှာ စာအုပ်မာတိကာကို အရင်ကြည့်တာ
စာရေးဆရာတွေပဲ များတယ်ထင်ပါရဲ့ ဆရာရယ်။
Q. တချို့ကတော့ ပြောတယ်။ သူ့စာက လူတွေကို အကျိုးမပြုနိုင်ဘူးဆိုရင်တောင်
ဖတ်တဲ့လူတွေ အတွက် အဆိပ်အတောက် မဖြစ်စေရဘူးတဲ့။ ဆရာမရော ဘယ်လိုစိတ်မျိုးနဲ့ ရေးဖွဲ့ဖြစ်လဲ။
A. ဘယ်လိုစာမျိုးပဲရေးရေး အဆိပ်အတောက်မဖြစ်ရင်တော့ အကောင်းဆုံးပေါ့။
ကျွန်မ အနေနဲ့ကတော့ ကိုယ်သိထားတာလေး နည်းနည်းလောက်ကိုပဲ ကိုယ့်လိုမသိနိုင်တဲ့၊ မမြင်နိုင်တဲ့
လူတွေသိဖို့ ရေးချင်တာပါပဲ။ ကိုယ့်ထက်သိတဲ့၊ တတ်တဲ့ လူတွေအတွက် မရည်ရွယ်ပါဘူး။
Q. လုံးချင်းဝတ္ထုရေးဖို့ကို ၀တ္ထုတိုလောက် စိတ်အားမထက်သန်တာက
ဘာကြောင့်လို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိလဲ။
A. စာဖတ်ကာစကတော့ လုံးချင်းဝတ္ထုတွေကို မက်မက်မောမော ဖတ်ခဲ့တာပါပဲ။
တကယ်တမ်း စာရေးမယ်ဆိုတဲ့ စိတ်ကူးရှိလာပြီး ရေးဖြစ်တော့ ၀တ္ထုတို ပေါင်းချုပ်တွေပဲ အဖတ်များလာခဲ့တယ်။
ဒီလိုနဲ့ပဲ ကိုယ်က လုံးချင်းဘက် အားမသန်တော့ဘူး ဖြစ်သွားတယ်။ အသက်နှစ်ဆယ်ဝန်းကျင်လောက်ကတော့
လုံးချင်းဝတ္ထုတွေ လေးငါးပုဒ် ရေးကြည့်ဖြစ်ခဲ့ပါတယ်။ စာအုပ်ထုတ်တဲ့အထိတော့ ဖြစ်မလာခဲ့ဘူး။
ဝတ္ထုတိုနဲ့ မဂ္ဂဇင်း ၀တ္ထုရှည်ဘက်ကိုပဲ ပိုစိတ်အားထက်သန်ခဲ့လို့ လုံးချင်းရေးဖို့ အားမထုတ်ဖြစ်ခဲ့တာပါ။
Q. စာတစ်ပုဒ်ကို စိတ်တိုင်းကျ လက်စသတ်လိုက်နိုင်တဲ့ အချိန်မှာ
ဖြစ်သွားတဲ့ခံစားမှုက ဘာနဲ့အလားသဏ္ဍာန်တူလဲ။
A. အရမ်းပျော်တာပဲ။ ကိုယ်တစ်သက်လုံး အပိုင်ရတော့မယ့် အဖိုးတန်ရတနာတစ်ခု
ရလိုက်သလိုပေါ့။
Q. ဆရာမရဲ့ ၀တ္ထုတွေကို နှစ်သက်လက်ခံပြီး အားပေးနေတဲ့ ပရိတ်သတ်အတွက်
စကား…
A. ကျွန်မ ၀တ္ထုတွေ အရေးကျဲပါတယ်။ ဒါပေမယ့် စာအုပ်တစ်အုပ်ရဲ့
မာတိကာကို ကြည့်ဖြစ်တဲ့အခါ 'ယုဒါ' လို့တွေ့ရင် တခုတ်တရလုပ် ဖတ်မယ့် ပရိသတ်ရှိနေသေးတယ်ဆို
ကျွန်မ သိပ်ဝမ်းသာမှာပါ။ ကျွန်မရဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်စွာ နေ့စဉ် မေတ္တာပို့ပေးနေပါတယ်။
ကျွန်မရဲ့ ၀တ္ထုတွေထဲမှာ တစ်ခုခုတော့ ရှိနေမှာပါလို့။
Fashion မဂ္ဂဇင်း
စက်တင်ဘာလထုတ်၊ ၂၀၁၀။
(ဆရာ နှင်းနီ မေးမြန်းသည်။)
(ဆရာ နှင်းနီ မေးမြန်းသည်။)
No comments:
Post a Comment
အားပေးမှုအတွက် ကျေးဇူးတင်ပါသည်...
မေတ္တာဖြင့်...
ယုဒါ