(၁)
တစ်စုံတစ်ရာ ကြိုတင်ကြားသိမထားဘဲ ရုတ်ချည်းမြင်တွေ့လိုက်ရသော
ဧည့်သည်ကြောင့် ကျွန်မ အံ့သြမှင်သက်သွားမိသည်။
"အံ့သြသွားလား"
"အစ်ကိုဇော်"
သူ၏ အစဉ်အမြဲပြုံးနေတတ်သော မျက်နှာပေါ်မှာ
နှစ်လိုနွေးထွေးသော အပြုံးတို့ ဝေဆာလျက် ကျွန်မကို ငေးစိုက်ကြည့်ရင်း နှုတ်ဆက်လိုက်ခြင်းဖြစ်၏။
ကြာခဲ့ပြီပေါ့။ သူနှင့် ကျွန်မ ဝေးကွာခဲ့သည်မှာ ခြောက်နှစ်ကျော် ကြာခဲ့လေပြီ။ အစ်ကိုဇော်ဟု
ကျွန်မကခေါ်နေကျဖြစသော သူသည် ကျွန်မနှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်ခဲ့သော ယောက်ျားလေး
မိတ်ဆွေတစ်ယောက်ဖြစ်လေသည်။ တက္ကသိုလ်တက်စဉ်ကာလတစ်လျှောက် လေးနှစ်လုံးတွဲခဲ့သော သူငယ်ချင်းတွေလည်းဖြစ်၏။
တကယ်တော့ သူနှင့်ကျွန်မ တက္ကသိုလ်ချင်းမတူကြ။ ပြီးတော့ သူက ကျွန်မထက် အသက်လေးနှစ်နီးပါးပိုကြီး၏။
သို့ပေမဲ့ ကျွန်မနှင့်သူ အတန်းနှစ်တန်းသာ ကွာခြား၏။ ကျွန်မ ပထမနှစ် ကျောင်းသူဘ၀မှာ
သူက တတိယနှစ်ကျောင်းသားအဖြစ်သာ ရှိသေး၏။ သူ့အပြောကတော့ "ကိုယ်တို့က တောသားတွေမို့
အသက်ကြီးပြီး အတန်းမရောက်တာပါကွာ။ လယ်ထဲယာထဲဆင်းနေရတာနဲ့ ပညာရေးကို သိပ်အားမပေးကြတော့
တော်ရုံလူ ပညာတတ်ဖြစ်ဖို့ မလွယ်ဘူး" ဟု သူပြောဖူးတာ ကျွန်မ သတိရနေမိသည်။