တစ်ခုသောကျောင်းဖွင့်ရက်နေ့တစ်နေ့က သန်လျင်မှာရှိသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ ကျွန်မရောက်ခဲ့သည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကြီးတွင် ကျွန်မနှင့် ကျောင်းနေဘက် သူငယ်ချင်းများရှိသည်။ သူငယ်ချင်းများနှင့် တွေ့ဆုံဖို့ အရှေ့ပိုင်းတက္ကသိုလ်သို့ သွားရောက်ရန် စိတ်ကူးခဲ့သော်လည်းအကြောင်းအမျိုးမျိုးကြောင့် မဆုံတွေ့ဖြစ်ခဲ့။ လွန်ခဲ့သည့် ဆယ်လေးငါးနှစ်ကျော် ကာလတစ်ခုကတက္ကသိုလ် ဆရာ၊ ဆရာမများအလုပ်ခေါ်စဉ် ဆောက်လုပ်ပြီးစအရှေ့ပိုင်းတက္ကသိုလ်သို့ ကျွန်မတို့ သူငယ်ချင်းတွေ စုရုံးသွားခဲ့ဖူးကြသည်။ ကြာခဲ့ပြီပေါ့။
ရန်ကုန်တက္ကသိုလ်တက်စဉ်ကလှည်းတန်းမိုးစန္ဒာလမ်းမှ အပြင်ဆောင်တွင် ကျွန်မနေထိုင်ခဲ့သည်မို့ ပြည်လမ်း တောင်ငူဆောင်ဝင်ပေါက်မှဝင်ကာ ကံ့ကော်တောကို ဖြတ်၍ အဓိပတိလမ်းကိုလျှောက်ရသည်။ ထိုလမ်းကိုလျှောက်ခဲ့ရသည့်အရသာနှင့် ပျော်ရွှင်မှုမျိုးကို ကျွန်မတို့ ဘယ်နေရာမှာမှ ပြန်မရနိုင်တော့။ ကျွန်မတို့ သူငယ်ချင်းတစ်စုစကားတွေ အလုအယက်ပြောရင်းအဓိပဓိလမ်းကိုလျှောက်ခဲ့ကြသည်။ ပုဂံလမ်း၊ ဂျပ်ဆင်လမ်း၊ ဘွဲ့နှင်းသဘင်လမ်း၊ ကျောင်းသားရေးရာဌာနမှ အင်းလျားလမ်းထိပေါက်သောကွန်ကရစ်လမ်းကလေး။ စာကြည့်တိုက်ရှေ့ ကံ့ကော်တောတစ်လျှောက်လမ်းရွှေဘိုဆောင်ရှေ့လမ်း၊ ကျွန်မတို့ နေ့စဉ်နှင့်အမျှ မမောမပန်းပျော်ရွှင်စွာလျှောက်ခဲ့ဖူးသောလမ်းတွေ။ ငုံ့ကြည့်စရာမလိုအောင် လမ်းတွေကဖြောင့်ဖြူးချောမွေ့ခဲ့သည်ကိုး။ အရပ်မြင့်သော ကျွန်မကဒေါက်ဖိနပ် မစီးသော်လည်းသူငယ်ချင်းမတွေကတော့ ဒေါက်ဖိနပ်သံတခွက်ခွက်မြည်အောင် ဟန်ရေးပြလမ်းလျှောက်ခဲ့ကြသည်။ နွေမိုးဆောင်းဥတုသုံးပါးစလုံး ကျွန်မတို့တစ်တွေ ကျောင်းတော်ကြီး၏အရိပ်ကိုမက်မောပျော်ရွှင်စွာခိုလှုံရင်း ကျောင်းပရိဝုဏ်အနှံ့ ခြေရာတွေထပ်အောင် သွားလာလှုပ်ရှားခဲ့ကြသည်။ လွမ်းလိုက်တာတက္ကသိုလ်ကြီးရယ်။
ရုတ်တရက် ရန်ကုန်တက္ကသိုလ်ကြီးဆီပြောင်းလဲရောက်ရှိသွားသောအတွေးတွေကိုတူမလေးက “ အန်တီသတိထားနော်။ ချော်မယ်။ ဒီကျောင်းထဲမှာကဘယ်နေရာသွားသွားဘယ်မှငေးလို့ မကောင်းဘူး။ တစ်ချိန်လုံးအောက်ကိုငုံ့ကြည့်ပြီးသတိထားနိုင်ပါမှ တော်ကာကျတာ ” ဟုဆိုလျှက် ကျွန်မလက်ကိုတွဲလျှောက်လေသည်။ မိုးကတဖြောက်ဖြောက် ရွာချလာပြန်တော့ ကျွန်မလက်ကိုလွှတ်ကာထီးတစ်ယောက်တစ်ချောင်းဆောင်းရပြန်သည်။ တူမလေးပြောမှ အလွမ်းတွေဖြင့် သတိလက်လွတ် ဖြစ်နေမိသော ကျွန်မလျှောက်နေသည့်လမ်းကိုသတိထားလိုက်မိသည်။ ဟုတ်ပါရဲ့။ တက္ကသိုလ် ပရိဝုဏ်တစ်ခုအတွင်းမှ မိန်းလမ်းမကြီး၏ ကျန်းမာရေးသည် ဆယ်နှစ်ကျော်ကာလအတွင်းသေလုမျောပါးအခြေအနေရောက်အောင် ဆိုးရွားနေခဲ့ပါရောလား။ လမ်းပေါ်၌ ကျောင်းဆင်းကျောင်းတက် သွားလာနေကြသောကလေးများအားလုံးသူတို့ အမိတက္ကသိုလ်ကြီး၏ လမ်းအထာကိုသိရှိကျွမ်းဝင်နေကြသည့်အလားခေါင်းလေးတွေ စိုက်စိုက်စိုက်စိုက်နှင့်။ ကားတစ်စီးဖြတ်မောင်းသွားလိုက်လျှင် ချိုင့်ခွက်ဖုထဗွက်ဗရပွဖြစ်နေသောမဟာလမ်းမကြီးတစ်လျှောက် ဟိုကပ်ဒီရှောင် ဣနြေ္ဒမရ ဖြစ်ကြရပြန်သည်။ “ ဒီလမ်းကိုဘာလမ်းခေါ်သလဲသမီး ” ဟု ကျွန်မ ကျွန်မမေးမိတော့ “ သိပါဘူးအန်တီရယ်။ ဟိုးထိပ်ကဆောက်လက်စအဆောက်အအုံကြီးကဘွဲ့နှင်းသဘင်လို့ ပြောတာပဲ။ နောင်နှစ်တွေဆိုဒီမှာပဲ ဘွဲ့အခမ်းအနားလုပ်ရတော့မယ်ပြောတယ်။ အဲဒီအခါတော့ ဘွဲ့နှင်းသဘင်လမ်းလို့ ခေါ်ရမှာပေါ့ အန်တီ၊ ဘွဲ့ပေးမဲ့နှစ်မှ ဒီလမ်းမကြီးကို ပြင်မလားမသိပါဘူး ” ဟုဆိုလေသည်။
တူမလေးမူလတန်းအရွယ်ကရန်ကုန်တက္ကသိုလ်ထဲသို့ ကျွန်မမကြာခဏခေါ်သွားဖူးခဲ့ရာအလွန်ပျော်ရွှင်ခဲ့တာသတိရသွားမိသည်။ သမီးက ရန်ကုန်တက္ကသိုလ်ဝင်းထဲမှ တရုတ်စကားပွင့်တွေကို ကျွန်မလိုပင် နှစ်သက်သူ ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် ပရိဝုဏ်အတွင်း ပန်းချီကားတစ်ချပ်လိုလှပသောနေရာများအလွန်များပြားသဖြင့် ကျွန်မတို့ သူငယ်ချင်းတစ်စုဓာတ်ပုံတွေ ရိုက်လို့မ၀အောင် ဖြစ်ခဲ့ကြသည်။ ဓာတ်ပုံဆရာတွေကလည်းအစဉ်အမြဲရှိနေသောနေရာဖြစ်သည့်အတွက် တူမလေးငယ်စဉ်ကတည်းက ရန်ကုန်တက္ကသိုလ်ဝင်းကြီးထဲမှာ ဓာတ်ပုံများစွာရိုက်ပေးခဲ့ဖူးသည်။ ထိုစဉ်က “ သမီးကြီးလာရင် အန်တီတို့လိုပဲ သူငယ်ချင်းတွေနဲ့ ဒီကိုကျောင်းလာတက်ရမှာလား ” ဟု ၀မ်းသာအားရမေးခဲ့ဖူးတာကိုလည်း ကျွန်မ မှတ်မိနေပါသေးသည်။ အခုသမီးအသက် ၁၈ နှစ်ကျော်လာခဲ့ပြီ။
“ အန်တီက ကျောင်းကို လွမ်းသွားတာ မဟုတ်လား ” တူမလေးက နေမကောင်းသည့်ကြားက ကျွန်မကို ဦးဆောင်လျက် သူမတက်ရမည့် လက်တွေ့ စာသင်ခန်းများဆီသို့ စကားပြောရင်း ခေါ်ဆောင်လာသည်။ တွေ့မြင်သမျှ ဘေးပတ်ဝန်းကျင်မှ အဆောင်များ၊ ခပ်လှမ်းလှမ်းမှ အဆောက်အအုံများကိုပင်ညွှန်ပြလျက် သူသိရှိကျွမ်းကျင်သမျှ ရှင်းပြနေသေးသည်။ အတန်းထဲဝင်ကာနီးမှ “ အန်တီ တစ်နာရီလောက် ဆက်လွမ်းလိုက်ဦး။ သမီး တစ်နာရီလောက်ဆို ပြီးပြီ။ အန်တီ လျှောက်ကြည့်လို့ မပြီးသေးရင်လည်း သမီး ဖုန်းဆက်လိုက်မယ် ” ဟုဆိုလျှက် လက်တွေ့ခန်းထဲသို့ ၀င်သွားတော့သည်။ တူမလေး လက်တွေ့ခန်းထဲ ၀င်သွားပြီးမှ ကျွန်မ ကျောင်းပရိဝုဏ်အနှံ့ သွားနိုင်သမျှခြေဆန့်သွားကာ လေ့လာရေးဆင်းမိသည်။ အချိန်မရသဖြင့် သူငယ်ချင်းတွေကိုလည်း ဖုန်းဆက်မချိန်းဖြစ်တော့။ ကျွန်မ တူမလေး အတန်းမှန်မှန် မတက်ချင်သည့်ကျောင်း။ မပျော်ရွှင်သည့် ကျောင်းတော်ကြီးဟာ ဘယ်လိုအရုပ်ဆိုးမှုတွေနဲ့ တူမလေး၏ ရင်ကိုမခုန်လှုပ်စေရတာတဲ့လဲ။ တူမလေးပြောသလိုဆိုလျှင်တော့ အမ်(M) ဆောင်မှလွဲ၍ အဆောင်အားလုံး စွဲဆောင်မှုကင်းစွာ အိုဟောင်းနေကြလေပြီပေါ့။ စင်စစ် အဆောင်တွေသာမဟုတ်။ အရှေ့ပိုင်းတက္ကသိုလ်ဝင်းအတွင်း ဖောက်လုပ်ထားသမျှ လမ်းများကလည်း အံ့သြဖွယ်ရာ ကောင်းလောက်အောင် ကူကယ်ရာမဲ့ ဖျားနာလို့ပါလား။ ပရိဝုဏ်အတွင်း အဆောင်တစ်ခုနှင့်တစ်ခု ကူးသန်းရသည့်လမ်းများ၊ ကျောင်းတွင်းစားသောက်ဆိုင်တန်းသို့ သွားသည့်လမ်းများ၊ ရှိရှိသမျှ လမ်းအားလုံး ဂ၀ံမြေနီလမ်းများသာ ဖြစ်သည့်အတွက် ကာလတိုတစ်ခုအတွင်း အထိန်းအသိမ်းမဲ့စွာ ပျက်စီးယိုယွင်းသွားခဲ့ပြီ ဖြစ်သည်။
ဘုရားရေ…။ လမ်းပေါ်မှာပင် မြက်တွေအစုလိုက်အပြုံလိုက် ပေါက်နေရလောက်အောင်၊ မဖြစ်မနေ သွားလာနေရသည့် လမ်းကလေးတွေမှာပင် ဗွက်ထနေရလောက်အောင် တက္ကသိုလ်ဝင်းကြီးထဲမှာ သန့်ရှင်းရေးဝန်ထမ်းအင်အား နည်းပါးလွန်းနေပါသလား။ ဟင့်အင်း။ လမ်းတွေပျက်စီးယိုယွင်းတဲ့ကိစ္စကို သန့်ရှင်းရေးဝန်ထမ်းလောက်က ဘာတတ်နိုင်မှာတဲ့လဲ။ ဘာပဲဖြစ်ဖြစ် ဒေါက်မြင့်ဖိနပ်လှလှလေးတွေ အလွန်ပေါသည့်ခေတ်ကြီးထဲမှာ တက္ကသိုလ်ကျောင်းသူလေးတွေလည်း ဖိနပ်လှလှလေးတွေ စီးချင်ကြမှာပေါ့။ သူတို့ဖိနပ် နုနုလှလှလေးတွေနဲ့ ဒီလိုလမ်းတွေကို ဘယ်လိုဖြတ်သန်း လျှောက်ရမှာတဲ့လဲ။ လမ်းလျှောက်စဉ် သတိထားလျှက် ခေါင်းငိုက်စိုက်ချရင်းကပင် ကျွန်မ မြင်မြင်သမျှ ပတ်ဝန်းကျင်တစ်ခွင်လုံးကို လှမ်းမျှော်ကြည့်မိ၏။
ကျောင်းဝင်းအတွင်း ဟိုဟိုဒီဒီ ကြည့်မိတော့ တက္ကသိုလ်ကျောင်းတော်ကြီး အထင်ကရ ဖြစ်လောက်သည့် ထူးထူးခြားခြား အပင်ဆိုလျှင်ဖြင့် ခြုံနွယ်ပိတ်ပေါင်းတွေ မရှင်းလင်းနိုင်တော့သည့် ပျဉ်းမပင်နှင့် စိန်ပန်းပင် အနည်းငယ်ကို တွေ့ရသည်ကို သတိထားမိသည်။ ပိတောက်ပင် အချို့ကလည်း အရိုင်းဆန်စွာ အကိုင်းအခက်တွေ ဖားဖားဝေလို့ တောအုပ်ရိုင်းရိုင်းထဲမှာ တိမ်မြုပ်လျှက်။ အပေါများဆုံး မြင်တွေ့ခွင့်ရတာကတော့ အဆောင်တစ်ဆောင်နှင့် တစ်ဆောင်ကြား မြေလွတ်မြေရိုင်းတွေပေါ်က ပိန်းရိုင်းလွင်ပြင်ကြီးတွေသာ ဖြစ်၏။ ရေ၀ပ်သည့်လယ်ကွက်လို နေရာမျိုးတွေဆိုတော့ မိုးများသည့်အခါ ရေမထွက်နိုင်တော့ဘဲ ရွံ့အိုင်ကြီးတွေ ဖြစ်သွားပုံပါပဲ။ ကျွန်မ အမြင်အာရုံမှာတော့ အောက်ခြေမှာ ရေလား၊ ဗွက်လား၊ မြေသားလား ခွဲခြားလို့ မရနိုင်သည့် အစိမ်းရောင် ပိန်းရိုင်းတောကြီးတွေကိုသာ မြင်ရလေသည်။
မြန်မာပြည်မှာ မြေတွေအလွန်ပေါလျံနေသည်ဆိုတော့ အသစ်တည်ဆောက်သည့် တက္ကသိုလ်ပရိဝုဏ်ဝင်းကြီးအတွက် လယ်ဧကပေါင်းများစွာ ပေးနိုင်ခဲ့လျက် တိုးတက်စည်ကားလာအောင် လူအား၊ ငွေအား မသုံးစွဲနိုင်နိုင်ခြင်းအတွက် တက္ကသိုလ်ကြီးက သေအံ့မူးမူး မိန်းမောနေခဲ့လေပြီပေါ့။ နိုင်ငံ၏ အမွေကို လက်ဆင့်ကမ်းယူရမည့် လူငယ်တို့ အဆင့်မြင့်ပညာသင်ကြားရမည့် တက္ကသိုလ်ပရိဝုဏ်အတွင်း လမ်းများကိုပင် ရေရှည်မတည်တံ့နိုင်သော မြေနီဂ၀ံကျောက်တို့ဖြင့် အလျင်စလို အခြေချဖောက်လုပ်ခဲ့ပုံက ကာလတစ်ခု၏ မခိုင်မြဲမှုကို ပုံရိပ်ဖော်ပေးသလို ရှိ၏။ ဘယ်အရာမဆို တည်ဆောက်ဖို့ လွယ်ကူလျက် အရှည်တည်တံ့ဖို့ ခက်ခဲတတ်သည်ပဲ။
ဟောဒီလမ်းတွေပေါ် နေ့စဉ်နဲ့အမျှ ခြေချလျက် ပညာသင်ယူနေရသော လူငယ်အများစု၏ စိတ်ထဲ မည်သို့ရှိမည်ဆိုတာကိုဖြင့် ကျွန်မ မသိ။ ကျွန်မ တူမလေးကတော့ဖြင့် “ သမီးတို့ကျောင်းက အန်တီတို့တက်ခဲ့တဲ့ ကျောင်းလို ပျော်စရာလည်းမကောင်းဘူး။ တက္ကသိုလ်တက်ရတာလည်း ဘာမှအဓိပ္ပါယ်မရှိ သလိုပါဘဲ။ သမီးက ကျောင်းမှန်မှန် တက်ချင်တာတောင် အတန်းထဲမှာ ကိုယ်ပေါင်းမိတဲ့ အဖော်တွေက အတန်းတက်မမှန်တော့ သမီးလည်း မတက်ချင်တော့ဘူး အန်တီရဲ့။ ကျောင်းအပ်တာ လူနှစ်ရာ လောက်ရှိတဲ့အတန်းထဲ ကျောင်းတက်ဖို့ စာသင်ခန်းထဲ ၀င်လာတာက အယောက်နှစ်ဆယ်ပဲရှိတာ။ များတဲ့နေ့ဆို လေးငါးဆယ်ပေါ့။ ဒီတော့ ပိတ်ရက်မှ ကျူရှင်မှာ ဘာသာစုံပေါင်းတက်၊ လက်တွေ့လာလုပ်၊ ပြီးတော့ စာမေးပွဲဖြေ။ ပြီးပြန်ရော တစ်နှစ်။ သမီး စဉ်းစားကြည့်မိတယ်။ တက္ကသိုလ်ပညာဆိုတာ လူတစ်ယောက်ရဲ့ ဘ၀ကို ဘယ်လောက်များ တိုးတက်မြင့်မားလာစေနိုင်တာလဲလို့။ ဒါပေမယ့်လည်း အန်တီတို့က ဘွဲ့တစ်ခုခု ရရမယ်လို့ ဆိုတာကိုနော် ” ။ တူမလေး၏ ခံစားချက်တွေကို ကျွန်မတွေးဆကြည့်ရင်း စိတ်မကောင်းဖြစ်ရသည်။
ကျွန်မ တူမလေးက အိမ်ကို ခင်တွယ်လျက် ရိုးသားအေးဆေးသူဆိုတော့ အပေါင်းအသင်းကို မက်မက်တွယ်တွယ် မရှိတာကြောင့်လည်း ကျောင်းတော်ကြီးကို မချစ်ခင်တာဖြစ်ပါလိမ့်မည်။ ပေါင်းသင်းမိသမျှ အပေါင်းအဖော်တွေကလည်း ရည်းစားထားဖို့လောက်သာ အားပေးအားမြှောက်ပြုသူတွေဆိုတော့ သူနှင့်မကိုက်ညီပြန်။
ပြီးတော့ သူ့စိတ်အခံကိုက ကျောင်းတော်ကြီးကို အထင်သေးနေလေတော့ သူဘယ်မှာ လာပျော်ရွှင်နိုင်မှာတဲ့လဲ။ “ တက္ကသိုလ်သာဆိုတယ်။ တက္ကသိုလ်နဲ့မှ မတူဘဲ။ ကျောင်းဆောင်တွေက အထပ်အမြင့်တွေမို့ လှေကားတွေ ဘယ်ညာတစ်ဖက်ဆီမှာရှိလျက်နဲ့ တံခါးတွေကို ပိတ်ထားရတယ်။ အသွားအလာနည်းတဲ့ လှေကားတွေမှာ အတွဲတွေက ချိန်းချိန်းတွေ့ကြလို့တဲ့။ ကျောင်းကိုလာပြီး ချိန်းတွေ့ဖို့လောက်ပဲ သိတဲ့လူတွေကို သမီးဖြင့် မုန်းလိုက်တာ။ ကျောင်းကို နာမည်ပျက်အောင် လုပ်ချင်ကြတာကိုး။ ကျောင်းဝင်းထဲမှာလည်း သူငယ်ချင်းတွေ စုစုရုံးရုံး တွေ့ဖို့ထိုင်ဖို့ နေရာကလည်း များများစားစား မရှိပါဘူး။ ရှိတဲ့ အဆောင်တွေဆိုလည်း ပိတ်ထားတာက များများတော့ သွားမဲ့
နေရာ
လွယ်လွယ်မရောက်ဘဲနောက်ပြန်ဆုတ်ရသေးတယ်။နားဖို့ခိုဖို့သစ်ပင်ရိပ်ကောင်းကောင်းမှစိုက်မထားဘဲအန်တီရဲ့။ သမီးက အပင်လှလှတွေကို ချစ်တာလေ။ ဒီမှာက တက္ကသိုလ်ကျောင်းတော်ကြီးထဲက အပင်ရယ်လို့ လှတပတခန့်ခန့်ညားညား လက်ညှိုးထိုးပြစရာ ဘာအပင်များ ရှိလို့လဲ။ ရှိတဲ့အပင်လေးတွေကိုလည်း ဘယ်သူကမှ တန်ဖိုးထားပြုပြင်မပေးကြဘူး။ ဒါကြောင့် သမီးတို့ တက္ကသိုလ်ဆိုတာ ဒီလိုပါလို့ အန်တီတို့သိအောင် ပြချင်တာ။ အန်တီသူငယ်ချင်းတွေကတော့ သမီးလို မကောင်းကြောင်း ဘယ်ပြောမလဲနော်။ သူတို့က ဆရာမတွေကိုး ” သမီးက ထိုသို့ ရှုမြင်သုံးသပ်ပြတော့ ကျွန်မပင် သူ့ကို ဘယ်လိုဖြေသိမ့်ပေးရမှန်းမသိ ဖြစ်ခဲ့ရသည်။
ကလေးတွေရဲ့စိတ်ထဲ သူတို့တက်ရောက်သင်ကြားနေတဲ့ တက္ကသိုလ်ကြီးအပေါ် မြတ်နိုးအားထားမှု၊ ယုံကြည်ကိုးစားမှုတို့ပျောက်ပျက်နေတာက အတော်စိတ်မကောင်းစရာကောင်းသောကိစ္စ ဖြစ်သည်။ ကျောင်းတက်လာသူတွေက ကျောင်းဝင်းအတွင်းသို့ဝင်မလာဘဲ လမ်းမတန်းက စားသောက်ဆိုင်တန်းတွေမှာ လာထိုင်ပြီး ပြန်သွားကြသည့် လူငယ်တွေလည်း များစွာရှိသေးသည်တဲ့။ ကျွန်မတို့တုန်းကတော့ တက္ကသိုလ်ကျောင်းတော်ကြီးကို ချစ်လွန်လွန်း၍ အမိတက္ကသိုလ်ဟုပင် ခေတ်အဆက်ဆက် တင်စားခေါ်ဝေါ်ခဲ့ကြသည်။ တက္ကသိုလ်ကြီးကို ခွဲခွာရတော့မည်ဆိုလျှင် ကျွန်မတို့ နင့်နင့်နဲနဲ ကြေကွဲဝမ်းနည်းခဲ့ရလောက်အောင် တက္ကသိုလ်ကြီးက ကျွန်မတို့ကို ဖမ်းစားညှို့ငင်နိုင်ခဲ့သည်ပဲ။ ယနေ့ လူငယ်တွေကဖြင့် တက္ကသိုလ်ကျောင်းတော်ကြီးအပေါ် မိမိ မပိုင်ဆိုင်သော အငှားအိမ်တစ်ခုလို ယူဆလျှက် တန်ဖိုးမထား။ အိပ်ချိန်လောက်သာ ထိုးအိပ်ဖို့ သတိရလျှက် အိမ် ပတ်ဝန်းကျင်အပေါ် သက်ဝင်ခံစားမှု နည်းနည်းမှ မရှိတတ်သော အိမ်ငှားတွေနှင့် တူနေကြပါလား။
အရှေ့ပိုင်းတက္ကသိုလ်ဝင်းမှ နေရာတော်တော်များများအား လျှောက်ကြည့်မိပြီးသောအခါမှာတော့ တူမလေးကို ပြန်ပြောဖို့စကားတွေ ကျွန်မ ရှာမရအောင် ဖြစ်နေရလေသည်။ စာသင်ခန်းတွေရှေ့ နေရာတော်တော်များများမှာ တွေ့ရသော ကွမ်းတံတွေးတွေ၊ အပေါ့အပါးသွားချင်သူတွေအတွက် အိမ်သာဘယ်မှာလဲဟု မေးစရာမလိုအောင် အသင့်အနေအထားဖြင့် ပေလေးငါးဆယ် အကွာအဝေးလောက်ကပင် အနံ့အသက်တွေ လှိုင်လှိုင်ထလျက် ကြိုဆိုနေသော သန့်စင်ခန်းတွေ၊ စာသင်ခန်းများရှေ့ ကော်ရစ်တာမှလွဲ၍ အပြင်ထွက်လမ်းလျှောက်သွားလို့ မရနိုင်လောက်အောင် ရှုပ်ထွေးညစ်ပတ်နေသည့် ဘေး၊ ဘယ်ညာ အရှေ့အနောက် မြင်ကွင်းတွေ၊ ဗွက်ထ၊ ရေ၀ပ်၊ ပေါင်းမြက်ပင်တွေ ရှင်သန်ကြီးစိုးနေသော မြေနီလမ်းကလေးတွေ။ တောထဲတောင်ထဲ ရောက်နေသလား ထင်မှတ်မှားလောက်အောင် နွယ်မြက်သစ်ပင်တွေနှင့် ရှုပ်ယှက်ခက်နေသည့် ခပ်လှမ်းလှမ်းက တောအုပ်လေးတွေ။ ဟိုဟိုသည်သည် ရုပ်ဝတ္ထုတွေက ချစ်မြတ်နိုးစွာ လွမ်းတသသဖြစ်ရလောက်သည့် တက္ကသိုလ်ပရိဝုဏ်ကြီးနှင့် မတူသည်ဘဲ။
တကယ်တော့ ကျွန်မတို့ ချစ်မြတ်နိုးသည့်အရာတွေထဲမှာ မူလတန်းကျောင်းသူဘ၀က အ.မ.က ကျောင်းလေးတွေပါသည်။ ပြီးတော့ အ.လ.က ကျောင်း။ အ.ထ.က ကျောင်းတွေ။ နောက်တော့ ကျွန်မတို့ အမိတက္ကသိုလ်ကြီးကို ချစ်ခဲ့သည်။ တက္ကသိုလ်ကြီးမှာ ချစ်သူမရှိခဲ့သူတွေကလည်း တက္ကသိုလ်ကြီးကို မမေ့ရက်နိုင်စွာ တမ်းတမ်းတတ ချစ်သည်။ ချစ်သူရှိခဲ့၊ တွဲခဲ့ဖူးသူတွေကလည်း တက္ကသိုလ်ကျောင်းတော်ကြီးကို လွမ်းတသသ မြတ်မြတ်နိုးနိုး ချစ်ခဲ့ကြသည်။
တက္ကသိုလ်၏ ရင်ခွင်ဟူသည် လူငယ်အားလုံးအတွက် တန်ဖိုးထားလေးစားမှု၊ အထင်ကြီးကိုးစားမှု၊ နှစ်လိုကြည်ညိုမှု၊ နွေးထွေးချစ်ခင်လိုမှုတွေဖြင့် လိုလိုချင်ချင် ခိုဝင်ရပါမှ ထိုက်တန်သော အမိတက္ကသိုလ်ဟူသည့် ဂုဏ်ပုဒ်နှင့် ပြည့်စုံလိမ့်မည်ဟု တူမလေးကို ကျွန်မ ပြောမပြလိုတော့ပါ။
ယုဒါ
Beauty Magazine
No comments:
Post a Comment
အားပေးမှုအတွက် ကျေးဇူးတင်ပါသည်...
မေတ္တာဖြင့်...
ယုဒါ