Saturday, September 19, 2015

မပွင့်သာ ဖူးကာကြွေလွင့်ပြီ



ထရန်စဖာဆိုသော စကားလုံးသည် ရန်ကုန်(ပင်မ)တက္ကသိုလ်ကြီးအတွင်း၌ ဆရာမလုပ်နေသော ချို မကြာခဏ ကြားနေရသော စကားဖြစ်၏။ ချိုတို့ ဆရာမလောက၌ ထရန်စဖာကို ဆလံပါဟုပြောရလောက်အောင် ကြောက်လန့်တတ်၏။ 
မတတ်သာ၍သာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြရသည်။ ရန်ကုန်မြေက မည်သူမှ မခွာချင်ကြ။ အဲဒီထဲမှာ ချိုတစ်ယောက်က အဆိုးဆုံး။ အသက်သုံးဆယ်ကျော် အပျိုကြီးဖြစ်နေလျက် မိသားစုနှင့် ခွဲဖူးခွဲစမရှိတာကြောင့် ထရန်စဖာထိမှာကို စိုးရိမ်လှ၏။ 
ချို့အပေါင်းအသင်းတွေ တော်တော်များများ မော်လမြိုင်၊ စစ်တွေ၊ ဘားအံ၊ မကွေး စသည်ဖြင့် အလျှိုအလျှိုရောက်ကုန်ကြပေမယ့် ချိုတစ်ယောက်ကတော့ အဓိပတိလမ်းမကြီးပေါ်မှာ ရေတမာပင်တန်းတွေကြားမှာ ခေါင်းလေးတမော့မော့နှင့် အောင်ပွဲခံနေဆဲ။

Tuesday, September 8, 2015

အေးရိပ်




(၁)

"အမယ်လေး ကောင်းကြသေးရဲ့လား မရှုဆိတ်ကြီးရဲ့၊ ညည်းညီမလုပ်သွားပုံ ကောင်းလွန်းလို့ တရားလာချလှည့်ပါဦး သူတော်ကောင်းမကြီးရဲ့"
ဝင့်ဝင့်သည် ဘုရားရှိခိုးပြီး မေတ္တာပို့ ဆုတောင်းနေရာမှ မိခင်ဖြစ်သူ၏ အမလေးတ၍ ဟစ်လိုက်သောအသံကြောင့် ထုအံ့ဆဲဆဲ ကြေးစည်နှင့် လက်ခတ်ကို အသာချကာ ဘုရားခန်းထဲမှ အပြေးထွက်လာရလေသည်။