"ဘ၀မှာ နေပျော်ပြီလား" ဟူသော မေးခွန်းကို မေးလေ့ရှိသည့်
သူငယ်ချင်းတစ်ယောက်ကို သူမ မကြာခဏ သတိရတတ်ပါသည်။ မတွေ့ရသည်မှာ နှစ်အတန်ငယ်ကြာသွားပြီဖြစ်သော
ထိုသူငယ်ချင်းမနှင့် ပြန်တွေ့ပြီဆိုလျှင် ရှုံ့မဲ့မဲ့မျက်နှာထားဖြင့် "အမလေး အခုမှ
ဘ၀က ပိုဆိုးလာတာ" ဟု အဖြေပေးမိပေလိမ့်မည်။ သူငယ်ချင်းမကတော့ "တင်တင်ဝင်းရယ်
နင်ဟာလေ ဒီလောက်ပြည့်စုံတဲ့ဘ၀မှာတောင် စိတ်တိုင်းကျအောင် မနေနိုင်သေးဘူးလား" ဟု
အပြစ်တင်စကားဆိုလေမှာဘဲ။ သူမ ဘယ်အချိန်တုန်းကမှ စိတ်တိုင်းကျသည့်ဘ၀ မရောက်ခဲ့သလို စိတ်တိုင်းကျဘ၀ဆိုတာ
ဘယ်အချိန်မျိုး ဖြစ်လိမ့်မလဲဟု မျှော်လင့်ထားခဲ့ခြင်းလည်း မရှိ။
ကိုယ်တိုင် မနှစ်မြို့သည့်နာမည်ကို တစ်သက်တာလုံး ပိုင်ဆိုင်ထားရသည့်
သူမ၏ မပျော်ပိုက်ခြင်းတွေထဲမှာ ထိုနာမည်က အဓိကဖြစ်လေသည်။ တင်တင်ဝင်းဆိုသည့် နာမည်ကို
သူမနာမည်အဖြစ် စတင်သိမှတ်ခဲ့ရစဉ်က ထူးထူးခြားခြား ခံစားမှု သူမမှာမရှိခဲ့။ သူမ အတော်လေး
နားလည် ထိုနာမည်က ဒုက္ခပေးလာခဲ့ခြင်းဖြစ်၏။ သူမ၏ မိဘနှစ်ပါးသည် ခေတ်ပေါ်ဝတ္ထုများ ဖတ်လေ့ရှိသူ
မဟုတ်သဖြင့် သူမအား လှပဆန်းသစ်သော နာမည်ပေးဖို့ သတိရလေဟန်မတူ။ သူတို့အတွက်မူ သူမ အစ်မဖြစ်သူအား
ခင်ခင်ဝင်းဟု အမည်ပေးကာ သူမအား တင်တင်ဝင်းဟု အမည်မှည့်ခေါ်နိုင်ခြင်းဖြင့် အတော်ကာရံမိသော
အမည်ဖြစ်လေပြီမဟုတ်လား။
တင်တင်ဝင်းကို တင်တင်ဝင်းက မလိုလား မနှစ်သက်နိုင်စွာ မုန်းတီးသွားရခြင်းအကြောင်း
ဇာစ်မြစ်က လူဦးရေ ၅၄ယောက်သာရှိသည့် သူမတို့ စတုတ္ထတန်းစာသင်ခန်း၌ တင်တင်ဝင်း သုံးယောက်ရှိနေခြင်းကြောင့်
ဖြစ်၏။ ထိုတင်တင်ဝင်း သုံးယောက်၌ တင်တင်ဝင်း ဆိုသည့် အမည်ကို ပိုင်ဆိုင်ရတာခြင်း အတူတူပင်ဖြစ်လျက်
သူမကျကာမှ တင်တင်ဝင်း(သုံး) ဖြစ်ရလေသည်တဲ့။ "အမေတို့များ ပေးစရာနာမည်ရှားလွန်းလို့
ဒီလောက်ပေါတဲ့ နာမည်ကိုမှ ပေးတတ်ပလေတယ်။ မကြီးကျတော့ ခင်ခင်ဝင်းတဲ့။ တကယ်ဆို ကျွန်မကို
ခင်ခင်လင်းလို့ ပေးလိုက်ပါတော့လား" ဟု သူမ မိခင်ကို မကျေမနပ်ရန်လုပ်တော့
"ဟဲ့ ညည်းက စနေသမီးမို့ တင်တင်ဝင်းလို့ မှည့်ထားတာ ပုတုမရဲ့၊ ဒါတောင် ငါမှည့်ပေးလို့ပေါ့။
ညည်းအဖေ သဘောဆို ညည်းကျောင်းနာမည်တောင် ပုတုမပဲ ဖြစ်ချင်ဖြစ်နေမှာ" တဲ့။ အမေတို့လုပ်ပုံများ
တင်တင်ဝင်း(သုံး) ဖြစ်နေရတာတောင် ကျေနပ်မဆုံး ဖြစ်ရမဲ့ပုံ။ အိမ်နာမည်ကျပြန်တော့ ပုတုမတဲ့။
ခင်ခင်ဝင်း၏ အိမ်နာမည် လုံးတုံးနှင့်စာလျှင် တော်ပေးသေးရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် တင်တင်ဝင်းကတော့ဖြင့်
တင်တင်ဝင်းဆိုသည့် နာမည်ကို မကြိုက်ရေးချမကြိုက်။
တင်တင်ဝင်း ငါးတန်းရောက်ပြန်တော့လည်း နာမည်တူ တင်တင်ဝင်း နှစ်ယောက်က
မခွဲမခွာ အတူလိုက်ပါလာကြပြန်တာမို့ တင်တင်ဝင်း(၃)ရာထူးက တက်မလာခဲ့။ အဲဒီကစလို့ ပုတုမခေါ်
တင်တင်ဝင်းသည် ကိုယ့်ဘ၀ကိုယ် စိတ်တိုင်းမကျဖြစ်လာခဲ့ခြင်း ဖြစ်လေသည်။ သို့ပေမယ့် သူမတို့
အိမ်နီးချင်းမောင်နှမနှစ်ယောက်ကိုမြင်တော့ သူ့အမေကို ကျေးဇူးတင်သင့်ပေသေး၏။ မောင်နှမနှစ်ယောက်ကို
ပေးထားသည့် နာမည်ကို ကြည့်ပါဦးတော့။ အစ်ကို မောင်ညွန့်နီ၊ နှမက မညွန့်နီတဲ့။ တကယ့်ကို
အံ့သြစရာ။ တစ်ယောက်ယောက်က ညွှန့်နီရေဟု လှမ်းခေါ်လိုက်တိုင်း သူတို့ မောင်နှမ ပြဿနာတက်လေ့ရှိ၏။
သူတို့ မောင်နှမ ပြဿနာတက်ရလွန်းသဖြင့် လူတွေက တမင်တကာလုပ်နေခြင်းလည်းပါ၏။ မောင်ညွန့်နီက
မညွန့်နီဆိုသည့် နာမည်ကိုမုန်းလွန်း၍ သူ့ကို ညွန့်နီခေါ်လျှင် ထူးပင်မထူးတော့။ ကျောင်းမှာ
စာရင်းမ၀င်ပေမယ့် သူ့နှမ မညွန့်နီခေါ်သည့် ကိုငယ်ဟူသော အမည်ကိုသာ သူ့နာမည်အဖြစ် မှတ်ယူခဲ့၏။
အကြောင်းသိသူငယ်ချင်းများက မောင်ညွန့်နီ ကျေနပ်စေလိုလျှင် ကိုငယ်ဟုသာ ခေါ်ကြရ၏။ ခုတော့
မောင်ညွန့်နီဆိုသည် တင်တင်ဝင်းတို့ အိမ်နီးနားချင်းကျောင်းသားလေးသည် တက္ကသိုလ်တစ်ခု၌
ဦးကိုကိုအောင် ဆိုသောအမည်ဖြင့် ကထိကတစ်ယောက် ဖြစ်နေလေပြီ။ သူ့စိတ်တိုင်းကျ ပြောင်းလဲလိုက်သော
နာမည်သစ်ဖြင့် စိတ်တိုင်းကျဘ၀တစ်ခုကို မောင်ညွန့်နီ ရရှိသွားခဲ့သည်ထင်ပါရဲ့။ မညွန့်နီကတော့
ကိုးတန်းနှစ်ကပင် အိမ်ထောင်ကျသွားခဲ့၏။
တင်တင်ဝင်းက သူမအပေါင်းအသင်း သူငယ်ချင်းတွေ ဘာဖြစ်နေကြသလဲဆိုသော
သတင်းကို အလွန်စိတ်ဝင်စားသူဖြစ်၏။ စာတော်လှသည်မဟုတ်ပေမယ့် မှတ်သားဥာဏ်ကောင်းသော တင်တင်ဝင်းက
အသိမိတ်ဆွေ ငယ်သူငယ်ချင်းများ၏နာမည်ကို ဘယ်လောက်နှစ်တွေကြာပါစေ မေ့လျော့ရောထွေးမသွားတတ်။
ပြီးခဲ့သည့်လက ပုဂ္ဂလိကဘဏ်တစ်ခု၌ သူမငယ်စဉ်က သိကျွမ်းခဲ့သော လူတစ်ယောက်ကို တင်တင်ဝင်း
ပြန်တွေ့ခဲ့၏။ ထိုပုဂ္ဂိုလ်က တင်တင်ဝင်းကို မမှတ်မိ။ သူမက ၀မ်းသာအားရ စတင်နှုတ်ဆက်မိပြီးမှ
ထိုလူက မသိသလိုလိုဖြစ်နေ၍ တင်တင်ဝင်း အတော်ကြီး မကျေမချမ်း ဖြစ်သွားရ၏။ တင်တင်ဝင်းကိုဖြင့်
အဲသလိုအချိုးတွေ မချိုးလေနှင့်။
"အောင်မယ် နင်က ငါ့ကိုတောင် မမှတ်မိတော့ဘူးပေါ့။ ငါ တောင်တွင်းကြီး၊
ရွှေအိုးကျောင်းက တင်တင်ဝင်းလေ၊ ငါ့အစ်မ ခင်ခင်ဝင်းကိုနင်ကြိုက်လို့ ခုံစောင်းထဲမှာ
နှင်းဆီပန်းတစ်ပွင့်လာပေးနေကြလေ။ ငါ့အစ်မ မသိအောင် ငါတောင် နှင်းဆီပန်း ခိုးထည့်ပေးရသေးတယ်။
ဒါတောင် နင် မမှတ်မိတော့ဘူးလား" နာမည်ကြီး ကုမ္ပဏီတစ်ခုမှာ မသေးလှသည့် ရာထူးနှင့်
အလုပ်လုပ်ကိုင်နေသူဖြစ်လျက် ငယ်ဘ၀ကို ဒီလောက် မေ့လျော့တတ်သူဆိုလျှင် အဲဒီလောက်တော့
ပြန်ပြောင်းပြောပြဖို့ လိုသည် မဟုတ်လား။ ရှစ်တန်းနှစ်က ကြိုက်ခဲ့ဖူးသည့် ကောင်မလေးတစ်ယောက်၏
နာမည်ကိုပင် စဉ်းစားမရဖြစ်နေတာ နည်းနည်းတော့ ညံ့ဖျင်းရာရောက်၏။ တင်တင်ဝင်းကဖြင့် ငယ်ဘ၀တွေကို
မှတ်မှတ်သားသား သတိရတတ်သူလေ။
ယခု တင်တင်ဝင်းနှင့် ငယ်ငယ်က တင်တင်ဝင်း သိပ်ကွာခြားလှသည်မဟုတ်။
သူမအကြိုက်တွေ အနည်းငယ် ပြောင်းလဲလာခဲ့တာပဲရှိ၏။ စိတ်ဓာတ်ရေးရာအားဖြင့်ပေါ့။ ငယ်ငယ်တုန်းက
သူမ နို့ဆီကြိုက်၏။ ထန်းလျက်ကြိုက်၏။ အခု ကော်ဖီမစ်ကြိုက်၏။ ၀က်သားပေါက်စီ ကြိုက်၏။
တင်တင်ဝင်း ငယ်စဉ်က နို့ဆီနှင့် နို့မှုန့်ကို အသေအလဲ ကြိုက်ခဲ့ဖူး၏။ အမေမသိအောင် နို့ဆီတွေ
ခိုးခိုးစားလွန်း၍ အရိုက်ခံရတာ အခါခါပေမယ့် အမှတ်မရှိခဲ့။ အမေက ရင်ကျပ်မှာစိုးလို့
ချောင်းစိုးမှာစိုးလို့ဟု ပြောပြောရိုက်တတ်သော်လည်း "အမေက သူ့နို့ဆီကို တော်တော်ကပ်စေးနှဲတာ"
ဟုသာ တင်တင်ဝင်း တွေးထင်မှတ်ယူခဲ့၏။ ထိုစဉ်က နို့ဆီ၀၀မစားရခြင်းအပေါ် တင်တင်ဝင်းခံစားချက်တွေက
ပြင်းထန်လှ၏။
ဘ၀၌ ကြီးကြီးမားမားထားခဲ့သည့် တင်တင်ဝင်း၏ ခိုင်မာပြတ်သားလှသော
ပထမဦးဆုံးရည်ရွယ်ချက်မှာ "တစ်နေ့ ငါကြီးလာရင် နို့ဆီတစ်ဘူးလုံး ၀ယ်စားပစ်မယ်"
ဟူသော ရည်ရွယ်ချက်ပင်ဖြစ်၏။ ထိုရည်ရွယ်ချက် ပြည့်မြောက်အောင်မြင်စေဖို့ သူမ မမေ့မလျော့
ကြိုးစားအားထုတ်ခဲ့၏။ တင်တင်ဝင်း ခြောက်တန်းနှစ်မှာ တတိယဆုရခဲ့သည့်အတွက် ပညာရည်ချွန်ဆုပေးပွဲ၌
ကြွေရည်သုတ်ထမင်းအုပ်ကလေးတစ်လုံးနှင့် ဆုကဒ်ပြားချီးမြှင့်ခံရ၏။ တင်တင်ဝင်း၏ ဆုပေးပွဲအခမ်းအနားသို့
အဖေနှင့်အမေ နှစ်ယောက်စလုံး အလုပ်မအား၍ မတက်ရောက်ခဲ့ပေ။ တင်တင်ဝင်းတစ်ဦးတည်း ဆုယူပြီးအပြန်
သူမ ရလာသည့်ဆုကို လမ်းထိပ်ကုန်စုံဆိုင်မှ နို့ဆီတစ်ဘူးနှင့် လဲယူခဲ့ပြီးမှ အိမ်ပြန်လာခဲ့၏။
အိမ်ပြန်ရောက်တော့ နို့ဆီတစ်ဘူးနှင့် တင်တင်ဝင်း ပျော်လိုက်သည့်ဖြစ်ခြင်း၊
အဖေနှုင့်အမေ အလုပ်ကပြန်လာတော့ တင်တင်ဝင်းက နို့ဆီဘူးနှင့် ဆုလက်မှတ်ကို ၀မ်းသာအားရ
တင်ပြလိုက်၏။ "ကြံကြံဖန်ဖန်အေ ညည်းတို့ကျောင်းကလည်း ဆုပေးတာ နို့ဆီဘူးတစ်ဘူး ပေးရတယ်လို့၊
တစ်ဘူးတည်းပဲလား" တင်တင်ဝင်းအမေက အံ့သြသင့်သွားဟန်။ အဖေကတော့ "ငါ့သမီး ဆန္ဒပြည့်ဝသွားတာပေါ့"
ဟုဆိုကာ ခပ်ပြုံးပြုံး။ တင်တင်ဝင်းကလည်း ပျော်ရွှင်မဆုံး တပြုံးပြုံး။ "အမေကလည်း
ဆုက ဆရာမတွေ စီစဉ်တာလေ။ သမီး နို့ဆီကြိုက်တာ ဆရာမတွေသိလို့ တမင်ဆုချတာနေမှာပေါ့"
အမေ ဘာမှမပြောတော့။ ထိုနေ့က ကိုယ်ပိုင်နို့ဆီတစ်ဘူးကို တစ်ဦးတည်း ပြိုင်ဘက်မရှိ စားခွင့်ရခဲ့သည့်
တင်တင်ဝင်း အတိုင်းမသိ ပျော်ရွှင်ခဲ့ဖူးလေသည်။
ကြွေရည်သုတ် ထမင်းအုပ်တစ်လုံး၏ တန်ဖိုးက နို့ဆီတစ်ဘူး တန်ဖိုးနှင့်
ညီမျှလိမ့်မည် မဟုတ်သော်လည်း တင်တင်ဝင်းကတော့ နို့ဆီတစ်ဘူးရသည့်အတွက်ပဲ ကျေနပ်ခဲ့၏။
ကိုယ်လုပ်ချင်သည့်အရာတစ်ခုကို လုပ်နိုင်ဖို့ အရှုံးနှင့်အမြတ် ညီမျှခြင်းတွေ တွက်မနေရတာက
တစ်ခါတစ်ခါ အရသာတစ်မျိုး မဟုတ်လား။ ငယ်စဉ်က တင်တင်ဝင်းဆိုသည့် ကလေးမလေးသည် ထိုမျှလောက်
ဥာဏ်ရည်ဥာဏ်သွေး တောက်ပြောင်ခဲ့သူဖြစ်လျက်။
တင်တင်ဝင်းဆိုသည့် နာမည်ကို ပိုင်ဆိုင်သော အမျိုးသမီးတို့မှာ
သိပ်ခေလှသူတို့မဟုတ်မှန်း တင်တင်ဝင်း အသက်အရွယ်ရလာမှ ပိုသိလာရသည်။ နိုင်ငံကျော်စာရေးဆရာမဂျူး၏
အမည်ရင်းသည် တင်တင်ဝင်းဖြစ်သည်တဲ့။ ပြီးတော့ ထိုတင်တင်ဝင်းသည် စာရေးဆရာမ ဖြစ်ရုံမက
ဆရာဝန်မလည်း ဖြစ်သေး၏။ ကြည့်စမ်း။ ဘယ်လောက်ဂုဏ်ယူအားကျဖို့ ကောင်းလိုက်ပါဘိသနည်း။ နောက်
စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း ဆိုတာ ရှိသေး၏။ မတင်ဝင်းဆိုတော့ တင်တင်ဝင်းထက်ပင် တင်တစ်လုံး
လျော့နေသေးသည်ပေါ့။ သို့ပေမယ့် ဒေါက်တာမတင်ဝင်းဆိုသည့် စာရေးဆရာမကြီးက သူမထက် အဆပေါင်း
ထောင်သောင်းမက ထူးချွန်ထက်မြက်သူ။
တင်တင်ဝင်းနှင့် ခင်မင်ရင်းနှီးသော သားဖွားနှင့်မီးယပ် အထူးကု
ဆရာဝန်မကြီး ဒေါ်တင်တင်ဝင်းဟာလည်း သူမနှင့် နာမည်တူပေပဲ။ သူမ တက္ကသိုလ်တက်စဉ်က သူမ သူငယ်ချင်း
စုစုနိုင်တို့ မေဂျာမှ ပါမောက္ခနာမည်မှာ ဒေါ်တင်တင်ဝင်းပင် ဖြစ်သည့်အတွက် ဆရာမကြီးကို
သူမ မြင်ဖူးအောင် သွားကြည့်ခဲ့ဖူး၏။ ကဲ… စဉ်းစားကြည့်စမ်းပါ။ သူမနှင့် နီးစပ်သိကျွမ်းသော
နေရာတွေမှာပင် တင်တင်ဝင်းတွေ ဒီလောက်ပေါက်မြောက်အောင်မြင်ခဲ့လျက် သူမကျမှ ခပ်ညံ့ညံ့
တင်တင်ဝင်း ဖြစ်ရချေ၏။ သူများတွေလို လှပ ဆန်းသစ်သော နာမည်မဟုတ်ဘဲ တင်တင်ဝင်း(သုံး)
ဖြစ်သည်အထိ ပေါများသော နာမည်တစ်ခုကို ပိုင်ဆိုင်ရသည့် တင်တင်ဝင်း၏ ခံစားချက်တွေထဲမှာ
ဒီနာမည်ကြောင့် ငါ ကံနိမ့်နေတာဟူသော တွေးထင်ခံစားမှု ပါခဲ့၏။
သူမနှင့်နာမည်တူ တင်တင်ဝင်းနှစ်ယောက်မှာလည်း သူမနှယ်ပင် သိပ်ပေါက်ရောက်မှု
မရှိခဲ့ကြ။ တင်တင်ဝင်း(တစ်)က ဆယ်တန်းနှစ်နှစ်ကျပြီး အိမ်ထောင်ကျသွား၏။ တစ်ယောက်က ဆယ်တန်းဖြေပြီး
ပြောင်းသွားသဖြင့် အဆက်အသွယ်မရှိတော့။ လွန်ခဲ့သည့်သုံးနှစ်လောက်က တင်တင်ဝင်း(နှစ်)
ကွယ်လွန်ကြောင်း နာရေးကြော်ငြာကို သူမ ဖတ်လိုက်ရသည်။ တင်တင်ဝင်း(တစ်)နှင့် တင်တင်ဝင်း(နှစ်)
အခြေအနေက သိပ်မဟန်လှ။ တင်တင်ဝင်း(သုံး)ကလည်း အားကျမခံ သူတို့နှယ်ပင် ဆယ်တန်းကို တစ်ခါဖြေလည်းမအောင်၊
နှစ်ခါဖြေလည်းမအောင်၊ သုံးခါဖြေတော့ ကျရှုံးပြန်၏။ တင်တင်ဝင်းစိတ်ဓာတ်တွေ ပျက်ပြားစပြုလာ၏။
တကယ်တော့ တင်တင်ဝင်း၏ အရင်းခံစိတ်ကိုက ခွန်မဲ့အားမဲ့ ယိုင်နဲ့နဲ့။ တင်တင်ဝင်းကို အားပေးခဲ့သူက
လုံးတုံးခေါ် ခင်ခင်ဝင်း ဖြစ်၏။
"ပုတုမ နင်ဆယ်တန်းမအောင်ရင်တော့ ငါ့လိုပဲဖြစ်မှာ။ စက်ချုပ်ချင်ချုပ်၊
မချုပ်ချင်ဈေးရောင်း ဒါပဲ လုပ်ရမှာ။ နင့်ဘ၀ကောင်းစားချင်ရင် နင် ကြိုးစားရမယ်။ တင်အောင်မိုး
နင့်ကိုထားခဲ့တာလည်း နင် ဆယ်တန်းမအောင်လို့ပဲဟာ"
ခင်ခင်ဝင်း စကားတွေကို သူမ အသေအချာတွေးကာ စဉ်းစားကြည့်လာမိ၏။
သူမရည်းစား ဆေးကျောင်းသား တင်အောင်မိုး သူမကို ပစ်ပယ်သွားရခြင်းအကြောင်း၌ သူမ မိဘတွေ
ဂုဏ်ဒြပ်မရှိတာအပြင် သူမ ဆယ်တန်းမအောင်တာလည်း ပါမည်။ ဒါပေမယ့် အဓိကကတော့ တင်အောင်မိုးဟာ
ကြိုက်ဈေးပေးဝယ်လိုက်နိုင်တဲ့ ယောက္ခမလောင်းတွေကြောင့် သူမကို စုံကန်သွားခဲ့တာပါ။ ခုတော့
တင်အောင်မိုးဟာ သူပိုင်အချိန်တွေကို ငွေနဲ့ အ၀ယ်ခံနေရတဲ့ ဆရာဝန်ကြီးတင်အောင်မိုး ဖြစ်နေခဲ့ရပြီ။
ဟိုအရင်က တင်တင်ဝင်းဆိုသည့် ကောင်မလေးတစ်ယောက်ကို တစ်နေ့ မိနစ်ခြောက်ဆယ်မက အချိန်ပေးခဲ့ဖူးသော
တင်အောင်မိုး၏ ယခုလက်ရှိ သုံးမိနစ်လောက် အချိန်သည်ပင် ငွေ ၁၅၀၀ ကျပ်အထက်မှာ တန်ဖိုးရှိသည်တဲ့။
လွတ်သည့်ငါးမို့ ကြီးသည်မထင်ပါ။ တင်အောင်မိုးအပေါ် စိတ်အနာကြီးနာခဲ့မိသော
တင်တင်ဝင်းသည် သူမ သေလုမျောပါး နေမကောင်းဖြစ်စေဦးတော့ တင်အောင်မိုးနှင့်မှ ဆေးကုရမည်ဆိုလျှင်
အသက်အသေခံမည်ဟု ဆုံးဖြတ်ချက်ချထားခဲ့၏။ ဒီတော့ တင်အောင်မိုးကို နာကြည်းစိတ်ဖြင့် တင်တင်ဝင်း
ဆယ်တန်းအောင်အောင် ကြိုးစားခဲ့၏။ ငါးကြိမ်မြောက်စာမေးပွဲကို ဖြေဆိုသည့်အခါမှာတော့ အောင်မြင်မှုကို
တင်တင်ဝင်း လက်ခံရရှိခဲ့သည်။ တင်တင်ဝင်း၏ဘ၀၌ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုကို ဖြစ်မြောက်ခဲ့ရလေပြီ။
ငယ်ရည်းစားတင်အောင်မိုး သူမကို စွန့်ပစ်သွားခဲ့သည့် ခံပြင်းဝမ်းနည်းစိတ်ဖြင့်
ဆရာဝန်တစ်ယောက်ကို သူမ ချက်ခြင်း လက်ထပ်ပစ်လိုက်ချင်၏။ အရင်ကတော့ သူမကိုယ်တိုင် ဆရာဝန်ဖြစ်ရလျှင်
သိပ်ကောင်းမှာပဲဟု တွေးခဲ့၏။ သို့ပေမယ့် တင်တင်ဝင်း၌ ဆရာဝန်ဖြစ်လောက်သည့် အရည်အချင်း
မရှိသလို ထိုအရည်အချင်းရှိလာဖို့လည်း ကြိုးစားလိုသည့် ဆန္ဒမရှိသည့်အတွက် ဖြစ်ချင်ရုံမျှနှင့်တော့
ဖြစ်မလာနိုင်ခဲ့။
ဖြစ်နိုင်ချေရှိသည့် ဆရာဝန်ကတော်ဖြစ်ချင်သော တင်တင်ဝင်း၏ အာသီသကတော့
ပျောက်ပျက်မသွားခဲ့။ မိန်းမတစ်ယောက်၏ ရုပ်ရည်လက္ခဏာနှင့် ပိုင်းဖြတ်ရမည်ဆိုလျှင်လည်း
တင်တင်ဝင်းမှာ ဆရာဝန်ကတော်ဖြစ်နိုင်သော ရုပ်ရည်ရှိသည်ပဲ။ အခြေအနေအရ တကယ်တမ်း တင်တင်ဝင်းချစ်မိသူမှာ
ဆေးကျောင်းသားမဟုတ်သလို ဆရာဝန်တစ်ယောက်လည်း မဟုတ်ခဲ့။ တင်တင်ဝင်းက အပြာရောင် ယူနီဖောင်းဝတ်
အစိုးရ၀န်ထမ်းအရာရှိတစ်ယောက်ကိုမှ ချစ်မိပြန်၏။ ကံတရားတွေ ဆန်းကျယ်လှပေ၏။ အဆုံးသတ်၌
တင်တင်ဝင်းလက်ထပ်ခဲ့ရသူက တင်အောင်မိုးမဟုတ်သလို အပြာရောင်ယူနီဖောင်းဝတ် အရာရှိလည်းမဟုတ်။
သူမ အိပ်မက်ပင် မမက်ခဲ့ဖူးသော ပုဆိုးတိုတိုဝတ်တတ်သည့် ၀ဖိုင့်ဖိုင့် စီးပွားရေးသမားတစ်ယောက်
ဖြစ်နေလေသည်။ ထိုယောက်ျား၏ ညာလက်ဖျံပေါ် စုတ်ထိုးထားသော "ဝေ" ဆိုသည့်စာလုံးက
သူမကို လှောင်ပြောင်သရော်နေသလိုလို။
ထိုစာလုံးနှင့်ပတ်သက်၌ တင်တင်ဝင်းက တစ်ခါတစ်ရံ အင်မတန် ရူးကြောင်ကြောင်နိုင်လှသော
ယောက်ျားတွေ၏ စိတ်ဓာတ်ကို ရယ်မောချင်ရုံထက် မပိုသော်လည်း သူမယောက်ျားအတွက်မူ အတော်စိတ်ရှုပ်နေရသော
စာလုံးဖြစ်နေ၏။ "ဒီစာလုံးကိုယ့်လက်ပေါ်က ပျက်မသွားနိုင်တော့ပေမယ့် သူကတော့ ကိုယ့်ရင်ထဲက
ထွက်သွားခဲ့တာ ကြာပါပြီ" ဟူသော စကားကို သူမနှင့် လက်ထပ်ပြီးကာစ ရက်တစ်ရက်မှာ သူမခင်ပွန်းသည်က
ကဗျာဆန်ဆန် ပြောခဲ့ဖူးသေး၏။
တင်တင်ဝင်းက သူမ၏ခင်ပွန်းကို ချစ်ခြင်းမေတ္တာတရားဖြင့် ရွေးချယ်ယူခဲ့ခြင်းမဟုတ်သော်လည်း
လူမြင်တင့်တယ်သည့် အိမ်ထောင်ရေးခရီး၌ အလိုက်သင့်မျောပါနိုင်ခဲ့သည်လေ။ ဘ၀ဆိုသည်မှာ ပြဌာန်းစာအုပ်တစ်အုပ်မဟုတ်သည့်အတွက်
ဘာမှမထူးဆန်းသော အသေးအဖွဲကိစ္စမျိုးဖြင့် သူမ ခင်ပွန်းသည်ကို သူမဘယ်အခါမှ ပြဿနာမလုပ်ပါ။
သေချာပဲ စဉ်းစားကြည့်ပါဦးတော့။ တင်တင်ဝင်း အသည်းနင့်အောင် ချစ်ခဲ့ဖူးသည့် ငယ်ရည်းစား
တင်အောင်မိုး။ အသည်းကွဲသည်ဆိုသော ခံစားမှုကို နားလည်သွားလောက်အောင် ရင်နင့်အမျှချစ်ခဲ့ရသူက
အပြာရောင် ယူနီဖောင်းဝတ် ပုဂ္ဂိုလ်တစ်ယောက်။ ဘ၀ဆိုတာ ကိုယ်လိုသလို ပုံသွင်းယူလို့ရသည့်
စက္ကူစ တစ်ခုမှ မဟုတ်ဘဲ။
"ဘ၀ဆိုတာ ဖြစ်ချင်သလိုဖြစ်နေတာပါ" ဟူသောစကားကို လက်ခံသည့်
သူငယ်ချင်းတစ်ယောက်နှင့်တော့ ခုချိန်ထိ တင်တင်ဝင်း အဆက်အသွယ်မပြတ်ခဲ့။ လှသန္တာဆိုသည့်
ထိုသူငယ်ချင်းမက "ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်သလို ဖန်တီးယူနိုင်ပါသည်" တဲ့။ တော်တော်လာသည့်
မိန်းမ။ လှသန္တာက တင်တင်ဝင်းလောက် မလှပေမယ့် တင်တင်ဝင်းထက် အစွမ်းအစပိုရှိတာ သေချာ၏။
စာပေးစာယူတက်နေသည့် ကျောင်းသူချင်းအတူတူ လှသန္တက သူ့ကို လုံးဝမသိခဲ့သည့် စက်မှုအင်ဂျီနီယာတစ်ယောက်ကို
အသေအလဲကြိုက်ကာ အမိအရ လက်ထပ်ယူနိုင်ခဲ့သူလေ။ လှသန္တာက မိန်းကလေးဈေးအပျက်ခံကာ စကြိုက်ခဲ့တာဆိုပေမယ့်
လှသန္တာယောက်ျားက လှသန္တာကို ချစ်လိုက်တာမှ တကယ့်ကို မြတ်မြတ်နိုးနိုး။ လှသန္တာ ကြိုးစားဖန်တီးခဲ့သည့်
အိမ်ထောင်ရေးက အဖုအထစ်မရှိ ချောမွေ့လှ၏။ ဒီလိုဆိုတော့လည်း လှသန္တာပြောခဲ့သည့်အတိုင်း
ဘ၀ဆိုတာ ဖြစ်ချင်သလို ဖြစ်လာနိုင်သည်ပဲပေါ့။
လှသန္တာလိုပင် အစွမ်းအစမသေးလှသည့် သူငယ်ချင်းမတစ်ဦးလည်း ရှိသေး၏။
မစိန်မြိုင်ဆိုသည့် ခပ်ရိုးရိုးနာမည်တစ်လုံးကို ပိုင်ဆိုင်ထားသော တင်တင်ဝင်း၏ သူငယ်ချင်းသည်
ယခုအချိန်အခါလို ပြည်ပထွက် အလုပ်လုပ်ကိုင်သူတို့ ပေါပေါများများမရှိသေးသော ခေတ်ကာလကတည်းက
နိုင်ငံခြားမှာ ပညာရပ်တစ်ခုခုသွားသင်မယ်။ အလုပ်လုပ်မယ်ဟု ရည်ရွယ်စိတ်ကူးခဲ့သူဖြစ်၏။
ထိုစဉ်ကတော့ မစိန်မြိုင်တစ်ယောက် ခင်မိုးအောင်ဆိုသည့် စာရူးပေရူးသူငယ်ချင်းနှင့်ပေါင်းကာ
အရူးထနေသည်ဟုသာ တင်တင်ဝင်းထင်မှတ်ခဲ့၏။ နိုင်ငံခြားမပြောနှင့် ရန်ကုန်မြို့တော်ကြီးသို့ပင်
တစ်ခါတစ်ခေါက်မှ မရောက်ဖူးခဲ့သော မစိန်မြိုင်ကို တင်တင်ဝင်း ဘယ်လိုမှ အထင်မကြီးနိုင်ခဲ့။
ခုတော့ မစိန်မြိုင်တစ်ယောက် ဂျပန်ပြည်မှာ အခြေကျနေလေပြီ။ တင်တင်ဝင်းကို
မစိန်မြိုင် ရန်ကုန်မှာ လာတွေ့စဉ်က စင်္ကာပူသွားမလို့ လာနှုတ်ဆက်တာဟု ဆိုခဲ့၏။ မစိန်မြိုင်က
ရာသီဥတုအေးနေ၍ အနွေးထည် ကောင်းကောင်းလိုကြောင်း ပြောသည့်အတွက် မစိန်မြိုင်အတွက် ကုတ်အင်္ကျ
ီနှစ်ထည် အမြန်ချုပ်ချုပ်ကာ လက်ဆောင်ပေးလိုက်သေး၏။ မစိန်မြိုင်အပေါ် ချစ်ခင်ကြင်နာစိတ်ဖြင့်
ပေးလိုက်သော အဲဒီအင်္ကျီလေးနှစ်ထည် ကျေးဇူးကြောင့် ဂျပန်ပြည်မှု မစိန်မြိုင် မကြာခဏပေးပို့တတ်သော
ဂျပန်ကီမိုနိုလုံချည်များ၊ အခြားတိုလီထွာလီပစ္စည်းများဖြင့် တင်တင်ဝင်း ဟန်ကျနေရပြီမဟုတ်လား။
တစ်လုံးဒန်ချိုင့်လေးထဲ၌ ထမင်းနှင့်ဟင်းကို ရောနှောထည့်လျက်
ကျောင်းတက်ရသည့် မစိန်မြိုင်တစ်ယောက် ဆယ်တန်းနှစ်ချင်းပေါက် အောင်ရုံလေးနှင့် ခုလောက်ထွန်းကား
အောင်မြင်သွားလိမ့်မည်ဟု တင်တင်ဝင်း မထင်မှတ်မိခဲ့။ ဘာပဲဖြစ်ဖြစ် ရိုးသားပွင့်လင်းသော
ငယ်သူငယ်ချင်းတစ်ယောက်၏ အောင်မြင်မှုအတွက် သူမ၀မ်းမြောက်ဂုဏ်ယူနိုင်လေသည်။ မစိန်မြိုင်နှယ်ပင်
ခင်မိုးအောင်ကလည်း ဘ၀၏အောင်လံတစ်ခုကို ၀ံ့ဝံ့ကြွားကြွား ဆုပ်ကိုင်နိုင်လေပြီ။ တင်တင်ဝင်းက
စာများများဖတ်ချင်သူ မဟုတ်သည့်အတွက် စာရေးဆရာမလုပ်ချင်နေသော ခင်မိုးအောင်နှင့် ပေါင်းသင်းဆက်ဆံမိစဉ်က
သိပ်စည်းဝါးမကိုက်လှ။ ခင်မိုးအောင် ပေးဖတ်သည့် လက်ရေးစာမူတို့ကို တင်တင်ဝင်း အားနာပါးနာနှင့်
ဖတ်ခဲ့ဖူး၏။
စာရေးဆရာမလုပ်မည်ဆိုသော ခင်မိုးအောင်အား "နင် ဒီလိုပဲ စာအုပ်တွေထဲမှာ
စာတွေလျှောက်ရေးနေတာနဲ့ စာရေးဆရာဖြစ်လာမှာလား။ နင့်အဒေါ်တွေ ရန်ကုန်မှာရှိသားပဲ။ အဲဒီမှာ
နင် စာရေးဆရာ သင်တန်းသွားတက်ပါလား။ အောင်မြင်ချင်တယ်ဆိုရင် ရန်ကုန်ကို သွားရတာပဲမဟုတ်ဘူးလား"
ဟု တင်တင်ဝင်းက ဆရာမကြီး လုပ်ခဲ့ဖူးသေး၏။ "စာရေးဆရာသင်တန်းဆိုတာ သီးသန့်မရှိဘူးဟ။
စာများများဖတ်။ များများရေး။ ဘယ်မှာနေနေ စာရေးဆရာလုပ်လို့ရတယ်။ အချိန်အတိုင်းအတာတစ်ခုတော့
စောင့်ရမှာပေါ့ဟာ။ တစ်နေ့ ငါ စာရေးဆရာမ ဖြစ်ကိုဖြစ်စေရမယ်။ နင့်ကို ငါ ကတိပေးတယ်အ၀င်း"
ဟု ခင်မိုးအောင်က ဆိုခဲ့လေသည်။
တင်တင်ဝင်း ဆယ်တန်းကို ပဉ္စမအကြိမ်မြောက် ဖြေဆိုအောင်မြင်ပြီး
ရန်ကုန်ပြောင်းလာတော့ ခင်မိုးအောင်နှင့် ကွဲသွားခဲ့၏။ သို့ပေမယ့် ခင်မိုးအောင်က သူမဆီ
စာတွေမကြာမကြာ ရေးပို့ခဲ့လေသည်။ စာရေးဆရာမဖြစ်ချင်သူမို့ပေလားမသိ။ ခင်မိုးအောင် ငယ်စဉ်ကလေးဘ၀ကတည်းက
စကားကြီးစကားကျယ်တွေ ပြောတတ်သလို စာကိုလည်း တဖွဲ့တနွဲ့ရေးတတ်လေသည်။ ခင်မိုးအောင် ရေးပို့လိုက်သော
စာများကို ဖတ်ရတိုင်း ခင်မိုးအောင်တစ်ယောက် သူမအနား စကားလာကပ်ပြောနေသလိုပင် ခံစားရလေသည်။
တစ်ခါက ခင်မိုးအောင် စာတစ်စောင်မှာ ရေးလိုက်သည့် စာတစ်ပိုဒ်ကို
တင်တင်ဝင်း မှတ်မိနေပါသေး၏။ "သူငယ်ချင်းတွေက ခုချိန်မှာတော့ ငါ့ကို ရူးကြောင်ကြောင်ပါဆိုပြီး
အထင်သေးကြတာပေါ့ဟာ။ နင့်ကိုခင်လို့ ပြောတာသိလား။ နင် စောင့်ကြည့်ပေါ့။ တစ်နေ့ကျရင်
ခင်မိုးအောင်က သူတို့နဲ့ ခင်ခဲ့ဖူးပါတယ်။ သူတို့နဲ့ သူငယ်ချင်းဖြစ်ခဲ့ဖူးပါတယ်လို့
ဂုဏ်ယူဝင့်ကြွား ပြောချင်လာစေရမယ်" တဲ့။ ခင်မိုးအောင်ဟာ အပြောနဲ့အလုပ် ညီခဲ့သူပဲ။
ခုဆို ခင်မိုးအောင်ဟာ မဂ္ဂဇင်း ၀တ္ထုတို၊ ရှည် ရေးသည့် စာရေးဆရာဘ၀မှ လုံးချင်းဝတ္ထုများ
အဆတ်မပြတ် ထုတ်ခွင့်ရနေသည့် အောင်မြင်ထင်ရှားသော စာရေးဆရာမတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့လေပြီ။
တောင်တွင်းကြီးက ခင်မိုးအောင်ဆိုသည့် မိန်းကလေးတစ်ယောက်အကြောင်းကို တင်တင်ဝင်း အပါအ၀င်
ခင်မင်သိကျွမ်းခဲ့ဖူးသူ အားလုံးက ၀မ်းသာအားရ ထည့်သွင်း ပြောဆိုနေကြပြီ မဟုတ်လား။
ဘ၀၏ အောင်လံတစ်ခုကို ကိုယ်တိုင်စိတ်တိုင်းကျ ပွေ့ပိုက်ထားနိုင်သည့်
လူတစ်ယောက်ဖြစ်ဖို့ဆိုတာ ဖြောင့်မတ်သောစိတ်ထားနှင့် မှန်ကန်သော နည်းလမ်းတစ်ခုကို အမိအရ
ရွေးချယ်အသုံးချတတ်ဖို့က အရေးကြီးသည် မဟုတ်လား။ တင်တင်ဝင်းကတော့ ဘ၀မှာ နေပျော်ပါပြီဟု
မပြောနိုင်သလို ဘယ်လိုဘ၀မျိုးမှာ သူမ,ကျေနပ်မှာလဲဆိုတာ သူမကိုယ်တိုင် ပြဌာန်းချက်လည်း
ထုတ်မထားခဲ့။ သူမ ပိုင်ဆိုင်ချင်သည့် ဘ၀အစစ်အမှန်ကိုလည်း ပုံဖော်မကြည့်ခဲ့ဖူးပါ။ စီးပွားရှာတတ်သော
ယောက်ျားကောင်းတစ်ယောက်၏ ဇနီးသည်အဖြစ် အတော်အတန်ထည်ဝါသော နေရာတစ်ခုမှာတော့ သူမ ရောက်နေခဲ့ပြီ။
သားတစ်ယောက်နှင့် သမီးနှစ်ယောက်၏ မိခင်အဖြစ် မိန်းမတစ်ယောက်၏ မိခင်တာဝန်လည်း ကျေသင့်သလောက်
ကျေခဲ့ပြီ။
အံ့သြစရာကောင်းသည်က သူမနေထိုင်ရသည့် ဘ၀အပေါ် သူမ အလုံးစုံကျေနပ်မှု
မရှိနိုင်ခဲ့။ ခင်ပွန်းသည်နှင့် သားသမီးသုံးယောက်၏ ဝေယျာဝစ္စတွေကြားမှာသာ အချိန်ကုန်နေရသည့်ဘ၀။
တင်တင်ဝင်းဘ၀ကို သက်တောင့်သက်သာ ဘ၀ဟု အများတကာ ထင်မှတ်နေကြသည်လားတော့ မသိ။ သူမကတော့
သက်တောင့်သက်သာဟု ထင်မှတ်နိုင်သည့်ဘ၀ထဲမှာ မသက်မသာဖြစ်နေရသူ။ သူမပတ်ဝန်းကျင်က ဘ၀တွေနှင့်
ယှဉ်ထိုးကြည့်လျှင်တော့ မဆိုးသည့်အခြေအနေ အထက်မှာဟုပင် ပြောရပေမည်ပေါ့။
တင်တင်ဝင်း၏ အချစ်ဆုံး သူငယ်ချင်းဖြစ်ခဲ့ဖူးသူ ခိုင်ခိုင်မွှေး၏
ဘ၀ဖြစ်စဉ်ကိုပဲ ကြည့်ပါဦးတော့။ ဒီလောက် လှပချောမွေ့သည့် ခိုင်ခိုင်မွှေး ဘ၀ ခုလောက်ကြမ်းတမ်းရလိမ့်မည်ဟု
သူမ ဘယ်လိုမှ မထင်မှတ်ခဲ့။ ခိုင်ခိုင်မွှေးအလှက မိန်းမချင်းပင် နှစ်ခါပြန်ငေးကြည့်ချင်စရာ
ကောင်းလောက်အောင် ရှုချင့်စဖွယ်။ ဒီအလှကြောင့်ပင် ခိုင်ခိုင်မွှေးကိုယ်တိုင်က လူတကာ
ငေးမောကြည့်ချင်တတ်ကြသည့် ရုပ်ရှင်မင်းသမီးဖြစ်ချင်ခဲ့တာပေါ့။ ခိုင်ခိုင်မွှေး ဖြစ်လာခဲ့တာက
မထင်မရှား အနုပညာသည်တစ်ယောက်၏ အိမ်ထောင်စုစာရင်းမ၀င်သော မိန်းမ။ ခိုင်ခိုင်မွှေး ယုံစားအားကိုးမိသည့်
ထိုယောက်ျားက နာမည်သာမက လူပါ တိမ်မြုပ်ပျောက်ကွယ်ခဲ့ရပြီမို့ ခိုင်ခိုင်မွှေးတစ်ယောက်
သောကဒုက္ခ ထုလိုက်ထည်လိုက် ပွေ့ပိုက်ကျန်ရစ်ရလေပြီ။ ခိုင်ခိုင်မွှေးမှာ ခင်မိုးအောင်လိုပင်
မျှော်လင့်ချက်ကောင်းကောင်းရှိခဲ့ပါလျက် သူ့ကျမှ ဘာကြောင့် ကံဆိုးမိုးမှောင် ကျခဲ့ရသနည်း။
ခိုင်ခိုင်မွှေးနှင့်ယှဉ်တော့ ကြည်ကြည်အုန်းက သာပေသေး၏။ ကြည်ကြည်အုန်းကတော့
ခိုင်ခိုင်မွှေးလို သိမ်မွေ့အေးဆေးသူမဟုတ်။ အင်မတန်စွာသည့် မဟုတ်မခံ ဆတ်ဆတ်ကြဲမ။ စကားပြောလည်း
ကောင်းသူ ဖြစ်၏။ စကားပြောလျှင် ကြည်ကြည်အုန်းဆိုသည့် သူ့နာမည်ကို ထည့်ပြောရင်း မြန်လွန်းသဖြင့်
ကျုံးက၊ ကျုံးကနှင့် ဖြစ်နေတတ်သူ။ "အ၀င်းရယ် စာမေးပွဲကျတာများ အားငယ်မနေစမ်းပါနဲ့။
ဒီနှစ်မအောင် နောက်နှစ်အောင်မှာပေါ့၊ ကျုံးလည်း စာမေးပွဲသာအောင်တာ အ၀င်းထက်ပိုတော်လို့
မဟုတ်ဘူး" သူမ စာမေးပွဲကျ၍ ၀မ်းနည်းအားငယ်နေချိန်မှာ ကြည်ကြည်အုန်း လာရောက်နှစ်သိမ့်ခဲ့၏။
"သိလား အ၀င်း၊ ကျုံးကလေ အရာရှိမကြီး ဖြစ်ရင်လည်း အ၀င်းကို မေ့မသွားဘူး။ ကျုံးက
ကားကို ကိုယ်တိုင်မောင်းပြီး ရုံးတက်ချင်တာ။ ကျုံးအရာရှိကြီးဖြစ်ရင် မာဇဒါဂျစ်ကားတစ်စီးတော့
ဌာနကရမှာပေါ့ဟာ" ဟု ငယ်စဉ်ကတည်းက ပြောခဲ့ဖူးသူ။
အဲဒီလို မျှော်လင့်ရည်ရွယ်ခဲ့ဖူးသည့် ကြည်ကြည်အုန်းသည် ခုတော့
သူမတို့ မြို့နယ်ဈေးထဲမှာ ကြက်သားသည် လုပ်နေရသည်တဲ့။ ကြည်ကြည်အုန်းကို ပြန်တွေ့ရတော့
သူမ ၀မ်းသာဝမ်းနည်း ဖြစ်လိုက်ရတာ။ ကြည်ကြည်အုန်းက "အ၀င်း" ဟု သူမကို ခေါ်မြဲအတိုင်း
လှမ်းခေါ်ကာ စတင် နှုတ်ဆက်ခဲ့ခြင်းဖြစ်၏။ ဒီလိုနေရာမျိုးမှာ ကြည်ကြည်အုန်းနှင့် ပြန်ဆုံတွေ့ရလိမ့်မည်ဟု
သူမရော ကြည်ကြည်အုန်းပါ ထင်မှတ်ထားခဲ့လိမ့်မည်မဟုတ်။ ထိုနေ့က အိမ်စရိတ်တွေ အကုန်အကျများလွန်း၍
ချွေတာသုံးမည်ဟု ဆုံးဖြတ်ကာ အသားငါးတန်းထဲ၌ ဟိုဟာဝယ်ရကောင်းနိုးနိုး ဒီဟာဝယ်ရ ကောင်းနိုးနိုး
လုပ်ကာ ချာချာလည်နေသော တင်တင်ဝင်းတစ်ယောက် ကြည်ကြည်အုန်း ကောင်းမှုဖြင့် ကြက်သားဟင်း
အလကား စားခဲ့ရသည်။
"၀မ်းသာလိုက်တာ အ၀င်းရယ်၊ အ၀င်းက တအားဝလာတော့ ရုပ်ကို မနည်းဖမ်းယူရတယ်။
သူငယ်ချင်းတွေကို ကျုံးဖြင့် လွမ်းလိုက်တာ။ ကျုံးက ဈေးသည်လုပ်နေရတော့ မျက်နှာငယ်ပါတယ်။
အ၀င်းအိမ်ထောင်ကျသွားတာ ခင်မိုးအောင်ပြောလို့သိတာ။ မိမိုးက မာနမကြီးဘူး အရင်အတိုင်းဘဲ။
အ၀င်း စာဖတ်ဖြစ်လား။ ဒီလထွက်တဲ့ သူ့ဝတ္ထုအသစ်လေ။ ကောင်းလိုက်တာဟယ်။ သူ့စာအုပ်တွေဖတ်နေတာ
ကြာပြီ။ သူမှန်းမသိဘူး။ ဟိုးတစ်နှစ်က တောင်တွင်းခဏပြန်သွားမှ သိရတာ။ ဈေးသည်မို့ အထင်တော့
မသေးနဲ့နော်။ ကျုံးကတော့ ၀တ္ထုဆို ဘာဖတ်သလဲ မမေးနဲ့။ ခေတ်နဲ့ မျက်ခြေပြတ်မခံဘူး။ သြော်
ပြောရဦးမယ် အ၀င်းရေ၊ ပြီးခဲ့တဲ့ လကပဲ ကျုံးယောက်ျားနေမကောင်းဖြစ်လို့ ဆေးခန်းသွားပြတာ။
ကိုတင်အောင်မိုးကြီး ထိုင်တဲ့ ဆေးခန်းဖြစ်နေတာတော်။ အ၀င်းနဲ့ ကျုံး ဆယ်တန်းတစ်နှစ်လုံး
ဒီလောက်တွဲတာတောင် သူက ကျုံးကို မေ့ချင်သေးတယ်။ အ၀င်းနာမည်ပြောမှ သိသလို လုပ်လိုက်တာရှင့်။
အလကားပါအေ။ သိတော့လည်း စမ်းသပ်ခက ဒီလောက်ဒီလောက်ပါပဲ။ ကျုံးတို့လို ဟောဒီလိုပစ်ခတ်ပြီး
အပိုအဆစ်လေးမှ ပေးလို့မရရှာဘူးကိုး ဟင်းဟင်း။ ဂုဏ်ချင်းကတော့ ဆီနဲ့ရေပေါ့ အ၀င်းရယ်။
ကျုံးတို့က ဈေးသည်ဆိုတော့ အားငယ်ရပါတယ်။ နေ…နေ အ၀င်း ဒီနေ့ ပိုက်ဆံမပေးနဲ့။ နောက်ဈေးလာရင်
ကျုံးတို့ ဆိုင် ၀င်ခဲ့ဦးနော်။ အ၀င်းအတွက် စပယ်ရှယ် ဖြစ်စေရမယ်။
ကြက်သားခုတ်ရင်း စကားတွေ တရစပ် ပြောနေသည့် ကြည်ကြည်အုန်း စကားသံတွေ
ရွှန်းရွှန်းဝေနေသလို ဓါးမကိုင်ထားသည့် ညာဘက်လက်ကောက်ဝတ်၌ ဘယ်နှစ်ကွင်းမှန်းမသိသည့် ရွှေလက်ကောက်သံတွေကလည်း
ရွှမ်းရွှမ်းဝေနေလေ၏။ ကဲ ကြည့်စမ်းပါဦး။ အဲဒီသူငယ်ချင်းမဟာ မာဇဒါဂျစ်ကားလက်ကိုင်ခွေပေါ်ကို
ခပ်မိန့်မိန့်လက်တင်လို့ ကားမောင်းရုံးတက်ချင်ခဲ့ဖူးသူတဲ့။ ဘ၀တွေက အကွေ့အကောက် အလှည့်အပြောင်းများစွာနှင့်
တကယ့်ကို မယုံကြည်ချင်စရာ။ သင်ခန်းစာယူချင်စရာ။
ခင်မိုးအောင်၏ အုပ်သုံးဆယ်မြောက် လုံးချင်းဝတ္ထုထွက်သည့် အထိမ်းအမှတ်
ညစာစားပွဲသို့ တင်တင်ဝင်း တက်ရောက်ခဲ့ရ၏။ ထိုပွဲ၌ ငယ်သူငယ်ချင်းတော်တော်များများကို
ပြန်လည်တွေ့ဆုံခဲ့ရ၏။ တင်တင်ဝင်းနှင့် သိကျွမ်းခဲ့ဖူးသူတို့ချည်းမဟုတ်ပေမယ့် တစ်မြို့တည်းနေဖူးသူတွေ
များတာကြောင့် အားလုံးနှင့် မျက်နှာမစိမ်းလှ။ ခင်မိုးအောင်က တောင်တွင်းကြီးသူစစ်စစ်
ဖြစ်သည့်အတွက် လာရောက်သမျှ ပရိသတ်က တောင်တွင်းကြီးဆက်တွေ များလေ၏။ တင်တင်ဝင်းမှာလည်း
အသက် နှစ်ဆယ်ကျော်မှ တောင်တွင်းကြီးက ထွက်ခွာခဲ့သူမို့ ခင်မိုးအောင်မိတ်ဆွေများနှင့်
မျက်မှန်းတန်းမိသူများ၏။
အသက် လေးဆယ်တန်းမှာ လူတွေ၏ ခန္ဓာကိုယ်အချိုးအစားတွေက သိသိသာသာ
ပြောင်းလဲသွားတတ်တာကြောင့် ရုတ်တရက်ဘယ်သူဘယ်ဝါရယ် မမှတ်မိ။ ခင်မိုးအောင်က နာမည်တပ်မိတ်ဆက်ပေးကာမှ
မျက်နှာသေချာကြည့်ကာ မှတ်မိသွားကြ၏။ ကိုယ်ကသူ့ကို မသိသလို၊ သူကလည်း ကိုယ့်ကိုမသိသူတွေ
ပါသေး၏။ တင်တင်ဝင်းဆိုသည့်မိန်းမကလည်း အရင်က ဘာမှမဟုတ်ခဲ့သလို ခုလည်း ဘာမှဟုတ်သူမှ
မဟုတ်ပေပဲ။ ဆယ်တန်းအထိ ရွှေအိုးကျောင်းမှာနေဖူးသူ ခပ်များများကတော့ တင်တင်ဝင်းကို သိကြလေ၏။
တင်တင်ဝင်းဆိုသူမှာ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ကျော်ကာလက လှတယ်ဟူသော ဂုဏ်ပုဒ်တစ်ခုဖြင့်
စန်းပွင့်ခဲ့သူမဟုတ်လား။
လေးငါးတန်းအရွယ်မှစ၍ ဆယ်တန်းနှစ်ကျဘ၀အထိ ရည်းစားစာ တစ်ပုံတစ်ပင်ဖြင့်
အလုပ်ဖြစ်ခဲ့သူလေ။ ဒီတော့ "ရွှေအိုးကျောင်းက တင်တင်ဝင်းလေ" ဟု ဆိုလိုက်လျှင်ပင်
အားလုံးက "သြော်… ဟုတ်သားပဲ မှတ်မိပြီ၊ မှတ်မိပြီ မတင်တင်ဝင်းကိုး" ဟု ပြုံးလျက်ဆိုနိုင်ကြလေ၏။
ဒီလောက်နှင့် မလုံလောက်ဘူးဆိုလျှင် "အောင်သုခ ကျူရှင်က တင်တင်ဝင်း" ဟု ထပ်ပြောလိုက်က
တင်တင်ဝင်းကို မှတ်မိသွားကြသည်ချည်း။
မိန်းမတစ်ယောက်ရဲ့ဘ၀မှာ ဘာတစ်ခုမှ ထူးထူးခြားခြား အောင်မြင်မှုမရခဲ့တာတောင်
ရှေးကံတရားကပေးသည့် ရုပ်အလှလေးက တင်တင်ဝင်းအတွက် အမှတ်တရ သင်္ကေတတစ်ခုအဖြစ် ကျန်ရစ်သေးသည်နော်။
အခု တင်တင်ဝင်းနှင့် အရင်တုန်းက တင်တင်ဝင်း တခြား တစ်ဘာသာစီ။ ငယ်စဉ်က ပြည့်တင်းဝင်းပစွာ
ချောမွေ့ခဲ့သည့်မျက်နှာက ၀ပြဲဖောင်းကားလာသော အသားများကြောင့် မျက်နှာပေါက်လှတယ်ဟု ဘယ်လိုမှ
သတ်မှတ်ဖို့မရှိတော့။ ချွန်မြသော နှာတံစင်းစင်းလေးက ပါးမို့များတက်၍ ဖောင်းကားနေသော
မျက်နှာနှင့်မလိုက်ဖက်စွာ သေးငယ်နေ၏။ ယခင်က ၀ိုင်းစက်ကြည်လဲ့ခဲ့ဖူးသော မျက်ဝန်းအစုံကလည်း
မလိုလားအပ်သော မျက်ခွံသားမို့မို့တို့ ပိတ်ကာတားဆီးမှုကြောင့် မှေးစင်းစင်း ဖြစ်လျက်။
ပေါင် ၁၆၀ကျော် ခန္ဓာကိုယ်က ငါးပေသုံးလက်မအရပ်နှင့် မလိုက်ဖက်တော့သည့်အတွက်
အရပ်မပုခဲ့သော တင်တင်ဝင်းသည် အရပ်ပုပုမိန်းမတစ်ယောက်နှယ် ပုတိုတို ဖြစ်နေလေပြီ။ တင်တင်ဝင်းထံ၌
မပျက်မပြယ် ချစ်စဖွယ်ကျန်သေးတာဆိုလို့ ပါးချိုင့်ခွက်ခွက်လေးတစ်စုံသာ ရှိတော့၏။ ပါးချိုင့်ဆိုတာကလည်း
နူးညံ့ပြည့်တင်းသည့် ပါးပြင်၌သာ ချစ်မြတ်နိုးဖွယ်ကောင်းစွာ အရာထင်းလင်း လှပနေတာမျိုးပါ။
လည်ဂုတ်သားတွေ ခုံးထမို့လျက် ဗိုက်ပူခါးတုတ် ပုံပျက်ပန်းပျက်ဖြစ်နေသော တင်တင်ဝင်း၏
လှပခဲ့ဖူးသော ပါးချိုင့်လေးတစ်စုံအပေါ် စိတ်ဝင်တစား ငေးကြည့်ချင်သူတို့လည်း ရှိလိမ့်မည်မဟုတ်တော့။
ကိုယ့်ကိုကိုယ် ပြန်မဆင်ခြင်မိစဉ်ကာလတွေကတော့ တစ်စတစ်စနှင့်
အသားတွေပိုများလာသော ခန္ဓာကိုယ်ကို မေ့လျော့မိလျက် သူမကို မမှတ်မိဘူးဆိုလျှင် စိတ်ဆိုးလိုက်ချင်သေး၏။
ဆယ်တန်းရောက်နေသည့် သားကြီးက "မေမေ အရင်ကတော်တော်လှတယ်ဆို၊ တကယ်ဟုတ်လို့လား"
ဟု စနောက်လျှင်ပင် "ယခုတော့ ပုံဆိုးကြီးပေါ့" ဟု ပြောခံရသလို နာတတ်သေး၏။
ဓာတ်ပုံဝါသနာမပါခဲ့၍ ငယ်နုစဉ်က လှလှပပ ဓာတ်ပုံ များများစား ရိုက်မထားမိတာ မှားတာပဲဟု
နောင်တရမိ၏။ ခင်မိုးအောင်ပွဲ၌ ပြန်ဆုံရသော သူမနှင့်ရွယ်တူ အပေါင်းအသင်းတွေထဲမှာ သူမလောက်
ပုံပျက်ပန်းပျက် ဖြစ်နေသူ မရှိသလောက်ပင်။
အိမ်ထောင်ရှင်မ ဖြစ်သော်လည်း အလုပ်အကိုင်တစ်ဖက်နှင့် တာဝန်ကြီးကြီးယူထားရသူတွေက
ပေါ့ပါးသွက်လက်စွာ ရှိနေကြပြီး သူမလိုပင် အိမ်ထဲမှာ အငြိမ့်သားထိုင်နေရသူတွေကမူ ရောဂါပေါင်းသောင်းခြောက်ထောင်ကို
အပြန်အလှန် ညည်းညူနေကြသူတွေချည်း။ သူမ ကြားရသမျှ ပြောမိသမျှ အကြောင်းအရာများ၌ သွေးတိုးခြင်း၊
နှလုံးလမ်းကြောင်းကျဉ်းခြင်း၊ ကျယ်ခြင်း၊ ဘာအလုပ်မှ မလုပ်မကိုင်ဘဲ အလိုလိုနေရင်း မောမောနေခြင်း၊
စားကောင်းသောက်ဖွယ်များ စားသောက်ပြီးနောက် မရှူနိုင်မကယ်နိုင် မအီမသာဖြစ်ရခြင်းနှင့်
ကိုယ်ဝန်ဆောင်တားဆေးများ၏ တုန့်ပြန် သတ္တိပြခြင်း စသော ရောဂါများသာ ခပ်များများ ပါဝင်လေသည်။
အသက်လေးဆယ်ကျော် ငါးဆယ်နီးသည့်တိုင် ခန္ဓာကိုယ်အချိုးအစားမပျက်
ကျန်းမာသွက်လက်စွာ အလုပ်လုပ်ကိုင်နေကြသော အမျိုးသမီးများက လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့၊
လမ်းလျှောက်ဖို့ အစားအသောက်ကို ထိန်းသိမ်းဆင်ခြင်ကာ စားသောက်ဖို့သာ တညီတညွတ်တည်း ပြောလာကြတော့
တင်တင်ဝင်းတစ်ယောက် ဖြစ်ချင်သလိုဖြစ် ပစ်ထားခဲ့မိသော ခန္ဓာကိုယ်အတွက် အရှက်ပိုမိသလိုလို။
အသက် ၄၂ နှစ်ဆိုသော အရွယ်က ဘ၀မှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်လုပ်ကိုင်၍
ကောင်းသောအရွယ်ဖြစ်မှန်း ခင်မိုးအောင်၏မိတ်ဆွေ အပေါင်းအသင်းတွေကိုမြင်မှ တင်တင်ဝင်း
သိနားလည်လိုက်ရသည်။ တင်တင်ဝင်းကတော့ဖြင့် ဘ၀ဟာ ဘယ်လောက်ကြာရှည်လို့လဲ။ မသေခင် ဘ၀တိုလေးထဲမှာ
စားချင်သလိုစားမယ်။ စိတ်လိုလက်ရရှိလျှင် လုပ်မယ်ဟု ခံယူထားခဲ့တာ။ ဖြစ်ချင်ရာဖြစ် လုပ်ချင်ရာလုပ်တော့
ရလဒ်ကဘာလဲ။ ဘယ်နေရာမှာမှ အထိန်းအကွပ်မရှိ နေချင်သလိုနေထိုင်တတ်ခဲ့တာ အကျင့်ကစွဲလျက်
ဟောဒီပရမ်းပတာ ခန္ဓာကိုယ်ကြီး ပိုင်ရှင်ဖြစ်ခဲ့ရခြင်းက သက်သေခံ ရလဒ်အဖြစ် ပြခဲ့ပြီ။
အများအထင်ကြီးလေးစားစရာနေရာတစ်ခုမှာ ဂုဏ်ကျက်သရေ တင့်တယ်စွာ
ရောက်ရှိနေကြသူတွေကိုမြင်တိုင်း သူမဘ၀ကို သူမ မကျေနပ်စိတ်ဖြင့် ငေးမောအားကျခဲ့သည်မှာ
နှစ်ပေါင်းနှစ်ဆယ်ကျော်ခဲ့ပြီ။ အားကျချင်စရာကောင်းလောက်သည့် ပုဂ္ဂိုလ်တို့၏ လှုပ်ရှားမှုတိုင်းမှာ
ကြိုးစားအားထုတ်မှုတွေ အစဉ်အမြဲတွဲပါနေတာကို သူမ မကြည့်မြင်တတ်ခဲ့။ တင်တင်ဝင်းအဖြစ်က
"ငါ့မှာ ဂုဏ်ဒြပ်မရှိခဲ့လို့" ဟူသော နာကြည်းစိတ်ဖြင့် ကံကိုပုံချလျက် ဘ၀ရေစီးကြောင်းထဲမှာ
မျှော်လင့်ချက်ကင်းစွာ စီးမျောနေရတဲ့ သစ်ရွက်ခြောက်တစ်ခုထက် ဘာမှပိုမထူးခြား။
ရည်ရွယ်ချက်၊ မျှော်လင့်ချက်မဲ့စွာ သူမ နေထိုင်ခဲ့တာ နှစ်ပေါင်းနှစ်ဆယ်မကတော့။
ဘာကိုမှ မကြည့်နှင့်။ တရားလေးအေးအေးချမ်းချမ်း အားထုတ်နိုင်ဖို့ သားသမီးတွေရဲ့အနာဂတ်ကို
လှလှပပ ဖန်တီးပေးနိုင်ဖို့ မိမိခန္ဓာကိုယ်လေးတစ်ခုကိုပင် ကြိုးစားအားထုတ်လိုသည့်စိတ်ဖြင့်
ပြုပြင်ပေးနိုင်စွမ်းမရှိခဲ့။ "တင်တင်၊ မင်း မှန်ရောကြည့်ဖြစ်ရဲ့လား၊ မှန်မကြည့်ဖြစ်ရင်လည်း
ပေါင်ချိန်စက်တစ်လုံးလောက် ၀ယ်ထားဦး" ဟု သူမ ခင်ပွန်းသည်က သတိပေးသောအခါ ဒေါသတကြီး
အမျက်သိုလျက် "ရှင် မယားငယ်ယူချင်ရင် ယူလို့ရတယ်။ သူများကို မပုပ်ခတ်နဲ့။ မယားငယ်
ယူတယ်ဆိုလည်း အိမ်ကပစ္စည်း ဘာတစ်ခုမှ ယူသွားဖို့ မစဉ်းစားနဲ့။ ကျွန်မနဲ့ မပေါင်းချင်တော့ရင်
သွားချင်တဲ့နေရာ သွားလို့ရတယ်" ဟု ပြန်ပြောတတ်ခဲ့သည့် မိန်းမ။
ကြည့်ပါဦးတော့။ တင်တင်ဝင်းတစ်ယောက် ဘယ်လောက်များ တရားနည်းလမ်း
မကျလိုက်သလဲဆိုတာ။ ၀ဖိုင့်ဖိုင့် ခန္ဓာကိုယ်နှင့် နှစ်ပေါင်းနှစ်ဆယ်နီးနီး ပေါင်းခဲ့သည့်
ခင်ပွန်းသည်ကိုကြည့်ရင်း တစ်ခါတစ်ရံ၌ ဟိုတုန်းက ငယ်ချစ်ဟောင်း၏ စွဲမက်ဖွယ်ရုပ်ပုံလွှာကို
မြင်ယောင်သွားမိသေးလျှင် သူကရော သူ၏ ဇနီးသည်ကို ရှုချင့်စဖွယ် တင့်တယ်သော ကိုယ်နေဟန်ထားဖြင့်
မြင်တွေ့ချင်တာ အဆန်းလား။
တင်တင်ဝင်းတစ်ယောက် ခင်မိုးအောင် နေရာချထားပေးသည့် နေရာလေးမှာထိုင်ရင်း
ရောက်လာသမျှ ဧည့်သည်များကို ငေးမောတွေးတောရင်း မျက်စိကစားနေခဲ့မိ၏။ "ဟေး၊ အ၀င်း
လာပါဦးကွ၊ ထိုင်ရာကကို ထမလာဘူး" မော်ဒယ်မလေးတစ်ယောက်လို နုပျိုသွက်လက်ပေါ့ပါးနေသော
အပျိုကြီးမမ ခင်မိုးအောင်က လှမ်းခေါ်နေ၍ သူမ လှည့်ကြည့်လိုက်မိ၏။ သူမ ထိုင်နေသည့် စားပွဲနှင့်
မျက်စောင်းထိုးစားပွဲမှာရှိနေသူက ခင်မိုးအောင်နှင့် အမျိုးသမီးလှလှ တစ်ယောက်။ မင်းသမီးတစ်ယောက်လေလားဟု
ထင်မှတ်ရလောက်အောင် ခေတ်မီလှပစွာ ၀တ်စားပြင်ဆင်ထားသူ။ စားပွဲခုံပေါ်လက်ထောက်အားပြုလျက်
သူမ ထရပ်လိုက်မိ၏။
"ဒီမှာ အစ်ကိုကြီးတင်အောင်မိုး အမျိုးသမီး
မမေနှင်းဆီလေ၊ မှတ်မိလား" ခင်မိုးအောင်အပြောကြောင့် သူမ မယုံကြည်နိုင်စွာ အံ့သြမှင်သက်သွားမိလေ၏။
ပြီးမှ "မှတ်မိပြီ၊ မှတ်မိပြီ" ဟု ကမန်းကတန်းဆိုကာ ခေါင်းညိမ့်ပြုံးပြလိုက်မိ၏။
မေနှင်းဆီ။ သူမတို့အတွက်တော့ မမေနှင်းဆီပေါ့။ သူမထက် အသက်သုံးလေးနှစ်ပိုကြီးသူ။ ခုနေခါမှာတော့
သူမထက် အသက်ပိုကြီးတယ်ဟု ပြောလိုက်လျှင် လူရယ်ချင်စရာဖြစ်သွားလိမ့်မည်။ အသက်လေးဆယ့်ငါး
ဝန်းကျင် အမျိုးသမီးတစ်ယောက်ဟု ဘယ်လိုမှ မထင်မှတ်ချင်စရာ နုပျိုမှုက မမေနှင်းဆီ တစ်ကိုယ်လုံးမှာ
နေရာယူနေသည်မဟုတ်လား။ ယခင်က အသားညိုသည့်ဘက်သို့လု၍ အနည်းငယ် ပိန်သွယ်သယောင် ခန္ဓာကိုယ်နှင့်
ရွက်ကြမ်းရေကျိုရုပ်ကြောင့် ထင်ရှားပေါ်လွင်မှု မရှိခဲ့သူ။ ခုတော့လည်း ကြည့်စမ်းပါဦး။
ညိုသည်ဟုထင်ခဲ့သည့် အသားအရေကပင် ၀င်းဝါစိုလက်နေသေး၏။ ပန်းရောင်နုနုပိုးစပေါ်မှာ ကြက်သွေးရောင်နှင်းဆီပွင့်သေးသေးလေးများ
ဒီဇိုင်းဖော်ထိုးထားသည့် အင်္ကျီလက်ပြတ်နှင့် စကပ်လုံချည်ဝမ်းဆက်က ပြည့်တင်းသွယ်လျသော
ခန္ဓာကိုယ်မှာ ချပ်ရပ်လျက်။ ကြက်သွေးရောင် ဇာပုဝါပါးက ခေတ်မှီခြင်းကို ဣနြေ္ဒရရကာကွယ်ပေးထားပြန်တော့
မေနှင်းဆီဆိုသည့် မိန်းမ၏ အလှအပက ပို၍ စွဲမက်စရာကောင်းသွားသေး၏။
ခေတ်မှီလှပစွာ လိမ်းချယ်ထားသော မိတ်ကပ်နှင့်
ကြက်သွေးရောင်စိုစို နှုတ်ခမ်းပါးကို သူမ ငေးကြည့်နေမိချိန်။ "နေကောင်းတယ်နော်၊
မတွေ့ရတာ နှစ်တွေ တော်တော်ကြာပြီ။ တခြားနေရာမှာတွေ့ရင် မှတ်မိကြမှာ မဟုတ်ဘူးနော်။ ကိုကိုတွေ့ရင်
ပိုအံ့သြမယ်။ သိတဲ့အတိုင်းပဲ ကိုကိုကတော့ ဘယ်အချိန်မှ အားတယ်မရှိပါဘူး။ ကိုကိုနဲ့တော့
ဘယ်ပွဲမှ တူတူတက်နိုင်တယ်မရှိပါဘူး။ ဟင်း ဟင်း ဟင်း ဟင်း"။ တင်တင်ဝင်း ဘာမှပြန်ပြောစရာ
စကား မရှိသလိုပင် ဖြစ်နေ၏။ ဒီတော့လည်း ပြုံးရုံသာရှိသည် မဟုတ်လား။ ပြုံးလို့သာ ပြုံးနေရပေမယ့်
စိတ်မသက်မသာ ဖြစ်လိုက်တာများ။ အသက်ပင် ၀၀ မရှူနိုင်တော့။ တော်ပါသေးရဲ့။ ဆရာဝန်ကြီးတင်အောင်မိုး
ပါမလာပေလို့။
မမေနှင်းဆီနှင့် ခင်မိုးအောင်အနားက ခွာလိုက်မှ
သူမ စိတ်သက်သာရာရတော့၏။ တင်အောင်မိုးထက် မမေနှင်းဆီက တစ်နှစ်ပိုကြီးကြောင်း တင်တင်ဝင်းတို့သိခဲ့ပြီးဖြစ်လျက်
ကိုကို ကိုကို ခေါ်နေတာကြီးက ရယ်ချင်စရာကောင်းနေသော်လည်း မေနှင်းဆီနှင့် လိုက်ဖက်နေသလိုပင်။
အံ့သြစရာကောင်းသော လောကကြီးပါလား။
ဘာပဲဖြစ်ဖြစ် ခင်မိုးအောင်၏ ညစာစားပွဲမှာ
တင်တင်ဝင်း အမြတ်တော့ တော်တော်ရလိုက်လေသည်။ ငယ်သူငယ်ချင်းတွေအပေါ် သံယောဇဉ်ကြီးသည့်
စာရေးဆရာမကို ကျေးဇူးတင်ရမည်ပင်။ သူမနှင့် အလှမ်းကွာဝေးနေသော ပတ်ဝန်းကျင်က ပုဂ္ဂိုလ်များနှင့်
သူမ ဆုံတွေ့ခွင့်ရခြင်းဖြင့် ဘ၀၏ သင်ခန်းစာများစွာကို တစ်ထိုင်တည်း ယူနိုင်ခဲ့သည်မဟုတ်လား။
ဘာမှမဖြစ်ချင်၍ ဘာမှမဖြစ်ခဲ့သော သူမ၏ဘ၀က ဘာမှဆန်းပြားလှသည် မဟုတ်။ ခင်ပေါ့ပေါ့ဖြစ်ချင်စိတ်လေးနှင့်
ဖြစ်ချင်သည်ဟု အော်နေသော်လည်း ဘာမှဖြစ်လာလိမ့်မည်မဟုတ်မှန်း သူမ ကောင်းကောင်းကြီး သိရှိနားလည်ခဲ့ရပြိ။
တင်တင်ဝင်းမှာလည်း အိပ်မက်တွေရှိခဲ့သည်ပင်။
ခုနေခါမှာ သူမအတွက် နောက်မကျသေးသော ရည်ရွယ်ချက်တစ်ခုဖြင့် မျှော်လင့်စရာ အိပ်မက်တစ်ခုကို
အကောင်အထည်ဖော်နိုင်သေးသည် မဟုတ်လား။ ဒီအတွက် သူမဘက်က ကြိုးစားအားထုတ်မှုကိုတော့ ပေးဆပ်ရမည်။
အိမ်ရောက်လျှင် သူမခင်ပွန်းသည်အတွက် ၀မ်းသာစရာစကားတစ်ခွန်း လက်ဆောင်ပေးနိုင်တော့မှာမို့
ပေါ့ပါးပျော်ရွှင်လာမိလေသည်။
"ကျွန်မအတွက် တကယ်မှန်တဲ့ ကိုယ်လုံးပေါ်မှန်တစ်ချပ်နဲ့
ပေါင်ချိန်စက် ကောင်းကောင်းတစ်လုံး ၀ယ်ပေးပါ အစ်ကို" သူမ စိတ်လိုလက်ရ ပြောချင်နေသည့်
ထိုစကားလေးတစ်ခွန်းအတွက်ပင် သူမ ချစ်ခင်ပွန်း ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားမည်ဆိုပါလျှင်…။
ရွှေအောင်လံ
မဂ္ဂဇင်း
၂၀၀၃
ခုနှစ်၊ စက်တင်ဘာလ
No comments:
Post a Comment
အားပေးမှုအတွက် ကျေးဇူးတင်ပါသည်...
မေတ္တာဖြင့်...
ယုဒါ