(၁)
တစ်စုံတစ်ရာ ကြိုတင်ကြားသိမထားဘဲ ရုတ်ချည်းမြင်တွေ့လိုက်ရသော
ဧည့်သည်ကြောင့် ကျွန်မ အံ့သြမှင်သက်သွားမိသည်။
"အံ့သြသွားလား"
"အစ်ကိုဇော်"
သူ၏ အစဉ်အမြဲပြုံးနေတတ်သော မျက်နှာပေါ်မှာ
နှစ်လိုနွေးထွေးသော အပြုံးတို့ ဝေဆာလျက် ကျွန်မကို ငေးစိုက်ကြည့်ရင်း နှုတ်ဆက်လိုက်ခြင်းဖြစ်၏။
ကြာခဲ့ပြီပေါ့။ သူနှင့် ကျွန်မ ဝေးကွာခဲ့သည်မှာ ခြောက်နှစ်ကျော် ကြာခဲ့လေပြီ။ အစ်ကိုဇော်ဟု
ကျွန်မကခေါ်နေကျဖြစသော သူသည် ကျွန်မနှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်ခဲ့သော ယောက်ျားလေး
မိတ်ဆွေတစ်ယောက်ဖြစ်လေသည်။ တက္ကသိုလ်တက်စဉ်ကာလတစ်လျှောက် လေးနှစ်လုံးတွဲခဲ့သော သူငယ်ချင်းတွေလည်းဖြစ်၏။
တကယ်တော့ သူနှင့်ကျွန်မ တက္ကသိုလ်ချင်းမတူကြ။ ပြီးတော့ သူက ကျွန်မထက် အသက်လေးနှစ်နီးပါးပိုကြီး၏။
သို့ပေမဲ့ ကျွန်မနှင့်သူ အတန်းနှစ်တန်းသာ ကွာခြား၏။ ကျွန်မ ပထမနှစ် ကျောင်းသူဘ၀မှာ
သူက တတိယနှစ်ကျောင်းသားအဖြစ်သာ ရှိသေး၏။ သူ့အပြောကတော့ "ကိုယ်တို့က တောသားတွေမို့
အသက်ကြီးပြီး အတန်းမရောက်တာပါကွာ။ လယ်ထဲယာထဲဆင်းနေရတာနဲ့ ပညာရေးကို သိပ်အားမပေးကြတော့
တော်ရုံလူ ပညာတတ်ဖြစ်ဖို့ မလွယ်ဘူး" ဟု သူပြောဖူးတာ ကျွန်မ သတိရနေမိသည်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မသိခဲ့သော အစ်ကိုဇော်ကဖြင့်
အနေအေးသော်လည်း စာတော်သော၊ ဥာဏ်ရည်ထက်မြက်သော အင်ဂျင်နီယာ တစ်ယောက် ဖြစ်လာခဲ့ပါသည်။
သူက ကျွန်မထက် အသက်ကြီးသော်လည်း ကျွန်မက
ဘယ်အခါမှ ဂါရ၀တရားဖြင့် တရိုတသေ မဆက်ဆံခဲ့။ သက်တူရွယ်တူ သူငယ်ချင်းတွေလိုပင် ပေါင်းသင်း
ခင်မင်ခဲ့ခြင်းဖြစ်၏။ ကျွန်မတို့ တက္ကသိုလ်တက်စဉ်က သူငယ်ချင်း လေး၊ငါး၊ဆယ်ယောက်ကျော်
အုပ်စုဖွဲ့ပေါင်းကြသည်မို့ တစ်ဖွဲ့လုံးပင် ပြောင်လိုက်နောက်လိုက်နှင့် ပြောမနာဆိုမနာ
ရှိခဲ့ကြသည်။ ကျွန်မက သူ့အပေါ် ရိုရိုသေသေလုပ်လျက် ဆက်ဆံတာဆို၍ အစ်ကိုဇော်ဟု ခေါ်တာလေးတစ်ခုသာ
ရှိလေသည်။ ဒါကိုပင် သူက အလွန်တရာ သဘောကျ ကျေနပ်ခဲ့ပါသည်။ သူ၏နာမည်မှာ ဇော်ခိုင်လတ်ဖြစ်၍
အများက ကိုဇော်ဟုသာ ခေါ်တတ်ကြ၏။ ကျွန်မတစ်ယောက်သာ အစ်ကိုများကို နာမည်တပ်ခေါ်ရသော မိသားစုအကျင့်ပါခဲ့တာမို့
အစ်ကိုဇော်ဟု ခေါ်မိခြင်းဖြစ်၏။ ကျွန်မတို့မိသားစုတွင် မိမိထက်အသက်ကြီးသူကို နာမည်ရှေ့၌
ကို,တစ်လုံးတည်း မ,တစ်လုံးတည်း တပ်ခေါ်လေ့မရှိ။ ကိုကို မမ တပ်မခေါ်လျှင် ရွယ်တူချင်းခေါ်ပြောသလို
မယဉ်ကျေးရာရောက်သည်ဟု သတ်မှတ်ကြသောကြောင့် ဖြစ်၏။
ဒီတော့ ကျွန်မတို့အုပ်စု၌ ကျွန်မသာ သူ့ကို
ထူးထူးခြားခြား ခေါ်သလို ဖြစ်သွားခဲ့၏။ ဒီလိုနှင့်ပင် သူသည် ကျွန်မတစ်ယောက်တည်း၏ အစ်ကိုဇော်ဖြစ်မှန်းမသိ
ဖြစ်လာခဲ့လေသည်။ ကျွန်မက လှည်းတန်းမှာ အဆောင်နေလျက် သူက လှိုင်တက္ကသိုလ်ဝင်းထဲက အစိုးရဆောင်မှာ
နေသဖြင့် ညနေတိုင်း ကျွန်မဆောင်သို့ လာလည်လေ့ရှိ၏။ ကျွန်မနှင့်အတူ အဆောင်ဖော် သူငယ်ချင်းတွေစုလျက်
အင်းလျားကန်ပေါင်မှာ မုန့်သွားစားတတ်ကြ၏။
အဆောင်သို့ သူရောက်လာပြီဆိုလျှင် "မိညို
ဧည့်သည်လာနေပြီ" ဟု တစ်ယောက်ယောက်က သတင်းပေးလိုက်ပြီဆိုလျှင် ကျွန်မနှင့် လိုက်ပါမည့်
အဖော်တစ်ယောက်ယောက်ကို အပြေးအလွှားရှာရတော့၏။ သူနှင့် ကျွန်မ ဘယ်နေရာကိုမှ နှစ်ယောက်တည်း
မသွားလို။ အကြောင်းမှာ သူက ကျွန်မထက် အရပ်ပိုပုနေသောကြောင့် ဖြစ်၏။ ထိုစဉ်က ကျွန်မထက်
အရပ်ပိုပုနေသော ယောက်ျားတစ်ယောက်နှင့် တွဲသွားရမှာကို ကျွန်မ ဘယ်လိုမှ မနှစ်သက်။ စိတ်ထဲရှက်ရွံ့မိသလိုလို၊
အားနာမိသလိုလို ဖြစ်နေ၏။ သူငယ်ချင်းတွေကလည်း ကျွန်မနှင့်သူ နှစ်ယောက်တည်းဖြစ်စေဖို့သာ
ရည်ရွယ်အားပေးနေကြ၏။
တကယ်တော့ ကျွန်မကို သူ သဘောကျနေသည်ဆိုတာ
သူငယ်ချင်းအားလုံးလည်းသိကြ၏။ ကျွန်မ ကိုယ်တိုင်လည်း သိ၏။ သို့ပေမဲ့ သူက ကျွန်မကြိုက်သည့်ပုံစံမဟုတ်။
သူ့အပေါ် ရင်ခုန်လှုပ်ခတ်မှုလည်းမရှိ။ သူ့ကို ကျွန်မ အစ်ကိုတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လိုသာ
ချစ်သည်။ ဘယ်လိုခံစားချက်မှ ထူးထူးခြားခြားမရှိ။ ကျွန်မဘာခိုင်းခိုင်း မငြင်းမပယ် လုပ်ပေးတတ်သော
အစ်ကိုတစ်ယောက်လို ကျွန်မသူ့ကို ချစ်သည်။ ကျွန်မ လိုအပ်သမျှ အလိုက်သင့်ဖြည့်ဆည်းပေးတတ်သော
သူငယ်ချင်းတစ်ယောက်အဖြစ် သူ့ကို အားပေးနှစ်လိုသည်။ တကယ်တော့ ထိုအချက်သည် မိန်းမတစ်ယောက်က
ယောက်ျားတစ်ယောက်ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မည်ဆိုလျှင် ကိုးဆယ်ရာခိုင်နှုန်း ရွေးချယ်လိုက်နိုင်သော
အနေအထားဖြစ်၏။ သို့ပေမဲ့ ကျွန်မ၏အိပ်မက်များ၌ သူ မပါဝင်ခဲ့။
"ဇော်ခိုင်လတ်က ဒီလောက် စိတ်သဘောထားကောင်းတာ။
နင့်အပေါ် ဒီလောက်ကောင်းတဲ့ ယောက်ျား တွေ့ဖို့မလွယ်ဘူးနော်။ ညိုလေးရယ် သနားချစ်လေးနဲ့ဖြစ်ဖြစ်
ပြန်ချစ်ဖို့ ကောင်းပါတယ်။ အရပ်ပုတာ ရှည်တာက ဘာလုပ်လို့ရတာမှတ်လို့"
ဟု သူငယ်ချင်းတွေက တိုက်တွန်းအကြံပေးခဲ့ကြ၏။
သို့ဆိုလျှင် ကျွန်မက ဆတ်ဆတ်ထိမခံဖြစ်ကာ
"နင်တို့ကြိုက်ရင် နင်တို့ချစ်လိုက်ကြပေါ့"
ဟု ပြန်ပြောတတ်ခဲ့သည်ချည်း။ စင်စစ် သူက ကျွန်မကိုချစ်ကြောင်း
ကြိုက်ကြောင်း တရားဝင်တိတိပပ ပြောခဲ့ဖူးသည်မဟုတ်။ သူက လူကြီးတစ်ယောက်လို ပြောဆိုနေထိုင်တတ်တာကြောင့်
ကျွန်မ လက်မခံနိုင်သည့် ကိစ္စမျိုးကို ဇွတ်တိုးလုပ်မည့်သူမဟုတ်တာ ကျွန်မသိသည်။ ကျွန်မကရော
သူဖွင့်ပြောမည်ကို ဘာကြောင့် သည်းသည်းပြိုအောင် ကြောက်လန့်နေခဲ့ရပါသနည်း။ ဟိုအရင်က
သူနှင့်ကျွန်မ နှစ်ယောက်တည်း တစ်နေရာရာသွားမိလျှင် သူ့ထံမှ တစ်စုံတစ်ရာ ကြားသိလိုက်ရမည်ကို
ကျွန်မ အမြဲ စိုးရွံ့နေခဲ့မိ၏။
အရပ်မြင့်မားသော ကျွန်မနှင့် လိုက်ဖက်မှုမရှိသော
သူ၏ ကိုယ်နေဟန်ထားကြောင့် ကျွန်မ ဒီလောက် စိုးထိတ်နေခဲ့တာလား။ ငြင်းပယ်လိုက်မည့်အဖြစ်အပေါ်
မလိုလား၍ ကြောက်လန့်နေခဲ့တာလား။ ကျွန်မ၏ ထိတ်လန့်မှုများက သဘာဝမကျအောင် ဖြစ်နေရသည်တော့
အမှန်ပင်။ သူ ဖွင့်ပြောလိုလျှင်လည်း ဖွင့်ပြောပါစေပေါ့။ ကျွန်မက ငြင်းပယ်လိုတော့လည်း
ငြင်းပယ်ခွင့်ရှိသည်ပဲဖြစ်လျက် သူနှင့်နှစ်ယောက်တည်း ဘယ်မှ မသွားလိုသောစိတ်ကို ကျွန်မကိုယ်ပင်
ကျွန်မနားမလည်မိ။ သူ့ထံမှ တစ်ခုခုကြားရမည့်ဟန်မြင်ရလျှင် ကျွန်မ နည်းမျိုးစုံဖြင့်
ဟန့်တားခဲ့သည်ချည်း။
အသက်နှစ်ဆယ်ကျော်သာရှိသေးသည့် မနူးမနပ်အရွယ်လေးမို့
ကျွန်မ၏ အတွေးစိတ်ကူးနှင့် ရင်ခုန်သံတွေက အဓိပ္ပာယ်မဲ့စွာ ယောက်ယက်ခတ်နေခဲ့သည်ထင်ပါသည်။
ကြာခဲ့လေပြီပဲ။ အခု ကျွန်မအသက် သုံးဆယ်နားကပ်လာခဲ့ပြီ။ ခုလိုဆိုတော့ ကုန်လွန်ခဲ့သည့်
အတိတ်ကာလအတွင်း ကျွန်မ စိတ်ကူးအိပ်မက်တွေ တည်ငြိမ်ရင့်ကျက်လာခဲ့ပြီတဲ့လား။
(၂)
"အစ်ကိုဇော်က ၀ လာတယ်နော်၊ ပိုခန့်သွားတာပေါ့။
ဒါပေမဲ့ အရင်အတိုင်းပါပဲ၊ အသားတွေ ပိုဖြူလာတယ်"
"အင်း…၊ ညိုလေးလည်း ၀လာတယ်။ ပြီးတော့
ပိုလှလာတယ်"
ကျွန်မတို့နှစ်ယောက် ပြန်လည်ဆုံတွေ့မှုအတွက်
သူရော ကျွန်မပါ ကျေနပ်ဝမ်းမြောက်ခဲ့ရသည်မှာ အမှန်ပင်။ ကျွန်မက ဘွဲ့ရပြီး ဟိုသင်တန်း၊
ဒီသင်တန်းတွေ ဆက်တက်နေချိန်မှာ သူက ပြန်တန်းဝင်အရာရှိတစ်ယောက် ဖြစ်သွားခဲ့သည်။ ပြီးတော့
သူ နိုင်ငံရပ်ခြားမှာ မဟာဘွဲ့တစ်ခုထပ်ယူသည်။ နိုင်ငံခြားရောက်နေစဉ် သူ ကျွန်မဆီ မကြာခဏ
ဖုန်းဆက်တတ်၏။ သူဖုန်းဆက်သောအချိန်များသည် မြန်မာပြည်၌ ကျွန်မအလွန်အိပ်ကောင်းနေသော
အချိန်များဖြစ်လေရာ ကျွန်မ စိတ်ညစ်ခဲ့ရ၏။
သူ့ဆီမှ ဖုန်းကို ကိုင်လိုက်တိုင်း
"အစ်ကိုဇော်ကတော့ လုပ်ပြီ"
ဟု ကျွန်မ ညည်းတွားနေကြဖြစ်လျက် သူကလည်း
"ဖုန်းကိုင်ပေးတာလေးကိုပဲ အရမ်းကျေးဇူးတင်ပါတယ်"
ဟု အမြဲပြောလေ့ရှိသည်။ ဒီတော့လည်း ကျွန်မ
အားတောင့်အားနာ နားထောင်ပေးရလေသည်ပေါ့။ သူပြောသော စကားတွေထဲမှာ ကျွန်မကို ချစ်ကြောင်းကြိုက်ကြောင်း
တစ်လုံးမှမပါခဲ့။ သို့သော် သူသည် ကျွန်မနှင့် သူငယ်ချင်းများကို သတိရကြောင်း၊ လွမ်းကြောင်းကိုတော့
အခါအားလျော်စွာ ထည့်ပြောလေ့ရှိ၏။ အများဆုံးသူပြောတတ်သည့် စကားများမှာ နိုင်ငံခြားအတွေ့အကြုံများနှင့်
တစ်နေ့တာ လုပ်ငန်းစဉ်များသာ ဖြစ်လေ၏။ သူ့ထံမှ ကျွန်မ ဘာတစ်ခုမှ မမျှော်လင့်ခဲ့သလို
သူကလည်း ကျွန်မ မလိုလားသည့် စကားတို့ကို မဆိုခဲ့။ သူ နိုင်ငံရပ်ခြား၌ ရှိနေစဉ် သူ့အတွက်
လိုအပ်သည့် စာရွက်စာတမ်းများကို ကျွန်မ မကြာခဏ ပို့ပေးခဲ့ဖူးသည်။
သူပြန်လာတော့ ကျွန်မကို လာတွေ့သည်။ နောက်တော့
သူ တာဝန်ကျရာ နယ်မြို့လေးတစ်ခုသို့ ပြောင်းရွှေ့သွားပြီးနောက်ပိုင်း ကျွန်မတို့လုံးဝ
အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။ ဘယ်သူတွေ ဘယ်ရောက်နေသည်၊ ဘာဖြစ်နေသည်ဟူသော
သတင်းမျိုးကို သူငယ်ချင်းတွေမှတစ်ဆင့် ကြားရတတ်သော်လည်း သူနှင့်ကျွန်မ အဆက်အသွယ်မရှိတာ
ကြာခဲ့လေပြီပဲ။ ခုမှ သူ ကျွန်မထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီ။ စိုးထိတ်ခဲ့သော
ခံစားမှုတစ်ခု ကျွန်မရင်ထဲ ရုတ်တရက်တိုးဝင်လာတာကို ကျွန်မ သတိထားလိုက်မိ၏။ ဘုရား…။ ဘုရား…။
သူ… ကျောင်းတုန်းကလိုပဲ မကြာခဏ လာတွေ့နေဦးမှာတဲ့လား။ ကျွန်မထင်သလိုပင် သူ ကျွန်မ၏
အိမ်သို့လည်းကောင်း၊ အလုပ်ခွင်ဆီသို့လည်းကောင်း ရောက်ရှိလာခဲ့ပြန်ပါသည်။
သူ့ကိုတွေ့တိုင်း ကျွန်မ မအောင်မြင်နိုင်ဘဲ
ဖြေဆိုရမည့် စာမေးပွဲတစ်ခုအတွက် အတန်းတက်နေရသလို ခံစားခဲ့ရသည်။ ကျောင်းတက်စဉ်က တက္ကသိုလ်သဘာဝ
ယောက်ျားလေးသူငယ်ချင်းများနှင့် ခင်မင်ရင်းနှီးစွာ ခေါ်ပြောဆက်ဆံခြင်းက မထူးဆန်းသော်လည်း
အလုပ်ခွင်လိုနေရာမျိုးမှာတော့ ယောက်ျားလေးမိတ်ဆွေဆိုတာမျိုးက လူကြည့်ချင်စရာ ဖြစ်နေတတ်တာ
သဘာဝဖြစ်၏။ ဘာပဲဖြစ်ဖြစ် ကျွန်မ တစ်ခုခုတော့ လုပ်မှဖြစ်တော့မည်။
"အစ်ကိုဇော်… ညိုလေးကို လာမတွေ့နဲ့တော့"
ဟု ပြောလိုက်လျှင်လည်း သူ စိတ်ထိခိုက်သွားရှာမှာပေါ့။
သူသည် ကျွန်မက ရန်တွေ့လွှတ်ရလောက်သည့် အနေအထားမျိုးဖြင့် ကျွန်မကို ချဉ်းကပ်နေသူလည်းမဟုတ်။
သူ၏ သံယောဇဉ်နှင့် မေတ္တာတရားကို ကျွန်မ ကောင်းကောင်းကြီးသိသည်။ သူဟာ မေ့လွယ်ပျောက်လွယ်သော
ယောက်ျားမျိုးဖြင့် မဟုတ်ပေဘူး။
သို့သော် ကျွန်မသည် အတ္တကြီးစွာပင် ဆရာကြီးလုပ်ခဲ့မိပြန်သည်။
"အစ်ကိုဇော်ကို ညိုလေး မိန်းမပေးစားမှ
ဖြစ်တော့မယ်"
ထုံးစံအတိုင်း ကျွန်မက အပြောင်အပြက် ပြောသလိုလိုနှင့်
အတည်ပြောတော့လည်း သူ မျက်နှာမပျက်ခဲ့။ ကျွန်မ ဘာကိုဆိုလိုသည်ကို သူသိခဲ့ပါလိမ့်မည်။
မပြောနဲ့။ ကျွန်မ မကြားလိုသည့် ဘာစကားကိုမှ အပိုမဆိုလိုက်ပါနဲ့။ ကျွန်မစိတ်ကို သူ သိနေသည်
ထင်ပါသည်။
"ညိုလေးက လူကြီးတွေးတွေးတတ်ပြီး ကလေးဆန်တုန်းပဲ"
ဟု သူပြောတတ်တာ ကျွန်မ သတိရနေပါသည်။
"ညိုလေးမှ အစ်ကိုဇော်ကို ၀တ္တရားရှိတဲ့အတိုင်း
စီစဉ်မပေးနိုင်ရင် ညီမတစ်ယောက်အနေနဲ့ တာဝန်မကျေရာရောက်လိမ့်မယ်။ အစ်ကိုဇော် ညိုလေးစကားကို
နားထောင်မယ်မဟုတ်လား"
ကျွန်မသူ့ကို စတင် စိန်ခေါ်လိုက်မိ၏။ သူက
ကျွန်မကို ပြုံးရိပ်သန်းသော မျက်လုံးများနှင့် ငေးမောရင်း…
"ပြောကြည့်လေ… နားထောင်တန်လည်း နားထောင်ရတာပေါ့"
ဟု ဆိုခဲ့၏။ ကျွန်မသည် လူတစ်ဖက်သား၏ ခံစားချက်အစိုင်အခဲကို
မျက်ကွယ်ပြုလျက် လုပ်ချင်ရာလုပ်ဖို့သာ စိတ်အားထက်သန် တက်ကြွနေခဲ့သည်။ အသက်သုံးဆယ်ကျော်ပြီဖြစ်သည့်
ပညာတတ်၊ အလုပ်အကိုင်ရှိ ယောက်ျားတစ်ယောက်အတွက် အိမ်ထောင်ဖက်မရှားသည်ကို သိလျက်နှင့်
ကျွန်မကသာ ဇနီးလောင်း ရှာမပေးနိုင်လျှင် သူ မစွံ့တော့မည့်ပုံမျိုးနှင့် လူတတ်ကြီး လုပ်နေခဲ့မိ၏။
သူနှင့် မသိကျွမ်းဖူးသော ကျွန်မမိတ်ဆွေ အပေါင်းအသင်းတွေထဲမှ လွတ်လပ်သူတွေကို တစ်ယောက်ပြီးတစ်ယောက်
အတွေးဖြင့် စီတန်း ရှာဖွေမိလေသည်။
နောက်ဆုံးတော့ ကျွန်မချစ်သော၊ ကျွန်ကိုလည်းချစ်သော
သူငယ်ချင်းမတစ်ယောက် ကျွန်မအာရုံမှာ ပေါ်လာခဲ့၏။ ကျွန်မချစ်သော သူငယ်ချင်း နေခြည်ဖြစ်၏။
လှပချောမောသောနေခြည်ကို သူ လက်ထပ်ချင်မှာပါဟူသော စိတ်ကူးဖြင့် နေခြည်နှင့်သူ့ကို တွေ့ဆုံပေးစားဖို့
ကျွန်မ ဆုံးဖြတ်ချက် ချလိုက်မိလေသည်။
(၃)
"နေခြည်နဲ့ အစ်ကိုဇော် လိုက်တယ်"
သူ ခေါင်းညိတ်လက်ခံသည်ကို မြင်ရတော့ ကျွန်မ
အလွန်ပင် ပျော်ရွှင်သွားခဲ့မိသည်။ သူက ကျွန်မရေးသော ဇာတ်ညွှန်းကို သရုပ်ဆောင်ပေးနိုင်မည်ပေါ့။
နေခြည်ကဖြင့် ကျွန်မအချစ်ဆုံးသူငယ်ချင်းမို့ ဘာမှ အထွေအထူး ပြောနေစရာမရှိဘူးထင်သည်။
နေခြည်သည် ကျွန်မလို ငွေရဖို့၊ မရဖို့ စိတ်မ၀င်စားဘဲ စိတ်ကူးတည့်ရာ၊ စိတ်ကျေနပ်ရာ၊
ဝါသနာပါရာ၊ ထင်ရာမြင်ရာတွေကို လျှောက်လုပ်တတ်သည့် မိန်းမမျိုးမဟုတ်။ ဘ၀ကို ရိုးစင်းစွာ
ဖြတ်သန်းလိုသည့် ကိုးဆယ်ရာခိုင်နှုန်းရှိသော မိန်းမတွေထဲက တစ်ယောက်သာဖြစ်၏။ ဘွဲ့တစ်ခုယူမည်။
ဣနြေ္ဒရရအလုပ်ကလေးတစ်ခု ရထားပြီပြီဆိုတော့ လူလေးစားခံရလောက်သည့် ဂုဏ်သရေရှိ ယောက်ျားတစ်ယောက်ကို
လက်ထပ်မည်။ နေခြည်အိပ်မက်က ဒီလောက်မျှသာ ဖြစ်၏။
ပြီးတော့ နေခြည်က လှသည်။ ကျွန်မနှင့်ယှဉ်လျှင်
ယောက်ျားတစ်ယောက် မြင်ရုံနှင့် ပြန်လှည့်ကြည့်ချင်သော ဆွဲဆောင်မှုရှိသည်။ မိန်းမတစ်ယောက်၏
ထင်သာမြင်သာသော ပျော့ပျောင်းနူးညံ့မှုမျိုးလည်းရှိသေးသည်။ ရန်ကုန်သူပီပီ နေခြည်က ကြွကြွရွရွလေး
နေတတ်၏။ ပြောတတ်ဆိုတတ်၏။ အလုံးစုံဆိုရလျှင် ယောက်ျားတစ်ယောက်ကို ဘယ်လိုဆွဲဆောင် ကြိုးကိုင်ရမည်ဆိုတာ
တတ်သည့် မိန်းမပင်ဖြစ်သည်။
သူ နေခြည်ကို ချစ်မည်ဆိုလျှင် ချစ်နိုင်လောက်ပါသည်။
ဒါက ကျွန်မ၏ မျှော်လင့်ချက်သက်သက်သာ ဖြစ်၏။
ကျွန်မက သူနှင့်နေခြည်အတွက် ဇာတ်ညွှန်းကို
ဦးနှောက်ခြောက်ခံရလောက်အောင် စဉ်းစားပေးနေစရာမလို။
"တွဲကြည့်တာပေါ့"
ဟု သူက အတည်ပြုချက်ပေးသောအခါ ကျွန်မရေးသော
ဇာတ်ကောင်တစ်ပုဒ်ကို နိုင်ငံကျော် မင်းသား၊ မင်းသမီးများနှင့် ရုပ်ရှင်ရိုက်လိုက်ရသည့်ပမာ
ကျွန်မ ပျော်ရွှင်သွားခဲ့ရလေသည်။ နိုင်ငံရပ်ခြား၌ မိန်းကလေးများနှင့် အလွန်တရာနီးစပ်စွာ
သူ နေထိုင်ခဲ့ရသည်ကိုပင် ကျွန်မ မေ့လျော့နေခဲ့မိသည်။
သူနှင့် နေခြည်ကို တွေ့ဆုံမိတ်ဆက်ပေးပြီး
မကြာခင် သူ အလုပ်တာဝန်ဖြင့် နယ်ရောက်သွားခဲ့လေ၏။ နေခြည်နှင့်သူ အဆက်အသွယ်မပြတ်စေရေးအတွက်
ကျွန်မအစွမ်းကုန် ကြိုးစားအားထုတ်ခဲ့သည်။ နယ်သို့ နေခြည်နှင့်အတူ ကျွန်မ လိုက်ပါပေးခဲ့သည်။
ကျွန်မတို့ သူ့ထံလာလည်သည့်အတွက် သူ အလွန်အမင်း ပျော်ရွှင်နေဟန်ရှိသည်။ ကျွန်မတို့ မရောက်ဖူးသော
နေရာမျိုးစုံကို သူလိုက်ပို့၏။ ကျွန်မတို့သုံးယောက် ဘုရားတွေ ဖူးကြသည်။ ညနေစောင်းမှ
ကျွန်မတို့ တည်းခိုအိမ်သို့ သူ ပြန်လိုက်ပို့ပေး၏။ ထိုနယ်မြို့လေးမှာ ကျွန်မ အစ်မ၀မ်းကွဲရှိသဖြင့်
ကျွန်မတို့လာကြောင်း သိသွားလေရာ နောက်ထပ်မသွားရဲတော့။ အစ်မ၀မ်းကွဲက ကျွန်မနှင့်ရင်းနှီး
ကျွမ်းဝင်သူ ဖြစ်သဖြင့် ကျွန်မအကြောင်းကို သိသူဖြစ်၏။
"ညိုလေးက မလုပ်အပ်၊ မလုပ်သင့်ရာတွေကို
စိတ်ကူးတည့်ရာ လျှောက်လုပ်နေတုန်းပဲ၊ အသက်ကလည်း မငယ်တော့ဘူး"
ဟု အပြစ်တင်၏။
"ဇော်ခိုင်လတ်က နင်ကလွဲပြီး ဘယ်သူ့ကိုမှ
မယူချင်လို့ လူပျိုကြီးလုပ်နေတာပေါ့။ နင်က သေဆိုသေ ရှင်ဆိုရှင် လိုက်လုပ်ပေးနေရအောင်
သူက နင်မွေးထားတဲ့ သားလည်းမဟုတ်ဘူး။ နင်တီထွင်ထားတဲ့ စက်ရုပ်လည်းမဟုတ်ဘူး။ တစ်နေ့တော့
နင့်အတတ် နင်စူးဦးမယ်။ နင်မဟုတ်တာတွေ စိတ်ကူးယဉ်ပြီး ထွင်မနေနဲ့တော့ မိညို"
ဟု ကျိန်းသေး၏။ ကျွန်မက ဟီးဟီးဟဲဟဲလုပ်ကာ
"ညိုလေး မစီစဉ်ရင် သူက မဟုတ်တဲ့ မိန်းမတွေနဲ့
ရသွားမှာ စိုးလို့ပါ။ ဘာပဲဖြစ်ဖြစ် သူက ညို့အပေါ် ဒီလောက်ကောင်းတာ၊ အစ်ကိုဇော်ကို ဒီအတိုင်း
လွှတ်မပေးလိုက်ချင်လို့ပါ"
ဟု ချေပခဲ့မိ၏။ ကိုယ့်အမှားကို တစ်ရံတစ်ဆစ်မှ
မမြင်ခဲ့မိ၊ ကျွန်မကား ကိုယ့်ဇာတ်ညွှန်းအတွက် ကိုယ် ကျေနပ်မဆုံးဖြစ်ကာ သရုပ်ဆောင် မကောင်းဘဲလျက်
အကယ်ဒမီ ချိန်နေမိသောသူသာတည်း။
(၄)
ထိုနေ့သည် ကျွန်မအတွက် မေ့ဖျောက်ပစ်လို့မရအောင်
အမှတ်တရရှိခဲ့သောနေ့ဖြစ်၏။ စိုးထိတ်ရင်ခုန်စွာ တက်ရောက်ခဲ့သော အကယ်ဒမီ ပွဲကြီး၌ ပြိုင်ဘက်သရုပ်ဆောင်မှ
အလဲထိုးချခြင်းကို ခံလိုက်ရသည့် တက်သစ်စ မင်းသမီးငယ်လေး၏ ရှုံးနိမ့်မှုမျိုးဖြင့် ကျွန်မ
ကြေကွဲသွားခဲ့ရလေသည်။
"ဇော်ခိုင်လတ် လက်ထပ်လိုက်ပြီလို့ ပြောတယ်။
နေခြည်နဲ့လည်း မဟုတ်ပါဘူး မိညို"
ကျွန်မအသားတွေ တဆတ်ဆတ်တုန်သွားခဲ့သည်။ တောက်တစ်ချက်
ခတ်မိလျက် ဒေါသသွေးတွေ ဆူဝေတက်လာသေး၏။ နေခြည်ကို ချက်ချင်းဖုန်းကောက်ဆက်မိတော့ နေခြည်က
အသံပျော့ကလေးနှင့်
"နေခြည်လည်း မပြောတတ်တော့ပါဘူး။ ဒီအကြောင်းနဲ့
ပတ်သက်ပြီး သူက ဘာမှပြောမထားဖူးဘူး"
ဟုသာ ဆိုလေသည်။
"နင်က ဒီလောက်လေးတောင် မသိဘူးလား။ သူ့မှာ
နင့်အပြင် ရည်းစားတစ်ယောက်ရှိနေတာ နင် မရိပ်မိဘူးလား"
ဟု ဒေါသတကြီး အော်ဟစ်ဆူပူမိတော့
"ကိုဇော်နဲ့ နေခြည်က တကယ့်ရည်းစားတွေလို
တွဲနေကြတာမှ မဟုတ်တာ"
ဟု သက်ပြင်းချလျက် ဆိုလေသည်။ ကျွန်မ ဘာများတတ်နိုင်တော့မည်နည်း။
ထိုနေ့က ကျွန်မ ဘာကို ၀မ်းနည်းမှန်းမသိ ၀မ်းနည်းလာကာ ငိုမိလေသည်။ နေနှင့်ဦးပေါ့။ ဒီလူ
လာစမ်းပါစေဦး။ ပက်ပက်စက်စက် ပြောဆိုပစ်လိုက်ဦးမည်ဟုလည်း စိတ်တွင်းတေးမှတ်ထားမိသေး၏။
နေခြည်ကို လက်မထပ်နိုင်ဘူးဆိုလျှင်လည်း ပြတ်ပြတ်သားသား ငြင်းလို့ရသည်ပဲ။ သူ့မှာ ရည်ရွယ်ထားသူ
ရှိနှင့်နေပြီဆိုလျှင်လည်း ကြိုတင်ဖွင့်ဟပြောလို့ရသည့် ကိစ္စပဲ။ ဘယ်သူက သူ့ကို မဖြစ်မနေ
ယူရလောက်အောင် ဖြစ်နေတာလိုက်လို့။ အကြံပက်စက်တဲ့လူ။ ယောက်ျားမဆန်တဲ့သူ။ မိတ်ဆွေကောင်း
သူငယ်ချင်းကောင်း မပီသစွာ သစ္စာမဲ့တဲ့သူ။
ကျွန်မတစ်ယောက်တည်း ယောက်ယက်ခတ်နေသော အတွေးဒေါသတို့ဖြင့်
အရူးမီးဝိုင်းဖြစ်ခဲ့ရလေသည်။ အံ့သြစရာကောင်းသည်မှာ သူသည် ကျွန်မကို မင်္ဂလာဆောင် ဖိတ်စာပေးပို့ခြင်းလည်း
မရှိခဲ့။ ဖုန်းဆက်ခြင်းလည်း မရှိခဲ့။ သူ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သော နယ်မြို့ကြီးမှာပင်
ရှိနေလျက် ကျွန်မကို တစ်စုံတစ်ရာ အဆက်အသွယ်မလုပ်တော့ဘဲ နေခဲ့လေသည်။ ဆိုတော့ သူနှင့်
ကျွန်မ မိတ်ဆွေသူငယ်ချင်းအဖြစ်က ရပ်စဲလေပြီပေါ့။ ကြာခဲ့ပေပြီ။ သူနှင့်ကျွန်မ အဆက်အသွယ်
ပြတ်တောက်ဝေးကွာ သွားခဲ့သည်မှာ ရှစ်နှစ်နီးပါး ရှိပေတော့မည်။ သမီးကလေးတစ်ယောက် ဖခင်အဖြစ်
ဇနီးသည်နှင့် ပျော်ရွှင်ဖွယ် အိမ်ထောင်တစ်ခုမှာ သူလည်း နေသားတကျ ပျော်ဝင်နေရောပေါ့။
ကျွန်မကိုလည်း မေ့ပျောက်လောက်ပြီထင်သည်။
ကျွန်မကတော့ တစ်ခါတစ်ရံ တက္ကသိုလ်ကျောင်းတော်ကြီး၏
ပျော်ရွှင်ကြည်နူးဖွယ် နေ့ရက်တွေကို သတိရမိတိုင်း သူ့ကို မြင်ယောင်မိသည်။ ကျိတ်မနိုင်ခဲမရ
ဒေါသစိတ်လေးဖြင့် စိတ်တိုတောင်းစွာ သတိရမိသည်။ နှစ်တွေကြာလာသောအခါမှာတော့ သူနှင့်ပတ်သက်၍
ကျွန်မစိတ်ထဲ အနာတရမရှိတော့။ အေးလေ။ သူလည်း လွတ်လပ်သော ယောက်ျားတစ်ယောက်ပဲ။ သူ စိတ်တိုင်းကျ
လိုလားနှစ်သက်သော မိန်းမတစ်ယောက်ကို ရွေးချယ်ခွင့်ရှိတာပါပဲ။ သူ့အပြစ်မဟုတ်ပါဘူးဟု
တွေးဆလာနိုင်ခဲ့သည်။ ကျွန်မကသာ သူ့အပေါ် ခံစားတတ်သော လူတစ်ယောက်အဖြစ် မေ့လျော့လျက် သက်မဲ့ဘောလုံးတစ်လုံးလို
ဟိုပစ်ဒီပေါက် အသုံးချခဲ့မိခြင်း ဖြစ်သည်။
သူနှင့်ကျွန်မ ပျော်ရွှင်ကြည်နူးဖွယ် နေ့ရက်များစွာကို
အတူဖြတ်သန်းဖူးခဲ့ကြသည်။ ဘယ်သောအခါမှ ပြန်လည်မရယူနိုင်တော့သော ငယ်နုစဉ်ဘ၀၏ နေ့ရက်တိုင်း၌
သူက ကျွန်မကို စိတ်ချမ်းသာမှုသာ ပေးခဲ့သူ ဖြစ်သည်။ သူက စာအလွန်ဖတ်သည့် လူတစ်ယောက် ဖြစ်သည့်အတွက်
စာအုပ်တွေအကြောင်းကိုလည်း တခုတ်တရလုပ် ပြောဆိုနိုင်ခဲ့သူလည်း ဖြစ်၏။ ပြီးတော့ ကျွန်မကို
အစဉ်အမြဲ ပြုံးရယ်နိုင်အောင် လုပ်ပေးတတ်သူလည်း ဖြစ်သေး၏။ ဘာပဲဖြစ်ဖြစ် သူသည် ကျွန်မဘ၀တွင်
မမေ့နိုင်စွာ အရေးပါခဲ့သော ယောက်ျားတစ်ယောက် ဖြစ်ခဲ့ပါသည်။
(၅)
တကယ်တော့ အလွန်မတန် ခင်မင်ရင်းနှီးခဲ့သော
သူနှင့်ကျွန်မအကြား ဒီလောက်နှစ်တွေကြာညောင်းလောက်အောင် အဆက်အသွယ် ပြတ်တောက်မနေသင့်။
ကျွန်မတို့နှစ်ယောက်က တစ်သက်လုံး မိတ်ဆွေသူငယ်ချင်းအဖြစ် ဆက်ဆံနိုင်ကြသူတွေမို့ အမြဲတမ်းမဟုတ်တောင်
တစ်ခါတစ်ရံ တယ်လီဖုန်းလေးတစ်ချက်ဆက်ရုံ ဆက်သွယ်မှုမျိုးတော့ ရှိနေသင့်သည် ထင်ပါသည်။
ကျွန်မ တယ်လီဖုန်းနံပါတ်များအားလုံးကို သူသိသည်။ ကျွန်မကတော့ သူ့ဖုန်းနံပါတ်တွေ မကြာခဏပြောင်းတတ်သဖြင့်
ဘာတစ်ခုကိုမှ မှတ်မထားမိ။ အကြောင်းမှာ သူ့ကို ကျွန်မ တစ်ခါမှ ဖုန်းစတင် မဆက်ဖူးသောကြောင့်ဖြစ်၏။
ကျွန်မကို မဆက်သွယ်ခြင်းက သူ တမင် အဆက်အသွယ်ဖြတ်တောက်ထားလို၍ပဲ ဖြစ်လိမ့်မည်။ ကျွန်မကဖြင့်
သူ့ကို စတင်ဆက်သွယ်ရန် မလိုအပ်ဘူးထင်သည်။ လုပ်ဖော်ကိုင်ဖက် အထက်အရာရှိများ၏ တိုက်တွန်းမှုကြောင့်
သူ အိမ်ထောင်ပြုခဲ့ရသည်ဆိုတာ ကျွန်မသိသည်။ ကျွန်မတို့နှစ်ယောက်အကြား ပြောမနာဆိုမနာ
ဆက်ဆံမှု ရှိခဲ့သည်မို့
"အစ်ကိုဇော် ဘာလို့ မပြောမဆိုနဲ့ မိန်းမယူလိုက်ရတာလဲ"
ဟူသော မေးခွန်းကိုတော့ ကျွန်မ မေးလိုက်ချင်သေး၏။
ကျွန်မစိတ်ထဲ သူနှင့်ပြန်လည် တွေ့ဆုံလိုစိတ်တော့
ရှိနေသေးသည်။ သူ၏ဇနီးနှင့် သမီးလေးကိုပါ ကျွန်မ နှစ်လိုစွာ ပြုံးပြနှုတ်ဆက်လိုပါသည်။
ကျွန်မဘက်က မှားခဲ့သော အမှားများအတွက်လည်း ဖွင့်ဟတောင်းပန်လိုပါသေးသည်။ သူ့စိတ်တွင်း၌
ကျွန်မသည် စိတ်တိုတောင်းစွာ မကျေမနပ်ဖြစ်လျက် စိတ်ဆိုးနေခဲ့သည်ဟုသာ ထင်မှတ်နေပေလိမ့်မည်။
ဒီအတွက် ကျွန်မစိတ်ထဲ ရင်ထဲ ဘာမှမရှိတော့ကြောင်း သူ သိစေချင်သည်။ ထို့အတွက် ကျွန်မ
သူ့ကို မကြာခဏ သတိရလာမိခြင်းပေလားမသိ။ တစ်စုံတစ်ယောက်ကို ကျွန်မ သတိတရ တွေးဆသတိရနေမိလျှင်
ထိုသူသည် အကြောင်းကိစ္စ တစ်မျိုးမျိုးဖြင့် ကျွန်မထံ ရောက်လာလေ့ရှိ၏။ ကျွန်မက ထိုသို့
ယုံကြည်ထား၏။ ထိုယုံကြည်ချက်ကြောင့်ပင် ထူးထူးခြားခြား တိုက်ဆိုင်မှုဟု ပြောကြသည့် ဖြစ်ရပ်မျိုးကို
ကျွန်မ ပိုယုံကြည်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ မကြာခင်မှာ သူ ကျွန်မထံပါး ရောက်ရှိလာလိမ့်မယ်။
သူ့ကို မကြာခဏ သတိရနေမိသော ရက်များက တစ်လကျော်လောက်သာ
ရှိခဲ့ပေမည်။ ကျွန်မနှင့်ခင်မင်သော မိတ်ဆွေဆရာတစ်ဦး၏ သားတစ်ယောက် မင်္ဂလာဆောင်အခမ်းအနားသို့
ကျွန်မ တက်ရောက်ခဲ့သည်။ မင်္ဂလာပွဲမှာ ညစာဖြင့် တည်ခင်းဧည့်ခံသော အခမ်းအနားဖြစ်၏။ ထိုပွဲ၌
သူနှင့်ကျွန်မ ပြန်လည်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ကျွန်မကို တွေ့တွေ့ချင်းပင် သူငယ်ချင်းတွေက
ဇော်ခိုင်လတ်လည်း လာတယ်ဟူသော သတင်းကို ပေးကြ၏။
စင်စစ် သူ ရန်ကုန်သို့ ရောက်နေသည်ဟု ကျွန်မ
သိမထားခဲ့။ ဤမင်္ဂလာပွဲသို့ သူ တက်ရောက်လိမ့်မည်ဟုလည်း မမျှော်လင့်ခဲ့။ သူ့နာမည်ကို ကြားသည်နှင့်
ကျွန်မ ရှာဖွေ နှုတ်ဆက်မိခြင်း ဖြစ်သည်။ သူနှင့်ကျွန်မ စားပွဲတစ်ဝိုင်းတည်း ထိုင်ရသည့်အတွက်
စကားများစွာ ပြောဖြစ်ခဲ့ကြသည်။ စကားပြောအေးသည့် သူ့ထံမှ စကားများစွာ ကြားလိုက်ရသည်မို့
ကျွန်မ အံ့သြနေခဲ့မိသည်။ အသက်လေးဆယ်အရွယ်ရောက်ပြီဆိုတော့ သူလည်း အရင်ကထက် စကားတွေ ပိုပြောတတ်လာခဲ့ပြီပေါ့။
တကယ်တော့ သူက အရင်ကတည်းက စကားပြောတတ်လျက် စကားမပြောဘဲ နေတတ်ခဲ့သူ တစ်ယောက်သာ ဖြစ်လေသည်။
"ညိုလေးက လူကြီးနဲ့လည်း မတူသေးပါလား။
ဆံပင်ရှည်ထားတာ တစ်ခုပဲ ပြောင်းတယ်။ ဒါပေမဲ့ တစ်မျိုးကြည့်လို့ ကောင်းသွားတာပေါ့"
သူက ကျွန်မကို ခြေဆုံးခေါင်းဆုံးကြည့်ကာ
ဆိုလေ၏။ ကျောင်းတက်စဉ်က ကျွန်မခေါင်းက ဆံပင် ဂုတ်အောက်ဘယ်အခါမှ မဆင်းခဲ့။ ဆံပင်တိုတိုနှင့်
နားဆွဲမျိုးစုံကို စွဲစွဲလမ်းလမ်း ၀တ်တတ်ခဲ့သော ကျွန်မပုံကို သူ မြင်ယောင်ကြည့်နေမိသည်
ထင်ပါသည်။ ကျွန်မကို မိန်းမလိုလိုနှင့် ယောက်ျားဆန်သည်ဟု သူက ပြောခဲ့ဖူး၏။ ရှပ်အင်္ကျ
ီဝတ်၍ နားဆွဲတွေဝတ်တာ မလိုက်ဖက်ဟု သူက သုံးသပ်ချက် ပေးခဲ့သေး၏။ ကျွန်မကလည်း
"လိုက်လိုက် မလိုက်လိုက်၊ နားဆွဲတွေက
နောက်ပိတ်ကောင်းရင် ပြုတ်မကျပါဘူး"
ဟု ပြန်ပြောတ်ခဲ့၏။ တကယ်တော့ ကျွန်မကို သူ
ဘယ်တုန်းကမှ စကားနိုင်အောင် ပြောခဲ့သည်မဟုတ်ပါ။ နားဆွဲတွေနှင့် မလိုက်ဖက်ဟု ပြောခဲ့ဖူးသော
သူသည် ကျွန်မ မွေးနေ့ရောက်တိုင်း လက်ဆောင်အဖြစ် နားဆွဲများကိုသာ ပေးလေ့ရှိလေသည်။
"ကိုယ့်အမျိုးသမီးမှာ နားပေါက်တောင်မရှိဘူး။
ဒါပေမဲ့ သမီးလေးကတော့ ညိုလေးလိုပဲ နားဆွဲတွေကြိုက်တယ်"
ဟုပင် သူက ပြောသေးသဖြင့် ကျွန်မနှစ်သက်သော
နားဆွဲများကို သူ သတိတရရှိနေသေးကြောင်း သိလိုက်ရ၏။ ပြီးတော့ သူက မြန်မာအမျိုးသမီးများပွဲတက်ဝတ်စုံဝတ်ထားသော
ကျွန်မကို အထူးအဆန်းဖြစ်ကာ
"ညိုလေး မိန်းမဆန်လာတယ်"
ဟု ပြောလေသည်။ အမှန်တော့ ကျွန်မ မိန်းမပီပီသသ
အ၀တ်အစားများကို ၀တ်စားတတ်သည် မဟုတ်ပါ။
"ပွဲတက်တာမို့ အလှတွေပြင်ထားလို့ပါ။
ဒီရုပ်က ဒီရုပ်ပါပဲ။ ထူးမလာပါဘူး။ အစ်ကိုဇော်ကမှ ပြောင်းလဲသွားတာ၊ လူရောစိတ်ရော အရင်ကနဲ့
ဘာမှမတူတော့ဘူးနော်"
သူ ပြုံးနေလေသည်။ ခဏလေးပြုံးလိုက်တာမဟုတ်ဘဲ
ပြုံးကြည့်နေသည့် မျက်လုံးများဖြင့် တည်ငြိမ်စွာပြုံးနေသည်ကို ကြည့်မိတော့ သူ့ကို အရင်က
အစ်ကိုဇော်အဖြစ် ပြန်မြင်ယောင်လာမိသည်။ သူက ကျွန်မကို ကြည့်တိုင်း ပြုံးရိပ်သန်းသော
အဖြူရောင်မျက်နှာနှင့်သာ ကြည့်တတ်ခဲ့သူ ဖြစ်လေသည်။
"အိမ်ထောင်မပြုတော့ဘူးလား"
ဒီတစ်ခါတော့ ကျွန်မ ကျေနပ်စွာ ပြုံးနေမိလျက်
ခေါင်းခါရလေသည်။
"ဒီနေ့ထိ အရပ်ရှည်တဲ့ ယောက်ျားချောချော
တစ်ယောက်မှ မတွေ့သေးဘူးလား"
သူ့အမေးအတွက် ကျွန်မ သဘောကျလွန်းစွာ အသံထွက်
ရယ်မောခဲ့ရလေသည်။
"ညိုလေးကတော့ ယောက်ျားဆို အရပ်မြင့်မြင့်
ချောချောလေးမှ ကြိုက်တယ်"
ခုလိုဆိုတော့ ကျောင်းတုန်းက ကျွန်မပြောခဲ့ဖူးသော
စကားတွေကို သူ မမေ့ခဲ့သေးဘူးထင်သည်။ သူနှင့်ကျွန်မ ရှေးဟောင်းနှောင်းဖြစ်တွေ များစွာ
ပြောဖြစ်ခဲ့ကြသည်။ ညစာ စားပွဲမှ ကျွန်မပြန်လာတော့ သူနှင့် ယောက်ျားလေးအဖွဲ့ ကျန်ရစ်ခဲ့ကြ၏။
ကျွန်မတို့နှစ်ယောက် လမ်းခွဲကာနီး
"အရင်ဖုန်းနံပါတ်ပဲ မဟုတ်လား"
ဟု သူကမေးခဲ့၏။ သူ့ဖုန်းနံပါတ်ကို ကျွန်မ
မသိသော်လည်း မမေးဖြစ်ခဲ့။ အိမ်ပြန်ရောက်တော့ ည ကိုးနာရီကျော်ပြီဖြစ်လေသည်။
(၆)
အမှန်တော့ ည ၁၁ နာရီဆိုသော အချိန်သည် ကျွန်မ
အိပ်ချိန် မဟုတ်။ ကျွန်မက ညဥ့်နက်သည်အထိ စာရေးစာဖတ်လုပ်တတ်သောသူ ဖြစ်ရာ ၁၁ နာရီလောက်နှင့်
အိပ်ရာဝင်လေ့မရှိ။ သို့စေလျက် ညနေက ပင်ပန်းထားသည့်အတွက် စောစောစီးစီး အိပ်ရာထဲ လှဲနေခဲ့မိ၏။
မျက်နှာအလှပြင်ဆင် ခြယ်သခြင်း၊ ၀တ်ကောင်းစားကောင်း ၀တ်ဆင်ရခြင်းတို့ကပင် ကျွန်မကို
ပင်ပန်းနေစေခဲ့ပြီ။ ကားစီးပြီး ပြန်လာသောအခါ လူက အစာပြည့်လာသည်မို့ အိပ်ချင်သလို ဖြစ်လာရေတော့၏။
တကယ်တော့ ကျွန်မ ဟုတ်တိ ပတ်တိ စားခဲ့သည်လည်း မဟုတ်ပါဘဲ ပြည့်အင့်သလို ဖြစ်နေခဲ့၏။ ဘာပဲဖြစ်ဖြစ်
ဒီနေ့တော့ စောစောအိပ်လိုက်မည် စိတ်ကူးကာ မျက်နှာသစ်၍ ကျွန်မ နားလိုက်မိ၏။ ထိုစဉ်မှာပဲ
တယ်လီဖုန်းသံကို ကြားလိုက်ရခြင်း ဖြစ်လေသည်။
"ဟယ်လို"
ဒီအချိန်ကြီးမှ ဘယ်ဆီက ဖုန်းပါလိမ့်။
"ညိုလေး"
တစ်ဖက်မှ အသံကို ကြားရရုံနှင့်ပင် သူမှန်း
ကျွန်မ သိသွားရ၏။ ကျွန်မ နည်းနည်းတော့ အံ့သြသွားမိလေသည်။
"သြော်… အစ်ကိုဇော်… အိမ်ပြန်ရောက်ပြီလား"
"ဒီမှာ ကိုယ့်အိမ်မှ မရှိတာ။ ဟိုတယ်မှာ
တည်းတယ်"
"ဟုတ်… အစ်ကိုဇော် ပြောလေ"
သူက အတန်ကြာ စကားမပြောဘဲ ဆိတ်ငြိမ်နေသည့်အတွက်
ကျွန်မ စကားထောက်ပြောလိုက်ရခြင်း ဖြစ်၏။ ပြီးတော့ သူ့အသံက အနည်းငယ် မူးယစ်ရီဝေနေသောအသံမျိုး။
ယောက်ျားတွေဆိုတော့လည်း ဒီအရွယ် ဒီလို ပွဲလမ်းမျိုးမှာ စားကြသောက်ကြလေမှာပေါ့…။
ညဥ့်နက်နေပြီဖြစ်သည်မို့ ကျွန်မလည်း ယောက်ျားတစ်ယောက်နှင့်
စကားမပြောလိုတော့။ ကျွန်မစိတ်ထဲ တစ်ခုခုကို ကြိုသိနေသလို ဖြစ်လာတာကြောင့်
"ညိုလေး ရောက်တာကြာပြီ။ ပင်ပန်းလို့
ခုပဲ အိပ်တော့မလို့"
ဟု ပြောလိုက်မိ၏။
"မအိပ်နဲ့ဦး။ ကိုယ် ပြောရာရှိလို့"
သူ့အသံက ကျွန်မကို အမြဲအနိုင်ယူ ပြောနေကျ
လူတစ်ယောက်လို အမိန့်ပေးသံဆန်လျက် အထက်စီးနင်းနိုင်လှသေး၏။ အံ့သြစရာ။
"ရှင်"
"ခဏလေးပါ။ ခဏနေမှ အိပ်ပေါ့"
"ဟုတ်ကဲ့"
ကျွန်မ ယောင်နန၊ ကြောင်စီစီနိုင်စွာ ဟုတ်ကဲ့လုပ်လိုက်မိခြင်းဖြစ်၏။
"နားထောင်နေလား"
"ဟုတ်ကဲ့ နားထောင်နေပါတယ်"
"ညိုလေးကို ကိုယ် သိပ်ချစ်တယ်၊ ညိုလေးကို
ချစ်တယ်။ ခုချိန်ထိ ညိုလေးကို ကိုယ် ချစ်နေတုန်းပဲ"
ကျွန်မ ဘာမှပြန်မပြောနိုင်လောက်သော အံ့အားသင့်မှုမျိုးဖြင့်
မှင်သက်မိသွားရလျက် တုန်လှုပ်ချောက်ချားသွားရလေသည်။ ရင်ခုန်သံတွေက တဒိုင်းဒိုင်း ကျယ်လောင်စွာ
ဆောင့်ခုန်လာသည်မို့ ရင်ဘတ်ကို လက်ဖြင့် ကြောက်လန့်တကြားဖိကာ အသံထွက် ရှိုက်ငိုနေမိ၏။
ကျွန်မ အခန်းတွင်းမှာ ကျွန်မတစ်ယောက်တည်းသာ ဖြစ်လျက် တစ်စုံတစ်ယောက် ကြားသွားမည်ကို
အလွန်စိုးရိမ်နေမိ၏။ ပြီးတော့ ကျွန်မ ကြက်သီးဖြန်းဖြန်းထအောင် ခေါင်းနားပန်းကြီးသွားရလျက်
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် တစ်ယောက်တည်း ယောက်ယက်ခတ်နေခဲ့ရလေသည်။
ကျွန်မ တစ်ယောက်တည်း တယ်လီဖုန်းခွက်ကို ကိုင်နေမိလျက်
ဆောက်တည်ရာမဲ့ သွေးပျက်နေခဲ့သော်လည်း တစ်ဖက်မှ တစ်စုံတစ်ရာ အသံမကြားရတော့။ တယ်လီဖုန်းခွက်ကို
သူက အရင်ဦးစွာ ချသွားခဲ့ပြီဖြစ်သည်။ ထိုညက ကျွန်မဘယ်အချိန်မှ အိပ်ပျော်သွားခဲ့သည်မသိပါ။
မနက်မိုးလင်း ရှစ်နာရီကျော်အချိန်လောက်မှ အိမ်သားတွေ တံခါးခေါက်သဖြင့် အိပ်ရာထခဲ့ရခြင်း
ဖြစ်၏။
ကျွန်မရင်ထဲ ဖြစ်ပေါ်နေသော ခံစားမှုသည် ရှက်စိတ်နှင့်
ဝမ်းနည်းစိတ် ရောပြွန်းလျက်ရှိသော အမည်မတပ်နိုင်သည့် တုန်လှုပ်မှုမျိုး ဖြစ်လိမ့်မည်ထင်သည်။
သူသည် ဒီအချိန်ရောက်မှ ကျွန်မ မကြားလိုသောစကားကို ဘာကြောင့် ထုတ်ဖော်ပြောခဲ့ရသနည်း။
ကျွန်မကို အထင်အမြင်သေးလာသည့်အတွက် ပြောထွက်နိုင်ခြင်းလား။ အရက်ဆိုသော မူးယစ်စေတတ်သည့်
ယမကာ၏ တန်ခိုးအာနိသင်ဖြင့် နှစ်ပေါင်းများစွာ သိုဝှက်ထားခဲ့သည့် စကားကို ဖော်ထုတ်လိုက်နိုင်ခြင်းလား။
ကျွန်မဆီမှ ဘာကို ရနိုင်သေး၍ မလိုအပ်တော့သည့် အပိုစကားကို ဆိုခဲ့ရခြင်းနည်း။ ထိုစကားသည်
ကျွန်မ မကြားလိုသောကြောင့် စည်းအထပ်ထပ်ကာချကာ နည်းမျိုးစုံဖြင့် ထားခဲ့သော စကားသာ ဖြစ်သည်ပဲ။
ဒါကို ကျွန်မတို့နှစ်ဦးစလုံး သိခဲ့ကြပါသည်။
ထိုစကားအတွက် သူလိုချင်သည့်အရာ ကျွန်မ မပေးနိုင်ဘူးဆိုတာ
သူကိုယ်တိုင်လည်း တိတိကျကျ သိနေခဲ့ပြီး ဖြစ်သည်။ သို့စေလျက် သူသည် ကျွန်မ လုံးဝ ထင်မှတ်မထားသည့်အချိန်တွင်မှ
ထိုစကားကို ဖွင့်ဟဆိုသွားခဲ့လေပြီ။
(၇)
ထိုည ၁၁ နာရီမှစ၍ သူ၏အသံကိုသော်လည်းကောင်း၊
ပုံရိပ်ကိုသော်လည်းကောင်း ကျွန်မ ထပ်မံကြားမြင်ရခြင်း မရှိတော့။
"ဇော်ခိုင်လတ်နဲ့ တွေ့သေးလား"
ဟု မေးကြသော သူငယ်ချင်းများအပေါ် ကျွန်မ ရှက်ရွံ့နေမိသလို
ခံစားနေရလျက်
"မကြားမိဘူး"
ဟုသာ ခေါင်းခါနေမိလေသည်။ ကျွန်မအပေါ် နှစ်ပေါင်းများစွာ
သစ္စာစောင့်သိခဲ့သောသူသည် ကျွန်မကို လိပ်ပြာမလုံစွာ ရှက်ရွံ့နေစေအောင် ကျီစားပြက်ရယ်ပြုခဲ့လေခြင်းလား။
ကာလအတန်ကြာသောအခါ ကျွန်မရင်တွင်းမှ ရှက်ရွံ့မှုများ ပြေလျော့သွားခဲ့ပါသည်။
သူသည် ကျွန်မကို မယားငယ်အဖြစ် ရည်ရွယ်လျက်
ရမလားဟု ကြံစည်ရက်လောက်အောင် နိမ့်ကျသူမဟုတ်တာ ကျွန်မ ယုံကြည်သည်။ ဘယ်လိုအကြောင်းကြောင့်
သူ အိမ်ထောင်ပြုဖြစ်ခဲ့သည် ဖြစ်စေတော့။ သူသည် သူ့ဇနီးနှင့် သမီးအပေါ် ၀တ္တရားကျေပွန်စွာ
တစ်သက်တာလုံး ပေးဆပ်သွားမည့် ယောက်ျားသာ ဖြစ်ပါလိမ့်မည်။ ရွေ့လျားပြောင်းလဲလာသော အချိန်များ
ကြာလာသည်နှင့်အမျှ ကျွန်မ ရင့်ကျက်လာခဲ့ပြီမို့ သူ့အပေါ် အပြစ်မတင်လိုတော့ဘဲ နားလည်လာနိုင်ခဲ့သည်။
တကယ်ဆိုတော့ ကျွန်မသည် လူတစ်ယောက်ရင်တွင်း မဖြစ်မနေ ဖြစ်ထွန်းနေပြီဖြစ်သော အချစ်ဆိုသည့်အရာကို
ဇွတ်အတင်း ပိတ်ပင်တားဆီးမနေသင့်ခဲ့။
ခုတော့ ကျွန်မ နားလည်ခဲ့ပြီ။ အချစ်ဆိုသည့်
ခံစားမှုသည် တစ်ယောက်သောသူအတွက် အဖန်တလဲလဲ ရှင်သန်နေနိုင်သော ရွက်ကျပင်ပေါက်နှင့်တူ၏။
တစ်ယောက်သောသူအတွက် ဘ၀တစ်ဖန် မရှိတော့သော သေဆုံးခြင်းနှင့်တူ၏။ တစ်ယောက်သောသူအတွက်
ဘယ်သောအခါမှ ဖွင့်ခွင့်မရအောင် သက်ဆုံးတိုင် သော့ခတ်ထားလိုက်ရသည့် အလှကြည့် သေတ္တာတစ်လုံးနှင့်တူ၏။
တစ်ယောက်သောသူအတွက်မူ တစ်သာတာလုံး ငြှိမ်းသတ်လို့မရအောင် တငွေ့ငွေ့တောက်လောင်နေမည့်
တောမီးနှင့်တူ၏။
ကျွန်မ နားလည်သလိုပင် လူတစ်ယောက်ချင်းဆီ၌
အချစ်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုမှု အမျိုးမျိုးရှိကြလိမ့်ဦးမည်။ ဒီတော့ ဖွင့်ဆိုချက်အမျိုးမျိုး
ရှိနေသည့်အချစ်အတွက် သက်ရောက်မှုတွေလည်း မျိုးစုံရှိလိမ့်မည်။
ငယ်ရွယ်စဉ်က ကျွန်မသည် အချစ်အပေါ် မှန်ကန်သည့်
သုံးသပ်ချက်ချနိုင်လောက်သော ခံစားမှုပင်မရှိအောင် ကိုယ့်ကိုကိုယ်သာ ချစ်တတ်ခဲ့သူ ဖြစ်ပါသည်။
သူ၏ချစ်ခြင်းအပေါ် နှစ်ပေါင်းများစွာ စည်းအထပ်ထပ်ချပိတ်ပင်ခဲ့ခြင်းသည် ကျွန်မ၏ အတ္တသက်သက်သာ
ဖြစ်သည်။ ဟိုစဉ်ကတည်းက ကျွန်မ သူ့ကို လွတ်မြောက်စေသင့်ခဲ့သည်။ သူသည် အချစ်ကြောင့်ရသော
နာကျင်မှုတစ်ခုဖြင့် နှစ်ပေါင်းနှစ်ဆယ်ကျော် ပင်ပန်းစွာ ရှင်သန်ရပ်တည်ခဲ့ရသူဖြစ်၏။ အနည်းဆုံးတော့
ကျွန်မသည် ယောက်ျားတစ်ယောက်၏ လွတ်လပ်ခွင့်နှင့် လုပ်ပိုင်ခွင့်အပေါ် တရားမျှတစွာ ကိုယ်ချင်းစာခဲ့ဖို့
ကောင်းသည်ပဲ။ လူတစ်ယောက်၏ နှလုံးသားကို အာဏာပြင်းပြစွာဖြင့် နှစ်ပေါင်းများစွာ တံတိုင်းကာရံပိတ်ဆို့လျက်
အကျဉ်းကျစေခဲ့ပြီး ကျွန်မကတော့ အပြစ်မရှိသူလို ငြိမ်းချမ်းစွာ လွတ်မြောက်ခွင့်ရခဲ့သည်။
သူ့ကိုတော့ဖြင့် တစ်စုံတစ်ရာ ငဲ့ညှာထောက်ထားရကောင်းမှန်း မသိခဲ့။
ဘာပဲဖြစ်ဖြစ် သူနှင့် ကျွန်မ တစ်သက်တာ ဆုံစည်းခွင့်မရှိအောင်
ဝေးခဲ့ကြပြီဖြစ်သည်။ သို့ပေလျက် ကျွန်မတို့နှစ်ယောက် ပြန်လည်တွေ့ဆုံကောင်း တွေ့ဆုံနိုင်ပါသေးသည်။
ထိုအချိန်၌ ကျွန်မရင်တွင်းရှိခဲ့သည့် တစ်စုံတစ်ရာသည် သူ့အပေါ် စိတ်တိုဒေါသထွက်ခြင်းမဟုတ်တော့ဘဲ
ကိုယ်ချင်းစာနာစိတ်နှင့် စိတ်ထိခိုက်ရလောက်သော ၀မ်းနည်းမှုတို့သာဖြစ်ကြောင်း ရိုးသားစွာ
ပြောပြလိုပါသည်။
သူသည် ကျွန်မ၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးကို
စိတ်ကျေနပ်ဖွယ်ကောင်းလောက်သော ရှင်သန်မှုမျိုးဖြင့် လှလှပပ နေစေနိုင်အောင် ကျွန်မထံပါး
ချစ်ခြင်းများစွာ ချန်ရစ်အပ်နှံထားခဲ့သူသာတည်း။
ကလျာမဂ္ဂဇင်း၊
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ
မေတ္တာဖြင့်
ယုဒါ
25-Oct-2016 (TUE)
No comments:
Post a Comment
အားပေးမှုအတွက် ကျေးဇူးတင်ပါသည်...
မေတ္တာဖြင့်...
ယုဒါ